← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

Chapter 111

ကျင့်ကြံသူများစည်ကားရာ စားသောက်တန်း

ဝမ်ရှန်းသည် ရှန်းချန်လင်၏ ဖုန်းထဲမှ မက်ဆေ့ခ်ျများကို တစ်ခုပြီးတစ်ခု ဖတ်ရှုနေစဉ် စိတ်ထဲ၌ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

-အခု ကမ္ဘာဦးချီစွမ်းအင်တွေ ပြန်လည်နိုးထလာပြီ၊၊ ကျင့်ကြံသူတွေပဲ ကျင့်ကြံခွင့်ရှိပြီး ငါတို့က ဘာလို သာမန်လူသားအဖြစ်ပဲ နေထိုင်ရမှာလဲ။

-ဒါက မြင့်မြတ်တောင်တန်းကြီးတွေပေါ်က လမ်းမှန်ဂိုဏ်းကြီးတွေရဲ့ ပူးပေါင်းကြံစည်မှုပဲ၊၊ သာမန်လူသားတွေ ကျင့်ကြံလို့ မရဘူးလို့ သူတို့က ပြောကြတယ်၊၊ ဟွာသမ္မတနိုင်ငံလို နိုင်ငံကြီးမှာ ကျင့်ကြံနိုင်သူဦးရေက လူဦးရေက တစ်ရာခိုင်နှုန်းတောင် မပြည့်ဘူး။ ပါရမီမရှိရင်တောင် အနည်းဆုံးတော့ အသက်ရှည်ကျန်းမာစေတဲ့ ကျင့်စဉ်နည်းလမ်းတွေကို လူတိုင်းရရှိသင့်တယ်မဟုတ်လား။

-တကယ်လို့ ငါတို့က ဒီတရားမမျှတမှုကို မတော်လှန်ပဲ ဆက်ပြီးမသိကျိုးကျွန်ပြုနေရင် အနာဂတ်မှာ ငါတို့ရဲ့ မိဘ၊ညီအစ်ကို၊မောင်နှမတွေနဲ့ မွေးလာမယ့် သားသမီးတွေအားလုံးက အသက်ရှင်သန်နိုင်ရေးအတွက် ကျင့်ကြံသူတွေရဲ့ သနားညှာတာမှုကိုပဲ မျှော်ကိုးနေကြရမှာလား၊၊

-ဟုတ်တယ် ငါတို့ ထရပ်ရမယ်၊၊

-လူတိုင်းမှာ ကျင့်ကြံခွင့်ရှိတယ်… ဂိုဏ်းကြီးတွေကပဲ ကျင့်စဉ်တွေနဲ့ အရင်းအမြစ်တွေကို ဘာလို့လက်ဝါးကြီးအုပ်ထားခွင့်ပေးရမှာလဲ…

တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆူပူအောင်လှုံ့ဆော်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ Chat မှတ်တမ်းများအရ လူအနည်းငယ်ကသာ ဆူပူအောင် အဓိကလှုံ့ဆော်နေကြခြင်း ဖြစ်ပြီး ၎င်းတို့သည် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းမှ အဖွဲ့ဝင်ဟောင်းများဖြစ်နိုင်ခြေအလွန်များပေသည်။

တက္ကသိုလ်ကျောင်းသားများသည် လူမှုပတ်ဝန်းကျင်ထဲရောက်ရှိနေသူများထက်စာလျှင် ပို၍သွေးထိုးလှုံ့ဆော်ရ လွယ်ကူတတ်သည်။ သို့သော်လည်း ခေတ်သစ်သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်သော ယခုခေတ်တွင် စကားလုံးအနည်းငယ်ဖြင့် တော်လှန်ရေးလုပ်ရန် ကြိုးပမ်းခြင်းသည် သမိုင်းနောက်ခံဒရာမာဇာတ်လမ်းများကို အကြည့်များသွားသူတို့၏ စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။

၎င်းတို့ သွားနေသော စားသောက်တန်းသည် ရှန်းချန်လင်၏ တက္ကသိုလ်နှင့် မဝေးလှပေ။ စားသောက်တန်းအနီးသို့ ရောက်ရှိလာသောအခါ ဝမ်ရှန်းက ဖုန်းကို သူမအား ပြန်ပေးလိုက်သည်။

“အဲဒီလူတွေကို ကျောင်းက ပါမောက္ခတွေ ခေါ်ယူသတိပေးတာမျိုးမရှိဘူးလား” သူက မေးလိုက်သည်။

“နင် ဘယ်လိုသိလဲ” ရှန်းချန်လင်က အံ့ဩတကြီး မျက်တောင်ခတ်ရင်း မေးသည်။

“ငါ့အတန်းဖော်တွေ ပြောတာတော့ အဲဒီထဲကတစ်ယောက်က သူ့ရဲ့ အပြုအမူကြောင့် သတိပေးချက်ရထားတယ်တဲ့၊၊ မိဘတွေကိုတောင် ကျောင်းခေါ်တွေ့ပြီး ကျောင်းထုတ်ခံရလုနီးပါးဖြစ်သွားခဲ့တယ်”

“အသင်းခေါင်းဆောင်က ကျောင်းသားတွေကို လှုံ့ဆော်ပြီး အရေးယူဆောင်ရွက်ခိုင်းလို့ရမယ်ဆိုတာမျိုးအခြေအနေထိတော့ အဓိပ္ပာယ်မရှိတွေးမှာ မဟုတ်ဘူး၊၊ အကယ်၍ အဲဒီလူတွေက ရည်ရွယ်ချက်ရှိရှိလုပ်နေတာဆိုရင် ရဲတပ်ဖွဲ့ရဲ့ အာရုံကို လွှဲဖို့ ကြိုးစားနေတာပဲဖြစ်လိမ့်မယ်၊၊ အဲလိုမှမဟုတ်ရင်တော့ သူတို့က ကျင့်ကြံသူတွေအပေါ် တကယ်ပဲ မကျေနပ်ချက်တွေ ရှိနေလို့ပဲနေမယ်”

ဝမ်ရှန်းသည် ကျင့်ကြံသူဆန့်ကျင်ရေးစိတ်ဓာတ်မျိုးနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။

“အိုး” ကျင်းယွမ်က မေးလိုက်သည်၊၊

“ငါရော ကြည့်လို့ရမလား”

ရှန်းချန်လင်က ဖုန်းကို ချက်ချင်းပင် လှမ်းပေးလိုက်သည်။

ကျင်းယွမ်သည် ကားပေါ်မှ မဆင်းမချင်း မက်ဆေ့ခ်ျများကို တိတ်ဆိတ်စွာဖတ်ရှုနေခဲ့ပြီး သူမ၏ သွယ်လျသောမျက်ခုံးအစုံသည် အနည်းငယ် တွန့်ကွေးနေခဲ့သည်။

ဟော့ပေါ့ဆိုင်သို့ ရောက်ရှိချိန်မှသာ ကျင်းယွမ်က ဖုန်းကို ရှန်းချန်လင်ထံ ပြန်ပေးလိုက်သည်။ သူမ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။

၎င်းတို့ သွားမည့်နေရာသည် ထိုဒေသတွင် လူသိများပြီး သက်တမ်းရင့်သော ဟော့ပေါ့ဆိုင်ကြီးတစ်ခုဖြစ်သည်။ ဆိုင်တံခါးစောင့်သည် တာအိုဝတ်စုံဝတ်ဆင်ထားသော ဝမ်ရှန်းကို မြင်သောအခါ အကဲခတ်သလို လှမ်းကြည့်မိသွားသော်လည်း ထူးထူးခြားခြားအံ့ဩသွားပုံတော့မရပေ။

ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဝမ်ရှန်းသည် စားသောက်ခြင်းကို ခုံမင်နှစ်သက်ကြသော ကျင့်ကြံသူအတော်များများကို ချက်ချင်း သတိပြုမိလိုက်သည်။

ညာဘက်တွင် တည်ငြိမ်ကာ ရိုသေလေးစားဖွယ်ကောင်းသော အမျိုးသမီးတာအိုဆရာမသုံးဦး ထိုင်နေကြပြီး အစားအစာများမှာယူရင်း ပေါ့ပေါ့ပါးပါးစကားစမြည်ပြောဆိုနေကြသည်။ ဘယ်ဘက် ခန်းမဆောင်ကြီး၏ ထောင့်စွန်းတွင်မူ တာအိုဆရာ ၇ယောက်၊ ၈ယောက်ခန့် ထိုင်နေကြသည်။ ၎င်းတို့သည် အင်္ကျီလက်များကို ပင့်တင်ထားကြပြီး အကန့်များပါဝင်သော ဟော့ပေါ့အိုးကြီးထဲမှ အစားအစာများကို ဆယ်ယူကာ မြိန်ရည်ယှက်ရည်စားသောက်နေကြသည်။

ဤသည်မှာ ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာကြောင့် ဤမြို့သို့ ကျင့်ကြံသူအမြောက်အမြားရောက်ရှိနေကြကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

“သုံးယောက်စာ စားပွဲမလား ခဏစောင့်ပါဗျာ… ဒီဘက်ကို ကြွပါ” စားပွဲထိုးက လာရောက်ကြိုဆိုသည်။

“ဟုတ်ကဲ့… တိတ်ဆိတ်တဲ့နေရာလေး တစ်ခုလောက် ရှာပေးလို့ ရမလားရှင်… ကျေးဇူးတင်ပါတယ်” ရှန်းချန်လင်က ပြန်ပြောလိုက်သည်။

“ရပါတယ် ခင်ဗျာ… ဒုတိယထပ်မှာ လူကြီးမင်းတို့အတွက် သင့်တော်မယ့် စားပွဲရှိပါတယ်...”

၎င်းတို့ အပေါ်ထပ်သို့ တက်လှမ်းလာစဉ် ဝမ်ရှန်းသည် သူတို့အား အကဲခတ်စူးစမ်းနေသော ဝိညာဉ်အသိစိတ်အချို့ကို အာရုံခံမိလိုက်သည်။ သူ့၏ ကျင့်ကြံခြင်းအဆင့်ကို တိတ်တဆိတ်ဖုံးကွယ်ထားလိုက်ပြီး ထိုအာရုံခံမှုများကို လျစ်လျူရှုထားလိုက်သည်။

အာရုံစိုက်မှုအများစုသည် ကျင်းယွမ်ထံသို့ ဦးတည်နေခြင်းဖြစ်သည်။ လှေကားအတိုင်း တက်လာစဉ် ဝမ်ရှန်းက ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်ရာ တီးတိုးစကားပြောသံအချို့ကို ကြားလိုက်ရသည်။

“အဲဒါ ဝူတန်းတောင်က လူငယ်ဓားကျင့်ကြံသူမဟုတ်လား”

“သူ့ဘေးက အမျိုးသမီးတာအိုဆရာက ဘယ်သူလဲမသိဘူး၊၊ ငါ သူမကို အာရုံခံကြည့်လို့မရဘူး”

“စပ်စုမနေနဲ့ဟ… သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ကျော်လွန်နေတဲ့ ကျွမ်းကျင်သူဖြစ်နိုင်တယ်၊၊ သွားပြီး မပြစ်မှားမိတာ အကောင်းဆုံးပဲ”

“ဘုရား ဘုရား… ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ရောက်လာတာလား… ဒီကိစ္စက ပိုပြီး ရှုပ်ထွေးလာပြီပဲ...”

“ကဲပါ… စားစရာရှိတာ ဆက်စားကြရအောင်… ဒီဟော့ပေါ့က တကယ်ကောင်းတယ်၊၊ လူ့လောကကြီးမှာ နေရတာလည်း ကောင်းကွက်လေးတွေ ရှိသားပဲ”

ဝမ်ရှန်းလည်း သူ၏ ဝိညာဉ်အသိစိတ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် ဆရာဒေါ်လေးဖြစ်သူ ထိုင်သည်အထိ စောင့်ဆိုင်းပြီးနောက် သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ ရှန်းချန်လင်ကို ကြည့်၍ ပြုံးပြလိုက်သည်။

“စီနီယာအစ်မရှန်း ကြိုက်တာမှာလေ… ဒီတစ်နပ်ကို ကျနော် ဝယ်ကျွေးပါ့မယ်”

ရှန်းချန်လင်က မျက်တောင်ခတ်ရင်း ပြန်မေးသည်၊၊

“ငါက ဝယ်ကျွေးရမှာ မဟုတ်ဘူးလား… နင်က ပိုက်ဆံရှိလို့လား… တောင်ပေါ်မှာပဲ ကျင့်ကြံနေတာဆို...”

“ဘာလို့ မတတ်နိုင်ရမှာလဲ… ယတြာချေပေးတာနဲ့ အစီအရင်လုပ်ပေးတာတွေက အခကြေးငွေအတော်ရတယ်”

ဝမ်ရှန်းက လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“ဝအောင်သာစားပါ… အကယ်၍ ပိုက်ဆံပြတ်သွားအောင် စားနိုင်ရင်လည်း ကျွန်တော့်ကို အကူအညီတောင်းတဲ့လူတွေဆီ ပြန်သွားပြီး တောင်းလိုက်ရုံပဲ”

ကျင်းယွမ်က သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ကြည့်ကာ လူကြီးတစ်ဦး၏ ကြင်နာမှုအပြည့်ဖြင့် နွေးထွေးစွာ ပြုံးလိုက်သည်။

“မင်းက အမြဲတမ်း အခုလိုမျိုးတက်တက်ကြွကြွရှိနေရင် သိပ်ကောင်းမှာပဲ ဖေးယွီ”

“ကျနော်က အဲလိုဖြစ်နေလို့လား”

ဝမ်ရှန်းက နေရခက်စွာဖြင့် ရယ်မောလိုက်သည်။

ဘဝနှစ်ခုလုံးပေါင်းလျှင် နှစ် ၃၀ကျော်လောက် ရှင်သန်ခဲ့ပြီးဖြစ်ရာ သူ့ကို တက်တက်ကြွကြွရှိလှသည်ဟု တစ်စုံတစ်ယောက်က ပြောလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးချေ။ အနည်းဆုံးတော့ သူမက သူ့ကို “ချစ်စရာကောင်းသည်” ဟု မပြောခဲ့ခြင်းကပဲ တော်သေးသည်။

ဤဟော့ပေါ့သည် ဝမ်ရှန်း ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်ခဲ့ပြီးကတည်းက စားခဲ့ရသမျှတွင် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ခဲ့၏။ ကျင်းယွမ်ပင်လျှင် ဤအရသာရှိလှသော စားသောက်ပွဲကြီးတွင် မက်မောစွာ စားသုံးခြင်းကို မတားဆီးနိုင်ခဲ့ချေ။

၎င်းတို့သည် ည ၈ နာရီကျော်တွင် ဆိုင်မှ ထွက်လာခဲ့ကြသည်။ ဝမ်ရှန်းက စားသောက်တန်းကို လမ်းလျှောက်ကြည့်ရန်အကြံပြုရာ ရှန်းချန်လင်ကလည်း အလွယ်တကူပင် သဘောတူခဲ့သည်။

ရှန်းချန်လင်၏ အခြေအနေကို သတိပြုမိသွားသဖြင့် ကျင်းယွမ်က သူမအားကူညီရန် ဆုံးဖြတ်လိုက်သည်။

“ဟိုဘက်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် တွေ့တယ်… ငါ ဟိုဘက်မှာ ခဏသွားထိုင်နေလိုက်ဦးမယ်၊၊ မင်းတို့ လူငယ်နှစ်ယောက်ပဲ အေးအေးဆေးဆေး လျှောက်ကြည့်ကြတော့”

“ဆရာဒေါ်လေး... အဲဒီနေရာက လက်ဖက်ရည်သောက်တဲ့ နေရာမဟုတ်ဘူး...”

ဝမ်ရှန်းက သူမကို တားရန် ပါးစပ်ဟလိုက်ရုံရှိသေးသော်လည်း သူမသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျင်းယွမ်က ပေါ့ပါးစွာ လမ်းလျှောက်နေပုံရသော်လည်း ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လူအုပ်ကြားထဲမှ ထွက်ကာ မီတာဆယ်ဂဏန်းခန့် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ပို၍ ထူးဆန်းသည်မှာ ဘေးပတ်ဝန်းကျင်ရှိ မည်သူမျှ သူမကို သတိမပြုမိကြခြင်းပင်။ သူမသည် ဖြတ်သန်းသွားလာနေသော လမ်းသွားလမ်းလာများနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ လမ်းမမြင်ကွင်းကျယ်ကြီးထဲသို့ အရည်ပျော်ဝင်သွားခဲ့သည်။

ရှန်းချန်လင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ခုနတင်က ဟော့ပေါ့အိုးထဲမှ အစားအစာများကို ဆယ်ယူပေးနေခဲ့သော သိမ်မွေ့၍ ကျော့ရှင်းသည့် အမျိုးသမီးသည် သူမအား အလွန်ပင်အထင်ကြီးလေးစားသွားစေခဲ့သည်။

ဝမ်ရှန်းလည်း လက်ကို ပြန်ချလိုက်ရုံမှတစ်ပါးအခြားမရှိတော့ဘဲ နတ်သမီးကဲ့သို့ ထူးခြားလှသော မိမိ၏ ဆရာဒေါ်လေးသည် “Tea” ဟုသာ ရိုးရှင်းစွာ ဆိုင်းဘုတ်တပ်ထားသော ဘား (Bar) တစ်ခုထဲသို့ ဝင်ရောက်သွားသည်ကို သက်ပြင်းချရင်း ကြည့်နေမိသည်။ ဆိုင်အတွင်းပိုင်းကို မြင်လိုက်ရသည့် ခဏ၌ သူမ မည်သို့သော မျက်နှာအမူယာမျိုး ဖြစ်သွားမည်နည်းဟု သူ တွေးနေမိ၏။

သို့သော်လည်း ဝမ်ရှန်း ခဏမျှ စောင့်ဆိုင်းနေခဲ့သော်လည်း ကျင်းယွမ်က ပြန်ထွက်မလာခဲ့ပေ။ သူမသည် ထိုနေရာကို အတော်ပင် သဘောကျသွားပုံရ၏။

ရှန်းချန်လင် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး အားကျနှစ်သက်စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“နင့်ရဲ့ ဆရာဒေါ်လေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊၊ လမ်းပေါ်မှာ လူတွေ ဒီလောက်အများကြီးကို ခြေလှမ်းအနည်းငယ်လေးနဲ့ အဝေးကြီးကို ရောက်သွားတာ...”

“အဲဒါကိုမှ အစစ်အမှန်ကျွမ်းကျင်သူလို့ ခေါ်တာလေ”

ဝမ်ရှန်းက ပြုံးလိုက်ပြီး လက်ထဲမှ ဓားရှည်ကို အနည်းငယ် ပင့်မြှောက်လိုက်သည်။

“လိုက်လျှောက်ကြည့်ရအောင်… ဒါဟာ ကျွန်တော်ရနိုင်မယ့် တစ်ခုတည်းသောအနားယူချိန်ဖြစ်လိမ့်မယ်”

“တစ်ခုခုထပ်ဖြစ်လို့လား”

ရှန်းချန်လင်သည် ဖြတ်သန်းသွားသော လူငယ်ကျင့်ကြံသူတစ်စုကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့၏ ဝတ်စုံသည် ဝမ်ရှန်းနှင့် ဆင်တူပြီး အားလုံးက တာအိုဝတ်စုံကို ဝတ်ဆင်ထားကြသော်လည်း မည်သူမျှ လက်နက်သယ်ဆောင်ထားခြင်း မရှိကြချေ။

“ဟုတ်တယ် အဲဒါက ပြီးခဲ့တဲ့အမှုနဲ့ပဲ သက်ဆိုင်နေသေးတယ်၊၊ လုံးဝပြတ်ပြတ်သားသား မဖြေရှင်းရသေးဘူး”

ဝမ်ရှန်းက ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးရင်း ပြောလိုက်သည်။

ထို့နောက် သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး “ကျင့်ကြံသူအများစုက အစားအသောက်ငတ်ကြတာပဲ၊၊ လမ်းခဏလေးလျှောက်ရုံတင် တစ်ဒါဇင်ကျော်လောက်နဲ့ တွေ့ပြီးပြီ”

“နင်က အဲဒီဓားကို တစ်ချိန်လုံးသယ်သွားမှာလား” ရှန်းချန်လင်က တီးတိုးမေးလိုက်သည်။

“ကျင့်ကြံသူတွေမှာ သိုလှောင်အိတ်တွေရှိတယ်မဟုတ်ဘူးလား… ဝတ္ထုတွေထဲကလိုမျိုးလေ… အရာဝတ္ထုတွေကို ဝှစ်ခနဲဆိုပြီး ထည့်ထားလိုက်လို့ ရတာမျိုး”

ဝမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး တည်ကြည်သော မျက်နှာအမူယာဖြင့် ပြောလိုက်သည်၊၊

“အဲဒါတွေက အဆင့်မြင့်ကျင့်ကြံသူတွေပဲ သုံးနိုင်တာလေ… တည်ငြိမ်တဲ့ သုံးဖက်မြင် ဒိုင်မေးရှင်းထဲကို ဦးတည်မယ့် အသေးစားတွင်းပေါက်တစ်ခုဖန်တီးဖို့ တာအိုပညာရပ်တွေကို သုံးရတယ်၊၊ အဲဒါက စွမ်းအင်အမြောက်အမြားလိုအပ်တယ်၊၊ တကယ်ကိုလုပ်ရခက်တဲ့ အရာမျိုးပဲ”

“တကယ်လား… ကျင့်ကြံခြင်းလောကက ဘယ်တုန်းကစပြီး ရူပဗေဒနဲ့ ဆက်စပ်သွားတာလဲ”

“မဆက်စပ်ပါဘူး လက်ရှိမှာ ကျင့်ကြံခြင်းလောကက ပြန်လည်နိုးထလာခါစပဲ ရှိသေးတာလေ… အရင်မျိုးဆက်က ကျွမ်းကျင်သူတွေတောင် အရာဝတ္ထုသိုလှောင်တဲ့ ပစ္စည်းတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ မသိကြသေးဘူး၊၊ အကယ်၍ တချို့ ရှိနေဦးတော့ အဲဒါတွေက ရှေးဟောင်းအမွေအနှစ်တွေဖြစ်ပြီးတော့ အရမ်းရှားပါးလွန်းတယ်လေ”

ရှန်းချန်လင် မျက်လုံးလှန်လိုက်သည်။ သူမ ချေပပြောချင်သော်လည်း ဘယ်ကနေ စပြောရမှန်းပင် မသိတော့ချေ။

Chapter 112

ငါ့ကို နင့်ဓား ပြလို့ရမလား…

ဝမ်ရှန်းက ရယ်မောလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ကာ လမ်းမကြီးကို ပုံအချို့ရိုက်ရန် ဖုန်းကို ထုတ်လိုက်သည်။

အစားအသောက် မက်လှသော သူ့၏ စီနီယာအစ်မက သူနှင့်အတူမရှိသဖြင့် သူမကို မနာလိုဖြစ်သွားစေရန် အနည်းဆုံးတော့ ဓာတ်ပုံအချို့ ပေးပို့ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရှန်းချန်လင်သည် သူမ၏ လက်ကိုင်အိတ်လေးကို ကိုင်ကာ ဝမ်ရှန်း၏ ဘေးတွင် လမ်းလျှောက်ရင်း စည်ကားလှသော စားသောက်တန်း၏ အငွေ့အသက်ကို ပေါ့ပေါ့ပါးပါးခံစားနေခဲ့သည်။ အကယ်၍ ၎င်းတို့နှစ်ဦးသာ ယခုထက် ပို၍ နီးကပ်သွားပါက ချစ်သူများဟုပင် မှားယွင်းထင်မြင်နိုင်ပေသည်။ ဝမ်ရှန်းက တောင်ပေါ်၌ ကျင့်ကြံစဉ်က ကြုံတွေ့ခဲ့ရသော ရယ်စရာအဖြစ်အပျက်များကို မျှဝေပြီး နောက်တစ်ခါတွင်မူ ရှန်းချန်လင်က ကျောင်းမှ ရယ်စရာ အဖြစ်အပျက်များကို ပြောပြနေသည်။

သူတို့သည် ဆိုင်ခန်းများနှင့် လမ်းသွားလမ်းလာ နည်းပါးသော လမ်းမ၏ တိတ်ဆိတ်သည့်အပိုင်းသို့ ရောက်ရှိလာသောအခါ ဝမ်ရှန်းသည် ရှန်းချန်လင်၏ ခြေထောက်များကို လှမ်းကြည့်လိုက်ပြီးနောက် အနီးနားရှိ အအေးဆိုင်လေးတစ်ခုကို ညွှန်ပြလိုက်သည်။

“ဒီမှာ ခဏနားပြီး အအေးတစ်ခုခုသောက်ကြရအောင်”

လမ်းဘေးစားပွဲတစ်ခုတွင် ထိုင်လိုက်ပြီးနောက် ဝမ်ရှန်းက ဓားရှည်ကို ရှေ့တွင် ချထားလိုက်ကာ ပတ်ဝန်းကျင်ကို ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် အခြားကျင့်ကြံသူများကို သူ အာရုံမခံမိတော့ပေ။

စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော ရှန်းချန်လင်က ဝမ်ရှန်း၏ ဓားကို ညွှန်ပြကာ ခပ်တိုးတိုးမေးလိုက်သည်။

“ငါ့ကို နင့်ဓားပြလို့ရမလား”

“ရတာပေါ့ အဝတ်ထဲကပဲ လှန်ပြမယ်... ရော့ ကြည့်လိုက်… မိုက်တယ် မဟုတ်လား”

“ဒါက တကယ့်ဓားအစစ်ပဲ...”

“ဒါပေါ့ ဘာလို့ ကျနော်က ဓားအတုကို သယ်လာရမှာလဲ”

ဘေးစားပွဲမှ မိန်းကလေးနှစ်ဦးသည် သူတို့နှစ်ယောက်၏ စကားများကို အထင်မှားသွားခဲ့ကြသည်။ ၎င်းတို့သည် ပိုက်ဆံကို အလျင်အမြန် ရှင်းလိုက်ကြပြီး တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ ချက်ချင်း ထွက်ခွာသွားကြတော့သည်။ မိန်းကလေးတစ်ဦးသည် ဝမ်ရှန်းကို လှမ်းကြည့်သွားခဲ့ရာ ထိုအကြည့်ထဲတွင် ဇဝေဇဝါဖြစ်ခြင်း၊ မနှစ်မြို့ခြင်းနှင့် စူးစမ်းလိုစိတ်တို့ အနည်းငယ် ရောပြွမ်းနေခဲ့သည်။

ရှန်းချန်လင်သည် ဆံစအနည်းငယ်ကို နားနောက်သို့ သပ်လိုက်ရင်း အခြားအကြောင်းအရာတစ်ခုသို့ စကားလမ်းကြောင်းလွှဲလိုက်သည်။

“နင့်ရဲ့ စီနီယာအစ်မနဲ့ ဆရာဒေါ်လေးက တကယ်ကို လှတာပဲ”

“ဟုတ်တယ်… သူတို့က ငယ်ငယ်ကတည်းက တောင်ပေါ်မှာပဲ ကျင့်ကြံနေခဲ့ကြတာလေ”

ဝမ်ရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ သူ ဖုန်းကို လှမ်းကြည့်လိုက်သောအခါ မုဝမ်ရွှမ်းက သူ့ထံသို့ Meme ပုံစံမျိုးစုံ ပေးပို့ထားသည်ကို တွေ့လိုက်ရသဖြင့် မရယ်ဘဲမနေနိုင်တော့ချေ။

သူ မျှော်လင့်ထားသည့်အတိုင်း ထိုဓာတ်ပုံများသည် သူမကို အတော်ပင် စိတ်ပျက်သွားစေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ထိုတောင်ပေါ်တွင် ဖုန်းလိုင်းမိနေခြင်းကပင် အံ့ဩစရာကောင်းလှသည်။

“ဒီတစ်ခါကော ဘယ်လောက်ကြာကြာနေမှာလဲ”

ရှန်းချန်လင်က တုံ့ဆိုင်းစွာ မေးသည်။

“ကျနော်လည်း သေချာမသိသေးဘူး၊၊ ကိစ္စတွေက ဘယ်တော့ပြီးမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့၊၊ နှစ်ရက်၊ သုံးရက်လောက်တော့ ကြာမယ်ထင်တာပဲ”

ဝမ်ရှန်းက ဖုန်းကို သိမ်းပြီး သက်ပြင်းချလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခါ ပြန်ရောက်ပြီးရင် ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်နိုင်တော့မယ်လို့ထင်ထားတာ… ဒါပေမဲ့ ကိစ္စတွေထဲကိုပဲ ထပ်ခါတလဲလဲဆွဲသွင်းခံနေရတယ်”

“ဒီတစ်ခါဖြစ်တဲ့ကိစ္စက ပိုပြီး ပြင်းထန်လို့လား… နင်က ဓားကိုပါ တစ်ခါတည်းသယ်လာတယ်ဆိုတော့”

စားပွဲထိုးက အအေးများကို စားပွဲပေါ် လာချပေးပြီးနောက် ဝမ်ရှန်းက အသံကို နှိမ့်လိုက်သည်။

“ဟုတ်တယ် ကျင့်ကြံသူတွေထဲမှာလည်း လူကောင်းတွေ၊ လူဆိုးတွေရှိတယ်လေ… ပြီးခဲ့တဲ့တစ်ခါက ကျနော့်မှာ လက်နက်မပါသွားလို့ မိစ္ဆာကျင့်ကြံသူနှစ်ယောက်နဲ့ တိုးတဲ့အချိန်မှာ အငိုက်မိသွားခဲ့တယ်… အကယ်၍ ကျနော့်မှာ ဓားပါရင် ကိစ္စတွေက ပိုပြီးလွယ်ကူသွားမှာပဲ၊၊ လက်ရှိအချိန်မှာ ဒီမြို့က လူစုံနေတာဖြစ်လို့ ဓားမပါရင် ကျနော့်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တစ်ဝက်လောက်ကျသွားလိမ့်မယ်”

ရှန်းချန်လင်က မျက်မှောင်အနည်းငယ် တွန့်လိုက်သည်။

“နင် အန္တရာယ်ရှိနိုင်လား”

“အဆင်ပြေပါတယ် ကျနော့်ရဲ့ ဆရာဒေါ်လေးလည်း ရှိနေတာဆိုတော့ ကျနော် အေးအေးဆေးဆေး နေလို့ရ—”

သူ စကားမဆုံးသေးခင်မှာပင် စိတ်ထဲ၌ ကျင်းယွမ်၏ အသံကို ကြားလိုက်ရသည်။

—ဖေးယွီ... ငါ့ကို လာကူဦး… လက်ဖက်ရည်ဆိုင်ထဲမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်က တစ်စုံတစ်ယောက်ကို ရန်ပြုဖို့ ကြိုးစားနေတယ် သူ့ကို မလွတ်စေနဲ့၊၊

ဝမ်ရှန်း၏ အမူယာသည် ချက်ချင်းပင် ထက်ရှသွားခဲ့သည်။ သူသည် ရှန်းချန်လင်ကို ကြည့်ကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ပိုက်ဆံအချို့ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ဘယ်လက်ဖြင့် ဓားရှည်ကို လှမ်းဆွဲကာ ညာလက်ကို ဆန့်ထုတ်၍ ရှန်းချန်လင်ကို ဆွဲထူလိုက်သည်။

“ပြဿနာတက်ပြီ… ဆရာဒေါ်လေးက အကူအညီလိုနေတယ်”

“နေဦး... ဘာဖြစ်တာလဲ”

သူမ ဘာမှထပ်မပြောနိုင်ခင်မှာပင် ဝမ်ရှန်းက သူမကို ဆွဲခေါ်ကာ လာခဲ့သည့်လမ်းအတိုင်း အရှိန်ပြင်းစွာ ပြေးထွက်သွားခဲ့သည်။

သူမသည် သူ၏ ဘေးတိုက်မျက်နှာကိုလှမ်းကြည့်ရင်း သူ၏ နွေးထွေးသော အငွေ့အသက်များက သူမအား ဝန်းရံထားသည်ကို ခံစားလိုက်ရသည်။ သူမ တစ်စုံတစ်ခုပြောချင်သော်လည်း စကားလုံးများ ပျောက်ရှနေခဲ့သည်။

သူတို့၏ နောက်ဘက်တွင်မူ အအေးဆိုင်မှ ငွေကိုင်က အနောက်ကနေ လိုက်၍အော်ဟစ်နေခဲ့သည်။

“ဟေ့လူ... ပြန်လာခဲ့ဦး… ပိုက်ဆံမပြည့်ဘူးလေ… အအေးနှစ်ခွက်က ၅၈ ယွမ်ကျတာ… ၂၈ယွမ် လိုသေးတယ်… ဟေး”

…

ဘားထဲမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်ရှိနေတာလား…။

မိစ္ဆာကျင့်ကြံသူတွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ အတင့်ရဲသွားကြတာလဲ။ အခုဆို ဘားတွေမှာတောင် အေးအေးဆေးဆေးလာထိုင်နေနိုင်ကြပြီပဲ။

ကျင်းယွမ်၏ ညွှန်ကြားချက်အတိုင်း ဝမ်ရှန်းက ဘားအဝင်ဝတွင် စောင့်ဆိုင်းနေလိုက်သည်။ ရှန်းချန်လင်ကို တစ်ချက်လှမ်းကြည့်ရင်း သူက အသံကို နှိမ့်လိုက်၏။

“စီနီယာအစ်မရှန်း... အရင်ဆုံးတက္ကစီစီးပြီး ကျောင်းကို ပြန်နှင့်တော့”

ရှန်းချန်လင်က သူ့ကို စိုးရိမ်တကြီး ကြည့်ကာ တိုးတိုးလေး သတိပေးရှာသည်။

“အင်း... သတိထားဦးနော်”

ထို့နောက် သူမက နှုတ်ခမ်းကို ဖိကိုက်ကာ လက်ကိုင်အိတ်လေးကို တင်းတင်းဆုပ်ရင်း လမ်းထောင့်ဆီသို့ လျှောက်သွားခဲ့သည်။

“ရောက်ရင် စာပို့လိုက်ဦး” ဝမ်ရှန်းက သူမနောက်မှ လှမ်းပြောလိုက်၏။

“အင်း”

ရှန်းချန်လင်က တိုးတိုးလေး ရယ်လိုက်သည်။ သူမက ခေါင်းလှည့်ကြည့်လိုက်ပြီး အံ့ဩသင့်ကာ မျက်တောင်တခတ်ခတ်ဖြစ်သွားသည်။ ဝမ်ရှန်းသည် ထောင့်တစ်နေရာတွင် ကိုယ်ယောင်ဖျောက်သွားပြီဖြစ်ရာ ဘယ်နားရောက်သွားသည်ပင် မသိရတော့ပေ။

ဝမ်ရှန်းက ဝိညာဉ်အသိစိတ်ဖြင့် ဘားတစ်ခုလုံးကို ဖြန့်ကျက်ရှာဖွေကြည့်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမတွေ့ရချေ။

ဘားအတွင်းပိုင်း လေထုက အတော်လေးအေးချမ်းလှပြီး နောက်ခံပီယာနိုတီးလုံးသံ တိုးတိုးလေးပျံ့လွင့်နေသည်။ လူအများအပြားသည် သီးသန့်ထောင့်များတွင် တစ်ယောက်တည်းသောက်နေကြသော်လည်း အုပ်စုလိုက် စုဝေးကာ ရယ်မောကာ စကားစမြည် ပြောနေကြသူများက ပိုများသည်။

သဟဇာတဖြစ်‌‌နေသော ပတ်ဝန်းကျင်လေးတစ်ခုပင်။ သန့်စင်ခန်းပင်လျှင် တိတ်ဆိတ်နေပြီး မသင့်တော်သောအသံဗလံမျိုးလုံးဝမရှိပေ။ သို့သော် ဒါကလည်း သဘာဝကျပေသည်။ သူတို့က နာမည်ကြီးအစားအသောက်တန်းလမ်းမပေါ်တွင် ရှိနေခြင်းဖြစ်ရာ အာဏာပိုင်များသာသိပါက ယခုလို မှောင်ခိုလုပ်ငန်းမျိုးကို ပိတ်ပစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက် ဝမ်ရှန်းက ကျင်းယွမ်၏ အသံကို ထပ်မံကြားလိုက်ရသည်။

—ဘားထဲကနေ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ထွက်လာတာကို မင်း မြင်ရလိမ့်မယ်။ အဲဒီယောက်ျားက ဝတ်စားထားတာ သိသာနေတယ်။ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား။

ဝမ်ရှန်း စိတ်လှုပ်ရှားသွားသည်။ သူ၏ ဝိညာဉ်အသိစိတ်ကို အသုံးပြု၍ ဘားထဲမှ လျှောက်ထွက်လာသော လူငယ်စုံတွဲတစ်တွဲကို ပစ်မှတ်ထားလိုက်၏။ သူက ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ရာ ထိုလူ၏ လည်ပင်းမှ ထူထဲသော ရွှေဆွဲကြိုးကြီးကို ချက်ချင်း သတိပြုမိသွားသည်။

သူ့မိသားစုက မိုင်းတွင်း ပိုင်တာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ တွင်းထဲမှာ နေတာလား။ သူ ဝတ်ထားတဲ့ အဝတ်အစားတင် အနည်းဆုံး တစ်သိန်းလောက်တော့ တန်မှာပဲ...။

ထိုလူက ငြင်းမရအောင် ချောမောလှသော်လည်း ပုံမှန်မဟုတ်ဘဲ ဖြူဖျော့လွန်းနေသဖြင့် ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်စရာကောင်းလောက်အောင် နုနယ်ပြီး မိန်းမဆန်လှ၏။ အကယ်၍ ထိုသူသာ မင်းသားလုပ်မည်ဆိုလျှင် အချိန်တိုအတွင်း နာမည်ကြီးလာနိုင်လောက်သည်။

သူက မူးဝေနေပုံရသော မိန်းကလေးတစ်ယောက်၏ ပခုံးကို ဖက်ထားသည်။ ထိုမိန်းကလေး၏ မျက်နှာပေါ်တွင် မိတ်ကပ်များ ထူထဲစွာလိမ်းခြယ်ထားသော်လည်း သူမ၏ အလှအပက ထိုလူ၏ ရုပ်ရည်နှင့် ယှဉ်လျှင် မှေးမှိန်သွားလေ၏၊၊

အစပိုင်းတွင် ဝမ်ရှန်းက ထိုလူ့ထံမှ အစစ်မှန်ချီနှင့်ပတ်သက်၍ တစ်စုံတစ်ခုကိုမှ မခံစားမိပေ။ သို့သော် သူက ထိုမိန်းကလေးကို အာရုံစိုက်လိုက်သောအခါ သူမ၏ နဖူးပြင်ထက်တွင် ရစ်ခွေနေပြီး အသိစိတ်ကို ယစ်မူးစေသော ယင်စွမ်းအင်စီးဝင်နေသည့် ပင်မချီမျှင်တန်းတစ်ခုကို အာရုံခံမိလိုက်သည်။

စိတ်ထိန်းချုပ်တဲ့ မန္တန်လား။

မိစ္ဆာကျင့်ကြံသူတစ်ယောက်တွင် သာမန်လူများကို စိတ်တိုင်းကျကြိုးကိုင်နိုင်သည့် ယုတ်မာသောနည်းလမ်းတွေအကြောင်း ဝမ်ရှန်း ကြားဖူးသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကြုံဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူ စိတ်ဝင်တစားမဖြစ်ဘဲ မနေနိုင်တော့ပေ။

သူက ဓားကို ဆွဲထုတ်တော့မည့်ဆဲဆဲတွင် ကျင်းယွမ်က စိတ်ချင်းဆက်သွယ်ကာ ထပ်မံ ညွှန်ကြားလာသည်။

—စိတ်ရှည်စမ်း။ အခုလေးတင် သူ ဖုန်းပြောနေတာကို ငါ ခိုးနားထောင်လိုက်မိတယ်။ ဒီမိန်းကလေးကို သူ့ဆရာဆီ ယဇ်ကောင်အဖြစ် ပြန်ခေါ်သွားဖို့ စီစဉ်နေပုံပဲ။ သူ့ရဲ့ တာအိုပညာက အင်မတန်အန္တရာယ်များပြီး သူ့ရဲ့ ကျင့်စဉ်ကလည်း ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်နေပြီ။ သူက ဘယ်လိုမိစ္ဆာကောင်ကို ခစားနေလဲဆိုတာ မသိနိုင်ဘူး။

—ဒါပေမဲ့ ငါတို့ မြင်သွားပြီဆိုမှတော့ ဒီအတိုင်းပစ်ထားလို့ မရဘူး။ သူတို့ မိန်းကလေးဘယ်နှယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးပြီလဲ ဘယ်သူသိမှာလဲ။ သူ့နောက်ကို လိုက်ခဲ့။ သူနဲ့ သူ့ဆရာကို တစ်ခါတည်း အမြစ်ပြတ်နှိမ်နင်းကြတာပေါ့။

ကျင်းယွမ်၏ လေသံမှာ တကယ်ကို ဒေါသထွက်နေပုံရသည်။

ဝမ်ရှန်းလည်း သူ့၏ ဆရာဒေါ်လေးကို မလွန်ဆန်ရဲပေ။ သူ့ လက်ကောက်ဝတ်မှ လက်ပတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ မုရွှယ်ထံသို့ စာတိုအချို့ကို အမြန်ပေးပို့လိုက်သည်။

ထိုစုံတွဲက လမ်းထောင့်ဆီသို့ ဦးတည်သွားစဉ် သူက အကွာအဝေးတစ်ခုမှ နောက်ယောင်ခံ လိုက်ခဲ့သည်။ သံသယမဝင်စေရန်အတွက် သူက မုရွှယ်ထံ စာပို့ပြီးနောက် မုဝမ်ရွှမ်းနှင့်လည်း ပေါ့ပေါ့ပါးပါးစာပြန်ပို့နေလိုက်၏။

သူနှင့် နှိုင်းယှဉ်လျှင် ကျင်းယွမ်က ပို၍ ပွင့်လင်းပြတ်သားသည်။ ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်အရ သူမက သူ့ဘယ်ဘက်ရှိ အမိုးပေါ်မှနေ၍ ဝဲပျံလိုက်ပါလာကြောင်း သိလိုက်ရသည်။

လမ်းထောင့်သို့ ရောက်သောအခါ ထိုလူငယ်က တက္ကစီတစ်စီးကို တားပြီး မိန်းကလေးနှင့်အတူ တက်စီးသွားသဖြင့် ဝမ်ရှန်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သတိမပြုမိအောင် နောက်ကနေလိုက်နိုင်သည့် ကျင်းယွမ်နှင့်မတူဘဲ သူသာနောက်ကနေ ပြေးလိုက်ပါက သိသာသွားပေလိမ့်မည်။

ထို့ကြောင့် သူက တက္ကစီလိုင်စင်နံပါတ်ကို မှတ်သားလိုက်ပြီး မုရွှယ်ထံသို့ ပေးပို့ကာ ခရီးသည်များကို ခြေရာခံရန် ညွှန်ကြားလိုက်သည်။ ထို့နောက် လမ်းထောင့်သို့ လျှောက်သွားကာ နောက်ထပ်ရရှိနိုင်မည့် တက္ကစီကို စောင့်နေလိုက်၏။ မကြာမီ သူ၏ ဖုန်းက တုန်ခါလာပြီး စာတိုတစ်စောင်ဝင်လာကြောင်း အကြောင်းကြားချက်တက်လာသည်။

မုရွှယ် : သိပြီ။

All Chapters