← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

Chapter 117

ချဉ်းကပ်လာနေသော ညဉ့်နက်သန်းခေါင်၏ ပရမ်းပတာအခြေအနေ

“လင်လေး… ညည်း ဒီလိုမျိုးကျင့်ကြံခြင်းကို ရှောင်ဖယ်နေလို့မဖြစ်ဘူးလေ ငါ့စကားကို နားထောင်စမ်းပါ”

အဘွားအိုက ဆူပူလိုက်သဖြင့် ကြည်နူးစရာကောင်းနေသော လေထုမှာ ချက်ချင်း တင်းမာသွားတော့သည်။

“အခု ကမ္ဘာမြေရဲ့ ချီစွမ်းအင်တွေ ပြန်လည်နိုးထလာပြီ၊၊ ညည်းသာ မကျင့်ကြံဘူးဆိုရင် အခွင့်အရေးကောင်းကြီးကို ဖြုန်းတီးပစ်ရာရောက်လိမ့်မယ်”

ရှန်းချန်လင် မျက်နှာမကောင်းဖြစ်သွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ အတွေးများလျက် ငေးကြည့်နေမိသည်။

“ညည်းက ဂိုဏ်းရဲ့—“

“ဂိုဏ်းရဲ့ ထုံးတမ်းအစဉ်အလာအရဆိုရင် သမီးမှာ ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိသင့်တာပေါ့”

ရှန်းချန်လင်က မျက်ဝန်းများအရောင်တောက်လျက် တိုးတိုးလေးပြန်ပြောလိုက်သည်။

“အစတုန်းကတော့ သမီးတို့အားလုံးဟာ သာမန်လူတွေပဲလေ... သမီးတော် သာမန်အတိုင်းပဲနေချင်တယ်၊၊ မကျင့်ကြံတဲ့ လက်တွဲဖော်တစ်ယောက်ကိုပဲရှာမယ်… လက်ထပ်မယ်… ကလေးမွေးမယ်… ပြီးတော့ သမီးကို ထောက်ပံ့ပေးနိုင်မယ့် တည်ငြိမ်တဲ့အလုပ်တစ်ခုနဲ့ သာမန်ဘဝလေးကိုပဲ ဖြတ်သန်းချင်တယ်။ ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာရှိနေသရွေ့ အဲဒါဆိုလုံလောက်ပါပြီ”

“ညည်းက အဲဒီတုန်းကကိစ္စကို စိတ်ထဲထားနေတုန်းပဲလား… ဂိုဏ်းချုပ်မှာလည်း သူ့အခက်အခဲနဲ့သူ ရှိခဲ့တာပါ”

“သမီးကို ကျောင်းပဲပြန်ပို့ပေးပါ၊၊ တတိယအဘွား… သမီးကို ထပ်ပြီးဖျောင်းဖျဖို့ မကြိုးစားပါနဲ့တော့… သမီး အခုဘဝလေးကို စိတ်ချမ်းသာနေပါတယ်”

ရှန်းချန်လင်က နူးညံ့သောအပြုံးဖြင့် ပြောလိုက်သည်။

အဘွားအိုလည်း မတတ်သာဘဲ သက်ပြင်းချလိုက်သော်လည်း ထပ်ပြီးမတိုက်တွန်းရဲတော့ပေ။ ထိုအစား သူမကသတိပေးလိုက်သည်၊၊

“ဒီညတော့ အခြေအနေတွေ နည်းနည်းရှုပ်ထွေးနိုင်တယ်… အပြင်မထွက်နဲ့နော် ငါတို့တွေ အမှောင်ထဲကနေ စောင့်ရှောက်ပေးထားမယ်”

“သမီးကို ကာကွယ်ပေးဖို့မလိုပါဘူး၊၊ သမီး အဆောင်ထဲမှာပဲ နေမှာပါ”

ရှန်းချန်လင်က ပြန်ပြော၏။ သူမ ခေတ္တမျှ ဝေခွဲမရဖြစ်သွားသော်လည်း နောက်ဆုံးတွင် ဘာမှထပ်မပြောတော့ဘဲ နေလိုက်တော့သည်။

အဘွားအိုက အသံကိုနှိမ့်ကာ “လင်လေး… ညည်းသာ အဲဒီဓားကျင့်ကြံသူအပေါ် တကယ်ပဲ စိတ်ရှိတယ်ဆိုရင် နှစ်ယောက်လုံး ကျင့်ကြံခြင်းလမ်းစဉ်ကို အတူတူမလျှောက်လှမ်းကြဘူးလား… လောကီလောဘတွေကို စွန့်ခွာပြီး နတ်သက်ကြွေတဲ့ တာအိုဇနီးမောင်နှံတွေလိုနေကြရင် အရမ်းကောင်းမှာပဲ မဟုတ်ဘူးလား”

“ဟွန့်… မကောင်းပါဘူး” ရှန်းချန်လင်က မျက်စောင်းထိုးကာ နှာမှုတ်လိုက်သည်။

“တတိယအဘွား… ဒီအကြောင်းကိုပဲ ထပ်ပြောနေရင် သမီး ကားပေါ်ကဆင်းလိုက်တော့မယ်”

“အေးပါ အေးပါ… ငါ ထပ်မပြောတော့ဘူး သုံးနှစ်ကြာမှ ကျင့်ကြံခြင်းကနေ ထွက်လာပြီး ညည်းကို မြင်ရတာပါ… ညည်းကို ဒီလောက်အစောကြီးဘယ်ခွဲနိုင်ပါ့မလဲ”

ရှန်းချန်လင်က ထိုအကြံဉာဏ်ကို တိုက်ရိုက်ငြင်းပယ်ခဲ့သော်လည်း အဘွားအို၏ မျက်ဝန်းထဲတွင်မူ အတွေးနက်နေသည့် အရိပ်အယောင်များ လှုပ်ခတ်နေဆဲ ဖြစ်သည်။

ရှန်းချန်လင်က ထိုအကြည့်ကို သတိပြုမိသော်လည်း ဘာမှမပြောဘဲ နေလိုက်သည်။ မေးစေ့ကို လက်ဖြင့်ထောက်ကာ ဖြတ်သန်းသွားသော မြို့ပြအလှကို ငေးမောရင်း အတွေးများကယောက်ကယက်ဖြစ်နေလေသည်။

****

လာမည့်ညကို အချို့က အမှတ်ရနေကြမည်ဖြစ်ပြီး အချို့ကမူ မေ့ပစ်ရန် အစွမ်းကုန်ကြိုးစားကြလိမ့်မည်။

ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာတွဲ လေလံပွဲကို သန်းခေါင်ယံတွင်စတင်ရန် သတ်မှတ်ထားသည်။ လေလံပွဲသတင်းကို မွန်းတည့်အချိန်တွင် ကြေညာခဲ့သဖြင့် မြောက်မြားစွာသော ကျင့်ကြံသူများ သတင်းရရှိခဲ့ကြသည်။ နာရီဝက်အတွင်းမှာပင် လူအများအပြားမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဤစည်ကားသောမြစ်ဘေးက မြို့ကြီးထဲသို့ ရောက်ရှိလာကြသည်။

ညဉ့်မှောင်လာသည်နှင့်အမျှ မြို့ကြီးမှာ တဖြည်းဖြည်းတိတ်ဆိတ်သွားတော့သည်။

ည ၉ နာရီတွင် ရဲတပ်ဖွဲ့ဝင်များမှာ လမ်းဆုံလမ်းခွများတွင် နေရာယူထားကြပြီ ဖြစ်၏။ အဓိကအဆောက်အအုံများအနီးတွင်မူ စစ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအုပ်စုများမှာ ရုပ်ထုများကဲ့သို့ ငြိမ်သက်စွာ မြေပြင်ပေါ်တွင် ထိုင်နေကြသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က မြို့ထဲတွင် လှည့်လည်သွားလာနေသောကျင့်ကြံသူများမှာ ယခုအခါ ပျောက်ကွယ်သွားသယောင်ရှိနေသော်လည်း အမှောင်ထဲတွင်မူ လှုပ်ရှားရန် အသင့်ပြင်နေကြသည်။

လုံဟူရှန်းတောင်၊ ကောင်းကင်သခင်ဂိုဏ်း၏ တာအိုအမွေအနှစ် မိတ္တူအစောင်တစ်ရာကျော်ကို လူသိရှင်ကြားလေလံတင်မည်ဟူသောသတင်းကို ကြားရသဖြင့် ၎င်းကို လိုချင်တပ်မက်နေသော ကျင့်ကြံသူအားလုံးမှာ ရင်ခုန်စိတ်လှုပ်ရှားနေကြလေ၏။

ကျင့်ကြံခြင်း၏ အခြေခံအချက်လေးချက်မှာ နည်းလမ်း၊ ဥစ္စာ၊ အဖော်နှင့် နေရာတို့ ဖြစ်ကြသည်။ ထိုအထဲတွင် နည်းလမ်းမှာ အရာအားလုံး၏ အခြေခံဖြစ်သည်။ တတိယတွဲ မပါရှိသော်လည်း ကောင်းကင်သခင်၏ လျှို့ဝှက်ကျမ်းစာမှာ နက်နဲသောပညာရပ်ကင်းမဲ့နေသူများအတွက် အလွန်ဆွဲဆောင်မှုရှိလှ၏။

သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို လျှောက်လှမ်းသည်ဖြစ်စေ… လမ်းမှားသို့ ရောက်နေသည်ဖြစ်စေ… မည်သည့်ကျင့်ကြံသူမျှ လူသိရှင်ကြားဈေးနှုန်းသတ်မှတ်ထားပြီး အလွန်ဈေးမကြီးသော အဆင့်မြင့်တာအိုအမွေအနှစ်ကျမ်းစာကို ငြင်းပယ်နိုင်ခြင်း မရှိပေ။

ည ၁၀ နာရီတွင် လုံဟူရှန်းတောင်မှ ကျင့်ကြံသူအယောက်တစ်ရာကျော်သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ယာယီရုံးချုပ်တွင် စောင့်ဆိုင်းနေသော ယာဉ်တန်းပေါ်သို့တက်ခဲ့ကြသည်။ သူတို့အားလုံးမှာ တာအိုဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ထိုအထဲတွင် ဒုတိယမျိုးဆက် တာအိုဆရာ အယောက်၂၀ကျော်နှင့် တတိယမျိုးဆက်တပည့် အယောက်ရှစ်ဆယ်ကျော် ပါဝင်သည်။ သူတို့အားလုံးမှာ တာအိုပညာရပ်များတွင် ကျွမ်းကျင်ကြပြီး အဆောင်မန္တန်များကို ကျွမ်းကျင်စွာအသုံးပြုနိုင်ကြသည်။

သူတို့သည် မီးသူတော်စင်ပေါ်လာနိုင်ခြေအရှိဆုံးနေရာများသို့ ဦးတည်သွားကြစဉ် အခြားသော ဝါရင့်တာအိုဆရာ ၁၀ယောက်ကျော်မှာလည်း အရောင်အသွေးစုံလင်သော ဝတ်စုံများကို ဝတ်ဆင်ကာ ရှေ့သို့ ထွက်လာကြသည်။ အချို့မှာ လုံဟူရှန်းတောင်မှဖြစ်ပြီး အချို့မှာမူ ကူညီရန် ဖိတ်ကြားခံရသော ကျွမ်းကျင်သူများဖြစ်ကြသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း အချို့ကို အထူးခေါ်ယူထားခြင်းဖြစ်သည်။

သူတို့သည်လည်း မော်တော်ယာဉ်များပေါ်သို့ တက်ကာ သတ်မှတ်ထားသော နေရာများသို့ ဦးတည်သွားကြလေသည်။

သူတို့၏ အစီအစဉ်မှာ ရိုးရှင်းလှသည်။ မီးသူတော်စင်က လေလံပွဲနေရာအဖြစ် သတ်မှတ်နိုင်သည့်နေရာတိုင်းတွင် အခြေအနေကို ချက်ချင်းထိန်းချုပ်နိုင်ရန်အတွက် အစွမ်းထက်သောကျွမ်းကျင်သူများရှိနေရမည် ဖြစ်သည်။

ကွပ်ကဲရေးဗဟိုဌာနအတွင်းတွင် ချီလင်းသည် စစ်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရာရှိအများအပြားနှင့်အတူ ထိုင်နေသည်။ နံရံပေါ်ရှိ မော်နီတာကြီးများတွင် မြို့၏ နေရာအသီးသီးမှ တိုက်ရိုက်ရုပ်သံဖိုင်များကို ပြသနေသည်။

အခန်းထဲတွင် ကွန်ပျူတာ အလုံး၁၀၀ကျော်က တစ်ပြိုင်နက်တည်းလည်ပတ်နေပြီး လျှပ်စစ်ဓာတ်အားအမြောက်အမြားသုံးစွဲနေသဖြင့် အလွန်ပူအိုက်နေသည်။

နည်းပညာကျွမ်းကျင်သူဒါဇင်ပေါင်းများစွာက မော်နီတာများကို စောင့်ကြည့်နေကြပြီး ဤမစ်ရှင်အတွက် ယာယီဖွဲ့စည်းထားသောဆိုက်ဘာရဲတပ်ဖွဲ့ဝင်များမှာလည်း တစ်ညလုံး လုပ်ငန်းလည်ပတ်ရန် ပြင်ဆင်နေကြသည်။ သူတို့သည် တိတ်ဆိတ်စွာဖြင့် အွန်လိုင်းပေါ်ရှိ လှုပ်ရှားမှုများကိုသာ အာရုံစိုက်စောင့်ကြည့်နေကြသည်။

ချီလင်း၏ အနီးဆုံးတွင် ဆက်သွယ်ရေးအရာရှိများအဖြစ် ဆောင်ရွက်နေသော အမျိုးသမီးငယ် တစ်ဒါဇင်ခန့် ရှိနေသည်။ သူတို့၏ တာဝန်မှာ နေရာအသီးသီးမှ ရရှိလာသော သတင်းအချက်အလက်များကို စုစည်းပြီး ကပ္ပတိန်ထံသို့ တင်ပြရန်နှင့် ကပ္ပတိန်၏ အမိန့်များကို အဖွဲ့အသီးသီးထံ ချက်ချင်း လက်ဆင့်ကမ်းရန် ဖြစ်သည်။

“တာအိုဆရာတွေက သတ်မှတ်ထားတဲ့နေရာတွေကို စတင်ရွှေ့ပြောင်းနေကြပါပြီ၊၊ အဓိကလမ်းမကြီးတွေပေါ်က အရေးပေါ်လမ်းကြောတွေကို ရှင်းလင်းထားပြီးပါပြီ”

“ကပ္ပတိန်… ရဟတ်ယာဉ် ၁၅စင်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးလေယာဉ် ၆စင်းကို ဖြန့်ကျက်ထားပြီးပါပြီ”

“လောလောဆယ် လမ်းမတွေပေါ်မှာ ထူးခြားတဲ့လှုပ်ရှားမှု မရှိသေးပါဘူး၊၊ အဓိကသံသယရှိတဲ့နေရာတွေကို ပိတ်ဆို့ထားပါတယ်… ဒါပေမဲ့ ဆာဗာလိုင်းတွေကိုတော့ မတွေ့ရသေးပါဘူး”

“မြို့တွင်းမှာရှိတဲ့ ကုမ္ပဏီကွန်ရက်အားလုံးကို လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးပါပြီ၊၊ ရန်သူတွေအနေနဲ့ ဒီ firewall တွေကို ဖောက်ထွင်းဖို့ ခက်ခဲပါလိမ့်မယ်၊၊ လိုအပ်ရင် ဆာဗာတွေကို အတင်းအကျပ်ပိတ်ပစ်ဖို့လည်းပြင်ဆင်ထားပါတယ်၊၊ ဒါပေမဲ့ အရန်လျှပ်စစ်ပတ်လမ်းအချို့ကတော့ စိတ်ပူစရာရှိနေဆဲပါ”

အစီရင်ခံစာများ ဆက်တိုက်ထွက်ပေါ်လာသည့်ကြားမှ ချီလင်းသည် စက်ရုပ်ကဲ့သို့ ထိရောက်မြန်ဆန်စွာဖြင့် ညွှန်ကြားချက်များနှင့် အတည်ပြုချက်များကို အဆက်မပြတ်ထုတ်ပြန်ပေးနေသည်။

သို့သော်လည်း သန်းခေါင်ယံအချိန်သို့ နီးကပ်လာသည်နှင့်အမျှ သူမသည် အနည်းငယ်စိတ်မအေးဖြစ်လာသည်။ အရေးကြီးသောအရာတစ်ခုခုကို ကျော်သွားသကဲ့သို့ ခံစားနေရသည်။

“အဖွဲ့အားလုံးကို အကြောင်းကြားလိုက်ပါ မီးသူတော်စင်ပေါ်လာတာနဲ့ ချက်ချင်း အသေသတ်ပစ်ပါ”

“အမိန့်အတိုင်းပါ”

ချီလင်းက ကုလားထိုင်နောက်မှီကို မှီလိုက်ပြီး နားထင်ကို နှိပ်နယ်လိုက်သည်။ အနီးအနားတွင် ထိုင်နေသော သက်လတ်ပိုင်းအမျိုးသားများနှင့် အမျိုးသမီးများမှာမူ တိတ်ဆိတ်စွာဖြင့် သူမ၏ နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေကြသည်။

ထိုညတွင် မြို့အနှံ့ ဖြန့်ကျက်ထားသော အထူးစစ်ဆင်ရေးအဖွဲ့ဝင်များသည် ကွပ်ကဲရေးအရာရှိများ၏ အမိန့်ကိုသာ နာခံကြရသည်။

ဘာကိုကျော်သွားခဲ့တာလဲ…၊၊

မီးသူတော်စင်အနေဖြင့် သီးသန့်ကွန်ရက်တစ်ခုမှတစ်ဆင့် လေလံပွဲကို ပြုလုပ်ရန်အတွက် အဓိကအချက် ၃ချက် လိုအပ်သည်၊၊ ဆာဗာ၊ အသုံးပြုမည့်ကွန်ပျူတာများနှင့် ကွန်ရက်ချိတ်ဆက်မှုတို့ဖြစ်သည်။

မီးသူတော်စင်၏ နိုင်ငံခြားအဖွဲ့သည် သူတို့၏ စနစ်ကိုတည်ဆောက်ရန် လက်ရှိ ရှိနေပြီးသား အတွင်းကွန်ရက်တစ်ခုခုကို ဖောက်ထွင်းဝင်ရောက်နိုင်ခြေရှိသည်။ ယင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြိမ်ကြိမ်အစည်းအဝေးလုပ်ပြီးနောက် ထွက်ပေါ်လာသောကောက်ချက်ဖြစ်သည်။

ချီလင်း၏ ဘေးတွင်ရှိသော သက်လတ်ပိုင်းအရာရှိတစ်ဦးက အသံတိုးတိုးဖြင့် “ကပ္ပတိန်… ရန်သူက တကယ်တမ်း လေလံပွဲကို တခြားနေရာမှာလုပ်နေပြီး ကျွန်တော်တို့ရဲ့ အာရုံကို ဒီဘက်လွှဲနေတာမျိုးဖြစ်နိုင်မလား… ဒါမှမဟုတ် အီးမေးလ်ကနေတစ်ဆင့် အရောင်းအဝယ်လုပ်နေတာမျိုးရော”

“ကျွန်တော်တို့ရဲ့ လျှို့ဝှက်အေးဂျင့်တွေက ငွေလွှဲပြီးပြီဖြစ်သလို ဝယ်ယူသူအဖြစ်လည်းအတည်ပြုချက်ရထားပြီးပါပြီ” အခြားအရာရှိတစ်ဦးက ပြန်ပြောသည်။

“ရောင်းသူတွေဘက်က ကျွန်တော်တို့လူတွေကို တခြားဝယ်သူတွေနဲ့ ခွဲခြားနိုင်စွမ်းမရှိတဲ့အတွက် သူတို့ဆီကရတဲ့သတင်းအချက်အလက်တွေက လောလောဆယ်အထိတော့ ယုံကြည်စိတ်ချရပါတယ်…”

ချီလင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်၊၊

“အခြေအနေအရဆိုရင် မီးနတ်ဘုရားက ကျင့်ကြံသူတွေကို တတ်နိုင်သမျှအများကြီးစုစည်းချင်ပုံရတယ်… မဟုတ်ရင် လူကိုယ်တိုင်တက်ရောက်ရမယ့်လေလံပွဲမျိုးလုပ်မှာမဟုတ်ဘူး”

“ဒါဆို သူ့ရဲ့ ရည်ရွယ်ချက်က အတိအကျဘာဖြစ်နိုင်မလဲ”

“ဒီလောကမှာ အရူးတွေနဲ့ စိတ်ဝေဒနာရှင်ရာဇဝတ်ကောင်တွေ ဘယ်တုန်းကမှ မရှားခဲ့ပါဘူး”

ချီလင်းက လက်ပိုက်လျက် ပြန်ပြောလိုက်သည်။ သူမ၏ အသံမှာ အမြဲတမ်းကဲ့သို့ပင် တည်ငြိမ်နေဆဲဖြစ်သည်။

“ကိုယ့်ကိုယ်ကို သူတော်စင်လို့ သတ်မှတ်ပြီး တကယ်တမ်းတော့ အများပြည်သူကို အန္တရာယ်ပြုနေတဲ့သူတွေဟာ ကိုယ့်စိတ်ကူးယဉ်မှုနောက်ကို လိုက်နေတဲ့ အတ္တသမားနဲ့ စိတ်ဝေဒနာရှင်တွေပဲ”

အရာရှိများက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကြပြီး ဆွေးနွေးမှုကို ရပ်လိုက်ကြသည်။

နောက်ဆုံးပြင်ဆင်မှုများပြီးဆုံးသွားသည်နှင့်အမျှ အစီရင်ခံစာများမှာလည်း တဖြည်းဖြည်းတိတ်ဆိတ်သွားတော့သည်။ ကွပ်ကဲမှုဗဟိုဌာနအတွင်းတွင် ကြီးမားသောတိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားသည်။

မုန်တိုင်းတစ်ခုကျရောက်လာတော့မည်။

Chapter 118

မထင်မှတ်ထားသော အရေးပါသူတစ်ဦး

မြို့တစ်မြို့လုံးတွင် မြောက်မြားစွာသော မျက်လုံးများက တဖြည်းဖြည်းဆိတ်ငြိမ်လာသော လမ်းမများကို စောင့်ကြည့်နေကြသည်။ လူအများအပြားမှာ နောက်တစ်နာရီအတွင်း ရောက်ရှိလာမည့် မက်ဆေ့ခ်ျကို ဖုန်းအနီးတွင် ထိုင်စောင့်နေကြသည်။

နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံခြားဘဏ်စာရင်းများသို့ ငွေလွှဲနိုင်ခဲ့ပြီး လိုအပ်သော စပေါ်ငွေပမာဏပြည့်မီသူများအားလုံးက ဆက်သွယ်ရမည့်အချက်အလက်များကို ချန်ထားခဲ့ကြပြီဖြစ်သည်။

အကယ်၍ ဒီညတွင် အရာအားလုံး အဆင်ပြေချောမွေ့ပြီး သူတို့ပြင်ဆင်ထားသော ကျင့်ကြံခြင်းပညာရပ်များကို အောင်မြင်စွာတင်ပြနိုင်ခဲ့လျှင် ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ ပထမတွဲနှင့် ဒုတိယတွဲကိုရရှိရန် အခွင့်အလမ်းအလွန်များပြားလေသည်။

တိတ်ဆိတ်နေသော ကားပါကင်တစ်ခုတွင် မောင်းသူနေရာ၌ ထိုင်နေသော လူငယ်တစ်ဦးက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ ကားထဲတွင် တာအိုဆရာ သုံးဦးရှိနေပြီး မျက်လုံးများကို မှိတ်ကာ တရားထိုင်နေကြသည်။

“ဆရာဦးလေး… အကယ်၍ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ကျမ်းစာ ၆စောင်က မလုံလောက်ရင် ဘယ်လိုလုပ်မလဲ၊၊ ဒါက လေလံပွဲဆိုတော့ တစ်ယောက်ယောက်က ကျွန်တော်တို့ထက် ပိုပေးမှာပဲလေ”

“အဲလိုဖြစ်လာရင်တော့ တခြားသူဆီကနေ ခဏချေးရမှာပေါ့”

လူငယ်က အံ့အားသင့်သွားသည်၊၊

“ချေးမယ်.. ဟုတ်လား… ဘယ်သူက ကျွန်တော်တို့ကို ကျင့်ကြံခြင်းပညာရပ်တွေ ချေးမှာလဲ အားလုံးကလည်း…”

လူငယ်သည် ဆရာဦးလေး၏ အေးစက်သောအပြုံးကို မြင်လိုက်ရသဖြင့် ပြောနေရင်းရပ်သွးကာ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားတော့သည်။

အကယ်၍ သူတို့တွင် မလုံလောက်ပါက လိုအပ်သောအရာကို လုယူရုံသာရှိတော့သည်။

****

မြို့ပြဆေးရုံ၏ လူနာဆောင်ရှိ သီးသန့်အခန်းတစ်ခုတွင် ဝမ်ရှန်းသည် ကုတင်ပေါ်တွင် မျက်လုံးမှိတ်လျက်ထိုင်နေသည်။ သူသည် တင်ပလ္လင်ခွေမထိုင်နိုင်သေးသော်လည်း ကျင့်ကြံခြင်းကိုမူ မပျက်ကွက်ပေ။

သူ၏ ဒဏ်ရာပြန်လည်သက်သာလာမှုကို မြန်ဆန်စေရန်အတွက် သူသည် ခြေသလုံးရိုးနှင့် ခြေဖဝါးရိုးများကို စတင်သန့်စင်နေပြီ ဖြစ်သည်။ နည်းပညာအရဆိုလျှင် ကျောက်ပတ်တီး မလိုတော့သော်လည်း လွတ်လွတ်လပ်လပ် လမ်းမလျှောက်နိုင်သေးပေ။

ဒီညသည် မုရွှယ်အတွက် အလွန်အလုပ်ရှုပ်ရမည့် ညတစ်ညဖြစ်သင့်သော်လည်း ဝမ်ရှန်းကြောင့် သူမသည် ကုတင်ဘေးတွင် သက်တောင့်သက်သာထိုင်ကာ အလှအပရေးရာမဂ္ဂဇင်းတစ်စောင်ကို ဖတ်နေနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဘူလ်ဒိုဇာမှာ သိသိသာသာဂဏာမငြိမ်ဖြစ်နေသည်။ သူသည် အထူးအဖွဲ့၏ group chat ကို ခဏခဏစစ်ဆေးနေပြီး နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုသည်ကို စိုးရိမ်နေမိသည်။

“ဘယ်နှစ်နာရီရှိပြီလဲ”

ဝမ်ရှန်းက မေးလိုက်သည်။ မုရွှယ် မပြန်ပြောခင်မှာပင် သူက မျက်လုံးများကို ဖွင့်လိုက်ပြီးသား ဖြစ်သည်။

နံရံကပ်နာရီက ည ၁၁ နာရီ ၁၅ မိနစ်ကို ပြသနေသည်။

မုရွှယ်က တိုးတိုးလေး ပြောလိုက်သည်၊၊

“လေလံပွဲစဖို့ ၄၅မိနစ် လိုသေးတယ်၊၊ ရှင် အနားယူဖို့ပဲ အာရုံစိုက်ပါ၊၊ အဲဒီကိစ္စတွေကို စိတ်ပူနေဖို့ မလိုပါဘူး”

“အင်း”

ဝမ်ရှန်းက တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်၊၊

သူသာ ဒဏ်ရာမရရှိခဲ့ပါက သွားရောက်ကူညီနိုင်မည်ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူသည် ရွှေ့ပြောင်းရန်အတွက်ပင် တစ်ယောက်ယောက်က ဝှီးချဲကိုတွန်းပေးရန် လိုအပ်နေသေးသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အမင်းကန့်သတ်ခံထားရသဖြင့် သူသွားပါက ဝန်ထုပ်ဝန်ပိုးသာဖြစ်လိမ့်မည်။

ဘူလ်ဒိုဇာက ရယ်မောကာ ပြောလိုက်သည်၊၊

“ငါ မင်းအတွက် လိမ္မော်သီးတစ်လုံး ခွာပေးရမလား… ငါတို့တွေ ဒီအတိုင်းထိုင်နေရတာဆိုတော့ မင်း ငါ့ကို လှုပ်ရှားမှုလေးတွေ နည်းနည်းလောက်သင်ပေးပါလား”

ဝမ်ရှန်းက သဘောတူရန်ပြင်လိုက်စဉ်မှာပင် ဘူလ်ဒိုဇာက လက်များကို ပွတ်သပ်ကာ အနားသို့ တိုးလာသဖြင့် မုရွှယ်က မျက်စောင်းထိုးလိုက်သည်။

ဘီပ်… ဘီပ်...

ဝမ်ရှန်း၏ဖုန်းက တုန်ခါသွားသည်။ မျက်နှာပြင်ပေါ်တွင် နံပါတ်စိမ်းတစ်ခုပြနေသော်လည်း သူ ဖုန်းလက်ခံဖြေကြားလိုက်သည့်အခါ ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ဟဲလို… အစ်ကိုရှန်း... အားလား… ကျွန်တော့်နောက်ကို တစ်ယောက်ယောက်လိုက်နေသလိုပဲ… ကျွန်တော့်ကိုကူညီပေးနိုင်မလား”

ရှီချန်ကျန်းသည် ဆေးရုံအနီးရှိ လမ်းဆုံတစ်ခုမှနေ၍ ဝမ်ရှန်းထံသို့ ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။ သူ လူနာဆောင်ကို ရှာဖွေတွေ့ရှိချိန်တွင် ည ၁၁ နာရီခွဲပင် ကျော်လွန်နေပြီ ဖြစ်သည်။

မော်ရှန်းတောင် နှီးနှောဖလှယ်ပွဲတွင် တောက်ပခဲ့ဖူးသည့် လုံဟူရှန်းတောင်၏ တစ်ချိန်က စိတ်အားထက်သန်ခဲ့သော ပါရမီရှင်လူငယ်လေးထံမှ ယခုအခါ အရက်နံ့များ ဟောင်နေလေသည်။ စိတ်ပျက်အားငယ်နေသော လူငယ်တစ်ဦး၏ အသွင်အပြင်ရှိနေသော်လည်း ဝမ်ရှန်းကို မြင်လိုက်ရသည့်အခါတွင်မူ သူက စပ်ဖြဲဖြဲလုပ်ကာ ပြုံးပြလိုက်သည်။

“အစ်ကိုရှန်း… ဘာဖြစ်တာလဲ ခြေထောက်ကျိုးသွားတာလား… ပြင်းထန်လား… အတော်နာလား”

ဝမ်ရှန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်၊၊

“ကောင်းကင်ပျံသန်းခြင်းဓားကွက်ကို ကျင့်ကြံရင်း ခြေထောက်ကျိုးသွားတာပါ၊၊ အဲဒါက အရေးမကြီးပါဘူး မင်းက ဘာဖြစ်လို့လဲ.. ဘယ်သူက မင်းနောက်ကို လိုက်နေတာလဲ”

ရှီချန်ကျန်းက သက်ပြင်းအရှည်ကြီးချလိုက်သည်၊၊

“မီးနတ်ဘုရားရဲ့ လူတွေ ဖြစ်လိမ့်မယ်”

ဝမ်ရှန်း ခေတ္တမျှ မှင်သက်သွားသည်၊၊

“မင်းက ပစ်မှတ်ထားခံလိုက်ရတာလား”

“ကျွန်တော်လည်း သေချာမသိဘူး… တစ်ယောက်ယောက်က ကျွန်တော့်ကို စောင့်ကြည့်နေသလိုခံစားနေရလို့”

ရှီချန်ကျန်းက ဝမ်ရှန်း၏ ကျောက်ပတ်တီးကို ကြည့်ရင်း မျက်မှောင်ကုတ်လိုက်သည်။

“ကျွန်တော် သွားပြီး ပြဿနာရှာလိုက်ရင်ကောင်းမလား ပြီးမှရဲတွေဆီမှာ အဖမ်းခံလိုက်မယ် အစ်ကိုရှန်းက ဒီအခြေအနေနဲ့ တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး...”

ဘူလ်ဒိုဇာက တိတ်ဆိတ်စွာဖြင့် လက်ထိပ်တစ်ခုကို ထုတ်လိုက်သည်။

ရှီချန်ကျန်းက ချက်ချင်းပင် နောက်ဆုတ်သွားပြီး မချိပြုံးဖြင့် “နောက်တာပါ… နောက်တာပါ… ကျွန်တော် စိတ်ထင်လို့ပဲနေမှာ… အမှန်တော့ ကျွန်တော့်စိတ်ထဲမှာ အခက်အခဲတစ်ခုရှိနေလို့ ရင်ဖွင့်စရာလူမရှိတာနဲ့ အစ်ကိုရှန်းက ဆေးရုံမှာရှိတယ်ဆိုတာကြားလို့ လာရှာတာပါ”

ဝမ်ရှန်း၏ နှုတ်ခမ်းများတွန့်သွားသည်။ လုံဟူရှန်းတောင်က တပည့်တွေက အခုအချိန်မှာ မီးသူတော်စင်ကို လိုက်ဖမ်းနေရမှာ မဟုတ်ဘူးလား။ ဒီကောင်က ဘာဖြစ်လို့…၊၊

သူ ရှီချန်ကျန်း၏ လည်ပင်းကို အတန်ကြာအောင် စိုက်ကြည့်နေမိသည်။

“ဘာလို့လဲ အစ်ကိုရှန်း”

“တခြားလူတစ်ယောက်ယောက်က ရုပ်ဖျက်ထားတာလားလို့ စစ်ဆေးနေတာ”

ရှီချန်ကျန်းက မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် သက်ပြင်းကို ဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည်။

“ကျွန်တော့်စိတ်ထဲမှာ တကယ်ပဲ အခက်အခဲရှိနေလို့ ဝေခွဲမရဖြစ်နေတာပါ… အစ်ကိုရှန်းလည်း သိပါတယ် ကျွန်တော်က အစ်ကိုရှန်းကို အမြဲတမ်း လေးစားအားကျခဲ့တာပါ… ဝေမင်းကြီးက သေနာပတိချန်ကို လေးစားသလိုမျိုး…. သွမ့်ယိက ချောင်ဖုန်းကို ကြည့်ရသလိုမျိုး… ကောကျင့်က ကျန်းနန်သူရဲကောင်းခုနှစ်ဖော်ကို ရိုသေသလိုမျိုး…”

မုရွှယ်က ဘေးမှနေ၍ တိုးတိုးလေး ဝင်ပြောလိုက်သည်၊၊

“အဲဒီလူတွေအားလုံးက အတော်လေးသနားစရာကောင်းအောင် သေဆုံးသွားကြတာချည်းပဲ”

“လိုရင်းကိုပဲ ပြောစမ်းပါ”

ဝမ်ရှန်းက လေသံမာလိုက်သည်။

“အရေးကြီးတာမဟုတ်ရင်လည်း မင်းတို့ဂိုဏ်းက သစ္စာဖောက်တွေကို သွားဖမ်းပေးလိုက်ဦး”

“ဟူး… အဲဒါကပဲ ကျွန်တော့်ကို စိတ်ဒုက္ခပေးနေတာပေါ့”

ရှီချန်ကျန်းက ထပ်မံသက်ပြင်းချကာ ကုတင်အနားတွင် ထိုင်ချလိုက်ပြီး ငေးငိုင်နေတော့သည်။ ထို့နောက် လူတိုင်းကိုအံ့အားသင့်စေသည်မှာ သူ၏ မျက်ဝန်းမှ မျက်ရည်နှစ်စက် ကျဆင်းလာခြင်း ဖြစ်သည်။ ဝမ်ရှန်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။

“သူက ဘာလို့ ငိုနေတာလဲ” ဘူလ်ဒိုဇာက တိုးတိုးရေရွတ်လိုက်သည်။

“ဘာဖြစ်လို့လဲ အွန်လိုင်းမှာ အလိမ်ခံလိုက်ရလို့လား ဒါမှမဟုတ် ghost ခံလိုက်ရလို့လား” မုရွှယ်က နူးညံ့စွာ မေးလိုက်၏။

“ကျွန်တော် မငိုပါဘူး… ဘယ်သူငိုလို့လဲ”

ရှီချန်ကျန်းက မျက်နှာကို သုတ်လိုက်ပြီး ရယ်မောလိုက်သည်။

“အစ်ကိုရှန်းက နတ်သမီးလို စီနီယာအစ်မမှ မဟုတ်တာ တကယ်တော့ အစ်ကိုရှန်း… ကျွန်တော်က အစ်ကိုရှန်းရဲ့ စီနီယာအစ်မကိုပဲ စိတ်ထဲရှိတာပါ… တခြားဘာမှမရှိပါဘူး အစ်ကိုရှန်း… ကျွန်တော့်ကို ယုံတယ်မလားဟင်”

ထို့နောက် သူက အားငယ်သောအသွင်ဖြင့် ထပ်မံသက်ပြင်းချပြန်သည်။

“လျှိုယွမ်ကျိသာ ဒါကိုမြင်ရင် မင်းကို အော်ရယ်လိမ့်မယ်” ဝမ်ရှန်းက မှတ်ချက်ချလိုက်သည်။

ရှီချန်ကျန်းက ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ဝမ်ရှန်းကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။

“အစ်ကိုရှန်း ကျွန်တော့်ကို သေချာလေး မနှစ်သိမ့်ပေးနိုင်ဘူးလား… ကျွန်တော် အခုခံစားနေရတဲ့ ဝေဒနာက… ဒီလောကမှာ ဘာလို့ ကျွန်တော့်ကို ဘယ်သူမှနားမလည်ကြတာလဲ”

မုရွှယ်က လှောင်ပြောင်သလို မှတ်ချက်ချလိုက်သည်၊၊

“တခြားသူတွေကို အရင်ဆုံးနားလည်အောင်ကြိုးစားမှသာ တခြားသူတွေကလည်း ရှင့်ကို နားလည်မှာပေါ့ တာအိုဆရာရှီ”

ရှီချန်ကျန်းက မုရွှယ်ဘက်သို့ လှည့်ကာ “အစ်မက ဘယ်သူလဲ… ကျွန်တော့်ရဲ့ ခံစားချက်တွေကို လာမဖျက်ဆီးစမ်းပါနဲ့”

မုရွှယ်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘေးသို့ အနည်းငယ်ဆုတ်ပေးလိုက်သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရုံးချုပ်တွင် အကြိမ်အနည်းငယ်ဆုံဖူးသော်လည်း ရှီချန်ကျန်းကမူ သူမကို လုံးဝမေ့သွားပုံရသည်။

“အတိအကျဘာဖြစ်ခဲ့တာလဲ” ဝမ်ရှန်း ခေတ္တမျှ တွေးလိုက်သည်။ ထို့နောက် သူက သံသယဖြင့် မေးလိုက်သည်၊၊

“ကောင်းချန်ရှင်းက ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာတတိယတွဲကို ခိုးယူဖို့ကြိုးစားတုန်းက တပည့်တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်တဲ့… အဲဒါက မင်းလား”

ရှီချန်ကျန်းက ချက်ချင်းပင် မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

“အစ်ကိုရှန်းက ဒါကို ဘယ်လိုတောင်ခန့်မှန်းလိုက်တာလဲ၊၊ ကျွန်တော့်မှာ ရှိသမျှသိက္ခာတွေ အကုန်ကျကုန်ပြီ”

တစ်ခုခုကို သဘောပေါက်သွားပုံရသော မုရွှယ်က ပြောလိုက်သည်၊၊

“မီးသူတော်စင်က ကျမ်းစာကို ခိုးဖို့ကြိုးစားပြီး တပည့်တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်… လုံဟူရှန်းတောင်ရဲ့ တတိယမျိုးဆက်တပည့်တွေထဲမှာ ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာအပြည့်အစုံကို ဖတ်ခွင့်ရတဲ့သူက လက်ချိုးရေလို့ရတယ်၊၊ ဒါဆို ရှင်က အဲဒီထဲကတစ်ယောက်ပေါ့ တာအိုဆရာရှီ”

“ကျွန်တော်… ဟူး”

ရှီချန်ကျန်းက ထပ်ခါတလဲလဲ သက်ပြင်းချရင်း ဝမ်ရှန်းကို ကြည့်လိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင်မူ သူ၏ စိတ်ကို နှိပ်စက်နေသော အကြောင်းအရာကို နောက်ဆုံးတွင် ဖွင့်ဟပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ဒါကို ကျွန်တော် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး… အစ်ကိုရှန်း… ဒါပေမဲ့ ကျွန်တော်က အစ်ကိုရှန်းကို အစ်ကိုကြီးလိုသဘောထားတဲ့အတွက် ပြောပြနိုင်တယ်လို့ ခံစားရလို့ပါ… ပြီးတော့ အစ်ကိုရှန်းကလည်း ကုတင်ပေါ်မှာပဲနေနေရတာဆိုတော့ တခြားဘာမှလည်းလုပ်နိုင်မှာ မဟုတ်ဘူးလေ...”

ဝမ်ရှန်း ဆွံ့အသွားသည်။

All Chapters