အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
Chapter 113
ယင်စွမ်းအင်စုပ်မိစ္ဆာကျင့်ကြံသူ
“ဝမ်ရှန်း... ဒီမှာ”
ဝမ်ရှန်းက မော့ကြည့်လိုက်ရာ လမ်းတစ်ဖက်ခြမ်းတွင် ရှန်းချန်လင်ကို တွေ့လိုက်ရသည်။ သူမက တက္ကစီတစ်စီး၏ ဖွင့်ထားသော တံခါးဘေးတွင် ရပ်နေပြီး သူ့ကို တက်ကြွစွာလက်လှမ်းပြနေ၏။
သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ကျင်းယွမ်က သူ့ဘေးတွင်ပေါ်လာပြီး လမ်းတစ်ဖက်သို့ ပြေး၍ကူးသွားနှင့်လေပြီ။ ဝမ်ရှန်း ခေါင်းအသာယမ်းလိုက်ပြီး သူမနောက်သို့ လိုက်ကာ လမ်းကို ဖြတ်ကူးခဲ့သည်။ စိတ်ဆိုးဒေါသထွက်နေသော ယာဉ်မောင်းအချို့၏ ဆဲဆိုခြင်းကို ခံခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ယာဉ်တိုက်မှုတော့ မဖြစ်ခဲ့ပေ။
၁၀မိနစ်အကြာတွင် သူတို့ သုံးယောက်သည် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုသို့ ရောက်ရှိလာကြသည်။
သူတို့ တက္ကစီပေါ်မှ ဆင်းလိုက်သည်နှင့် ရဲကားတစ်စီးက အနီးတွင်ဆိုက်ရောက်လာပြီး ဘူလ်ဒိုဇာက ခန္ဓာကိုယ်တောင့်တင်းသော လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တစ်စုကို ဦးဆောင်ကာ ဆင်းလာသည်။
“ဆရာဒေါ်လေး... သူတို့က ကျွန်တော်တို့ကို ကူညီဖို့ ရောက်လာတာပါ”
“သူတို့က သိပ်အသုံးဝင်မှာ မဟုတ်ဘူး”
ကျင်းယွမ်က တီးတိုးပြောလိုက်သည်။
“ဒီမိစ္ဆာကျင့်ကြံသူလူငယ်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ။ ငါ ထင်တာမမှားရင် သူ့ဆရာက ပိုတောင်အစွမ်းထက်ဦးမယ်။ အချိန်တန်ရင် သူတို့ကို ငါပဲ ကိုင်တွယ်လိုက်မယ်”
မိစ္ဆာကျင့်ကြံသူလူငယ်က အမြုတေဖွဲ့စည်းခြင်း အဆင့်ကိုတောင် ရောက်နေပြီလား…။
ဝမ်ရှန်း မျက်မှောင်ကြုတ်မိသွားသည်။ သူနှင့်အဆင့်တူသော ကျင့်ကြံသူတွေက အရမ်းကိုပေါများလွန်းနေသလို ခံစားလိုက်ရ၏။
ဘူလ်ဒိုဇာနှင့် သူ၏အဖွဲ့ကတော့ အသုံးဝင်ဆဲပင်။ ဧည့်ကြိုကောင်တာတွင် သူတို့၏ သက်သေခံကတ်ပြားများကို ပြသပြီးနောက် အပေါ်ထပ်သို့ တက်သွားသော လူငယ်၏ အခန်းနံပါတ်ကို လျင်မြန်စွာရရှိခဲ့သည်။
“ဆရာဒေါ်လေးနဲ့ ကျွန်တော်ပဲ အပေါ်တက်မယ်။ ခဗျားတို့ကတော့ ဒီမှာပဲနေပြီး စောင့်ကြည့်ပေးထားပါ” ဝမ်ရှန်းက ညွှန်ကြားလိုက်သည်။
“ကျွန်တော့် စီနီယာအစ်မရှန်းရဲ့ လုံခြုံရေးကိုလည်း သေချာအောင်လုပ်ပေးပါ”
ဘူလ်ဒိုဇာက ခေါင်းကို အခိုင်အမာညိတ်လိုက်ပြီး လက်မြှောက်လိုက်သည်။ လက်နက်ကိုင်ရဲနှစ်ဦးက ချက်ချင်း ရှေ့သို့ တက်လာကာ ရှန်းချန်လင်၏ ရှေ့တွင် ကာကွယ်သည့်အနေအထားဖြင့် နေရာယူလိုက်ကြ၏။
“နောက်ထပ်ဘာလိုအပ်သေးလဲ… တာအိုဆရာဝမ်” ဘူလ်ဒိုဇာက မေးသည်။
“ကျွန်တော့်ကို စကားပြောစက်တစ်လုံးပေးပြီး အချက်ပြတာကို စောင့်နေပါ။ သူတို့ဆီမှာ ဓားစာခံတစ်ယောက်ပါသွားတယ်”
ကီးကတ်နှင့် စကားပြောစက်ကို ယူပြီးနောက် ဝမ်ရှန်းနှင့် ကျင်းယွမ်တို့က ဓာတ်လှေကားထဲသို့ လှမ်းဝင်ရောက်ကာ ၁၈ထပ်မြောက်ဆီသို့ ဦးတည်လိုက်ကြသည်။
အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ဖုံးအုပ်ထားသော အဝတ်နက်လွှာများကို ခွာလိုက်ရင်း ဝမ်ရှန်းက ဓားရိုးကို ဆုပ်ကိုင်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အမြင့်ဆုံးအနေထားသို့ ချိန်ညှိလိုက်၏။
“စိတ်လှုပ်ရှားမနေပါနဲ့” ကျင်းယွမ်က ညင်သာစွာ နှစ်သိမ့်ပေးသည်။
“မင်း သိထားတာတွေကိုပဲ သုံးပြီး ဓားစာခံကို ကယ်တင်ဖို့ပဲ အာရုံစိုက်ပါ။ ကျန်တာအားလုံးကို ငါ ကိုင်တွယ်မယ်”
ဝမ်ရှန်း အနည်းငယ် ဆွံ့အသွားသည်။ စိတ်လှုပ်ရှားနေတာလား…။ မဟုတ်တာ… မိစ္ဆာကျင့်ကြံသူတွေက အငြိုးတေးကြီးတဲ့ သရဲတစ္ဆေတွေလောက်တောင် ကြောက်စရာမကောင်းပါဘူး။
သို့သော်လည်း အမှန်အတိုင်းပြောရရင် မိစ္ဆာကျင့်ကြံသူများက ပိုပြီး ပြဿနာဖြစ်စေလေသည်။
တင်း။
ဓာတ်လှေကားတံခါးများ ဖြည်းညှင်းစွာ ပွင့်သွားသည်။ ဝမ်ရှန်းနှင့် ကျင်းယွမ်တို့က အပြင်သို့ လှမ်းထွက်လာပြီး အခန်းတစ်ခုဆီသို့ အတူလျှောက်သွားကြ၏။
ကျင်းယွမ်၏ လက်ဖျားတွင် မှိန်ပျပျအလင်းတန်းတစ်ခု စုစည်းလာပြီး သူမ ကိုင်ဆောင်ထားသော ဓားမြှောင်တိုလေးက ကျောက်စိမ်းဖျော့ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည်။ လေထဲတွင် ရိုးရှင်းသော မန္တန်တစ်ခုကို ရေးဆွဲလိုက်ရင်း သူမက ဝမ်ရှန်း၏ နားထဲတွင် စကားပြောသံကို ကြားရအောင် ပြုလုပ်ပေးလိုက်သည်။
—ဆရာ... ဒီတစ်ယောက်ကို သဘောကျရဲ့လား။
—ဒီတစ်ယောက်ကတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ယင်အဆီအနှစ်က အများကြီးကုန်ခမ်းမသွားသေးဘူး။ ဒါပေမဲ့ မင်း အရင်ကခေါ်လာတဲ့ အကောင်တွေက ဘာတွေလဲ။
—သူတို့က ဘာလိင်လဲတော့ ကျွန်တော်လည်း မသိဘူး ဆရာ။ သူတို့ဘာသာသူတို့ ကျွန်တော့်ဆီ ချဉ်းကပ်လာကြတာမို့ သိပ်မပင်ပန်းလို့ပါ၊၊
—တော်စမ်း။ နောက်အခန်းထဲမှာ သွားစောင့်နေ။ ငါ စုပ်ယူလို့ပြီးတာနဲ့ မင်းကို ဆုလာဘ်တစ်ခုပေးမယ်။
—ကျေးဇူးတင်ပါတယ် ဆရာ... ဒါနဲ့ ကျင့်စဉ်အပြည့်အစုံကို ဘယ်တော့ သင်ပေးမှာလဲ။ ကျွန်တော်တစ်ခုခုလုပ်တိုင်း ဆရာက အဲဒီမှာရပ်ကြည့်နေတော့ ဆရာ့မျက်စိတွေ ညစ်ညမ်းကုန်မှာပေါ့...
—ဟမ့်… မင်းက မင်းရဲ့ ဆရာကို သစ္စာဖောက်ဖို့ တွေးနေတာလား။
—ဗျာ... ကျွန်တော် မလုပ်ရဲပါဘူး။
စုပ်ယူတယ်ဟုတ်လား…။
ဝမ်ရှန်း မျက်ခုံးပင့်မိသွားပြီး သူ့ဆရာဒေါ်လေးက ဘာကြောင့် သူတို့ရဲ့ ပြိုင်ဘက်က ကြမ်းကြုတ်ရက်စက်သည့် တာအိုပညာကို ကျင့်ကြံတယ်လို့ ပြောခဲ့တာလဲဆိုတာ နောက်ဆုံးတွင် နားလည်သွားလေ၏။ အထဲက နှစ်ယောက်က မိစ္ဆာကျင့်ကြံသူတွေထဲက ရိုးရာပုံစံမျိုးတွေဖြစ်သည်။
ယန်စွမ်းအင်ကို အားဖြည့်ဖို့ ယင်စွမ်းအင်ကို စုပ်ယူတာမျိုးလား။
သူ စဉ်းစားနေစဉ်မှာပင် သူတို့က တံခါးဝသို့ ရောက်ရှိသွားပြီး အသံတိတ်ရပ်တန့်လိုက်ကြ၏။
ကျင်းယွမ်၏ အကြည့်က နံရံများကို ဖောက်ထွင်းမြင်နိုင်ပုံရပြီး သူမ၏ နုနယ်သော မျက်ခုံးတန်းများက ပို၍တွန့်ချိုးသွားသည်။ သူတို့ တွေးထားသလိုပင် ကျင့်စဉ်အဆင့်မြင့်မားလှသည်ဆိုသော ဆရာဖြစ်သူမှာ သူ၏ စိတ်မရှည်မှုကြောင့် အာရုံလွင့်သွားကာ သူ၏ သတိဝီရိယကို လျှော့ချထားမိလေသည်။
ဆယ်စက္ကန့်ခန့် စောင့်ဆိုင်းပြီးနောက် ကျင်းယွမ်က သူမ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ခပ်ဖွဖွလေး လှုပ်ခါလိုက်၏။ သူမ ခါးရှိ ဓားမြှောင်တိုမှာ ဓားအိမ်ထဲမှ လက်မဝက်ခန့် လျှောထွက်လာသည်။
အခန်းထဲတွင် ပြစ်မှုကျူးလွန်ရန် ပြင်ဆင်နေသော အဖိုးအိုက ခေါင်းမော့လိုက်သည်။ အက်ကွဲသော လေသံဖြင့် သူက အော်ဟစ်လိုက်၏။
“ဘယ်သူလဲ—”
ကျင်းယွမ်က သူမ၏ ညာလက်ကို မြှောက်ကာ ရှေ့သို့ ရိုက်ချလိုက်ပြီး အဖိုးအို၏ စကားကို ဖြတ်တောက်ပစ်လိုက်သည်။ စင်္ကြံလမ်းတစ်လျှောက် အုန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး ခိုင်ခံ့သော လုံခြုံရေးတံခါးကြီးမှာ အခန်းထဲသို့ လွင့်စင်သွားတော့၏။
“တစ်ယောက်မှ အလွတ်မပေးနဲ့”
ကျင်းယွမ်က ပြတ်သားစွာ အမိန့်ပေးရင်း ဓားကို ဆွဲထုတ်ကာ အထဲသို့ ပြေးဝင်သွားသည်။ ခုတင်ဘေးမှ မီးခိုးရောင်အရိပ်တစ်ခုက ဝုန်းခနဲ ခုန်ထွက်လာပြီး သူ၏ ခြေဗလာများက ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်နေသည်။ ကြောက်လန့်တုန်လှုပ်နေမည့်အစား ထိုအရိပ်က သူမထံသို့ ဦးတည်ကာ လက်ဝါးရိပ်အမြောက်အမြားကို ရိုက်ထုတ်လိုက်၏။
ကျယ်ဝန်းသော အခန်းတွင်းသို့ ချောက်ချားဖွယ် အေးစက်သော လေလှိုင်းများ ဖြတ်သန်းတိုက်ခတ်သွားတော့သည်။
ဝမ်ရှန်းလည်း ဓားကို ဆွဲထုတ်ကာ နောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားသည်။ သူ အထဲသို့ပြေးဝင်သွားစဉ် မိစ္ဆာကျင့်ကြံသူလူငယ်က ဘေးအခန်းတံခါးကို ဖွင့်လိုက်ပြီး လုံးဝမှင်သက်နေ၏၊၊
သူ့ပြိုင်ဘက်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီဖြစ်ကြောင်း ဆရာဒေါ်လေးက နှစ်ကြိမ်တိုင်တိုင် အလေးအနက်ပြောထားသည်။ ထို့ကြောင့် ဝမ်ရှန်း မပေါ့ဆရဲပေ။ စတိုက်ကတည်းက အားကုန်ထုတ်ကာ ခုနှစ်စင်ကြယ်ဓားဆန္ဒမှ စူးရှတောက်ပသော ကြယ်အလင်းတန်းများကို ထိုလူငယ်ထံသို့ ပစ်လွှတ်လိုက်လေသည်။
ရန်သူကို အမြန်ဆုံး နှိမ်နင်းနိုင်ရန်အတွက် သူ၏ တိုက်ကွက်များကို မည်သို့ ချိန်ညှိရမည်ကိုပင် သူက ကြိုတင်စီစဉ်ထားပြီးသားဖြစ်သည်။ ထို့အပြင် မည်သည့် ခုခံမှုကိုမဆို မည်သို့တုံ့ပြန်ရမည်နှင့် သူ သေချာမကျွမ်းကျင်သေးသော ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို သူ၏ နည်းစနစ်များထဲတွင် မည်သို့ ပေါင်းစပ်ရမည်ကိုလည်း နည်းလမ်းများချမှတ်ထားခဲ့သည်။
ဝမ်ရှန်း ဓားကိုလွှဲလိုက်သည့် စက္ကန့်ပိုင်းအတွင်း ထိုလူငယ်သည် ခဏမျှ တောင့်ခဲသွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှ သွေးများက ပန်းထွက်လာခဲ့၏။ သူ၏ ပခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ထိုဒဏ်ရာများမှာ ဆန်းကြယ်စွာပင် မဟာဝက်ဝံကြယ်စုပုံသဏ္ဌာန်အတိုင်း တိကျစွာတည်ရှိနေ၏။
ဝမ်ရှန်း၏ အစစ်မှန်ချီများက ထိုလူ၏ သွေးကြောမျှင်များထဲသို့ စီးဝင်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေသဖြင့် ဝမ်ရှန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်၊၊ အကယ်၍ သူသာ နောက်ဆုံးမိနစ်တွင် သူ၏ သတ်ဖြတ်လိုစိတ်ကို ပြန်မထိန်းလိုက်ပါက ထိုလူငယ်က ခေါင်းပြတ်သွားလောက်သည်။
ဒါက ဘာကြီးလဲ။
သူ့ဆရာဒေါ်လေးက အန္တရာယ်ကို ချဲ့ကားပြောခဲ့တာလို့ သူ မခံစားရဘဲမနေနိုင်တော့ပေ။ အခြားတစ်ဖက်တွင်မူ ဓားက ထိုလူ့ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားချိန်တွင် ခံစားလိုက်ရသော ခုခံမှုအရ သူ၏ အစစ်မှန်ချီနှင့် ဝိညာဉ်အသိစိတ်တို့မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
စဉ်းစားနေဖို့ အချိန်မရှိတော့ပေ။ သူ့ပြိုင်ဘက်က ပြင်းထန်စွာ ဒဏ်ရာရသွားပြီဖြစ်ရာ ဝမ်ရှန်းက သူ၏ ဓားကို ထိုလူ၏ လည်ပင်းတွင် ကပ်ထားလိုက်ပြီးနောက် အဓိကအိပ်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ဆံပင်ဖြူဖြူနှင့် တာအိုသရဖူဆောင်းထားသော အဖိုးအိုတစ်ဦးရှိနေပြီး လက်ဗလာဖြင့် တိုက်ခိုက်နေသည်။ သူက ကျင်းယွမ်၏ ဓားမြှောင်တိုကို ခက်ခဲစွာခုခံနေရလေ၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သော အစစ်မှန်ချီများက သူ့ထံမှ ထွက်ပေါ်နေပြီး သူ၏ တိုက်ကွက်များက ရက်စက်ကြမ်းကြုတ်လှ၏။ သို့သော်လည်း သူသည် တိုက်ပွဲစတင်ထဲက အောက်စည်းသို့ ရောက်နေခဲ့ပြီးသားပင်၊၊
(တာအိုသရဖူ- ဆံပင်ထုံးထားတဲ့ အပေါ်မှာ ဆံထိုးနဲ့ တွဲထားသော အဆင်တန်ဆာတစ်မျိုး)
သို့သော် ဝမ်ရှန်းကို အံ့ဩစေသည်မှာ သူ၏ ဆရာဒေါ်လေးဖြစ်သည်။ ကျင်းယွမ်၏ အနည်းငယ်တောင့်တင်းနေသော ဓားကွက်များနှင့် အနည်းငယ် ကိုးရိုးကားယားနိုင်သော ခြေလှမ်းများကို ကြည့်ရင်း ဓာတ်လှေကားထဲတွင် စိတ်လှုပ်ရှားနေခဲ့သူမှာ သူမဟုတ်ဘဲ သူ့ဆရာဒေါ်လေးဖြစ်နေမှန်း နောက်ဆုံးတော့ သူ သဘောပေါက်သွားလေသည်။
သူမသည် တောင်ပေါ်တွင် ကျင့်ကြံရင်း နှစ်ပေါင်းများစွာ အချိန်ကုန်လွန်ခဲ့ပြီး ဓားသိုင်းကို တစ်ခါတရံမှသာ လေ့ကျင့်ခဲ့ပုံရသည်။ သူမ၏ နေ့စဉ်အာရုံစိုက်မှုက တာအိုကို နားလည်သဘောပေါက်ရန်သာဖြစ်သည်။ ထို့ကြောင့် သူမသည် မြင့်မားသော တာအိုနယ်ပယ်နှင့် ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိထားသော်လည်း တကယ့်တိုက်ပွဲအတွေ့အကြုံကတော့ နည်းပါးလှ၏။ သူမ ထိုအဖိုးအိုကို ဖိနှိပ်ထားနိုင်ခြင်းမှာ သူမ၏ ကျင့်ကြံခြင်းအဆင့်က ထိုသူ့ထက် အပြတ်အသတ်သာလွန်နေ၍သာဖြစ်သည်။
ဝမ်ရှန်းမှာ ထိုအခြေအနေကို ဘယ်ကနေစပြီး ဝေဖန်ရမှန်းတောင် မသိတော့ပေ။ ကြည့်ရတာ တိုက်ခိုက်ခြင်းကလည်း သဘာဝပါရမီလိုအပ်ပုံရသည်။
“အ... အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျွန်တော် တကယ်ကို ဆိုးဆိုးရွားရွားဘာမှမလုပ်ခဲ့ပါဘူး”
မိစ္ဆာကျင့်ကြံသူလူငယ်သည် သွေးအိုင်ထဲတွင် ဝပ်စင်းရင်း တုန်တုန်ရင်ရင်ဖြင့် ပြောလာသည်။ တုန်ရီနေသော လေသံဖြင့် သူက ထပ်ပြောသည်၊၊
“ကျွန်တော်နဲ့အတူ ရှိနေတဲ့ မိန်းကလေးတွေက သူတို့သဘောနဲ့သူတို့ လာကြတာပါ။ ကျွန်တော့်မှာ ကျင့်စဉ်အပြည့်အစုံတောင် မရှိပါဘူး—”
ဝမ်ရှန်းက ဓားရိုးဖြင့် ပေါ့ပေါ့ပါးပါးတစ်ချက်ထုကာ ထိုသူ့ကို သတိမေ့သွားအောင် လုပ်လိုက်သည်။ ထို့နောက် တံခါးဆီသို့ တရွေ့ရွေ့ဆုတ်လာနေသော အဖိုးအိုထံသို့ သူ၏ အကြည့်ကို ပို့လိုက်ကာ အသက်ကို ပြင်းပြင်းရှူရင်း တိုက်ပွဲအတွက် အဆင်သင့်ပြင်လိုက်သည်။
တကယ်တမ်း အခန်းထဲရှိ မတ်တပ်ရပ်နေသော လူသုံးယောက်ထဲတွင် သူသည် ကျင့်ကြံခြင်းအနိမ့်ဆုံးဖြစ်သည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းကို ပြောကြေးဆိုလျှင်တော့... ဒါက လုံးဝသီးခြားဆွေးနွေးရမည့် အကြောင်းအရာတစ်ခုဖြစ်ပေလိမ့်မည်။
Chapter 114
သေမင်း၏ဓားသွားအဖြစ် ပြောင်းလဲခြင်း
အစပိုင်းတွင် အနည်းငယ်အတွေ့အကြုံနည်းပါးနေသော်လည်း ကျင်းယွမ်က တဖြည်းဖြည်းနှင့်သူမ၏စည်းချက်ကို ရှာဖွေတွေ့ရှိသွားပြီး တိုက်ပွဲကို ပို၍သက်တောင့်သက်သာ ကိုင်တွယ်လာနိုင်ခဲ့သည်။ သူမလက်ထဲမှ ရတနာဓားမှာလည်း သာမန်လက်နက်မဟုတ်သလို သူမ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အဖိုးအိုထက် များစွာသာလွန်လှသည်။ ထိုသူ့ကို ဖမ်းဆီးရမိရန်မှာ အချိန်ပိုင်းသာဖြစ်သည်၊၊
သို့သော်လည်း ဘေးမှ စောင့်ကြည့်နေသော ဝမ်ရှန်းကတော့ မျက်မှောင်အနည်းငယ် ကြုတ်မိသွား၏။
ထိုမိစ္ဆာကျင့်ကြံသူက သူ၏ ဆရာဒေါ်လေးထက် တိုက်ပွဲအတွေ့အကြုံများစွာပိုမိုကြွယ်ဝသည်။ သူက အရေးနိမ့်နေသည့်အနေအထားတွင် ရှိနေပုံရသော်လည်း လှုပ်ရှားရုန်းထွက်နိုင်နေဆဲဖြစ်ပြီး ဝမ်ရှန်းကိုလည်း သတိကြီးစွာဖြင့် တစ်ချက်တစ်ချက်လှမ်းကြည့်နေသေးသည်။
အဖိုးအိုအနေဖြင့် ခုတင်ပေါ်တွင်သတိမေ့နေသောမိန်းကလေးကို ဓားစာခံအဖြစ်အသုံးချလာခြင်း သို့မဟုတ် မျှော်လင့်မထားသောလှည့်ကွက်အချို့ကိုသုံးလာခြင်းတို့ဖြင့် သူ၏ ဆရာဒေါ်လေးကိုအကျပ်ရိုက်သွားအောင် ပြုလုပ်လာဖို့များနေသည်၊၊
ကျင်းယွမ်က သူမ၏ဓားဖြင့် မန္တန်တစ်ခုကိုလျင်မြန်စွာ ရေးဆွဲလိုက်ရာ ရွှေရောင်မန္တန်တစ်ခုက လေထဲတွင်ပေါ်ပေါက်လာပြီး တာအိုအဖိုးအိုကို ဖိနှိပ်ပစ်လိုက်၏။
အဖိုးအိုက နှာခေါင်းရှုံ့ရင်း မှင်ရေကဲ့သို့ မည်းမှောင်သောမြူခိုးများကိုမှုတ်ထုတ်လိုက်ရာ ထိုရွှေရောင်မန္တန်မှာ ချက်ချင်းကြေမွပျက်စီးသွားလေသည်။ ထို့နောက် သူက ဘယ်လက်ကို သိန်းငှက်လက်သည်းပုံစံပြုလုပ်ကာ ပြင်းထန်သောလက်ဝါးရိပ်အမြောက်အမြားကို ပစ်လွှတ်လိုက်၏။ ကျင်းယွမ်က အလိုလျောက်ဘေးသို့ရှောင်တိမ်းလိုက်ရသဖြင့် သူမ၏ တိုက်စစ်ကို လက်လွှတ်လိုက်ရသည်။
တာအိုအဖိုးအို၏ မျက်လုံးများက ကောက်ကျစ်စဉ်းလဲသည့်အရိပ်ယောင်များဖြင့်တောက်ပသွားပြီး ခုတင်ပေါ်တွင်သတိမေ့နေသော မိန်းကလေးကို လှမ်းဆွဲရန် ပြင်လိုက်သည်။ သို့သော် သူ ရှေ့သို့ မခုန်ဝင်နိုင်ခင်မှာပင် ဘေးဘက်မှနေ၍ တိုးညင်းသောလေတိုးသံတစ်ခုထွက်ပေါ်လာ၏။
အဖိုးအိုသည် အသက်ကြီးနေပြီဖြစ်သော်လည်း တုံ့ပြန်မှုနှုန်းကတော့ ထက်မြက်ဆဲပင်။ သူ၏ ဝိညာဉ်အသိစိတ်မှတစ်ဆင့် ဝင်ရောက်လာသော အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် စက္ကန့်ဝက်မျှရပ်သွားသော်လည်း နောက်သို့ ချက်ချင်း ဂျွမ်းပစ်ကာရှောင်လိုက်သည်။
အသံအကျယ်ကြီးတစ်ခု မြည်ဟည်းသွားပြီး ခုတင်ပေါ်ရှိ ခေါင်းအုံးတွင် အပေါက်သုံးပေါက် ပွင့်ထွက်သွားခဲ့၏။
မီးခိုးဖြူရောင် ဆံပင်တစ်မျှင်က လေထဲတွင် လွင့်စင်ကျလာပြီး အဖိုးအို၏ ပါးပြင်ထက်မှ သွေးနက်အချို့ပန်းထွက်လာသည်။
(အခုကစပြီး ဓားစွမ်းအင်ကို ဓားချီလို့ ပြောင်းသွားပါမယ်)
သူ ဟန်ချက်ပင် မထိန်းနိုင်သေးခင်မှာပင် သူ၏ အကြည့်က ဓားချီထွက်ပေါ်လာရာအရပ်ဆီသို့ ချက်ချင်းရောက်ရှိသွားပြီး မျက်နှာတစ်ခုလုံးပျက်ယွင်းသွားတော့၏။ သူ၏ အသုံးမကျသောတပည့်ကို ပြင်းထန်စွာဒဏ်ရာရအောင်လုပ်ခဲ့သည့် ဓားကျင့်ကြံသူလူငယ်က ယခုအချိန်တွင့် သူ့ထံသို့ ဓားချီလှိုင်းများကို ဆက်တိုက်ပစ်လွှတ်နေပြီဖြစ်သည်။ ထိုဓားချီ၏ အစွမ်းထက်မှုက ကျင်းယွမ်ကိုပင် အံ့အားသင့်သွားစေသည်။
“မင်း… အတင့်ရဲလှချည်လား ကောင်လေး”
သူ၏ ဟိန်းဟောက်သံက ယုံကြည်မှုရှိခြင်းထက် ပိုပြီးအသံကျယ်အောင် အော်လိုက်ခြင်းသာဖြစ်သည်။ သူ့ စကားမဆုံးသေးခင်မှာပင် သူ့ထံသို့ ဓားချီဆယ်ခုထက်မနည်း ကျရောက်လာခဲ့ပြန်သည်။
အဖိုးအိုသည် အစစ်မှန်ချီအကာကွယ်တစ်ခုကို ဖန်တီးနိုင်ခဲ့သော်လည်း သူ၏ ကိုယ်ပေါ်တွင် ရှပ်ထိသွားသော ဒဏ်ရာ ခုနစ်ချက်၊ ရှစ်ချက်ခန့် ရရှိသွားဆဲပင်။ ထို့အပြင် ဓားချီရိုက်ခတ်မှုကြောင့် သူ နောက်သို့လွင့်ထွက်သွားပြီး နံရံကို ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။
“ဆရာဒေါ်လေ... သူ့ကို အားကုန်ထုတ်သုံးပြီး ဖိနှိပ်ထားလိုက်တော့… မညှာနဲ့”
ဝမ်ရှန်း၏ သတိပေးစကားကြောင့် ကျင်းယွမ်လည်း ကြောင်ကြည့်နေရာမှ ရုန်းထွက်နိုင်ခဲ့သည်။ သူမ၏ အာရုံများကို ပြန်စုစည်းလိုက်ပြီး သူမ၏ ကြီးမားလှသော စွမ်းအားများကို ဓားထဲသို့ ထည့်သွင်းကာ အဖိုးအိုထံသို့ လွှဲခုတ်ချလိုက်သည်။
ထိုတိုက်ကွက်က အစွမ်းထက်လှသော်လည်း မြန်ဆန်မှုနှင့် တိကျမှုတော့လိုအပ်နေသေးသည်။
အဖိုးအိုက နံရံမှ ချက်ချင်းခုန်ထွက်လိုက်နိုင်ကာ ဝမ်ရှန်းထံသို့ တိုက်ရိုက်ဦးတည်လိုက်သဖြင့် ကျင်းယွမ်၏ တိုက်ကွက်က နံရံကိုသာဖြတ်တောက်မိသွား၏။
သို့သော်လည်း ဝမ်ရှန်းက အဖိုးအို၏အစီအစဉ်ကို ချက်ချင်းဖောက်မြင်သွားသည်။ အဖိုးအိုက သူ့ကိုတိုက်ခိုက်ဟန်ပြပြီးမှ ထွက်ပြေးရန်အကွက်ဆင်နေခြင်းသာဖြစ်သည်။
ဝမ်ရှန်း တုံ့ဆိုင်းမနေဘဲ ခုနှစ်စင်ကြယ်ခြေလှမ်းကိုအသုံးပြုကာ ခံစစ်အနေအထားကို ယူလိုက်သည်။ အခန်းထောင့်နှင့် တံခါးဝအနီးရှိ ကျဉ်းမြောင်းသောနေရာလေးတွင် သူက ဓားရိပ်အမြောက်အမြားကိုထုတ်လွှတ်ပြီး အဖိုးအိုကို ပိတ်ဆို့လိုက်၏။
“မင်းက သေချင်နေတာပဲ”
အဖိုးအိုက အော်ဟစ်ရင်း လက်ဝါးရိပ်များစွာဖြင့် တုံ့ပြန်လာသည်။ သူ၏ လက်များက စိမ်းပြာရောင်တောက်ပနေပြီး ဝမ်ရှန်း၏ ဓားကွက်များကို လက်ဗလာဖြင့်ပင် ကြားဖြတ်ခုခံကာ အေးစက်သော ယင်အော်ရာများကို သူ့ထံသို့ အရှိန်ဖြင့် စီးဆင်းစေလိုက်သည်၊၊
ဝမ်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ တည်ငြိမ်သောအမူယာဖြင့် သူ နောက်သို့နှစ်လှမ်းဆုတ်လိုက်သည်။ သူ၏ ပြင်းထန်သော ဓားကွက်များက ရုတ်တရက် နှေးကွေးသွားပြီး ဓားဖျားက ယင်ယန်ပုံသဏ္ဌာန်ကို ရေးဆွဲလိုက်သည်။ သူ၏ ဘယ်လက်ကို တွန်းထုတ်လိုက်သောအခါ အေးစက်လှသော ယင်အော်ရာများမှာ နွေးထွေးသော လေပြေအဖြစ် ပြောင်းလဲသွားပြီး အဖိုးအိုထံသို့ပင် ပြန်လည်စီးဆင်းသွားတော့၏။
သူက ခုနှစ်စင်ကြယ်ဓားဆန္ဒမှ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒသို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ အသွင်ကူးပြောင်းမှုကို သေချာမကျွမ်းကျင်သေးသလို ဆက်သွယ်မှုကလည်း အနည်းငယ်ထောက်နေသေးသော်လည်း အဖိုးအို၏ ခြေလှမ်းများကို ရပ်တန့်ပစ်ရန်အတွက်တော့ လုံလောက်လေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အဖိုးအိုသည် ချောင်ပိတ်မိသွားတော့သည်။ ဘေးချင်းကပ် အိပ်ခန်း၏ ပွင့်ဟနေသော တံခါးဝတစ်ခုတည်းသာ သူ ထွက်ပြေးနိုင်မည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပေလိမ့်မည်။
ကျင်းယွမ်က နောက်မှနေ၍ ချဉ်းကပ်လာပြီး သူမ၏ ဓားက အသက်ကို နုတ်ယူတော့မည့် အေးစက်သော အလင်းတန်းများကို ဖြာထွက်လျက် ရှိသည်။
အဖိုးအိုက အံတင်းတင်းကြိတ်လိုက်မိပြီး သူ မပြေးနိုင်တော့မှန်း သဘောပေါက်သွားသည်။ ထိုကျင့်ကြံသူနှစ်ယောက်ထဲက တစ်ယောက်ချင်းစီကပင် သူ့ကို ဒုက္ခပေးနိုင်စွမ်းရှိသည်။ ယခုအခါ သူတို့ထဲက တစ်ယောက်က ခံစစ်၊ တစ်ယောက်က တိုက်စစ်ဖြင့် ပူးပေါင်းကာ သူ့အသက်ကို နုတ်ယူရန်ကြိုးစားနေကြသည်၊၊
ကမ္ဘာမြေ၏ ကမ္ဘာဦးချီများ ပြန်လည်နိုးထမလာခင်ကတည်းက သူက သူ၏ မိစ္ဆာတာအိုမျိုးဆက်မှ ဆင်းသက်လာသော ယုတ်ညံ့သည့် နည်းလမ်းများကို အသုံးပြုကာ ပြစ်မှုမြောက်မြားစွာကို ကျူးလွန်ခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း မရေတွက်နိုင်သော မိန်းကလေးများစွာမှာ သူ၏ ရာဂစိတ်ကြောင့် သားကောင်ဖြစ်ခဲ့ရပြီး ထိုအရာအားလုံးသည် သူ၏ ကျင့်စဉ်တိုးတက်ရန်အတွက်သာဖြစ်သည်။
ကမ္ဘာဦးချီများ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ ကျင့်စဉ်က အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားမှုများက အားကောင်းသောအခြေခံအုတ်မြစ်အဖြစ် လျင်မြန်စွာပြောင်းလဲသွားခဲ့၏။ ယခုအခါ သူ၏ အစစ်မှန်ချီက ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်နေပြီဖြစ်ပြီး သူ၏ ဝိညာဉ်အသိစိတ်မှာလည်း အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်များကို ကျော်လွန်နေပြီဖြစ်သည်။
သို့သော် သူ၏ ကျင့်ကြံခြင်းနည်းလမ်းတွင် သေစေနိုင်လောက်သောချို့ယွင်းချက်တစ်ခုရှိနေသည်၊၊ ၎င်းက ယင်စွမ်းအင်ကိုသာ စုပ်ယူနိုင်ပြီး ယန်စွမ်းအင်ကို လက်မခံနိုင်ခြင်းပင်၊၊ ပုံရိပ်ယောင်အမြုတေအဆင့်ကို ထိုးဖောက်နိုင်ရန်အတွက် သူက သန့်စင်သော ယင်စွမ်းအင်ကို စုပ်ယူရမည် ဖြစ်သည်။
သန့်စင်ယင်ခန္ဓာများက ရှားပါးလှသလို ထိုသို့သောသန့်စင်ယင်ခန္ဓာရှိသည့် အပျိုစင်တစ်ယောက်ကိုရှာဖွေတွေ့ရှိဖို့ကလည်း ကံတရားအပေါ်၌သာ လုံးဝမူတည်နေသည်။ ယခုအချိန်တွင် သူ၏ အကြီးမားဆုံးသောအားသာချက်က အကြီးမားဆုံးသောအားနည်းချက်ပင်၊၊
ငါက ပုံရိပ်ယောင်အမြုတေအဆင့်ကိုတောင် တတ်လှမ်းနေပြီပဲ။ ဒီလောက်ငယ်ရွယ်တဲ့ ဓားကျင့်ကြံသူဆီမှာ ဒီလိုမျိုး ဆိုးဆိုးရွားရွားအခြေအနေနဲ့ အရှက်ကွဲမှုမျိုးကို ဘယ်လိုလုပ်ရင်ဆိုင်ရမှာလဲ…။
အဖိုးအို စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး နောက်ထပ် နည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ရာ သူ၏ နဖူးထက်တွင် တောက်ပသော အပြာရောင်မီးတောက်တစ်ခုပေါ်ထွက်လာပြီး အမှတ်အသားတစ်ခုအဖြစ် ရုပ်လုံးပေါ်လာသည်။ ထို့နောက် ကြီးမားလှသော ဝိညာဉ်အသိစိတ်လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာတော့၏။ ယင်းတို့က ရှည်လျားသော လှံရှည်ပုံရိပ်ယောင်များအဖြစ်ပြောင်းလဲသွားပြီး ဝမ်ရှန်းနှင့် ကျင်းယွမ်တို့ထံသို့ ပြေးဝင်သွားသည်။
အဖိုးအို၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုထဲတွင် အဆိပ်အတောက်ဖြစ်စေသော ရန်ငြိုးအမုန်းများပါဝင်နေသဖြင့် ဝမ်ရှန်းလည်း မသိစိတ်ဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ခြောက်ခြားဖွယ်အေးစက်သော ကြောက်ရွံ့မှုလှိုင်းကလည်း သူ့ထံသို့ စီးဆင်းလာသဖြင့် နှလုံးသားတစ်ခုလုံး တင်းကျပ်သွားပြီး ကြက်သီးမွေးညင်းများပင် ထောင်ထသွားရသည်။
ခဏမျှ အချိန်အတွင်းမှာပင် သူ၏ နားထဲ၌ ရက်စက်ကြမ်းကြုတ်သော အသံတစ်သံက ကပ်၍တီးတိုးပြောလာသည်ကို ကြားလိုက်ရ၏။
“မင်းတို့ ဂိုဏ်းတစ်ခုလုံးကို ငါ အကုန်သတ်ပစ်မယ်၊၊ မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်၊၊ ပြီးတော့ မင်းနဲ့ ပတ်သက်သမျှ မိန်းမမှန်သမျှကို သေတဲ့အထိ မုဒိန်းကျင့်ပစ်မယ်”
အဖိုးအို၏ စိတ်ဝိညာဥ်တိုက်ခိုက်မှာက ပြိုင်ဘက်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုမျိုးစေ့ကို စိုက်ပျိုးရန်… သူတို့၏ တာအိုနှလုံးသားကို တုန်လှုပ်စေရန်နှင့် သူ ထွက်ပြေးရန် လမ်းစကိုဖန်တီးရန်ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော်လည်း ဝမ်ရှန်း၏ တာအိုနှလုံးသားမှာ ပြင်းထန်စွာတုန်လှုပ်သွားခဲ့သော်လည်း သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများပေါ်မလာခဲ့သလို သူ၏ မသိစိတ်ကလည်း ရှောင်တိမ်းရန် မပြောခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ စိတ်ထဲတွင် သူ၏ မိခင်နှင့် စီနီယာအစ်မတို့၏ ပုံရိပ်များက ပြည့်နှက်သွားသည်။ မိစ္ဆာတာအိုသမား၏ ဝိညာဉ်အသိစိတ်ထဲမှ ကောက်ကျစ်ဆိုးယုတ်သော အတွေးများက သူ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသဖြင့် သူ၏ မျက်လုံးများပြူးကျယ်သွားကာ သွေးကြောမျှင်များ ချက်ချင်းထင်ဟပ်လာတော့၏။
သူ၏ တာအိုနှလုံးသားက ဘယ်လိုလုပ်ပြီး ကြည်လင်နေနိုင်တော့မှာလဲ။ အကယ်၍ သူက တာအိုနဲ့ သူ၏ ဓားကိုသုံးပြီး သူတို့ကိုမကာကွယ်နိုင်ဘူးဆိုရင် သူ၏ ဒုတိယအကြိမ်မြောက်ဘဝက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
ဝမ်ရှန်း နောက်ဆုတ်မသွားပေ။ အနက်ရှိုင်းဆုံးနားစွင့်သူဓားက ပြင်းထန်စွာ တုန်ခါလာပြီး သူ၏ ကိုယ်ထဲမှ ဓားဆန္ဒနှစ်ခုက ပေါက်ကွဲထွက်လာတော့သည်။
နောက်ဆက်တွဲဖြစ်ပျက်သမျှအရာအားလုံးက မျက်တောင်တခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်နေဆဲဖြစ်သော အဖိုးအိုသည် ဓားလေတိုးသံနှစ်ချက်ကို တိုးတိုးလေးကြားလိုက်ရ၏။ ထို့နောက် သူ့ရှေ့က လူငယ်က လူတစ်ယောက်အဖြစ်မှ ကောင်းကင်သို့ ထိုးတက်နေသော ဓားရှည်ကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားလိုက်ရသည်။
ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒနှင့် ခုနှစ်စင်ကြယ်ဓားစိတ်ဆန္ဒ။
သဏ္ဌာန်မဲ့ဓားတစ်လက်က လေထုကို ဖြတ်သန်းသွားပြီး လှံရှည်ပုံရိပ်ယောင်အားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဝမ်ရှန်း၏ နဖူးပြင်ထက်မှ ဓားအလင်းတန်းတစ်ခု ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး အဖိုးအို၏ ဦးခေါင်းဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့၏။
သူတို့၏ ဝိညာဉ်အသိစိတ်ချင်း ထိပ်တိုက်တွေ့ဆုံခြင်းပင်။
အကျပ်အတည်းအခြေအနေသို့ ရောက်ရှိသွားသဖြင့် ဝမ်ရှန်းက ဝိညာဉ်အသိစိတ်ကို လက်နက်အဖြစ်အသုံးပြုသည့် တာအိုပညာကို အလိုလျောက်ထုတ်ဖော်မိလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သူက ဓားအရှိန်အဝါနယ်ပယ်ဆီသို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
အဖိုးအိုက ဘေးသို့ ခုန်ရှောင်လိုက်သဖြင့် ဝမ်ရှန်း၏ တန်ပြန်တိုက်ခိုက်မှုကို လက်မတင်လေးရှောင်တိမ်းနိုင်ခဲ့သည်။ သူက သတိမေ့နေသော သူ၏ တပည့်ရှိရာ ဘေးချင်းကပ် အိပ်ခန်းထဲသို့ လွင့်စင်ကျသွား၏။
သူက တုံ့ဆိုင်းမနေဘဲ ကြမ်းပြင်ပေါ်မှ သူ၏ အချစ်ဆုံးတပည့်ကို ဆွဲယူကာ အိတ်တစ်လုံးကဲ့သို့ ဝမ်ရှန်းထံသို့ ဝုန်းခနဲပစ်ထုတ်လိုက်သည်။ ထို့နောက် သူက ဝမ်ရှန်းကို ကြောက်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိ၏။
သူက အမြုတေဖွဲ့စည်းခြင်းအဆင့်လေးပဲရှိသေးတာကို ဘယ်လိုလုပ်ဒီလောက်အထိအစွမ်းထက်နေရတာလဲ…။
အဖိုးအိုသည် ဝန်မခံချင်သော်လည်း ဝမ်ရှန်းကို စတင်ကြောက်ရွံ့လာမိပြီ ဖြစ်သည်။
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း ဝမ်ရှန်းက သတိမေ့နေသော မိစ္ဆာကျင့်ကြံသူလူငယ်ကို သေအောင်မရိုက်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ထိုလူကို လက်ဝါးရိုက်ချက်တစ်ခုဖြင့်သာ လွင့်ထွက်သွားအောင် ပြုလုပ်ခဲ့ပြီး သူ၏ မျက်လုံးများက အဖိုးအိုထံ၌သာ စူးစိုက်လျက် ရှိသည်။
ကျင်းယွမ်က ဘေးမှနေ၍ ပြေးဝင်လာသော်လည်း ဝမ်ရှန်းထက်တော့ နှေးကွေးနေဆဲပင်။ အစစ်မှန်ချီများ ပြင်းထန်စွာထွက်ပေါ်နေသော ဝမ်ရှန်းသည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ရှေ့သို့ ပြေးဝင်သွားလေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် သေမင်း၏ဓားတစ်လက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။