← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

Chapter 115

သတ်ဖြတ်ခြင်း

အဖိုးအိုလည်း ပြင်းထန်သော ဓားဆန္ဒများနှင့်အတူ သူ့ထံသို့ ချဉ်းကပ်လာသော ဝမ်ရှန်းကို စောင့်ကြည့်နေသည်။ သူ ကြောက်လန့်တုန်လှုပ်နေပြီး စိတ်ဝိညာဉ်ပါ တုန်ခါနေသော်လည်း ရက်စက်ကြမ်းကြုတ်သောအော်ရာကတော့ရှိနေဆဲပင်။

အဖိုးအိုက ထိပ်တိုက်မရင်ဆိုင်ရဲသဖြင့် ပြတင်းပေါက်ဆီသို့ လျင်မြန်စွာ နောက်ဆုတ်သွားသည်။ ထို့နောက် ထူထဲသောပြတင်းပေါက်မှန်ချပ်က လက်ဝါးရိုက်ချက်တစ်ခုဖြင့် ချက်ချင်းကြေမွပျက်စီးသွားကာ အပြင်ဘက်မှ လေပြင်းများက အခန်းထဲသို့ တဝူးဝူး တိုက်ခတ်ဝင်ရောက်လာသည်။

သူက ဝမ်ရှန်းကို သတ်ဖြတ်ချင်စိတ်အပြည့်နှင့်ကြည့်လိုက်ပြီး လက်သည်းရိပ်များစွာ ထုတ်လွှတ်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ဒိုင်ဗင်ထိုးဆင်းသွားလိုက်သည်၊၊

သို့သော်လည်း အရိပ်တစ်ခုက နောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားသည်။

ဝမ်ရှန်းက တုံ့ဆိုင်းမနေဘဲ ဘယ်လက်ဖြင့် လိုက်ကာစကို ဆွဲကိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ခုန်ချလိုက်ပြီး အောက်သို့ တိုက်ရိုက်ထိုးဆင်းသွားသည်။

ကြည့်ရသည်မှာ ၁၈ထပ်၊ မီတာခြောက်ဆယ်ကျော်အမြင့်မှ မြေပေါ်သို့ ပြုတ်ကျမည့်အရေးက ဘာမှမဟုတ်သလိုမျိုးပင်။

အဖိုးအို အသက်ရှင်နေသရွေ့ သူ စိတ်အေးရမည်မဟုတ်ပေ။ မိစ္ဆာကောင် ဒီညသေရမယ်…။

“ဖေးယွီ”

ကျင်းယွမ်က အော်ဟစ်ရင်းရှေ့သို့ ပြေးဝင်လာသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့၏။ ဝမ်ရှန်းက လိုက်ကာစကို ဆွဲဖြတ်ကာ ခုန်ချသွားပြီဖြစ်ရာ သူမအနေဖြင့် ပြတင်းပေါက်မှနေ အောက်သို့ လှမ်းကြည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

မြေပြင်နှင့် မျဉ်းပြိုင်အနေအထားဖြင့် ဝမ်ရှန်းက ဟိုတယ်နံရံများနှင့် ပြတင်းပေါက်များအတိုင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အောက်သို့ ပြေးဆင်းသွားသည်။ တစ်ဖက်တွင်မူ လွတ်လပ်စွာပြုတ်ကျနေသော အဖိုးအိုက သူ၏ ပြုတ်ကျနေသောအရှိန်ကို နှေးကွေးသွားစေရန် အစစ်မှန်ချီများကို အသုံးပြု၍ ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူ့တွင် ယခုအခြေနေသည် လွတ်မြောက်နိုင်မည့်နည်းလမ်းရှိသော်လည်း ဒဏ်ရာအချို့တော့ ရရှိသွားနိုင်လေသည်။

တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်ခန့်အတွင်းမှာပင် သူ၏ နောက်ကျောဘက်မှ စူးရှသောလေတိုးသံတစ်ခု ပဲ့တင်ထပ်သွားသဖြင့် သူ၏ မျက်နှာက ထိတ်လန့်မှုကြောင့် ရှုံ့မဲ့သွားသည်။ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် လုံးဝပြူးကျယ်သွားခဲ့၏။

သူ့နောက်ကျောဘက်တွင် ဓားတစ်လက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသလို ပြေးဝင်လာနေသည်။

ဝမ်ရှန်း၏ လက်ထဲတွင် အနက်ရှိုင်းဆုံးနားစွင့်သူဓားက ပြင်းထန်စွာ လည်ပတ်နေသည်။ ဓားထဲတွင် သူ၏ သတ်ဖြတ်လိုစိတ်၊ သူ၏ အစစ်မှန်ချီအားလုံး၊ ခုနှစ်စင်ကြယ်ဓားဆန္ဒနှင့် ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒတို့ ပါဝင်နေလေ၏။

စူးရှတောက်ပပြီး တားဆီး၍မရသောအလင်းတန်းတစ်ခုက လေထဲမှ မှန်ကွဲနှစ်ချပ်ကို ဖြတ်သန်းသွားပြီးနောက် အဖိုးအို၏ နောက်ကျောဆီသို့ တိုက်ရိုက်ထိုးစိုက်သွားတော့သည်။

“မင်း...”

လေပြင်းများနှင့် ပန်းထွက်လာသောသွေးများက သူ၏ စကားလုံးများကို နှုတ်ခမ်းပြင်ပသို့ မရောက်ရှိနိုင်ခင်မှာပင် ဝါးမြိုပစ်လိုက်ကြသည်။

ဝမ်ရှန်းက သူ၏ လက်ဝါးကို မြေပြင်ဆီသို့ ဦးတည်လိုက်ပြီး သူ၏ အစစ်မှန်ချီများကို အားကုန်ထုတ်လွှတ်လိုက်ရာ သူ၏ ပြုတ်ကျနေသည့်အရှိန်က နှေးကွေးသွားလေသည်။ ထို့နောက် သူ၏ အရှိန်ကို ပို၍လျှော့ချရန်အတွက် သူ၏ ခြေထောက်များကို နံရံနှင့် ကပ်၍ ပွတ်တိုက်လိုက်၏။ သို့သော်လည်း ကြည့်ရသည်မှာ သူ နောက်ကျသွားပုံရသည်။

အင်အားတစ်ခုက သူ၏ ပခုံးကို ဆွဲကိုင်လိုက်သော်လည်း ယင်းက သူ၏ အရှိန်အဟုန်ကို အနည်းငယ်သာလျှော့ချပေးနိုင်ခဲ့သည်။ သို့သော်လည်း ဝမ်ရှန်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင် တစွန်းတစ်စမျှပင်မရှိခဲ့ပေ။

သူ၏ ကျန်ရှိနေသော အင်အားအားလုံးကို ခြေထောက်ထဲသို့ စုစည်းလိုက်ပြီး နံရံကို နောက်ဆုံးအကြိမ်အဖြစ် အားကုန်ကန်ထုတ်လိုက်သည်။ နောက်ဆုံးစက္ကန့်တွင်၊ မြေပြင်ပေါ်သို့ မကျရောက်ခင်လေးတင် သူက သူ့ကိုယ်သူ အပေါ်ဘက်စောင်းစောင်းဆီသို့ ပစ်လွှတ်လိုက်၏။

ဝမ်ရှန်း အရိုးကျိုးသံကို ကြားလိုက်ရပြီးနောက် သူ၏ ခြေကျင်းဝတ်နှစ်ဖက်လုံးမှ ပြင်းထန်သော နာကျင်မှုက စူးခနဲ ထိုးတက်လာခဲ့သည်။ သို့သော်လည်း သူ ညည်းညူသံလေးပင် မထွက်ခဲ့ချေ။ အစစ်မှန်ချီများက သူ၏ ကိုယ်ထဲတွင် စီးဆင်းသွားပြီး သူ၏ ပြုတ်ကျခြင်းကို ပိုမိုနှေးကွေးသွားစေကာ နောက်ဆုံးတွင် ၁၀မီတာကျော်အမြင့်မှ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်သွားတော့သည်။

သူ၏ ခြေထောက်ဖြင့် မရပ်တည်နိုင်တော့သဖြင့် ကားပါကင်ကတ္တရာလမ်းပေါ်တွင် ဒူးထောက်လျက် လဲကျသွားခဲ့၏။

သူ့ရှေ့တွင် ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးနေသော အဖိုးအိုရှိနေသည်။ သူ့ဘေးတွင်တော့ နှစ်ပိုင်းပြတ်တောက်သွားပြီဖြစ်သော အနက်ရှိုင်းဆုံးနားစွင့်သူဓားက ရှိနေ၏။

ဝမ်ရှန်းနှင့်အတူ အချိန်တိုအတွင်းသာရှိခဲ့သော တစ္ဆေသရဲများကို တိုက်ခိုက်ခဲ့ပြီး မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းခဲ့သည့် ရတနာဓားလေးမှာ ယခုအခါ ပျက်စီးသွားခဲ့ရပြီ။

“တောင်းပန်ပါတယ်”

ဝမ်ရှန်း၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်ခါသွားပြီး အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ဆွဲယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

စူးရှပြင်းထန်သော နာကျင်မှုတစ်ခုက သူ၏ နဖူးပြင်ထက်တွင် ပျံ့နှံ့သွားပြီး ပင်ပန်းနွမ်းနယ်မှုလှိုင်းက သူ့ထံသို့ စီးဆင်းလာသည်။ သူ၏ ဝိညာဉ်အသိစိတ်က ဆိုးဆိုးရွားရွားကုန်ခမ်းသွားခဲ့ပြီမှန်း သူသိလိုက်ရ၏။ မိစ္ဆာကျင့်ကြံသူနှင့်ထိပ်တိုက်တွေ့ဆုံမှုက အင်အားများစွာကုန်ဆုံးစေခဲ့ပြီး သူ ပြင်းထန်သောရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူ ခဏမျှ ယိုင်ထိုးသွားပြီးနောက် အနက်ရှိုင်းဆုံးနားစွင့်သူဓား၏ ဓားရိုးကို ဆုပ်ကိုင်ထားလျက်ပင် နောက်သို့ လဲကျသွားသည်။

မိန်းကလေးတစ်ယောက်က အပေါ်မှနေ၍ ဆင်းသက်လာပြီး သူ့ကို အချိန်မီဖမ်းထိန်းပေးလိုက်၏။

“ဖေးယွီ... မင်းအဆင်ပြေရဲ့လား”

သူ သတိလစ်မသွားခင်မှာပင် နောက်ဆုံးအတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ဖြတ်သန်းသွားသည်။

ဆရာဒေါ်လေး ကျင်းယွမ်က တိုက်ပွဲအတွေ့အကြုံပဲ နည်းတာမဟုတ်ဘူး။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကလည်း ကောင်းကောင်းအလုပ်လုပ်ဖို့ နည်းနည်းလိုအပ်နေသေးတာပဲ။ သူမက ဘာဖြစ်လို့ ငါ့ဆီကို အစစ်မှန်ချီတွေ လွှဲပြောင်းပေးဖို့ ဒီလောက်တောင် အလောတကြီးဖြစ်နေရတာလဲ။ ငါတို့က ကျင့်စဉ်ချင်းမတူဘူးလေ...၊၊

“ဝမ်ရှန်း”

“တာအိုဆရာဝမ်”

အနီးတွင်ရှိနေသော ဘူလ်ဒိုဇာလည်း လက်နက်ကိုင်ရဲများနှင့်အတူ ပြေးဝင်လာသည်။ သူတို့ကြားတွင်ရပ်နေသော ရှန်းချန်လင်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာတစ်ခုလုံးဖြူဖျော့နေလေ၏။

အစစ်မှန်ချီများကုန်ခမ်းသွားခြင်းကြောင့်ဖြစ်ပေါ်လာသော ဗလာနတ္ထိဖြစ်မှုနှင့် ဝိညာဉ်အသိစိတ်ထိခိုက်ဒဏ်ရာရခြင်းတို့မှာ လုံးဝဥဿုံကွဲပြားခြားနားသောခံစားမှုမျိုးဖြစ်ကြသည်။

အစစ်မှန်ချီကုန်ခမ်းခြင်းက ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုနှင့် ပို၍တူသည်။ လက်ချောင်းတစ်ချောင်းမြှောက်ရန်ပင် အင်အားမရှိတော့ဟုခံစားရစေသော်လည်း ကြွက်သားခွန်အားကို အသုံးပြု၍ အနည်းငယ်လှုပ်ရှားနိုင်သေး၏။

ဝိညာဉ်အသိစိတ် ထိခိုက်ပျက်စီးခြင်းကမူ ပို၍ များစွာနာကျင်ခံရခက်လှ၏။ မိမိ၏ စိတ်ဝိညာဉ်ကို ဓားဖြင့် အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရသလိုပင်။ ဝိညာဉ်အသိစိတ် ထိခိုက်ထားသူများသည် ရုပ်ပိုင်းဆိုင်ရာအားနည်းမှုကို ခံစားရမည့်အပြင် ဦးခေါင်းအတွင်းမှလည်း သည်းခံနိုင်စွမ်းမရှိလောက်အောင် ကိုက်ခဲနာကျင်နေလိမ့်မည်။ စိတ်ကြည်လင်မန္တန်ကို စိတ်ထဲမှနေ၍ တိုးတိုးလေးရွတ်ဆိုနေမှသာ အနည်းငယ်သက်သာရာရနိုင်ပေသည်။

ဝမ်ရှန်းလည်း သန်မာသော လက်လေးဖက်က သူ့ကို လူနာတင်ထမ်းစင်ပေါ်သို့ မတင်လိုက်သည်ကို ဝိုးတဝါးအာရုံခံမိလိုက်၏။ ထို့နောက် လူနာတင်ကား၏ ဥဩဆွဲသံကို ကြားလိုက်ရပြီး သူ၏ ကိုယ်ထဲသို့ နူးညံ့သော်လည်း အားကောင်သော အစစ်မှန်ချီများ အဆက်မပြတ် စီးဆင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ဤခံစားချက်များအပေါ် မူတည်၍ပင် သူက ပြင်ပကအခြေအနေကို အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဦးခေါင်းကိုက်ခဲမှုက တဖြည်းဖြည်းလျော့ပါးသွားပြီး သူ၏ ဝိညာဉ်အသိစိတ်က တောင်တန်းများထဲမှ ထွက်ပေါ်လာသော စိမ့်စမ်းရေကြည်တစ်ခုကဲ့သို့ ပြန်လည်နိုးထလာသောအခါ ဝမ်ရှန်းနောက်ဆုံးတွင်စိတ်သက်သာရာရသွားတော့သည်။ သူ မည်သည့်အချိန်တွင်အိပ်ပျော်သွားခဲ့သည်ကိုမသိသော်လည်း ၎င်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းပင် ဖြစ်သည်။

ကမ္ဘာဦးချီများပြန်လည်နိုးထလာကတည်းက ဝမ်ရှန်းက သူ၏ ကျင့်ကြံခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်မရပ်မနားတွန်းအားပေးခဲ့၏။ သူ၏ ဆရာနှင့် စီနီယာအစ်မတို့၏ ဆက်တိုက်ထိုးဖောက်အောင်မြင်မှုများက သူ့အပေါ်တွင် ဖိအားအချို့ ဖြစ်စေခဲ့လေသည်၊၊

သူသည် ထိပ်တန်းကျင့်ကြံသူနှစ်ယောက်၏အရိပ်ကို ခိုလှုံခွင့်ရထားသည်ဟု ကိုယ့်ကိုယ်ကိုယ် မကြာခဏနှစ်သိမ့်တတ်သော်လည်း စိတ်ထဲတွင်မူ သူတို့နှင့် ရင်ဘောင်တန်းနိုင်ရန် မျှော်လင့်နေဆဲပင်။ သူက နောက်ကနေပဲလိုက်နေပြီး မိမိဂိုဏ်းကို အမြဲတမ်းဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပေ။

သူက ဓားသိုင်းကို မနားမနေလေ့ကျင့်ခဲ့သည်… အခွင့်အရေးရတိုင်း တရားထိုင်ခဲ့သည်၊၊ ထို့နောက် သူ၏ တာအိုနယ်ပယ်ကို နားလည်သဘောပေါက်ရန် ကြိုးစားခဲ့သည်။ မိမိကိုယ်ကို အစွမ်းကုန်တွန်းအားပေးခဲ့ခြင်းကြောင့်သာ နှစ်အနည်းငယ်အတွင်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူနှင့် တိုက်ခိုက်ခဲ့သော မိစ္ဆာကျင့်ကြံသူလူငယ်ကလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်ပင် ရှိနေသေးသည်။ ထိုလူက သတိမေ့နေသော်လည်း ၎င်းက ဝမ်ရှန်းကို အနည်းငယ်ခါးသီးမှုကို ခံစားရစေသည်။

ဝမ်ရှန်း နောက်တစ်နေ့ ညနေခင်းတွင် နိုးလာခဲ့၏။

မှေးမှိန်နေသော နေဝင်ဆည်းဆာအလင်းတန်းက သူ၏ ကုတင်ဘေးရှိ လိုက်ကာဖြူများပေါ်သို့ နွေးထွေးသော အလင်းကို ဖြာကျနေစေပြီး ပြတင်းပေါက်ဘေးတွင် ရပ်နေသော အမျိုးသမီးတစ်ယောက်၏လှပသော ကျောပြင်ရိပ်ကို ပုံဖော်ပေးထားလျက် ရှိသည်။

ဝမ်ရှန်းက သူ၏ အကြည့်ကို အနည်းငယ် ရွှေ့လိုက်ရာ မုရွှယ်က သူ၏ ကုတင်ခြေရင်းတွင် ခေါင်းမှီလျက်အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် သူ၏ ခြေထောက်နှစ်ဖက်လုံးကို ထူထဲသော ပလာစတာပတ်တီးများဖြင့် စည်းနှောင်ထားပြီး ကုတင်ခြေရင်းတွင် ချိတ်ဆွဲထားသည်ကိုလည်း သတိပြုမိလိုက်၏။

“ဖေးယွီ...”

လိုက်ကာများကို ဘေးသို့ ဆွဲဖယ်လိုက်ပြီး ကျင်းယွမ်က စိုးရိမ်တကြီးမျက်နှာဖြင့် သူ၏ ဘေးသို့ ပြေးဝင်လာသည်။

“မင်းကိုယ်ထဲမှာ တစ်နေရာရာက အဆင်မပြေတာရှိလား”

ဝမ်ရှန်းက ပြုံးရင်း ခေါင်းခါပြလိုက်ပြီး အသံတိုးတိုးဖြင့် “ဆရာဒေါ်လေး... ကျွန်တော့်ကို ရေနည်းနည်းလောက် တိုက်ပါဦး”

“ရေလား”

မုရွှယ် ချက်ချင်းလန့်နိုးလာပြီး ဝမ်ရှန်းကို လှမ်းကြည့်ကာ တံခါးဝဆီသို့ ချက်ချင်း လှည့်အော်သည်။

“ဘူလ်ဒိုဇာ... ရေသွားယူစမ်း။ တာအိုဆရာဝမ် နိုးပြီ”

ရှန်းချန်လင်ကလည်း အခြားတစ်ဖက်ရှိ ပြတင်းပေါက်မှနေ၍ လျင်မြန်စွာ ပြေးလာသည်။ သူမသည် အလွန်ပင်ပန်းနွမ်းနယ်နေပုံရ၏။

အခန်းထဲတွင် လှုပ်ရှားမှုများဖြင့် ရှုပ်ယှက်ခတ်သွားပြီး အားလုံးက ဝမ်ရှန်းကို သူ ဘယ်လိုခံစားရလဲ၊ ဘာလိုအပ်လဲစသည်ဖြင့် ဆက်တိုက်မေးမြန်းကြတော့သည်။ သူက သူတို့ကို ပြန်ဖြေရင်း သူ၏ ဒဏ်ရာရထားသော ခြေကျင်းဝတ်များကို စစ်ဆေးရန် အချိန်ခဏယူလိုက်၏။

ကျင့်ကြံသူတစ်ဦးအတွက် အရိုးကျိုးခြင်းက ပျောက်ကင်းရန် အချိန်အကြာကြီးမလိုပေ။ သူ၏ အစစ်မှန်ချီများက ထိုကျိုးသွားသော အရိုးများကို အားဖြည့်ကာ ပြန်လည်ပြုပြင်ပေးနေပြီ ဖြစ်သည်။

သူ၏ အတိတ်ဘဝက အွန်လိုင်းတွင် ကျင့်စဉ်များအကြောင်းလေ့လာရင်းသိရှိခဲ့သော ထူးခြားသည့်နည်းစနစ်အချို့ကိုပင် သူ ပြန်လည်သတိရမိသွားသည်။ ယင်းက သူ၏ ခြေကျင်းဝတ်များကို အစစ်မှန်ချီဖြင့် သွေးကြောပိတ်ဆို့မှုများကို ရှင်းထုတ်ရန် အကောင်းဆုံးအခွင့်အရေးပင်၊၊ ဤသို့ ပြုလုပ်ခြင်းက ရေရှည်တွင် သူ၏ ခြေလှမ်းများနှင့် လျင်မြန်ဖြတ်လတ်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေပေလိမ့်မည်၊၊

သူ နိုးလာပြီး နာရီဝက်ခန့်အကြာတွင် ချီလင်းက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်အချို့နှင့်အတူ သူ၏အခြေအနေကို လာရောက်ကြည့်ရှုခဲ့သည်။

ဝမ်ရှန်းက ချီလင်းနှင့် ကျင်းယွမ်တို့ ထိပ်တိုက်တွေ့ပြီး ပြဿနာတက်မည်ကို စိုးရိမ်နေခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ သူတို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်မျှသာလှမ်းကြည့်လိုက်ကြပြီး အကြည့်လွှဲသွားကြကာ တစ်ယောက်ကိုတစ်ယောက် မသိသလိုမျိုး ပြုမူနေကြခြင်းပင်။

ဝမ်ရှန်း သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။ ထိုနှစ်ယောက်တိုက်ပွဲမစသရွေ့နှင့် သူ့ဆရာ၏ အိမ်သားများငြိမ်းချမ်းနေသရွေ့ သူက ဘာပြဿနာနှင့်မှ အပြစ်တင်ခံရမည်မဟုတ်ပေ။

“ပြန်ကောင်းလာတဲ့အထိ အနားယူနေဦး”

ချီလင်းက မျက်မှောင်ကြုရင်း ပြောလိုက်၏။ ထို့နောက် သူမက ဆက်၍ ဆူပူလိုက်သည်။

“မင်းက အရမ်းပေါ့ဆလွန်းတယ်။ မင်းမှာ အဲ့ဒီမိစ္ဆာကျင့်ကြံသူရဲ့ သဲလွန်စရှိနေပြီးသားပဲ၊၊ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းပေါင်းဒါဇင်ချီရှိတာကို မင်းက ဓားတစ်ချက်ထိုးဖို့အတွက်နဲ့ ၁၈ထပ် အမြင့်ကနေ တိုက်ရိုက်ခုန်ချလိုက်တာလား”

Chapter 116

မီးလျှံကို ခိုးယူသူ

“ဖေးယွီက နင့်ကို ကူညီဖို့ တောင်ပေါ်က ဆင်းမလာခဲ့ရင် ဒီလိုဒဏ်ရာရမှာ မဟုတ်ဘူး” ကျင်းယွမ်က ဘေးမှနေ၍ အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်၏။

ချီလင်းက ပြန်လည်ငြင်းခုံခြင်းမပြုပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ပစ္စည်းအချို့ကို စားပွဲပေါ်တွင် တင်လိုက်ရင်း “ဒဏ်ရာပျောက်ကင်းဖို့ပဲ အာရုံစိုက်ပါ။ အခြားအရာတွေကို စိတ်မပူနဲ့။ မင်းက အဲဒီမိစ္ဆာကျင့်ကြံသူကို နှိမ်နင်းပေးခဲ့လို့ ထိုက်တန်တဲ့ဂုဏ်ပြုဆုကို ငါ မင်းအတွက်လျှောက်ထားပေးပြီးပြီ”

ဝမ်ရှန်းလည်း ချီလင်း အခန်းထဲကထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းကိုသာချလိုက်မိသည်၊၊

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များက ရှေ့သို့ တိုးလာပြီး သူ၏ လက်ကို စိတ်အားထက်သန်စွာဖြင့် လာရောက်နှုတ်ဆက်ကြသည်။ သူတို့က သူ့ကို တရားမျှတမှုကို အကာအကွယ်ပေးသူ၊ ခေတ်သစ်၏ စံပြကျင့်ကြံသူ… စသည်ဖြင့် ချီးကျူးစကားများစွာ ဆိုကြ၏။ ထိုအမည်ဂုဏ်ပုဒ်များက ဝမ်ရှန်းကို ပို၍ပင် ရှက်ရွံ့စေလေသည်။

သူတို့ ထွက်သွားသောအခါ မုရွှယ်က အခြေအနေကိုအသေးစိတ်ရှင်းပြခဲ့သည်။ ဝမ်ရှန်း ကူကယ်ရာမဲ့စွာသက်ပြင်းချမိသည်၊၊ အခုတလော မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းများက တကယ်ကိုသနားစရာကောင်းလှ၏။

ဝမ်ရှန်း သတ်ပစ်ခဲ့သော အဖိုးအိုတွင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားသက်သေခံချက် သုံးခုရှိနေသည်။

ပထမဦးစွာ သူက ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ပြစ်မှုမြောက်မြားစွာကိုကျူးလွန်ခဲ့သော အလိုရှိသူရာဇဝတ်ကောင်တစ်ဦးအဖြစ် စိစစ်တွေ့ရှိရသည်။ ထိုသူသည် မုဒိမ်းမှုနှင့် လူသတ်မှုပေါင်း တစ်ဒါဇင်ကျော်အတွက် တာဝန်ရှိပြီး ယင်းတို့က သူနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု အသေအချာသက်သေပြနိုင်ခဲ့သော အမှုများသာဖြစ်သည်။

ကမ္ဘာဦးချီများ ပြန်လည်နိုးထမလာခင်ကတည်းက ထိုအဖိုးအိုက ယင်စွမ်းအင်ကိုစုပ်ယူသည့် မိစ္ဆာနည်းလမ်းများကိုသုံးပြီး ကျွမ်းကျင်သူတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ်ကျင့်ကြံခဲ့ခြင်းဖြစ်၏။ ထို့အပြင် သူက အရှောင်အတိမ်းအလွန်ကျွမ်းကျင်ပြီး အာဏာပိုင်များသိရှိသွားသည့်အခါတိုင်း တောနက်များနှင့် တောင်တန်းများထဲသို့ ပျောက်ကွယ်သွားတတ်သည်။ သူက မကြာသေးမီနှစ်များအတွင်း သူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်တည်ဆောက်ပုံကို ပြောင်းလဲထားခဲ့သဖြင့် အာဏာပိုင်များအနေဖြင့် သူ့ကို ခြေရာခံရန် မဖြစ်နိုင်သလောက်ပင်။

နောက်တစ်ခုကတော့ သူက တာအိုဘုရားကျောင်းအသေးလေးတစ်ခု၏ ကျောင်းထိုင်ဆရာတော်အဖြစ် စိစစ်တွေ့ရှိရခြင်း ဖြစ်သည်၊ ယင်းက တရားဝင်မှတ်ပုံတင်ထားပြီး အစိုးရ၏ ကြီးကြပ်မှုအောက်တွင်ရှိနေသည်ဟုယူဆရသောနေရာတစ်ခုဖြစ်သည်။ အာဏာပိုင်များအတွက်မူ ထိုအထောက်အထားက မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပင်။

ပို၍ အံ့ဩစရာကောင်းသည်မှာ နောက်ဆုံးတွင် သူက နတ်ဘုရားငါးပါးဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သော သစ်သားယင်နတ်ဘုရားချန်ဟွာဖြစ်နေခြင်းပင်။

လွန်ခဲ့သော နှစ်ရက်ခန့်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် နတ်ဘုရားငါးပါးဂိုဏ်း၏ အခြားအကြီးအကဲနှစ်ဦးဖြစ်သော သံမဏိနတ်ဘုရားနှင့် ရေနတ်ဘုရားတို့၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤဒေသတွင် သူတို့ ရှိနေခြင်းက ထိုဂိုဏ်းအနေဖြင့် လာမည့်လေလံပွဲတွင် ပါဝင်ရန်စီစဉ်နေကြောင်း အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

သစ်သားယင်နတ်ဘုရားပါ ရှိနေလိမ့်မည် သို့မဟုတ် ဝမ်ရှန်းက သူ၏ သေမင်းဖြစ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ သစ်သားယင်နတ်ဘုရားက မကြာသေးမီနှစ်များအတွင်း ဤမျှ ပေါ်ပေါ်ထင်ထင်သွားလာရဲခြင်းမှာ သူ၏သရုပ်မှန်ကိုပြောင်းလဲလိုက်ခြင်းက သူ၏ ရာဇဝတ်မှုမှတ်တမ်းများကို ရှင်းလင်းပေးခဲ့သောကြောင့်ဖြစ်သည်။

ထို့အပြင် သူက အမျိုးသမီးများကို သူတို့၏ စွမ်းအင်အတွက် တိုက်ရိုက်သတ်ဖြတ်ခြင်းကိုလည်း ရပ်တန့်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူ၏ တပည့်ငယ်ကို နိုက်ကလပ်များနှင့် ဘားများသို့ အမြဲသွားခိုင်းပြီး သားကောင်များကို ရှာဖွေခိုင်းခဲ့သည်။ ထို့နောက် သူက သူတို့၏ အသက်စွမ်းအားကို တဖြည်းဖြည်းချင်းစုပ်ယူပြီး သူတို့၏ အသက်သက်တမ်းကို နှစ်အနည်းငယ်မျှ တိုတောင်းသွားအောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် မည်သူမျှ သူ့ကိုတိုင်ကြားခဲ့ခြင်း မရှိပေ။

ဝမ်ရှန်းက ကြီးမားသောအကျိုးဆောင်မှုတစ်ခုပြုလုပ်ခဲ့သည်ဟု ချီလင်းပြောခဲ့ခြင်းမှာ ပုံကြီးချဲ့ခြင်းမဟုတ်ပေ။ ချန်ဟွာကို ရှင်းလင်းပစ်ခြင်းက သာမန်ကိစ္စမဟုတ်ပေ၊၊ သူက မိစ္ဆာကျင့်ကြံခြင်းလောကတွင် အဖမ်းရခက်ဆုံးနှင့် အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်များထဲက တစ်ဦးကို နှိမ်နင်းပေးခဲ့ခြင်းဖြစ်သည်။

“လေလံပွဲက စပြီလား” ဝမ်ရှန်းက မေးလိုက်၏။

မုရွှယ်က နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်ကာ တိုးညင်းသောအသံဖြင့် “နောက်ထပ် ၆နာရီလိုသေးတယ်။ စိတ်မပူပါနဲ့ တာအိုဆရာဝမ်။ ကျွန်မတို့ သေချာပြင်ဆင်ထားပြီး တာအိုဂိုဏ်းတွေဆီကနေ အစွမ်းထက်တဲ့ ကျွမ်းကျင်သူအမြောက်အမြားကို ကူညီဖို့ တောင်းဆိုထားပါတယ်။ ဒီနေ့မှာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးရုံတင်မကဘူး… ဒီမှာပြဿနာရှာနေတဲ့ မိစ္ဆာကျင့်ကြံသူအားလုံးကိုလည်း အမြစ်ပြတ်ရှင်းလင်းပစ်မှာပါ”

“လေလံပွဲအကြောင်း နောက်ထပ်သတင်းအချက်အလက်တွေရသေးလား”

“သူတို့ မွန်းတည့်ချိန်လောက်မှာ နောက်ထပ်သတင်းအချက်အလက်အသစ်တစ်ခု တင်ခဲ့တယ်။ ကျွန်မတို့ သူတို့ရဲ့ ဆာဗာအချို့ကို ဖျက်ဆီးနိုင်ခဲ့ပေမယ့် သူတို့မှာ နောက်ထပ်အရန်ဆာဗာတွေ အများကြီးရှိနေပုံရတယ်—”

ဝမ်ရှန်းက အခြားသူများ၏ စကားကို တော်ရုံဖြတ်ပြောလေ့မရှိသော်လည်း ထိုအခိုက်အတန့်တွင်မူ သူ မတုံ့ဆိုင်းတော့ပေ။

“အဲဒီသတင်းအချက်အလက်အသစ်က ဘာပြောလဲ”

မုရွှယ်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

“ပထမဆုံးအနေနဲ့ သူတို့က စာမျက်နှာအချို့ကို ထုတ်ပြခဲ့ပြီး သူတို့ဆီမှာ ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာအမှန်တကယ်ရှိနေကြောင်း အတည်ပြုခဲ့တယ်။ ပြီးတော့ လေလံပွဲစည်းမျဉ်းတွေကို အသေးစိတ်ဖော်ပြထားတယ်”

“ပထမတွဲရဲ့ မိတ္တူအစောင်တစ်ရာကို လေလံတင်မှာဖြစ်ပြီး မိတ္တူတစ်စောင်ကို အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ အခြေခံကျင့်စဉ်တစ်ခုပေးရမယ်… ပြီးတော့ ဒုတိယတွဲရဲ့ မိတ္တူ အစောင်နှစ်ဆယ်- မိတ္တူတစ်စောင်ကို အမေရိကန်ဒေါ်လာ ငါးသောင်းနဲ့ မတူညီတဲ့ အခြေခံကျင့်စဉ်ငါးခုနဲ့ စပြီးလေလံတင်မှာပါ”

“အခြေခံကျင့်စဉ်တွေ အများဆုံးပေးပြီးဝယ်နိုင်တဲ့သူက နောက်ဆုံးတွဲကနေ လျှို့ဝှက်နည်းစနစ်သုံးခုကို အပိုဆုလာဘ်အဖြစ် ရရှိလိမ့်မယ်”

အခြေခံကျင့်စဉ်တွေလား…။ လေလံပွဲစီစဥ်တဲ့သူက တူညီတဲ့ကျင့်စဉ်တွေကိုလက်ခံရရှိရင်တောင် အနည်းဆုံးတော့ မတူညီတဲ့ အခြေခံကျင့်စဉ် ဒါဇင်ပေါင်းများစွာကို ရရှိသွားမှာပဲ။ သူက ရူးနေတာလား။

“ငွေပေးချေမှုကကော ဘယ်လိုလုပ်ရမှာလဲ”

“သူတို့ကို အွန်လိုင်းကနေ ပေးချေရမှာဖြစ်ပြီး ကျင့်စဉ်တွေကိုတော့ ကုဒ်ဝှက်ထားတဲ့ ကွန်ရက်တစ်ခုဆီသို့ upload တင်ရမယ်။ လေလံပွဲပြီးတာနဲ့ အနိုင်ရတဲ့သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ ကျမ်းစာတွေကို လက်ခံရရှိလိမ့်မယ်”

“ကျွန်မတို့ ဆာဗာတွေကို ကြားဖြတ်ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာဟာကွက်တွေနဲ့ပဲ အမြဲတမ်း တွေ့နေရတယ်။ ကျွန်မက Dark Web အကြောင်းကို သိပ်မကျွမ်းကျင်တော့ သူတို့ရဲ့ ဆာဗာတွေကို ပိတ်ပစ်ဖို့က အတော်လေးအခက်အခဲဖြစ်နေတယ်”

ဝမ်ရှန်း ခဏမျှတုံ့ဆိုင်းနေပြီးနောက် “ဒီနေ့ ဘာနေ့လဲ”

မုရွှယ်က မျက်တောင်ခတ်ရုံသာ တုံ့ပြန်နိုင်ခဲ့သည်။ သူမ အဖြေမပေးနိုင်ခြင်းက သူမ မည်မျှအထိ အလုပ်ပိနေသည်ကို သက်သေပြနေခြင်းပင်။

“အောက်တိုဘာ ၁၈ရက်” ရှန်းချန်လင်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။

အောက်တိုဘာ ၁၈ရက်လား။

ဝမ်ရှန်းက သူ၏ အတိတ်ဘဝတွင် ဤအချိန်၌ သူဘာလုပ်နေခဲ့သည်ကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်၊၊ သူ တက္ကသိုလ်တွင် အချိန်ဖြုန်းနေခဲ့သည်မှာ အသေအချာပင်။

သူက ဤနှစ်ကုန်ပိုင်းတွင်မှ အွန်လိုင်းကျင့်စဉ် လူမှုအသိုင်းအဝိုင်းများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အင်တာနက်ပေါ်တွင်ကျင့်စဉ်များ စတင်ပျံ့နှံ့လာခဲ့သည်မှာ နိုဝင်ဘာလဝန်းကျင်တွင် ဖြစ်သည်။ ဤဖြစ်ရပ်က ထိုအချိန်က ကျင့်စဉ်များ အင်တာနက်ပေါ်တွင် ဤမျှအထိ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်နိုင်မလား။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းက “မီးသူတော်စင်” ဟူသော နာမည်ပြောင်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။

မဟာမြင့်မြတ်ကုန်း‌မြေ၏ မှတ်တမ်းများတွင် စွေ့ရန်က သစ်သားကို ပွတ်တိုက်ပြီး မီးဖန်တီးသည့် နည်းလမ်းကို တီထွင်ခဲ့သည်။ နိုင်ငံခြားရှေးဟောင်းယဉ်ကျေးမှုများတွင် ထိုသို့သော လက်တွေ့ကျသော မှတ်တမ်းများမရှိပေ။ ဂရိဒဏ္ဍာရီတွင် ပရိုမီသီးရပ်စ်က နတ်ဘုရားများ၏ မီးလျှံကို ခိုးယူကာ လူသားများကို လက်ဆောင်အဖြစ်ပေးခဲ့ပြီး သူတို့၏ အမှောင်ညများကို လင်းထိန်စေခဲ့သည်ဟု ဆိုသည်။

မီးသူတော်စင်က အခြေခံကျင့်ကြံခြင်းနည်းစနစ်တွေကိုညအင်တာနက်တစ်ခွင်သို့ ဖြန့်ဝေခြင်းဖြင့် အလားတူအရာမျိုးကို ပြုလုပ်ရန် ကြိုးစားနေခြင်းလား။

သူက လုံဟူရှန်းတောင်၏ “ကောင်းကင်မီးလျှံ” ကို ခိုးယူခဲ့ပြီး ၎င်းကို ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာသော “မီးလျှံမျိုးစေ့များ” အဖြစ် ပြောင်းလဲခဲ့သည်။ ယခုအခါ သူက ယင်းတို့ကို အင်တာနက်တစ်ခွင်သို့ ပက်ကြဲနေပြီဖြစ်ရာ လူအားလုံး အခြေခံကျင့်စဉ်ကို လေ့လာနိုင်ခွင့်ရရှိစေပြီး လူမှုအသိုင်းအဝိုင်းတွင် အသွင်ကူးပြောင်းမှုတစ်ခုကို ဖြစ်ပေါ်စေမည်...

ဤအရာက အစကတည်းက သူ၏ အစီအစဉ်ဖြစ်နေရမည်။

သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းသည် သူ့အတွက် စည်းစိမ်ဥစ္စာများစုဆောင်းရန်နှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကိုစုဆောင်းရန် လှေကားထစ်တစ်ခုမျှသာဖြစ်သည်။ သူ၏ လေလွင့်ကျင့်ကြံသူများမဟာမိတ်အဖွဲ့ဟူသော အိပ်မက်မှာ လူများကို စည်းရုံးရန်အတွက် ဟန်ပြသက်သက်သာဖြစ်ပေသည်။

ထိုတစ်ခဏအတွင်း ဝမ်ရှန်းလည်း မီးသူတော်စင်ကို မလေးစားပဲ မနေနိုင်တော့သော်လည်း ထိုသူသည် ကျယ်ပြန့်သော ဆူပူသောင်းကျန်းမှုများကို ဖြစ်ပေါ်စေမည့်အချက်ကိုတော့ မပြောင်းလဲနိုင်ပေ၊၊

“မင်းတို့အားလုံး ပင်ပန်းနေကြပြီ။ ကျွန်တော် ဒီမှာအဆင်ပြေပါတယ်၊၊ သွားပြီး အနားယူကြပါဦး”

နောက်ဆုံးတွင် ဝမ်ရှန်းလည်း ဤကိစ္စတွင် အများကြီးဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်၏။

အရာရာတိုင်းတွင် အကောင်းနှင့်အဆိုး ဒွန်တွဲနေစမြဲပင်။ အခြေခံကျင့်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားခြင်းက လူမှုအသိုင်းအဝိုင်းတွင် မတည်ငြိမ်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သော်လည်း လူများစွာကို ကျင့်ကြံနိုင်ခွင့်ကို ပေးစွမ်းနိုင်လိမ့်မည်။

ကျင့်ကြံခြင်းတွင် မှားခြင်း၊ မှန်ခြင်း မရှိပေ၊၊ လူသားတို့၏ လောဘစိတ်ကြောင့်သာ ပြဿနာများဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်လည်း သူ၏ အတိတ်ဘဝတွင် ဤဖြစ်ရပ်ကြောင့် အကျိုးကျေးဇူးခံစားခဲ့ရသူဖြစ်ရာ သူ ဘာများပြောနိုင်ပါဦးမည်နည်း။ ပြီးတော့ ဒါကို ဘယ်လိုလုပ်ပြီး တားဆီးရမည်နည်း၊၊

ရေစီးကြောင်းအတိုင်းသာလိုက်ပါသွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

“အနားယူလိုက်ဦး။ ငါလည်း ခဏလောက်အိပ်ဦးမယ်” ရှန်းချန်လင်က တိုးတိုးလေးပြောလိုက်၏။ ထို့နောက် သူမက ဝမ်ရှန်းကို လေးနက်သောမျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

“အရိုးကျိုးရင် ပျောက်ဖို့ ရက်ပေါင်း ၁၀၀ ကြာတတ်တယ်လို့ ပြောကြတယ်။ တကယ်လို့ နင့်ရဲ့ ခြေကျင်းဝတ်တွေက သေချာမပျောက်ကင်းဘူးဆိုရင် နင်က ထော့ကျိုးဖြစ်သွားနိုင်တယ်”

“ဘာပဲဖြစ်ဖြစ် ငါ မနက်ဖြန်လာကြည့်ဦးမယ်။ ငါ ကန်တင်းက ထမင်းချက်နဲ့ တော်တော်လေးရင်းနှီးတယ်။ ငါ ခိုးဝင်ပြီး နင်အတွက် အရိုးစွပ်ပြုတ်တစ်အိုးလုပ်ခိုင်းပေးမယ်”

ဝမ်ရှန်း မရယ်ဘဲ မနေနိုင်တော့ပေ။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မရှန်း”

“ဘာမှမဖြစ်ပါဘူး။ နင့်ကို ကြည့်ရှုစောင့်ရှောက်ဖို့က ငါ့တာဝန်ပဲ။ နင်က ငါ့ရဲ့ ဂျူနီယာပဲမလား”

ရှန်းချန်လင်က သူမ၏ လက်များကို လက်သီးဆုပ်သည့် ပုံစံပြုလုပ်လိုက်သည်။ ထို့နောက် ပြုံးရင်းနှင့် ဆေးရုံအခန်းထဲက ထွက်သွားတော့၏။

ထိုညတွင် ဖြစ်ပျက်မည့် ကြီးမားသော ဖြစ်ရပ်ကြောင့် ဝန်ထမ်းအများစုမှာ အခြားနေရာများသို့ တာဝန်လွှဲပြောင်းခြင်းခံထားရသဖြင့် ဝမ်ရှန်းကို စောင့်ရှောက်ရန်အတွက် ဘူလ်ဒိုဇာနှင့် မုရွှယ်တို့သာ ကျန်ရစ်ခဲ့သည်။ သူတို့က သူ၏ လုံခြုံရေးအတွက် တာဝန်ရှိသဖြင့် ရှန်းချန်လင်ကို လိုက်လံပို့ဆောင်ရန် အတင်းအကျပ် မလုပ်ခဲ့ကြပေ။

ရှန်းချန်လင်က ဆေးရုံ၏ ဘေးတံခါးမှတစ်ဆင့်ထွက်လာခဲ့သည်။ အဝေးတစ်နေရာတွင် ရပ်ထားသော ဇိမ်ခံကားတစ်စီးက ရှေ့မီးကို မှိတ်တုတ်မှိတ်တုတ်ပြုလုပ်လိုက်ပြီး သူမထံသို့ ဖြည်းညှင်းစွာမောင်းနှင်လာ၏။ သူမ မျက်မှောင်အနည်းငယ်ကြုတ်မိသွားသော်လည်း ထိုနေရာတွင်ပင် ရပ်ပြီး စောင့်ဆိုင်းနေလိုက်သည်။

ထိုဇိမ်ခံကားက သူမ၏ ဘေးတွင် ရပ်လိုက်၏။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ရှေ့ခန်းမှ ချက်ချင်းဆင်းလာပြီး နောက်ခန်းတံခါးကို ရိုသေစွာဖြင့် ဖွင့်ပေးလိုက်သည်။

အထဲတွင်တော့ ငွေဖြူရောင်ဆံပင်များရှိသည့် အဘွားအိုတစ်ဦးက သူမကို ကြင်နာစွာဖြင့် ပြုံးပြနေလျက်ရှိသည်။

ထိန်းချုပ်ရခက်သော စိတ်လှုပ်ရှားမှုများက ရှန်းချန်လင်၏ မျက်မှောင်ကြုတ်နေခြင်းကို ချက်ချင်းအစားထိုးသွားတော့၏။

“တတိယအဘွားလား... အဘွားက ဒီကိုဘာလာလုပ်တာလဲ”

“သမီး အိမ်ကနေ ထွက်သွားတာ ကြာပြီပဲ။ ငါတို့ အဘိုးအဘွားတွေက သမီးအတွက် အရမ်းစိုးရိမ်နေကြတယ်။ လာ... ကားပေါ်တက်ဦး၊၊ အဘွား သမီးကို သေချာကြည့်ပါရစေဦး။ ဘာဖြစ်လို့ ဒီလောက်တောင်ပိန်သွားရတာလဲ”

ဝမ်းသာအားရဖြင့် ရှန်းချန်လင်က ကားပေါ်သို့ တက်လိုက်ပြီး အဘွားအို၏ လက်ကို ကြင်နာစွာဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ကားရှေ့ခန်းသို့ ပြန်မဝင်ခင် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စစ်ဆေးလိုက်၏။ ထို့နောက် အမျိုးသမီးဒရိုင်ဘာက လီဗာကို နင်းလိုက်တော့သည်။ ဝမ်ရှန်း တိုက်ခန်းအပြင်ဘက်တွင် မြင်တွေ့ခဲ့ဖူးသော ထိုဇိမ်ခံကားကြီးမှာ ဆေးရုံဝင်ပေါက်မှနေ၍ တဖြည်းဖြည်းချင်းမောင်းနှင်ထွက်ခွာသွားတော့သည်။

(စာကြွင်း- အပိုင်း ၁ တွင် ဝမ်ရှန်းဆီသို့ ရှန်းချန်လင် လာတုန်းက စီးလာတဲ့ ဇိမ်ခံကားဖြစ်ဟန်ရသည်)

All Chapters