အခန်း (၂၁၁၅-၂၁၁၆)
Vol. 212 Ch. 2115-2116
အခန်း (၂၁၁၅) ဒါဆိုရင်လည်း…… လူ့လောကနိဗ္ဗာန်ပဲ ဖြစ်စေတော့
ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့မှ လာရောက်သည့် ထိုကြီးကြပ်ရေးမှူးကြီး၏ ဒေါသတကြီး အော်ဟစ်သံမှာ ဟင်းလင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အသစ်တက်လှမ်းလာကြသော သူတော်စင်အချို့မှာ ‘မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်’ ဆိုသည်မှာ ဘာလဲဆိုတာကို မသိကြသော်လည်း၊ ဤကြီးကြပ်ရေးမှူးကြီး၏ စကားအရ ကောက်ချက်ချနိုင်သည်မှာ - မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို ကျွမ်းကျင်ထားသည့် ဟန်ချွမ်းရှောင်းသည် ခုနစ်ဆောင်နေမင်းခန်းမ၏ စွမ်းအင်စုစည်းခြင်းအစောပိုင်း သူတော်စင်များအကြားတွင် လုံးဝ အောက်ခြေဆုံးအဆင့် မဟုတ်တော့ပေ။
“ပေမင်လျိုဆန်း…… မင်းက ဘာလို့ ဒီလောက်တောင် စိတ်လောနေရတာလဲ၊ မင်းဘာသာမင်း ခုနစ်ဆောင်နေမင်းခန်းမရဲ့ အဆင့်သတ်မှတ်ချက်ကို သွားကြည့်လိုက်စမ်းပါ၊ ဟန်ချွမ်းရှောင်းက အနောက်ဆုံးက ဖြစ်နေတုန်းပဲ မဟုတ်လား”
လော်ထျန်း၏ အသံတွင် လှောင်ပြောင်ကျီစယ်ရိပ်များ ပြည့်နှက်နေခဲ့သည်။
ဤအချက်က ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့မှ လာရောက်သည့် ထိုကြီးကြပ်ရေးမှူးကြီးကို ပိုမို၍ ဒေါသထွက်စေခဲ့ရသည်။
“မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ဆိုတာ ဘာလဲဟ ”
သူတော်စင်အချို့က ဘေးနားရှိ အခြားသူတော်စင်များကို အလျင်အမြန်ပင် လှမ်း၍ မေးမြန်းလိုက်ကြသည်။
သူတော်စင်အများစုမှာမူ မျက်နှာပျက်လျက် ဘာမှပြန်မဖြေနိုင်ကြချေ။ သို့သော်လည်း အချို့သော အသက်စွမ်းအင် သူတော်စင်များကမူ လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်ကြသည်။
“မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ဆိုတာ ခုနစ်ဆောင်နေမင်းကျောင်းတော်ရဲ့ နတ်ဘုရားစွမ်းအား မဟုတ်ဘူး၊ အဲဒါက အတွင်းကမ္ဘာ ဟင်းလင်းပြင်ထဲက ထူးခြားဆန်းပြားလှတဲ့ နေရာတစ်ခုကနေ မြစ်ဖျားခံလာတာ။ စွမ်းအင်စုစည်းခြင်းအစောပိုင်း သူတော်စင်တွေရဲ့ အတွင်းကမ္ဘာက ထူထဲသိပ်သည်းမှုမရှိသေးလို့ အဲဒီလိုနေရာမျိုးကို ဘယ်လိုမှ မရောက်နိုင်ကြဘူး၊ အသက်စွမ်းအင်သူတော်စင်တွေတောင် ရောက်ဖို့ တော်တော်ခက်ခဲတယ်။ အဲဒီထူးဆန်းတဲ့နေရာကို မဟာနှင်းတောင်လို့ ခေါ်တယ်”
“ကောလာဟလတွေအရတော့…… တကယ်လို့ မဟာနှင်းတောင်ကို ရောက်ရှိသွားပြီး အဲဒီတောင်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်၊ မိမိရဲ့အတွင်းကမ္ဘာထဲမှာ မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို ခတ်နှိပ်ခွင့်ရမယ့် အခွင့်အရေး ရှိတယ်လို့ ဆိုကြတယ်”
“ဒီနတ်ဘုရားစွမ်းအားရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ် ”
“မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို တစ်ခါထုတ်သုံးလိုက်တာနဲ့ ခပ်သိမ်းသော သက်ရှိသက်မဲ့တွေအားလုံး ရေခဲပိတ်ဆို့ခြင်း ခံရလိမ့်မယ်၊ တကယ်လို့ ပြိုင်ဘက်ရဲ့ အစွမ်းက နည်းနည်းလေး နိမ့်ကျနေမယ်ဆိုရင် အတွင်းကမ္ဘာကြီးတစ်ခုလုံးကိုပါ နှစ်ပေါင်းသန်းချီတဲ့အထိ ရေခဲပိတ်ဆို့ထားနိုင်တယ်။ ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရရင် လူပြန်ဝင်စားဖို့တောင် မဖြစ်နိုင်တော့ဘူး၊ တကယ်ကို ကြောက်စရာကောင်းလွန်းတယ် ”
“ခုနစ်ဆောင်နေမင်းကျောင်းတော်တွေထဲမှာတောင် မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို နားလည်သဘောပေါက်တဲ့သူက လက်ချိုးရေလို့ရတယ်၊ ဟန်ချွမ်းရှောင်းက ဒီနတ်ဘုရားစွမ်းအားကို နားလည်သွားလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူးပဲ”
“သူ့ကို မဟာနှင်းတောင်ဆီ ဘယ်သူခေါ်သွားပေးတာလဲ။ လူတစ်ယောက်ကို အဲဒီကို ခေါ်သွားပေးနိုင်ဖို့ဆိုရင် အနည်းဆုံးတော့ ကမ္ဘာကြီးသူတော်စင်အဆင့် ရှိမှ ရမှာ……”
ထိုအချိန်တွင် ဟန်ချွမ်းရှောင်းသည် တစ်ကိုယ်လုံး ရေခဲများဖြင့် ဖုံးလွှမ်းနေလျက် နှင်းခဲနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်နေကာ ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလှသော ဆီးနှင်းမုန်တိုင်းများ တဟုန်ထိုး တိုက်ခတ်လာခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ချန်၏ အတွင်းကမ္ဘာတံခါးဝ၌ ရေခဲများ စတင်ခဲလာခဲ့ရချေပြီ။
ဖြူဖွေးလှသော နှင်းခဲများသည် နွယ်ပင်များကဲ့သို့ပင် တိုတောင်းလှသော အချိန်အတွင်းမှာ အတွင်းကမ္ဘာတံခါးဝတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဤကဲ့သို့သော အခြေအနေတွင် တကယ်လို့သာ ထိုရေခဲစွမ်းအားများ အတွင်းကမ္ဘာထဲသို့ တိုးဝင်သွားခဲ့လျှင် ရလဒ်က ဘာဖြစ်မည်ကို လူတိုင်း ခန့်မှန်းနိုင်ကြပေသည်။
စမ်းသပ်စစ်ဆေးမှုကို လက်ခံနေရသည့် ရွှေဟွေးကျောင်းတော်မှ ဖန့်ချန်သည် လုံးဝ ဥဿုံ ရေခဲပိတ်ဆို့ခြင်း ခံရမည်ဖြစ်ပြီး၊ လွတ်မြောက်နိုင်စရာ အကြောင်းရင်း လုံးဝ ရှိတော့မည် မဟုတ်ချေ။
“ဟားဟားဟား အစ်ကိုတုန်းဖန်း ကြည့်စမ်း ဖန့်ချန်က ဒီစွမ်းအားကို မတောင့်ခံနိုင်တော့ဘူး ”
ကျိလင်က အလွန်အမင်း ဝမ်းသာအားရဖြစ်သွားကာ တုန်းဖန်းဟို့၏ လက်မောင်းကို ဆွဲကိုင်လျက် စိတ်လှုပ်ရှားစွာဖြင့် ခြေမြှောက်လက်မြှောက် ဖြစ်နေခဲ့တော့သည်။
တုန်းဖန်းဟို့ကမူ မျက်နှာအမူအရာ အလွန်လေးနက်နေခဲ့ပြီး ဟန်ချွမ်းရှောင်းကို သေချာစိုက်ကြည့်ရင်း -
“မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်…… ဒီလူက မဟာနှင်းတောင်ရဲ့ စမ်းသပ်မှုကို တကယ်ပဲ ကျော်ဖြတ်ပြီး မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို နားလည်သွားခဲ့တာပဲ။ တကယ်လို့ ငါသာ စွမ်းအင်စုစည်းခြင်းအစောပိုင်းတုန်းက သူ့ကို တွေ့ခဲ့ရင် အရှုံးအနိုင်က ခန့်မှန်းရ တော်တော်ခက်လိမ့်မယ်……”
ထို့နောက် သူက ဖန့်ချန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ၊ သူ၏ အတွင်းကမ္ဘာတစ်ခုလုံးမှာ နှင်းခဲများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေပြီး ဤနှင်းခဲများမှာ အတွင်းကမ္ဘာတံခါးဝထဲသို့ စီးဝင်တော့မည့် အခြေအနေတွင် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“သူ တားဆီးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီတစ်ကြိမ်တော့ သူ ရှုံးသွားပြီ။ သူ သေဆုံးသွားမှာ မဟုတ်ပေမယ့် သေရတာထက် ပိုပြီး ခံရခက်လိမ့်မယ်”
တုန်းဖန်းဟို့က တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
ကျိလင်သည် ဤစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲ၌ ပိုမို၍ အူမြူးသွားခဲ့ရသည်။
ထိုအချိန်တွင် ချိုင်စစ်ရှို့၊ လုကျိုဝမ်၊ ရွှမ်ပုထုံ၊ ထိုက်ရှီဝမ်းကျန်း၊ မေဒေါင်ကွမ်း စသည့် ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်သိပ္ပံမှ သူတော်စင်များအားလုံး ဤမြင်ကွင်းကို မြင်တွေ့နေကြရသည်။
အချို့က ဝမ်းသာနေကြသလို အချို့ကမူ စိတ်ပူနေကြပေသည်။
“ကျောက်ယွီချင်…… ကြည့်ရသလောက်တော့ သူ ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် တက်ဖို့က မဖြစ်နိုင်တော့ဘူးထင်တယ်၊ ဒီတစ်ကြိမ်တော့ သူ တမင်ပစ်မှတ်ထား နှိပ်ကွပ်တာကို ခံလိုက်ရပြီ”
“တကယ်လို့ သူသာ ဖေရန်ထူကို မသတ်ခဲ့ဘူးဆိုရင်……”
“ဒါလည်း ပစ်မှတ်ထားခံရမှာပဲ၊ ငါတို့နဲ့ လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့က စစ်ပွဲမပြီးမချင်း အခုက ရန်သူတွေ ဖြစ်နေတာလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ပစ်မှတ်ထားခံရမှာပဲ”
“သူလည်း တကယ်ကို ကံဆိုးလွန်းပါတယ်၊ တကယ်လို့ ဒီအချိန်မှာ စမ်းသပ်စစ်ဆေးမှု မလုပ်ရဘူးဆိုရင် သူ့ရဲ့ အရည်အချင်းနဲ့ ခုနစ်ဆောင်နေမင်းခန်းမထဲကို သေချာပေါက် ဝင်နိုင်မှာပဲကို……”
ကျောက်ယွီချင်က တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
‘ဒီနတ်ဘုရားစွမ်းအားက…… တကယ်ကို ကြောက်စရာကောင်းတာပဲ……’
ဖန့်ချန်သည် အတွင်းကမ္ဘာထဲတွင် ရပ်နေရင်းပင် မိမိ၏ တစ်ကိုယ်လုံး အလွန်အမင်း အေးစိမ့်လာသည်ကို ခံစားလိုက်ရသည်။
မျက်လုံးထောင့်စွန်းမှနေ၍ လှမ်းကြည့်လိုက်ရာ ချီယန်သူတော်စင်သည် စောင်တစ်ထည်ကို ဖန်တီးကာ ကိုယ်ပေါ်၌ ခြုံထားလျက်၊ ကောင်းကင်နိမိတ်မြစ်ပြင်နားတွင် ထိုင်ကာ တုန်တုန်ရီရီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
“ဘာလို့ ငါပါ အေးနေရတာလဲ ဖန့်ချန်…… မင်းရဲ့ပြိုင်ဘက်က ဘာနတ်ဘုရားစွမ်းအားကို သုံးနေတာလဲ မင်း ဘာလို့ ပြန်မတိုက်သေးတာလဲ ”
“ငါတော့ အေးခဲသေတော့မယ်လို့ ခံစားနေရပြီ ”
“ငါက မီးတောက်နတ်ဘုရားမျိုးနွယ်စုရဲ့သူတော်စင်လေ၊ အခုလိုမျိုး အရှင်လတ်လတ် အေးခဲသေရမယ် ဟုတ်လား ”
ချီယန်သူတော်စင်က နှုတ်မှ တတွတ်တွတ် ရေရွတ်နေခဲ့သည်။
‘နှမြောစရာပဲ၊ တကယ်လို့ ဒီနတ်ဘုရားစွမ်းအားကို သုံးတဲ့သူရဲ့ ကျင့်ကြံခြင်းအဆင့်က ငါနဲ့ တူညီနေမယ်ဆိုရင် ငါ့အတွက် တကယ်ပဲ ခြိမ်းခြောက်မှု အနည်းငယ် ရှိနိုင်လိမ့်မယ်၊ ဒါပေမဲ့……’
ဖန့်ချန်သည် မိမိကိုယ်ကို အနိုင်ရရှိသွားပြီဟု ထင်မှတ်နေသည့် ဟန်ချွမ်းရှောင်းကို လှမ်းကြည့်လိုက်ရင်း၊ မျက်ဝန်းထဲ၌ ပြုံးရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် -
အလွန်တရာ ထူထဲသိပ်သည်းလှသော အတွင်းကမ္ဘာစွမ်းအားများက ရူးသွပ်စွာဖြင့် စတင်လှုပ်ခတ်လာခဲ့တော့သည်။
နတ်ဘုရားစွမ်းအားကိုယ်ပွားများ တစ်ခုပြီးတစ်ခု မိမိတို့၏ အစစ်အမှန်ပုံရိပ်ကို ထင်ရှားစွာ ထုတ်ဖော်ပြသလာကြသည်။
သူ့အနေဖြင့် ရှစ်မျက်နှာအရပ် ဓားကျမ်း ကို အသုံးပြုပြီး ဟန်ချွမ်းရှောင်းကို တစ်ချက်တည်းဖြင့် ခြေမှုန်းပစ်နိုင်သော်လည်း၊ ထိုနတ်ဘုရားစွမ်းအားတွင် ရှန်းဟုန်းမျိုးနွယ်စု၏ အရိပ်အယောင်များ အမြဲတမ်း ပါဝင်နေခဲ့ပေသည်။
‘ဒါဆိုရင်လည်း…… လူ့လောကနိဗ္ဗာန်ပဲ ဖြစ်စေတော့……’
ဖန့်ချန်က ပြုံးလိုက်၏။
နူးညံ့ညင်သာလှသော နတ်ဘုရားစွမ်းအားလှိုင်းတစ်ခုသည် သူ၏ အတွင်းကမ္ဘာထဲမှနေ၍ တဟုန်ထိုး လွှင့်ထွက်သွားခဲ့သည်။
နှင်းခဲများသည် ဤနတ်ဘုရားစွမ်းအားလှိုင်းနှင့် ထိတွေ့မိသွားသည့်အခါ၊ ပြင်းထန်သော မီးတောက်နှင့် တွေ့လိုက်ရသည့် ရေညှိများကဲ့သို့ပင် အလွှာလိုက် အလွှာလိုက် အရည်ပျော်ကာ ဆုတ်ခွာသွားခဲ့ရတော့သည်။
ထူးဆန်းသော အစွမ်းများ ပျောက်ကွယ်သွားခဲ့ရသည်။
အံ့ဖွယ်စွမ်းအားများလည်း ချုပ်ငြိမ်းသွားခဲ့ရချေပြီ
ဒါက ဘာဖြစ်သွားတာလဲ
သူတော်စင်အပေါင်းတို့ အနည်းငယ် တုန်လှုပ်သွားကြရကာ၊ တစ်ချက်ကြည့်ရုံဖြင့်ပင် အခြေအနေတစ်ခုခု မှားယွင်းနေပြီဆိုတာကို ရိပ်မိလိုက်ကြသည်။
တစ်ဖက်လူက မည်သည့်နတ်ဘုရားစွမ်းအားကိုမျှ ထုတ်မသုံးရသေးဘဲနှင့်၊ မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို ဘယ်လိုလုပ်ပြီး ပြန်လည်ဆုတ်ခွာသွားစေတာလဲ။
လော်ထျန်းနှင့် အငြင်းပွားနေခဲ့သည့် ထိုကြီးကြပ်ရေးမှူးကြီးသည်လည်း ယခုအချိန်တွင်မူ နှုတ်ပိတ်သွားခဲ့ရချေပြီ။
သူက အောက်ဘက်ရှိ ဤမြင်ကွင်းကို စိုက်ကြည့်လိုက်ရင်း၊ သူ၏ မျက်ဝန်းထဲတွင်လည်း အံ့ဩထိတ်လန့်ရိပ်များ ပြည့်နှက်နေခဲ့ရသည်။
“ဒါက ခုနစ်ဆောင်နေမင်းကျောင်းတော်ရဲ့ နတ်ဘုရားစွမ်းအား မဟုတ်ဘူး မဟုတ်လား”
“ပေမင်လျိုဆန်း…… ဒီကောင်လေးကိုလည်း မင်းတို့တွေက အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေအချို့ဆီ ခေါ်သွားပေးခဲ့တာလား ဒါက ဘာနတ်ဘုရားစွမ်းအားလဲ ”
လော်ထျန်း၏ အသံတွင် ထိတ်လန့်ဒေါသထွက်ရိပ်များ ပါဝင်နေခဲ့သည်။
ပေမင်လျိုဆန်းက ထိုစကားကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ရယ်မောလိုက်သည်။
“မင်းက ငါတို့ရွှေဟွေးကျောင်းတော်က သေချာရေရာမှုမရှိဘဲနဲ့ ကိစ္စတွေကို လျှောက်လုပ်တတ်တယ်လို့ တကယ်ပဲ ထင်နေတာလား”
စကားပြောပြီးနောက် သူက လော်ထျန်းကို ထပ်မံ၍ ဂရုမစိုက်တော့ဘဲ တိုက်ပွဲကိုသာ တိတ်ဆိတ်စွာ ဆက်လက်စောင့်ကြည့်နေခဲ့တော့သည်။
ထိုအချိန်တွင် မိမိကိုယ်ကို အနိုင်သေချာနေပြီဟု ထင်မှတ်ထားသည့် ဟန်ချွမ်းရှောင်း၏ မျက်ဝန်းထဲတွင်လည်း ဆွံ့အထိတ်လန့်ရိပ်များ အလားတူ ထွက်ပေါ်လာခဲ့ရသည်။
သူသည် မသိစိတ်ကြောင့်ပင် အတွင်းကမ္ဘာစွမ်းအားများကို ပိုမို၍ ရူးသွပ်စွာ နှိုးဆော်လိုက်ပြီး၊ မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်၏ စွမ်းအားကို ဆက်တိုက်ဆိုသလို အတင်းအကျပ် မြှင့်တင်လိုက်သည်။
သို့သော်လည်း သူ ဘယ်လိုပင် မြှင့်တင်ပါစေ၊ ဤရေခဲစွမ်းအားများမှာ အဆက်မပြတ် ဆုတ်ခွာကွယ်ပျောက်နေဆဲပင်။
ထို့အပြင် ဖော်ပြရခက်သော ထူးဆန်းသည့် စွမ်းအားတစ်ခုက သူ၏ အတွင်းကမ္ဘာပေါ်သို့ သက်ရောက်လာခဲ့ချေပြီ။
သူသည် မိမိကိုယ်ကို ရုတ်တရက် အင်အားချည်းနဲ့ စိတ်ဓာတ်ကျလာသလို ခံစားလိုက်ရပြီး၊ အတွင်းကမ္ဘာကြီးတစ်ခုလုံးမှာလည်း ဖြည်းညှင်းစွာဖြင့် တောင့်တင်းရပ်တန့်သွားခဲ့ရကာ၊ အတွင်းကမ္ဘာစွမ်းအားများကို လုံးဝ နှိုးဆော်၍ မရတော့ချေ။
“ဒါ ဘာဖြစ်တာလဲ ”
ဟန်ချွမ်းရှောင်းသည် ထိတ်လန့်ဒေါသထွက်သွားခဲ့ရသည်။
သူသည် အစွမ်းကုန် ရုန်းကန်လျက် အရာအားလုံးကို ပြန်လည်နိုးထလာစေရန် ကြိုးပမ်းခဲ့သော်လည်း၊ မိမိ၏ ကြိုးစားအားထုတ်မှုအားလုံး ပျက်ပြယ်နေပြီး အတွင်းကမ္ဘာကြီးက တဖြည်းဖြည်းနှင့် မိမိ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေသည်ကို ကြောက်လန့်တကြားဖြင့် သတိပြုမိလိုက်ရတော့သည်။
‘တကယ်လို့ မဟာကရုဏာတံဆိပ်တော်ကို ထုတ်သုံးပြီး ဒီလူကို မခြေမှုန်းဘူးဆိုရင်၊ အမြဲတမ်း သဲလွန်စအချို့ ကျန်ခဲ့လိမ့်မယ်။ မဟာကရုဏာတံဆိပ်တော်က ပေးတဲ့ ခြိမ်းခြောက်မှုကို လူအများရှေ့မှာ ထုတ်ပြလိုက်တာက၊ ငါ့ကို ရှန်းဟုန်မျိုးနွယ်စုလို့ သံသယဝင်ခံရတာထက်စာရင် အပြစ်ဒဏ် ပိုပြီး ပေါ့ပါးလိမ့်မယ်’
ဤသို့ တွေးတောလိုက်ပြီးနောက်၊ မဟာကရုဏာတံဆိပ်တော်သည် ဖန့်ချန်၏ နောက်ကျောဘက်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူအသုံးပြုလိုက်သည့် စွမ်းအားမှာ အစောပိုင်းက ဖေရန်ထူကို သတ်ဖြတ်ခဲ့စဉ်တုန်းကထက် အဆမတန် ပိုမိုပြင်းထန်လှပေသည်။
ထိုနည်းတူစွာပင် သူသည် မဟာကရုဏာတံဆိပ်တော်ကို တစ်လောကလုံးရှေ့တွင် အထင်အရှား ပေါ်ထွက်လာစေခြင်း မပြုဘဲ တံဆိပ်တော်၏ အဟောင်းသား ပွင့်ဟနေသော အပေါက်ငယ်လေးတစ်ခုကိုသာ ဖွင့်လှစ်လိုက်ပြီး၊ နွေးထွေးလှသော နွေဦးလေပြေကဲ့သို့ စွမ်းအားများကို ဟန်ချွမ်းရှောင်း၏ ခန္ဓာကိုယ်အနှံ့သို့ ညင်သာစွာ ဖြတ်သန်းစီးဆင်းသွားစေခဲ့သည်။
ကြီးမားလှသော အတွင်းကမ္ဘာကြီးသည် ဟန်ချွမ်းရှောင်းနှင့်အတူ၊ ဤကဲ့သို့ပင် တစ်စစီ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားခဲ့ရကာ၊ မီးခိုးငွေ့များအဖြစ် ပြောင်းလဲလျက် လူအများ၏ ရှေ့မှောက်တွင် ကွယ်ပျောက်သွားခဲ့ရတော့သည်။
သူ၏ အတွင်းကမ္ဘာထဲရှိ ခုနစ်ဆောင်နေမင်း တံဆိပ်ခတ်နှိပ်ခြင်းသည်လည်း အသိဉာဏ်ရှိသည့်အလား ဟင်းလင်းပြင်ထဲသို့ ပျံသန်းထွက်ခွာသွားခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ရသည်။
ဆွံ့အခြင်း၊ ထိတ်လန့်ခြင်း၊ ငေးမောခြင်းများ ပြည့်နှက်နေကြသည့် မျက်ဝန်းအစုံပေါင်းများစွာ၏ ပိုင်ရှင်များသည်၊ အလွန်တရာ ကောင်းမွန်လှသော နားလည်မှုမျိုးဖြင့် စကားတစ်ခွန်းမျှပင် မဆိုကြတော့ဘဲ ဖန့်ချန်ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြတော့သည်။
အခန်း (၂၁၁၆) ကမ္ဘာဦးကာလမှစ၍ ပထမဦးဆုံးအကြိမ်
ဟန်ချွမ်းရှောင်း၏ ဝိညာဉ်သည် ဆွံ့အမှင်တက်နေသော မျက်နှာအမူအရာဖြင့် ဟင်းလင်းပြင်ထဲတွင် မတ်တတ်ရပ်နေခဲ့သည်။
ဝိညာဥ်ဖမ်းတမန် ပေါ်လာသည့်တိုင်အောင် သူသည် အသိစိတ် ပြန်မဝင်နိုင်သေးချေ။
“ဝိညာဥ်ဖမ်းတမန်လား……”
သူ့စိတ်အာရုံ လှုပ်ရှားသွားကာ ရောက်လာသူကို လှမ်းကြည့်ပြီး -
“မင်း ဘာလာလုပ်တာလဲ”
“မင်းက သေသွားပြီလေ၊ ငါ ဘာလာလုပ်တယ်ဆိုတာ ပြောဖို့လိုသေးလို့လား”
ဝိညာဥ်ဖမ်းတမန်က ဖန့်ချန်ကို တည်ငြိမ်စွာ တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။
‘ဒီလူ ပြန်ဖြစ်ပြန်ပြီလား……’
ထို့နောက် သူသည် ယခုအချိန်တွင် ဖြစ်ပေါ်နေသော ဟန်ချွမ်းရှောင်း၏ စိတ်ခံစားချက်ကို ဂရုမစိုက်တော့ဘဲ လက်ကို ဆန့်ထုတ်ကာ လှမ်း၍ ဖမ်းဆွဲလိုက်ပြီး ဟန်ချွမ်းရှောင်းကို ယင်လောကထဲသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်တော့သည်။
“နေဦး”
ဟန်ချွမ်းရှောင်းသည် ထိတ်လန့်ဒေါသထွက်ခြင်းများ ရောပြန်းလျက်
“မင်း အထင်လွဲနေပြီ၊ ငါက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ။ ငါက မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကို ထုတ်သုံးခဲ့တာ၊ ငါက ဒီပြိုင်ပွဲမှာ နိုင်ခဲ့တာလေ”
“ခုနစ်ဆောင်နေမင်းကျောင်းသားလည်း ဖြစ်တယ်၊ မဟာနှင်းတောင်နတ်ဘုရားတံဆိပ်တော်ကိုလည်း ထုတ်သုံးနိုင်တယ်၊ ဒါတောင်မှ ဒီလောက်အထိ ပြတ်ပြတ်သားသား သေဆုံးသွားရတယ်ဆိုတော့…… ဒီလူရဲ့ အနာဂတ်က တကယ်ကို အတိုင်းအဆမရှိ တောက်ပနိုင်တာပဲ”
ဝိညာဥ်ဖမ်းတမန်က ဖန့်ချန်ကို ကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
“ငါ တကယ်ပဲ သေသွားပြီလား……”
ဟန်ချွမ်းရှောင်းသည် မူလက ဒေါသတကြီး အော်ဟစ်ရန် ပြင်ဆင်လိုက်သော်လည်း သူ၏ စိတ်ခံစားချက်က ချက်ချင်းပင် အထီးကျန်ဆိတ်သုဉ်းမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
“ဟုတ်တယ်၊ သေပြီ၊ ငါနဲ့အတူ လူပြန်ဝင်စားဖို့ လိုက်ခဲ့တော့။ နောက်ဘဝကျရင် ခုနစ်ဆောင်နေမင်းကျောင်းသားဆိုတဲ့ အရှုပ်အထုပ်ကြီးကို လုပ်မနေနဲ့တော့။
အပြင်လောကမှာပဲ သာမန်သူတော်စင်တစ်ယောက်အဖြစ် နေထိုင်တာက ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ အသက် ပိုရှည်ရှည် နေရသေးတာပေါ့”
ဝိညာဥ်ဖမ်းတမန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ငါက သူ့လက်ထဲမှာ သေသွားခဲ့တာ……”
ဟန်ချွမ်းရှောင်းက ဖန့်ချန်ကို လှမ်းကြည့်လိုက်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့ရာ သူ၏ မျက်ဝန်းထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
သူ ဘယ်လိုမှ စဉ်းစား၍မရသည်မှာ - တစ်ဖက်လူ နောက်ဆုံး ထုတ်သုံးလိုက်သည့် နတ်ဘုရားစွမ်းအားက ဘာလဲဆိုတာပင် ဖြစ်သည်။
‘အဲဒီအချိန်တုန်းက နတ်ဘုရားစွမ်းအား နှစ်မျိုး ရှိခဲ့တာ။ တစ်မျိုးက ငါ့ရဲ့နတ်ဘုရားစွမ်းအားကို ဖိနှိပ်ချုပ်ချယ်ခဲ့ပြီး ငါ့ရဲ့အတွင်းကမ္ဘာကိုပါ ထိန်းချုပ်လို့မရအောင် လုပ်ခဲ့တာ။
နောက်တစ်မျိုးကတော့…… ငါ့ကို တိုက်ရိုက်သတ်ပစ်ခဲ့တာ၊ ငါ့မှာ တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ဘူး။
ဒါက ဘာနတ်ဘုရားစွမ်းအားလဲ။ ဖန့်ချန်…… ဒါက ဘာနတ်ဘုရားစွမ်းအားလဲဆိုတာ ငါ့ကို ပြောစမ်း’
ဟန်ချွမ်းရှောင်းသည် ဖန့်ချန်ရှိရာ အရပ်ဘက်သို့ ရုတ်တရက် လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“သူ မင်းကို မမြင်ရဘူး၊ အော်လည်း အလကားပဲ ငါ့ကောင်”
ဝိညာဥ်ဖမ်းတမန်က ပြုံးလိုက်သည်။
“ငါ ဝိညာဉ်မျိုးနွယ်စု ဖြစ်ချင်တယ်၊ ငါ လူပြန်မဝင်စားချင်ဘူး”
ဟန်ချွမ်းရှောင်းက ဝိညာဥ်ဖမ်းတမန်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက အရောင်တောက်လာခဲ့ပြီး -
“ငါက ခုနစ်ဆောင်နေမင်းကျောင်းသားလေ၊ ငါ့ရဲ့ ပါရမီက ထူးခြားဆန်းပြားလွန်းတယ်။ ငါ့ကို လူပြန်ဝင်စားခိုင်းတာက ဆုံးရှုံးမှုတစ်ခုပဲ၊ ငါ ဝိညာဉ်မျိုးနွယ်စု ဖြစ်ခွင့်ရဖို့ လျှောက်ထားချင်တယ်”
“မင်းအတွက်တော့ ဖြစ်နိုင်ခြေ အနည်းငယ် ရှိပါတယ်၊ ဒါပေမဲ့…… ထားလိုက်ပါတော့၊ ငါ မင်းအတွက် ကူညီမေးမြန်းပေးပါ့မယ်။ အခု မင်းလုပ်ရမှာက ငါနဲ့အတူ ထွက်ခွာသွားဖို့ပဲ”
ဝိညာဥ်ဖမ်းတမန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ဟန်ချွမ်းရှောင်းက ပြတ်ပြတ်သားသားပင် ခေါင်းညိတ်လိုက်၏။
မထွက်ခွာမီတွင် သူက ဖန့်ချန်ကို အဓိပ္ပာယ်ပါပါဖြင့် သေချာစိုက်ကြည့်လိုက်ရာ ဤမျက်နှာကို သူ၏ အသိစိတ်အောက်ခြေအထိ စွဲထင်ကျန်ရစ်အောင် မှတ်သားထားမည့်ပုံစံမျိုး ဖြစ်နေခဲ့သည်။
သူတို့ ထွက်ခွာသွားပြီးနောက်မှသာ ဖန့်ချန်သည် ထိုနေရာဘက်သို့ မထင်မရှား တစ်ချက် လှမ်းကြည့်လိုက်တော့သည်။
“ဟန်ချွမ်းရှောင်းက တကယ်ပဲ သေသွားတာလား”
တိတ်ဆိတ်ခြောက်ကပ်နေသော ဟင်းလင်းပြင်ထဲတွင် အသက်စွမ်းအင် သူတော်စင်တစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
“ဒါက အတုအယောင် ဖြစ်နိုင်ပါဦးမလား၊ အတွင်းကမ္ဘာကြီးတောင် ပျောက်ကွယ်သွားပြီပဲဥစ္စာ၊ ဒါက တကယ်ကို အကြွင်းမဲ့ သေဆုံးသွားတာပဲ မဟုတ်လား”
အသက်စွမ်းအင် သူတော်စင်တစ်ဦးက အေးစိမ့်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်ရင်း အံ့ဩတုန်လှုပ်ခြင်းများမှ ဖြည်းညှင်းစွာ နိုးထလာခဲ့ကာ၊ သူ၏ ဘေးနားရှိ လူကို ငေးမောစွာ ကြည့်သည်။
“အတွင်းကမ္ဘာကြီးပါ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတဲ့အထိ တိုက်ခိုက်ကြတဲ့ တိုက်ပွဲမျိုးကို မမြင်ရတာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ”
“နှစ်ပေါင်းများစွာ ကြာခဲ့ပြီ……”
ပတ်ဝန်းကျင်ရှိ သူတော်စင်များက တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါလိုက်ကြသည်။
သူတော်စင်များ ကျဆုံးပျက်သုဉ်းခြင်းဆိုသည်မှာ မထူးဆန်းလှချေ။
သို့သော်လည်း အတွင်းကမ္ဘာကြီးပါ တစ်စစီ ကြေမွပျက်စီးသွားခြင်းကမူ တကယ်ကို တွေ့ရခဲလှပေသည်။
အခြေအနေအများစုတွင် သူတော်စင်များ သေဆုံးသွားပြီးနောက်၌ သူတို့၏ အတွင်းကမ္ဘာသည် နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်လှသော အတွင်းကမ္ဘာဟင်းလင်းပြင်ထဲ၌ ကျန်ရစ်နေလေ့ရှိသည်။
ဖြစ်နိုင်သည်မှာ အတွင်းကမ္ဘာဝိညာဉ်ဆိုးများအဖြစ် အသွင်ပြောင်းလဲသွားခြင်း သို့မဟုတ် မဟာနှင်းတောင်ကဲ့သို့သော အတွင်းကမ္ဘာတားမြစ်နယ်မြေများ ဖြစ်လာခြင်းမျိုး ဖြစ်သည်။
ယခုအခါ ခုနစ်ဆောင်နေမင်းခန်းမ စမ်းသပ်စစ်ဆေးမှုကို လာရောက်ဖြေဆိုသည့် ဤရွှေဟွေးကျောင်းတော်သားသည် ခုနစ်ဆောင်နေမင်းကျောင်းသားကိုရော သူ၏ အတွင်းကမ္ဘာကိုပါ တစ်ပြိုင်နက်တည်း ပြာအဖြစ် ပြောင်းလဲပစ်ခဲ့ရာ၊ ဤသည်မှာ ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင် ထဲတွင်လည်း တကယ်ကို မြင်တွေ့ရခဲလှပေသည်။
ဤအချက်က သက်သေပြနေသည်မှာ နှစ်ဖက်စလုံး၏ အစွမ်းက တကယ်တော့ အလွန်တရာ ကြီးမားသော ကွာဟချက် ရှိနေခြင်းဖြစ်ပြီး၊ ထိုကွာဟချက်သည် ကျင့်ကြံခြင်းအဆင့်အတန်းကိုပါ ကျော်လွန်နိုင်သည့် အဆင့်အထိ ပြင်းထန်လွန်းလှပေသည်။
‘ဒါကမှ…… ဖန့်ချန်ရဲ့ တကယ့်အစွမ်း အစစ်အမှန်လား……’
မေဒေါင်ကွမ်းသည် မရေမတွက်နိုင်သော မျက်ဝန်းများစွာ၏အောက်တွင် မတ်တတ်ရပ်နေသည့် ထိုပုံရိပ်ကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ရှုပ်ထွေးနေခဲ့ရသည်။
မိမိအနေဖြင့် တစ်ဖက်လူ၏ ခြေလှမ်းများကို အမီလိုက်နိုင်ပြီဟု ထင်မှတ်မိတိုင်း၊ တစ်ဖက်လူကမူ မိမိကိုယ်ကို သိမ်ငယ်စိတ်ပျက်စေမည့် အစွမ်းများကို အကြိမ်ကြိမ် ထုတ်ဖော်ပြသလာခဲ့သည်။
ဤအချက်က သူ့ကို ခံစားရစေသည် တစ်ဖက်လူသည် သူ၏ ဘဝအတွက် ကြမ္မာဆိုး၊ သို့မဟုတ် သူ၏ သူတော်စင်လမ်းစဉ်အတွက် ကပ်ဘေးတစ်ခု ဖြစ်နေနိုင်သည်ဟူ၍ပင်။
“အစ်ကို…… မင်းက အတိတ်တုန်းက ဒီလူနဲ့ တကယ်ပဲ အကြိမ်အနည်းငယ် ဆုံတွေ့တိုက်ခိုက်ဖူးတာလား။ ဒါဆိုရင် မင်းရဲ့အစွမ်းကလည်း အနည်းဆုံးတော့ အမာခံတပည့်အဆင့် မှာ ရှိတာပေါ့”
ဘေးနားရှိ လူတစ်ဦးက မနေနိုင်ဘဲ လှမ်း၍ မေးမြန်းလိုက်သည်။
မေဒေါင်ကွမ်းကမူ တိတ်ဆိတ်စွာဖြင့် ဘာမှပြန်မပြောခဲ့ချေ။ အပြင်လူများအမြင်တွင်မူ သူသည် အလွန်မာနကြီးပြီး ပြန်မဖြေချင်၍ဟု ထင်မှတ်ကြပေလိမ့်မည်။
သို့သော်လည်း အမှန်စင်စစ်တွင်မူ မေဒေါင်ကွမ်းကိုယ်တိုင်ပင် ဤမေးခွန်းကို မည်သို့ပြန်ဖြေရမည်ကို မသိတော့ခြင်း ဖြစ်သည်။
“အံ့ဩစရာကောင်းလိုက်တာ၊ ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် သတ်မှတ်ခံရဖို့ကတော့ လုံးဝ သေချာသွားပြီ။ ဒါတင်မကသေးဘူး၊ ဖန့်ချန် ရဲ့ အဆင့်သတ်မှတ်ချက်က ပိုပြီးတော့တောင် အပေါ်ကို တက်သွားဦးမယ် ထင်တယ်……”
ချိုင်စစ်ရှို့၊ လုကျိုဝမ်၊ ရွှမ်ပုထုံ စသည့် ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်မှ ရောက်လာကြသော သူတော်စင်များအားလုံးသည် ခုနကတင် မြင်တွေ့လိုက်ရသည့် တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းကို စိတ်ထဲ၌ ပြန်လည်တွေးတောနေမိကြသည်။
“လူသားမျိုးနွယ်ကတော့ ဒီတစ်ကြိမ် ကံကောင်းခြင်းတွေ ရောက်လာပြီပဲ။ ဒီလိုမျိုး ပါရမီရှင် ထွက်ပေါ်လာခဲ့တာဆိုတော့ ဘယ်လောက်တောင် ကောင်းမွန်တဲ့ ဆုလာဘ်တွေ ချီးမြှင့်ခံရမလဲ မသိဘူး”
“ကျောက်ယွီချင်…… မင်းက ဒီလူနဲ့ အနည်းငယ် ရင်းနှီးတာလား။ နောက်ပိုင်း ကျောင်းတော်ကို ပြန်ရောက်ရင် မင်း ငါတို့ကို ခေါ်သွားပြီး မိတ်ဆက်ပေးပါဦး၊ ငါတို့လည်း မိတ်ဆွေဖွဲ့ချင်လို့ပါ”
လူတစ်ဦးက ကျောက်ယွီချင်ကို ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။
“ဒါကတော့…… ဒီလိုမျိုး ရုတ်တရက်ကြီး သွားတာက သိပ်ပြီးတော့ မကောင်းဘူး ထင်တယ်”
ကျောက်ယွီချင်၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်ကြောင့် မချိပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။
“မျက်နှာပြောင်တိုက်တာ ဘာမှမဖြစ်ပါဘူး၊ ဒီလိုမျိုး ပါရမီရှင်နဲ့ မိတ်ဆွေဖွဲ့ခွင့်ရမယ့် အခွင့်အရေးကို ငါတို့က ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်မှာလဲ။
ပြီးတော့ မင်းလည်း စိတ်မပူပါနဲ့၊ ငါတို့အားလုံးက အမာခံတပည့်တွေပဲလေ၊ အနည်းဆုံးတော့ အဆင့်အတန်းချင်းက သိပ်ပြီး ကွာခြားလှတာ မဟုတ်တော့ ရှက်စရာ မဖြစ်ပါဘူး”
“ဒါဆိုလည်း အခွင့်အရေးရှိရင် ငါ နင်တို့ကို ခေါ်သွားပေးပါ့မယ်”
ကျောက်ယွီချင်က ညင်သာစွာ ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိုးထိတ်နေခဲ့မိသည်။
“အစ်ကိုတုန်းဖန်း…… သူ့ရဲ့အစွမ်းက…… ဒါက သူ့ရဲ့ တကယ့်အစွမ်းအစစ်အမှန်လား”
ကျိလင်၏ နှုတ်ခမ်းများက ညင်သာစွာ တုန်ရီနေခဲ့သည်။
“ဒါက သူ့ရဲ့ တကယ့်အစွမ်း အစစ်အမှန်ပဲ”
တုန်းဖန်းဟို့၏ မျက်ဝန်းများက ယခင်ကထက် ပိုမို၍ လေးနက်တည်ကြည်နေခဲ့သည်။
ခုနစ်ဆောင်နေမင်းခန်းမထဲတွင် သူ့ထက် ပိုမိုအင်အားကြီးမားသော ပါရမီရှင်များ မရှိသည်တော့ မဟုတ်ချေ။
သို့သော်လည်း ထိုပါရမီရှင် အများစုမှာမူ အခြားမျိုးနွယ်စုများ ဖြစ်ကြသည်။
အနည်းငယ်သော လူအချို့ကမူ တန်လင်ကျောင်းတော် ထဲတွင် ကျင့်ကြံနေကြသူများ ဖြစ်ကြသည်။
သူတို့က ဟော်ဆွေ့မျိုးနွယ်မှ မြစ်ဖျားခံလာကြသူများ ဖြစ်သည်။
ရွှေဟွေးကျောင်းတော်ထဲတွင်မူ လူသားမျိုးနွယ်၌ မိမိထက် ပိုမိုအင်အားကြီးမားသော ပါရမီရှင် မရှိတော့ဟု သူ ယူဆထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူထွက်ပေါ်လာသည့် ဤလူကြောင့် မိမိသာ စွမ်းအင်စုစည်းခြင်းအစောပိုင်းတုန်းက ဤလူ၏ အစွမ်းများနှင့် ရင်ဆိုင်ခဲ့ရလျှင် မည်သို့ဖြစ်သွားမည်နည်းဟူ၍ သူ လေးလေးနက်နက် တွေးတောနေမိတော့သည်။
ထိုသို့ တွေးတောလိုက်မိသည့်အခါ တုန်းဖန်းဟို့၏ စိတ်ထဲ၌ ရုတ်တရက် အေးစိမ့်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။
‘သေရလိမ့်မယ်……’
တုန်းဖန်းဟို့သည် မိမိ၏ စိတ်ကူးထဲတွင် တိုက်ပွဲကို ပုံဖော်ကြည့်လိုက်ရာ မိမိကိုယ်တိုင်ပင် ကျဆုံးပျက်သုဉ်းသွားလိမ့်မည်ဟူသော ကောက်ချက်ကို ရရှိခဲ့သဖြင့် အေးစိမ့်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိတော့သည်။
ကျိလင်သည် တုန်းဖန်းဟို့၏ ယခုအချိန်တွင် ဖြစ်ပေါ်နေသော အတွေးများကို မသိရှိချေ။ သူ သိသည်မှာ မိမိအနေဖြင့် စွမ်းအင်စုစည်းခြင်းအစောပိုင်းအဆင့်တွင် ဖန့်ချန်၏ ခြေလှမ်းများကို အမီလိုက်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ကြောင်းပင်။
“ညီလေးကျိ…… မင်းနဲ့သူ့ကြားက ရန်ငြိုးရန်စတွေကို ဖြေဖျောက်နိုင်ရင် ဖြေဖျောက်လိုက်တာ ပိုကောင်းလိမ့်မယ်။
ဒီလိုမျိုး တည်ရှိမှုက နောက်ပိုင်းမှာ ရုတ်တရက် သေဆုံးသွားခြင်းမျိုးနဲ့ မကြုံတွေ့ရဘူးဆိုရင်…… အလယ်ပိုင်း၊ နောက်ဆုံးပိုင်း၊ ဒါတင်မကဘဲ အသက်စွမ်းအင်အဆင့်၊ ကမ္ဘာကြီးသူတော်စင်အဆင့်အထိ တက်လှမ်းဖို့ဆိုတာက အချိန်ပိုင်း ပြဿနာတစ်ခုပဲ ဖြစ်လိမ့်မယ်။
ပြီးတော့ အဲဒီအချိန်ကလည်း အလွန်အမင်း ကြာမြင့်မှာ မဟုတ်ဘူး”
တုန်းဖန်းဟို့က ဖျောင်းဖျလိုက်သည်။
ကျိလင်သည်လည်း ဤစကားမှာ အမှန်တရားဖြစ်သည်ဟု ခံစားလိုက်ရသော်လည်း အတိတ်တုန်းက ကြုံတွေ့ခဲ့ရသည့် အရှက်ရမှုများကို တွေးတောမိသည့်အခါ မိမိကိုယ်ကို ဖျောင်းဖျ၍ မရနိုင်သေးချေ။
“လောကကြီးမှာ ဘာမဆို ဖြစ်သွားနိုင်တာပဲ၊ သူက ငါ လုံးဝ မလှုပ်ခတ်နိုင်တဲ့ အဆင့်အထိ မရောက်သေးသရွေ့တော့ ငါ သူ့ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”
ကျိလင်က လက်သီးကို တင်းတင်းဆုပ်ထားခဲ့ရာ သူ၏ မျက်ဝန်းထဲတွင် တောက်ပသော အရောင်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီဖြစ်ကာ ဤအချိန်မှစ၍ သူ့တွင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိတော့သည်။
သူ့ကို ကျော်ဖြတ်ပြီး သူ့ကို ခြေနင်းတုံးအဖြစ် နင်းခြေပစ်ရန်ပင် ဖြစ်သည်။
ဒန်ရှီးကျောင်းတော် ဘက်တွင်မူ ဟန်ချွမ်းရှောင်း သေဆုံးသွားခဲ့ရသဖြင့် ထိုနေရာရှိ သူတော်စင်များအားလုံးမှာ မိဘမဲ့သွားသည့်အလား ပူဆွေးဝမ်းနည်းနေကြရသည်။
အထူးသဖြင့် ခုနစ်ဆောင်နေမင်းကျောင်းသား အနည်းငယ်မှာမူ သူတို့၏ မျက်ဝန်းများက ယခင်ကထက် ပိုမို၍ လေးနက်တည်ကြည်နေခဲ့သည်။
ခုနစ်ဆောင်နေမင်းကျောင်းသားတစ်ဦးသည် ခုနစ်ဆောင်နေမင်းကျောင်းသား မဟုတ်သေးသည့် တည်ရှိမှုတစ်ခု၏ လက်ထဲတွင် ကျဆုံးပျက်သုဉ်းသွားခဲ့ရသည် ဟုတ်လား။
ဤအချက်က ဒန်ရှီးကျောင်းတော်အတွက်မူ တကယ်ကို ကမ္ဘာဦးကာလမှစ၍ ပထမဦးဆုံးအကြိမ် ကြုံတွေ့ရခြင်းပင် ဖြစ်သည်။
ဟန်ချွမ်းရှောင်း၏ သေဆုံးမှုသည် ဒန်ရှီးကျောင်းတော်အတွက်သာမက လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့ အတွက်ပါ အပြင်းထန်ဆုံးသော ရိုက်ခတ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။