← Chapters

အခန်း (၂၁၁၉-၂၁၂၀)

Vol. 212 Ch. 2119-2120

အခန်း (၂၁၁၉-၂၁၂၀)

Vol. 212 Ch. 2119-2120

အခန်း (၂၁၁၉) အနည်းဆုံး ဆယ်လုံး

အောက်ဝူဖားက စကားလုံးများကို အစီအစဉ်တကျ စီစစ်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။

“ငါ့မှာ ဆွေမျိုးတော်စပ်တဲ့ မျိုးဆက်သစ်တစ်ယောက် ရှိတယ်၊ ငါ့မြေးရဲ့ တူဝရီးအရွယ်လောက် ရှိမယ်ထင်ပါရဲ့။ နောက်ထပ် နှစ်တစ်ရာကြာရင် သူ ရွှေဟွေးကျောင်းတော်ကို တက်လှမ်းဖို့ အဆိုပြု အကြံပြုခံရလိမ့်မယ်။

သူ့ရဲ့ ပါရမီက မထူးခြားပေမဲ့ ရွှေဟွေးကျောင်းတော်ရဲ့ လက်အောက်ခံ နန်းတော်ကိုးပါးမှာ ပထမနေရာကို အမှတ်ကောင်းကောင်း နဲ့ရရှိထားတာ။

ဒါကြောင့် ငါက ညီလေးဖန့်ရဲ့ လက်ထဲကနေ စင်ကြယ်သောဗောဓိသီး တစ်လုံးလောက် ချေးပြီး သူ့ကို တိုက်ကျွေးချင်လို့ပါ။

အကယ်၍ ဒီစင်ကြယ်သောဗောဓိသီးသာ ရှိမယ်ဆိုရင် သူ အမာခံတပည့် ဖြစ်လာဖို့ အခွင့်အရေးက ခုနစ်ပုံ၊ ရှစ်ပုံလောက် သေချာသွားပြီ။

အဲဒီအချိန်ကျရင် ကျောင်းတော်ကလည်း စင်ကြယ်သောဗောဓိသီး တစ်လုံး ချီးမြှင့်လာမှာပါ၊ အဲဒီကျမှ ငါ ညီလေးဖန့်ကို ပြန်ပေးပါ့မယ်”

“အစ်ကိုအောက်ကလည်း… ကျွန်တော်က ဘာကိစ္စလဲလို့။ ဒီလိုမျိုး အကူအညီအသေးအမွှားကို ကျွန်တော် သေချာပေါက် ကူညီရမှာပေါ့။

သူက အစ်ကိုအောက်ရဲ့ ဆွေမျိုး မျိုးဆက်ဆိုမှတော့ ကျွန်တော့်ရဲ့ ဆွေမျိုး မျိုးဆက်လည်း ဖြစ်တာပေါ့။

ဒါပေမဲ့…… ဒီလိုလုပ်တာက သူ အမာခံတပည့်အဆင့် တက်လှမ်းမယ့် နေရာမှာ တရားမျှတမှုကို တကယ်ပဲ သက်ရောက်မှု မရှိစေဘူးလား”

ဖန့်ချန်က ပြုံး၍ မေးမြန်းလိုက်သည်။ ထို့နောက်တွင်လည်း အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာမိသည်။

အောက်ဝူဖားသည် ဖန့်ချန်က သဘောတူလက်ခံလိုက်ပြီး မည်သည့် မကျေမနပ်ဖြစ်သည့် အရိပ်အယောင်မျှ မရှိသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။

“အခြားနည်းလမ်း မရှိလို့သာ ညီလေးဖန့်ကို ငါ ဖွင့်ဟပြောရတာပါ၊ နောက်ဆုံးတော့ ဒီကိစ္စက သူ့ရဲ့ နောင်ရေးအနာဂတ်နဲ့ သက်ဆိုင်နေတာကိုး။

တရားမျှတမှုအပိုင်းကို ပြောရရင်တော့… ဟဲဟဲ၊ ငါက ငါ့ရဲ့ အရည်အချင်းနဲ့ ငါချေးယူတဲ့ စင်ကြယ်သောဗောဓိသီးပဲ၊ တရားမျှတမှုကို ဘယ်လိုလုပ် သက်ရောက်မှု ရှိမှာလဲ။

ဒီလောကကြီးမှာ ပါရမီတစ်ခုတည်းကိုတင် ကြည့်ကြတာ မဟုတ်ဘူး၊ လူမှုဆက်ဆံရေး ကွန်ရက်ကိုလည်း သေချာပေါက် ကြည့်ကြတာပဲ။

ကျောင်းတော်ကလည်း ဒါတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး”

အောက်ဝူဖားက ရယ်မောကာ ပြောဆိုလိုက်သည်။

ဖန့်ချန် နားလည်သဘောပေါက်သွားခဲ့သည်။

အကယ်၍ ဤသို့ဆိုလျှင်… သူသည် စင်ကြယ်သောဗောဓိသီးများကို ပိုမိုရရှိအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်း ရှိပါသလား၊ ထို့နောက်တွင်မှ…… ရှကျီ တို့အုပ်စု၏ လက်ထဲသို့ ပေးပို့နိုင်မည်လား။

သို့သော်လည်း ဤသို့လုပ်ဆောင်ရာတွင် မည်သို့ သဲလွန်စ ဖျောက်ဖျက်ရမည်ဆိုသည်ကသာ အဓိကသော့ချက် ဖြစ်ပေသည်။

“ဒါနဲ့… မင်း ဒီတစ်ကြိမ် ပြိုင်ဘက်က ဟန်ချွမ်းရှောင်း လား။ သူက ခုနစ်ဆောင်နေမင်းခန်းမ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ကျောင်းသားတွေထဲမှာ အောက်ဆုံးအဆင့်ပဲ၊ ဒါပေမဲ့ အစွမ်းကတော့ မပျော့ဘူး။ မင်း သူနဲ့ ရင်ဆိုင်ရတာ အခက်အခဲ တွေ့ခဲ့လား”

အောက်ဝူဖားက မေးမြန်းလိုက်သည်။

“အခက်အခဲတော့ မရှိပါဘူးဗျာ”

ဖန့်ချန်က ပြောဆိုလိုက်သည်။

“အကယ်၍ ဟန်ချွမ်းရှောင်းနဲ့ ရင်ဆိုင်ရတာကိုတောင် မင်းက အခက်အခဲမရှိဘူးလို့ ခံစားရတယ်ဆိုရင်တော့… နောက်တစ်ကြိမ် ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင်မှာ မင်းရဲ့ အဆင့်ကို တစ်နေရာ ဒါမှမဟုတ် နှစ်နေရာလောက် အထက်ကို တိုးမြှင့်နိုင်လိမ့်မယ်လို့ ငါထင်တယ်”

အောက်ဝူဖား၏ မျက်လုံးများက တောက်ပလာခဲ့သည်။

“အဆင့် ငါးနေရာလောက်သာ တိုးမြှင့်နိုင်ရင် စင်ကြယ်သောဗောဓိသီး တစ်လုံး ထပ်ပြီး ဆုလာဘ် ရနိုင်တယ်”

“ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား”

ဖန့်ချန်၏ မျက်လုံးများကလည်း စတင်တောက်ပလာခဲ့သည်။

“ဒါဆိုရင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာတင် စင်ကြယ်သောဗောဓိသီး အလုံးနှစ်ဆယ်အထိ ရရှိနိုင်တာပေါ့ ဟုတ်လား”

“ညီလေးဖန့်… မင်း ဘာတွေ တွေးနေတာလဲ”

အောက်ဝူဖားက ပြုံးလိုက်ကာ -

“ငါ မြင်ဖူးသလောက် အဆင့် ငါးနေရာ၊ ခြောက်နေရာလောက် တိုးလာတဲ့သူ ရှိတယ်၊ ဒါမှမဟုတ် ဆယ်နေရာကျော် တိုးလာတဲ့သူလည်း ရှိတယ်၊ ဒါပေမဲ့ ဒါတွေက အလွန် ရှားပါးလှတဲ့ ကိစ္စတွေ ဖြစ်နေပြီ။

ဒီလို တည်ရှိမှုတွေက ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွင်းမှာ ထူးခြားတဲ့ ကံကောင်းမှုတွေ ထပ်မံရရှိခဲ့တာ၊ ဒါမှမဟုတ် တာအိုတရားကို ရုတ်တရက် အလင်းပွင့်သွားတာလို့ပဲ ပြောလို့ရမယ်။

ဘာလို့လဲဆိုတော့ အခြားပြိုင်ဘက်တွေကလည်း စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ တိုးတက်နေကြတာလေ၊ ပြီးတော့ သူတို့ရဲ့ အဆင့်က မူလကတည်းက နောက်ကလူတွေထက် မြင့်မားနေတယ်ဆိုတာ သူတို့ရဲ့ ပါရမီက နောက်က နေရာတွေထက် အဆပေါင်းများစွာ ပိုပြီး မြင့်မားနေလို့ပဲ။

ဒီလိုအခြေအနေမျိုးမှာ နောက်မှ လိုက်လာတဲ့သူက အရှေ့ကလူကို ကျော်တက်ဖို့ ဘယ်လောက်တောင် မလွယ်ကူလိုက်သလဲ”

ဤသို့ပြောဆိုပြီးနောက် အောက်ဝူဖားသည် ကျေနပ်အားရပြီး ချီးကျူးလိုသော အကြည့်ဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ငါတို့ ညီလေးဖန့်ကတော့ မတူဘူး၊ မင်းရဲ့ ပါရမီက အလွန်ကောင်းမွန်တာမို့ မင်း အဆင့် တစ်ဆယ့်ငါးနေရာလောက်အထိ ကျော်တက်နိုင်လိမ့်မယ်လို့ ငါထင်တယ်၊ ဆိုလိုတာက စင်ကြယ်သောဗောဓိသီး သုံးလုံးပေါ့။

အရင်က ရမယ့် လေးလုံးနဲ့ပါ ပေါင်းလိုက်ရင် မင်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာတင် စင်ကြယ်သောဗောဓိသီး ခုနစ်လုံးအထိ သုံးစွဲခွင့်ရမှာ ဖြစ်တယ်၊ ဒီလို အခြေခံအုတ်မြစ်မျိုးနဲ့သာ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်ကို တက်လှမ်းမယ်ဆိုရင် ခုနစ်ဆောင်နေမင်းခန်းမရဲ့ နေရာက မင်းရဲ့ လက်ထဲမှာ မြဲမြံစွာ ရှိနေဦးမှာပဲ”

ဖန့်ချန် စဉ်းစားတွေးတောမိသွားသည်။

အကယ်၍ ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင် တစ်ကြိမ်တွင် သူသည် အဆင့် ဆယ်နေရာ မြှင့်တင်နိုင်မည်ဆိုလျှင်…

စင်ကြယ်သောဗောဓိသီး နှစ်လုံး ရရှိမည် ဖြစ်သည်။

သူသည် ကျင့်ကြံခြင်းအဆင့်ကို နှစ်ပေါင်းတစ်ထောင်လောက် ဖိနှိပ်ထားရုံမျှဖြင့် ခုနစ်ဆောင်နေမင်းခန်းမရဲ့ စည်းမျဉ်းကို အသုံးပြုပြီး စင်ကြယ်သောဗောဓိသီး အလုံးနှစ်ဆယ်အထိ ရယူနိုင်မည် ဖြစ်သည်။

သို့သော်လည်း……

ဤနေရာတွင် အရှေ့ကလူများ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်သို့ အချိန်မတိုင်မီ အဆင့်တက်လှမ်းသွားခြင်း ရှိမရှိကိုလည်း ထည့်သွင်းစဉ်းစားရပေမည်၊ ထိုသို့ဆိုလျှင် သူ၏ အဆင့်က အလိုအလျောက် ရှေ့သို့ တိုးသွားမည် ဖြစ်သည်။

‘အနည်းဆုံး ဆယ်လုံး’

ဖန့်ချန်သည် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။

သူသည် ခုနစ်ဆောင်နေမင်းခန်းမ၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်နေရာတွင် အနည်းဆုံး စင်ကြယ်သောဗောဓိသီး ဆယ်လုံး ရယူရမည် ဖြစ်သည်။

လူနှစ်ဦးသည် စကားတစ်ခွန်းစ၊ နှစ်ခွန်းစဖြင့် စကားစမြည် ပြောဆိုနေခဲ့ကြသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရသည်။

ကောင်းကင်ငါးပါးနန်းတော်အတွင်း၌ ရုတ်တရက် အလင်းတန်းများ လင်းလက်လာခဲ့သည်။

ထို့နောက်တွင် ကောင်းကင်ထက်မှ လိုက်ကာကြီးတစ်ခု ကျဆင်းလာခဲ့သည်။

ထိုအပေါ်ရှိ အမည်နာမအချို့မှာ တောက်ပလင်းလက်နေခဲ့ကြပြီး အချို့မှာမူ မှေးမှိန်အားနည်းနေခဲ့ကြသည်။

“ဟင်…”

ဖန့်ချန်၏ အကြည့်က ဝေ့ဝဲကြည့်လိုက်ရာ၊ ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်စု ကျောင်းတော်၏ တိုက်ပွဲကျဆုံးမှုက အနည်းငယ် ကြီးမားနေသည်ကို သူ တွေ့ရှိလိုက်ရသည်။

သူတော်စင်အတော်များများ သေဆုံးသွားခဲ့ရသည်။

ထိုအထဲတွင် အသက်စွမ်းအင်အဆင့် သူတော်စင်များပင် ပါဝင်နေခဲ့သည်။

ထို့အပြင် ဤသူတော်စင်များအားလုံးက…… ရွှယ်ထျန်တောင် က လာကြသူများ ဖြစ်နေပုံရသည်။

သူသည် လွန်ခဲ့သော နှစ်တစ်ရာက ရွှယ်ထျန်တောင်မှ ရှန်တောက်ယို ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင်တွင် ကျဆုံးခဲ့ရသည်ကို ရုတ်တရက် သတိရမိသွားသည်။

ယခုတစ်ကြိမ်တွင်လည်း ရွှယ်ထျန်တောင်သည် ဤမျှလောက်အထိ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်နေခဲ့ပြန်သည်။

ဤအရာများကြားတွင် သေချာပေါက် ဆက်စပ်မှုတစ်ခု ရှိနေပေလိမ့်မည်။

အောက်ဝူဖားကမူ ဒါတွေကို သဘာဝအတိုင်း အာရုံစိုက်နေမည်မဟုတ်ဘဲ၊ သူသည် နာမည်အစုအဝေးကြီးထဲတွင် ဖန့်ချန်၏ အမည်နာမကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူ၏ အမည်နာမသည် တောက်ပလှသော ရွှေရောင်အလင်းတန်းများကို ဖြာထွက်နေခဲ့သည်။

နေမင်းအသေးစားလေး တစ်စင်းကဲ့သို့ပင်။

“ဟားဟား… ခုနစ်ဆောင်နေမင်းကျောင်းသား ဖြစ်သွားပြီဟေ့၊ အောင်မြင်ပြီ”

အောက်ဝူဖားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် ဖန့်ချန်၏ အမည်နာမသည် ဖော်ပြ၍မရသော ထူးခြားသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး၊ လေးဘက်လေးတန်သို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

လူသားမျိုးနွယ်စု ကျောင်းတော်၏ တောင်ကုန်းအသီးသီးမှ ဆရာများသည် ပထမဆုံးအချိန်၌ပင် အာရုံခံမိသွားကြပြီး၊ တစ်ယောက်ပြီးတစ်ယောက် မိမိတို့၏ အတွင်းကမ္ဘာကို မောင်းနှင်လျက် ဤနေရာသို့ ရောက်ရှိလာကြတော့သည်။

“ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်လားဟင်”

“ငါတို့လူသားမျိုးနွယ်စု ကျောင်းတော်ကနေ ခုနစ်ဆောင်နေမင်းကျောင်းသား နောက်တစ်ယောက် ထပ်ထွက်လာတာလား”

“ဒီနာမည်က…… ဘာလို့ ဒီလောက်တောင် နားယဉ်နေရတာလဲ”

“ဖန့်ချန်လား။ ကရုဏာတောင်တန်းက ထိုလူလား”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဆရာအုပ်စုထဲတွင် ဝေကွမ်ရှောက် နှင့် ဝေလျန့်ရွမ် ညီအစ်ကိုနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒီကောင်လေးမှာ ခုနစ်ဆောင်နေမင်းခန်းမကို တက်လှမ်းနိုင်တဲ့ ပါရမီ ရှိတယ်ဆိုရင်တောင်၊ သူ ဒီတစ်ကြိမ် ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင်မှာတင် အဆင့်တက်လှမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”

ဝေကွမ်ရှောက်က အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

ဝေလျန့်ရွမ်က မျက်မှောင်ကုတ်လျက် -

“ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် တက်လှမ်းမယ့် ရမှတ်က ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင်မှာ တစ်ကြိမ်ကို ဆယ်ပွဲဆက်တိုက် နိုင်ရမယ်၊ အဲဒါကို ဆယ်ကြိမ်ထက်မနည်း ထိန်းသိမ်းထားနိုင်မှသာ ဖြစ်နိုင်ခြေ ရှိတာ။ ဒီအတိုင်းတင် နှစ်ပေါင်းတစ်ထောင်လောက် အချိန်လိုအပ်တယ်”

“တုန်းဖန်းဟို့က အဲဒီလောက် အချိန်အကြာကြီး မယူခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ အစွမ်းက ကောင်းကင်ငါးပါးကြီးကြပ်ကွပ်ကဲရေးမှူးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့လို့ပဲ၊ ဒါကြောင့်မို့လို့……”

ဆရာတစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်သည်။

ညီအစ်ကိုနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ သိစိတ်အရ ဖန့်ချန်၏ထံသို့ လှမ်းကြည့်လိုက်ကြရာ မျက်လုံးများထဲတွင် လေးနက်မှုများ ပိုမိုပါဝင်လာခဲ့သည်။

ဒီလူကလည်း တုန်းဖန်းဟို့လိုမျိုးပဲ၊ ဒီတစ်ကြိမ် ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင်မှာ ကောင်းကင်ငါးပါးကြီးကြပ်ကွပ်ကဲရေးမှူးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး၊ နောက်ဆုံးမှာ ခုနစ်ဆောင်နေမင်းခန်းမ စမ်းသပ်စစ်ဆေးမှုကို တိုက်ရိုက် စီစဉ်ပေးလိုက်တာများလား။

“ဒီလိုမျိုးဆိုရင်ပဲ ရှင်းပြလို့ ရတော့မယ်ထင်တယ်”

ဝေကွမ်ရှောက်က တိုးတိုးရေရွတ်လိုက်သည်။

“အစကတည်းက ဒီကောင်ကို ကရုဏာတောင်တန်းကို မသွားခိုင်းသင့်ဘူး၊ အဲဒီက ကာကွယ်ရေးဆရာတွေလည်း ဘာတွေ တွေးနေကြလဲ မသိပါဘူး”

ဝေလျန့်ယွမ်က သွားကို ကြိတ်လိုက်ရင်း၊ မျက်လုံးထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

နောက်ပိုင်းတွင် ကရုဏာတောင်တန်းက မည်မျှလောက်အထိ ကြီးမားသော ဆုလာဘ်များ ရရှိလိမ့်မည်ကို သူ ခန့်မှန်းကြည့်နိုင်ပေသည်။

ဆုလာဘ်များက အလွန်တရာ များပြားလှသဖြင့် အဘက်ဘက်က အင်အားစုများကို မျက်စိကျ မနာလို ဖြစ်စေရန် လုံလောက်ပေသည်။

ချင်းဝူဆန့်သည် ဆရာအုပ်စုကြားတွင် ရပ်နေခဲ့ပြီး၊ ဖန့်ချန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

သူ၏ ဦးနှောက်ထဲတွင် သူ ငယ်ရွယ်စဉ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရုတ်တရက် သတိရမိသွားသည်။

တစ်ချိန်က သူသည်လည်း စိတ်အားထက်သန် တက်ကြွခဲ့ဖူးသော အချိန်များ ရှိခဲ့ပြီး၊ ခုနစ်ဆောင်နေမင်းခန်းမသို့လည်း ဝင်ရောက်ဖူးခဲ့သည်။

သို့သော်လည်း…… သူ ကမ္ဘာကြီးသူတော်စင်အဆင့်သို့ တက်လှမ်းပြီးကတည်းက၊ အင်အားစိုက်ထုတ်မှုအပိုင်းတွင် လိုအင်ဆန္ဒမပြည့်ဝတော့ဘဲ၊ ထိုစဉ်က ခုနစ်ဆောင်နေမင်းခန်းမမှ အဆင့်တူ ကျင့်ကြံသူများ၏ ခြေလှမ်းကို အမီမလိုက်နိုင်တော့ပုံရကာ နောက်ဆုံးတွင် ဖယ်ထုတ်ခြင်း ခံခဲ့ရသည်။

ထိုအကြောင်းကြောင့်ပင် သူ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်ခဲ့ရသဖြင့် အောင်မြင်မှုများ ရရှိအောင် လုပ်ဆောင်လိုခဲ့ကာ၊ ဟော်ဆွေ့ဘိုးဘေးကြီး၏ အသိအမှတ်ပြုမှုကို ရရှိရန်နှင့် ဖြတ်လမ်းတစ်ခုကို လျှောက်လှမ်းနိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မည်သူက ထင်မှတ်ထားပါမည်နည်း။ လမ်းဘေးခွေးတစ်ကောင်လို သနားစရာကောင်းလှသော ရှန်းဟုန်မျိုးနွယ်စု အကြွင်းအကျန်က သူ့ကို ဤမျှလောက်အထိ စွဲမြဲမှတ်ထင်စေမည့် သင်ခန်းစာတစ်ခု ပေးလိမ့်မည်ဟု။

ထိုအချိန်တွင် လူသားမျိုးနွယ်စု ကျောင်းတော်၏ သူတော်စင်များသည် ကောင်းကင်ငါးပါးနန်းတော်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြသည်။

သူတို့ ခေါင်းမော့ကြည့်လိုက်သည်နှင့် ထိုခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်၏ ဆွဲဆောင်မှုကို ပြင်းထန်စွာ ခံလိုက်ရတော့သည်။

အခန်း (၂၁၂၀) ကျွန်တော်က ဖန့်စီနီယာရဲ့ ခြေသလုံးမွေးတောင် မမှီပါဘူးဗျာ

အကယ်၍ ယခင်နှစ်များက အခြေအနေမျိုးနှင့်သာဆိုလျှင်၊ လူသားမျိုးနွယ်စု ကျောင်းတော်၏ ကျောင်းသားများသည် ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်နှင့် ပတ်သက်၍ အလွန်တရာ စိမ်းသက်နေကြပေလိမ့်မည်။

သို့သော်လည်း လွန်ခဲ့သော နှစ်တစ်ရာက……

တုန်းဖန်းဟို့သည် ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် အသစ်တက်လှမ်းခဲ့ခါစ ဖြစ်ပြီး၊ ထိုတောက်လောင်နေသော နေမင်းပူပြင်းပြင်းကဲ့သို့သော အမှတ်အသားသည် လူသားမျိုးနွယ်စု ကျောင်းသားတိုင်း၏ စိတ်နှလုံး အနက်ရှိုင်းဆုံးနေရာတွင် အားကောင်းစွာ ခတ်နှိပ်ထားဆဲ ဖြစ်သည်။

ထိုသို့သော မနာလိုအားကျမှု၊ ထိုသို့သော တုန်လှုပ်ခြောက်ခြားမှုတို့သည် နောင်လာမည့် နေ့ရက်တိုင်းတွင် ကျင့်ကြံခြင်းကို ပြုလုပ်သည့်အခါ စိတ်နှလုံးထဲ၌ လှိုင်းတံပိုးများကို ရိုက်ခတ်နှိုးဆွပေးသည့် အရာတစ်ခု ဖြစ်လာခဲ့ရသည်။

အတန်ငယ်တိုတောင်းလှသော နှစ်တစ်ရာ အချိန်ကာလအပိုင်းအခြားပြီးနောက်၊ သူတို့သည် ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို နောက်တစ်ကြိမ် ထပ်မံမြင်တွေ့လိုက်ရပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့ အံ့ဩမနေကြတော့ပေ၊ ဘာကြောင့်လဲဆိုတော့ ဤမတိုင်မီကပင် သူတို့သည် ဖန့်ချန်နှင့် ဟန်ချွမ်းရှောင်းတို့၏ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ပြီး ဖြစ်သောကြောင့်တည်း။

ထိတ်လန့်ဖွယ်ကောင်းလှသော မဟာနှင်းတောင် နတ်ဘုရားတံဆိပ်။

ထိတ်လန့်ဖွယ်ကောင်းလှသော ခုနစ်ဆောင်နေမင်းကျောင်းသား၏ နည်းဗျူဟာများ။

ဤအရာအားလုံးသည် သူတို့၏ စိတ်ထဲတွင် အလွန်ပြင်းထန်လှသော အစွဲအလမ်းများကို ချန်ထားခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ဤနည်းဗျူဟာအားလုံးကို အသာစီးဖြင့် ချေမှုန်းပြီး ဟန်ချွမ်းရှောင်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည့် ဖန့်ချန်သည်၊ သူတို့၏ စိတ်နှလုံးထဲတွင် ယခုအခါ ရွှေဟွေးကျောင်းတော်၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၌ နံပါတ်တစ်လူသား ဖြစ်လာခဲ့ချေပြီ။

ယခင်က ရွှေဟွေးကျောင်းတော်၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် အများက အသိအမှတ်ပြုထားရသူမှာမူ၊ ကောင်းကင်ငါးပါးတိုက်ပွဲဝင်စာရင်း၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၌ နံပါတ်တစ်ရာ့ငါးဆယ်နေရာကို ကပ်ရုံမျှသာ ရရှိထားသူ ဖြစ်သည်။

သူ့အထက်တွင် လူပေါင်းငါးဆယ်ကျော်ကို ထပ်မံတိုက်ခိုက်အနိုင်ယူရဦးမည် ဖြစ်ရာ၊ ထိုမှသာ ခုနစ်ဆောင်နေမင်းခန်းမ၏ စံနှုန်းကို ထိတွေ့နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။

“ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်… ငါတို့ကော ဘယ်အချိန်ကျမှ ဒီလိုမျိုး အခွင့်အရေးကို ပိုင်ဆိုင်ပြီး၊ ခုနစ်ဆောင်နေမင်းခန်းမထဲက နေမင်းအသေးစားလေး တစ်စင်း ဖြစ်လာနိုင်မှာလဲ”

အသက်စွမ်းအင်အဆင့် သူတော်စင်တစ်ဦးက တိုးညင်းစွာ သက်ပြင်းချရေရွတ်လိုက်သည်။

ဖန့်ချန်၏ ပါရမီသည် သူတို့အပေါ် သက်ရောက်မှု အကြီးမားဆုံးတော့ မဟုတ်ချေ။

နောက်ဆုံးတော့ သူတို့က အသက်စွမ်းအင်အဆင့်သို့ တက်လှမ်းထားပြီး ဖြစ်သလို၊ ဖန့်ချန်က မျိုးဆက်သစ်နောက်လိုက်တစ်ဦး ဖြစ်သည်ကိုလည်း သိရှိထားကြရာ၊ သူ့အပေါ်၌ တိတ်တဆိတ် စိတ်ကောက်ကန့်ကွက်နေရန် အကြောင်းမရှိတော့ပေ။

ထို့ကြောင့် လက်ရှိအချိန်တွင် ပိုမို၍ သက်ပြင်းချမိနေကြခြင်း ဖြစ်ကာ၊ တစ်ချိန်တည်းမှာပင် အစုအဖွဲ့လိုက် ဂုဏ်ယူဝင့်ကြွားမှု စိတ်ဓာတ်လည်း အနည်းငယ် ပေါ်ပေါက်လာခဲ့ရသည်။

ထိုကမ္ဘာတည်ဆောက်ခြင်းသူတော်စင်များဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ချေ၊ ယခုအချိန်အထိ ကျင့်ကြံလာခဲ့ကြရာတွင် သူတို့သည် လက်တွေ့မကျသော အတွေးအမြင်အချို့ကို စောစီးစွာကတည်းက စွန့်လွှတ်ထားခဲ့ကြပြီး ဖြစ်ကာ၊ မိမိတို့၏ သူတော်စင်လမ်းစဉ်အတွက်လည်း ကြိုတင်သတ်မှတ်ပုံဖော်ထားပြီး ဖြစ်သည်။

စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှ အဆင့်နှောင်းပိုင်းအထိ ရှိကြသော သူတော်စင်များသာလျှင်၊ ယခုအချိန်တွင် ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်၏ ရိုက်ခတ်မှုကို စိတ်နှလုံးထဲ၌ ပြင်းထန်စွာ ခံစားနေရခြင်း ဖြစ်သည်။

စိတ်နှလုံး၏ အနက်ရှိုင်းဆုံးနေရာမှ လှိုင်းတံပိုးများကို နှိုးဆွပေးလိုက်သကဲ့သို့ပင်။

“မင်း အကယ်၍ အတွင်းကမ္ဘာဟင်းလင်းပြင်ထဲမှာ တစ်ခါမှ လူမသိသေးတဲ့ အတွင်းကမ္ဘာတားမြစ်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိပြီး၊ အဲဒီအထဲမှာ အတွင်းကမ္ဘာရဲ့ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်တဲ့ ကျင့်ပေါင်တွေ အပြည့် သီးပွင့်နေမယ်၊ ပြီးတော့ မင်းတစ်ယောက်တည်း အကုန်စားပစ်လိုက်မယ်ဆိုရင်တော့… မင်း ခုနစ်ဆောင်နေမင်းခန်းမရဲ့ စံနှုန်းကို မှီဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်လိမ့်မယ်”

အသက်စွမ်းအင်အဆင့် သူတော်စင်တစ်ဦးက ထိုအသက်စွမ်းအင်အဆင့် သူတော်စင်၏ အားကျတိုးညင်းစွာ ရေရွတ်မှုကို စနောက်ကျီစယ်သည့်ဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

စနောက်ပြောဆိုလိုက်သည့် စကားကဲ့သို့ ဖြစ်သော်လည်း၊ ထိုစကားသည် တက်ရောက်လာကြသော စွမ်းအင်စုစည်းခြင်း သူတော်စင်များကို ရုတ်တရက် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

“ဒါမှမဟုတ်…… ကရုဏာတောင်တန်းက သူ့ကိုပေးတဲ့ စင်ကြယ်သောဗောဓိသီးက တစ်လုံးတည်းတင် မကဘူးလား”

မေဒေါင်ကွမ်းက တိုးတိုးရေရွတ်လိုက်မိရာ၊ မျက်လုံးများထဲတွင် အလင်းတန်းများ လင်းလက်နေပုံရသည်။

“ငါက သူနဲ့ ယှဉ်ရင် ဒီလိုမျိုး ကံတရားအခွင့်အရေးအပိုင်းမှာ အားနည်းနေတာ။ စင်ကြယ်သောဗောဓိသီးလိုမျိုး ကျင့်ပေါင်က တကယ်ပဲ အခြေခံအုတ်မြစ်ကို အများကြီး မြှင့်တင်ပေးနိုင်တာပဲ။

ငါ့မှာ ကာကွယ်ရေးဆရာကို ဆရာအဖြစ် ရထားတာဆိုတော့ ဒီအပိုင်းမှာ ပိုပြီး အဆင်ပြေသင့်တာပေါ့၊ နောင်ကျရင် စီနီယာအစ်ကို၊ အစ်မတွေကို ကျင့်ပေါင်နဲ့ အတွင်းကမ္ဘာတားမြစ်နယ်မြေကိစ္စတွေကို ပိုပြီး မေးမြန်းစုံစမ်းရမယ်။

ကျောင်းတော်က ငါ့ကို စင်ကြယ်သောဗောဓိသီး မပေးရင် ငါ့ဘာသာငါ ရှာမယ်၊ နောက်ပိုင်းမှာ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်နဲ့ အဆင့်နောက်ပိုင်းတွေ ရှိသေးတာပဲ၊ ဒါက ငါ သူ့ကို အမီလိုက်ရမယ့် အခွင့်အရေးပဲ”

ဤသို့သော အတွေးမျိုး ရှိနေသူမှာ မေဒေါင်ကွမ်း တစ်ဦးတည်းတော့ မဟုတ်ချေ။

ဘာကြောင့်လဲဆိုတော့ ဖန့်ချန်သည် ယခင်က ခုနစ်ဆောင်နေမင်းခန်းမသို့ အဆင့်တက်လှမ်းနိုင်မည့် စံနှုန်းအဆင့်အတန်းမျိုးကို တစ်ခါမျှ ပြသခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

ယခုအခါ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဟန်ချွမ်းရှောင်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။

ဤအရာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖန့်ချန် မျိုချသုံးစွဲခဲ့သည့် ထိုစင်ကြယ်သောဗောဓိသီးကို လူအများအား မလွှဲမရှောင်သာ သတိရမိစေခဲ့ပြီး၊ ထိုအရာမှတစ်ဆင့် အခြားအရာများကိုပါ ချိတ်ဆက်တွေးတောမိသွားကြခြင်း ဖြစ်သည်။

“ငါ ကရုဏာတောင်တန်းကနေ မထွက်ခွာခဲ့သင့်ဘူးလား……”

ရွှမ်ပုထုံသည် ထိုတောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် အမည်နာမကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေခဲ့မိကာ၊ ဆရာအတော်များများ၏ အတွင်းကမ္ဘာများထဲမှ ရှူရှန့်၏ အတွင်းကမ္ဘာကို သိစိတ်အရ ရှာဖွေတွေ့ရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် ရှူရှန့်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေပြီး၊ မျက်နှာတွင် အလွန် ဝမ်းမြောက်အားရသော အမူအရာဖြင့် ဖန့်ချန်ကို ကြည့်နေခဲ့သည်။

သူသည် ရှေ့သို့ တက်လှမ်းကာ မေးမြန်းလိုက်ချင်စိတ် ပြင်းထန်နေမိသည်၊ ကရုဏာတောင်တန်းက အရင်းအမြစ်အားလုံးကို ဖန့်ချန်တစ်ဦးတည်းအပေါ်မှာပဲ ပုံအောပြီး ပေးအပ်ခဲ့တာလား ဟု။

“ငါက ပိုပြီး ကြိုးစားအားထုတ်ခဲ့တာ ထင်ရှားနေတာပဲ၊ ငါကတော့ ဒီအတိုင်း ထိုင်မနေချင်ခဲ့ဘူး။

ဘာဖြစ်လို့ ငါက ပိုပြီး အလေးထား ပျိုးထောင်မှုကို မရရှိခဲ့ရတာလဲ။ ဘာဖြစ်လို့လဲ”

ရွှမ်ပုထုံ၏ ရင်ဘတ်ထဲတွင် ပုရွက်ဆိတ်ကောင်ရေ တစ်သောင်းလောက် ဝိုင်းအုံကိုက်ခဲနေသကဲ့သို့ ခံစားနေရပြီး၊ ချက်ချင်းပင် ဖွင့်ဟမေးမြန်း အပြစ်တင်လိုက်ချင်စိတ်များ ပေါက်ဖွားနေခဲ့သည်။

အခြားတစ်ဖက်ရှိ ချိုင်စစ်ရှို နှင့် လုကျိုဝမ် တို့၏ အတွင်းစိတ်အတွေးမှာလည်း သူနှင့် သိပ်မကွာခြားလှချေ၊ သို့သော်လည်း သူတို့သည် ရှူရှန့်ကို သွားရောက်အပြစ်တင်မေးမြန်းရန် လုံးဝ မဝံ့ရဲကြဘဲ၊ စိတ်ထဲတွင် တိတ်တဆိတ် မနာလိုအားကျရင်းဖြင့် မိမိတို့၏ ရွေးချယ်မှုအပေါ်တွင်လည်း သံသယစိတ်များ အနည်းငယ် ဖြစ်ပေါ်လာခဲ့ရသည်။

“ခုနစ်ဆောင်နေမင်းကျောင်းသား… အကယ်၍ ခွေရွှေမျိုးနွယ်စုကသာ ခုနစ်ဆောင်နေမင်းကျောင်းသားတစ်ယောက်ကို သမက်အဖြစ် ရရှိခဲ့မယ်ဆိုရင်… ဝူချုံး၊ နင့်ရဲ့ ခွေရွှေမျိုးနွယ်စုထဲက အဆင့်အတန်း၊ နင့်အဖေ၊ နင့်မိသားစုရဲ့ ဘိုးဘေးကြီးတွေအားလုံးဟာ အလွန်ကြီးမားတဲ့ မြှင့်တင်မှုကို ရရှိကြလိမ့်မယ်”

ရွှီဇီယွမ်က သက်ပြင်းချလျက် ဝူချုံးကို တစ်ချက် ကြည့်လိုက်သည်။

သူမသည် ဝူချုံး၏ ဘေးနားတွင် ရပ်နေသော ကျိလင်၏ မျက်နှာအရောင်အဆင်းက ဤစကားကြောင့် ပျက်ယွင်းသွားသည်ကိုတော့ သတိမထားမိခဲ့ချေ။

ထိုအချိန်တွင် နောက်ထပ် အတွင်းကမ္ဘာ ဆယ်ခုကျော်သည်လည်း အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ကြပြန်သည်။

ကျန်းတောက်ယွဲ့ကို အမှူးပြုသော ကရုဏာတောင်တန်း၏ တပည့်များသည် ဝမ်းမြောက်အားရဟန်ဖြင့်လည်းကောင်း၊ တုန်လှုပ်ခြောက်ခြားဟန်ဖြင့်လည်းကောင်း၊ ဝမ်းသာအားရဟန်ဖြင့်လည်းကောင်း ဖန့်ချန်ကို ကြည့်လိုက်ကြသည်။

“ဖန့်စီနီယာက…… ခုနစ်ဆောင်နေမင်းကျောင်းသား ဖြစ်သွားပြီ……”

ဝမ်ချုံစန်းက တိုးတိုးရေရွတ်လိုက်မိသည် -

“တစ်ခါတလေကျရင် ကျုပ်က ကျုပ်နဲ့သူ့ကြားက ကွာခြားချက်က လိုင်းနှစ်လိုင်း၊ သုံးလိုင်းလောက်ပဲလို့ ထင်မိသေးတာ၊ အခုကြည့်ရတာတော့…ကျုပ်က ဖန့်စီရင်ရဲ့ ခြေသလုံးမွေးတောင် မမှီပါဘူးဗျာ”

“ဝမ်လေး… ဒီလိုမျိုး မတွေးပါနဲ့၊ ငါတို့အားလုံးက ကရုဏာတောင်တန်းရဲ့ တပည့်တွေပဲ၊ ဘယ်လောက်ပဲ ညံ့ညံ့ အခြားလူတွေထက်တော့ ပိုပြီး တော်ပါသေးတယ်။

ဒါပေမဲ့ ဖန့်ညီလေးက အခုတစ်ကြိမ်မှာ တကယ်ပဲ ငါ့ရဲ့ ခန့်မှန်းချက်တွေကို ကျော်လွန်သွားခဲ့တာပဲ၊ ခုနစ်ဆောင်နေမင်းခန်းမတဲ့လေ… ငါတို့ ကရုဏာတောင်တန်းက ခုနစ်ဆောင်နေမင်းကျောင်းသား မထွက်ပေါ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ”

လင်ဖုန်းက တဟီးဟီးနှင့် မရပ်မနား ရယ်မောနေခဲ့မိရာ၊ ပါးစပ်ထောင့်က နားရွက် အထိပင် ရောက်လုနီးပါး ဖြဲကားနေခဲ့တော့သည်။

တောင်ကုန်းအသီးသီးမှ သူတော်စင်များသည် လင်ဖုန်း၏ ရယ်သံကို ကြားရသည့်အခါ စိတ်ထဲတွင် ကသိကအောက် ဖြစ်မိကြသော်လည်း၊ ခုနစ်ဆောင်နေမင်းကျောင်းသား၏ တန်ဖိုးက တကယ်ကို ထိပ်တန်းအဆင့်အတန်း ဖြစ်သည်ကိုတော့ မလွှဲမရှောင်သာ အသိအမှတ်ပြုကြရသည်။

ရွှေဟွေးကျောင်းတော်၏ အမာခံတပည့်များထက်ပင် ပိုမို၍ မျက်နှာပန်းလှသေးသည်။

ကောင်းကင်ငါးပါး အဆင့်မြင့် မဟာမိတ်အဖွဲ့၏ အသိအမှတ်ပြုခြင်းကို ခံရသည်ကိုး။

“ကံကောင်းသွားတာသက်သက်ပါပဲ၊ ဘာတွေ အမြင်ကျယ်နေတာလဲ၊ ဒီတစ်ကြိမ် သူ ဟန်ချွမ်းရှောင်းကို တိုက်ခိုက်အနိုင်ယူတုန်းက သုံးခဲ့တာတွေက ကရုဏာတောင်တန်းရဲ့ တန်ခိုးစွမ်းအားတွေ တစ်ခုမှ မဟုတ်ဘူး”

“ဒါပေမဲ့ ဒီလိုကြည့်ရတာတော့… သူ ကျောင်းတော်ကို မဝင်ရောက်ခင်ကတည်းက သာမန်တော့ မဟုတ်လောက်ဘူး၊ သူ့ရဲ့ တန်ခိုးစွမ်းအားက အတော်လေး အစွမ်းထက်တာပဲ၊ မဟာနှင်းတောင် နတ်ဘုရားတံဆိပ်ကိုတောင် မောင်းထုတ်ပစ်နိုင်တာ”

“အခွင့်အရေး ရှိရင်တော့ သူနဲ့ ပညာချင်း ဖလှယ်ကြည့်ရမယ်၊ ဒါက ငါတို့အတွက်လည်း အကျိုးရှိနိုင်ကောင်း ရှိနိုင်လိမ့်မယ်”

တိုးညင်းလှသော ပြောဆိုသံများက မပြတ်မကွက် ထွက်ပေါ်နေခဲ့သည်။

ထိုအချိန်တွင် ရွှယ်ထျန်တောင်မှ သူတော်စင်များမှလွဲ၍ အခြားလူအားလုံး၏ အာရုံစိုက်မှုက ဖန့်ချန်၏အပေါ်တွင်သာ ရှိနေခဲ့ကြသည်။

ထိုအချိန်၌ပင် နောက်ထပ် အတွင်းကမ္ဘာ ဆယ်ခုကျော်သည် ကောင်းကင်ထက်မှ မောင်းနှင်လျက် ရောက်ရှိလာခဲ့ပြန်သည်။

အောက်ဝူဖားသည် ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ မထိန်းနိုင်ဘဲ ဟားဟားဟား ကျယ်လောင်စွာ ရယ်မောလျက် ရှေ့သို့ ကြိုဆိုနှုတ်ဆက်လိုက်တော့သည်။

အဘက်ဘက်မှ ဆရာများသည်လည်း ဤအတွင်းကမ္ဘာများ၏ အရှင်သခင်များကို ညီညီညာညာ ဂါရဝပြုလိုက်ကြပြီး၊ ပါးစပ်မှလည်း ကာကွယ်ရေးဆရာများ ဟု ခေါ်ဆိုလိုက်ကြသည်။

“ကာကွယ်ရေးဆရာ ဆယ်ယောက်ကျော်တောင် ရောက်လာကြတာလား”

“ဒါက တုန်းဖန်းဟို့ ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် အဆင့်တက်တုန်းကထက်တောင် အလေးထားမှု ပိုမြင့်နေသေးတယ်မလား”

“တုန်းဖန်းဟို့ အဆင့်တက်တုန်းကတော့ စောစီးစွာကတည်းက ခန့်မှန်းထားမိပြီးသား ဖြစ်လိမ့်မယ်၊ ယခုတစ်ကြိမ်ကတော့ မတူဘူးလေ”

“ကာကွယ်ရေးဆရာ အပေါင်းတို့… ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်က ယခုတစ်ကြိမ်မှာ ကောင်းကင်ငါးပါးကြားထဲမှာ မျက်နှာအကြီးအကျယ် ရလိုက်တာပဲ။

ကောင်းကင်ငါးပါးတိုက်ပွဲမြေပြင် နှစ်ကြိမ် ဆက်တိုက်မှာတင် ကျောင်းသားနှစ်ယောက် ခုနစ်ဆောင်နေမင်းခန်းမကို တက်လှမ်းနိုင်ခဲ့ပြီ၊ မင်းတို့ ကရုဏာတောင်တန်းကို ကောင်းကောင်းမွန်မွန် ဆုလာဘ်တွေ ပေးရမယ်၊ ငါ့ရဲ့ ညီလေးဖန့်ကိုလည်း ကောင်းကောင်း ဆုလာဘ်တွေ ပေးရမယ်နော်”

အောက်ဝူဖားက ကျယ်လောင်စွာ ရယ်မောလျက် ပြောဆိုလိုက်သည်။

ညီလေးဖန့် ဟုတ်လား။

လူအများ ထိတ်လန့်အံ့ဩသွားကြပြီး၊ အောက်ဝူဖားကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြသည်။

စကားပြောရန် ပြင်ဆင်နေခဲ့ကြသည့် ချင်ဂွေ့ တို့အုပ်စုပင်လျှင် ကြောင်အမ်းသွားခဲ့ကြရသည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက ငါက သူ့ကို ညီအစ်ကိုလို ခေါ်ဝေါ်ဆက်ဆံခဲ့တာပါ၊ မင်းတို့လည်း အံ့ဩမနေကြပါနဲ့၊ နောက်ထပ် နှစ်အနည်းငယ်ကြာရင် သူကလည်း ငါတို့လိုပဲ ကောင်းကင်နိမိတ်ဖြစ်စဉ်သူတော်စင် ဖြစ်လာနိုင်ကောင်း ဖြစ်လာလိမ့်မယ်”

အောက်ဝူဖားက ပြုံးလျက် ရှင်းပြလိုက်သည်။

မေဒေါင်ကွမ်း တို့အုပ်စုသည် အေးစိမ့်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိကြပြီး၊ ဖန့်ချန်ကို ကြောင်အမ်းအမ်းဖြင့် လှမ်းကြည့်လိုက်ကြမိတော့သည်။

လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက အောက်ဝူဖားနဲ့ ညီအစ်ကိုလို ခေါ်ဝေါ်ဆက်ဆံခဲ့တာလား။

ဒါက တုန်းဖန်းဟို့တောင်မှ မရရှိခဲ့ဖူးတဲ့ အလေးထား ဆက်ဆံမှုမျိုးပဲ မဟုတ်ပါလား……

ဖန့်ချန်သည် ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် တက်လှမ်းနိုင်ခဲ့ရုံမျှမက၊ ကျောင်းတော်၏ ကြီးကြပ်ရေးမှူးဖြစ်သူ၊ ဂျူလင်မျိုးနွယ်စု၏ ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အားကောင်းသူ အောက်ဝူဖားနှင့်ပါ ညီအစ်ကိုလို ခေါ်ဝေါ်ဆက်ဆံနေသည်ကို တွေးမိသွားကြသည့်အခါ……

မေဒေါင်ကွမ်း နှင့် ကျိလင် တို့၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်း အရိပ်အယောင်များ မလွှဲမရှောင်သာ ဖြတ်ပြေးသွားခဲ့ရတော့သည်။

All Chapters