← Chapters

အခန်း (၂၁၂၁-၂၁၂၂)

Vol. 213 Ch. 2121-2122

အခန်း (၂၁၂၁-၂၁၂၂)

Vol. 213 Ch. 2121-2122

အခန်း (၂၁၂၁) ရုတ်တရက်ဖြစ်ပွားလာသော အခြေအနေ

ချင်ဂွေ့ တို့အုပ်စုသည်လည်း ဖန့်ချန် ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် မတက်လှမ်းနိုင်သေးခင်ကတည်းက အောက်ဝူဖားတစ်ယောက် မိမိ၏ဂုဏ်သိက္ခာကို လျှော့ချပြီး ဤမျှအထိ ကြိုတင်နှိမ့်ချပေါင်းသင်းခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ သူတို့၏ စိတ်ထဲတွင် ရယ်လည်းရယ်ချင်၊ တစ်ဖက်ကလည်း ချီးကျူးမိသလို၊ တစ်ပြိုင်နက်တည်းမှာပင် နောင်တအနည်းငယ်လည်း ရမိသွားကြသည်။

ဘာကြောင့်လဲဆိုတော့ ယခုအခါ ဖန့်ချန်က ခုနစ်ဆောင်နေမင်းကျောင်းသား ဖြစ်သွားခဲ့ချေပြီ။ ယခုအချိန်ကျမှသာ သူ့ကို အလွန်အမင်း သွားရောက်ဖားယားလုံးပတ်မည်ဆိုပါက အခြားလူများ၏ မျက်စိထဲတွင် ဖားယားမြော်မြင်တတ်သူများအဖြစ် ကဲ့ရဲ့ပြောဆိုစရာ အာပေါင်အာရင်း ဖြစ်သွားပေလိမ့်မည်။

အောက်ဝူဖားကို ပြန်ကြည့်မည်ဆိုလျှင်မူ၊ သူက နှစ်ပေါင်းတစ်ရာ ကြိုတင်၍ ပေါင်းသင်းခဲ့ခြင်းဖြစ်ရာ၊ သဘာဝကျကျပင် အခြားလူများ၏ ဖားယားမျက်နှာလုပ်ခြင်းဟူသော အကြည့်မျိုးကို ခံရမည်မဟုတ်သလို၊ သိက္ခာကျစရာလည်း မရှိတော့ဘဲ၊ အပြန်အလှန်အားဖြင့် သမိုင်းတွင်မည့် ချီးမွမ်းစရာ ပုံပြင်ကောင်းတစ်ခုပင် ဖြစ်လာပေလိမ့်မည်။

“အောက်အစ်ကိုက ဒီကောင်လေးကို ဒီလောက်အထိ အလေးထားခဲ့တာဟာ… ငါတို့ကို မျက်စိမရှိဘဲ လူမှားကြည့်ခဲ့မိတယ်လို့ သွယ်ဝိုက်ပြီး ဆဲဆိုလိုက်တာနဲ့ အတူတူပါပဲလား”

ချင်ဂွေ့က တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

ကာကွယ်ရေးဆရာ အများအပြားသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။

အောက်ဝူဖားက ချက်ချင်းပင် လက်ခါယမ်းလျက် ရယ်မောကာ ပြောဆိုလိုက်သည်။

“ချင်အစ်ကိုကလည်း… ဒီလိုမျိုး မပြောပါနဲ့ဗျာ၊ ငါ့မှာ ဘယ်လိုလုပ် အဲဒီလို ရည်ရွယ်ချက် ရှိပါ့မလဲ။ ဒါပေမဲ့ ငါလည်း တကယ်ပဲ စူးစမ်းချင်စိတ် ဖြစ်မိတာကတော့… ဖန့်ညီလေးရဲ့ ဒီလိုမျိုး ပါရမီအရည်အချင်းကို ဘာဖြစ်လို့ ကာကွယ်ရေးဆရာတစ်ယောက်မှ မျက်စိကျပြီး မရွေးချယ်ခဲ့ကြတာလဲဆိုတာပါပဲ”

“ငါတို့က မျက်စိမကျခဲ့လို့ မဟုတ်ပါဘူးဗျာ။ ကောင်းကင်နိမိတ်အဆင့် အတွင်းကမ္ဘာကြီးက ထင်ထင်ရှားရှား ရှိနေတာကို ငါတို့လည်း မျက်စိကန်းနေတာမှ မဟုတ်တာ။ ဒါပေမဲ့ အဲဒီတုန်းက နင်ကျောင်းအုပ်ကြီး ကိုယ်တိုင် နှုတ်ထွက်စကား မိန့်ကြားပြီး၊ ဒီကောင်လေးကို ကရုဏာတောင်တန်းကို ဝင်ရောက်စေခဲ့တာမို့လို့သာ… အဲဒါကြောင့်……”

ကာကွယ်ရေးဆရာတစ်ဦးက မထိန်းနိုင်ဘဲ ဖွင့်ဟပြောဆိုလိုက်သည်။

ရှူရှန့်က ထိုလူကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ဆရာ့မှာ ဆရာ့ရဲ့ ရည်ရွယ်ချက် ရှိပြီးသားပါ။ ဒီကောင်လေးက ကရုဏာတောင်တန်းမှာ ရှိနေခဲ့လို့သာ ဒီနေ့လိုမျိုး အောင်မြင်မှု ရရှိနိုင်ခဲ့တာ ဖြစ်လိမ့်မယ်၊ အကယ်၍ ဆရာတို့ရဲ့ တပည့်အဖြစ် သိမ်းပိုက်ခြင်း ခံခဲ့ရရင်လည်း ဒီလောက်အထိ တောက်ပလာချင်မှ တောက်ပလာမှာ။

နောက်ဆုံးတော့ ဆရာတို့ရဲ့တပည့်တွေက အများကြီး ရှိနေတာလေ၊ ဘယ်မှာ စိတ်နှစ်ပြီးတစ်ယောက်တည်းကိုပဲ သီးသန့် ပျိုးထောင်ပေးဖို့ အချိန်ရှိပါ့မလဲ”

အောက်ဝူဖားသည် လူအများ စကားများရန်ဖြစ်တော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့်၊ ချက်ချင်းပင် စကားလမ်းကြောင်းကို လွှဲပြောင်းလိုက်တော့သည်။

“ဒီတစ်ကြိမ်ဟာ လာမယ့် နှစ်တစ်ရာပြည့်ရင် ကျောင်းသားအသစ်တွေ ကျောင်းတော်ကို ဝင်ရောက်မယ့် အချိန်နဲ့ ကွက်တိပဲ။

တုန်းဖန်းဟို့နဲ့ ဖန့်ညီလေး နှစ်ယောက်စလုံး ဆက်တိုက် ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် အဆင့်တက်လှမ်းနိုင်ခဲ့ကြတာကြောင့်…

ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ၊ လူသားမျိုးနွယ်စု ကျောင်းတော်ရဲ့ ကျောင်းသားခွဲတမ်း နေရာဟာ နောက်ထပ် နှစ်ရာ ထပ်မံတိုးပွားလာမှာပဲ။

ဒါက တကယ်ကို ဝမ်းမြောက်စရာ ကိစ္စတစ်ခုပါ၊ မင်းတို့အားလုံး ဒီနှစ်တစ်ရာအတွင်းမှာ ကြိုတင်ပြီး စီစဉ်ပြင်ဆင် လို့ ရပါပြီ”

“နေရာ နှစ်ရာ ထပ်တိုးတာလား”

တောင်ကုန်းအသီးသီးမှ သူတော်စင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ ချက်ချင်းပင် မျက်လုံးများထဲတွင် ဝမ်းမြောက်အားရမှု အရိပ်အယောင်များ အသီးသီး ထွက်ပေါ်လာခဲ့ကြသည်။

လူသားမျိုးနွယ်စု ကျောင်းတော်၏ ကျောင်းသားခွဲတမ်း နေရာသည် သဘာဝအတိုင်း များလေ များလေ ကောင်းလေပင် ဖြစ်သည်။

နေရာများပြားလာသည်နှင့်အမျှ ကျောင်းတော်ဘက်မှ ခွဲဝေပေးမည့် ကျင့်ကြံခြင်း အရင်းအမြစ်များသည်လည်း လိုက်လျောညီထွေစွာ တိုးပွားလာမည်ဖြစ်ရာ၊ အခြားကျောင်းသားများ၏ အကျိုးခံစားခွင့်ကို ထိခိုက်စေမည် မဟုတ်ပေ။

အပြန်အလှန်အားဖြင့် လူသားမျိုးနွယ်စု တစ်ခုလုံးအတွက်မူ အလွန်ကြီးမားသော အကျိုးကျေးဇူးကို သယ်ဆောင်လာပေးနိုင်မည် ဖြစ်သည်။

ကျောင်းသားအသစ် နှစ်ရာ ထပ်တိုးလာခြင်းသည်၊ လူသားမျိုးနွယ်စုအတွက် နောင်တစ်ချိန်တွင် အထွတ်အထိပ်တာအိုအဆင့် တစ်ဦး၊ ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အနည်းငယ်နှင့် ကမ္ဘာကြီးအဆင့် အမြောက်အမြား ထပ်မံထွက်ပေါ်လာနိုင်ခြင်းနှင့် အတူတူပင် ဖြစ်ချေသည်။

“ဒီလိုဆိုတော့ ကျောင်းတော်က ကျောင်းသားတစ်ယောက် ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် အဆင့်တက်ရင် ကျောင်းတော်အတွက် ဒီလောက်တောင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးနိုင်တာလား”

“အပိုစကားတွေ ပြောမနေနဲ့၊ ခုနစ်ဆောင်နေမင်းကျောင်းသား ဖြစ်လာပြီဆိုရင်၊ မဟာမိတ်အဖွဲ့ထဲက အဆင့်မြင့် အရာရှိကြီးတွေတောင် မင်းကို မျက်စိကျလာလိမ့်မယ်။

ဒါက ဘာကို ကိုယ်စားပြုလဲဆိုတာ မင်း သိရဲ့လား။ မင်းရဲ့ နောင်လာမည့် ကျင့်ကြံခြင်း လမ်းစဉ်တစ်ခုလုံးကို ဒီအဆင့်မြင့် အရာရှိကြီးတွေက အနည်းနဲ့အများ အာရုံစိုက် စောင့်ကြည့်နေကြတော့မယ်ဆိုတာကို ကိုယ်စားပြုတာပဲ။

မင်း ဘာပဲဖြစ်ဖြစ် အောင်မြင်မှုတစ်ခုခု ရခဲ့ရင်၊ အဲဒီဆုလာဘ်တွေက ရေစီးကြောင်းလိုမျိုး မပြတ်မကွက် ကျဆင်းလာလိမ့်မယ်”

“အခုတစ်ကြိမ် တုန်းဖန်းဟို့နဲ့ ဖန့်ချန်တို့ ခုနစ်ဆောင်နေမင်းကျောင်းသားအဖြစ် အဆင့်တက်လှမ်းနိုင်ခဲ့တာက ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်အတွက် အကျိုးကျေးဇူးတွေ အများကြီး သယ်ဆောင်လာပေးနိုင်သလို၊ လူသားမျိုးနွယ်စုတစ်လုံးအတွက်ပါ အလွန်ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို သယ်ဆောင်လာပေးနိုင်တယ်။

အဲဒီ ကရုဏာတောင်တန်းကတော့၊ ခန့်မှန်းရသလောက်တော့ ရရှိမယ့် အကျိုးကျေးဇူးတွေကို လက်ခံရလွန်းလို့ လက်တွေတောင် ညောင်းညာသွားရလိမ့်မယ်”

“ဒါဆိုရင် ဖန့်ချန်တို့ ကိုယ်တိုင်အတွက်ကော ဘာအကျိုးကျေးဇူးတွေ ရမှာလဲ”

“ဘာအကျိုးကျေးဇူးလဲ ဟုတ်လား။ အခြေခံအနိမ့်ဆုံးကတင် စင်ကြယ်သောဗောဓိသီး သုံးလုံးပဲ”

“ရှူး……”

လူအများ အေးစိမ့်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိကြသည်။

အခြေခံအနိမ့်ဆုံးကတင် စင်ကြယ်သောဗောဓိသီး သုံးလုံး ဟုတ်လား။

ကျောင်းတော်၏ အမာခံတပည့်များပင်လျှင်၊ ရွေးချယ်ခြင်းခံရသည့် အချိန်တွင်သာ စင်ကြယ်သောဗောဓိသီး တစ်လုံး သုံးစွဲခွင့်ရရှိကြပြီး၊ နောင်ပိုင်းတွင် စင်ကြယ်သောဗောဓိသီး ထပ်မံရရှိရန်မှာ အလွန်တရာ ခက်ခဲလှသည်ကို သိထားကြရပေမည်။

ခန့်မှန်းရသလောက်တော့ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တစ်ခုလုံးအတွင်းမှာ စုစုပေါင်း တစ်လုံးကနေ သုံးလုံးလောက်အထိသာ သုံးစွဲနိုင်ကြပေလိမ့်မည်။

လူအများတွေးမိသည်မှာ ဖန့်ချန်သည် ကြိုတင်၍ တစ်လုံး သုံးစွဲထားပြီး ဖြစ်သလို၊ လျှို့ဝှက်ချက်အရလည်း အချို့ကို သုံးစွဲထားပြီး ဖြစ်နိုင်ပေသည်။

ယခု ထိုသုံးလုံးနှင့်ပါ ထပ်မံပေါင်းစပ်လိုက်မည်ဆိုပါက……

“ဒါဆိုရင် သူ့ရဲ့ အခြေခံအုတ်မြစ်က တိုက်ရိုက်ကို ကောင်းကင်ပေါ် ပျံတက်သွားတော့မှာ မဟုတ်ဘူးလား”

“ပြီးတော့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်က တန်ခိုးစွမ်းအားရဲ့ အာနိသင်ကို မြှင့်တင်ပေးဦးမှာ၊ အခြေခံအုတ်မြစ် တိုးတက်လာတာကလည်း တန်ခိုးစွမ်းအားရဲ့ အာနိသင်ကို ထပ်ပြီး မြှင့်တင်ပေးဦးမှာ။

ငါ ခန့်မှန်းကြည့်တာတော့၊ ဖန့်ချန်ဟာ စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်တွေကို အလွယ်တကူ ကျော်လွန်ပြီး တိုက်ခိုက်နိုင်လိမ့်မယ်ထင်တယ်……”

“ဒါက ခုနစ်ဆောင်နေမင်းကျောင်းသားတွေရဲ့ ပုံမှန် လုပ်ဆောင်ချက်ပဲလေ၊ အကယ်၍ ငါတို့လို စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့်တွေကို ကျော်လွန်ပြီး မတိုက်ခိုက်နိုင်ရင်လည်း ကောင်းကင်ငါးပါးရဲ့ ထိပ်တန်း အယောက်တစ်ရာစာရင်းထဲကို ဝင်ရောက်နိုင်မည့် တည်ရှိမှု ဖြစ်မလာနိုင်ပါဘူး”

“ရွှီဆရာ… မင်းရဲ့ တပည့် တုန်းဖန်းဟို့ကလည်း ခုနစ်ဆောင်နေမင်းကျောင်းသား ဖြစ်လာခဲ့တာဆိုတော့၊ နေရာတစ်ရာ ခွဲတမ်းက သူနဲ့ သက်ဆိုင်နေတယ်၊ ဒါဆိုရင် ဖန့်ညီလေးရဲ့ နေရာခွဲတမ်းကိုတော့ ကရုဏာတောင်တန်းရဲ့ ခေါင်းပေါ်မှာပဲ မှတ်တမ်းတင်ရလိမ့်မယ်။

အဲဒီအချိန်ကျရင် ကရုဏာတောင်တန်းကို ကျောင်းသားအသစ် အနည်းငယ် ပိုပြီး ခွဲဝေပေးလိုက်ပါဦး၊ ဒါမှ တစ်နေ့နေ့ကျရင် နောက်ထပ် ခုနစ်ဆောင်နေမင်းကျောင်းသားတစ်ယောက် ထပ်ပြီး ထွက်ပေါ်လာနိုင်ဦးမှာပေါ့”

အောက်ဝူဖားက ပြုံးလျက် ပြောဆိုလိုက်သည်။

ကာကွယ်ရေးဆရာ အုပ်စုသည် အောက်ဝူဖားက သူတို့ကို သတိပေးနှိုးဆော်နေခြင်းဖြစ်သည်ကို နားလည်လိုက်ကြသည်။

သို့သော်လည်း နေရာခွဲတမ်း အနည်းငယ်မျှသည်၊ အသစ်တိုးပွားလာသော နေရာနှစ်ရာနှင့် ယှဉ်လျှင် ဘာမှမဟုတ်ချေ။

ဤအပိုင်တွင်မူ သူတို့သည် သဘာဝကျကျပင် ရုပ်ဆိုးအကျည်းတန်အောင် လုပ်ဆောင်ကြမည် မဟုတ်ပေ။

“ဝူဖားအစ်ကို စိတ်ချပါဗျာ၊ ဒီအချက်ကိုတော့ ငါတို့ ကရုဏာတောင်တန်းအပေါ် မတရားသဖြင့် မလုပ်ဆောင်ပါဘူး”

ချင်ဂွေ့က ခေါင်းကို သာသာညိတ်လိုက်သည်။

အတိအကျ ဤအချိန်တွင်ပင်၊ လူအများ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားကြပြီး၊ ထိုတောက်ပလှသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် အမည်နာမဆီသို့ အသီးသီး လှမ်းမြော်ကြည့်လိုက်ကြတော့သည်။

ထိုအလင်းတန်းသည် နေမင်းအသေးစားလေး တစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ တိုက်ရိုက်ပင် ဝေ့ဝဲထွက်ပေါ်လာကာ ဖန့်ချန်ရှိရာဘက်သို့ တည့်တည့်မတ်မတ် လည်ပတ်ပျံသန်းလာခဲ့သည်ကို တွေ့ရှိလိုက်ရသည်။

လူအများ၏ စိတ်နှလုံးထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့ကြပြီး၊ ဤခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သည် အဆင်သင့် ဖြစ်သွားခဲ့ပြီဖြစ်ကာ၊ မကြာမီ ဖန့်ချန်၏ အတွင်းကမ္ဘာထဲသို့ ပေါင်းစပ်ဝင်ရောက်တော့မည်ကို သိရှိလိုက်ကြသည်။

ဖန့်ချန်သည်လည်း ကြိုဆိုနှုတ်ဆက်သည့် အမူအရာကို ပြုလုပ်လိုက်ပြီး၊ ဤခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သည် ကောလာဟလများထဲကကဲ့သို့ တကယ်ပဲ အစွမ်းထက်၊ မထက်ကို မြင်တွေ့ချင်မိနေသည်။

လူအများ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြစဉ်၊ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ပေါ်ပေါက်လာခဲ့ပြီး၊ ထိုလက်ဝါးကြီးက ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို တစ်ချက်တည်းဖြင့် လှမ်းဖမ်းဆွဲလိုက်ကာ၊ ကျောင်းတော်၏ အပြင်ဘက်သို့ ဆွဲထုတ်သွားရန် ပြုလုပ်လိုက်တော့သည်။

ဤရုတ်တရက်ဖြစ်ပွားလာသော အပြောင်းအလဲသည် လက်ရှိရှိနေသော သူတော်စင်အားလုံးကို ချက်ချင်းပင် ကြောင်အမ်းသွားစေခဲ့တော့သည်။

တုံ့ပြန်မှု အမြန်ဆုံးလူမှာမူ အောက်ဝူဖား၊ ချင်ဂွေ့ စသည့် ကာကွယ်ရေးဆရာများပင် ဖြစ်သည်။

သူတို့သည် ထိတ်လန့်အံ့ဩသွားကြပြီးနောက်၊ အသီးသီး တုံ့ပြန်ဆောင်ရွက်လိုက်ကြရာ၊ ထိတ်လန့်ဖွယ်ကောင်းလှသော တန်ခိုးစွမ်းအားများ တစ်ခုပြီးတစ်ခု ဝေ့ဝဲထွက်ပေါ်လာခဲ့ပြီး၊ ထိုလက်ဝါးကြီးကို ဆုတ်ဖြဲပစ်ရန် ကြိုးပမ်းလိုက်ကြသည်။

“သတ္တိကောင်းလှချေလားကွ”

အောက်ဝူဖား၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သွားခဲ့ပြီး၊ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ခုနစ်ဆောင်နေမင်းကျောင်းသားရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကိုတောင် လုယက်ဝံ့တယ်လား၊ တောက်”

“ဘယ်ကလာတဲ့ ခွေးသားလဲ”

ချင်ဂွေ့၏ မျက်နှာက သံမဏိရောင်ကဲ့သို့ မည်းမှောင်သွားခဲ့ပြီး၊ ထိတ်လန့်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားသည် သူ၏ အတွင်းကမ္ဘာထဲမှ ဝေ့ဝဲထွက်ပေါ်လာခဲ့သည်။

“သတ္တိကတော့ အတော်လေး ကြီးမားနေတာပဲ၊ တစ်မိသားစုလုံး သေချင်းဆိုးနဲ့ သေမယ့် မျိုးပြတ်မယ့်ကောင်”

ရွှီကာကွယ်ရေးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ တစ်ကိုယ်လုံးရှိ ကျင့်ကြံခြင်းအဆင့်များကို တပြိုင်နက်တည်း တွန်းအားပေးလျက်၊ ထိတ်လန့်ဖွယ် တန်ခိုးစွမ်းအားဖြင့် ထိုလက်ဝါးကြီးဆီသို့ တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်လိုက်တော့သည်။

နာလန်ချိုးဟုန်း စသည့် ကာကွယ်ရေးဆရာများသည်လည်း တပြိုင်နက်တည်းမှာပင် လက်ဦးမှု ရယူလိုက်ကြပြီး၊ ပါးစပ်မှလည်း မဆိုင်းမတွ ဆဲဆိုသံများ ထွက်ပေါ်လာခဲ့ကာ၊ လက်ထဲရှိ တန်ခိုးစွမ်းအားများဖြင့် အရာအားလုံးကို ဆုတ်ဖြဲပစ်ရန် ကြံစည်လိုက်ကြသည်။

ဤမြင်ကွင်းသည် ကျန်ရှိနေသော လူအားလုံးကို မှင်တက်သွားစေခဲ့သည်။

ဖန့်ချန်သည်လည်း နေရာတွင်တင် ကြောင်အမ်းသွားခဲ့မိရာ၊ သူသည် ထိုခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်နှင့် မိမိကြားတွင် ရှုပ်ထွေးလှသော ဆက်နွှယ်မှုတစ်ခု ရှိနေသည်ကို အာရုံခံမိနေပြီး၊ ၎င်းသည် ထိုလက်ဝါးကြီး၏ ချည်နှောင်မှုမှ ရူးသွန်းစွာ ရုန်းထွက်ပြီး သူရှိရာဘက်သို့ ပျံသန်းလာချင်နေသော်လည်း၊ လက်ဝါးကြီး၏ တန်ခိုးစွမ်းအားဖြင့် သေချာပေါက် ပိတ်ဆို့ချုပ်နှောင်ခြင်း ခံထားရသဖြင့် လှုပ်ရှား၍ မရနိုင်ဘဲ ဖြစ်နေခဲ့သည်။

သူသည် ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်၏ မကျေနပ်မှုနှင့် ဒေါသတရားများကိုပါ ခံစားမိနေပုံရသည်။

‘ကျောင်းတော်ကြီးထဲမှာတောင် ဒီလို ကိစ္စမျိုး ပေါ်ပေါက်လာနိုင်သေးတာလား’

ဖန့်ချန်၏ မျက်နှာအမူအရာက ထူးဆန်းသွားခဲ့ပြီး၊ မျက်လုံးထဲတွင်လည်း ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို လုယက်ခြင်းသည်၊ လူတစ်ယောက်၏ သူတော်စင်လမ်းစဉ်ကို ဖြတ်တောက်လိုက်ခြင်းနှင့် ဘာကွာခြားပါမည်နည်း။

သူသည် ခုနစ်ဆောင်နေမင်းခန်းမ ကျောင်းသားအဆင့်အတန်းကို အလွယ်တကူ ထပ်မံရရှိနိုင်သည်ဟု ကိုယ်တိုင် ယုံကြည်မှု ရှိသော်လည်း၊ ဤအရာသည် အခြားလူများက မိမိ၏ ပန်းကန်လုံးထဲသို့ လက်လှမ်းပြီး မိမိ၏ ထမင်းကို လုယက်ခွင့်ရှိသည်ဟုတော့ ဆိုလိုခြင်း မဟုတ်ပေ။

“ဒါက……”

မေဒေါင်ကွမ်း တို့အုပ်စုသည် မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

သို့သော်လည်း နှလုံးသားကမူ မဆီမဆိုင် တဒုန်းဒုန်း ပြင်းထန်စွာ ခုန်ယမ်းလာခဲ့ရသည်။

ဤသို့သော မမျှော်လင့်ထားသည့် အလွဲအချော်သည်၊ သူတို့ကို ရုတ်တရက် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

‘အကယ်၍ သူ့ရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သာ လုယက်ခံရပြီး ဖျက်ဆီးခံလိုက်ရမယ်ဆိုရင်… အရာအားလုံးက ပြောင်းလဲသွားနိုင်မလား’

ကျိလင်သည် မိမိ၏ သိစိတ်အရ ဝူချုံး၏ လက်ဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

ဝူချုံးသည် လက်ရှိအချိန်တွင် ကျိလင်၏ စိတ်အခြေအနေကို အာရုံခံမိလိုက်သဖြင့်၊ မျက်မှောင်ကို အနည်းငယ် မသိမသာ ကုတ်လိုက်မိတော့သည်။

ထိုလက်ဝါးကြီးသည် လက်ရှိတွင် ကောင်းကင်နိမိတ်သူတော်စင် အုပ်စု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရသော်လည်း၊ မလောမကြီးဘဲ ပြင်းထန်လှသော အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်ကာ၊ တန်ခိုးစွမ်းအား အားလုံးကို တိုက်ရိုက် ကြားဖြတ်ပိတ်ဆို့လိုက်သည်။

၎င်းသည် ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို ယူဆောင်လျက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်တော့မည့်ဆဲဆဲတွင်၊ ဟိန်းဟောက်လှသော အသံကြီးတစ်သံ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့တော့သည်။

“မင်းတို့ ရှီးမျိုးနွယ်စု ကတော့… တကယ်ကို လွန်လွန်းသွားပြီ ”

မိမိတို့၏ တန်ခိုးစွမ်းအားများဖြင့် တစ်ဖက်လူကို ဘာမှမတတ်နိုင်ဘဲ ဖြစ်နေကြရသော အောက်ဝူဖားတို့အုပ်စုသည် ဤအသံကို ကြားလိုက်ရသည့်အခါ၊ ချက်ချင်းပင် စိတ်အေးသွားကြရတော့သည်။

နင်ကျောင်းအုပ်ကြီး ရောက်လာခဲ့ချေပြီ။

ခန့်ညားထည်ဝါပြီး ထိတ်လန့်ဖွယ်ကောင်းလှသော အတွင်းကမ္ဘာကြီးသည် တစ်ခုလုံးသော လူသားမျိုးနွယ်စု ကျောင်းတော်ကြီးကို ဖုံးလွှမ်းတော့မည့်အတိုင်း ဖြစ်ပေါ်လာခဲ့ပြီး၊ ကြီးမြတ်လှသော ပုံရိပ်တစ်ခုသည် ယင်းအထဲတွင် မတ်တတ်ရပ်လျက်၊ ထိုလက်ဝါးကြီးဆီသို့ သာသာလေး လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။

အောက်ဝူဖားတို့၏ တန်ခိုးစွမ်းအား တိုက်ခိုက်မှုများကို ပိတ်ဆို့ထားနိုင်ခဲ့သော အင်အားစုကြီးသည်၊ ထိုခဏချင်းမှာပင် အက်ကွဲကြောင်းတစ်ခုအဖြစ် ဆုတ်ဖြဲခြင်း ခံလိုက်ရတော့သည်။

အခန်း (၂၁၂၂) ရှီးမျိုးနွယ်စု၏ နံပါတ်တစ်ကာကွယ်ရေး

နင်ကျောင်းအုပ်ကြီး၏ ပေါ်ပေါက်လာမှုသည် လူအများ၏စိတ်ကို အကြီးအကျယ် တက်ကြွလှုပ်ရှားသွားစေခဲ့သည်။

သို့သော်လည်း သူ၏ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးများကမူ အဘက်ဘက်မှလူများကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ကာ၊ တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်းဖြင့် လှမ်းကြည့်လိုက်ကြမိတော့သည်။

“ရှီးမျိုးနွယ်စုလား… ရှီးမျိုးနွယ်စုရဲ့ အားကောင်းတဲ့သူက ဖန့်ချန်ရဲ့ ခုနစ်ဆောင်နေမင်းခန်းမ လမ်းစဉ်ကို ဖြတ်တောက်ဖို့ ကြံစည်နေတာပေါ့ ဟုတ်လား။”

“ဖန့်ချန်က ဘယ်တုန်းက ရှီးမျိုးနွယ်စုကို သွားပြီး ပြစ်မှားမိလိုက်တာလဲ။”

“ဒီနေရာက ကျောင်းတော်ကြီးလေ၊ တစ်ဖက်လူက ဒီလိုမျိုး လုပ်ရဲတယ်ဆိုတော့… ကိစ္စတွေ အကြီးအကျယ် ဖြစ်သွားမှာကို တကယ်ပဲ မကြောက်ဘူးလား။”

လူသားမျိုးနွယ်စု ကျောင်းတော်၏ သူတော်စင်များသည် ထိတ်လန့်တုန်လှုပ်နေကြသလို၊ တစ်ပြိုင်နက်တည်းမှာပင် သံသယစိတ်များလည်း ဝင်ရောက်နေကြသည်။

ရှီးမျိုးနွယ်စုသည် ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ ထဲတွင် ထိပ်တန်းအဆင့်ရှိသော မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။

ရှီးမျိုးနွယ်စု ကျောင်းတော်သည် ရွှေဟွေးကျောင်းတော်တွင် အခြေခံအုတ်မြစ် နက်ရှိုင်းရုံမျှမက၊ ဒန်းလင်ကျောင်းတော် ဘက်တွင်လည်း အလွန်တရာ ထူးချွန်ပြောင်မြောက်လှသည်။

ခုနစ်ဆောင်နေမင်းခန်းမထဲတွင် ရှီးမျိုးနွယ်စု ကျောင်းသားများ၏ ပုံရိပ်များကို မနည်းမနော မြင်တွေ့နိုင်ပေသည်။

စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်အဆင့်ရှိသော ခုနစ်ဆောင်နေမင်းကျောင်းသားများထဲတွင်ပင် ရှီးမျိုးနွယ်စုမှ ဆင်းသက်လာသူ လေးငါးဦးခန့် ရှိနေပြီး၊ အဆင့်အမြင့်ဆုံးလူဆိုလျှင် ထိပ်တန်း အယောက်သုံးဆယ်စာရင်းထဲ၌ပင် တည်ရှိနေချေသည်။

ထိုသို့သောသူများကိုသာ စစ်မှန်သော ပါရမီရှင် အားကောင်းသူများဟု ခေါ်ဆိုနိုင်ပေလိမ့်မည်၊ သို့သော်လည်း ထိုသူများအားလုံးသည် ဒန်းလင်ကျောင်းတော်တွင်သာ ရှိနေကြပြီး၊ အပြန်အလှန်အားဖြင့် ရွှေဟွေးကျောင်းတော်၏ ရှီးမျိုးနွယ်စု ကျောင်းတော်မှာမူ ဤမျှလောက်အထိ ထူးချွန်ပြောင်မြောက်ခြင်း မရှိသေးချေ။

ကျန်းတောက်ယွဲ့ တို့အုပ်စုသည် ယခုအချိန်တွင် မျက်နှာများ တင်းမာခက်ထန်နေကြပြီး၊ ထိုလက်ဝါးကြီးဆီသို့ သေချာပေါက် စိုက်ကြည့်နေကြသည်။

သူတို့သည် လက်ဦးမှုယူပြီး မတိုက်ခိုက်ကြချေ၊ ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူက လူသားမျိုးနွယ်စု ကျောင်းတော်တွင် ဤမျှအထိ ရဲရဲတင်းတင်း ရိုင်းစိုင်းရဲသည်ဆိုလျှင်၊ အနည်းဆုံးတော့…… ရှီးမျိုးနွယ်စု ကျောင်းတော်၏ ကာကွယ်ရေးဆရာ ဖြစ်ရမည်ကို သူတို့ သိရှိထားသောကြောင့်တည်း။

ထို့ပြင် အောက်ဝူဖားတို့အုပ်စု ပူးပေါင်းတိုက်ခိုက်သည်ကိုပင် ဤလူကို ဘာမှမတတ်နိုင်ကြသည်ကို ကြည့်ခြင်းအားဖြင့်၊ သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှအထိ နက်ရှိုင်းသည်ကို သိသာထင်ရှားလှပေသည်။

ကောင်းကင်နိမိတ်အဆင့်အောက်ရှိ တည်ရှိမှုများအတွက်မူ၊ ဝင်ရောက်တိုက်ခိုက်နေခြင်းသည် ဘာမှ အဓိပ္ပာယ်မရှိတော့ချေ။

ထိုလက်ဝါးကြီးသည် နင်ကျောင်းအုပ်ကြီး၏ စကားကို ပြန်လည်တုံ့ပြန်ခြင်း မရှိဘဲ၊ ထိုခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို ယူဆောင်သွားရန်အတွက် ဆက်လက်၍ အားထုတ်ကြိုးပမ်းနေဆဲ ဖြစ်သည်။

နင်ကျောင်းအုပ်ကြီးသည် ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ၊ နောက်တစ်ကြိမ် တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး၊ လက်ဝါးကြီးကို အလွယ်တကူ ထွက်ခွာသွားခွင့်မပြုဘဲ ပိတ်ဆို့လိုက်တော့သည်။

“နင်ကျောင်းအုပ်ကြီး… ငါတို့လည်း ကူညီပေးမယ်။”

ချင်ဂွေ့ တို့အုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ တပြိုင်နက်တည်း လက်ဦးမှုယူကာ တိုက်ခိုက်လိုက်ကြသည်။

အောက်ဝူဖားကမူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ရှီးမျိုးနွယ်စု ကျောင်းတော်က ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်ဆီးချင်တာလား။ ငါက ဒီနေရာရဲ့ ကြီးကြပ်ရေးမှူးပဲ၊ မင်းတို့ လက်မလျှော့ဘူးဆိုရင်တော့… ဒီကိစ္စကို သေချာပေါက် အထက်ကို တင်ပြပြီး၊ မင်းတို့ ရှီးမျိုးနွယ်စုကို အပြစ်ပေးအရေးယူစေရမယ်။”

လက်ဝါးကြီးသည် ထိုစကားများကို ဂရုမစိုက်ဘဲ ကျောခိုင်းထားဆဲ ဖြစ်ကာ၊ တစ်ဖက်မှ နင်ကျောင်းအုပ်ကြီးတို့အုပ်စု၏ တန်ခိုးစွမ်းအား တိုက်ခိုက်မှုများကို ခုခံရင်း၊ အခြားတစ်ဖက်မှလည်း ကျောင်းတော်၏ အပြင်ဘက်သို့ အတင်းအကျပ် ရုန်းထွက်ပျံသန်းနေခဲ့သည်။

ကျောင်းသားအမြောက်အမြား ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။

ယခုအခါ လူသားမျိုးနွယ်စု ကျောင်းတော်၏ ထိပ်တန်းပညာရှင်များထဲတွင်၊ ထိုကျောင်းအုပ်ကြီးပောာင်း တစ်ဦးတည်းသာ မရှိခြင်းဖြစ်ပြီး၊ ကျန်ရှိနေသောသူများအားလုံးသည် ပူးပေါင်း၍ ခုခံတိုက်ခိုက်နေကြပြီ ဖြစ်သည်။

သို့သော်လည်း ထိုလက်ဝါးကြီးသည် မိမိ၏ တစ်ကိုယ်တော်အင်အားဖြင့်ပင်၊ နင်ကျောင်းအုပ်ကြီး အပါအဝင် ဤမျှလောက်များပြားသော ထိပ်တန်းပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်လျက် အကျပ်အတည်း အခြေအနေတစ်ခုကို ဖန်တီးထားနိုင်ဆဲ ဖြစ်သည်။

အစပိုင်းတွင် နင်ကျောင်းအုပ်ကြီး၏ နည်းဗျူဟာက လက်ဝါးကြီး၏ ပတ်ပတ်လည်တွင် ဝန်းရံနေသော ထိတ်လန့်ဖွယ် အော်ရာများကို ရိုက်ခွဲနိုင်ခဲ့သည်မှလွဲ၍၊ ထိုနောက်ပိုင်းတွင်မူ ဘာအောင်မြင်မှုမျှ ထပ်မံမရရှိတော့ဘဲ၊ လက်ဝါးကြီးကို အမှန်တကယ် မတတ်နိုင်ပဲ ဖြစ်နေကာ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကိုလည်း ပြန်လည်လုယူနိုင်ခြင်း မရှိသေးချေ။

လက်ရှိအချိန်တွင် လက်ဝါးကြီးသည် လက်သီးကို တင်းကြပ်စွာ ဆုပ်ပိတ်ထားပြီး၊ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို လက်ဝါးပြင်ထဲတွင် သေချာပေါက် ညှစ်ဆုပ်ထားခဲ့ချေပြီ။

လူအများ မြင်တွေ့နိုင်သည်မှာ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သည် ရွှေရောင်အလင်းတန်းများကို အစွမ်းကုန် ထုတ်လွှတ်လျက်၊ လက်ချောင်းကြား အက်ကွဲကြောင်းများထဲမှ ဒေါသတကြီး ဖြာထွက်နေခြင်းကိုသာ ဖြစ်သည်။

လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသဖြင့်၊ ထိုလက်ဝါးကြီး၏ အရှင်သခင်သည်လည်း ဒေါသထွက်သွားပုံရသည်။

၎င်းသည် ရုတ်တရက် ကာကွယ်ခြင်းမှ တိုက်စစ်ဆင်ခြင်းသို့ ပြောင်းလဲလိုက်ပြီး၊ ချင်ဂွေ့ တို့အုပ်စုဆီသို့ ပြင်းထန်လှသော လက်သီးတစ်ချက်ဖြင့် ဝုန်းခနဲ လွှဲရိုက်ပစ်လိုက်တော့သည်။

ထိုခဏချင်းမှာပင်၊ တက်ရောက်လာကြသော ကျောင်းသားအားလုံးသည် ထိတ်လန့်ဖွယ်ကောင်းလှသော တိုက်ပွဲနောက်ဆက်တွဲ အရှိန်အဟုန်ကြီးတစ်ခု အာကာသအရပ်ရပ်သို့ ဝေ့ဝဲရိုက်ခတ်သွားသည်ကို ပြင်းထန်စွာ ခံစားလိုက်ရသည်။

ကျောင်းသားတိုင်း၏ အတွင်းကမ္ဘာများသည် အလွန်ကြီးမားသော တုန်ခါမှုကို ခံလိုက်ရချေသည်။

သူတို့သည် ချက်ချင်းပင် စိတ်အာရုံကို တင်းကြပ်စွာ ထိန်းသိမ်းလိုက်ကြပြီး၊ မိမိတို့ အတွင်းကမ္ဘာ၏ အခြေခံအုတ်မြစ်ကို မြဲမြံအောင် တည်ငြိမ်စေလိုက်ကြရသည်။

သူတို့ မော့ကြည့်လိုက်ကြသည့်အခါတွင်မူ၊ ချင်ဂွေ့ တို့အုပ်စုသည် ထိုလက်သီးတစ်ချက်ကြောင့် မိုင်ပေါင်းများစွာ နောက်သို့ လွှင့်ထွက်သွားခဲ့ရသည်ကို မြင်တွေ့လိုက်ရချေပြီ။

သူတို့၏ ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာ တံခါးဝများပေါ်တွင်ပင်၊ သေးငယ်သော အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။

လူအများ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မိကြသလို၊ တစ်ပြိုင်နက်တည်းမှာပင် ဖော်ပြ၍မရသော အရှက်ရသိက္ခာချခံရမှု ခံစားချက်တစ်ခုလည်း ရင်ထဲ၌ လှိုင်းထန်သွားခဲ့ရသည်။

“အတော်လေးကို အစွမ်းထက်တဲ့ နည်းဗျူဟာပဲ၊ ဒါက ကောင်းကင်နိမိတ်အဆင့်ရဲ့ တတိယအဆင့် များ ဖြစ်နေတာလား ”

တုန်းဖန်းဟို့က တိုးတိုးရေရွတ်လိုက်သည်။

တစ်ဖက်လူသည် အထွတ်အထိပ်တာအိုအဆင့် တော့ ဖြစ်နိုင်ခြေမရှိချေ၊ အကယ်၍ အထွတ်အထိပ်တာအိုအဆင့်သာ ဖြစ်ပါက နင်ကျောင်းအုပ်ကြီးတို့အုပ်စုတွင် လုံးဝ ပြန်လည်ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ၊ ကောင်းကင်နိမိတ်အဆင့်၏ တတိယအဆင့်သာ ဖြစ်ပေလိမ့်မည်။

ရှီးမျိုးနွယ်စုသည် မူလကတည်းက လူသားမျိုးနွယ်စုထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလှရာ၊ ကောင်းကင်နိမိတ်တတိယအဆင့်ရှိသော ပညာရှင်တစ်ဦးက လက်ဦးမှုယူ တိုက်ခိုက်လာသည့်အခါ၊ နင်ကျောင်းအုပ်ကြီးတို့အုပ်စုကို ဖိနှိပ်ထားနိုင်ခြင်းသည် တကယ့်ကို သဘာဝကျလှသော အခြေအနေပင် ဖြစ်သည်။

“မင်းက ရှီးမျိုးနွယ်စု ကျောင်းတော်ရဲ့ ဘယ်သူပဲဖြစ်ဖြစ်၊ မင်း အခု အလွယ်တကူနဲ့ ထွက်ပြေးလွတ်မြောက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

ဒီနေရာက လှုပ်ရှားမှုတွေကို ကျောင်းတော်ရဲ့ အထက်လူကြီးတွေ သိရှိသွားကြပြီဖြစ်လို့၊ မကြာခင်မှာ ရောက်လာကြတော့မယ်။”

နင်ကျောင်းအုပ်ကြီးသည် ချင်ဂွေ့ တို့အုပ်စုကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ မျက်လုံးများက အေးစိမ့်စွာဖြင့် ထိုလက်ဝါးကြီးအပေါ်သို့ ကျရောက်သွားခဲ့သည်။

“ငါတို့ လူသားမျိုးနွယ်စု ကျောင်းသားရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို လုယက်တယ်လား၊ ဒီလိုမျိုး ကိစ္စက ကျောင်းတော်ရဲ့ အကြီးအကျယ် ရှင်းလင်းအရေးယူမှုကို ခံရမှာကို တကယ်ပဲ မကြောက်ဘူးလား ”

လက်ဝါးကြီးသည် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်သွားပုံရပြီး၊ လှုပ်ရှားမှုများသည်လည်း တဖြည်းဖြည်း နှေးကွေးသွားခဲ့ရသည်။

အောက်ဝူဖားတို့အုပ်စုသည် ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ၊ မျက်လုံးများက အနည်းငယ် စူးရှသွားခဲ့ကြသည်။

အတိအကျ ဤအချိန်တွင်ပင်၊ လက်ဝါးကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ ယင်းအစား လူတစ်ယောက်၏ ရုပ်အသွင်သဏ္ဌာန်ကို အထင်အရှား မမြင်တွေ့နိုင်သော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သည် ထိုပုံရိပ်၏ ရှေ့မှောက်တွင် ရှိနေခဲ့ပြီး၊ ဖော်ပြ၍မရသော အင်အားတစ်ခု၏ ပိတ်ဆို့ချုပ်နှောင်ခြင်းကို ခံထားရသဖြင့် လှုပ်ရှား၍ မရနိုင်ဘဲ ဖြစ်နေသည်။

လူအများ၏ မျက်နှာအမူအရာက အနည်းငယ် တင်းမာသွားခဲ့ကြသည်။

မျက်စိရှေ့မှောက်က လူသည်၊ သေချာပေါက် ထိုရှီးမျိုးနွယ်စု၏ အားကောင်းသော ပညာရှင်ပင် ဖြစ်ပေလိမ့်မည်။

“နင်ကျောင်းအုပ်ကြီး… ကျွန်တော်က ရှီးမျိုးနွယ်စု ကျောင်းတော်ရဲ့ ကာကွယ်ရေးဆရာ ကော်ယန့်လီ ပါ။”

တစ်ဖက်လူက နင်ကျောင်းအုပ်ကြီးကို ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။

ရှီးမျိုးနွယ်စုရဲ့ ကာကွယ်ရေးဆရာ ကော်ယန့်လီ ဟုတ်လား။

ချင်ဂွေ့ တို့အုပ်စု၏ မျက်နှာအရောင်အဆင်းက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

တောင်ကုန်းအသီးသီးမှ ဆရာများသည်လည်း မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ကြသည်။

ကျောင်းသားဟောင်းအချို့ဆိုလျှင်မူ၊ ကော်ယန့်လီ၏ နောက်ကြောင်းရာဇဝင်ကို ကြားဖူးပုံရပြီး၊ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိလိုက်ရသည့်အခါ၊ မျက်လုံးများထဲတွင် ရှုပ်ထွေးလှသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

ထိုအချိန်တွင် ရှူရှန့်သည် ကိုယ်ဟန်ကို လှုပ်ရှားလိုက်ပြီး၊ ဖန့်ချန် နှင့် ကျန်းတောက်ယွဲ့ တို့အုပ်စု၏ ဘေးနားသို့ ရောက်ရှိလာခဲ့ချေပြီ။

“ကော်ယန့်လီ… ရွှေဟွေးကျောင်းတော်ရဲ့ ရှီးမျိုးနွယ်စု နံပါတ်တစ်ကာကွယ်ရေးပဲ၊ ကောင်းကင်နိမိတ်တတိယအဆင့်ရှိတယ်၊ သူ ငယ်စဉ်တုန်းကလည်း ခုနစ်ဆောင်နေမင်းခန်းမရဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတာ။

စွမ်းအင်စုစည်းခြင်း အလယ်ပိုင်းအဆင့် ရောက်တဲ့အချိန်မှာတင် အထူးအကြောင်းရင်းအချို့ကြောင့် အရည်အချင်း ပယ်ဖျက်ခြင်း ခံခဲ့ရပေမဲ့၊ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း ရောက်တဲ့အခါမှာတော့ တစ်ရှိန်ထိုး ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး ထိပ်တန်း အယောက်သုံးဦးစာရင်းထဲအထိ တက်လှမ်းနိုင်ခဲ့လို့ ကောင်းကင်ငါးပါးကြားထဲမှာ အုန်းအုန်းကျွက်ကျွက် ကျော်ကြားခဲ့တာ။

အဲဒီနောက်ပိုင်းမှာတော့ သူက အဟန့်အတားမရှိ တိုးတက်လာခဲ့ပြီး၊ ကမ္ဘာကြီးအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်၊ ကောင်းကင်နိမိတ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်၊ ယခုအခါ ကောင်းကင်နိမိတ်တတိယအဆင့် ဖြစ်နေပြီဆိုပေမဲ့… ရွှေဟွေးကျောင်းတော်ထဲမှာ အထွတ်အထိပ်တာအိုအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး အရှိဆုံး ကာကွယ်ရေးဆရာတစ်ဦးပဲ။”

ရှူရှန့်သည် ထိုပုံရိပ်ကို အေးစိမ့်စွာ စိုက်ကြည့်ရင်း၊ လူအများထံသို့ စိတ်အာရုံဖြင့် စကားလှမ်းပြောလိုက်သည်။

ကျန်းတောက်ယွဲ့ တို့အုပ်စု၏ စိတ်နှလုံးထဲတွင် အနည်းငယ် လှိုင်းတံပိုးများ ထွက်ပေါ်လာခဲ့ရသည်။

ဤစကားများသည် တည်ငြိမ်နေပုံရသော်လည်း၊ သူတို့၏ စိတ်ထဲတွင်မူ ထစ်ချုန်းလိုက်သော မိုးကြိုးသံကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ မြည်ဟိန်းသွားခဲ့ရသည်။

တစ်ဖက်လူက စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းတုန်းက ခုနစ်ဆောင်နေမင်းခန်းမရဲ့ ထိပ်တန်း သုံးယောက်စာရင်းထဲမှာ ပါဝင်ခဲ့ဖူးတာလား။

ဤသို့သော တိုက်ပွဲအောင်မြင်မှုသည်၊ အထွတ်အထိပ်အဆင့်အထိ တောက်ပလှပခဲ့ဖူးပြီး လောကကြီးတွင် ကျော်ကြားခဲ့ဖူးသည်ဟု ပြောနိုင်ပေသည်။

တစ်ဖက်လူက ဤမျှလောက်အထိ အစွမ်းထက်နေခြင်းသည်လည်း မဆန်းတော့ချေ၊ မိမိ၏ တစ်ကိုယ်တော်အင်အားဖြင့်ပင် နင်ကျောင်းအုပ်ကြီးနှင့် အောက်ဝူဖား စသည့် ကောင်းကင်နိမိတ်သူတော်စင်များကို ဖိနှိပ်ထားနိုင်သည်ကိုး။

“တကယ်ပဲ မင်း ဖြစ်နေတာပဲ”

နင်ကျောင်းအုပ်ကြီး၏ မျက်လုံးထဲတွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

“ပြောစမ်းပါဦး၊ ငါတို့မျိုးနွယ်စုရဲ့ ဒီကျောင်းသားက မင်းကို ဘယ်နေရာမှာ သွားပြီး ပြစ်မှားမိလို့လဲ၊ မင်းက ဘာဖြစ်လို့ သူ့ရဲ့ ခုနစ်ဆောင်နေမင်း လမ်းစဉ်ကို ဖြတ်တောက်ဖို့အထိ အတင်းအကျပ် လုပ်ဆောင်နေရတာလဲ။”

သူက ဖန့်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။

တစ်ဖက်လူသည်လည်း ဖန့်ချန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ၊ သူ၏ ရုပ်အသွင်သဏ္ဌာန်ကို အထင်အရှား မမြင်တွေ့ရသော်လည်း၊ ဖန့်ချန်သည် ဤအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ကောင်းလှသော ဖိအားကြီးတစ်ခု ကျရောက်လာသည်ကို ပြင်းထန်စွာ ခံစားလိုက်ရပြီး အသက်ရှူပင် ကျပ်သွားခဲ့ရသည်။

ရှူရှန့်သည် ထိုအခြေအနေကို အာရုံခံမိလိုက်သဖြင့်၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ကိုယ်တစ်ဝက်ဖြင့် ဖန့်ချန်၏ ရှေ့မှောက်တွင် ကာကွယ်ပေးလိုက်မှသာ၊ ဖန့်ချန်သည် စိတ်ထဲတွင် အတန်ငယ် သက်သာရာရသွားခဲ့တော့သည်။

“နင်ကျောင်းအုပ်ကြီး… ဒီမျိုးဆက်သစ်နောက်လိုက်က ကျွန်တော့်ကို ပြစ်မှားမိတာမျိုး မရှိပါဘူး၊ ကျွန်တော် ဒီလို ပြုလုပ်ရခြင်းကလည်း တကယ်ပဲ မတတ်သာတဲ့ အခြေအနေကြောင့်မို့လို့ပါ၊ နင်ကျောင်းအုပ်ကြီးအနေနဲ့ လက်လွှတ်ပေးဖို့ တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို ယူဆောင်ခွင့်ပြုပါ။

ဒီကိစ္စပြီးရင်လည်း၊ ကျွန်တော် သူ့ကို တစ်စုံတစ်ရာ ပြန်လည်ပေးလျော်ပါ့မယ် ”

ကော်ယန့်လီက အလွန် ယဉ်ကျေးပျော့ပျောင်းစွာ ပြောဆိုလိုက်သည်။

“ပေးလျော်မယ် ဟုတ်လား။ ခုနစ်ဆောင်နေမင်းကျောင်းသားရဲ့ အဆင့်အတန်းကို၊ သာမန် ပေးလျော်မှုလေးတစ်ခုတည်းနဲ့ ပြန်လည်အစားထိုးလို့ ရနိုင်ပါ့မလား။”

နင်ကျောင်းအုပ်ကြီးက အေးစက်စွာ ပြောဆိုလိုက်သည်။

“ဒီလိုမျိုး စကားတွေကို ထပ်ပြီး ပြောမနေနဲ့တော့၊ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို ချန်ထားခဲ့ပြီး မင်း အခုပဲ ထွက်သွားတော့၊ ငါ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးမယ်။”

ကော်ယန့်လီသည် အသက်ရှူကြိမ်အနည်းငယ်ခန့် တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

“ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကိုတော့ ကျွန်တော် လုံးဝ လက်မလွှတ်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ တပည့်အရင်းတစ်ယောက်ဟာ အတွင်းကမ္ဘာတားမြစ်နယ်မြေထဲမှာ အလွန်အမင်းအေးစိမ့်တဲ့ ဒဏ်ရာ ရရှိထားလို့၊ ဒီအရာကို သုံးပြီး ဒဏ်ရာကို ကုသဖို့ လိုအပ်နေတာပါ။

အကယ်၍ ဒီအရာသာ မရှိရင်၊ သူရဲ့ နောင်လာမည့် အနာဂတ်ဟာ လုံးဝ ပျက်စီးသွားရလိမ့်မယ်၊ ကျွန်တော်ကတော့ သူ့ရဲ့ သူတော်စင်လမ်းစဉ် ဖြတ်တောက်ခံရမှာကို ဒီအတိုင်း မျက်စိမှိတ်ပြီး ကြည့်မနေနိုင်ပါဘူး။”

ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်က ဒဏ်ရာကိုပါ ကုသပေးနိုင်တာလား။

လူသားမျိုးနွယ်စုမှ သူတော်စင်အပေါင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။

ဆရာအချို့ပင်လျှင် ဤကိစ္စနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မသိရှိခဲ့ကြချေ၊ ယခုအခါ ကော်ယန့်လီ ပြောပြမှသာလျှင် ထိုအရာကို ဒဏ်ရာကုသရန်အတွက် အသုံးပြုနိုင်သည်ကို သိရှိလိုက်ကြရသည်။

ဖန့်ချန်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက်၊ လှမ်း၍ မေးမြန်းလိုက်သည်။

“စီနီယာ… ရှီးမျိုးနွယ်စုထဲမှာ ခုနစ်ဆောင်နေမင်းကျောင်းသားတွေ မရှိတော့လို့လား။ သူတို့ရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်တွေက စီနီယာတပည့်ရဲ့ ဒဏ်ရာကို မကုသပေးနိုင်လို့လားခင်ဗျာ ”

All Chapters