← Chapters

အခန်း (၂၁၂၃-၂၁၂၄)

Vol. 213 Ch. 2123-2124

အခန်း (၂၁၂၃-၂၁၂၄)

Vol. 213 Ch. 2123-2124

အခန်း (၂၁၂၃) အလွန်အမင်း နှမြောစရာကောင်းလွန်းလို့လား

ကော်ယန့်လီ၏ အကြည့်များသည် ဖန့်ချန်၏အပေါ်သို့ ပြန်လည်ကျရောက်လာခဲ့ပြီး၊ နူးညံ့သိမ်မွေ့သော အသံဖြင့် ရှင်းပြပြောဆိုလိုက်သည်။

“ရှီးမျိုးနွယ်စု ကျောင်းတော်ရဲ့ ခုနစ်ဆောင်နေမင်းကျောင်းသားတွေဟာ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်နဲ့ အထက်မှာပဲ ရှိကြတာ၊ သူတို့ရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်တွေက အတွင်းကမ္ဘာထဲမှာ နှစ်ပေါင်းများစွာ ကျင့်ကြံထားပြီးသား ဖြစ်နေပြီ။ အကယ်၍ တိုက်ရိုက် အတင်းအကျပ် ထုတ်ယူပစ်မယ်ဆိုရင်တော့ အလွန်အမင်း နှမြောစရာကောင်းလွန်းလို့ပါ”

အလွန်အမင်း နှမြောစရာကောင်းလွန်းလို့လား။

ဖန့်ချန်သည် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။

တစ်ဖက်လူက ဆက်လက်၍ ပြောဆိုလိုက်သည်

“မင်းရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကတော့ အခုလေးတင် ချီးမြှင့်ခံရတာဖြစ်ပြီး၊ မင်းရဲ့ အတွင်းကမ္ဘာနဲ့ တစ်သားတည်း ပေါင်းစပ်သွားခြင်း မရှိသေးဘူး။ အကယ်၍ ငါ ယူဆောင်သွားခဲ့ရင်တောင်မှ မင်းရဲ့ အတွင်းကမ္ဘာအတွက် ဘာမှ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု ရှိမှာ မဟုတ်ပါဘူး”

“စကားကတော့ ဒီလိုပြောတာပေါ့၊ တကယ်တော့ ခုနစ်ဆောင်နေမင်းကျောင်းသားတွေရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို အတင်းထုတ်ယူမိရင်၊ ခုနစ်ဆောင်နေမင်းခန်းမဘက်က ကိုယ်တိုင်ကိုယ်ကျ ပေါ်လာပြီး အပြစ်ရှာအရေးယူမှာကို ကြောက်နေတာလေ၊ အဲဒီလိုဆိုရင် ပြဿနာတွေ ဖြစ်လာလိမ့်မယ်မဟုတ်လား”

ရှူရှန့်က ခပ်ဖျော့ဖျော့ ပြုံးလျက် လှောင်ပြောင်လိုက်သည်။

ကော်ယန့်လီသည် ရှူရှန့်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သော်လည်း ဂရုစိုက်မနေဘဲ၊ ဖန့်ချန်ဘက်သို့သာ လှမ်းမြော်ကြည့်လိုက်သည်။

“ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်က မင်းရဲ့ အရာဝတ္ထုပဲ၊ ဒီလိုလုပ်ကြရအောင်… ငါ မင်းနဲ့ တိုက်ရိုက် အရောင်းအဝယ် လုပ်မယ်။

စင်ကြယ်သောဗောဓိသီး သုံးလုံးကို သုံးပြီး ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်နဲ့ လဲလှယ်မယ်၊ ဘယ်လိုလဲ”

“စင်ကြယ်သောဗောဓိသီး သုံးလုံး ဟုတ်လား”

ဖန့်ချန်၏ မျက်နှာအမူအရာက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

ရှူရှန့်သည် သူ၏ စိတ်ကူးကို ရိပ်မိပုံရသဖြင့်၊ တည်ငြိမ်စွာ ဝင်ရောက်ပြောဆိုလိုက်သည်။

“ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ဆိုတာ လူတစ်ယောက်မှာ တစ်ခုတည်းပဲ ရှိတာ၊ မင်း နောင်တစ်ချိန် အရည်အချင်း အပယ်ခံရရင်တောင်မှ၊ အဲဒီအရာက ခုနစ်ဆောင်နေမင်းခန်းမဆီကိုပဲ ပြန်ရောက်သွားမှာ။

မင်း နောက်တစ်ကြိမ် ထပ်ပြီး အဆင့်တက်လှမ်းနိုင်တဲ့အခါ၊ မင်းရဲ့အပေါ်ကိုပဲ ပြန်ပြီး ကျရောက်လာလိမ့်မယ်။

ဒါပေမဲ့ မင်းကသာ အရောင်းအဝယ်လုပ်ပြီး အပြင်ကို လွှဲပြောင်းပေးလိုက်မယ်ဆိုရင်တော့၊ အခြားလူတွေက ရတနာအဖြစ် မျိုချသုံးစွဲပြီး ဒဏ်ရာကုသဖို့ သုံးပစ်ကြလိမ့်မယ်။

ဒါဆိုရင် မင်းဟာ နောင်တစ်ချိန်မှာ ခုနစ်ဆောင်နေမင်းခန်းမထဲကို ဘယ်တော့မှ ထပ်ပြီး ဝင်ဆံ့နိုင်တော့မှာ မဟုတ်ဘူး”

“ဒီရောင်းဝယ်မှုကိုတော့ လုပ်လို့ မဖြစ်ဘူး”

အောက်ဝူဖားကလည်း ဖန့်ချန်ကို ကြည့်ကာ ခေါင်းခါယမ်းပြလိုက်ပြီးနောက်၊ ကော်ယန့်လီကို အေးစိမ့်စွာ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

တစ်ဖက်လူက သူ ကြီးကြပ်ကွပ်ကဲနေသည့် ကျောင်းတော်ထဲတွင် ဤကဲ့သို့ ကိစ္စမျိုးကို ပြုလုပ်ဝံ့သည်ဆိုကတည်းက၊ ရန်ငြိုးရန်စကတော့ သေချာပေါက် အမြစ်တွက်သွားခဲ့ချေပြီ။

“ဒီလိုဆိုရင်တော့… မျိုးဆက်သစ်နောက်လိုက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို ရောင်းချလို့ မရပါဘူးခင်ဗျာ၊ စီနီယာအနေနဲ့ အခြားနည်းလမ်းကိုသာ ထပ်ပြီး ရှာဖွေပါဦး”

ဖန့်ချန်က ကော်ယန့်လီကို လက်အုပ်ချီ၍ ရိုသေစွာ ပြောဆိုလိုက်သည်။

ကော်ယန့်လီသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ငါက မင်းကို သဘောထားတောင်းခံနေတာ မဟုတ်ဘူး၊ မင်းကို အသိပေးရုံသက်သက်ပဲ။ ဒီကိစ္စပြီးရင် ငါ လူကို လွှတ်ပြီး စင်ကြယ်သောဗောဓိသီး သုံးလုံးကို လာပို့ခိုင်းလိုက်မယ်။

ယူတာ၊ မယူတာကတော့ မင်းရဲ့ အပိုင်းပဲ”

ပြောပြီးသည်နှင့်၊ သူက ဝတ်ရုံလက်စက္ကို ဝှေ့ယမ်းလိုက်ရာ၊ သူ၏နောက်ကွယ်ရှိ အတွင်းကမ္ဘာသည် ခဏချင်းမှာပင် ထွက်ပေါ်လာခဲ့ပြီး၊ တစ်ချက်တည်းဖြင့်ပင် မျက်စိရှေ့မှောက်က ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို ဝါးမြိုလွှမ်းခြုံသွားခဲ့တော့သည်။

“ကော်ယန့်လီ… မင်း တကယ်ပဲ ဥပဒေမဲ့ လွန်လွန်းသွားပြီ”

အောက်ဝူဖားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချင်ဂွေ့ တို့အုပ်စုသည်လည်း နောက်တစ်ကြိမ် ရှေ့သို့ တက်လှမ်းလာကြပြီး၊ ကော်ယန့်လီကို သေချာပေါက် စိုက်ကြည့်လိုက်ကြသည်။

ဖန့်ချန်က သူတို့၏ တပည့်အရင်း မဟုတ်သော်လည်း၊ လူသားမျိုးနွယ်စု၏ အကျိုးစီးပွားသည် အတူတူပင် ဖြစ်ချေသည်။

ယနေ့တွင် ပြင်ပမျိုးနွယ်စုက တံခါးဝအထိ တက်လှမ်းလာပြီး လူသားမျိုးနွယ်စု ကျောင်းသား၏ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို လုယက်ရန် ကြံစည်နေကြသည်ဖြစ်ရာ၊ သူတို့ သေချာပေါက် သဘောထားတစ်ခု ပြသရပေမည်။

မဟုတ်ပါက၊ လူသားမျိုးနွယ်စု၏ မျက်နှာက ဘယ်မှာ ရှိတော့မည်နည်း။ အကျိုးစီးပွားကိုကော ဘယ်လို ကာကွယ်စောင့်ရှောက်မည်နည်း။

နင်ကျောင်းအုပ်ကြီး၏ မျက်နှာသည်လည်း တဖြည်းဖြည်း မည်းမှောင်သွားခဲ့ရသည်။

“ကော်ယန့်လီ… မင်း ဒီထက်မလွန်နဲ့၊ ဒီနေရာက ရွှေဟွေးကျောင်းတော်ကြီးလေ၊ မင်းရဲ့ လှုပ်ရှားမှု တိုင်းအတွက် မင်း သေချာပေါက် တာဝန်ယူရလိမ့်မယ်”

“နင်ကျောင်းအုပ်ကြီး… မင်းတို့အားလုံး ပူးပေါင်းတိုက်ခိုက်ရင်တောင်မှ၊ ကျုပ်ရဲ့ ပြိုင်ဘက် ဖြစ်လာစရာ အကြောင်း လုံးဝမရှိဘူး။

ခုနက တိုက်ခိုက်မှုမှာ၊ ကျုပ်က အားလုံးဟာ ကျောင်းတော်ရဲ့ သူတော်စင်တွေဖြစ်လို့ မျက်နှာထောက်ထားတဲ့ အနေနဲ့၊ စွမ်းအား သုံးပုံတစ်ပုံလောက်ပဲ ထုတ်သုံးခဲ့တာ”

ကော်ယန့်လီက ခပ်ဖွဖွ ပြုံးလိုက်သည်

“အကယ်၍ မင်းက အတင်းအကျပ် တိုက်ခိုက်ဦးမယ်ဆိုရင်တော့… မင်းရဲ့ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်ကို ထိခိုက်သွားရလိမ့်မယ်”

“ဒီလိုလား… ငါကလည်း မင်းနဲ့ အစွမ်းကုန်၊ စိတ်ကြိုက် ဝင်ရောက်ယှဉ်ပြိုင် တိုက်ခိုက်ကြည့်ချင်နေတာနဲ့ အတော်ပဲပေါ့”

နင်ကျောင်းအုပ်ကြီး၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

ကော်ယန့်လီ၏ မျက်လုံးထဲက ရယ်မောချင်စိတ်များက ပိုမိုသိသာထင်ရှားလာခဲ့သည်။

“ဒါဆိုရင်လည်း စမ်းသပ်ကြည့်ကြတာပေါ့”

စကားပြောနေစဉ်မှာပင်၊ သူက အတွင်းကမ္ဘာကို မောင်းနှင်လျက် ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

“ငါ မင်းကို စောင့်နေမယ်”

“နင်ကျောင်းအုပ်ကြီး… ဒီလူက အလွန်ရိုင်းစိုင်းလွန်းတယ်”

ချင်ဂွေ့ တို့အုပ်စုသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးကပ်လာကြသည်။

“ငါတို့အားလုံး အတူတူ ပူးပေါင်းကြစို့”

အောက်ဝူဖား၏ မျက်နှာက သံမဏိရောင်ကဲ့သို့ တင်းမာခက်ထန်နေခဲ့သည်၊ ကော်ယန့်လီ၏ ဤသို့သော လုပ်ရပ်သည် လူသားမျိုးနွယ်စု ကျောင်းတော်၏ မျက်နှာကို ရိုက်နှက်လိုက်ခြင်းသာမက၊ သူ၏ မျက်နှာကိုပါ ပက်ပက်စက်စက် ရိုက်နှက်လိုက်ခြင်း ဖြစ်ပေသည်။

“မင်းတို့က ကောင်းကင်နိမိတ်ဒုတိယအဆင့်တွေပဲ ရှိသေးတာမို့လို့၊ ငါ့ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ငါ ကိုယ်တိုင် သွားပြီး သူ့ကို ရင်ဆိုင်လိုက်မယ်၊ မင်းတို့ ဒီနေရာမှာပဲ စောင့်ဆိုင်းနေကြပါ”

နင်ကျောင်းအုပ်ကြီးသည် ချင်ဂွေ့ တို့အုပ်စု၏ ပူးပေါင်းတိုက်ခိုက်မည့် တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပြီး၊ အတွင်းကမ္ဘာကို တိုက်ရိုက် မောင်းနှင်လျက် ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။

ချင်ဂွေ့ တို့အုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ အဆုံး၌ သူတို့သည်လည်း အသီးသီး အတွင်းကမ္ဘာကို မောင်းနှင်လျက် ဟင်းလင်းပြင်ထဲသို့ လိုက်ပါတိုးဝင်သွားကြတော့သည်။

ပူးပေါင်းမတိုက်ခိုက်နိုင်ရင်တောင်မှ၊ သူတို့သည် နင်ကျောင်းအုပ်ကြီးနှင့် ကော်ယန့်လီတို့၏ တန်ခိုးစွမ်းအား ပြိုင်ပွဲက ဘယ်လိုမျိုး အခြေအနေ ရှိမည်ကို သေချာပေါက် ကြည့်ရှုရပေမည်။

“ငါတို့လည်း သွားကြည့်ကြရအောင်၊ ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ပဲလေ”

ရှူရှန့်က ဖန့်ချန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။

ဖန့်ချန်က ခေါင်းကို သာသာညိတ်လိုက်ပြီး၊ အတွင်းကမ္ဘာကို မောင်းနှင်လျက် ဟင်းလင်းပြင်ထဲသို့ တိုးဝင်လိုက်တော့သည်။

မေဒေါင်ကွမ်း တို့အုပ်စုသည် တစ်ချိန်လုံး ဖန့်ချန်၏ မျက်နှာအမူအရာကို စောင့်ကြည့်နေခဲ့ကြရာ၊ သူ၏ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်က ပြင်ပမျိုးနွယ်စု၏ လက်ထဲသို့ ကျရောက်သွားခဲ့ရသည်တိုင်အောင်၊ ဘာထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်မျှ ပြသခြင်းမရှိသည်ကို တွေ့ရှိလိုက်ရသဖြင့်၊ သူတို့၏ စိတ်ထဲတွင် ဖန့်ချန်သည် အတင်းအကျပ် ဟန်ဆောင်အောင့်အီး ထားခြင်းသာ ဖြစ်သည်ဟု မလွဲမသွေ ထင်မြင်မိကြတော့သည်။

အကယ်၍ သူတို့သာဆိုလျှင်၊ ထိုကဲ့သို့ အနာဂတ်နှင့် သက်ဆိုင်နေသော အရာဝတ္ထုကိုသာ အလုခံရမည်ဆိုပါက၊ နောင်တစ်ချိန်တွင် ပြန်လည်လုယူနိုင်မည့် အခွင့်အရေး ရှိနေဦးမည်ဖြစ်ခဲ့ရင်တောင်မှ၊ ယခုအချိန်တွင် ဤမျှလောက်အထိ တည်ငြိမ်အေးဆေးစွာ နေနိုင်ကြမည် မဟုတ်ချေ။

‘သူ သေချာပေါက် စိတ်ထဲမှာ ဂရုစိုက်နေမှာပါ၊ ဒါက ဟန်ဆောင်နေတာ သက်သက်ပဲ’

ကျိလင်က သွားကို တင်းကြပ်စွာ ကြိတ်လိုက်ပြီး၊ တုန်းဖန်းဟို့ တို့နှင့်အတူ ဟင်းလင်းပြင်ထဲသို့ လိုက်ပါတိုးဝင်သွားခဲ့သည်။

ဟင်းလင်းပြင်ထဲတွင်မူ၊ ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့ကြသည်။

သူတို့ ဤနေရာသို့ ရောက်ရှိလာကြသည့် အချိန်တွင်၊ ကော်ယန့်လီနှင့် နင်ကျောင်းအုပ်ကြီးတို့၏ တန်ခိုးစွမ်းအား ပြိုင်ပွဲက မူလကတည်းက စတင်နေခဲ့ချေပြီ။

နှစ်ဖက်စလုံး၏ တိုက်ပွဲက အလွန်တရာ ပြင်းထန်လှသည်၊ သို့သော်လည်း……

မြင်ကွင်းကမူ တစ်ဖက်သတ် အခြေအနေ ဖြစ်နေခဲ့ရသည်။

သူတို့၏ စိတ်နှလုံးထဲတွင်၊ ကျောင်းအုပ်ကြီးဟောင်း၏ အောက်၌ နံပါတ်တစ်ပညာရှင် ဖြစ်သော နင်ကျောင်းအုပ်ကြီးသည်၊ ရှီးမျိုးနွယ်စု ကျောင်းတော်၏ နံပါတ်တစ်ကာကွယ်ရေးကို ရင်ဆိုင်ရသည့်အခါတွင်၊ မမျှော်လင့်ဘဲ ကာကွယ်ခြင်းဘက်မှသာ အတင်းအကျပ် တုံ့ပြန်နေရပြီး၊ တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာပျက်စီးနေခဲ့ရသည်။

ကော်ယန့်လီ၏ တန်ခိုးစွမ်းအား အရှိန်အဝါသည် နင်ကျောင်းအုပ်ကြီးထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလှသည်။

သာမန် လှုပ်ရှားမှု တစ်ချက်တည်းဖြင့်ပင်၊ တက်ရောက်လာကြသော သူတော်စင်များကို စိတ်လှုပ်ရှားတုန်လှုပ်သွားစေမည့် စွမ်းပကားများကို ထုတ်လွှတ်နေခဲ့သည်။

ဤမျှလောက်သော အချိန်တိုလေးအတွင်းမှာတင်၊ နင်ကျောင်းအုပ်ကြီး၏ အတွင်းကမ္ဘာသည် အတန်ငယ် ယိုင်နဲ့ယိမ်းထိုးလာခဲ့ရပြီး၊ အော်ရာများသည်လည်း စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့ရချေပြီ။

ရွှီကာကွယ်ရေး နှင့် သူ၏ တပည့်ဖြစ်သူ တုန်းဖန်းဟို့တို့ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ မျက်နှာအရောင်အဆင်းက အလွန်အမင်း ရုပ်ဆိုးအကျည်းတန်သွားခဲ့ရသည်။

“နင်ကျောင်းအုပ်ကြီးရဲ့ စွမ်းရည်ကလည်း… ကောင်းကင်နိမိတ်တတိယအဆင့် မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကော်ယန့်လီနဲ့ ဒီလောက်တောင် ကွာခြားချက် ကြီးမားနေရတာလဲ……”

ကျိုကျိတောင်တန်း မှ ရွှေရှင်းး က တိုးတိုးရေရွတ်လိုက်မိသည်။

သူ့ဘေးနားက ထိုက်ရှီဝမ်းကျန်း တို့အုပ်စုသည်လည်း ဤမေးခွန်းကို ပြန်လည်မဖြေကြားနိုင်ကြချေ။

သူတို့သည် ကောင်းကင်နိမိတ်အဆင့်နှင့် ယှဉ်လျှင်၊ ဝေးကွာလှသော လမ်းကြောင်းကြီးတစ်ခု ကျန်ရှိနေသေးသည်မဟုတ်လား။

“ရှီးမျိုးနွယ်စု ကျောင်းတော်ရဲ့ နံပါတ်တစ်ကာကွယ်ရေးဆရာကတော့၊ သတင်းကြီးတဲ့အတိုင်း တကယ်ပဲ နာမည်ကျော်ထိုက်တာပဲ”

ဝေကွမ်ရှောင်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့ပြီး၊ ဝေလျန့်ယွမ်ထံသို့ စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။

“အစ်ကိုကြီး… အကယ်၍ ဒီနေ့ ဖန့်ချန်ရဲ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သာ လုယက်ခြင်း ခံလိုက်ရရင်၊ ကရုဏာတောင်တန်းရဲ့ အမွေအနှစ်ကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ၊ ဒါက ကောင်းတဲ့ ကိစ္စပဲမဟုတ်လား”

“နောင်ကျရင် ဒီလိုမျိုး ကိစ္စတွေကို၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြောစမ်းပါ၊ ကာကွယ်ရေးဆရာတွေ ဒီလောက်အများကြီး ရှိနေတာကို၊ ထုတ်ပြီး မပြောနဲ့တော့”

ဝေလျန့်ယွမ်က စိတ်အာရုံဖြင့် ကြိမ်းမောင်းလိုက်သည်။

ထို့နောက်တွင် သူသည် ကော်ယန့်လီနှင့် နင်ကျောင်းအုပ်ကြီးတို့ကြားက တန်ခိုးစွမ်းအား ပြိုင်ပွဲကို တိတ်ဆိတ်စွာ ဆက်လက်စောင့်ကြည့်နေခဲ့သည်။

သူတို့ကဲ့သို့ ကမ္ဘာကြီးအဆင့် သူတော်စင်များအတွက်မူ၊ ကောင်းကင်နိမိတ်သူတော်စင်များ၏ တန်ခိုးစွမ်းအားပြိုင်ပွဲကို ဤသို့ လေ့လာစောင့်ကြည့်ခွင့်ရရန်မှာ မလွယ်ကူလှချေ။

သေချာစွာ စောင့်ကြည့်လေ့လာပါက၊ ကံကောင်းလျှင် မိမိတို့၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အနည်းနဲ့အများ အထောက်အကူ ရရှိနိုင်ပေသည်။

“မင်းနဲ့ ဆက်ပြီး မကစားတော့ဘူး”

ကော်ယန့်လီက ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်ပြီး၊ ထို့နောက်တွင် ထိတ်လန့်ဖွယ်ကောင်းလှသော အပြာရောင်အလင်းတန်းကြီးတစ်ခု သူ၏ အတွင်းကမ္ဘာထဲမှ ဝုန်းခနဲ ဝေ့ဝဲထွက်ပေါ်လာခဲ့သည်။

ထိုအလင်းတန်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသဖြင့်၊ နင်ကျောင်းအုပ်ကြီးနှင့် သူ၏ အတွင်းကမ္ဘာသည် ခေတ္တမျှ နေရာတွင်တင် ပိတ်ဆို့ချုပ်နှောင်ခြင်း ခံလိုက်ရပြီး၊ လုံးဝ လှုပ်ရှား၍ မရနိုင်ဘဲ ဖြစ်သွားခဲ့ရသည်။

အဲဒီနောက်မှာတော့…… လူအများ ထိတ်လန့်တုန်လှုပ်စွာဖြင့် မြင်တွေ့လိုက်ရသည်မှာ၊ နင်ကျောင်းအုပ်ကြီး၏ အတွင်းကမ္ဘာသည် တစ်စစီ စတင်၍ ပြိုကွဲပျက်စီးနေခဲ့ရချေပြီ။

“ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို၊ ငါ့ကို ယူဆောင်သွားခွင့် ပြုနိုင်မလား”

ကော်ယန့်လီက အေးစိမ့်သော အသံဖြင့် မေးမြန်းလိုက်သည်။

နင်ကျောင်းအုပ်ကြီး၏ ဆံပင်များသည် ရေတံခွန်အမည်းရောင်ကဲ့သို့ ဖရိုဖရဲ ဖျာထွက်နေခဲ့ပြီး၊ မျက်လုံးများက အေးစက်စွာဖြင့် ကော်ယန့်လီကို စိုက်ကြည့်နေကာ၊ ဘာမှ ပြန်လည်တုံ့ပြန်ခြင်း မရှိချေ။

ကော်ယန့်လီသည် ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ၊ နောက်တစ်ကြိမ် အပြာရောင်အလင်းတန်းကို တွန်းအားပေးလိုက်ပြန်သည်။

နင်ကျောင်းအုပ်ကြီး၏ အတွင်းကမ္ဘာ ပြိုကွဲပျက်စီးမှု နှုန်းက ပိုမိုမြန်ဆန်လာခဲ့ရချေပြီ။

“ဒါက ရှီးမျိုးနွယ်စု ကျောင်းတော်ထဲက အထွတ်အထိပ် တန်ခိုးစွမ်းအားဖြစ်တဲ့၊ မဟာအာဏာစက်နတ်ဘုရားအလင်းတန်း ပဲ”

ရှူရှန့်၏ မျက်လုံးထဲတွင် လေးနက်တည်ကြည်မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

“ဒီအတိုင်းသာ ဆက်သွားရင်၊ နင်ကျောင်းအုပ်ကြီးရဲ့ အတွင်းကမ္ဘာက တိုက်ရိုက်ကို တစ်စစီ ပြိုကွဲသွားလိမ့်မယ်။

ရှီးမျိုးနွယ်စု ကော်ယန့်လီရဲ့ နည်းဗျူဟာက အတော်လေးကို အာဏာရှင်ဆန်လွန်းတယ်၊ သူက ကျောင်းတော်ကြီးက သူ့ကို အပြစ်ပေးအရေးယူမှာကို တကယ်ပဲ မကြောက်ဘူးလား။”

ကျန်းတောက်ယွဲ့ တို့အုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ မျက်နှာအရောင်အဆင်းက ပိုမို၍ ရုပ်ဆိုးအကျည်းတန်လာခဲ့ရသည်။

ဒါဆိုရင် ယနေ့ ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို တကယ်ပဲ မကာကွယ်နိုင်တော့ဘူးလား။

ဘာဖြစ်လို့ ကျောင်းတော်ရဲ့ အထက်လူကြီးတွေက၊ ယခုအချိန်အထိ ပေါ်မလာကြသေးတာလဲ။

အောက်ဝူဖားသည် ဤအခိုက်အတန့်တွင်၊ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားခဲ့မိရာ၊ မျက်နှာအမူအရာက ထူးဆန်းစွာ ရုပ်ဆိုးသွားခဲ့ရသည်။

သူသည် အကြောင်းအရာတစ်ခုကို တွေးမိသွားခြင်း ဖြစ်သည်။

ကရုဏာတောင်တန်းသည် ကျောင်းတော်၏ အဆင့်မြင့်အရာရှိကြီး တစ်ဦးဦးကို သွားရောက်ပြစ်မှားမိထားပုံရသည်။

ယနေ့ ကော်ယန့်လီ ထိုနေရာသို့ လာရောက်ခြင်းက… တစ်စုံတစ်ယောက်၏ ညွှန်ကြားချက်ကို ရရှိထားလို့များလား။

အခန်း (၂၁၂၄) ငါတို့… ယင်လောကမှာ တွေ့ကြတာပေါ့

နင်ကျောင်းအုပ်ကြီး၏ အတွင်းကမ္ဘာသည် တစ်စစီ ပြိုကွဲပျက်စီးနေသည်ကို မြင်လိုက်ရသည့်အခါ၊ လူသားမျိုးနွယ်စု ကျောင်းတော်၏ ကာကွယ်ရေးဆရာများနှင့် တောင်တန်းအသီးသီးမှ ဆရာများအားလုံးသည် ဤမြင်ကွင်းကို စိုးရိမ်တကြီးဖြင့်သာ ကြည့်နေနိုင်ကြတော့သည်။

သူတို့သည် ယခုအချိန်တွင် ကော်ယန့်လီကို ဒေါသတကြီး စိုက်ကြည့်နေရုံမှတစ်ပါး၊ ထိုအရာကလွဲ၍ အခြားနည်းလမ်း လုံးဝမရှိတော့ချေ။

သူတော်စင်များဖြစ်ကြပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြသည့်တိုင်၊ သူတို့သည် သူတော်စင်တစ်ယောက်အနေဖြင့် ဤမျှလောက်အထိ အင်အားမဲ့မှုကို ပထမဦးဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

တစ်ဖက်လူသည် ရှီးမျိုးနွယ်စု ကျောင်းတော်၏ ကာကွယ်ရေးဆရာတစ်ဦးမျှသာ ရှိသေးသည်၊ ကျောင်းအုပ်ကြီး မဟုတ်သလို၊ ကျောင်းတော်ချုပ်လည်း မဟုတ်သေးချေ။ သို့သော်လည်း သူ၏ ကိုယ်ပိုင်အစွမ်းတစ်ခုတည်းဖြင့်ပင် လူသားမျိုးနွယ်စုဘက်ကို ခေါင်းမဖော်နိုင်လောက်အောင် ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ဤအခြေအနေသည် လူသားမျိုးနွယ်စုသည် ဟင်းလင်းပြင်၏ ထိပ်တန်းအင်အားကြီး မျိုးနွယ်စုများထက် မနိမ့်ကျဟု အမြဲတစေ ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသော လူသားမျိုးနွယ်စု သူတော်စင်များ၏ စိတ်ထဲတွင် အင်အားမဲ့မှု အရိပ်အယောင်တစ်ခုကို ဖြစ်ပေါ်စေခဲ့ရသည်။

ဒါက တကယ်ပဲ အခြေခံအုတ်မြစ်ချင်း ကွာခြားချက်ရဲ့ ကွာဟမှုကြီးလား။

“နင်ကျောင်းအုပ်ကြီး… မင်းက ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို လက်မလွှတ်ချင်သေးတာပဲလား”

ကော်ယန့်လီက မျက်မှောင်ကြုတ်လျက် -

“ဒီလို ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ် အသေးအဖွဲလေးတစ်ခုက၊ ကောင်းကင်နိမိတ်တတိယအဆင့် ပညာရှင်ဖြစ်တဲ့ မင်းနဲ့ ယှဉ်နိုင်ပါ့မလား။

အကယ်၍ မင်းရဲ့ အခြေခံအုတ်မြစ်သာ တကယ်ပဲ ပျက်စီးသွားမယ်ဆိုရင်၊ ခုနစ်ဆောင်နေမင်းခန်းမက ကျောင်းသား နှစ်ယောက်၊ သုံးယောက်လောက် ရှိရင်တောင်မှ မင်းလောက် တန်ဖိုးရှိမှာ မဟုတ်ဘူး”

ကော်ယန့်လီ ပြောနေသည်မှာ မှန်ကန်ကြောင်း လူတိုင်း သိကြပေသည်။

ခုနစ်ဆောင်နေမင်းခန်းမက ကျောင်းသားဆိုသည်မှာ ကျောင်းသားအဆင့်သာ ရှိသေးသည်။

နင်ကျောင်းအုပ်ကြီးကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာမူ၊ စစ်မြေပြင်အလီလီကို ဖြတ်သန်းလာခဲ့ပြီးသား အင်အားကြီး ပညာရှင် ဖြစ်ပေသည်။

နောင်တစ်ချိန်တွင် ကျင့်ကြံခြင်း အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ရှိပြီး၊ လူသားမျိုးနွယ်စုအတွက် နယ်မြေတစ်ခုကို အခိုင်အမာ စောင့်ရှောက်ပေးနိုင်မည့်သူ ဖြစ်သည်။

သူ၏ တန်ဖိုးမှာ ယခုမှ ခုနစ်ဆောင်နေမင်း ကျောင်းသားအဆင့်ဖြစ်လာသည့် ဖန့်ချန်ထက် သေချာပေါက် အဆပေါင်းများစွာ ပိုမိုမြင့်မားလှပေသည်။

“ဆရာ… ဒီလိုပဲ ထားလိုက်ပါတော့လား…… ဒီအကြွေးကို၊ ငါတို့ နောင်ကျမှ ပြန်ဆပ်ဖို့ နည်းလမ်းရှာကြတာပေါ့”

ရွှီကာကွယ်ရေးက မနေနိုင်ဘဲ စိတ်အာရုံဖြင့် လှမ်း၍ အကြံပြုလိုက်သည်။

ချင်ဂွေ့ တို့အုပ်စုသည်လည်း ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့ကြပြီးနောက်၊ နင်ကျောင်းအုပ်ကြီးသည် တစ်ဖက်လူ၏ နည်းဗျူဟာကို တကယ်ပင် တောင့်ခံနိုင်ခြင်း မရှိတော့သည်ကို မြင်လိုက်ရသဖြင့်၊ သူတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် စိတ်အာရုံဖြင့် လှမ်း၍ ပြောဆိုလိုက်ကြတော့သည်။

‘စိမ်းလန်းတဲ့တောင်ပူစာ ကျန်ရှိနေသရွေ့ ထင်းအတွက် ပူစရာမလိုဘူး’ ဆိုသကဲ့သို့ပင်။

အကယ်၍ နင်ကျောင်းအုပ်ကြီးသာ ဤကိစ္စကြောင့် အခြေခံအုတ်မြစ် ထိခိုက်ပျက်စီးသွားခဲ့မည်ဆိုပါက၊ ရွှေဟွေးကျောင်းတော်ကြီး၏ လူသားမျိုးနွယ်စု ကျောင်းတော်သည် သေချာပေါက် ပြင်းထန်စွာ ထိုးနှက်ချက် ခံရပေလိမ့်မည်။

အောက်ဝူဖား၏ မျက်နှာက သံမဏိရောင်ကဲ့သို့ တင်းမာခက်ထန်နေခဲ့ပြီး၊ စိတ်ထဲတွင်လည်း အဆက်မပြတ် ဆဲရေးတိုင်းထွာနေမိသည်။

သူ ယခုတော့ အခြေအနေကို သေချာပေါက် နားလည်သွားခဲ့ချေပြီ၊ ဒါက လူသားမျိုးနွယ်စု ကျောင်းတော်ကို တမင်တကာ ဦးတည်ပြီး နှိမ်နှင်းဖိနှိပ်လိုက်ခြင်းသာ ဖြစ်သည်။

သူ အောက်ဝူဖားမှာမူ၊ ကြားညှပ်ပြီး ပတ်သက်သွားရခြင်း သက်သက်သာ ဖြစ်ပေသည်။

အကယ်၍ ယနေ့တွင် ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်သာ ကော်ယန့်လီ၏ လုယက်ခြင်းကို တကယ် ခံလိုက်ရပြီး၊ ဤကိစ္စကြီးက အပြင်သို့ ပြန့်နှံ့သွားခဲ့မည်ဆိုပါက၊ သူ၏ ကြီးကြပ်ရေးမှူးဟူသော ရာထူးသည် ကျောင်းတော်ကြီးအတွင်း၌ ဟာသတစ်ခု ဖြစ်လာရုံတင်မက၊ အခြားသော ကျောင်းတော်ကြီးများကြားတွင်ပါ လှောင်ပြောင်စရာ အကောင်အထည် ဖြစ်လာပေလိမ့်မည်။

“နင်ကျောင်းအုပ်ကြီး… ကျုပ် အခုအချိန်အထိ စွမ်းအား ခုနစ်ပုံလောက်ပဲ ထုတ်သုံးရသေးတာ၊ မင်းက ကျုပ်ကို ကိုးပုံလောက်အထိ တကယ်ပဲ ထုတ်သုံးခိုင်းချင်တာလား”

ကော်ယန့်လီက နောက်တစ်ကြိမ် ဖိအားပေးလိုက်ပြန်သည်။

နင်ကျောင်းအုပ်ကြီးသည် ကော်ယန့်လီကို သေချာပေါက် စိုက်ကြည့်နေခဲ့ပြီး၊ အတွင်းကမ္ဘာထဲတွင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ အဆက်မပြတ် ဝေ့ဝဲထွက်ပေါ်နေသော်လည်း၊ တစ်ဖက်လူ၏ မဟာအာဏာစက်နတ်ဘုရားအလင်းတန်းကို မနည်းတောင့်ခံပြီး ခုခံနေရုံသာ တတ်နိုင်ပေသည်။

သူက နှေးကွေးစွာဖြင့် ပြောဆိုလိုက်သည်

“ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ရဲ့ တန်ဖိုးက… မင်း စိတ်ကူးထားတာထက် ပိုပြီး မြင့်မားတယ်”

ဒါဆိုရင် ဒီခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်မှာ၊ အခြားသော နောက်ခံအကြောင်းအရင်းတွေ ရှိနေသေးတာလား။

လူသားမျိုးနွယ်စု သူတော်စင်အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။

ကော်ယန့်လီသည်လည်း မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူ၏ အတွင်းကမ္ဘာထဲတွင် ပိတ်ဆို့ချုပ်နှောင်ထားသည့် ထိုခုနစ်ဆောင်နေမင်း အမှတ်တံဆိပ်ကို မသိစိတ်အရ တစ်ချက် လှမ်းကြည့်လိုက်မိသည်။

“ဒါက လူသားမျိုးနွယ်စုရဲ့ ကျောရိုးပဲ”

“အကယ်၍ ဒီနေ့ ငါက အလျှော့ပေးပြီး၊ ဒါကို မင်းလက်ထဲ အပ်လိုက်မယ်ဆိုရင်၊ အဲဒါက လူသားမျိုးနွယ်စုရဲ့ ကျောရိုးကို ငါ့လက်နဲ့ကိုယ်တိုင် ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲ”

“ငါ အသက်ရှင်နေသရွေ့တော့… မင်း ဒါကို ယူသွားနိုင်မယ်လို့ ထင်နေလား”

ဤသို့ ပြန်လည်မေးခွန်းထုတ်လိုက်သည်နှင့်အတူ၊ နင်ကျောင်းအုပ်ကြီး၏ အော်ရာသည် ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာခဲ့တော့သည်။

ဤသို့သော လက္ခဏာမှာမူ… သူသည် အတွင်းကမ္ဘာ၏ အခြေခံအုတ်မြစ်ကို စတင်၍ မီးရှို့ပေါက်ကွဲနေခြင်း ဖြစ်ပေသည်။

တက်ရောက်လာကြသော လူသားမျိုးနွယ်စု သူတော်စင်များသည် ဤမြင်ကွင်းကို ကြည့်ရင်း၊ မျက်နှာအမူအရာများက တဖြည်းဖြည်း လေးနက်တည်ကြည်လာခဲ့ကြရသည်။

“လူဆိုတာ သေရင် မြေကြီး ရှင်ရင် ရွှေထီးပဲဟေ့… ကော်ယန့်လီက ငါတို့ လူသားမျိုးနွယ်စုရဲ့ ကျောရိုးကို ချိုးဖျက်ချင်တယ်ဆိုရင်တော့၊ ငါ့ရဲ့ အလောင်းကို အရင် ဖြတ်ကျော်သွားလိုက်စမ်း ”

ချင်ဂွေ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ၏ အတွင်းကမ္ဘာ အော်ရာသည်လည်း အဆက်မပြတ် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့တော့သည်။

ဒါကလည်း သေချာပေါက် အတွင်းကမ္ဘာ အခြေခံအုတ်မြစ်ကို မီးရှို့ပေါက်ကွဲလိုက်သည့် မြင်ကွင်းပင် ဖြစ်ချေသည်။

ကာကွယ်ရေးဆရာ တစ်ယောက်ပြီးတစ်ယောက်သည် ဘာတွန့်ဆုတ်မှုမျှ မရှိဘဲ၊ နောက်ကွယ်မှ လိုက်ပါလျက် အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို အတူတူ မီးရှို့ပေါက်ကွဲလိုက်ကြတော့သည်။

သူတို့၏ ယခုအခိုက်အတန့် အော်ရာများသည် အတိတ်ကထက် အဆပေါင်းများစွာ သာလွန်အားကောင်းနေခဲ့ချေပြီ။

လူသားမျိုးနွယ်စု သူတော်စင်များအားလုံး၏ မျက်နှာအရောင်အဆင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်၊ သူတို့ထဲက မည်သူမျှ ကိစ္စရပ်များက ဤမျှလောက်အထိ ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ခုနစ်ဆောင်နေမင်း အမှတ်တံဆိပ် တစ်ခုတည်းအတွက်ကြောင့်နှင့်တင်၊ နင်ကျောင်းအုပ်ကြီးကို အမှူးထားသော ကောင်းကင်နိမိတ်အဆင့် အင်အားကြီး ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို ဆက်တိုက် မီးရှို့ပေါက်ကွဲနေကြချေပြီ။

“ငါတို့ ကမ္ဘာကြီးအဆင့် သူတော်စင်တွေကလည်း၊ စီနီယာတွေရဲ့ ခြေလှမ်းနောက်ကို လိုက်ရမှာပေါ့… ဘေးကနေ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ”

ခပ်ဖျော့ဖျော့ ရယ်မောသံတစ်ခုနှင့်အတူ။

ကမ္ဘာကြီးအဆင့် သူတော်စင် တစ်ယောက်ပြီးတစ်ယောက်၏ အော်ရာများသည်လည်း ရုတ်တရက် အဆမတန် မြင့်တက်လာခဲ့တော့သည်။

သူတို့၏ အတွင်းကမ္ဘာထဲတွင်မူ၊ ကွင်းပြင်တစ်ခုလုံးကို လောင်ကျွမ်းတော့မည့် မီးပွားငယ်လေးများကို ခပ်ရေးရေး မြင်တွေ့နေရချေပြီ။

“တိုက်ကြစို့”

ရွှေရှင်းက အေးစိမ့်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်ကို စတင်၍ မီးရှို့ပေါက်ကွဲလိုက်သည်။

ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်များ၊ အသက်စွမ်းအင်အဆင့် သူတော်စင်များ၊ ထိုမျှမက စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်များအထိ၊ ထိုအခိုက်အတန့်တွင် အားလုံးသည် အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို မီးရှို့ပေါက်ကွဲလိုက်ကြပြီး၊ ခန္ဓာကိုယ်ပေါ်က အော်ရာများသည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ကြတော့သည်။

ယခုအခိုက်အတန့်တွင်၊ လူသားမျိုးနွယ်စု ကျောင်းတော်တစ်ခုလုံးသည် မီးတောက်မီးလျှံများ ကောင်းကင်တိုင်အောင် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေခဲ့ချေပြီ။

ကော်ယန့်လီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး၊ မျက်လုံးအိမ်အနက်ပိုင်းတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူသည်လည်း ကိစ္စရပ်များက ဤကဲ့သို့သော အခြေအနေအထိဦးတည် သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပုံရပေသည်။

“နင်ကျောင်းအုပ်ကြီး… မင်းတို့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ လူသားမျိုးနွယ်စု ကျောင်းတော်တစ်ခုလုံးကို ရင်းပစ်လိုက်ချင်တာလား ”

ကော်ယန့်လီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“လူသားမျိုးနွယ်စု ကျောင်းတော်တစ်ခုလုံးကို ရင်းပစ်လိုက်ရင်တောင်မှ၊ အနည်းဆုံးတော့ မင်းတို့ ရှီးမျိုးနွယ်စု ကျောင်းတော်ရဲ့ တစ်ဝက်လောက်ကိုတော့ ရှင်းလင်းပစ်ရမှာပဲ။

အနည်းဆုံးတော့ မင်း ကော်ယန့်လီ ကာကွယ်စောင့်ရှောက်ထားတဲ့ တောင်တန်းတွေထဲက၊ ဘယ်သူမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး။

ငါတို့…ယင်လောကမှာ တွေ့ကြတာပေါ့”

နင်ကျောင်းအုပ်ကြီး၏ အပြုံးက အတန်ငယ် ရူးသွပ်လွန်းလှသည်။

ဖန့်ချန်သည် မျက်စိရှေ့မှောက်က ထိုမြင်ကွင်းကို ကြည့်ရင်း၊ သူ၏ နှလုံးသားထဲက တစ်စုံတစ်ခုသော အကြောက ရုတ်တရက် လှုပ်ခတ်သွားခဲ့ရသည်။

သူသည် မေဒေါင်ကွမ်း၊ ကျိလင်၊ တုန်းဖန်းဟို့ အစရှိသော သူတော်စင်များအားလုံး ယခုအခိုက်အတန့်တွင် အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို မီးရှို့ပေါက်ကွဲနေကြသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့၏ စိတ်ထဲတွင် မည်မျှပင် မလိုလားအပ်ပါစေ၊ ဤကဲ့သို့သော ပြင်ပမျိုးနွယ်စု၏ ကျူးကျော်မှုကို ရင်ဆိုင်ရသည့် အချိန်တွင်မူ၊ သူတို့သည် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ပျက်စီးသွားရပါစေဟူသော စိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စားဝံ့ကြပေသည်။

“ဒီနေ့… မင်းတို့ကို မင်းတို့ရဲ့ စွမ်းအားအပြည့်အဝ ထုတ်သုံးဖို့ ငါ ခွင့်ပြုတယ်၊ သူ့ခန္ဓာကိုယ်ပေါ်ကနေ အသားတစ်တုံး လုမယူနိုင်ရင်တောင်မှ၊ အမွေးတစ်ပင်တော့ ကျွတ်ကျအောင် လုပ်ပစ်ရမယ်”

ရှူရှန့်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ကျန်းတောက်ယွဲ့က ဖြဲရွှဲပြုံးလိုက်ပြီး၊ အတွင်းကမ္ဘာသည် ဆူပွက်လျက် လောင်ကျွမ်းလာခဲ့တော့သည်။

ကရုဏာတောင်တန်းမှ ကျန်းတောက်ယွဲ့ကို အမှူးထားသော သူတော်စင်အားလုံးသည် မိမိတို့၏ အတွင်းကမ္ဘာများကို မီးရှို့ပေါက်ကွဲနေကြပြီး၊ အစွမ်းများကို အဆက်မပြတ် စုဆောင်းလျက်၊ ပုရွက်ဆိတ်များက ဆင်ရိုင်းကြီးကို ဝိုင်းကိုက်ကြမည့် ပြင်ဆင်မှုကို ပြုလုပ်ထားကြချေပြီ။

“ရူးနေကြတာပဲ”

ကော်ယန့်လီက လုံးဝ ဥဿုံ ဒေါသပေါက်ကွဲသွားခဲ့ပြီး၊ ခန္ဓာကိုယ်ပေါ်က မဟာအာဏာစက်နတ်ဘုရားအလင်းတန်းသည် တောက်ပလှသော အလင်းရောင်စဥ်များကို မှုတ်ထုတ်လိုက်ကာ၊ လူသားမျိုးနွယ်စု ကျောင်းတော်ကြီးဆီသို့ ဝါးမြိုတိုက်ခိုက်ရန် ကြံစည်လိုက်တော့သည်။

ဖန့်ချန်သည် ဤမြင်ကွင်းကို ကြည့်ရင်း၊ အတွင်းကမ္ဘာထဲက ကောင်းကင်နိမိတ်မြစ်ရေကြီးသည် အရှိန်အဟုန်ဖြင့် ဆူပွက်နေခဲ့ချေပြီ။

ချီယန်သူတော်စင်သည် အပြင်တွင် ဘာကိစ္စတွေ ဖြစ်ပျက်နေသည်ကို မသိရှိသော်လည်း၊ သူ မြင်တွေ့နိုင်သည်မှာ ဤနေရာတစ်ခုလုံးသည် လောင်ကျွမ်းနေခြင်း ဖြစ်ပေသည်။

“အတွင်းကမ္ဘာ အခြေခံအုတ်မြစ်ကို မီးရှို့ပေါက်ကွဲနေကြတာလား”

သူသည် မသိစိတ်အရ ထိုဝေဝါးလှသော တံခါးဝဆီသို့ လှမ်းမြော်ကြည့်လိုက်မိသော်လည်း၊ နှမြောစရာကောင်းသည်မှာ ဖန့်ချန်က တံခါးကို ဖွင့်မပေးထားသဖြင့်၊ သူသည် အပြင်ဘက်က မြင်ကွင်းကို သေချာရေရာစွာ မမြင်နိုင်ချေ။

သူ သိရှိနိုင်သည်မှာ၊ အလွန်တရာ ကြီးမားလှသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်နေခြင်း သက်သက်သာ ဖြစ်ပေသည်။

“သွားပါပြီ”

အောက်ဝူဖား၏ မျက်နှာက သံမဏိရောင်ကဲ့သို့ ညိုမည်းသွားခဲ့ပြီး၊ စိတ်ထဲတွင်လည်း ဤရှီးမျိုးနွယ်စုကို အလွန်အမင်း နာကျည်းမုန်းတီးသွားခဲ့မိသည်။

မျက်စိရှေ့မှောက်က မြင်ကွင်းသည်၊ အကယ်၍ ကျောင်းတော်ကြီး၏ အဆင့်မြင့်အရာရှိကြီးများ ကိုယ်တိုင် ထွက်မလာခဲ့ပါက၊ လုံးဝ ဖြေရှင်းနိုင်မည့် အခြေအနေ မဟုတ်တော့ချေ။

အကယ်၍ ယနေ့တွင် လူသားမျိုးနွယ်စု ကျောင်းတော်သည် သူ၏ မျက်စိရှေ့မှောက်၌တင် ကော်ယန့်လီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဆိုပါက။

ဤကိစ္စသည် သူ ကြီးကြပ်ရေးမှူးတစ်ယောက်အနေဖြင့်၊ ဆူပူကြိမ်းမောင်းခြင်း ခံရရုံမျှဖြင့် ပြေလည်သွားနိုင်မည့် ကိစ္စမျိုး မဟုတ်တော့ချေ။

“ဒီနေရာက ဘာလို့ ဒီလောက်တောင် စည်ကားနေရတာလဲ။ ဒါ ဘာလုပ်နေကြတာလဲ”

ဤကဲ့သို့ သေရေးရှင်ရေး အရေးကြုံနေသည့် အခိုက်အတန့်တွင်၊ အတွင်းကမ္ဘာတစ်ခုသည် ရုတ်တရက် နှစ်ဖက်စလုံး၏ အလယ်ဗဟိုတွင် ထွက်ပေါ်လာခဲ့သည်။

ဒါ ပေမင်လျိုရှန်း လား။

ဖန့်ချန်၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့သည်။

သူ ဤအသံကို မှတ်မိပေသည်။

ကော်ယန့်လီနှင့် နင်ကျောင်းအုပ်ကြီးတို့သည်လည်း ပေမင်လျိုရှန်းကို သေချာပေါက် မှတ်မိကြသည်ဖြစ်ရာ၊ သူ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါတွင်၊ နှစ်ဖက်စလုံး၏ မျက်နှာအမူအရာက အသီးသီး ကွဲပြားသွားခဲ့ကြရသည်။

နင်ကျောင်းအုပ်ကြီးက ရုတ်တရက် ပြုံးလိုက်ပြီး၊ လက်ကို ဝှေ့ယမ်းလိုက်ကာ -

“အားလုံးပဲ… တိုက်ပွဲ ဆင်နွှဲစရာ မလိုတော့ဘူး။ ဟင်းလင်းပြင်သံတမန် ထွက်ပေါ်လာပြီဆိုတော့၊ ဒီနေ့ ငါတို့ လူသားမျိုးနွယ်စုအတွက်လည်း တရားမျှတမှုကို ပြန်လည်တောင်းဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”

ဟင်းလင်းပြင်သံတမန် ဟုတ်လား။

လူသားမျိုးနွယ်စု သူတော်စင်အားလုံးသည် အံ့အားသင့်ဝမ်းသာသွားခဲ့ကြပြီး၊ တစ်ယောက်ပြီးတစ်ယောက် တန်ခိုးစွမ်းအားများကို ရုပ်သိမ်းလိုက်ကြရာ၊ လောင်ကျွမ်းနေသော အတွင်းကမ္ဘာများသည်လည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားခဲ့တော့သည်။

ထိုအခိုက်အတန့်တွင်၊ ပေမင်လျိုရှန်း၏ အကြည့်က တစ်ချက်ဝေ့ဝဲသွားခဲ့ပြီး၊ ဖန့်ချန်၏ ခန္ဓာကိုယ်အပေါ်မှ ခပ်ဖွဖွ ဖြတ်သန်းသွားခဲ့ကာ၊ နောက်ဆုံး၌ ကော်ယန့်လီ၏အပေါ်သို့ ကျရောက်သွားပြီး၊ မနေနိုင်ဘဲ ပြုံး၍ ပြောဆိုလိုက်သည်။

“မိတ်ဆွေကော်… ဒီနေရာမှာ မျိုးဆက်သစ်တွေကို လာပြီး အနိုင်ကျင့်နေတာလား”

“မင်း ဘာလို့ ရောက်လာတာလဲ”

ကော်ယန့်လီက မျက်မှောင်ကြုတ်လိုက်ပြီး၊ စကားပြောသံက အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့ရတော့သည်။

All Chapters