အခန်း (၂၁၃၁-၂၁၃၂)
Vol. 214 Ch. 2131-2132
အခန်း (၂၁၃၁) စိတ်ကူးယဉ်နေတာပဲ
“မှာစရာရှိတာတွေတော့ အကုန်မှာပြီးပြီ။ ဒီတစ်ခေါက် ကျောင်းတော်ကြီးကနေ မင်းတို့နဲ့အတူ ဆရာတစ်ယောက် အဖော်အဖြစ် လွှတ်ပေးလိုက်မယ်၊ မင်းတို့တွေ သူ့ဆီကို သွားရှာလိုက်ကြတော့”
နင်ကျောင်းအုပ်ကြီးက ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်၏။
“ဆရာသခင်…… ဆရာကိုယ်တိုင် လူကိုယ်တိုင် မကြွဘူးလားခင်ဗျာ။ တခြား ကာကွယ်ရေးဆရာတစ်ယောက်နဲ့ အစားထိုးမယ်ဆိုရင်တော့ စိုးရိမ်ရတာက……”
တုန်းဖန်းဟို့၏ မျက်နှာအမူအရာမှာ တစ်ချက် လှုပ်ခတ်သွားခဲ့သည်။
“ငါလည်း လူကိုယ်တိုင် သွားချင်တာပေါ့၊ ဒါပေမဲ့ ဒါက ကျောင်းတော်ကြီးရဲ့ စီစဉ်မှု ဖြစ်နေတော့၊ ငါတို့လည်း အမိန့်အတိုင်းပဲ နာခံပြီး လုပ်ဆောင်ရုံပဲ ရှိတာပေါ့”
နင်ကျောင်းအုပ်ကြီးက ဆိုလိုက်သည်။
“ဒါဆိုရင် ဘယ်ကာကွယ်ရေးဆရာ ဖြစ်မလဲခင်ဗျာ။ ကျွန်တော်တို့ရဲ့ ဆရာ လား၊ ဒါမှမဟုတ် ချင်ဆရာလား”
တုန်းဖန်းဟို့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ဖန့်ချန်ကမူ ဘေးနားတွင် နှုတ်ဆိတ်နေခဲ့ပြီး မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။ မည်သည့်ဆရာက အဖွဲ့ကို ဦးဆောင်သည်ဖြစ်စေ၊ သူကတော့ ဂရုစိုက်မနေခဲ့ပါ။
“ဦးဆောင်မယ့်ဆရာက ငါတို့ လူသားမျိုးနွယ် ကျောင်းဆောင်က မဟုတ်ဘူး။ ဒီဘက်က ဆရာတွေဆိုရင် တစ်ဖက်လူရဲ့ အရှိန်အဝါကို မနှိမ်နင်းနိုင်မှာကို အထက်လူကြီးတွေက စိုးရိမ်နေကြတာမလို့၊ ရှီးမျိုးနွယ်စု က ကော်ယန့်လီကို မင်းတို့နဲ့အတူ ခေါ်သွားခိုင်းလိုက်တာ”
နင်ကျောင်းအုပ်ကြီးက အေးဆေးတည်ငြိမ်စွာဖြင့်ပင် ဆက်လက် ဆိုလိုက်သည်။
“ကော်ယန့်လီကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့ တပည့်တွေကို အဲဒီဘက် အရပ်မျက်နှာဆီကို တစ်ခေါက် ခေါ်သွားဖို့ ရှိနေတာဆိုတော့၊ ဒီတစ်ကြိမ်က လမ်းကြုံသွားတာပေါ့”
ဖန့်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။
တုန်းဖန်းဟို့၏ မျက်လုံးထဲ၌လည်း အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရပြီး၊ မသိစိတ်အလျောက် ဖန့်ချန်ကို တစ်ချက် လှမ်း၍ ကြည့်လိုက်မိတော့သည်။
“မင်းတို့တွေ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မနေကြပါနဲ့။ ကျောင်းတော်ကြီးရဲ့ အကြီးအကဲတစ်ယောက်က ကိုယ်တိုင် လာပြီးတော့ ကော်ယန့်လီရဲ့ တပည့်ကို ကုသပေးလိုက်ပြီ။ ပြီးတော့ ခုနစ်ဆောင်နေမင်း အမှတ်အသားရဲ့ နေရာမှာ တခြား တန်ဖိုးကြီး ရတနာ တစ်ခုနဲ့ အစားထိုး ပေးလိုက်ပြီ။
အကျိုးသက်ရောက်မှုက အရင်လောက် မကောင်းဘူးဆိုပေမဲ့၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ ငြိမ်းအေးသွားစေခဲ့ပါပြီ။
ဒီအတောအတွင်းမှာ ကော်ယန့်လီရဲ့ လက်အောက်ခံ အတွင်းကမ္ဘာ တားမြစ်နယ်မြေအချို့ ရုတ်တရက် အတိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ရင်တော့…… သူက ဒါကို ကရုဏာတောင်က နောက်ကွယ်ကနေ ကြိုးကိုင်ဖျက်ဆီးတာလို့ အမြဲတမ်း ထင်နေခဲ့ပေမဲ့၊ ဘာသက်သေ အထောက်အထားမှ မရှိဘူးလေ။
ကျောင်းတော်ကြီးရဲ့ စည်းမျဉ်းဥပဒေတွေက အလွန်တရာ တင်းကြပ်လွန်းလှပါတယ်။ တစ်ယောက်ယောက်က သူ့ကို သတိပေးထားပြီးပြီ ဖြစ်လို့၊ အကယ်၍ သက်သေမရှိဘဲ လျှောက်ပြီးတော့ မွှေနှောက်မယ်ဆိုရင်၊ အဲဒီနောက်ဆက်တွဲ ကိစ္စတွေကို သူတစ်ယောက်တည်းနဲ့ တာဝန်ယူနိုင်မှာ မဟုတ်တော့ဘူး။”
နင်ကျောင်းအုပ်ကြီးက ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်ပြန်သည်။
“မင်းတို့တွေ သူ့နောက်ကို လိုက်သွားဖို့ ရဲရဲကြီး စိတ်ချလိုက်စမ်းပါ။ သူ့ရဲ့ လက်အောက်ခံ တပည့်တွေမှာ ပြဿနာ တက်ရင်တောင်မှ၊ မင်းတို့တွေကိုတော့ ဘာပြဿနာမှ ပေးဝံ့မှာ မဟုတ်ဘူး။
မဟုတ်ရင်တော့…… ပေမင်လျိုဆန်း ပြောခဲ့သလိုမျိုးပဲ၊ ရှီးမျိုးနွယ်စုရဲ့ အသက်ပေါင်း တစ်ထောင်နဲ့ ပေးဆပ်ရင်တောင်မှ အစားထိုး ဖြည့်ဆည်းနိုင်မှာ မဟုတ်တော့ဘူး။”
သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်၊ ဖန့်ချန်ဘက်သို့ လှည့်ကာ ပြုံး၍ ကြည့်လိုက်သည်။
“ဖန့်ချန်ကျောင်းသား…… မင်းရဲ့ နှလုံးသားထဲမှာ ဒီကိစ္စအပေါ် အခုထက်ထိ စိတ်ခုနေတုန်းပဲ ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ ကော်ကာကွယ်ရေးဆရာကလည်း သူ့တပည့်အပေါ် အလွန်အမင်း ချစ်ခင် အလေးထားလွန်းလို့သာ၊ဒီလို မိုက်မဲတဲ့ ကိစ္စမျိုးကို လုပ်ဆောင်ခဲ့မိတာပါ။
ဒါကို ရှူရှန့် နဲ့သာ အစားထိုး ကြည့်မယ်ဆိုရင်လည်း၊ သူကလည်း မင်းအတွက် ဒီလို ကိစ္စမျိုးတွေကို သေချာပေါက် လုပ်ပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်။
လမ်းခရီးမှာတော့ သူ့အပေါ်ကို မလေးမစား မလုပ်မိစေနဲ့ဦး။ ဘာပဲပြောပြော သူက မင်းရဲ့ စီနီယာ ဝါရင့်အကြီးအကဲ တစ်ယောက် ဖြစ်သလို၊ အရင်တုန်းကလည်း ခုနစ်ဆောင်နေမင်း ခန်းမဆောင်ထဲမှာ ဂုဏ်သတင်း အရှိန်အဝါ ကြီးမားခဲ့ဖူးသူပဲ ”
“တပည့် နားလည်ပါပြီ ခင်ဗျာ”
ဖန့်ချန်က ပြုံးလျက် ခေါင်း ညိတ်ပြလိုက်သည်။
“မင်းဘက်က နားလည်ပေးနိုင်တယ်ဆိုရင်တော့ ငါ စိတ်အေးရပါပြီ။ တစ်ခါတလေကျရင် မင်းတို့လို တကယ့် ပါရမီရှင် အကျော်အမော်တွေက စိတ်ကြီးဝင်ပြီးတော့၊ သေးငယ်တဲ့ အဆင်မပြေမှုနဲ့ ရန်ငြိုးရန်စလေးတွေကို နှလုံးသားထဲမှာ အမြဲတမ်း စွဲမှတ်ထားတတ်ကြတာကို ငါ စိုးရိမ်မိလို့ပါ။ အဲဒါက ကျင့်ကြံခြင်းအတွက် ဘာမှ အကျိုးကျေးဇူး မရှိဘူး။”
နင်ကျောင်းအုပ်ကြီးက ပြုံး၍ ဆိုလိုက်သည်။
တုန်းဖန်းဟို့သည်လည်း ဤအချိန်တွင် တွေးတော စဉ်းစားနေသည့် အမူအရာမျိုးကို ပြသလာခဲ့ပေသည်။
ထို့နောက်တွင် သူတို့နှစ်ဦးလုံးသည် နင်ကျောင်းအုပ်ကြီးအား အရိုအသေ ပေးလိုက်ကြပြီး၊ နှုတ်ဆက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြတော့သည်။
“ငါ မင်းတို့တွေကို အပြင်ကို လိုက်ပို့ပေးမယ်၊ ငါမပါရင် မင်းတို့တွေ အပြင်ကို ထွက်လို့ရမှာ မဟုတ်ဘူး”
ထျန်းလန် ဆရာကြီးက သူ၏ နားရွက်ကြီးများကို ခတ်လျက် ပျံသန်း ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ ထျန်းလန် ဆရာကြီး၏ အတွင်းကမ္ဘာမြေထဲသို့ အတူတကွ ဝင်ရောက်လိုက်ကြတော့သည်။
“တုန်းဖန်းလေး…… ဒီတစ်ခေါက် ကျောင်းတော်ကြီးက အဲဒီ တပည့်သုံးယောက်ကို အလွန်အမင်း အလေးအနက် ထားနေတာ။ အကယ်၍ မင်းအနေနဲ့ ဘယ်သူ့ကိုမဆို ငါတို့နဲ့အတူ ပြန်လိုက်လာဖို့ စည်းရုံးနိုင်ခဲ့မယ်ဆိုရင်၊ ကျောင်းတော်ကြီးက မင်းအတွက် ကြီးမားတဲ့ အောင်မြင်မှု မှတ်တမ်းတစ်ခုကို ရေးထိုးပေးလိမ့်မယ်”
ထျန်းလန် ဆရာကြီးက တတွတ်တွတ်ဖြင့် ဆက်တိုက် ပြောကြားနေခဲ့သည်။
“အထွတ်ထိပ်တာအိုအဆင့်ရှိတဲ့ အတွင်းကမ္ဘာမြေဆိုတာ…… ဒီလောက် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တာတောင်မှ ဘယ်မျိုးနွယ်စုထဲမှာ ထွက်ပေါ်ဖူးလို့လဲ။
ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ ထဲက ထိပ်သီး မဟာမျိုးနွယ်စုကြီးတွေထဲမှာတောင်မှ၊ ဒီလို ပါရမီရှင်မျိုး မထွက်ပေါ်ခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ။
အခု ငါတို့ လူသားမျိုးနွယ်ထဲကနေ သုံးယောက်တောင် ဆက်တိုက် ထွက်ပေါ်လာခဲ့တာဆိုတော့၊ ဘယ်လောက်တောင် ဂုဏ်ယူဝင့်ကြွားစရာ ကောင်းလိုက်သလဲ။
ဘယ်လိုပဲဖြစ်ဖြစ် တန်လင်ကျောင်းတော်က အများဆုံး နှစ်ယောက်ပဲ ရရမယ်၊ ငါတို့ကတော့ တစ်ယောက်ကို မရရအောင် လုယူခဲ့ရမယ်။ အကယ်၍ တစ်ယောက်မှ ပြန်မပါလာခဲ့ဘူးဆိုရင်တော့၊ နောင်တစ်ချိန်မှာ ငါတို့ ရွှေဟွေးကျောင်းတော်အတွက် ဘယ်မှာ ခေါင်းမော့နိုင်မယ့် နေ့ရက် ရှိတော့မှာလဲ”
ဖန့်ချန်သည် ထျန်းလန် ဆရာကြီးက ‘ငါတို့ လူသားမျိုးနွယ်’ ဟု သုံးနှုန်း ပြောဆိုနေသည်ကို ကြားလိုက်ရသည့်အခါ၊ ဤပုဂ္ဂိုလ်ကြီးသည် လူသားမျိုးနွယ်စုကို မိမိ၏ ကိုယ်ပိုင်လူများအဖြစ် စိတ်ထဲကနေ လုံးဝ သတ်မှတ် ခံယူထားပြီးဖြစ်ကြောင်း နှလုံးသားထဲကနေ ရိပ်မိသိရှိလိုက်ရပေသည်။
တုန်းဖန်းဟို့က ချက်ချင်းပင် ရိုသေကိုင်းညွတ်စွာဖြင့် လျှောက်တင်လိုက်သည်။
“ထျန်းလန် စီနီယာကြီး စိတ်ချပါခင်ဗျာ၊ ကျွန်တော့်အနေနဲ့ အဲဒီထဲက တစ်ယောက်ကို သေချာပေါက် ဖျောင်းဖျ ခေါ်ဆောင်လာခဲ့ပါ့မယ်၊ ရွှေဟွေးကျောင်းတော်ကို တခြားသူတွေရဲ့ နောက်မှာ ကျန်ရစ်အောင် မလုပ်စေရပါဘူး”
“ဒါဆိုရင်တော့ ငါ စိတ်အေးရတာပေါ့။”
ထျန်းလန် ဆရာကြီးက ခေါင်းကို သာသာ ညိတ်ပြလိုက်ပြီးနောက်၊ ဖန့်ချန်ဘက်သို့ တစ်ချက် စောင်းငဲ့ကြည့်ကာ နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
“မင်းလည်း အတူတူပဲ၊ မင်းက ဘာပဲပြောပြော ခုနစ်ဆောင်နေမင်း ခန်းမဆောင်က ကျောင်းသားတစ်ယောက်ပဲဟာကို၊ ဒီတစ်ခေါက် စွမ်းဆောင်ရည် ကသာ အလွန်အမင်း ညံ့ဖျင်းနေမယ်ဆိုရင်တော့၊ ငါတို့ လူသားမျိုးနွယ် ကျောင်းဆောင်ရဲ့ မျက်နှာကို ဖျက်ဆီးလိုက်သလို ဖြစ်လိမ့်မယ်၊ သိပြီလား”
ဖန့်ချန်က ပြုံးလိုက်ပြီး ခေါင်းကို သာသာ ညိတ်ပြလိုက်ရုံသာ ပြုလုပ်ခဲ့ကာ၊ ထျန်းလန် ဆရာကြီး၏ ကွဲပြားခြားနားလှသော သဘောထား အမူအရာ နှစ်မျိုးအပေါ် စိတ်ထဲ၌ အနည်းငယ်မျှ ဂရုစိုက်မနေခဲ့ပေ။
တုန်းဖန်းဟို့က ရွှီကာကွယ်ရေးဆရာ၏ တပည့် ဖြစ်ပြီး၊ ရွှီဆရာက နင်ကျောင်းအုပ်ကြီး၏ တပည့် ဖြစ်ကာ၊ ထျန်းလန် ဆရာကြီးကမူ နင်ကျောင်းအုပ်ကြီး၏ သက်ရှိဝိညာဉ်အိမ်မွေးတိရစ္ဆာန် နှင့် ကိုယ်ရံတော် ဖြစ်သည့်အတွက်၊ သူနှင့် တုန်းဖန်းဟို့သည် အစကတည်းက ဂိုဏ်းဂဏ အုပ်စုတစ်ခုတည်း ဖြစ်နေခဲ့ကြခြင်း ဖြစ်ရာ၊ ထိုအရာမှာ ထူးပြီး ပြောနေစရာ မလိုသော ကိစ္စရပ်ပင် ဖြစ်၏။
“ဒါနဲ့…… ငါ မင်းတို့တွေကို ကော်ယန့်လီရှိတဲ့နေရာဆီ တိုက်ရိုက် ပို့ပေးရမလား၊ ဒါမှမဟုတ် မင်းတို့တွေ နောက်မှပဲ ကိုယ့်ဘာသာကိုယ် သွားကြမလား”
ထျန်းလန် ဆရာကြီးက ခပ်ပေါ့ပေါ့ပင် မေးမြန်းလိုက်သည်။
“ကျွန်တော် ကရုဏာတောင်ကို တစ်ခေါက်လောက် ပြန်ချင်လို့ပါ”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်
“ခဏနေမှပဲ ကျွန်တော့်ဘာသာကျွန်တော် သွားလိုက်ပါ့မယ်”
“ကျွန်တော်လည်း ဆရာ့ကို သွားတွေ့ဦးမလို့ ပြန်လိုက်ပါ့မယ်”
တုန်းဖန်းဟို့ကလည်း ဆိုသည်။
“ရတာပေါ့”
သိပ်မကြာခင်မှာတင်၊ ထျန်းလန် ဆရာကြီးက ဖန့်ချန်ကို ကရုဏာတောင်၌ ချထားပေးခဲ့ပြီးနောက်၊ တုန်းဖန်းဟို့ကို ခေါ်ဆောင်လျက် အတွင်းကမ္ဘာ ဟင်းလင်းပြင်ကြီးထဲသို့ ပျောက်ကွယ် သွားခဲ့ရတော့သည်။
ဖန့်ချန် ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ ကျန်းတောက်ယွဲ့နှင့် အခြားသူများမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ရောက်ရှိလာကြတော့သည်။
“ဖန့်စီနီယာအစ်ကိုကြီး…… ဒီတစ်ခေါက် နင်ကျောင်းအုပ်ကြီးက အစ်ကိုကြီးကို အနားကို ဆင့်ခေါ်ပြီး ဘာတွေ ခိုင်းလိုက်လို့လဲ”
ဝမ်ချုံစန်းက အလျင်အမြန် မေးမြန်းလိုက်ရာ၊ သူ၏ မျက်လုံးများထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။
နင်ကျောင်းအုပ်ကြီးကဲ့သို့သော တည်ရှိမှုမျိုးက ညွှန်ကြားလိုက်သည့် ကိစ္စဆိုပါက၊ သေချာပေါက် သေးငယ်သော ကိစ္စရပ် ဖြစ်နိုင်မည် မဟုတ်ပေ။
ကျန်းတောက်ယွဲ့က ပြုံး၍ ဆိုလိုက်သည်
“အကယ်၍ မင်းအတွက် အခက်အခဲ ရှိနေမယ်ဆိုရင်၊ ငါ့ကို ပြောပြပါ၊ ငါ ဆရာ့ကို ပြောပြပေးပြီးတော့၊ ဆရာက နင်ကျောင်းအုပ်ကြီးဆီ သွားပြီး သောင်းကျန်းပေးလိမ့်မယ်”
“အဲဒီလောက်အထိတော့ အထူးတလည် အခက်အခဲ ဖြစ်စေမယ့် ကိစ္စမျိုး မဟုတ်ပါဘူး ”
ဖန့်ချန်က အနည်းငယ် တွေးတောလိုက်မိရာ၊ နင်ကျောင်းအုပ်ကြီးအနေဖြင့် ဤကိစ္စကို လျှို့ဝှက်ထားရမည်ဟု ပြောကြားခဲ့ခြင်း မရှိသည့်အတွက်၊ ချက်ချင်းပင် ကိစ္စရပ်တစ်ခုလုံး၏ အကြောင်းအရင်း ဇာစ်မြစ်ကို အသေးစိတ် ရှင်းလင်း ပြောပြလိုက်တော့သည်။
ကျန်းတောက်ယွဲ့နှင့် အခြားသူများသည် လူသားမျိုးနွယ်စုထဲ၌ ‘အထွတ်ထိပ်တာအိုအဆင့်’ အတွင်းကမ္ဘာမြေပိုင်ရှင် ပါရမီရှင် သုံးယောက်လုံးလုံး ဆက်တိုက် ထွက်ပေါ်လာခဲ့ကြောင်း ကြားသိလိုက်ရသည့်အခါတွင်မူ၊ ၎င်းတို့၏ မျက်နှာပေါ်ရှိ အံ့ဩတုန်လှုပ်မှုများမှာ စာဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့လောက်အောင် ဖြစ်သွားခဲ့ရတော့သည်။
“အထွတ်ထိပ်တာအိုအဆင့် ရှိတဲ့ အတွင်းကမ္ဘာမြေ……”
လီမော့က တိုးတိုးလေး ရေရွတ်လိုက်မိသည်
“အချို့လူတွေက မွေးကတည်းကကို တခြားသူတွေနဲ့ မတူညီကြဘူးပဲ၊ သာမန် သူတော်စင်တွေ တစ်သက်လုံး ကြိုးစားအားထုတ်ပြီး လိုက်လံရှာဖွေနေခဲ့ရတဲ့ ကျင့်ကြံခြင်း အဆင့်အတန်း နယ်ပယ်မျိုးကို၊ သူတို့ကတော့ မွေးကတည်းက ရှိနေခဲ့ကြပြီကိုး”
“အဲဒါက အတွင်းကမ္ဘာမြေရဲ့ အခြေခံအုတ်မြစ် သက်သက်ပဲဟာကို၊ မွေးကတည်းက အထွတ်ထိပ်တာအိုအဆင့် တကယ့် စစ်စစ်ကြီး ဖြစ်နေတာမှ မဟုတ်တာ”
ကျန်းတောက်ယွဲ့က ကြားကနေ စကားတစ်ခွန်း ဝင်ရောက် ပြင်ဆင်ပေးလိုက်၏။
သို့သော်လည်း လူအများမှာ ဤကဲ့သို့သော ဝင်ရောက်ပြင်ဆင်ပေးမှုကြောင့် နှလုံးသားထဲက တုန်လှုပ်မှုများ လျော့ပါးသွားခြင်း မရှိခဲ့ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် စိတ်ခံစားချက်များမှာ ပိုမို၍ ရှုပ်ထွေး သွားခဲ့ရတော့သည်။
ဘာဖြစ်လို့လဲဆိုတော့ ဤနေရာတွင် ရှိနေကြသော လူအားလုံးထဲ၌၊ နောင်တစ်ချိန်တွင် ကမ္ဘာကြီးသူတော်စင်အဆင့် ၊ သို့မဟုတ် ကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင်အဆင့် သို့ တက်လှမ်းနိုင်ရန် ကိုယ်ပိုင် ယုံကြည်မှုများ ရှိကြသည် ဆိုသော်လည်း
အထွတ်ထိပ်တာအို သူတော်စင်အဆင့် နှင့် ပတ်သက်လာလျှင်မူ…… သူတို့အားလုံး၌ အနည်းငယ်မျှပင် ယုံကြည်မှု မရှိကြသောကြောင့် ဖြစ်ပေသည်။
ရုတ်တရက် လူသားမျိုးနွယ်စုထဲ၌ ဤကဲ့သို့သော ပါရမီရှင် သုံးယောက်လုံးလုံး ပေါ်ထွက်လာခဲ့ကြောင်း ကြားလိုက်ရသည့်အခါ၊ စိတ်ခံစားချက်များ ရှုပ်ထွေးသွားရခြင်းမှာ သဘာဝကျလှပေသည်။
“ဖန့်ညီလေး…… ဒါဆိုရင်တော့ ဒီတာဝန်က အလွန်အမင်း ခက်ခဲလှတယ်လို့ မပြောနိုင်ပါဘူး၊ မင်းနဲ့ တုန်းဖန်းဟို့ လူကိုယ်တိုင် သွားရောက် ပြသရမှာကလည်း၊ အဲဒီအထဲက တစ်ယောက်ကို ငါတို့ဘက် ပါလာအောင် ဆွဲဆောင်ဖို့အတွက်ပဲဟာကို၊ တစ်ဆက်တည်းမှာပဲ တန်လင်ကျောင်းတော်ရဲ့ လူသားမျိုးနွယ် ကျောင်းဆောင်က လူတွေကို ဝင့်ကြွား မနေစေဖို့အတွက်ပေါ့”
လင်းဖုန်းက ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြလိုက်သည်။
သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်၊ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်ပြန်သည်။
“အကယ်၍ မင်းအနေနဲ့ အဲဒီထဲက တစ်ယောက်ကို ငါတို့ ကရုဏာတောင်ဆီကို လှည့်စားပြီး ခေါ်ဆောင်လာနိုင်မယ် ဆိုရင်တော့……”
“ဟွန်း…… စိတ်ကူးယဉ်နေတာပဲ”
ရှူရှန့်က အေးစက်စွာ နှာခေါင်းရှုံ့လျက်၊ လှမ်း၍ လျှောက်လှမ်း ရောက်ရှိလာခဲ့တော့သည်။
“ဆရာ”
ဖန့်ချန် အပါအဝင် ရှိသမျှ လူအားလုံးက အလျင်အမြန်ပင် ရှူရှန့်အား အရိုအသေ ပေးလိုက်ကြသည်။
“ဒီလို ပါရမီရှင်မျိုးက ရွှေဟွေးကျောင်းတော်ထဲကိုသာ ဝင်ရောက်လာခဲ့မယ်ဆိုရင်၊ ငါတို့ လူသားမျိုးနွယ် ကျောင်းဆောင်တောင်မှ သူ့ကို ကျင့်ကြံခြင်း အတတ်ပညာတွေ သင်ကြားပြသပေးဖို့ အရည်အချင်း မမီမှာကို စိုးရိမ်ရတယ်။ ဘာဖြစ်လို့ ကျောင်းတော်ကြီးက ကော်ယန့်လီကို အဖွဲ့ဦးဆောင်ခိုင်းပြီး လွှတ်လိုက်ရသလဲ ဆိုတာကို၊ မင်းတို့တွေ အခုထိ တွေးလို့ မပေါက်ကြသေးဘူးလား”
ရှူရှန့်က အေးစက်စွာ ပြုံးလျက် ဆိုလိုက်၏။
“ဟူး……”
လင်းဖုန်းက အေးစက်သော လေထုတစ်ခုကို အရှိန်အဟုန်ဖြင့် ရှူသွင်းလိုက်မိတော့သည်။
ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့၏ မျက်နှာပေါ်၌လည်း တုန်လှုပ်အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရပေသည်။
ကျောင်းတော်ကြီးက ထိုလူကို လုယူပြီးနောက်တွင်၊ ရှီးမျိုးနွယ်စု ကျောင်းဆောင် ဘက်မှာ ကျင့်ကြံ ပျိုးထောင်ပေးဖို့ အစီအစဉ် ရှိနေတာများလား။
“ရှီးမျိုးနွယ်စုနဲ့ ငါတို့ လူသားမျိုးနွယ်က ပုံစံနဲ့ တူညီလွန်းလှသလို၊ ကျင့်ကြံခြင်း အတတ်ပညာ အတော်များများကလည်း အချင်းချင်း အပြန်အလှန် ဆက်နွှယ် ဖြတ်သန်းလို့ ရနေကြတယ်။
အကယ်၍ အဲဒီကလေးက ရွှေဟွေးကျောင်းတော်ကို ရောက်လာခဲ့မယ်ဆိုရင်၊ သေချာပေါက် ရှီးမျိုးနွယ်စုဘက်မှာပဲ ချန်ထားရစ်ပြီး ကျင့်ကြံခိုင်းလိမ့်မယ်။”
ရှူရှန့်က အေးစက်စွာ ရယ်မောလျက် ဆိုလိုက်တော့သည်။
“ဆရာ…… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုပဲပြောပြော လူသားမျိုးနွယ်ထဲက မွေးဖွားလာခဲ့တာ ဖြစ်နေတာကို၊ ကျောင်းတော်ကြီးက ဘာဖြစ်လို့ ဒီလို အစီအစဉ်မျိုးကို ပြုလုပ်ရတာလဲ”
ဝမ်ချုံစန်းက မသိစိတ်အလျောက် လှမ်း၍ မေးမြန်းလိုက်တော့သည်။
အခန်း (၂၁၃၂) နားလည်မှု တစ်ခု
ဝမ်ချုံစန်း၏ သံသယ မေးခွန်းကို ရင်ဆိုင်ရသည့်အခါတွင်မူ၊ ရှူရှန့်က အေးစက်စွာ တစ်ချက် နှာခေါင်းရှုံ့လိုက်ရုံသာ ပြုလုပ်ခဲ့သည်။
“ဒီလို ကိစ္စမျိုးက ကျောင်းတော်ကြီး အသီးသီးထဲမှာ ထူးဆန်းတဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး၊ နောက်ဆုံးမှာတော့ ဒါက တစ်ဦးနဲ့တစ်ဦး ကြိုတင်နားလည်ထားကြတဲ့ စည်းမျဉ်းတစ်ခုလိုတောင် ဖြစ်နေခဲ့ပါပြီ”
“ကြိုတင်နားလည်ထားတဲ့ စည်းမျဉ်းဟုတ်လား”
ဖန့်ချန်က တွေးတော စဉ်းစားနေသည့် အမူအရာမျိုး ဖြစ်သွားခဲ့ရပေသည်။
“ဒီလောကကြီးထဲမှာ ငှက်တစ်မျိုး ရှိတယ်၊ အဲဒီငှက်က ပုံမှန်ရက်တွေမှာ တခြားငှက်တွေရဲ့ အသိုက်ဆီကို တိတ်တဆိတ် သွားပြီးတော့၊ သူ့ထက် ပိုပြီးတော့ သန်မာကြီးမားတဲ့ ငှက်ဥတွေကို ခိုးယူလာပြီး မိမိဘာသာ ဝပ်ပေးတတ်ကြတယ်။
အကယ်၍ အဲဒီလို လုပ်တာကို အမိခံရလို့ပဲဖြစ်ဖြစ်၊ အနှောက်အယှက် ပေးခံရလို့ပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင်၊ အဲဒီငှက်က နည်းလမ်းပေါင်းစုံကို အသုံးပြုပြီးတော့၊ ငှက်ကြီးတွေ မရှိတဲ့အချိန်ကို ချောင်းပြီး အဲဒီငှက်ဥတွေကို အကုန်လုံး ရိုက်ခွဲပစ်တတ်ကြတယ်”
ရှူရှန့်က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်
“နောင်ကျတော့ အဲဒီငှက်ကြီးတွေကလည်း ဒီသဘောတရားကို နားလည်သွားကြတဲ့အတွက်၊ သူ့ဘာသာသူ အဲဒီလို လုပ်နေတာကိုပဲ လွှတ်ထားလိုက်ကြတော့တယ်၊ ဘာပဲပြောပြော အခုလို ပြုလုပ်ခြင်းအားဖြင့်သာ မိမိတို့ရဲ့ သွေးမျိုးဆက် တည်တံ့ပြန့်ပွားမှုကို အာမခံချက် ပေးနိုင်မှာ မဟုတ်လား”
“ဆရာ…… ဆရာ့အပြောအရဆိုရင် သူတို့ကို ရှီးမျိုးနွယ်စုဘက်မှာ ထည့်ပြီး ပျိုးထောင်ပေးဖို့ သဘောမတူဘူး ဆိုရင်တော့၊ သူတို့တွေအနေနဲ့ တစ်ခုခု မမျှော်လင့်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောတာလား”
ဖန့်ချန်က ဆိုလိုက်၏။
“ယေဘုယျအားဖြင့်တော့ ဒီလို သဘောပါပဲ၊ ဒီ ကိစ္စရပ်မျိုးက ငါတို့ လူသားမျိုးနွယ်စု တစ်ခုတည်းမှာ ဖြစ်ပျက်ဖူးတာ မဟုတ်ဘူး၊ တခြား မျိုးနွယ်စုတွေထဲမှာလည်း အလားတူ ကိစ္စမျိုးတွေ ဖြစ်ပျက်ဖူးပါတယ်။
ဒါကြောင့် ဒီတစ်ခေါက် မင်းအနေနဲ့ လူတစ်ယောက်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီး၊ အဲဒီလူက ရှီးမျိုးနွယ်စုဘက်ကို အပို့ခံရပြီး ပျိုးထောင်ပေးခြင်း ခံရမယ်ဆိုရင်တောင်မှ အံ့ဩနေစရာ မလိုပါဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ရှီးမျိုးနွယ်စုကလည်း ငါတို့ လူသားမျိုးနွယ်စုနဲ့အတူ ပူးပေါင်းပြီးတော့၊ သူ့ရဲ့ ဘေးကင်းလုံခြုံရေးကို အပြည့်အဝ အာမခံချက် ပေးလိမ့်မယ်။”
“ဒါပေမဲ့ ငါတို့ လူသားမျိုးနွယ်စုထဲမှာလည်း ဟော်ဆွေ့ဘိုးဘေးကြီး ရှိနေတာပဲဟာကို၊ ဘာဖြစ်လို့ ရှီးမျိုးနွယ်စုက ကြားကနေ ဝင်ရောက် စွက်ဖက်ဖို့ လိုအပ်နေရတာလဲ……”
လင်းဖုန်းက တိုးတိုးလေး ညည်းတွားလိုက်မိသည်။
“ဟော်ဆွေ့ဘိုးဘေးကြီး ငယ်ရွယ်စဉ်တုန်းကလည်း၊ ရှီးမျိုးနွယ်စုထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ခဲ့ဖူးတယ်”
ရှူရှန့်က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်ပြန်သည်။
ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ လူအများမှာ ချက်ချင်းပင် တိတ်ဆိတ်ခြင်း အတိ ဖြစ်သွားခဲ့ရတော့သည်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံးမှာ ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို တစ်ခါမျှ မကြားဖူးခဲ့ကြသောကြောင့် ဖြစ်ပေသည်။
“ဒါကတော့ ကောလာဟလ သတင်းစကား သက်သက်ပါပဲ၊ တကယ့် လက်တွေ့မှာ အခုကိစ္စမျိုး ရှိမရှိ ဆိုတာကိုတော့၊ ဟော်ဆွေ့ဘိုးဘေးကြီး ကိုယ်တိုင် ဆီကိုပဲ သွားရောက် မေးမြန်းရလိမ့်မယ်။
ဘာပဲပြောပြော သူ ရှိခဲ့တဲ့ ခေတ်ကာလကြီးက အလွန်တရာကို ဝေးကွာလွန်းလှပြီလေ။
သူနဲ့ ခေတ်ပြိုင် တည်ရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ကြီးတွေ အားလုံးကလည်း၊ ရှေးကတည်းက သေကျေပျက်စီးကုန်ကြပြီ ထင်ပါရဲ့။
ကောင်းကင်အရှင် သူတော်စင်အဆင့် ဆိုတာ…… လူတိုင်း တက်လှမ်းနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။
လူသားမျိုးနွယ်စုမှာ ဒီလောက် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တာတောင်မှ၊တစ်ယောက်ပဲ ထွက်ပေါ်ဖူးတာလေ ”
ရှူရှန့်က ပြုံးလိုက်ပြီး ဖန့်ချန်ဘက်သို့ လက်ကို ဝေ့ယမ်းပြလိုက်သည်။
“ကိစ္စကို ငါ သိရှိနားလည်သွားပြီမို့၊ မင်းအနေနဲ့ ကော်ယန့်လီဆီကိုသာ စိတ်အေးလက်အေး သွားလိုက်ပါ ကျောင်းတော်ကြီးက မင်းကို ဘာလုပ်ဖို့ ညွှန်ကြားသလဲ၊ မင်းလည်း အဲဒီအတိုင်းပဲ လုပ်ဆောင်လိုက်ပါ။
တခြားအရာတွေကိုတော့ အထူးတလည် ဂရုစိုက်မနေပါနဲ့၊ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင်ပဲ ရပါပြီ။
ဘာပဲပြောပြော နောက်ထပ်တစ်ကြိမ် ကျင်းပမယ့် ကောင်းကင်ငါးပါး စစ်တလင်း ကလည်း မကြာခင်မှာတင် စတင်တော့မှာဆိုတော့၊ မင်းအနေနဲ့ အလွဲအချော် မဖြစ်စေနဲ့ဦး။”
“ဆရာ စိတ်ချပါခင်ဗျာ၊ တပည့် နားလည်ပါပြီ”
ဖန့်ချန်က လက်နှစ်ဖက်ကို ပူးယှက်လျက် အရိုအသေ ပေးလိုက်၏။
……
ရှီးမျိုးနွယ်စု ကျောင်းဆောင်
ဖန့်ချန်သည် မိမိ၏ အတွင်းကမ္ဘာမြေကို ထိန်းချုပ်မောင်းနှင်လျက် ဤနေရာသို့ ရောက်ရှိလာခဲ့ရာ၊ လှမ်း၍ မျှော်ကြည့်လိုက်သည့်အခါ ထိုနေရာရှိ ကျောင်းသားအရေအတွက်မှာ လူသားမျိုးနွယ်စုထက် အလွန်အမင်း များပြားလွန်းလှပေသည်။
နှစ်စဉ်နှစ်တိုင်း ရှီးမျိုးနွယ်စု၏ ကျောင်းသားသစ် ဦးရေ သတ်မှတ်ချက်မှာ၊ အနည်းဆုံး လူသားမျိုးနွယ်စုထက် ငါးဆ၊ ခြောက်ဆ၊ သို့မဟုတ် ဆယ်ဆကျော်အထိပင် များပြားလှပေသည်။
ထို့အပြင် ရှီးမျိုးနွယ်စု ကိုယ်တိုင်ကလည်း အခြေခံအုတ်မြစ် နက်ရှိုင်းထူထပ်လှသည့်အတွက်၊ အခြေခံပညာသင်ကာလကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် ကျောင်းသား ရာခိုင်နှုန်းမှာလည်း အလွန် မြင့်မားလှ၏။
တစ်ယောက်ပြီးတစ်ယောက် ကျောင်းတော်ကြီးထဲ၌ ဆက်လက်၍ ပညာသင်ကြားနေကြဆဲ ဖြစ်ရာ၊ နောက်ဆုံးတွင် ရှီးမျိုးနွယ်စု ကျောင်းဆောင်၏ အခြေခံအုတ်မြစ်မှာ ပိုမို၍ နက်ရှိုင်းထူထပ်လာခဲ့ရတော့သည်။
ဖန့်ချန်သည် ကော်ယန့်လီ၏ ကာကွယ်ရေး တောင်တန်းကြီး မည်သည့်နေရာတွင် တည်ရှိသည်ကို မသိရှိသည့်အတွက်၊ လမ်းတွင် ဖြတ်သန်းသွားလာနေသော ရှီးမျိုးနွယ်စု ကျောင်းသားတစ်ဦးကို ကျပန်း ရွေးချယ်ကာ စုံစမ်းမေးမြန်းလိုက်တော့သည်။
“မင်းက ကော်ကာကွယ်ရေးဆရာကို ရှာနေတာလား။ မင်းက ကော်ကာကွယ်ရေးဆရာ့ထံမှာ တပည့်အဖြစ် သွားရောက် ဆည်းကပ်ချင်လို့များလား။
ငါ့အနေနဲ့တော့ မင်း ဒီစိတ်ကူးကို လက်လျှော့လိုက်ဖို့ပဲ အကြံပြုချင်ပါတယ်၊ ကော်ကာကွယ်ရေးဆရာရဲ့ တပည့်လက်ခံတဲ့ စံနှုန်းက ဘယ်လောက်တောင် တင်းကြပ်လွန်းသလဲဆိုတာ၊ စိတ်ကူးထဲကထက်တောင် ပိုပါတယ်။
ဒီလောက် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့အထိ ကိုယ့်ကိုယ်ကို ပါရမီရှင်လို့ သတ်မှတ်ထားကြတဲ့ တည်ရှိမှုပေါင်းများစွာက၊ သူ့ရဲ့ တပည့်အဖြစ် ဝင်ရောက် ကျင့်ကြံချင်ကြတာပဲ၊ ဒါပေမဲ့ ဘယ်နှစ်ယောက်ကများ အောင်မြင်သွားလို့လဲ။
ကော်ကာကွယ်ရေးဆရာရဲ့ ကျိုရွှမ်နတ်တောင်တန်း ဆိုတာ ငါတို့လို လူတွေ ချဉ်းကပ်နိုင်တဲ့ နေရာမျိုး မဟုတ်ဘူး၊ အဲဒီ ကျိုရွှမ်နတ်တောင်တန်းထဲကို အကြောင်းမဲ့ ဇွတ်ဝင်ရောက်မိရင်တော့၊ အရိုက်ခံရပြီး ပြန်ထွက်လာရမှာကို သတိထားဦး။”
ဤရှီးမျိုးနွယ်စု သူတော်စင်သည် ဖန့်ချန်အား အပေါ်အောက် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက်၊ မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်နေသော လူတစ်ယောက်အား ကြည့်နေသည့်အလား၊ သူ၏ မျက်လုံးများထဲ၌ ပြောင်လှောင်သရော်သည့် အရိပ်အယောင်အချို့နှင့်အတူ သက်ပြင်းချမိသည့် အမူအရာမျိုးပါ ပေါ်ထွက်နေခဲ့ရသည်။
“ကျွန်တော်က ကော်ကာကွယ်ရေးဆရာ့ထံမှာ တပည့်အဖြစ် သွားရောက် ဆည်းကပ်ဖို့ ရှာနေတာ မဟုတ်ပါဘူး၊ ကော်ကာကွယ်ရေးဆရာနဲ့ ပြောစရာ ကိစ္စအချို့ ရှိလို့ပါ၊ အစ်ကိုကြီးအနေနဲ့ လမ်းညွှန်ပြပေးလို့ ရမလား”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။
“မင်းက ကော်ကာကွယ်ရေးဆရာနဲ့ ပြောစရာ ကိစ္စရှိတယ် ဟုတ်လား”
တစ်ဖက်လူက မအောင့်နိုင်ဘဲ ရယ်မောလိုက်မိပြီး -
“မင်းက ကော်ကာကွယ်ရေးဆရာနဲ့ ဘာကိစ္စ ရှိနိုင်မှာလဲ။ မင်းက ငါနဲ့အတူတူပဲ မဟုတ်လား……စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် ပဲမလား”
သူက ဖန့်ချန်အား သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက်၊ ခေါင်းကို ညိတ်ပြလိုက်သည်။
“အင်း…… တကယ်ပဲ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ပဲပဲ၊ဒီလို ကျင့်ကြံခြင်း အဆင့်အတန်းမျိုးနဲ့၊ တစ်ဖက်က ကော်ကာကွယ်ရေးဆရာက မင်းနဲ့ ဘာကိစ္စ ရှိနိုင်မှာလဲ”
“ကျွန်တော်က လူသားမျိုးနွယ် ကျောင်းဆောင်က ဖန့်ချန် ပါခင်ဗျာ၊ ကျောင်းအုပ်ကြီးရဲ့ အမိန့်ကို နာခံပြီးတော့၊ ကော်ကာကွယ်ရေးဆရာ့ဆီကို လာရောက် ရှာဖွေတာပါ”
ဖန့်ချန်က လက်နှစ်ဖက်ကို ပူးယှက်လျက် ပြုံး၍ ဆိုလိုက်၏။
“လူသားမျိုးနွယ် ကျောင်းဆောင်က ဖန့်ချန် ဟုတ်လား။ အလွန် ရင်းနှီးနေတဲ့ နာမည်တစ်ခုပဲ၊ နေဦး…… မင်းက အဲဒီလူလား။”
တစ်ဖက်လူက အနည်းငယ် ထိတ်လန့်သွားခဲ့ရပြီး၊ မယုံကြည်နိုင်သည့် အမူအရာမျိုးဖြင့် ဖန့်ချန်အား အပေါ်အောက် သေချာစွာ ကြည့်ရှုလိုက်သည်။
“မင်းက ဒန်ရှီးကျောင်းတော် က ဟန်ချွမ်းရှောင်းကို ရိုက်သတ်ပြီးတော့၊ ခုနစ်ဆောင်နေမင်း ခန်းမဆောင်ထဲကို ဝင်ရောက်သွားတဲ့ ဖန့်ချန်လား”
“မှန်ပါတယ် ”
“တကယ်ပဲ မင်းဖြစ်နေတာကိုး။ မင်းက ကော်ကာကွယ်ရေးဆရာ့ဆီကို ကတုံးပေါ်ထိပ်ကွက်ဖို့ (ကလဲ့စားချေဖို့) လာတာတော့ မဟုတ်ပါဘူးနော်”
တစ်ဖက်လူ၏ မျက်နှာအမူအရာမှာ ထူးဆန်း ဆန်းပြား သွားခဲ့ရတော့သည်။
ယခင်တုန်းက ဖြစ်ပျက်ခဲ့သော ထိုကိစ္စမှာ နောက်ဆုံးတွင် ပြင်ပသို့ ပျံ့နှံ့သွားခဲ့ရသဖြင့်၊ ကော်ယန့်လီသည် ဖန့်ချန်၏ ခုနစ်ဆောင်နေမင်း လမ်းကြောင်းကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့ပြီး၊ ခုနစ်ဆောင်နေမင်း အမှတ်အသားကိုပါ လုယူရန် ကြိုးပမ်းခဲ့ကြောင်း အားလုံး ကြားသိခဲ့ကြရသည်။
ဤကိစ္စမှာ နောက်ပိုင်းတွင် တဖြည်းဖြည်း ငြိမ်းအေးသွားခဲ့ပြီ ဆိုသော်လည်း၊ ရှီးမျိုးနွယ်စု ကျောင်းသားများအကြားတွင်မူ အမြဲတမ်း စိတ်ဝင်တစား ပြောဆိုနေကြဆဲ ဖြစ်သော ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ရသည်။
ယခုအခါ ထိုဇာတ်လမ်း၏ အဓိကဇာတ်ဆောင်ဖြစ်သူက ရှီးမျိုးနွယ်စု ကျောင်းဆောင်သို့ လူကိုယ်တိုင် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ဖန့်ချန်မှာ ကလဲ့စားချေရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု မသိစိတ်အလျောက် တွေးတောမိသွားခြင်း ဖြစ်၏။
သို့သော်လည်း……
ဤမျှ သေးငယ်လှသော ကျင့်ကြံခြင်း အဆင့်အတန်းမျိုးဖြင့် ဘာကလဲ့စား သွားချေနိုင်မည်နည်း။ ထိုနေရာသို့ ရောက်ရှိလာခြင်းမှာ အလကားသက်သက် လာပြီး အသက်အဆုံးခံတာ မဟုတ်ပါလား။
ခုနစ်ဆောင်နေမင်း ကျောင်းသားက အလွန် စွမ်းဆောင်ရည် မြင့်မားလှသည် ဆိုသော်လည်း၊ ၎င်းမှာ တူညီသောအဆင့်အတန်းချင်း၌သာ ကန့်သတ်ချက် ရှိသည် မဟုတ်ပါလား……
“ကျွန်တော့်မှာ ကော်ကာကွယ်ရေးဆရာနဲ့ ဘာရန်ငြိုးရန်စ ရှိမှာလဲ အရင်တုန်းက နားလည်မှုလွဲတာတွေကလည်း အရင်ကတည်းက ပြေလည်သွားခဲ့ပါပြီ၊ အခုကတော့ ကျောင်းအုပ်ကြီးက ခိုင်းစရာ ကိစ္စရှိလို့သာ၊ ကျွန်တော့်ကို လွှတ်လိုက်တာမလို့ လာတာပါ၊ အစ်ကိုကြီးအနေနဲ့ နားလည်မှု မလွဲပါနဲ့ဦး”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။
“ဒီလိုလား……”
တစ်ဖက်လူက ခေတ္တမျှ တွေးတောလိုက်ပြီးနောက်၊ ပြုံးလျက် ဆိုလိုက်သည်။
“ဖန့်ကျောင်းသား မင်္ဂလာပါ၊ ငါ့နာမည်က နျူရှင်းဝူ လို့ ခေါ်ပါတယ်၊ မင်းထက် လေးငါးပတ်လောက် စီနီယာကျတဲ့ ကျောင်းသားကြီး တစ်ယောက်ပေါ့ ”
သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် -
“မင်းက ကော်ကာကွယ်ရေးဆရာနဲ့ တကယ့် ကိစ္စရှိတယ်ဆိုရင်တော့၊ ငါ မင်းကို လမ်းပြပေးပါ့မယ်၊ ဒါပေမဲ့ မင်း ငါ့ကိုတော့ ဒုက္ခမပေးပါနဲ့ဦး၊ အကယ်၍ တကယ်ပဲ ကလဲ့စားချေဖို့ လာတာဆိုရင်တော့၊ ငါ့ကို ကြိုပြီး သတိပေးပါဦး၊ ငါ လမ်းညွှန်ပြပေးပြီးတာနဲ့ ချက်ချင်း လစ်တော့မှာမလို့”
“တကယ် ကလဲ့စားချေဖို့ လာတာ မဟုတ်ပါဘူး ”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။
နျူရှင်းဝူက ခေါင်းကို ညိတ်ပြလိုက်သည်
“မင်းက ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်ပဲ၊ ငါ မင်းကို ယုံကြည်ပါတယ်၊ ငါ့နောက်ကို လိုက်ခဲ့တော့ ”
သူသည် မိမိ၏ အတွင်းကမ္ဘာမြေကို ထိန်းချုပ်မောင်းနှင်လျက်၊ ကိုယ်ကို လှည့်ကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။
ဖန့်ချန်သည်လည်း ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ သူ၏ နောက်သို့ လိုက်ပါ ဝင်ရောက်သွားခဲ့ရပေသည်။
နျူရှင်းဝူသည် သိပ်မဝေးလှသော နေရာ၌ နေမင်းတစ်စင်းအလား ဟင်းလင်းပြင်ကြီးထဲတွင် ထွန်းလင်းတောက်ပနေသော ဖန့်ချန်၏ အတွင်းကမ္ဘာမြေကို ကြည့်ရှုလိုက်မိရာ၊ သူ၏ မျက်လုံးများထဲ၌ မအောင့်နိုင်ဘဲ အံ့ဩချီးကျူးမိသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရတော့သည်။
“ဒါက ဒဏ္ဍာရီထဲက ခုနစ်ဆောင်နေမင်း အမှတ်အသားပေါ့၊ ကြားဖူးတာကတော့ ဒီအမှတ်အသားက ခုနစ်ဆောင်နေမင်း ကျောင်းသားရဲ့ အခြေခံအုတ်မြစ်နဲ့ စွမ်းအားကို နှစ်ပုံ သုံးပုံလောက်အထိ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြတယ်၊ အခု ကြည့်ရတာတော့ တကယ်ပဲ ဒီလို ဖြစ်နိုင်ခြေမျိုး ရှိနေတာကိုး၊ ငါက သူ့ကို စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်လို့ သတ်မှတ်မိတာ မဆန်းပါဘူး……”
ဤအချက်ကို တွေးတောမိလိုက်သည့်အခါ၊ နျူရှင်းဝူသည် မအောင့်နိုင်ဘဲ ဖန့်ချန်၏ အနားသို့ အနည်းငယ် တိုးကပ်လာခဲ့သည်။
“ဖန့်ကျောင်းသား…… ဒီခုနစ်ဆောင်နေမင်း အမှတ်အသားက တကယ်ပဲ စွမ်းအားကို မြှင့်တင်ပေးနိုင်တာလား”
“တကယ်ပဲ စွမ်းအားအချို့ကို မြှင့်တင်ပေးနိုင်တာ မှန်ပါတယ် ”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။
“ဒါဆိုရင်တော့ တကယ့်ကို ကောင်းမွန်တဲ့ ရတနာတစ်ခုပဲ။”
နျူရှင်းဝူမှာ အလွန်အမင်း မနာလို အားကျသွားခဲ့ရသည်။
“ဒီလောက် လူအများအပြားက ဘာဖြစ်လို့ ခုနစ်ဆောင်နေမင်း ကျောင်းသား ဖြစ်ချင်ကြသလဲ ဆိုတာ မဆန်းတော့ပါဘူး၊ ဒါက တကယ့် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ရှိနေတာကိုး။”
"ဒီလို စွမ်းအား မြင့်တက်လာမှုက ကိုယ်ပိုင် အရင်းအမြစ်ကနေ ထွက်ပေါ်လာတာ မဟုတ်တဲ့အတွက်၊ အမှန်တကယ်တော့ အဲဒီလောက်အထိ ထူးခြားတာမျိုး မဟုတ်ပါဘူး။
အကယ်၍ တစ်နေ့နေ့မှာ ခုနစ်ဆောင်နေမင်း ကျောင်းသားရဲ့ အဆင့်အတန်း ပျောက်ဆုံးသွားပြီး၊ ခုနစ်ဆောင်နေမင်း အမှတ်အသား မရှိတော့ဘူး ဆိုရင်တော့၊ ဆန့်ကျင်ဘက်အနေနဲ့ စိတ်ထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားချက်မျိုး ဝင်ရောက်လာနိုင်ပါတယ်။
ဒါကြောင့်မလို့ ကျုပ်ကတော့ ဒါကို နည်းလမ်းတစ်ခု အနေနဲ့သာ သတ်မှတ်ထားပြီး၊ ကိုယ့်ရဲ့ အခြေခံအုတ်မြစ်နဲ့ တကယ့်စွမ်းအားအဖြစ် စွဲလမ်း မထားပါဘူး ”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
“အင်း…… မင်းပြောတာကလည်း အကြောင်းပြချက် အချို့ ရှိတာပဲ။”
နျူရှင်းဝူက တွေးတော စဉ်းစားနေသည့် အမူအရာမျိုးဖြင့် ခေါင်းကို ညိတ်ပြလိုက်ပေသည်။
ထိုအချိန်တွင်၊ ရှီးမျိုးနွယ်စု ကျောင်းသား အတော်များများကလည်း ဤအတွင်းကမ္ဘာ ဟင်းလင်းပြင်ကြီးထဲ၌ ဖြတ်သန်း သွားလာနေခဲ့ကြသည်။
သူတို့သည် နေမင်းတစ်စင်းအလား ထွန်းလင်းတောက်ပနေသော ဖန့်ချန်၏ အတွင်းကမ္ဘာမြေကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ၊ အချို့မှာ ခြေလှမ်းများကို ရပ်တန့်လျက် လှမ်း၍ မျှော်ကြည့်နေကြပြီး၊ အချို့မှာမူ ဤဘက်သို့ တဖြည်းဖြည်း တိုးကပ်လာခဲ့ကြတော့သည်။
သူတို့သည် ဖန့်ချန်အား ရှီးမျိုးနွယ်စု ကျောင်းဆောင်မှ မည်သည့် ခုနစ်ဆောင်နေမင်း ကျောင်းသား ဖြစ်မလဲဟု ထင်မှတ်နေခဲ့ကြသော်လည်း၊ အနားသို့ တိုးကပ်၍ ကြည့်ရှုလိုက်သည့်အခါ ဖန့်ချန်၏ မျက်နှာမှာ အလွန်တရာ စိမ်းသက်လှသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ အားလုံးမှာ မှင်တက် သွားခဲ့ကြရတော့သည်။
ထိုအချိန်တွင်၊ အတွင်းကမ္ဘာမြေ တစ်ခုသည် ဆန့်ကျင်ဘက် အရပ်မျက်နှာဆီမှနေ၍ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ပြီး၊ ဖန့်ချန်နှင့် နျူရှင်းဝူတို့၏ လမ်းခရီးကို ပိတ်ဆို့ တားဆီးလိုက်တော့သည်။
နျူရှင်းဝူသည် ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် မှင်တက်သွားခဲ့ရပြီး၊ ထို့နောက်တွင် ဖန့်ချန်ထံသို့ အသံလှိုင်းဖြင့် သတင်းစကား ပေးပို့လိုက်သည်။
“ဖန့်ကျောင်းသား…… ဒီလူက ကော်ကာကွယ်ရေးဆရာရဲ့ တပည့်ပဲ၊ ပြီးတော့ အရင်တုန်းက…… ဝူး၊ မင်းတို့ဘာသာ မင်းတို့ပဲ စကားပြောလိုက်ကြတော့။”
သူသည် အခြေအနေကို သိရှိနားလည်စွာဖြင့် ဘေးနားသို့ ဆုတ်ခွာ သွားခဲ့တော့သည်။
ထို အရှိန်အဝါ ကြီးမားထည်ဝါလှသော အတွင်းကမ္ဘာမြေကြီး ထဲမှနေ၍မူ၊ မျက်နှာအမူအရာ မည်းမှောင် ညှိုးငယ်နေသော လုလင်ပျိုတစ်ဦး ပေါ်ထွက်လာခဲ့ပေသည်။
သူသည် မိမိ၏ မည်းမှောင် ညှိုးငယ်လှသော မျက်လုံးအစုံဖြင့်၊ ဖန့်ချန်အား တစ်လက်မချင်းစီ သေချာစွာ စိုက်ကြည့်နေသည်။