← Chapters

အခန်း (၂၁၃၃-၂၁၃၄)

Vol. 214 Ch. 2133-2134

အခန်း (၂၁၃၃-၂၁၃၄)

Vol. 214 Ch. 2133-2134

အခန်း (၂၁၃၃) ဖန့်ကျောင်းသား၊ ကျုပ်က ထိုက်ဟောင်ယွီပါ

“မင်းက ဖန့်ချန်လား။ လူသားမျိုးနွယ် ကျောင်းဆောင်ရဲ့ တစ်ဦးတည်းသော ခုနစ်ဆောင်နေမင်း ကျောင်းသား နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဖန့်ချန်လား။”

မျက်နှာမည်းမှောင် ညှိုးငယ်နေသော လုလင်ပျိုက ဖြည်းညှင်းစွာ နှုတ်ဟလိုက်ရာ၊ သူ၏ အသံမှာ ဟင်းလင်းပြင်ကြီး တစ်ခုလုံးထဲ၌ ဟိန်းထွက်သွားခဲ့ပေသည်။

“တကယ်ပဲ အဲဒီလူ ဖြစ်နေတာပဲ။”

“သူ ဒီတစ်ခေါက် လာတာ ကလဲ့စားချေဖို့များလား။”

ရှီးမျိုးနွယ်စု ကျောင်းဆောင်မှ ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် စောင်းငဲ့ကြည့်ရှုလိုက်ကြပြီး၊ သူတို့၏ စိတ်ထဲတွင်လည်း နျူရှင်းဝူကဲ့သို့သော တွေးထင်ခန့်မှန်းချက်မျိုး အသီးသီး ပေါ်ပေါက်လာခဲ့ကြတော့သည်။

မည်းမှောင်ညှိုးငယ်သော လုလင်ပျိုက ဖန့်ချန်အား အကဲခတ် ကြည့်ရှုနေသည့်အချိန်တွင်ပင်၊ ဖန့်ချန်ကလည်း တစ်ဖက်လူအား ပြန်လည်၍ အကဲခတ်ကြည့်ရှုနေခဲ့ပြီး၊ ထိုစကားကို ကြားရသည့်အခါ ပြုံးလိုက်ရုံသာ ပြုလုပ်လိုက်သည်။

“ကျုပ်ပါပဲ၊ အစ်ကိုကြီးက ဘယ်သူလဲခင်ဗျာ”

“ကော်ယန့်လီက ငါ့ရဲ့ ဆရာပဲ၊ ငါက ရှီးမျိုးနွယ်စုက ထိုက်ဟောင်ဝေ ပဲ။”

မည်းမှောင်ညှိုးငယ်သော လုလင်ပျိုက မာန်မာနထောင်လွှားသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

“ဩော်။”

ဖန့်ချန်က ခေါင်းကို သာမန်ကာလျှံကာ ညိတ်ပြလိုက်သည်။

“တခြား ကိစ္စမရှိဘူးဆိုရင်တော့၊ အစ်ကိုကြီးအနေနဲ့ လမ်းလေး နည်းနည်းလောက် ဖယ်ပေးလို့ ရမလား။ ကျုပ်က မင်းရဲ့ဆရာ ကော်ယန့်လီနဲ့ တွေ့ဖို့ ကျိုရွှမ်နတ်တောင်တန်းကို သွားမလို့ပါ”

“မင်းက ငါ့ဆရာ့ရဲ့ နာမည်အရင်းကို ဗြောင်ကျကျ ခေါ်ဝံ့တယ်ပေါ့လေ ”

ထိုက်ဟောင်ဝေ၏ မျက်ဝန်းအစုံက မှေးစင်းသွားခဲ့ရသည်။

“သူက မင်းရဲ့ဆရာလေ၊ ငါ့ရဲ့ ဆရာမှ မဟုတ်တာ၊ နာမည်အရင်းကို ခေါ်တော့ ဘာဖြစ်လဲ”

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်

“ဒါမှမဟုတ် ရွှေဟွေးကျောင်းတော် မှာ ဒီလို စည်းမျဉ်းစည်းကမ်းမျိုး ရှိနေလို့လား။ ဘယ်အခန်း၊ ဘယ်အပိုဒ်မှာ ရှိလဲဆိုတာ မသိရပေမဲ့၊ ငါ ပြန်ရောက်ရင်တော့ သေချာပေါက် ရှာဖွေဖတ်ရှု လေ့လာရဦးမယ် ”

စကားဆုံးသည်နှင့်၊ ဖန့်ချန်က ထိုက်ဟောင်ဝေအား အပေါ်အောက် အကဲခတ်ကြည့်ရှုလိုက်ပြီး၊ မချင့်မရဲ လေသံမျိုးဖြင့် ဆိုလိုက်သည်။

“မင်းကို ကြည့်ရတာ တက်ကြွနေတာပဲ၊ ဒဏ်ရာရထားတဲ့ ပုံစံမျိုးနဲ့လည်း မတူပါဘူး၊ မင်းတို့ရဲ့ဆရာက အဲဒီတုန်းက လူသားမျိုးနွယ် ကျောင်းဆောင်ဆီကို လာပြီး ခုနစ်ဆောင်နေမင်း အမှတ်အသားကို လာတောင်းတာက၊ တကယ်ပဲ မင်းကို ဒဏ်ရာကုသပေးဖို့ အတွက်လား။”

ထိုက်ဟောင်ဝေ၏ မျက်နှာအမူအရာမှာ ပိုမို၍ပင် မည်းမှောင်ညှိုးငယ် သွားခဲ့ရပြီး -

“ဒဏ်ရာရတာ ငါ့ရဲ့ အစ်ကိုကြီးပဲ၊ ငါ မဟုတ်ဘူး။”

ဖန့်ချန်က နျူရှင်းဝူအား တစ်ချက် လှမ်းကြည့်လိုက်မိရာ၊ ဤကောင်က စကားကို အဆုံးထိအောင် မပြောခဲ့သောကြောင့်၊ သူ့ကို အထင်အမြင် လွဲမှားအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေသည်။

“ဒါဆိုရင်တော့ ငါ လူမှားသွားတာပဲ။”

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။

ဖန့်ချန်၏ စကားလုံးတိုင်းနှင့် အမူအရာတိုင်းတွင် ဂရုမစိုက် တန်ဖိုးမထားသည့် အရိပ်အယောင်အချို့ ပါဝင်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ထိုက်ဟောင်ဝေက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး၊ အေးစက်လှသော လေသံဖြင့် ဆိုလိုက်တော့သည်။

“ဖန့်ချန်…… မင်း ဘယ်လိုမျက်နှာမျိုးနဲ့ ငါတို့ ရှီးမျိုးနွယ်စု ကျောင်းဆောင်ကို လာဝံ့တာလဲ၊ ပြီးတော့ ငါ့ရဲ့ ဆရာ့ကိုပါ တွေ့ချင်နေသေးတယ် ဟုတ်လား။

ပြောရရင်တော့ သာမန် လူသားမျိုးနွယ်စု သက်သက်ပဲဟာကို၊ ငါ့အစ်ကိုကြီးရဲ့ ဒဏ်ရာကို ကုသပေးဖို့အတွက် ခုနစ်ဆောင်နေမင်း အမှတ်အသားကို ပေးလှူဖို့တောင် မလိုလားခဲ့ဘူး။

ဒါက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ ရဲ့ တကယ့် ပါရမီရှင်တစ်ယောက်ရဲ့ သူတော်စင်လမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ။

မင်းကတော့ ခဏတာပဲ ပွင့်လန်းမယ့် တည်ရှိမှုမျိုး သက်သက်ပါ၊ ခုနစ်ဆောင်နေမင်းတံဆိပ် က မင်းရဲ့ ကိုယ်ပေါ်မှာ ရှိနေတာက လေလွင့်ပြုန်းတီးမှု သက်သက်ပဲ။

မင်းအနေနဲ့ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်ဖို့ နေနေသာသာ၊ အဲဒီမတိုင်ခင်မှာတင် ပြိုင်ပွဲကနေ ဖယ်ထုတ်ခြင်း ခံရလိမ့်မယ်၊ မင်းက ရတနာတစ်ခုလို သတ်မှတ်ထားတဲ့ ခုနစ်ဆောင်နေမင်း တံဆိပ်က၊ မင်းဆီမှာ ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။”

“မင်း ဆိုလိုတာက၊ ငါက ခုနစ်ဆောင်နေမင်း တံဆိပ်ကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ပေးအပ်ပြီး၊ မင်းရဲ့ အစ်ကိုကြီးကို ဒဏ်ရာကုသပေးရမယ်ပေါ့ ဟုတ်လား”

ဖန့်ချန်က ပြုံးလျက် ပြန်လည် မေးခွန်းထုတ်လိုက်၏။

ထိုက်ဟောင်ဝေက အေးစက်စွာ ဆိုလိုက်သည်

“မဟုတ်ရင် ဘာလဲ။ ဟင်းက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က လူတစ်ယောက် မဟုတ်ဘူးလား။

အရာအားလုံးက မဟာမိတ်အဖွဲ့ကိုပဲ ဦးစားပေးရမယ်ဆိုတာကို၊ မင်းတို့ လူသားမျိုးနွယ်စုက မင်းကို မသွန်သင်ဖူးဘူးလား။”

“ရှီးမျိုးနွယ်စုကတော့ တကယ့်ကို ဗိုလ်ကျစိုးမိုးလွန်းတာပဲ၊ ဒီလို ဖြစ်နေမှတော့၊ ဘာဖြစ်လို့ ငါတို့ လူသားမျိုးနွယ်စုရဲ့ သိုးမွေးကိုပဲ ချောင်းပြီး ညှပ်ချင်နေရတာလဲ။

ရွှေဟွေးကျောင်းတော်မှာ၊ လူသားမျိုးနွယ် ကျောင်းဆောင်အပြင်၊ တခြား ကျောင်းဆောင် အတော်များများမှာလည်း ခုနစ်ဆောင်နေမင်းကျောင်းသားတွေ ရှိနေတာပဲဟာ။

မင်း ဘာဖြစ်လို့ သူတို့ဆီကို သွားပြီး ခုနစ်ဆောင်နေမင်း တံဆိပ်ကို သွားမတောင်းတာလဲ။

တကယ်လို့ သူတို့သာ အရာအားလုံးကို မဟာမိတ်အဖွဲ့ အကျိုးအတွက် ဦးစားပေးရမယ်ဆိုတဲ့ သဘောတရားကို နားလည်ကြမယ် ဆိုရင် သူတို့က ခုနစ်ဆောင်နေမင်း တံဆိပ်ကို လက်နှစ်ဖက်နဲ့ ပေးအပ်တဲ့အခါ မင်းတို့ ရှီးမျိုးနွယ်စု ကျောင်းဆောင်မှာ နောက်ထပ် ပါရမီရှင်တစ်ယောက် တိုးပွားလာမှာ အမှန်ပဲ ”

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။

ထိုက်ဟောင်ဝေမှာ ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီး၊ ထို့နောက်တွင် ဒေါသတရားများက ရင်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝှေ့တက်လာခဲ့ကာ၊ သူ၏ ကိုယ်ပေါ်ရှိ အတွင်းကမ္ဘာနယ်မြေ အရှိန်အဝါများကလည်း ဆက်တိုက်ဆိုသလို ပေါက်ကွဲလှုပ်ခတ်လာခဲ့တော့သည်။

ဖန့်ချန်ကမူ ထိုက်ဟောင်ဝေအား ပြုံးပြုံးလေးသာ စိုက်ကြည့်နေခဲ့ပြီး၊ မည်သည့် လှုပ်ရှားမှုကိုမျှ ပြုလုပ်ခြင်း မရှိပေ၊ ထိုက်ဟောင်ဝေက မည်သည့်အချိန်တွင်မဆို လက်ဦးမှုရယူကာ တိုက်ခိုက်လာနိုင်သည်ကို လုံးဝ သတိမထားမိသည့်အလား ပြုမူနေခဲ့သည်။

အရှိန်အဝါများ ပြင်းထန်စွာ လှုပ်ခတ်သွားပြီးနောက်တွင်မူ၊ ထိုက်ဟောင်ဝေ၏ အရှိန်အဝါများက ရုတ်တရက် ပြန်လည်၍ ငြိမ်သက်သွားခဲ့ရပြီး၊ သူက အေးစက်စွာ ဆိုလိုက်သည်။

“ငါ ဒီနေ့ လာတာက မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးချင်လို့ပဲ၊ မင်းဘက်က ခုနစ်ဆောင်နေမင်း တံဆိပ်ကို ပေးအပ်မယ်ဆိုရင်တော့၊ မင်းရဲ့ ကိစ္စကို ငါ နောက်ထပ် အရေးယူမှာ မဟုတ်တော့ဘူး။”

အနီးနားရှိ ရှီးမျိုးနွယ်စု ကျောင်းသားများမှာ ဤစကားကို ကြားရသည့်အခါ၊ သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်း ဆန်းပြားသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ကြရတော့သည်။

သူတို့၏ စိတ်ထဲတွင် ထိုက်ဟောင်ဝေ၏ ဗိုလ်ကျစိုးမိုးမှုကို အပြစ်တင်မိကြသလို၊ တစ်ဖက်တွင်လည်း ဖန့်ချန်ဘက်က မည်သို့ တုံ့ပြန်လာမည်ကို သိရှိလိုသဖြင့် စူးစမ်းလိုစိတ်အပြည့်ဖြင့် လှမ်း၍ ကြည့်ရှုလိုက်ကြ၏။

ဖန့်ချန်က ပြုံးလိုက်ပြီး၊ သူ၏ မျက်ဝန်းအစုံက သိပ်မဝေးလှသော နေရာ၌ ရေးရေးမျှသာ မြင်တွေ့နေရသော အတွင်းကမ္ဘာနယ်မြေ တစ်ခုဆီသို့ ရုတ်တရက် လှမ်း၍ ကြည့်ရှုလိုက်မိသည်။

ထို အတွင်းကမ္ဘာနယ်မြေ ဆီမှနေ၍ ထူးဆန်းလှသော အေးစက်သည့် အငွေ့အသက်အချို့ ထွက်ပေါ်နေပုံရသည်။

၎င်းမှာ အလွန် သိသာထင်ရှားခြင်း မရှိသော်လည်း၊ ဖန့်ချန်၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် လျင်မြန်စွာ ဖမ်းဆီးမိသွားခြင်း ဖြစ်ပေသည်။

သူ၏ အကြည့်က ထိုက်ဟောင်ဝေ၏ ကိုယ်ပေါ်သို့ ပြန်လည် ကျရောက်သွားခဲ့ပြီး၊ တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်သည်။

“ယီးတောင် မပေးဘူး"

“ဘာပြောလိုက်တယ်”

“ငါ ပြောတာကတော့…… ခုနစ်ဆောင်နေမင်း တံဆိပ်ကို၊ မင်းကို ယီးတောင်မပေးနိုင်ဘူးလို့ ပြောတာ ”

ဖန့်ချန်က နောက်တစ်ကြိမ် ထပ်မံ၍ လေးလေးနက်နက် ပြောကြားလိုက်သည်။

“မင်းက ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ယောက်တောင် မဟုတ်ဘူး၊ ကျင့်ကြံခြင်း အဆင့်အတန်းကလည်း စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သက်သက်ပဲ ငါ့ကို ခြိမ်းခြောက်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။

အရင်တုန်းက မင်းရဲ့ဆရာ ကိုယ်တိုင် လူသားမျိုးနွယ် ကျောင်းဆောင်ဆီကို လာပြီး ဒီလိုမျိုး လာရောက် ခြိမ်းခြောက်ခဲ့တာတောင်မှ၊ နောက်ဆုံးမှာ ခုနစ်ဆောင်နေမင်း တံဆိပ်ကို ယူမသွားနိုင်ခဲ့ဘူး မဟုတ်လား ”

နျူရှင်းဝူက တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲ မျိုချလိုက်မိပြီး၊ သူက ဖန့်ချန်အား ထိုက်ဟောင်ဝေ၏ နောက်ခံအကြောင်းအရင်းကို သတိပေးချင်နေသော်လည်း၊ ဤနေရာက ရှီးမျိုးနွယ်စု ကျောင်းဆောင် ဖြစ်နေသည့်အတွက်ကြောင့်၊ မိမိ၏ သတိပေးမှုကို တခြားလူများ သတိပြုမိသွားကာ နှစ်ဖက်စလုံး၏ အငြိုအငြင်ကို ခံရမည်ကို စိုးရိမ်သဖြင့် မပြောဝံ့ဘဲ နေခဲ့ရသည်။

ထိုက်ဟောင်ဝေက ရယ်မောလိုက်မိပြီး

“ဩော်…… မင်းက ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက နိမ့်ပါးလွန်းနေလို့၊ ငါပြောတဲ့ စကားတွေကို ဂရုစိုက်စရာ မလိုဘူးလို့ ထင်နေတာပေါ့ ဟုတ်လား”

“ဟုတ်တယ်လေ”

“ဒါပေမဲ့ မင်း သိထားလား၊ ငါတို့ ထိုက်ဟောင်မျိုးနွယ်စု ကလည်း ခုံသမာဓိ ခန်းမဆောင် ထဲမှာ အလားတူ နေရာတစ်နေရာကို ပိုင်ဆိုင်ထားတယ်ဆိုတာကို။

မင်းတို့ လူသားမျိုးနွယ်စုလိုမျိုး ဟော်ဆွေ့ဘိုးဘေးကြီး တစ်ယောက်တည်းပဲ ရှိတာ မဟုတ်ဘူး။

ငါတို့ ထိုက်ဟောင်မျိုးနွယ်စုထဲမှာတင် ဂုဏ်ထူးဆောင် ကောင်းကင်အရှင် က နှစ်ယောက်တောင် ရှိတာ။

အကယ်၍ ရှီးမျိုးနွယ်စု တစ်ခုလုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင်တွေကိုသာ အကုန်လုံး ပေါင်းထည့်လိုက်မယ် ဆိုရင်တော့၊ မင်းရဲ့ လက်နှစ်ဖက်နဲ့တောင် ရေတွက်လို့ ကုန်မှာ မဟုတ်ဘူး ”

“အကယ်၍ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ကိုယ်တိုင်က လူကိုယ်တိုင် လာပြီး ငါ့ဆီကနေ ခုနစ်ဆောင်နေမင်း တံဆိပ်ကို လာတောင်းမယ် ဆိုရင်တော့၊ ငါက သေချာပေါက် ပေးမှာပေါ့ ”

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်၏။

သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် -

“ဒါပေမဲ့ ဒီလို မဟုတ်ရင် တခြား ဘယ်သူမှ ငါ့ကို လာပြီး ဒါတွေ မပြောနဲ့တော့ ”

“……”

ထိုက်ဟောင်ဝေမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရပြီးနောက်၊ ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။

“မင်းက ငယ်ရွယ်လွန်းသေးတာပဲ၊ ကျောင်းတော်ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ၊ မင်း နားမလည်သေးတဲ့ သဘောတရားတွေ အများကြီး ရှိသေးတယ်။

ငါ မင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေး ပေးမယ်၊ မင်းသာ ခုနစ်ဆောင်နေမင်း တံဆိပ်ကို ပေးဖို့ လိုလားတယ် ဆိုရင်တော့……

ဒီတစ်ခေါက် ကိစ္စကို ငါ ထပ်ပြီး အရေးယူမှာ မဟုတ်တော့ဘူး။

မဟုတ်ရင်တော့…… နောင်ကျရင် မင်း ဘယ်နေရာမှာပဲ နေနေ၊ မင်းရဲ့ သူတော်စင်လမ်းကြောင်းက သေချာပေါက် ပြတ်တောက်သွားလိမ့်မယ်လို့၊ ငါ ရဲရဲကြီး အာမခံရဲတယ် ”

“ငါ့ရဲ့ သူတော်စင်လမ်းကြောင်းက သေချာပေါက် ပြတ်တောက်သွားလိမ့်မယ် ဟုတ်လား။ မင်းတို့ ရှီးမျိုးနွယ်စုက ငါ့ရဲ့ သူတော်စင်လမ်းကြောင်းကို ဘယ်လိုနည်းနဲ့ ဖြတ်တောက်မလဲ ဆိုတာ ငါ့ တကယ်ကို သိချင်သေးတယ် ”

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်

“ဒါတွေ မပြောခင်မှာ၊ မင်း လမ်းအရင် ဖယ်ပေးလိုက်ဦး၊ ငါက မင်းရဲ့ဆရာနဲ့ အရေးကြီးကိစ္စ ပြောစရာ ရှိတယ် ဒါက ကျောင်းတော်ကြီးဘက်က အမိန့်ပဲ အချိန် ကြန့်ကြာသွားခဲ့ရင်တော့၊ မင်းတို့ ထိုက်ဟောင်မျိုးနွယ်စုလည်း ဒီတာဝန်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး ”

ဖန့်ချန်မှာ ကောလာဟလ သတင်းစကားများထဲကအတိုင်း မည်သည့် စကားကိုမျှ နားမဝင်သည့် လူတစ်ယောက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ထိုက်ဟောင်ဝေ၏ ရင်ထဲရှိ ဒေါသတရားများက ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ရပြီး၊ နောက်ထပ် ဘယ်လိုမှ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။

ပြင်းထန်လှသော အတွင်းကမ္ဘာနယ်မြေ အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာခဲ့တော့သည်။

အနီးနားရှိ ရှီးမျိုးနွယ်စု ကျောင်းသားများမှာ ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးကပ်လာကာ ဖျောင်းဖျ ကြတော့သည်။

ဒီနေရာမှာ စကားနာ ထိုးတာလောက်ကတော့ ဘာမှမဖြစ်ပေမဲ့၊ တကယ်လို့သာ လက်ပါပြီး တိုက်ခိုက်ကြလို့၊ ဘယ်ဘက်ကပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်သွားခဲ့ရင်တော့၊ ရှီးမျိုးနွယ်စု ကျောင်းဆောင်အနေနဲ့ သေချာပေါက် ကောင်းမွန်တဲ့ ရလဒ် ရရှိမှာ မဟုတ်ပေ။

အဓိက အကျဆုံးအချက်မှာ၊ ထိုက်ဟောင်ဝေက မည်မျှပင် ထူးခြားဆန်းပြားသော နောက်ခံအဆင့်အတန်း ရှိနေပါစေဦးတော့၊ သူက သာမန် စွမ်းအင်စုစည်းခြင်း အဆင့် သူတော်စင်တစ်ဦးသာ ဖြစ်ပြီး၊ အဆင့်သတ်မှတ်ချက်က အလွန် မြင့်မားလှသည် ဆိုသော်လည်း၊ ကောင်းကင်ငါးပါး ထိပ်သီး ရာဂဏန်း အဆင့်သို့ပင် မရောက်ရှိသေးပေ။

လူသားမျိုးနွယ်စုက ဖန့်ချန်မှာမူ၊ ရှေးကတည်းက ခုနစ်ဆောင်နေမင်း ကျောင်းသားတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ရာ၊ ခုနစ်ဆောင်နေမင်း တံဆိပ်၏ အဆင့်မြှင့်တင်ပေးမှု ရှိနေသောကြောင့်၊ ထိုက်ဟောင်ဝေ အနေဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် တည်ရှိမှုမျိုး လုံးဝ မဟုတ်ပေ။

နှစ်ဖက်စလုံး၏ အစွမ်းသတ္တိမှာ၊ လုံးဝကို အချိုးအစား မမျှတလှပေ။

“တော်လောက်ပြီ၊ မင်းက တကယ်ကို ကလေးကလား ဆန်လွန်းတာပဲ ”

အေးစက်လှသော ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖန့်ချန် ရှေးယခင်ကတည်းက သတိပြုမိထားသော အေးစက်သည့် အငွေ့အသက်များ ပါဝင်နေသည့် ထိုအတွင်းကမ္ဘာနယ်မြေ မှာ၊ မည်သည့်အချိန်က ရောက်ရှိလာမှန်း မသိဘဲ နှစ်ယောက်၏ အလယ်ဗဟိုဆီသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပေသည်။

အတွင်းကမ္ဘာမြေကြီး ထဲတွင်မူ၊ မျက်နှာအမူအရာ အနည်းငယ် ဖြူလျော်နေသော လူရွယ်တစ်ဦး ရပ်တန့်နေခဲ့ပြီး၊ သူ၏ မျက်ခုံးအစုံမှာ ထိုက်ဟောင်ဝေနှင့် အနည်းငယ် ဆင်တူလှသော်လည်း၊ ဤလူရွယ်၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာမူ ထင်ရှားစွာပင် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ထိုက်ဟောင်ဝေထက် ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု ပိုမိုမြင့်မားလှပေသည်။

“အစ်ကိုကြီး”

ထိုက်ဟောင်ဝေက ရောက်ရှိလာသော လူကို မြင်တွေ့လိုက်ရသည့်အခါ၊ သူ၏ မျက်ဝန်းအစုံထဲ၌ ချက်ချင်းပင် ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ရပြီး၊ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများကို ပြန်လည်၍ ဖိနှိပ်လိုက်တော့သည်။

“တကယ့်ကို ကလေးကလား ဆန်လွန်းတာပဲ၊ မင်း ဒီလိုမျိုး လုပ်တာက ဆရာ့ရဲ့ မျက်နှာကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ မဟုတ်လား၊ ကျိုရွှမ်နတ်တောင်တန်းရဲ့ မျက်နှာကို ဖျက်ဆီးတာ၊ ရှီးမျိုးနွယ်စု ကျောင်းဆောင်ရဲ့ မျက်နှာကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ”

လူရွယ်က အေးစက်စွာ ဆိုလိုက်၏။

“အစ်ကိုကြီး…… ဒါပေမဲ့ သူက……”

ထိုက်ဟောင်ဝေက တစ်ခုခု ပြန်လည် ဆင်ခြေတက်ရန် ကြိုးပမ်းလိုက်သည်။

“နောက်ထပ် ပြောမနေနဲ့တော့၊ မင်း ပြန်ပြီးတော့ အမှားကို နံရံကပ်ပြီး ပြန်ဆင်ခြင်တော့ ”

လူရွယ်က လက်ကို ဝေ့ယမ်းပြလိုက်၏။

ထိုက်ဟောင်ဝေက သွားကို တင်းတင်းကြိတ်လိုက်မိပြီး၊ ဖန့်ချန်အား အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ကိုယ်ကို လှည့်ကာ ထွက်ခွာသွားခဲ့ရတော့သည်။

သူ ထွက်ခွာသွားပြီးနောက်တွင်မူ၊ လူရွယ်က ဖန့်ချန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ လက်နှစ်ဖက်ကို ပူးယှက်လျက် ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ဖန့်ကျောင်းသား မင်္ဂလာပါ၊ ကျုပ်က ထိုက်ဟောင်ယွီပါ ဆရာက ကျုပ်ကို ဖန့်ကျောင်းသားကို လာရောက် ကြိုဆိုခိုင်းလိုက်တာပါ ခုနက ကိစ္စအတွက် ဖန့်ကျောင်းသားအနေနဲ့ စိတ်ထဲမထားဘဲ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”

အခန်း (၂၁၃၄) ချင်းရှောင်းနတ်ဘုရားနယ်မြေ၊ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်

ထိုက်ဟောင်ယွီ၏ အပြောအဆိုမှာ တကယ့်ကို ယဉ်ကျေးပျူငှာလှပြီး အလွန်ပင် နူးညံ့သိမ်မွေ့လှပေရာ၊ ကြည့်လိုက်ရုံနှင့်ပင် ထိုက်ဟောင်ဝေထက်စာလျှင် အဆပေါင်းများစွာ ပိုမိုရင့်ကျက် တည်ငြိမ်ကြောင်း သိသာလှပေသည်။

သူ ပေါ်ထွက်လာခြင်းကြောင့် အနီးနားရှိ ရှီးမျိုးနွယ်စု ကျောင်းသားများကလည်း ရှေ့သို့ တိုးကပ်လာကာ အရိုအသေ ပေးကြတော့သည်။

ထိုက်ဟောင်ယွီကလည်း တစ်ဦးချင်းစီကို စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည်၍ အရိုအသေ ပြုလုပ်ပေးခဲ့ပြီး၊ မာန်မာနထောင်လွှားခြင်း လုံးဝမရှိဘဲ ကြည့်ရသည်မှာ တကယ့်ကို ပျိုးထောင်ပေးရကျိုးနပ်မည့် ပါရမီရှင်တစ်ဦးအလား ထင်မှတ်ရပေသည်။

သို့သော်လည်း ဖန့်ချန်ကမူ ထိုက်ဟောင်ယွီသည် ဤနေရာသို့ စောစောစီးစီးကတည်းက ရောက်ရှိနေခဲ့ကြောင်းကို ကောင်းကောင်း သိရှိထားခဲ့ပေသည်၊ ထို့အပြင် ထိုက်ဟောင်ဝေ ဤနေရာတွင် လာရောက် ပိတ်ဆို့တားဆီးနေခြင်းမှာလည်း သူနှင့် မကင်းနိုင်ကြောင်း ရိပ်မိနေခဲ့၏။

ကိစ္စရပ်များမှာ ပိုမိုကြီးထွားပြီး ပေါက်ကွဲလုနီးပါး ဖြစ်လာသည်ကို မြင်တွေ့ရမှသာ၊ သူက ကြားထဲကနေ ဝင်ရောက် ဖြန်ဖြေစေ့စပ်ပေးသည့် ပုံစံမျိုးဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

သူ့တွင် မည်သည့် ရည်ရွယ်ချက်မျိုး ရှိနေသလဲ ဆိုသည်ကိုမူ ဖန့်ချန်အနေဖြင့် စဉ်းစားတွေးတောကာ ဦးနှောက်အခြောက်ခံမနေချင်တော့ပေ၊ သူ သေချာပေါက် ဆုံးဖြတ်ချက်ချနိုင်သည့် အချက်တစ်ခုမှာမူ- အကယ်၍ တစ်နေ့နေ့တွင် ဤလူနှင့် ကောင်းကင်ငါးပါး စစ်တလင်းထဲ၌ ဆုံတွေ့ခွင့် ရခဲ့မည်ဆိုလျှင်တော့၊ ထိုသူအား လူဝင်စားခြင်း သံသရာဆီသို့ သေချာပေါက် အခမဲ့ ပို့ဆောင်ပေးလိုက်မည်ဟူ၍သာ ဖြစ်သည်။

“ဘာမှမဖြစ်ပါဘူး၊ မင်းရဲ့ ညီလေးက ကြည့်ရတာ သိပ်ပြီးတော့ မရင့်ကျက်သေးတဲ့ ပုံစံပဲ၊ ဒါကြောင့်မလို့လည်း အခုလို ရယ်စရာကောင်းတဲ့ စကားမျိုးတွေကို ပြောထွက်ခဲ့တာ ဖြစ်မှာပါ၊ ငါ့ စိတ်ထဲမထားပါဘူး။”

ဖန့်ချန်က ပြုံးလျက် လက်နှစ်ဖက်ကို ပူးယှက်ကာ ဆိုလိုက်၏။

အနီးနားရှိ ရှီးမျိုးနွယ်စု ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်ကြမိရာ၊ ဖန့်ချန်အား ကြည့်သည့် သူတို့၏ မျက်ဝန်းများထဲတွင် ခပ်မှိန်မှိန် အာဃာတ အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ရတော့သည်။

သူတို့က လူအများ မဟုတ်ကြသည့်အတွက်ကြောင့် ဖန့်ချန်၏ စကားလုံးများထဲတွင် ပါဝင်နေသော ပြောင်လှောင်သရော်သည့် အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်ကြပေသည်။

သို့သော်လည်း သူတို့၏ အမြင်တွင်မူ ထိုက်ဟောင်ယွီ ကိုယ်တိုင်က ရှေ့သို့ထွက်ကာ ထိုက်ဟောင်ဝေ၏ ကိုယ်စား အမှားကို ဝန်ခံတောင်းပန်ပြီးပြီဖြစ်ရာ၊ တစ်ဖက်လူအနေဖြင့် ဤအချက်ကို ဆက်တိုက်ဆိုသလို ချုပ်ကိုင်ပြီး မလွှတ်တမ်း ပြောဆိုမနေသင့်ဟု တွေးထင်နေကြခြင်း ဖြစ်၏။

ထိုက်ဟောင်ယွီကမူ ဖန့်ချန်၏ စကားထဲက အဓိပ္ပာယ်ကို နားမလည်သည့်အလား သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ၊ အမြဲတမ်း နူးညံ့သိမ်မွေ့ကာ တောက်ပမြဲ တောက်ပလျက်ပင် ရှိနေပြီး သူက ဆိုလိုက်သည်။

“ဖန့်ကျောင်းသား…… ဒီကိစ္စကို ဒီတင်ပဲ ဖြတ်လိုက်ကြရအောင်၊ ကျုပ် မင်းကို ဆရာ့ဆီ ခေါ်သွားပေးပါ့မယ်၊ ဒီတစ်ခေါက် ကျောင်းတော်ကြီးရဲ့ တာဝန်က ဖန့်ကျောင်းသားနဲ့ တုန်းဖန်း ကျောင်းသားတို့နှစ်ယောက်အပေါ်မှာ အများကြီး အားကိုးရမှာ ဖြစ်လို့၊ စိတ်ပူပင် သောကရောက်ရဦးမှာပဲ ”

သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်

“တုန်းဖန်း ကျောင်းသားကတော့ ရောက်နှင့်နေပြီဖြစ်လို့၊ အခု ဖန့်ကျောင်းသား တစ်ယောက်ပဲ လိုတော့တာပါ ”

“ဒါဆိုရင်တော့ စီနီယာကြီး ယွီ အနေနဲ့ လမ်းပြပေးဖို့ ဒုက္ခပေးရဦးမှာပဲ ”

ဖန့်ချန်က ပြုံးပြုံးလေးဖြင့် ခေါင်းကို ညိတ်ပြလိုက်ပြီး၊ သူ ထွက်ခွာသွားမည့် အချိန်တွင်မူ လမ်းခရီး၌ နျူရှင်းဝူ၏ ကူညီလမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင် စကားပြောရန် မမေ့မလျော့ ပြုလုပ်ခဲ့ပေသည်။

နျူရှင်းဝူသည် ထိုက်ဟောင်ယွီက မိမိဘက်သို့ လှမ်း၍ ကြည့်ရှုလိုက်သည်ကို မြင်တွေ့ရသည့်အခါ စိတ်ထဲ၌ အနည်းငယ် လန့်ဖျန့်သွားခဲ့ရပြီး၊ ဖန့်ချန်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြုံးပြလိုက်ရုံသာ ပြုလုပ်လျက် တခြား စကားကိုမူ အများကြီး မပြောဝံ့တော့ပေ။

……

ထိုက်ဟောင်ယွီ လမ်းပြပေးမှု ရှိနေသည့်အတွက်ကြောင့် လမ်းခရီးတစ်ခုလုံးမှာ အလွန်တရာကို ချောမွေ့လွန်းလှပေသည်။

သူတို့နှစ်ယောက်မှာ မကြာခင်မှာတင် ကျိုရွှမ်နတ်တောင်တန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ကြတော့သည်။

ဖန့်ချန်အား ထည်ဝါခမ်းနားလှသော ခန်းမဆောင်ကြီး တစ်ခုထဲသို့ ခေါ်ဆောင်သွားသည့် အချိန်တွင်မူ၊ သူ၏ မျက်စိထဲ၌ ရင်းနှီးကျွမ်းဝင်နေသော လူသားပုံရိပ် နှစ်ခုကို ချက်ချင်းပင် မြင်တွေ့လိုက်ရတော့သည်။

တစ်ယောက်က ကော်ယန့်လီ ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ တုန်းဖန်းဟို့ ဖြစ်ပေသည်။

ရှေ့ကလူဖြစ်သူနှင့် ရေတွက်ကြည့်လျှင် နှစ်ပေါင်း ရာချီနီးပါးမျှ ဆုံတွေ့ခွင့် မရခဲ့သော်လည်း၊ ယခင်တုန်းကနှင့် နှိုင်းယှဉ်လျှင် ဘာမှ ကွဲပြားခြားနားသွားခြင်း မရှိပေ၊ ဆန့်ကျင်ဘက်အနေဖြင့် ယခုအခါတွင် အတွင်းကမ္ဘာနယ်မြေ၏ တားဆီးပိတ်ဆို့မှု မရှိတော့သည့်အတွက်ကြောင့် ပိုမို၍ပင် ပြတ်ပြတ်သားသား မြင်တွေ့နေရခြင်း ဖြစ်သည်။

“ဆရာ…… ဖန့်ချန်ကျောင်းသားကို ခေါ်ဆောင်လာခဲ့ပါပြီခင်ဗျာ။”

ထိုက်ဟောင်ယွီက ကော်ယန့်လီ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည့်အခါ၊ ရိုသေသမှုအပြည့်ဖြင့် အရိုအသေ ပေးလိုက်သည်။

“အင်း”

ကော်ယန့်လီက ခေါင်းကို သာမန်ကာလျှံကာ ညိတ်ပြလိုက်ပြီး၊ ဖန့်ချန်အား ကျပန်းတစ်ချက် လှမ်း၍ ကြည့်ရှုလိုက်ကာ တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်သည်။

“မင်းတို့ရဲ့ နင်ကျောင်းအုပ်ကြီး မှာကြားစရာ ရှိတာတွေကိုလည်း အကုန်လုံး မှာကြားပြီးပြီ ထင်တယ်၊ ဒီတစ်ခေါက် ခရီးစဉ်မှာ ငါ့ရဲ့ ညွှန်ကြားချက်ကိုပဲ နာခံရမယ်၊ ငါ မင်းတို့ကို ဘာလုပ်ခိုင်းသလဲ၊ မင်းတို့ အဲဒီအတိုင်းပဲ လုပ်ဆောင်ရမယ် ”

တုန်းဖန်းဟောက်က ချက်ချင်းပင် သဘောတူ ညိတ်ပြရန် ပြုလုပ်လိုက်သော်လည်း၊ ဖန့်ချန်ကမူ ပြုံးလျက် ဆိုလိုက်သည်။

“ကော်ဆရာ…… နင်ကျောင်းအုပ်ကြီး မှာလိုက်တာကတော့၊ ကျုပ်တို့က ကျောင်းသားသစ် ခေါ်ယူတဲ့ ကိစ္စရပ်တစ်ခုတည်းကိုပဲ တာဝန်ယူရမှာဖြစ်ပြီး၊ ကျန်တဲ့ တခြား ကိစ္စရပ်တွေကိုတော့ လုံးဝ ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူးလို့ မှာကြားလိုက်ပါတယ်”

“မင်းတို့ကို ခိုင်းစရာ တခြား ဘာကိစ္စရပ်တွေ ရှိဦးမှာလဲ”

ကော်ယန့်လီ၏ မျက်ဝန်းအစုံထဲ၌ ခပ်ဖျော့ဖျော့ လှောင်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ သူ၏ အတွင်းကမ္ဘာနယ်မြေကို ထုတ်ဖော်လိုက်ကာ လူအများကို ထိုနေရာထဲသို့ ဝင်ရောက်ရန် အချက်ပြလိုက်တော့သည်။

ဖန့်ချန်အား အံ့ဩသွားစေသည့် အချက်တစ်ခုမှာမူ ထိုက်ဟောင်ယွီကလည်း သူတို့နှင့်အတူ တစ်လမ်းတည်း လိုက်ပါလာခြင်း ဖြစ်ပေသည်။

ဖန့်ချန်၏ ရင်ထဲရှိ အံ့ဩထိတ်လန့်မှုကို အာရုံခံမိသွားသည့်အလား ထိုက်ဟောင်ယွီက ပြုံးလျက် ရှင်းပြလိုက်သည်။

“ကျုပ်နဲ့ ဆရာက လမ်းကြုံလို့ လုပ်စရာ ကိစ္စတစ်ခု ရှိနေတာမလို့၊ အတူတူ လိုက်လာတာပါ”

ဖန့်ချန်က ပြုံးလျက် ခေါင်းကို ညိတ်ပြလိုက်ပြီး တခြား စကားကိုမူ အများကြီး ထပ်မံ၍ မပြောတော့ပေ။

လူအများအားလုံး အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သွားပြီးနောက်တွင်မူ၊ ကော်ယန့်လီက လက်ကို ခပ်ဖွဖွ ဝေ့ယမ်းပြလိုက်ရာ၊ အတွင်းကမ္ဘာနယ်မြေ၏ တံခါးဝကြီးမှာ ဖြည်းညှင်းစွာ ပိတ်ဆို့သွားခဲ့ပြီး ပြင်ပလောက၏ အခြေအနေများကို လုံးဝ မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

သို့သော်လည်း ဖန့်ချန် ကောင်းကောင်း သိရှိထားသည်မှာ- ဤ အတွင်းကမ္ဘာနယ်မြေကြီးသည် လက်ရှိအချိန်တွင် အလွန်တရာ မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ဟင်းလင်းပြင်ကြီးထဲ၌ ဖြတ်သန်း မောင်းနှင်နေခြင်း ဖြစ်ပေသည်။

ယခင်တုန်းက ဝတ်စုံဖြူ အကြီးကဲ၏ မောင်းနှင်လှုပ်ရှားမှု မြန်ဆန်နှုန်းကို၊ သူ အခုထက်ထိတိုင် မျက်စိထဲ၌ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေဆဲ ဖြစ်၏။

နယ်မြေကိုးခု ဆီမှနေ၍ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ဆီသို့ ရောက်ရှိအောင် သွားလာခြင်းမှာ၊ အပြင်ဘက်သို့ ထွက်၍ အိမ်နီးနားချင်းဆီ လည်ပတ်ရသလောက်ပင် လွယ်ကူလွန်းလှပေသည်။

“ဒီတစ်ခေါက် ခရီးစဉ်က ခန့်မှန်းခြေအားဖြင့် ရက်ပေါင်း တစ်ဆယ့်ငါးရက် လောက် ကြာမြင့်လိမ့်မယ်၊ ငါ့ရဲ့ ဒီနေရာက တော်တော်လေး ကျယ်ဝန်းလှတဲ့အတွက်ကြောင့်၊ မင်းတို့ဘာသာ မင်းတို့ စိတ်ကြိုက် နေရာတစ်ခုကို ရွေးချယ်ပြီး ဆယ်ငါးရက်လောက် တံခါးပိတ် ကျင့်ကြံနေလိုက်ကြ၊ ရောက်ပြီဆိုရင်တော့ ငါ မင်းတို့ကို ပြန်ပြီး ခေါ်ယူမယ်”

ကော်ယန့်လီက အေးစက်စွာဖြင့် တစ်ချက် မှာကြားလိုက်ပြီးနောက်၊ ထိုက်ဟောင်ယွီအား တိုက်ရိုက် ခေါ်ဆောင်လျက် ထွက်ခွာသွားခဲ့တော့ရာ၊ တုန်းဖန်းဟောက်နှင့် ဖန့်ချန် နှစ်ယောက်တည်းကိုသာ ချန်ထားရစ်ခဲ့ပေသည်။

“ဖန့်ကျောင်းသား…… ကော်ဆရာက မင်းအပေါ်မှာ ဒေါသတရားတွေ ရှိနေဆဲပဲ၊ ဒါကြောင့် လမ်းခရီးတစ်ခုလုံးမှာ သူ့ကို ဒေါသထွက်အောင် သွားပြီး မဆွပေးတာက အကောင်းဆုံးပဲ ”

ကော်ယန့်လီတို့ တကယ့်ကို ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်မူ၊ တုန်းဖန်းဟို့ က ဖန့်ချန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။

ဖန့်ချန်က ပြုံးလိုက်ပြီး

“ဆယ်ငါးရက်ကြာရင် ပြန်ဆုံကြတာပေါ့ ”

စကားဆုံးသည်နှင့် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားခဲ့တော့သည်။

တုန်းဖန်းဟို့ သည် ဖန့်ချန်၏ ဤကဲ့သို့သော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံသာ ပြုလုပ်ပြီး၊ သူကလည်း တခြားသော အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်လျက် ပျံသန်း ထွက်ခွာသွားခဲ့တော့၏။

……

ဖန့်ချန်သည် ဤရက်ပိုင်းအတွင်း အားယားနေခြင်း မရှိပေ၊ ကော်ယန့်လီက ဤမျှအထိ ရက်ရောစွာဖြင့် သူတို့အား စိတ်ကြိုက်နေရာတစ်ခု ရှာဖွေပြီး ဆယ်ငါးရက်ကြာ တံခါးပိတ်ကျင့်ကြံရန် ခွင့်ပြုထားခဲ့မှတော့၊ သူကလည်း ဤအခွင့်အရေးကို အသုံးချလျက် ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ အတွင်းကမ္ဘာနယ်မြေကို လှည့်လည်ကြည့်ရှု ခံစားရန် ပြုလုပ်လိုက်တော့သည်။

တိုတောင်းလှသော ရက်အနည်းငယ် အတွင်းမှာတင်၊ သူသည် ထိုနေရာ၌ မတူညီသော လူမျိုးနွယ်စု ပေါင်း ဆယ်မျိုးကျော်ခန့် မှီတင်းနေထိုင် ကျင့်ကြံနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

ဤလူမျိုးနွယ်စုများထဲတွင် အစွမ်းထက်ဆုံး တည်ရှိမှုများ၏ အရှိန်အဝါမှာ၊ သူတော်စင်တစ်ပိုင်းအဆင့် မျှသာ ရှိပေသည်။

သူတို့သည် ဖန့်ချန်၏ အရှိန်အဝါကို အာရုံခံမိသွားကြသည့်အခါတွင်မူ၊ တစ်ယောက်ပြီးတစ်ယောက် အလိုအလျောက် ပေါ်ထွက်လာခဲ့ကြပြီး၊ ဖန့်ချန်ဘက်က စကားပြောလိုသည့် အရိပ်အယောင် မရှိသည်ကို မြင်တွေ့ရသည့်အခါ၊ ရိုသေခန့်ညားလှသော မျက်ဝန်းအစုံဖြင့်သာ ဖန့်ချန် ထွက်ခွာသွားသည်ကို လှမ်း၍ ကြည့်ရှု နှုတ်ဆက်လိုက်ကြတော့သည်။

ဖန့်ချန် ထွက်ခွာသွားသည်နှင့် ဤသူတော်စင်တစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ်များမှာ မိမိတို့၏ လူမျိုးနွယ်စုများထဲသို့ ပြန်လည် ဝင်ရောက်ကာ ဆက်လက်၍ တံခါးပိတ် ကျင့်ကြံကြပြန်သည်။

ဖန့်ချန် ကောင်းကောင်း နားလည်သည်မှာ၊ ဤလူများအားလုံးက ကျေးကျွန်စစ်သည်တော် များ ဖြစ်ကြပေသည်။

၎င်းမှာ ကော်ယန့်လီ အနေဖြင့် က နယ်မြေကိုးခု နှင့် ဆင်တူလှသော မည်သည့် ပုရွက်ဆိတ်အသိုက်အမြုံကဲ့သို့သော နေရာမျိုးဆီကနေ ဖမ်းဆီးခေါ်ဆောင်လာခဲ့မှန်း မသိရပေ။

ရှေးယခင်တုန်းက ရှန်းချန်နတ်ဘုရားနယ်မြေ ထဲရှိ နတ်ဆိုးမျိုးနွယ်စု များနှင့် နှိုင်းယှဉ်လျှင်တော့၊ ဤကျေးကျွန်စစ်သည်တော်များ၏ ခံစားခွင့်မှာ ကောင်းမွန်သည်ဟု ပြောလျှင်လည်း ရသလို၊ ဆိုးဝါးလှသည်ဟု ပြောလျှင်လည်း ရပေသည်။

သူတို့က နတ်ဆိုးမျိုးနွယ်စုများကဲ့သို့ နတ်ဘုရားပိုင်နက်ကြီးထဲ၌ မီးတောက်နတ်ဘုရားမျိုးနွယ်စု အပေါ် မှီခိုနေထိုင်ကြရခြင်းမျိုး မဟုတ်ပေ။

သူတို့က ကော်ယန့်လီ၏ အတွင်းကမ္ဘာနယ်မြေထဲ၌ မှီတင်းနေထိုင်ကြရခြင်း ဖြစ်သည့်အတွက်ကြောင့်၊ ပြင်ပလောကကြီးထဲသို့ ခြေချခွင့်ရမည့် အခွင့်အရေးမှာ အလွန်တရာကို နည်းပါးလွန်းလှပေသည်။

သို့သော်လည်း ဤအတွင်းကမ္ဘာနယ်မြေ၏ အခြေခံအုတ်မြစ် နက်ရှိုင်းမှုမှာ၊ သာမန် နယ်မြေကမ္ဘာများထက် အဆပေါင်းများစွာ သာလွန်ထက်မြက်လှပြီး၊ ဤနေရာထဲ၌ အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ပစ္စည်းများ ပေါက်ရောက်ရှင်သန်နေကြ၏။

ဤကျေးကျွန်စစ်သည်တော်များ၏ ကျင့်ကြံခြင်းဆိုင်ရာ လိုအပ်ချက်များမှာ၊ ထိုအတွင်းကမ္ဘာနယ်မြေ တစ်ခုတည်းအပေါ် မှီခိုရုံဖြင့်တင် မိမိဘာသာ ဖူလုံနိုင်စွမ်း ရှိကြပေသည်။

တစ်နေ့နေ့တွင် ဤလူမျိုးနွယ်စုများထဲက သူတော်စင်တစ်ပိုင်းအဆင့် တစ်ယောက်ယောက်က စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့် သို့ တက်လှမ်းအောင်မြင်သွားခဲ့မည်ဆိုလျှင်တော့၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများအရ၊ သူတို့က ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲတွင် မိမိတို့နှင့် ထိုက်တန်သော နေရာတစ်နေရာကို ပိုင်ဆိုင်ခွင့် ရရှိသွားမည်ဖြစ်ပြီး၊ တကယ့် လက်တွေ့ကျကျ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရရှိသွားမည် ဖြစ်ပေသည်။

သို့သော်လည်း ဤအရာအားလုံးမှာ တကယ့် လက်တွေ့တွင် ကော်ယန့်လီ အနေဖြင့် ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်း ရှိမရှိ အပေါ်မှာသာ မူတည်နေခြင်း ဖြစ်သည်။

အကယ်၍ သူက စည်းမျဉ်းများကို မလိုက်နာဘဲ၊ ဤလူမျိုးနွယ်စုများထဲက အသစ်တက်လှမ်းလာသော သူတော်စင်များကို တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်မည် ဆိုပါက၊ ဤလူမျိုးနွယ်စုများမှာ ဘယ်သောအခါမှ ခေါင်းမော့နိုင်ကြတော့မည် မဟုတ်ဘဲ၊ ထာဝရ ကျေးကျွန်များအဖြစ်သာ ရှင်သန်သွားကြရမည် ဖြစ်ပေသည်။

ဆယ်ငါးရက်တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်းမှာတင် ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်ပေသည်၊ ဖန့်ချန်အနေဖြင့် ဤနေရာရှိ ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးတစ်ခုလောက်ကိုသာ လှည့်လည်ကြည့်ရှုရသေးပြီး၊ သူတော်စင်မျှော်စင် အချို့ကို မြင်တွေ့ရုံသာ ရှိသေးသည့်အချိန်တွင်ပင်၊ ဆွဲငင်အားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး အတွင်းကမ္ဘာတံခါးဝ၏ ရှေ့မှောက်ဆီသို့ ရောက်ရှိသွားခဲ့ရတော့သည်။

ကော်ယန့်လီ၏ မျက်ဝန်းများမှာ အေးစက်လှပြီး၊ ဖန့်ချန်နှင့် တုန်းဖန်းဟို့ တို့အား တစ်ချက်မျှပင် လှမ်း၍ ကြည့်ရှုခြင်း မပြုဘဲ၊ ထိုက်ဟောင်ယွီနှင့်သာ စကားအချို့ကို ကျပန်း ပြောဆိုလိုက်ပြီးနောက်၊ သူ့ကို ခေါ်ဆောင်လျက် အတွင်းကမ္ဘာတံခါးဝ၏ ပြင်ပသို့ လှမ်း၍ ခြေချလိုက်တော့သည်။

ဖန့်ချန်တို့ နှစ်ယောက်ကလည်း ခြေလှမ်းများကို အမြန်မြှင့်လျက် နောက်ကနေ လိုက်ပါသွားကြတော့၏။

ခမ်းနားထည်ဝါလှသော တံခါးဝကြီး၏ ပြင်ပတွင်မူ၊ လူသားမျိုးနွယ်စု အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်စုမှာ ရှေးယခင်ကတည်းက တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြပြီ ဖြစ်ပေသည်။

အဖွဲ့ကို ဦးဆောင်လာသူမှာ ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖွေးဖွေးလှုပ်အောင် ဖြူစုတ်နေသော အဘိုးအိုတစ်ဦး ဖြစ်ပြီး၊ သူက မိမိ၏ မျိုးနွယ်စုဝင် ရာဂဏန်းကျော်ကို ခေါ်ဆောင်လျက်၊ အလွန်တရာ ရိုသေခန့်ညားလှသော မျက်နှာအမူအရာဖြင့် ခေါင်းကို ညွှတ်ထားကြပေသည်။

“ချင်းရှောင်းနတ်ဘုရားနယ်မြေ ၊ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ် ”

ကော်ယန့်လီ၏ အကြည့်က ဆံပင်နှင့် မုတ်ဆိတ်မွှေး ဖြူစုတ်နေသော ထိုအဘိုးအို၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်၏။

အဘိုးအိုက ထိုစကားကို ကြားရသည့်အခါ အလျင်အမြန်ပင် ခေါင်းကိုမော့ကာ လက်နှစ်ဖက်ကို ပူးယှက်လျက် အရိုအသေ ပေးလိုက်သည်။

“ကျုပ် အဘိုးကြီးက ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်၊ ဖန့်ခွေပါယခင်ဗျာ ”

ချင်းရှောင်းနတ်ဘုရားနယ်မြေ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ် ဟုတ်လား။

ဖန့်ချန်က မည်သည့် အမူအရာမျှ မပြဘဲ ဤနေရာတစ်ဝိုက်ကို ကျပန်းတစ်ချက် လှမ်း၍ အကဲခတ်ကြည့်ရှုလိုက်မိသည်။

ဤနေရာနှင့် ပတ်သက်ပြီး ပြောရလျှင်တော့၊ သူ့အနေဖြင့် လုံးဝ စိမ်းသက်နေခြင်းမျိုး မရှိပေ။

“ကောင်းလှချည်လား ဖန့်ခွေ ”

ကော်ယန့်လီက ရုတ်တရက် အေးစက်စွာ ပြုံးလိုက်သည်။

“မင်းတို့ ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်က၊ ဘာအပြစ် ရှိနေသလဲ ဆိုတာကို သိကြလား”

ဖန့်ခွေမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး -

“လူကြီးမင်းခင်ဗျာ…… ကျုပ်တို့ ဖန့်မျိုးနွယ်မှာ ဘာအပြစ်များ ရှိနေလို့လဲခင်ဗျာ”

ဤနေရာရှိ ဖန့်မျိုးနွယ်စုဝင်များ အားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို နိမ့်နိုင်သမျှ နိမ့်အောင် ညွှတ်ထားကြပြီး၊ မည်သူမျှ စကားတစ်ခွန်းမှ မဟဝံ့ကြပေ။

ကော်ယန့်လီက ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်တော့သည်။

“မင်းတို့ရဲ့ ဒီနေရာက၊ နှစ်ပေါင်းများစွာကတည်းက ရွှေဟွေးကျောင်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့တာ၊ ဘယ်လို ပါရမီရှင်မျိုးပဲ ပေါ်ထွက်လာခဲ့ပါစေဦးတော့၊ ကျောင်းတော်ကြီးဘက်က အစွမ်းကုန် ပျိုးထောင်ပေးခဲ့တာပဲ။

ဒါပေမဲ့ အခုကျတော့၊ မင်းတို့က ဘာဖြစ်လို့ တန်လင်ကျောင်းတော် နဲ့ မျက်စိတစ်ဆုံး ပနံသင့်နေကြရတာလဲ။

ဘာအပြစ် ရှိသလဲ ဟုတ်လား။ ကျွေးတဲ့လက်ကို ပြန်ကိုက်ပြီး သစ္စာဖောက်တာက၊ မင်းတို့ရဲ့ အပြစ်ကျူးလွန်မှု သက်သေပဲ ”

All Chapters