← Chapters

အခန်း (၂၁၅၁-၂၁၅၂)

Vol. 216 Ch. 2151-2152

အခန်း (၂၁၅၁-၂၁၅၂)

Vol. 216 Ch. 2151-2152

အခန်း (၂၁၅၁) အခြေအနေက အနည်းငယ်မျှ လိုအပ်နေသေးတယ်

ဖန့်ချန်သည် မိမိ၏ ဤခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသမျှသော အကြောင်းအရာများကို အသေးစိတ် တစ်ခုမကျန် ပြောပြလိုက်တော့သည်။ ဒီတစ်ခေါက်တွင်မူ သူသည် ဘာတစ်ခုမျှ ဖုံးကွယ်မထားခဲ့ဘဲ၊ ထိုက်ဟောင်ယွီက ဖန့်ကျစ်ရွှယ်၏ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို ခိုးယူရန် ကြံစည်ခဲ့သည့် ကိစ္စကိုပါ ထည့်သွင်းပြောဆိုခဲ့၏။

ဒုတိယစီနီယာအစ်ကို လီမော့သည် လက်သီးကို တင်းတင်းဆုပ်လိုက်မိရာ အရိုးချင်း ရိုက်ခတ်သံများ တဂျောက်ဂျောက် ထွက်ပေါ်လာခဲ့ရတော့သည်။

ကျန်းတောက်ယွဲ့က သူ့အား တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးနောက်၊ ဖန့်ချန်ဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။

“ဖန့်ညီလေး…… ဒီကိစ္စရဲ့ သဘောသဘာဝက အလွန်အမင်းကို ယုတ်မာကောက်ကျစ်လွန်းတယ်။ မင်းရဲ့လက်ထဲမှာ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိရဲ့လား ”

သူသည် ဖန့်ချန်၏ စကားများအပေါ် အမှန်အမှား ခွဲခြားဝေဖန်မနေခဲ့ဘဲ၊ ခိုင်လုံသော သက်သေအထောက်အထား ရှိမရှိကိုသာ တိုက်ရိုက်မေးမြန်းလိုက်ခြင်း ဖြစ်သည်။

အကယ်၍သာ ရှိခဲ့မည်ဆိုပါက၊ ဆရာကော်သည် သေချာပေါက် အပြစ်ဒဏ်ကနေ ရုန်းထွက်နိုင်တော့မည် မဟုတ်ပါချေ။

ရွှေဟွေးကျောင်းတော်ကြီးက ရှီးမျိုးနွယ်စုတစ်ခုတည်းကပဲ မိုးကောင်းကင်ကို လက်ဝါးကြီးအုပ် ခြယ်လှယ်နိုင်သည့် နေရာမျိုး မဟုတ်သေးပါချေ။

“သက်သေမရှိဘူး ”

ဖန့်ချန်က ပြုံး၍ ခေါင်းခါယမ်းလိုက်ရင်း -

“ကျွန်တော်ကိုယ်တိုင် ထွက်ဆိုချက်ပေးရင် ပေးရလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်နဲ့ ဆရာကော်ရဲ့ အဆင့်အတန်းက ကွာခြားချက် ကြီးမားလွန်းတယ်။ ကျောင်းတော်ဘက်ကလည်း ကျွန်တော့်စကားကို ယုံကြည်မှာ မဟုတ်ဘူး။

ပြီးတော့ နောက်ဆုံးမှာလည်း ထိုက်ဟောင်ယွီက မအောင်မြင်ခဲ့ဘူးလေ ”

“မှန်တယ် ”

ရှူရှန့်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်

“ကော်ယန့်လီ ဆိုတဲ့ ခွေးကောင်က ကောင်းကင်နိမိတ်ဖြစ်စဥ် တတိယအဆင့် ကျင့်ကြံသူဖြစ်သလို၊ ပါရမီကလည်း အလွန်အမင်း မြင့်မားလွန်းတယ်။ အစောကြီးကတည်းက မဟာမိတ်အဖွဲ့ထဲက မဟာလူပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက်ရဲ့ မျက်စိကျခြင်းကို ခံထားရတာ။

အကယ်၍ သူက နောက်နောင်မှာ အထွတ်ထိပ်တာအိုအဆင့် ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်၊ တစ်ဟုန်ထိုး ရာထူးတက်လှမ်းသွားပြီး မဟာမိတ်အဖွဲ့ထဲမှာ အရေးကြီးတဲ့ ရာထူးနေရာကို ရရှိသွားမှာ ဖြစ်သလို၊ ကျောင်းတော်မှာလည်း စာသင်ပြတဲ့ ဆရာတစ်ယောက်အဖြစ်ပဲ ရှိနေတော့မှာ မဟုတ်ဘူး။

ဒီလို လူမျိုးကို ရာထူးကနေ ဖယ်ရှားချင်တယ် ဆိုရင်၊ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘဲနဲ့တော့ လုံးဝကို မဖြစ်နိုင်ဘူး ”

သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် -

“ဖန့်ချန် ခုနက ပြောခဲ့တဲ့ အထဲကနေ ကြည့်ရင် သိနိုင်တာက၊ ကော်ယန့်လီက ဒီကိစ္စထဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာမျိုး လုံးဝမရှိဘူး။

အကယ်၍ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိခဲ့ရင်တောင်မှ၊ ကျောင်းတော်ဘက်က နောက်ဆုံးမှာ ထိုက်ဟောင်ယွီကိုပဲ အရေးယူနိုင်လိမ့်မယ်၊ကော်ယန့်လီရဲ့ အမွေးတစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ”

“ဆရာ…… ရှီးမျိုးနွယ်စုက ဒီလောက်အထိ တရားလွန် အောက်တန်းကျလွန်းတာလား။

ဆရာကော်က အဲဒီတုန်းက ဖန့်ညီလေးရဲ့ နေမင်းခုနစ်ပါးတံဆိပ်ကို လုယူဖို့ ကြံစည်ခဲ့တယ်။

ယခုတစ်ခါမှာလည်း ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ပါရမီရှင်ရဲ့ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်တွေကို လုယူဖို့ ကြံစည်ပြန်ပြီ။

ဒါက အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေလေဗျာ၊ ကျွန်တော်တို့ မျိုးနွယ်စုအတွက် ဆိုရင် ဒါက ကြီးမားလှတဲ့ အဓိပ္ပာယ် ရှိနေတာ။

အကယ်၍သာ အဲဒီကောင် လုယူသွားတာကို တကယ်ခံလိုက်ရရင်၊ ထိခိုက်ပျက်စီးသွားမှာက လူသားမျိုးနွယ်စုရဲ့ အခြေခံအမြစ်ပဲ ”

လီမော့သည် မိမိရှေ့မှောက်ရှိ စာပွဲခုံကို လက်သီးဖြင့် ပြင်းထန်စွာ တစ်ချက် ထုရိုက်လိုက်မိပြီး မျက်ဝန်းအစုံမှာ အေးစက်စိမ့်ဝင်နေခဲ့သည်။

“ဒီကိစ္စကိုသာ အထက်ကို တင်ပြလိုက်မယ် ဆိုရင်၊ လူသားမျိုးနွယ်စုရဲ့ အထွတ်ထိပ်တာအို ခိုင်မာအားကောင်းသူတွေဘက်ကလည်း ထွက်လာပြီးတော့ ဒီကိစ္စကို အရေးယူပေးကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် ”

“လီမော့…… မင်းရဲ့ စိတ်ဓာတ်က အလွန်အမင်းကို ပြင်းထန်လွန်းတယ်။ ဒါကြောင့်ပဲ မင်းကို စိတ်တည်ငြိမ်စေမယ့် စာအုပ်တွေကို ပိုပြီး ဖတ်ခိုင်းနေရတာ ”

ရှူရှန့်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

“အားလုံးက ပြောပြီးသားပဲလေ၊ သက်သေမရှိဘဲနဲ့ ကိစ္စရပ်တွေကို အထက်ကို တင်ပြလိုက်ရင်ကော ဘာထူးမှာလဲ။

ဖန့်ကျစ်ရွှယ်က အစစ်အမှန် အထွတ်ထိပ်တာအိုပုဂ္ဂိုလ်တစ်ယောက် မဟုတ်သေးဘူး၊ အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်ပဲ ရှိသေးတာ၊ နောက်နောင်မှသာ အထွတ်ထိပ်တာအိုကို အောင်မြင်နိုင်မယ့် အလားအလာ ရှိတာလေ။

သူမရဲ့ တန်ဖိုးက မင်းစိတ်ကူးထဲကလောက် မြင့်မားမနေဘူး၊ မဟာအကြီးကဲ အများအပြားရဲ့ မျက်စိထဲမှာတော့၊ ဒါက ကုန်သွယ်မှု ပြုလုပ်နိုင်မယ့် အပိုဆောင်းပစ္စည်းတစ်ခုပဲ ဖြစ်နေဦးမှာပဲ ”

“ဆရာ…… ဆရာပြောချင်တာက……”

ကျန်းတောက်ယွဲ့တို့ လူစု၏ စိတ်ကူးစိတ်သန်းများ မသိမသာ လှုပ်ရှားသွားခဲ့ရပြီး မျက်ဝန်းအစုံထဲတွင် မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရသည်။

“ဒီကိစ္စက အချို့သော မဟာအကြီးကဲ တွေရဲ့ သဘောတူညီချက်ကို ရရှိထားပြီးပြီလား၊ ဆရာကော်က သူတို့နဲ့ ကြိုတင်ပြီးတော့ ဆွေးနွေးတိုင်ပင်ထားပြီးပြီလား ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ ”

ရှူရှန့်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း

“ထိုက်ဟောင်ယွီက မအောင်မြင်ခဲ့ဘူးဆိုမှတော့၊ မင်းတို့အားလုံးလည်း ဘာမှမမြင်ခဲ့ရသလိုပဲ သဘောထားလိုက်ကြ ”

ပြောဆိုပြီးသည်နှင့်၊ သူက လီမော့ မည်မျှပင် ဒေါသထွက်နေပါစေ ဂရုမစိုက်တော့ဘဲ ဖန့်ချန်အား မေးမြန်းလိုက်သည်။

“ဒီကိစ္စကို မင်း ငါတို့ကို ပြောပြတာအပြင်၊ အခြားလူတွေကိုကော ပြောပြခဲ့သေးလား။

မင်း ခုနတင်ကပဲ နင်ကျိကျိုဆီကို သွားခဲ့တာမလား၊ ခန္ဓာကိုယ်ထက်မှာ ထျန်းလန်ရှန်းရန်ရဲ့ အရှိန်အဝါတွေ ရှိနေတယ်။

နင်ကျိကျိုကော ဒီကိစ္စကို သိရှိသွားပြီလား ”

ဖန့်ချန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း

“တပည့် ဒီကိစ္စကို မပြောခဲ့ပါဘူး ”

“မပြောခဲ့ရင် ပြီးတာပါပဲ၊ ဒီကိစ္စက ဒီနေရာတင်ပဲ အဆုံးသတ်လိုက်ပြီ။ မင်းနဲ့ ငါတို့ လူစု သိထားရင်ပဲ လုံလောက်ပြီ။

လီမော့…… မင်း မိမိရဲ့ အတ္တအမှားကြောင့် မင်းရဲ့ ဖန့်ညီလေးကို အန္တရာယ်ဖြစ်အောင် မလုပ်မိစေနဲ့။

အကယ်၍သာ ဒီကိစ္စက ပြင်ပကို ပျံ့နှံ့သွားခဲ့မယ် ဆိုရင်တော့၊ မင်းရဲ့ ဖန့်ညီလေး နှုတ်ပိတ်သတ်ဖြတ်တာ ခံရမှာကို ငါ စိုးရိမ်မိတယ် ”

ရှူရှန့်က အလေးအနက် မှာကြားလိုက်သည်။

လီမော့သည် မိမိ၏ နှလုံးသားထဲက ခံစားချက်များကို ဖြည်းညင်းစွာ တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ဆရာ စိတ်ချပါ၊ တပည့် အဲဒီလောက်အထိတော့ မိုက်မဲမနေပါဘူး ”

“ဒါဆိုရင် ကောင်းပြီ ”

ရှူရှန့်က ပြုံး၍ လက်ခုပ်တစ်ချက် တီးလိုက်ရင်း -

“ကဲ…… အားလုံးလည်း လူစုခွဲကြတော့ ”

လူတိုင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ၊ တစ်ဦးပြီးတစ်ဦး နှုတ်ဆက်စကားဆိုလျက် ထွက်ခွာသွားခဲ့ကြတော့သည်။

ဖန့်ချန်သည် ကရုဏာတောင်ကုန်းကနေ ထွက်ခွာလာခဲ့ပြီး၊ မိမိ၏ ကျင့်ကြံခြင်းလိုဏ်ဂူဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည့်အခါ၊ တံခါးဝ၌ ရပ်တန့်နေသော ပုံရိပ်တစ်ခုကို လှမ်း၍ မြင်တွေ့လိုက်ရ၏။

"မိတ်ဆွေရွှီ"

ဖန့်ချန်သည် လာရောက်သူမှာ ရွှီဇီယွမ် ဖြစ်ကြောင်း တစ်ချက်တည်းနှင့် မှတ်မိလိုက်သဖြင့်၊ ရှေ့သို့ လျှောက်လှမ်းသွားကာ လက်နှစ်ဖက်ကို စုစည်းလျက် ဦးညွှတ်လိုက်သည်။

ရွှီဇီယွမ်သည် ဖန့်ချန်အား မြင်တွေ့လိုက်ရသည့်အခါ မျက်ဝန်းအစုံထဲတွင် ဝမ်းသာအားရ ဖြစ်ပေါ်သွားခဲ့ရပြီး -

“ဖန့်ချန်…… နင် ပြန်လာတာ ကွက်တိပဲ။ ငါ ကရုဏာတောင်ကုန်းဆီ သွားပြီး နင့်ကို ရှာရမလားလို့ တွေးနေတာ ”

ဖန့်ချန်က ပြုံးလိုက်ရင်း -

“မိတ်ဆွေရွှီက ကျွန်တော့်ကို ဘာအရေးကြီးကိစ္စရှိလို့ ရှာတာလဲဗျ ”

ရွှီဇီယွမ် ခေတ္တမျှ တွေးတောလိုက်ပြီးနောက်၊ လိုရင်းကိုသာ တိုက်ရိုက် ပြုံး၍ ပြောဆိုလိုက်သည်။

“နင့်မှာ ကျင့်ကြံခြင်းအဖော် မရှိသေးဘူးမလား။ ငါ တွေးမိတာကတော့ နင် နဲ့ ငါ နှစ်ဦးစလုံးရဲ့ ပါရမီက အားနည်းမနေဘူးဆိုတော့၊ အတူတူ ပူးတွဲပြီးတော့ ကျင့်ကြံအားထုတ်ကြရင် မကောင်းဘူးလား။

နောက်နောင် မိတ်ဆွေဖန့်အနေနဲ့ အတွင်းကမ္ဘာ့ရတနာ တစ်ခုခု လိုအပ်ခဲ့မယ် ဆိုရင်တောင်မှ၊ ငါ့ရဲ့ မိသားစုဘက်ကနေ ကူညီပေးနိုင်တာပေါ့ ”

ထိုအချိန်၌ သူမသည် ဖန့်ချန်က နှုတ်ခမ်းကို ဟလျက် ငြင်းပယ်ရန် ကြံစည်နေသည်ကို ရိပ်မိလိုက်သည့်အလား၊ ချက်ချင်းပင် သနားစရာကောင်းလှသော မျက်နှာအမူအရာကို ဖော်ပြလိုက်သည်။

“ဖန့်ချန်…… အကယ်၍ နင်သာ ငါနဲ့ ကျင့်ကြံခြင်းအဖော် မလုပ်ဘူး ဆိုရင်တော့၊ ငါ့ရဲ့ မိသားစုဘက်ကနေ ငါ့ကို အခြားလူတစ်ယောက်နဲ့ လက်ထပ်ဖို့ အတင်းအဓမ္မ ဖိအားပေးကြတော့မှာ။ အဲဒီလူရဲ့ ပါရမီက နင့်လောက် မမြင့်မားတဲ့အပြင်၊ ရုပ်ရည်ကလည်း နင့်လောက် မချောမောဘူး၊ ငါ သူ့ကို လုံးဝ မကြိုက်ဘူး ”

“မိတ်ဆွေရွှီ…… ဒီလိုမျိုး ကိစ္စရပ်က…… ကျုပ် နဲ့ ဘာမှမသက်ဆိုင်ဘူး ထင်တယ်နော် ”

ဖန့်ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

“ဘယ်လိုလုပ်ပြီး မသက်ဆိုင်ရမှာလဲ။ မင် နဲ့ ငါက အတန်းတူ ကျောင်းတော်သားတွေလေ၊ နင့် မှာ ပါရမီရှိသလို ငါ့မှာလည်း မိသားစုအသိုင်းအဝိုင်း ရှိတယ်။ ငါ နင့်ကို ယောက်က္ခမအိမ်မှာ လာပြီး နေခိုင်းမှာလည်း မဟုတ်ပါဘူး၊ လင်နောက်လိုက်တဲ့ မိန်းမပီပီ နင်ရှိရာ အရပ်မှာပဲ နေမှာဆိုတော့၊ အလွန်ကို လိုက်ဖက်ညီလွန်းပါတယ် ”

ရွှီဇီယွမ်က ပြောဆိုလိုက်သည်။

“မိတ်ဆွေရွှီ အနေနဲ့ အခြားနည်းလမ်းကိုပဲ ရှာဖွေကြည့်ပါဦး ”

ဖန့်ချန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

ရွှီဇီယွမ်သည် မိမိကိုယ်ကိုယ် သနားစရာကောင်းအောင် လုပ်ဆောင်ပြနေခြင်းက ဘာတစ်ခုမျှ အသုံးမဝင်သည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် အရှက်ရဒေါသထွက်သွားခဲ့ရပြီး မျက်ခုံးကို တွန့်ကွေးလျက်

“မိတ်ဆွေဖန့်က မိန်းကလေးတွေကို မကြိုက်တာလား ”

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း -

“မိတ်ဆွေရွှီ…… မင်း တစ်ခုခုကို အထင်လွဲနေပုံရတယ်။

ဖြစ်နိုင်တာကတော့ အခြားလူတွေက စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းပြီးသွားတဲ့အခါ၊ ကိုယ့်ရဲ့ နောက်နောင် သူတော်စင်လမ်းစဉ်အတွက် အခြေခံအချို့ကို ကြိုတင်ပြီး ပြင်ဆင်ကြလိမ့်မယ်။

ဒါမှမဟုတ် လက်ထပ်ထိမ်းမြားတာ၊ ဒါမှမဟုတ် ဆရာတင်တာ၊ ဒါမှမဟုတ် အချို့သော မဟာအကြီးကဲတွေရဲ့ လက်အောက်ကို ဝင်ရောက်ခိုလှုံတာမျိုးပေါ့ ”

“မှန်တယ်၊ ဒါဆို နင်ကကော……”

“ကျုပ်ကတော့ မတူဘူးလေ၊ ကျုပ်က နေမင်းခုနစ်ပါး ကျောင်းတော်သားတစ်ယောက်ပဲ။ ကျုပ်ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက အမြဲမပြတ် ရှိနေမှာ ဖြစ်လို့၊ ဘယ်အင်အားစုရဲ့ အထောက်အပံ့ကိုမှ အမှီသဟဲ ပြုနေစရာ မလိုဘူး။ ကျုပ်က ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးကိုပဲ အမှီပြုဖို့ လိုအပ်တာ ”

ဖန့်ချန်က အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ရင်း -

“မိတ်ဆွေရွှီ အနေနဲ့ ကုန်ပစ္စည်းကောင်းတွေကို သိုလှောင်ထားပြီး တန်ဖိုးတက်မှ ရောင်းချတယ် ဆိုတဲ့ စကားကို ကြားဖူးလား ”

“နင်……”

“ကျုပ် ကိုယ်တိုင် ပြင်ပကို ရောင်းချမယ် ဆိုရင်တောင်မှ၊ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့ ဈေးနှုန်းတစ်ခုနဲ့ပဲ ရောင်းချမှာပါ။ မိတ်ဆွေရွှီ အနေနဲ့ ကြည့်ရတာတော့…… အခြေအနေက အနည်းငယ် လိုအပ်နေသေးတယ် ထင်တယ် ”

ဖန့်ချန်က လက်နှစ်ဖက်ကို စုစည်းလျက် ပြုံး၍ ဦးညွှတ်လိုက်ရင်း -

“အခြား ကိစ္စမရှိဘူးဆိုရင်တော့၊ ကျုပ် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ပြီး ကျင့်ကြံအားထုတ်တော့မယ်။ မိတ်ဆွေရွှီ ပြန်ပါတော့ဗျာ ”

ရွှီဇီယွမ် တစ်ကိုယ်လုံး ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်သွားခဲ့ရပြီ ဖြစ်ကာ၊ တစ်ဖက်လူသည် သူမအား အရည်အချင်း မပြည့်မီသေးကြောင်း သွယ်ဝိုက်သောနည်းဖြင့် ပြောဆိုနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ပြန်လည်၍ တွေးတောမိလိုက်သည့်အခါတွင်မူ၊ တစ်ဖက်လူက နေမင်းခုနစ်ပါး ကျောင်းတော်သားတစ်ယောက် ဖြစ်နေခဲ့သည်။ သူသည် မည်သည့် မိသားစုအသိုင်းအဝိုင်းမှ ရှိမနေခဲ့သော်လည်း၊ လက်ရှိ ပိုင်ဆိုင်ထားသော ဤအဆင့်အတန်းကမူ၊ သံသယဖြစ်ဖွယ်မရှိဘဲ အကောင်းဆုံးသော နောက်ခံအသိုင်းအဝိုင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူမသည် နှလုံးသားထဲက ဒေါသတရားများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး၊ ခပ်ဖွဖွ အပြုံးတစ်ချက်ကို ဖော်ပြလျက် တစ်စုံတစ်ခုကို ထပ်မံပြောဆိုရန် ကြံစည်လိုက်သော်လည်း၊ ရုတ်တရက်ပင် အရှိန်အဝါနှစ်ခု တဟုန်ထိုး ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်ရသည်။

၎င်းတို့မှာ ကျိလင်နှင့် ဝူချုံးတို့ ဖြစ်ကြသည်။

“သူတို့က ဘာဖြစ်လို့ ရောက်လာကြတာလဲ ”

ရွှီဇီယွမ်၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားခဲ့ပြီးနောက်၊ ဖန့်ချန်အား လက်နှစ်ဖက်ကို စုစည်းလျက် ဦးညွှတ်လိုက်သည်။

“ဒါဆိုရင် အရင်ဆုံး ခွင့်ပြုပါဦး ”

ပြောဆိုပြီးသည်နှင့်၊ သူမသည် ခန္ဓာကိုယ်ကို လှည့်လိုက်ကာ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့တော့သည်။

ကွက်တိပင် ထိုအချိန်၌၊ ကျိလင်နှင့် ဝူချုံးတို့သည်လည်း ဖန့်ချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

“ခုနတင်ကပဲ ရွှီဇီယွမ်ကို မြင်တွေ့လိုက်ရသလိုပဲ ”

ဝူချုံးက တိုးညင်းစွာဖြင့် မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး စကားကို ဆက်မပြောတော့ဘဲ၊ ကျိလင်ကိုသာ စိုက်ကြည့်နေခဲ့မိသည်။

ကျိလင် ခေတ္တမျှ ငြိမ်သက်နေခဲ့ပြီးနောက်တွင်မှ၊ လက်နှစ်ဖက်ကို စုစည်းလျက် ဦးညွှတ်လိုက်သည်။

“ဖန့်ချန်…… ဘိုးဘေးကြီးက မကြာခင်မှာ မွေးနေ့ပွဲ ပြုလုပ်တော့မှာ ၊ငါ့ဆီကို သတင်းစကား ပေးပို့ထားခဲ့ပါတယ်။ မင်း ငါနဲ့အတူ ကျိမိသားစုဆီကို တစ်ခေါက်လောက် လိုက်ပါလာနိုင်ဖို့ မျှော်လင့်ပါတယ်။

အကယ်၍ မင်းမှာ အချိန်မအားလပ်ဘူး ဆိုရင်တော့၊ ငါ ဘိုးဘေးကြီးကို တိုက်ရိုက်ပဲ ငြင်းပယ်ပေးလိုက်ပါ့မယ် ”

“ဒါက ကောင်းကင်ငါးပါး စစ်တလင်း ဖွင့်လှစ်ပြီးတဲ့နောက်မှာလား၊ ဒါမှမဟုတ် မဖွင့်လှစ်ခင်မှာလား ”

ဖန့်ချန်က အေးဆေးတည်ငြိမ်စွာ ပြုံး၍ မေးမြန်းလိုက်သည်။

“ပြီးတဲ့နောက်မှပါ ”

“ဒါဆိုရင်တော့ ငါ အချိန်အားပါတယ်၊ အဲဒီအချိန်ကျရင် မင်းနဲ့အတူ အတူတူ ပြန်လိုက်ခဲ့ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျိဘိုးဘေးကြီးကို ကျေးဇူးတင်စကား တစ်ခွန်းတော့ သွားပြီး ပြောရမှာပေါ့၊ အကယ်၍သာ သူ့ရဲ့ အခွင့်အရေးနေရာ မရှိခဲ့ဘူး ဆိုရင်တော့၊ ငါ ဒီနေ့ ဒီအချိန်မှာ ရွှေဟွေးကျောင်းတော်ကြီးထဲမှာ ရှိနေနိုင်မှာ မဟုတ်ဘူးလေ ”

ဖန့်ချန်က ပြုံး၍ ပြောဆိုလိုက်သည်။

ကျိလင်၏ မျက်နှာထက်က အပြုံးမှာ ပိုမို၍ အတင်းအဓမ္မ ဖြစ်လာခဲ့ရပြီး၊ စကားအချို့ကို ဖြစ်ကတတ်ဆန်း ပြောဆိုပြီးနောက် ဝူချုံးကို ခေါ်ဆောင်လျက် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့တော့သည်။

ဖန့်ချန်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် ခန္ဓာကိုယ်ကို လှည့်လျက် ကျင့်ကြံခြင်းလိုဏ်ဂူအတွင်းထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။

ပြင်ပသို့ တစ်ခေါက် ထွက်ခွာခဲ့ပြီးပြီ ဖြစ်ရာ၊ သူသည်လည်း မိမိ၏ ကျင့်ကြံခြင်းနယ်ပယ်ကို သေသေချာချာ တည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်လှပေသည်။ မိမိ၏ ကျင့်ကြံခြင်းစွမ်းအားများ အလွန်အမင်း ပြည့်လျှံသွားခဲ့ပြီး၊ မတော်တဆ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားခြင်းမျိုး မဖြစ်ပေါ်စေရန် သတိပြုရပေလိမ့်မည်။

အခန်း (၂၁၅၂) လူသစ်ကြိုဆိုပွဲ

နောက်ထပ် နှစ်အနည်းငယ်မျှသော အချိန်ကာလအတွင်းတွင်၊ ဖန့်ချန်သည် တစ်ဖက်၌ မိမိ၏ ကျင့်ကြံခြင်းနယ်ပယ်ကို တည်ငြိမ်အောင် လုပ်ဆောင်ရင်း၊ အခြားတစ်ဖက်၌လည်း ဖန့်ကျစ်ရွှယ်၊ ဖန့်ရှောင်ပန်းနှင့် ဖန့်ရှောင်ထျန်းတို့ လူစု၏ အခြေအနေများကို စောင့်ကြည့်လေ့လာနေခဲ့သည်။

ချီယန်သူတော်စင်ကမူ ဘေးတစ်နေရာ၌ ရပ်တန့်လျက် စိတ်ဝင်တစား စောင့်ကြည့်နေခဲ့မိရာ၊ ရှန်းဟုန်းမျိုးနွယ်စု ၏ တည်ရှိမှုက နှေးကွေးသော်လည်း ခိုင်မာပြတ်သားလှသည့် နှုန်းထားဖြင့် မိမိကိုယ်ကိုယ် အဆက်မပြတ် ကြီးထွားသန်မာအောင် လုပ်ဆောင်နေကြသည်ကို တဖြည်းဖြည်းနှင့် သတိပြုမိလာခဲ့ရတော့သည်။

ဤဖန့်ငရဲမင်း၏ အထူးတလည် ဂရုစိုက်ခြင်းကို ခံထားရသည့် လူအနည်းငယ်အပြင်၊ အခြားသော လူများ၏ ကြီးထွားဖွံ့ဖြိုးမှု လမ်းစဉ်ကလည်း အလွန်အမင်းကို ချောမွေ့အဆင်ပြေနေသည်ကို သူ မြင်တွေ့နေရ၏။

“ဖန့်ငရဲမင်း…… အကယ်၍သာ ဒီအတိုင်း ဆက်ပြီး ဖွံ့ဖြိုးတိုးတက်သွားမယ် ဆိုရင်တော့၊ ဖြစ်နိုင်တာက နှစ်ပေါင်းတစ်သန်း ကြာပြီးတဲ့နောက်မှာ၊ ရှန်းဟုန်းမျိုးနွယ်စုက ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးထဲမှာ ခြေကုပ်အပြည့်အဝ ရရှိသွားနိုင်လိမ့်မယ် ”

ချီယန်သူတော်စင်သည် စိတ်ထဲ၌ အတန်ငယ် ခံစားသွားရသည်။

နှစ်ပေါင်းတစ်သန်း ဆိုသည့် အချိန်ကာလက ရှည်လျားပါသလား။

နှစ်ပေါင်းတစ်ထောင်နှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက သေချာပေါက် အလွန်အမင်း ရှည်လျားလှပေသည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ၊ မျိုးနွယ်စုတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုပါက နှစ်ပေါင်းတစ်သန်း ဆိုသည့် အချိန်က ထိုမျှလောက်အထိ ကြီးကြီးမားမား ရှည်လျားလှသည် မဟုတ်ပါချေ။

ထိုစဉ်တုန်းက မီးတောက်နတ်ဘုရားနွယ်စု ၏ သမိုင်းကြောင်းက နှစ်ပေါင်းတစ်သန်းထက်မက အဝေးကြီးကို ကျော်လွန်ခဲ့ဖူးသည် မဟုတ်ပါလော၊ ယခုအချိန်တွင်လည်း စွမ်းအားကြီးမားလှသည့် ဟော်ဆွေ့မျိုးနွယ်စု ၏ ခြေဖဝါးကို ဖက်တွယ်ထားနိုင်ခဲ့ခြင်းကြောင့်သာ၊ နောက်ပိုင်း နှစ်ပေါင်းသောင်းဂဏန်းအတွင်းမှာ အခြေခံအုတ်မြစ်များကို အလုံးစုံ စုဆောင်းနိုင်ခဲ့ပြီး နယ်ပယ်တစ်ခု၏ အရှင်သခင်အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ယခုမျက်မှောက်ရှိ ရှန်းဟုန်းမျိုးနွယ်စုကမူ၊ သူ့၌ရှိသော အတွေ့အကြုံများအရ အခြားသော အင်အားစုများ၏ ပါဝင်ပတ်သက်မှုကိုပင် လိုအပ်နေဦးမည် မဟုတ်ပါချေ၊ ဤလူစုကသာ စိတ်နှစ်မြှုပ်၍ ကျင့်ကြံအားထုတ်နေကြမည် ဆိုပါက အချိန်တန်လျှင် အခြေခံအုတ်မြစ်များက အလိုအလျောက် ခိုင်မာလာပေလိမ့်မည်။

ချီယန်သူတော်စင်၏ နှလုံးသားထဲ၌ အတိုင်းအထက်အလွန် မနာလိုအားကျစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်၊ အကယ်၍သာ မီးတောက်နတ်ဘုရားးနွယ်စု၌လည်း ဤကဲ့သို့သော အခြေခံအုတ်မြစ်မျိုး ရှိခဲ့မည်ဆိုပါက၊ ယနေ့ထက်ထိတိုင်အောင် ထိုကဲ့သို့သော ချောင်ကျလှသည့် နေရာမျိုး၌၊ အစစ်အမှန် မဟာအကြီးကဲများ၏ မျက်စိထဲတွင် စိုးစဥ်းမျှ တန်ဖိုးမရှိလှသော အရင်းအမြစ်များကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစွာဖြင့် လုယူတိုက်ခိုက်နေကြမည့် အဖြစ်မျိုး ဆိုက်ရောက်ပါ့မလား။

ချီယန်သူတော်စင်၏ စိတ်လှုပ်ရှားစွာ ရေရွတ်ချက်အပေါ်၊ ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ရုံသာ ပြုလုပ်ခဲ့ပြီး ဘာတစ်ခုမျှ ထပ်မံပြောဆိုခြင်း မရှိခဲ့ပါချေ။

ဘိုးဘေးကြီးတို့ လူစုသည် ဟော်ဆွေ့မျိုးနွယ်စု၏ ဘိုးဘေးကြီး ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသရွေ့၊ ရှန်းဟုန်းမျိုးနွယ်စု အနေဖြင့် အစစ်အမှန် ခြေကုပ်ရရှိရန် လုံးဝ မဖြစ်နိုင်ကြောင်းကို သူတစ်ဦးတည်းသာ သိရှိထားခဲ့သည်။

သူတို့ကို ဟော်ဆွေ့ဘိုးဘေးကြီး၏ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုအောက်ကနေ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ပြီး၊ မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်မှသာလျှင်၊ ရှန်းဟုန်းမျိုးနွယ်စု အနေဖြင့် ဟင်းလင်းပြင်ကြီးထဲ၌ အစစ်အမှန် ခြေကုပ်ရရှိမည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ဒါကလည်း၊ သူနောက်နောင်တွင် ဆက်လက်ကြိုးစား အားထုတ်သွားရမည့် ရည်မှန်းချက်နှင့် ဦးတည်ရာ လမ်းကြောင်းပဲ ဖြစ်သည်။

နှလုံးသားထဲက အတွေးစုံကို ဖိနှိပ်လိုက်ရင်း၊ ဖန့်ချန်က အတွင်းကမ္ဘာ၏ အလင်းမျက်နှာပြင်ဆီသို့ ထပ်မံကြည့်ရှုလိုက်သည်။

ဤနှစ်အနည်းငယ်အတွင်း၌၊ ဖန့်ကျစ်ရွှယ်သည် ဆရာကော်၏ တပည့်အဖြစ် တရားဝင် ဆရာတင်ပြီးသွားခဲ့ပြီ ဖြစ်ကာ၊ ဆရာကော်၏ ကျိုရွှမ်းတောင် ၌ ကျင့်ကြံအားထုတ်နေခဲ့သည်။

သို့သော်လည်း ကျင့်ကြံခြင်းအပိုင်းနှင့် ပတ်သက်၍မူ၊ ဆရာကော်က နှုတ်မှ ဖြစ်ကတတ်ဆန်း စကားအချို့ကိုသာ လမ်းညွှန်ပြသခဲ့ပြီး၊ အမှန်တကယ် တာဝန်ယူ သင်ကြားပြသပေးနေသူမှာ ထိုက်ဟောင်ယွီ ဖြစ်နေခဲ့သည်။

ထိုက်ဟောင်ယွီသည် ဖန့်ကျစ်ရွှယ်အား လိုက်လံပိုးပန်းလိုပြီး၊ သူမနှင့် ကျင့်ကြံခြင်းအဖော်အဖြစ် လက်တွဲလိုပုံရကာ၊ သူ၏ ပြုမူလှုပ်ရှားမှုများကလည်း ပိုမို၍ သိသာထင်ရှားလျက် ဗြောင်ကျလာခဲ့သည်။

သို့သော်လည်း ဖန့်ကျစ်ရွှယ်က အကြိမ်တိုင်း၌ ပါးနပ်စွာဖြင့် ငြင်းပယ်ခဲ့ခြင်းကြောင့်၊ ဖန့်ချန် စိတ်ထဲ၌ အတန်ငယ် စိတ်သက်သာရာ ရမိစေသည်။

အကယ်၍သာ သူမက တကယ် သဘောတူလိုက်မည် ဆိုပါက၊ သူက သေချာပေါက် နည်းလမ်းတစ်ခုခုကို စဉ်းစားကာ ဤချစ်သူနှစ်ဦးကို အတင်းအဓမ္မ ခွဲပစ်ပြီး၊ ထိုက်ဟောင်ယွီကို နောက်ဘဝကူးပြောင်းဖို့ သေမင်းထံ ပို့ဆောင်ပေးလိုက်ရပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့က ပိုမို၍ အဆင်ပြေချောမွေ့နေခဲ့ကြသည်၊ လမ်းခရီးတစ်လျှောက်၌လည်း အတွင်းကမ္ဘာ အခြေခံအုတ်မြစ်များကို လုယူချင်ကြသည့် ယုတ်မာလှသော ကိစ္စရပ်မျိုးနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိဘဲ၊ လမ်းတစ်လျှောက်လုံး တန်လင်ကျောင်းတော် ဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ကြပြီး၊ ထိုက်ဟောင်ဖူ ၏ လက်အောက်သို့ တပည့်အဖြစ် ဝင်ရောက်လျက်၊ တန်လင်ကျောင်းတော်၏ ရှီးမျိုးနွယ်စု အကယ်ဒမီ၌ ကျင့်ကြံအားထုတ်နေခဲ့ကြသည်။

“မဖြစ်သေးဘူး၊ ဒါပေမဲ့ အခွင့်အရေး ရှာပြီး ထိုက်ဟောင်ယွီကို အဝေးကို ပို့ပစ်ရမယ် ”

ဖန့်ချန်က တိုးညင်းစွာဖြင့် မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိသည်။

“နှမြောစရာကောင်းတာက သူက နေမင်းခုနစ်ပါး ကျောင်းတော်သား မဟုတ်နေတာပဲ……”

ချီယန်သူတော်စင်သည် စိတ်ထဲ၌ တုန်လှုပ်ချောက်ချားသွားရသလို၊ အတန်ငယ်လည်း အံ့ဩတုန်လှုပ်မိသွားရသည်။

အတိတ်တုန်းကတော့ နယ်မြေကိုးခုကနေ ဆင်းသက်လာခဲ့တဲ့ သေးငယ်လှတဲ့ ပုရွက်ဆိတ်တစ်ကောင်မျှသာ ရှိသေးတာ၊ ယခုအချိန်မှာတော့ ကောင်းကင်နိမိတ် သူတော်စင်ရဲ့ လက်အောက်ခံ တပည့်တစ်ယောက်ကိုတောင် အဆုံးစီရင်ဖို့အထိ ကြံစည်တွေးတောနိုင်နေပြီပဲ……

အချိန်ကာလက နောက်ထပ် နှစ်အနည်းငယ်မျှ ကုန်ဆုံးသွားခဲ့ပြန်ရာ၊ ကောင်းကင်ငါးပါး စစ်တလင်း ဖွင့်လှစ်မည့် အချိန်က ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သလို၊ တစ်ချိန်တည်းမှာပင် သူတို့အကြိမ်၏ နှစ်ပေါင်းတစ်ထောင် အစောပိုင်းပညာသင်နှစ် ကာလကလည်း မကြာခင်မှာ သက်တမ်းပြည့်တော့မည် ဖြစ်သည်။

ထိုနေ့၌၊ ကရုဏာတောင်ကုန်းဘက်ကနေ ရုတ်တရက် သတင်းစကား ပေးပို့လာခဲ့ပြီး၊ ဖန့်ချန်အား အသစ်ရောက်ရှိလာမည့် ကျောင်းသားသစ်များကို ကြိုဆိုရန် တာဝန်ယူပေးဖို့ ပြောဆိုလာခဲ့သည်။

အတိတ်ကာလများနှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက၊ ဤအကြိမ် ကျောင်းသားသစ်များ၏ ကျောင်းဝင်ခွင့် အချိန်က သိသိသာသာကို စောစီးနေခဲ့သည်၊ အကြောင်းမှာ ကောင်းကင်ငါးပါး စစ်တလင်းက မဖွင့်လှစ်ရသေးခြင်းကြောင့် ဖြစ်ပေသည်။

“ဖန့်ညီလေး…… လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျောင်းသားသစ်တွေကို ကြိုဆိုတဲ့ အလုပ်က၊ အဲဒီ တောင်ကုန်းအင်အားစုကြီးတွေပဲ လုပ်ဆောင်ကြတာ၊ ငါတို့ ကရုဏာတောင်ကုန်းရဲ့ အလှည့်ကို လုံးဝ မရောက်ခဲ့ဘူး။

ဒီတစ်ခေါက် ငါတို့ဆီ အလှည့်ကျလာတာကလည်း၊ မင်းက နေမင်းခုနစ်ပါး ကျောင်းတော်သားအဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ အကြောင်းအရင်းကြောင့် ဖြစ်လိမ့်မယ်။

မင်း ဒီကျောင်းသားသစ်တွေရဲ့ ရှေ့မှောက်မှာ မျက်နှာသေသေချာချာ ပြထားလိုက်ဦး၊ ကရုဏာတောင်ကုန်းရဲ့ လက်အောက်ကို ဝင်ရောက်လာမယ့် လူအချို့ကို ဆွဲဆောင်နိုင်မလားဆိုတာ ကြည့်ရအောင်၊ ဒါမှ ငါတို့လည်း ညီလေး ညီမလေး အသစ်တွေ ပိုပြီး ရရှိမှာ ”

သတင်းစကား လာရောက်ပေးပို့သော လင်ဖုန်းက မျက်မှောင်ကုတ်လျက် ပြုံး၍ ပြောဆိုလိုက်သည်။

“လင်ဖုန်းစီနီယာအစ်ကို…… ကျွန်တော်တို့ ကရုဏာတောင်ကုန်းက အရည်အသွေးကိုပဲ အဓိကထားတာပါ၊ အကယ်၍ သင့်တော်တဲ့ တပည့်ရှိရင် ကျွန်တော်ကရုဏာတောင်ကုန်းဆီ ခေါ်ဆောင်ပြီး ကျင့်ကြံခိုင်းပါ့မယ်၊ အကယ်၍ မရှိဘူးဆိုရင်တော့ အခြားတောင်ကုန်းတွေဆီပဲ ပို့ဆောင်ပေးလိုက်တာပေါ့ ”

ဖန့်ချန်က ပြုံး၍ ပြောဆိုလိုက်သည်။

လင်ဖုန်းသည် ဖန့်ချန်က မည်သို့လုပ်ဆောင်ရမည်ကို သိရှိနားလည်ကြောင်း မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် စိတ်အေးသွားခဲ့ရပြီး၊ စကားအချို့ကို မှာကြားပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့တော့သည်။

ဖန့်ချန်က ကောင်းကင်ယံ၏ အခြေအနေကို တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက်၊ အတွင်းကမ္ဘာနယ်မြေကို စေခိုင်းလျက် ကျောင်းတော်ကြီး၏ တံခါးမကြီးဆီသို့ ပျံသန်းထွက်ခွာလာခဲ့တော့သည်။

တံခါးမကြီးအနီး၌၊ ကျောင်းသားသစ် အမြောက်အမြားက တစ်ဦးပြီးတစ်ဦး အမည်စာရင်း မှတ်တမ်းတင်ခြင်းကို ပြုလုပ်နေကြသည်။

ဤကျောင်းသားသစ်များ၏ မျက်နှာထက်၌ တက်ကြွလန်းဆန်းလှသော အပြုံးများဖြင့် ပြည့်နှက်နေကြပြီး၊ ကျောင်းတော်ကြီး၏ လူနေမှုဘဝအပေါ် မျှော်လင့်ချက်များစွာ လှပစွာ တောက်ပနေကြ၏။

ကျောင်းဝင်းအသီးသီးကလည်း ဤနေရာသို့ လူလွှတ်၍ လူသစ်များကို ကြိုဆိုနေကြပြီး၊ ကျောင်းသားသစ်များ အမည်စာရင်း မှတ်တမ်းတင်ပြီးသွားကာ လူဦးရေ ပြည့်စုံသွားသည်နှင့်၊ တစ်စုတစ်ဝေးတည်း ခေါ်ဆောင်သွားကြမည် ဖြစ်သည်။

ထိုအချိန်မတိုင်ခင်အထိတော့၊ ထိုနေရာရှိ ကျောင်းသားဟောင်းများက ပျင်းရိငြီးငွေ့စွာဖြင့် စောင့်ဆိုင်းနေကြရပြီး၊ အချို့သော ရင်းနှီးကျွမ်းဝင်သူများကမူ အတူတူ စုဝေးလျက် စကားစမြည် ပြောဆိုနေကြကာ၊ စိတ်ဝင်စားစရာ အကြောင်းအရာများနှင့် အတင်းအဖျင်း သတင်းများကို ပြောဆိုနေကြသည်။

“ငါ ကြားတာကတော့ ဒီတစ်ခေါက် လူသားမျိုးနွယ်စု အကယ်ဒမီက၊ ရုတ်တရက် ကျောင်းဝင်ခွင့် နေရာအမြောက်အမြား ပိုပြီး ရရှိသွားတယ်တဲ့၊ ဒီတစ်ခေါက် ကျောင်းသားသစ် အရေအတွက်က ငါးရာနီးပါးအထိ ရှိနေတယ်လို့ ပြောတယ် ”

“ဒါက အဲဒီဘက်မှာ နေမင်းခုနစ်ပါး ကျောင်းတော်သား နှစ်ယောက် ပိုပြီး ထွက်ပေါ်လာခဲ့တဲ့ အကြောင်းအရင်းကြောင့်ပဲ၊ ကျောင်းတော်ဘက်က ဒီလောက်အထိ နေရာအမြောက်အမြား ပေးလိုက်တာလား ”

လူသားမျိုးနွယ်စုနှင့် အဆင့်အတန်း အလားတူလှသော အချို့သော မျိုးနွယ်စုများမှ သူတော်စင်များက ထိုစကားကို ကြားလိုက်ရသည့်အခါ၊ ချက်ချင်းပင် တုန်လှုပ်အံ့ဩသွားခဲ့ရတော့သည်။

အကြောင်းမှာ သူတို့၏ လက်ရှိ ကျောင်းသားသစ် ရာထူးနေရာက၊ သုံးရာကျော်မျှသာ ရှိသေးခြင်းကြောင့် ဖြစ်ပြီး၊ ဤနေရာ၌ အပြည့်အဝ လူနှစ်ရာနီးပါးအထိ ကွာခြားနေခဲ့သည် မဟုတ်ပါလော။

“နေမင်းခုနစ်ပါး ကျောင်းတော်သားအသစ် နှစ်ယောက် ထွက်ပေါ်လာတာက တစ်ပိုင်းပေါ့၊ အစစ်အမှန် အကြောင်းအရင်းကတော့၊ လူသားမျိုးနွယ်စုထဲမှာ အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တာကြောင့်ပဲ။

ငါ ကြားတာကတော့၊ အဲဒီပါရမီရှင်က အခုအချိန်မှာ ရှီးမျိုးနွယ်စု အကယ်ဒမီရဲ့ ပထမဆုံး ကာကွယ်ရေးဆရာ ဖြစ်တဲ့ ဆရာကော်ရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်သွားပြီတဲ့။

ဒါကြောင့်ပဲ၊ ရှီးမျိုးနွယ်စုဘက်ကလည်း နေရာအမြောက်အမြားကို လူသားမျိုးနွယ်စု အကယ်ဒမီဆီကို လွှဲပြောင်းပေးအပ်လိုက်တာ။

အဲဒီပါရမီရှင်က တကယ်ကို အားကောင်းလွန်းတယ်၊ တစ်ပိုင်းသူတော်စင် အဆင့်မှာတင် အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေကို စုစည်းနိုင်ခဲ့တာ၊ ကျောင်းတော်ဆီကို လာမယ့် လမ်းခရီးမှာတင်၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်၊ ထမင်းစား ရေသာသောက်သလိုပဲ လွယ်ကူလွန်းနေတာ ”

“……”

ဤအသီးသီးသော မျိုးနွယ်စုကြီးများကနေ ရောက်ရှိလာကြပြီး၊ လူသစ်ကြိုဆိုပွဲကို တာဝန်ယူထားကြသည့် စွမ်းအင်စုစည်းခြင်း သူတော်စင်များက တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြပြီး၊ ရံဖန်ရံခါတွင်လည်း အခြားလူများက ဝင်ရောက်လာလျက် မိမိတို့၏ ထင်မြင်ချက်များကို ဖော်ပြနေကြသည်။

အကြောင်းမှာ အထွတ်ထိပ်တာအို အဆင့်ရှိသော အတွင်းကမ္ဘာနယ်မြေ ဆိုသည်က၊ သူတို့အပေါ် သက်ရောက်စေသည့် တုန်လှုပ်မှုက၊ အတိတ်တုန်းက မိမိကိုယ်ကိုယ် ရွှေဟွေးကျောင်းတော်ကြီးထဲသို့ တပည့်အဖြစ် ဝင်ရောက်နိုင်ခဲ့သည်ကို သိရှိရစဉ်တုန်းက ခံစားခဲ့ရသည့် ပြင်းထန်လှသော တုန်လှုပ်မှုနှင့် မခြားနားခြင်းကြောင့် ဖြစ်ပေသည်။

“အလွန်အမင်းကို ကြောက်စရာကောင်းလွန်းတယ်၊ တစ်ပိုင်းပျက်သူတော်စင် အဆင့်မှာတင် အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေကို စုစည်းနိုင်ခဲ့တာလား။ အခုအချိန်မှာ အဲဒီလူက စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့်ကို တက်လှမ်းသွားပြီဆိုတော့၊ နေမင်းခုနစ်ပါးခန်းမ ထဲမှာ နေရာတစ်နေရာ ရရှိဖို့က သေချာပေါက် အသေအချာပဲ မဟုတ်ဘူးလား ”

“ဒါက သေချာပေါက်ပေါ့၊ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းက ပိုပြီး အားကောင်းလေလေ၊ နတ်ဘုရားစွမ်းရည်ရဲ့ စွမ်းပကားက ပိုပြီးတော့ အားကောင်းလေလေပဲ။

ငါတို့က အဲဒီ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းက ကမ္ဘာငယ် မျှသာ ရှိတဲ့ ပုရွက်ဆိတ်တွေကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ၊ ကျင့်ကြံခြင်းနယ်ပယ်က တူညီနေရင်တောင်မှ၊ နတ်ဘုရားစွမ်းရည်ရဲ့ စွမ်းအားက အနည်းဆုံး အဆင့်အနည်းငယ်ကွာခြားနေတတ်တယ်၊ အဆမတန်အထိတောင် ကွာခြားနိုင်သေးတာ။

ဒါပေမဲ့ သူမနဲ့ ငါတို့အကြားက ကွာခြားချက်ကတော့၊ ငါတို့နဲ့ အဲဒီကမ္ဘာငယ် အဆင့်ရှိတဲ့ လူတွေအကြားက ကွာခြားချက်ထက်တောင် ပိုပြီး ကြီးမားသေးတယ်၊ မင်း စိတ်ကူးကြည့်ရဲလား ”

“အခွင့်အရေး ရရင်တော့ ဒီလူနဲ့ သေသေချာချာ မိတ်ဆွေဖွဲ့ထားရမယ်၊ ဖြစ်နိုင်တာကတော့ နောင်နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ၊ သူမက မဟာမိတ်အဖွဲ့ထဲက မဟာအကြီးကဲတစ်ယောက် ဖြစ်လာနိုင်တာပဲ ”

“လူသားမျိုးနွယ်စုက မကြာသေးခင်က ဘာဆေးတွေ မှားသောက်ထားကြတာလဲ။ ပထမဆုံးအနေနဲ့ ဟန်ချွမ်းရှောင်ကို သတ်ဖြတ်နိုင်တဲ့ ဖန့်ချန် ထွက်ပေါ်လာခဲ့တယ်၊ ဒီတစ်ခါမှာလည်း အထွတ်ထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားတဲ့ ဖန့်ကျစ်ရွှယ် ထွက်ပေါ်လာပြန်ပြီ……”

“မင်း မေ့သွားပြီလား၊ တုန်းဖန်ဟို့ လည်း ရှိသေးတယ်လေ ”

“အော်…… ဟုတ်သားပဲ…… ကြည့်ရတာတော့ ဒီလူသားမျိုးနွယ်စုက၊ ပြန်လည်ဆန်းသစ်ပြီး တိုးတက်လာမယ့် အရှိန်အဝါတွေ ရှိနေတာပဲ ”

“ဒါနဲ့…… အကယ်၍ ဒီဖန့်ကျစ်ရွှယ်က ဖန့်ချန်နဲ့ ကြုံတွေ့ရမယ်ဆိုရင်၊ ဘယ်သူက ပိုပြီး အားကောင်းမလဲ မသိဘူးနော် ”

“ဒါကတော့ သေချာပေါက် အရှေ့ကလူပေါ့၊ ဒါကို နှိုင်းယှဉ်နေစရာ လိုသေးလို့လား။ ငါ ကြားတာကတော့ အဲဒီဖန့်ချန်ရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းက ငါတို့ထက် ပိုပြီး မြင့်မားတာ မှန်ပေမယ့်၊ ဒါက ကောင်းကင်နိမိတ် အဆင့်နိမ့် ပဲ ရှိသေးတာလေ၊ ဘယ်လိုလုပ်ပြီး အထွတ်ထိပ်တာအို အဆင့်နဲ့ နှိုင်းယှဉ်နိုင်မှာလဲ……”

စကားပြောဆိုနေသော လူသည် မျက်လုံးကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ ရုတ်တရက် ဖန့်ချန်အား လှမ်း၍ မြင်တွေ့လိုက်ရသဖြင့်၊ ချက်ချင်းပင် ပြုံးရွှင်စွာဖြင့် ရှေ့သို့ တိုးကပ်လာခဲ့သည်။

“မိတ်ဆွေက လူသားမျိုးနွယ်စုက သူတော်စင်လားဗျ၊ လူသစ်ကြိုဆိုပွဲကို လာတာလား။ ဘယ်လိုမျိုး ခေါ်ဝေါ်ရမလဲဗျ။ အဲဒီဖန့်ချန်ရဲ့ မကြာသေးခင် နှစ်တွေအတွင်း ကျင့်ကြံခြင်း အခြေအနေက ဘယ်လိုရှိလဲဆိုတာ သိလားဗျာ။

နောက်လာမယ့် ကောင်းကင်ငါးပါး စစ်တလင်းမှာကော၊ အထက်ကို ထပ်ပြီး တက်လှမ်းနိုင်ဖို့ ယုံကြည်ချက် ရှိရဲ့လားဗျ ”

အသီးသီးသော မျိုးနွယ်စုကြီးများကနေ ရောက်ရှိလာကြသည့် လူသစ်ကြိုဆိုရေး သူတော်စင်များက တစ်ဦးပြီးတစ်ဦး ဖန့်ချန်ထံသို့ လှည့်ကြည့်လိုက်ကြပြီး၊ မျက်ဝန်းအစုံထဲတွင် စုစုစိုက်စိုက်ဖြင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြသည်။

ဖန့်ချန်က ပြုံးလိုက်ရင်း

“ကျုပ်ရဲ့ မျိုးရိုးက ဖန့်ပါ၊ အမည်ကတော့ ချန် လို့ ခေါ်ပါတယ် ”

“……”

လူတိုင်းသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြတော့သည်။

ရှေ့သို့ တိုးကပ်၍ စကားလာရောက်ပြောဆိုသော စွမ်းအင်စုစည်းခြင်း သူတော်စင်သည် ခေတ္တမျှ ကြောင်အသွားခဲ့ရပြီးနောက်တွင်မှ၊ အတန်ငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။

“မိတ်ဆွေက ဖန့်ချန် ဖြစ်နေတာကိုး၊ ကျုပ်က ဂျူလင်မျိုးနွယ်စု က အောက်ရှောင်သုန် ပါဗျာ၊ ခုနတင်က မလေးမစား ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါဦး ”

“အောက် ဆိုတဲ့ မျိုးရိုးလား ”

ဖန့်ချန် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် နှုတ်မှ စကားပြောရန် ကြံစည်လိုက်စဉ်၊ တစ်ပိုင်းပျက်သူတော်စင် အစုအဝေးတစ်ခုက ဘယ်ပြန်ညာပြန် စူးစမ်းကြည့်ရှုလျက် လျှောက်လှမ်းလာသည်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။

သူသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် လူတိုင်းအား လက်နှစ်ဖက်ကို စုစည်းလျက် ဦးညွှတ်ပြလိုက်ပြီးနောက်၊ ထိုတစ်ပိုင်းသူတော်စင် အစုအဝေးဆီသို့ ဦးတည်လျက် ကြိုဆိုရန် လျှောက်လှမ်းသွားခဲ့တော့သည်။

All Chapters