အခန်း (၂၁၅၅-၂၁၅၆)
Vol. 216 Ch. 2155-2156
အခန်း (၂၁၅၅) ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတာပါ
ဒီကျောင်းသားသစ်တွေရဲ့ တုံ့ပြန်မှုတွေ အားလုံးကတော့၊ ဖန့်ချန် ကြိုတင်တွေးဆထားတဲ့အတိုင်းပင် ဖြစ်ပေသည်။
အတိတ်တုန်းက မိမိကိုယ်တိုင်လည်း ဤအကြောင်းအရာကို ကြားသိလိုက်ရစဉ်က ထိုကဲ့သို့ပင် ဆွံ့အမှင်သက်သွားခဲ့ရသည် မဟုတ်ပါလော၊ ဟင်းလင်းပြင်ကြီးရဲ့ အပြင်ဘက်မှာ၊ နောက်ထပ် မဟာမိတ်အဖွဲ့ကြီး လေးခုတောင် ရှိနေသေးတယ်ဆိုတာကို ဘယ်သူက ကြိုတင်သိရှိနိုင်ပါ့မလဲ။
“ဖန့်စီနီယာအစ်ကို…… ခုနတုန်းက စီနီယာအစ်ကိုကြီးတွေက အစ်ကို့ကို ‘နေမင်းခုနစ်ပါး ကျောင်းတော်သား’ လို့ ခေါ်ဆိုခဲ့ကြတာ ကျုပ်တို့ ကြားလိုက်ရလို့ပါ၊ နေမင်းခုနစ်ပါး ကျောင်းတော်သား ဆိုတာက ဘာကို ကိုယ်စားပြုလဲဆိုတာ ကျုပ်တို့ကို ပြောပြပေးလို့ ရမလားဟင် ”
ချန်ဖေးဖေးက သတ္တိကို မွေးလျက် လှမ်း၍ မေးမြန်းလိုက်သည်။
ကျောင်းသားသစ်အချို့ကမူ နှလုံးသားထဲကနေ တိတ်တဆိတ် သဘောကျ ချီးကျူးလိုက်ကြပြီး၊ ချန်ဖေးဖေးအား ကြည့်ရှုလိုက်သည့် မျက်ဝန်းများထဲတွင်လည်း ရင်းနှီးခင်မင်လိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။
ထိုကောင်ကတော့ ကျောင်းသားသစ် အားလုံးရဲ့ ရင်ထဲက ဆန္ဒကို တကယ့်ကို သိနားလည်လွန်းလှပေသည်။
ထိုအချိန်၌ပင်၊ ကိုယ်ပိုင်အတွင်းကမ္ဘာကို နှင်လျက် ဟင်းလင်းပြင်ကြီးကို ဖြတ်သန်းကာ ပျံသန်းရောက်ရှိလာသည့် ပုံရိပ်တစ်ခု ရှိနေခဲ့ပြီး၊ ထိုလူကတော့ အခြားသူမဟုတ်ဘဲ ကျိုကျိုတောင်တန်း က ထိုက်ရှီဝမ်ကျန်း ပဲ ဖြစ်ပေသည်။
သူက မိမိ၏ ရှေ့မှောက်ရှိ လူသားမျိုးနွယ်စုရဲ့ မျိုးဆက်သစ် လူငယ်အစုအဝေးကို ပြုံးရွှင်စွာဖြင့် ကြည့်ရှုလိုက်ရင်း၊ လေသံအေးအေးဖြင့် မေးမြန်းလိုက်သည်။
“မင်းတို့အားလုံးက နေမင်းခုနစ်ပါး ကျောင်းတော်သား ဆိုတာက ဘာကို ကိုယ်စားပြုလဲဆိုတာ သိချင်နေကြတာလား ”
ထိုက်ရှီဝမ်ကျန်းက ယခုအချိန်၌ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် သူတော်စင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်ရာ၊ သူ ရုတ်တရက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်ထက်ကနေ စိမ့်ထွက်နေသည့် သိပ်သည်းလှသော ဖိအားအရှိန်အဝါ အနည်းငယ်က လူတိုင်း၏ ရင်ထဲ၌ အလိုလို လွှမ်းမိုးသွားခဲ့ရတော့သည်။
ချန်ဖေးဖေးတို့ လူစုက ထိုက်ရှီဝမ်ကျန်းသည် လုံးဝ သာမန်လူတစ်ဦး မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်ကြသဖြင့်၊ ချက်ချင်းပင် မျက်နှာများ လေးနက်တည်ကြည်သွားခဲ့ရပြီး၊ မိမိတို့၏ အသိစိတ်အလျောက် ဖန့်ချန်ရှိရာ ဘက်သို့ လှမ်း၍ ကြည့်ရှုလိုက်ကြမိသည်။
ဖန့်ချန်က ထိုက်ရှီဝမ်ကျန်းအား ကြည့်ရှုလိုက်ရင်း၊ ပြုံးလျက် လက်နှစ်ဖက်ကို စုစည်းကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ထိုက်ရှီစီနီယာအစ်ကို…… ဒီနေ့ ဘယ်လိုမျိုး အားလပ်လို့ ဒီနေရာအထိ ရောက်လာရတာလဲ ”
စကားပြောဆိုပြီးနောက်၊ သူက ကျောင်းသားသစ်များကို ထိုက်ရှီဝမ်ကျန်းရဲ့ နောက်ခံနောက်ကြောင်းနှင့် ပတ်သက်၍ မိတ်ဆက်ပေးလိုက်သည်။
အတိတ်တုန်းက ဖန့်ချန် ကျောင်းတော်ကြီးထဲကို စတင်ဝင်ရောက်ခဲ့စဉ်က ထိုက်ရှီဝမ်ကျန်း ကိုယ်တိုင်က လာရောက်ကြိုဆို လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ၊ လူတိုင်း၏ နှလုံးသားထဲ၌ ထူးခြားဆန်းပြားလှသော ခံစားချက်တစ်ခု ရိုက်ခတ်သွားခဲ့ရတော့သည်။
ဒါကတော့ တကယ့်ကို ကျောင်းတော်ကြီးရဲ့ အစဉ်အလာအရ မျိုးဆက်ဟောင်း၊ မျိုးဆက်လတ်နဲ့ မျိုးဆက်သစ် သုံးဆက်စလုံး တစ်နေရာတည်းမှာ ဆုံတွေ့ကြခြင်း မဟုတ်ပါလော……
“ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတာပါ ”
ထိုက်ရှီဝမ်ကျန်းက ပြုံး၍ ပြောဆိုလိုက်သည်။
လမ်းကြုံလို့ ဖြတ်လာတာ ဟုတ်ပါရဲ့လား။
ဖန့်ချန်က ခုနတင်ကမှ ထွက်ခွာသွားခဲ့ကြသည့် မိမိနှင့် တစ်သုတ်တည်း ကျောင်းဝင်ခဲ့ကြသော ကျောင်းတော်သားဟောင်း အစုအဝေးကို ပြန်လည်တွေးတောမိလိုက်ရင်း၊ နှလုံးသားထဲကနေ တိုးညင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
အကယ်၍ အမှားအယွင်း မရှိဘူးဆိုရင်တော့၊ ထိုက်ရှီဝမ်ကျန်းက ခုနတုန်းက ဤနေရာ၌ ရပ်တန့်လျက်၊ ထိုကျောင်းစတင်တက်ရောက်ခြင်း ကာလကို မကျော်ဖြတ်နိုင်ခဲ့ကြသည့် တစ်ပိုင်းသူတော်စင် ကျောင်းတော်သားဟောင်းတွေ ထွက်ခွာသွားသည်ကို မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်ရင်း လိုက်လံပို့ဆောင်ပေးနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ညီလေးတို့…… မင်းတို့အားလုံးက နေမင်းခုနစ်ပါး ကျောင်းတော်သားရဲ့ နောက်ခံသမိုင်းကြောင်းကို တကယ်ပဲ သိချင်နေကြတာလား ”
ထိုက်ရှီဝမ်ကျန်းက ချန်ဖေးဖေးတို့ လူစုကို လှမ်း၍ ကြည့်ရှုလိုက်ရင်း၊ မျက်လုံးလေးများ မှေးစင်းကာ ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ”
လူတိုင်းက ဆန်ဖွတ်သည့် ကြက်ကလေးများအလား ခေါင်းကို တဒေါက်ဒေါက် ညိတ်ပြလိုက်ကြ၏။
“ငါလည်း အချိန်အနည်းငယ် အားလပ်နေတာနဲ့၊ မင်းတို့နဲ့ အနည်းငယ်လောက် စကားစမြည် ပြောဆိုပေးတာပေါ့ ”
ထိုက်ရှီဝမ်ကျန်းက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ရင်း -
“ဒီကောင်းကင်ငါးပါး စစ်တလင်း အတွင်းထဲမှာ၊ မင်းတို့ အနေနဲ့ တိုက်ပွဲတစ်ပွဲကို အနိုင်ရရှိတိုင်းမှာ၊ တိုက်ပွဲအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီးတော့၊ ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးအရာရှိတွေက မင်းတို့ရဲ့ ရမှတ်တွေကို သေသေချာချာ မှတ်တမ်းတင်ပေးလိမ့်မယ်။
ရမှတ်တွေ ပိုပြီးတော့ များပြားလာလေလေ၊ ကောင်းကင်ငါးပါး စစ်တလင်းရဲ့ အဆင့်သတ်မှတ်ချက်စာရင်း ထဲမှာ မင်းတို့ရဲ့ အဆင့်က ပိုမိုပြီး မြင့်မားလာလေလေပဲ။
မင်းတို့ အနေနဲ့ ကိုယ်နဲ့ ကျင့်ကြံခြင်းနယ်ပယ် တူညီတဲ့ လူတွေအကြားမှာ၊ အဆင့်သတ်မှတ်ချက်က ထိပ်တန်း အယောက်တစ်ရာ အတွင်းထဲကို ရောက်ရှိသွားခဲ့ပြီ ဆိုရင်တော့၊ အဲဒါက ဒဏ္ဍာရီလာ ‘နေမင်းခုနစ်ပါး ကျောင်းတော်သား’ ပဲ ဖြစ်တော့တယ် ”
လူတိုင်းက တစ်ဦးကိုတစ်ဦး မျက်လုံးပြူးလျက် ဆွံ့အစွာ ကြည့်ရှုလိုက်ကြမိသည်။
ထိုစဉ် ချန်အင်းရွှယ်က ရုတ်တရက် နှုတ်ဟ၍ မေးမြန်းလိုက်သည်။
“စီနီယာအစ်ကိုကြီး…… ထိပ်တန်း အယောက်တစ်ရာ အတွင်း ရောက်ရှိရမယ် ဆိုတာက၊ ကောင်းကင်ငါးပါး တစ်ခုလုံးအတွင်းက စုစုပေါင်း အဆင့်သတ်မှတ်ချက်ကို ပြောတာလားဟင် ”
“သဘာဝကျကျပဲ အဲဒီလိုပဲ ဖြစ်ရမှာပေါ့ ”
“ရှူး”
ဤနေရာရှိ လူတိုင်းက နောက်ဆုံးတွင်မှ အခြေအနေကို သဘောပေါက်သွားကြရပြီး၊ တစ်ပြိုင်နက်တည်း အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြရတော့သည်။
“ကောင်းကင်ငါးပါး တစ်ခုလုံးအတွင်းက ထိပ်တန်း အယောက်တစ်ရာ တဲ့လား……”
“ဘုရားသခင်…… ဒါက ငါတို့ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီး တစ်ခုတည်းကို ပြောတာမဟုတ်ဘဲ၊ ကောင်းကင်ငါးပါး တစ်ခုလုံးကို ပြောတာပဲ။
ကျောင်းတော်ကြီး ခုနစ်ခုလုံးအတွင်းက ကျင့်ကြံခြင်းနယ်ပယ် တူညီတဲ့ လူတွေအကြားမှာ ထိပ်တန်း အယောက်တစ်ရာ ဖြစ်ရမယ်ဆိုတော့၊ နေမင်းခုနစ်ပါး ကျောင်းတော်သား တစ်ဦး ဖြစ်လာဖို့ စည်းကမ်းချက်က ဒီလောက်အထိ ခက်ခဲတင်းကျပ်လွန်းလှတာကိုး ”
ဤကျောင်းသားသစ်များက ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ကြသည့် မျက်ဝန်းအစုံက၊ ယခင်ကထက်စာလျှင် လုံးဝကို ကွဲပြားခြားနားသွားခဲ့ရပြီ ဖြစ်သည်။
အကယ်၍ ယခင်တုန်းက ဖန့်ချန်အပေါ်၌ ရိုသေလေးစားမှု အနည်းငယ်သာ ရှိခဲ့မည် ဆိုပါက၊ ယခုမျက်မှောက်၌မူ ထိုရိုသေလေးစားမှုများအပြင်၊ ကြောက်ရွံ့ရိုသေရသော ခံစားချက်များပါ ထပ်မံ၍ ပြည့်နှက်သွားခဲ့ရတော့သည်။
“လူသားမျိုးနွယ်စု အကယ်ဒမီအတွင်းမှာ ကျင့်ကြံခြင်းနယ်ပယ် တူညီတဲ့ လူတွေအကြားမှာ အဆင့်တစ် ရရှိခဲ့တယ် ဆိုရင်တောင်မှ၊ ရွှေဟွေးကျောင်းတော်ကြီး တစ်ခုလုံးအတွင်းမှာ အဆင့်တစ် ဖြစ်လာနိုင်ဖို့က မသေချာသေးဘူး။
ပြီးတော့ ကျောင်းတော်ကြီး တစ်ခုလုံးအတွင်းမှာ အဆင့်တစ် ရရှိခဲ့တယ် ဆိုဦးတော့၊ ကောင်းကင်ငါးပါး တစ်ခုလုံးအတွင်းမှာ ထိပ်တန်း အယောက်တစ်ရာ အတွင်းထဲကို ဝင်ရောက်နိုင်ဖို့ကလည်း မသေချာသေးပြန်ဘူး ”
ထိုက်ရှီဝမ်ကျန်းက တည်ငြိမ်စွာ ပြုံးလိုက်ရင်း -
“နေမင်းခုနစ်ပါးခန်းမ ရဲ့ ပြိုင်ဆိုင်မှုက အလွန်အမင်းကို ပြင်းထန်လွန်းလှတယ်။ တစ်ခါတရံမှာ၊ ငါတို့ ရွှေဟွေးကျောင်းတော်ကြီးဘက်က အခြေအနေ သိပ်မကောင်းဘူး ဆိုရင်၊ ကျောင်းတော်ကြီးရဲ့ ကျင့်ကြံခြင်းနယ်ပယ်တူ အဆင့်တစ် ဖြစ်နေတဲ့ လူကတောင်မှ၊ နေမင်းခုနစ်ပါးခန်းမထဲကို ဝင်ရောက်နိုင်ဖို့ ခဲယဉ်းလွန်းလှတယ် ”
လူတိုင်းက နှလုံးသားထဲ၌ နောက်တစ်ကြိမ် ထပ်မံ၍ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြရပြန်သည်။
ဖန့်ချန်အား ကြည့်ရှုလိုက်ကြသည့် မျက်ဝန်းအစုံကလည်း တဖြည်းဖြည်းချင်း ပိုမို၍ ပူပြင်းတောက်လောင်လာခဲ့ရတော့၏။
အကြောင်းမှာ မိမိတို့အား လာရောက်ကြိုဆို လမ်းညွှန်ပေးနေသည့် ထိုစီနီယာအစ်ကိုကြီးက၊ ဖြစ်နိုင်တာက ကျောင်းတော်ကြီးတစ်ခုလုံးအတွင်းရှိ ကျင့်ကြံခြင်းနယ်ပယ်တူ တပည့်များအကြားတွင် ‘အဆင့်တစ်’ တည်ရှိမှုကြီး ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော ထူးခြားဆန်းပြားလှသည့် အဆင့်အတန်းမျိုးက၊ တူညီသော လူသားမျိုးနွယ်စုဝင်များ ဖြစ်ကြသည့် သူတို့အတွက် အတိုင်းအတာတစ်ခုအထိ အလွန်အမင်း ဂုဏ်ယူမဆုံး ဖြစ်ရသော ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပေသည်။
“ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့၊ နေမင်းခုနစ်ပါးခန်းမရဲ့ အကြောင်းအရာတွေကို မင်းတို့ကို ဒီလောက်အထိ စောစောစီးစီး ပြောပြမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း ဒီနှစ်ပိုင်းတွေအတွင်းမှာ ငါတို့ လူသားမျိုးနွယ်စု အကယ်ဒမီက တကယ့်ကို မျက်နှာပန်းလှအောင် ကြိုးစားနိုင်ခဲ့ကြတယ်။
ဆက်တိုက်ဆိုသလိုမျိုး ကျောင်းတော်သား နှစ်ဦးတောင်မှ နေမင်းခုနစ်ပါးခန်းမထဲကို ဝင်ရောက်နိုင်ခဲ့ကြပြီး၊ ဒီထဲက တစ်ဦးကတော့ ဖန့်ညီလေးပဲ။
မင်းတို့အားလုံးက ဖန့်ညီလေးကို စံနမူနာတစ်ခုအဖြစ် ထားရှိပြီးတော့၊ လူသားမျိုးနွယ်စု အကယ်ဒမီအတွင်းမှာ ကျင့်ကြံခြင်းကို သေသေချာချာ လုပ်ဆောင်ကြရမယ်။
အကယ်၍ နေမင်းခုနစ်ပါးခန်းမထဲကို မဝင်ရောက်နိုင်ခဲ့ရင်တောင်မှ၊ တကယ်လို့ အမာခံတပည့် ရာထူးနေရာတစ်ခုကိုသာ ရရှိအောင် ယူနိုင်ခဲ့မယ်ဆိုရင်၊ အဲဒါကလည်း ငါတို့ လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာအရှိန်အဝါကို မြှင့်တင်ပေးလိုက်တာပဲ ”
ထိုက်ရှီဝမ်ကျန်းက စကားပြောဆိုပြီးသွားသည့်နောက်တွင်၊ လူတိုင်းအား လက်နှစ်ဖက်စုစည်းလျက် နှုတ်ဆက်လိုက်သည်။
“ငါ အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ်”
“ထိုက်ရှီစီနီယာအစ်ကို ဖြည်းဖြည်းသွားပါဗျာ ”
ဖန့်ချန်က လက်နှစ်ဖက်ကို စုစည်းလျက် ဦးညွှတ်နှုတ်ဆက်လိုက်မိသည်။
ချန်အင်းရွှယ်တို့ လူစုကလည်း အလျင်အမြန်ပင် လက်နှစ်ဖက်စုစည်းလျက် ဦးညွှတ်ဂါရဝပြုလိုက်ကြ၏။
ထိုက်ရှီဝမ်ကျန်း၏ စကားလုံးများက၊ သူတို့၏ နှလုံးသားထဲ၌ အစွမ်းကုန် ကြိုးစားလိုစိတ်နှင့် တက်ကြွမှုများကို အပြည့်အဝ ဖြစ်ပေါ်စေခဲ့ရတော့သည်။
ထိုက်ရှီဝမ်ကျန်း ထွက်ခွာသွားပြီးနောက်တွင်၊ ဖန့်ချန်က မိုးကုတ်စက်ဝိုင်းဆီသို့ တစ်ချက် လှမ်း၍ ကြည့်ရှုလိုက်ပြီး၊ ထို့နောက်တွင် လူတိုင်းအား ပြုံးလျက် ပြောဆိုလိုက်သည်။
“မင်းတို့ကို ကိုယ့်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းလိုဏ်ဂူတွေဆီကို အရင်ဆုံး ပို့ဆောင်ပေးမယ်၊ မနက်ဖြန်ကျမှပဲ၊ မင်းတို့ကို တောင်ထွတ်ကြီးအသီးသီးဆီကို ခေါ်ဆောင်သွားပြီးတော့၊ ဘယ်တောင်ထွတ်ရဲ့ လက်အောက်မှာ ကျင့်ကြံခြင်းကို ပြုလုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် ချခိုင်းတာပေါ့ ”
“ဖန့်စီနီယာအစ်ကိုကြီးကို ဒုက္ခပေးမိပြီ ”
ကျောင်းသားသစ် အစုအဝေးက အလွန်အမင်း ရိုသေကိုင်းညွတ်စွာဖြင့် ပြောဆိုလိုက်ကြ၏။
နောက်တစ်နေ့တွင်
လူတိုင်းက သတ်မှတ်ထားသည့် အချိန်အတိုင်း ကောင်းကင်ငါးပါးနန်းတော်၏ တံခါးမကြီးရှေ့၌ စောစီးစွာ စုစည်းရောက်ရှိနေကြပြီ ဖြစ်ရာ၊ ဖန့်ချန်က သူတို့ကို ခေါ်ဆောင်လျက် ကရုဏာတောင်ကုန်း ရှိရာ ဘက်သို့ ချက်ချင်းပင် ထွက်ခွာလာခဲ့တော့သည်။
“မင်းတို့ ဒီတစ်ခေါက် သွားရောက်ရမယ့် နယ်မြေဒေသကိုတော့၊ ကရုဏာတောင် လို့ ခေါ်ဆိုတယ်……”
ဖန့်ချန်က ကရုဏာတောင်ကုန်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းမိတ်ဆက်ပေးခဲ့ရာ၊ ကျောင်းသားသစ် အမြောက်အမြားမှာမူ လန့်ဖျပ်သွားခဲ့ရပြီး၊ သူတို့ အနေဖြင့် အပြင်လောက၌ ကရုဏာတောင်ကုန်း၏ အပြုအမူများနှင့် စပ်လျဉ်း၍ စောစီးစွာကတည်းက ကြားဖူးနားဝ ရှိခဲ့ပုံရသဖြင့်၊ မျက်နှာထက်၌ ထူးဆန်းလှသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရတော့သည်။
“ကရုဏာတောင်ကုန်းရဲ့ ဆရာကတော့၊ တကယ့်ကို အလွန်အမင်း ကောင်းမွန်လှတဲ့ ဆရာတစ်ဦးပဲ။
သူက မိမိရဲ့ လက်အောက်မှာရှိတဲ့ တပည့်တွေကို ကောင်းကင်ငါးပါး စစ်တလင်း အတွင်းထဲကို သွားပြီးတော့ စွန့်စားရတာမျိုးကို သိပ်ပြီးတော့ အားမပေးချင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး သွားရောက်တာက ကိုယ့်ကိုယ်ကိုယ် ပိုမိုပြီးတော့ ထက်မြက်အောင် သွေးပေးနိုင်တယ် ဆိုပေမဲ့လည်း၊ အသက်အန္တရာယ် ဆုံးရှုံးသွားနိုင်တဲ့ ဘေးအန္တရာယ်မျိုးလည်း ရှိနေခဲ့တာကြောင့်ပဲ။
ဒါကြောင့်မလို့ ရွှေဟွေးတံဆိပ်ကို အပ်နှံရမယ့် အချိန်ကာလ ရောက်တိုင်းမှာ၊ သူက ကိုယ်တိုင် ကိုယ်ကျ ရွှေဟွေးတံဆိပ်တွေကို ထုတ်ပေးပြီးတော့၊ မိမိရဲ့ လက်အောက်ခံ တပည့်တွေအတွက် ကိုယ်စား အပ်နှံပေးလေ့ရှိတယ်။
ဒါတင်မကသေးဘဲ၊ ကရုဏာ တောင်ကုန်းပေါ်မှာရှိတဲ့ စီနီယာအစ်ကိုကြီး၊ အစ်မကြီးတွေကလည်း အားလုံးက လူကောင်းတွေချည်းပဲ။
တကယ်လို့ မင်းတို့ အနေနဲ့ ဘယ်တောင်ထွတ်ဆီကိုမဆို သွားပြီးတော့ လျှို့ဝှက်နတ်ဘုရားစွမ်းရည်တွေကို နားလည်သဘောပေါက်ချင်တယ် ဆိုရင်၊ လိုအပ်တဲ့ ကုန်ကျစရိတ်တွေကိုလည်း၊ ဒီစီနီယာအစ်ကိုကြီး၊ အစ်မကြီးတွေက မင်းတို့အတွက် အကုန်အကျခံပြီး ထုတ်ပေးကြလိမ့်မယ်။
ချုပ်ပြောရရင်တော့…… အကယ်၍သာ ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်၊ ကျောင်းစတင်တက်ရောက်ခြင်း ကာလရဲ့ ဒီနှစ်ပေါင်းတစ်ထောင်အတွင်းမှာ၊ မင်းတို့ အနေနဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး ကိုယ့်ရဲ့ အတွင်းကမ္ဘာ့ အခြေခံအုတ်မြစ်ကို မြှင့်တင်ဖို့ကလွဲလို့၊ အခြား ကိစ္စရပ်တွေကို လုံးဝ စိတ်ပူနေစရာ မလိုတော့ဘူး ”
“ဖန့်စီနီယာအစ်ကို…… ဒါပေမဲ့ ကျုပ်တို့ ကြားဖူးတာကတော့……ကရုဏာတောင်ကုန်းက ဒီလိုမျိုး ပြုမူဆောင်ရွက်တာက၊ အမှန်တကယ်တော့ တိုက်ပွဲတွေကနေ ရှောင်တိမ်းနေတာလို့ ပြောကြတယ်နော် ”
“ဟုတ်ပါတယ်၊ ကောင်းကင်ငါးပါး စစ်တလင်း အတွင်းထဲကို သွားပြီးတော့ ကြံ့ကြံ့ခံ မသွေးပေးဘူး၊ အခြား ကျောင်းတော်ကြီးတွေက ပါရမီရှင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း မပြုဘူးဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး အားကောင်းလာအောင် လုပ်ဆောင်နိုင်ပါ့မလဲ ”
“ဒါနဲ့ စကားမစပ်…… ဖန့်စီနီယာအစ်ကိုကြီးကော ဘယ်တောင်ထွတ်ရဲ့ လက်အောက်က တပည့်လဲဟင် ”
ချန်ဖေးဖေးက စူးစမ်းလိုစိတ်ဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
ချန်အင်းရွှယ်တို့ လူစုကလည်း ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ကြပြီး၊ မျက်ဝန်းအစုံထဲတွင်လည်း စူးစမ်းလိုစိတ်များ ပြည့်နှက်သွားခဲ့ရတော့သည်။
“ငါလား ကရုဏာတောင်ကုန်းရဲ့ တပည့်ပဲလေ ”
ဖန့်ချန်က ပြုံး၍ ပြောဆိုလိုက်သည်။
“……”
ခုနတုန်းက စကားနာထိုး၍ ဝေဖန်ပြောဆိုခဲ့ကြသည့် ကျောင်းသားသစ် အနည်းငယ်မှာမူ ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ကြရပြီး၊ မျက်ဝန်းအစုံထဲတွင်လည်း နောင်တရရသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။
စောစောစီးစီး သိရှိခဲ့မည်ဆိုပါက သူတို့ ဤမျှလောက်အထိ ပါးစပ်သရမ်းမိကြမှာ မဟုတ်ပါချေ၊ ပြင်ပလူတွေရဲ့ ရှေ့မှောက်မှာ မိမိတို့ အနေဖြင့် ရွှေဟွေးကျောင်းတော်ကြီးရဲ့ အကြောင်းကို သိရှိနားလည်ထားကြောင်း တမင်သက်သက် လာရောက်ကြွားဝါပြသမိသလိုမျိုး ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလော……
“ကရုဏာတောင်ကုန်းက ဖန့်စီနီယာအစ်ကိုကြီးလိုမျိုး နေမင်းခုနစ်ပါး ကျောင်းတော်သားတစ်ဦးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာဆိုတော့၊ သေချာပေါက် သူ့မှာ ထူးခြားလှတဲ့ အားသာချက်တွေ ရှိနေလို့ပဲ ဖြစ်ရမယ်။ တကယ်လို့ ရနိုင်မယ်ဆိုရင်၊ ကျွန်တော် ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ခွင့် ရမလားဟင် ”
ချန်ဖေးဖေးက အတန်ငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
ကျောင်းသားသစ် အမြောက်အမြားကလည်း ဤအကြောင်းပြချက်ကြောင့်ပင် စိတ်လှုပ်ရှားသွားခဲ့ကြရသော်လည်း၊ သူတို့၏ နှလုံးသားထဲ၌မူ အနည်းငယ် တွေဝေတုံ့ဆိုင်းနေကြဆဲ ဖြစ်ပေသည်။
ဘာပဲပြောပြော ဤနေရာသို့ မလာရောက်မီကတည်းက၊ မိသားစုအတွင်းရှိ လူကြီးသူမများက သူတို့ကို အထပ်ထပ်အခါခါ မှာကြားလိုက်ကြသည်မှာ၊ ဘယ်တောင်ထွတ်ဆီကိုပဲ သွားသွား၊ ကရုဏာတောင်ကုန်းဆီကိုတော့ လုံးဝ မသွားကြဖို့ ဖြစ်ပြီး၊ ထိုနေရာက ဘာမျှ အလားအလာ မရှိဘူးဟု ပြောဆိုခဲ့ကြခြင်းကြောင့် ဖြစ်ပေသည်။
“မင်းက ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ချင်တာလား၊ အဲဒါက ပြဿနာအကြီးအကျယ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း ဆရာ ကိုယ်တိုင်က ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်မှပဲ၊ ဆုံးဖြတ်ချက် ချလို့ ရမှာပါ ”
ဖန့်ချန်က ပြုံးလိုက်မိသည်။
မကြာမီအချိန်အတွင်းမှာပင်၊ သူက လူတိုင်းကို ခေါ်ဆောင်လျက် ကရုဏာတောင်ကုန်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီး၊ နန်းတော်ကြီး၏ ရှေ့မှောက်သို့ ဆင်းသက်လိုက်တော့သည်။
ယခုအကြိမ် ကျောင်းသားသစ်များကို ခေါ်ဆောင်လာသည့် တာဝန်ခံမှာ ဖန့်ချန် ဖြစ်ကြောင်း ကြိုတင်၍ သိရှိထားကြသဖြင့်၊ သူတို့ မရောက်ရှိလာမီကတည်းက၊ ရှူရှန့်သည် ကျန်းေတာက်ယွဲတို့ လူစုကို ဦးဆောင်လျက်၊ နန်းတော်ကြီး၏ တံခါးမကြီးရှေ့၌ ကြိုတင်၍ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ပေသည်။
ဖန့်ချန်က ရှူရှန့် အား မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် လက်နှစ်ဖက်ကို စုစည်းလျက် လေးစားစွာ ဦးညွှတ်ဂါရဝပြုလိုက််််သည်။
“ဆရာ”
“အင်း ”
ရှူရှန့် က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး၊ မိမိ၏ ရှေ့မှောက်ရှိ ကျောင်းသားသစ် ငါးရာ့နှစ်ဦးကို မျက်လုံးအစုံဖြင့် ဖြည်းညင်းစွာ ဝေ့ဝဲကြည့်ရှုလိုက်ရင်း၊ စိတ်ထဲကနေ မချင့်မရဲဖြင့် ရေရွတ်လိုက်မိသည်။
“ကရုဏာတောင်ကုန်းက ဒီလောက်အထိ စည်ကားသိုက်မြိုက်မနေခဲ့ရတာ တော်တော်လေးကို ကြာမြင့်နေခဲ့ပြီပဲ၊ ကြည့်ရတာ မင်းတို့ ဒီတစ်ခေါက်မှာလည်း၊ နောက်ထပ် ညီလေး၊ ညီမလေး အနည်းငယ်လောက် ထပ်ပြီးတော့ တိုးပွားလာဦးမှာပဲ ”
စကားပြောဆိုပြီးနောက်၊ သူက အချိန်ဆွဲမနေဘဲ လိုရင်းကိုသာ ဗြောင်ကျကျ ပြောဆိုလိုက်တော့သည်။
“ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ချင်တဲ့ လူတွေက၊ ရှေ့ကို တစ်လှမ်း တိုးထွက်ခဲ့ကြပါ ”
ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့ နှစ်ဦးက မူလကတည်းက ပြတ်သားစွာ ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ကြပုံရသဖြင့်၊ အခြားလူများထက် ဦးအောင် ရှေ့သို့ အရင်ဆုံး လှမ်း၍ တိုးထွက်လိုက်ကြသည်။
ထို့နောက်တွင် သူတို့ထက် တစ်လှမ်းခန့် နောက်ကျလျက် ရှေ့သို့ ထပ်မံတိုးထွက်လာကြသည့် လူအနည်းငယ် ရှိနေခဲ့ပြီး၊ ထိုထဲတွင် ဟော်ဆွေ့မျိုးနွယ်စုရဲ့ ဘေးထွက်မျိုးနွယ်စုခွဲက ဖြစ်သည့် ‘ချင်ယွဲ့’ လည်း ပါဝင်နေခဲ့ပေသည်။
ကျန်ရှိနေခဲ့ကြသည့် လူများကမူ၊ တစ်ဦးပြီးတစ်ဦး မျက်နှာထက်၌ တွေဝေတုံ့ဆိုင်းနေကြဆဲ ဖြစ်ပေရာ၊ နောက်ဆုံးတွင်မှ ရှေ့သို့ လှမ်း၍ တိုးမထွက်လာခဲ့ကြတော့ပါချေ။
အခန်း (၂၁၅၆) ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ကြသေးတာပေါ့
ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ဖို့ ဆန္ဒရှိတဲ့သူ စုစုပေါင်း ခြောက်ယောက် ရှိနေခဲ့သည်။
ကျန်းသောက်ယွဲတို့ လူစုရဲ့ မျက်ဝန်းထဲ၌ စိတ်သက်သာရာရမှု အရိပ်အယောင်အချို့ ထွက်ပေါ်လာသည်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကရုဏာတောင်ကုန်းက တပည့်တစ်ယောက်မှပင် မရရှိခဲ့တာက များလှပေသည်။
မတတ်သာလို့ တပည့်အနည်းငယ် ရရှိခဲ့မယ်ဆိုရင်တောင်မှ၊ နောက်ဆုံးမှာတော့ ရွှမ်ပုထုံ၊ ချိုက်စစ်ရှို့၊ လုကျိုဝမ်တို့ သုံးယောက်လိုမျိုးပဲ၊ နည်းလမ်းရှာပြီး အခြားနေရာကို ပြောင်းရွှေ့သွားကြတာချည်း ဖြစ်သည်။
ကရုဏာတောင်ကုန်းဘက်ကလည်း သူတို့ကို တားဆီးပိတ်ပင်ခြင်း မပြုပေ။
ဒါကြောင့်မလို့ အချိန်ကြာလာတာနဲ့အမျှ၊ ကရုဏာတောင်ကုန်းရဲ့ တပည့်အရေအတွက်က ဘယ်တုန်းကမှ တိုးပွားမလာခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်မှာတော့၊ ကျောင်းသားသစ် ခြောက်ယောက်တိတိက ကိုယ်တိုင်ကိုယ်ကျ လိုလိုလားလား ရှိနေခဲ့ကြရာ၊ ထိုထဲက အချို့က စိတ်ကူးသိပ်မသေချာဘဲ နောင်တစ်ချိန်မှာ ထွက်ခွာသွားနိုင်ခြေ ရှိနေဦးဦးတော့၊ ဒါကလည်း တိုးတက်မှုတစ်မျိုးလို့ ပြောနိုင်ပေသည်။
သို့သော်လည်း၊ ကရုဏာတောင်ကုန်းက တပည့်လက်ခံရာမှာ စည်းကမ်းမရှိ စည်းမဲ့ကမ်းမဲ့တော့လည်း မဟုတ်ပါချေ။
ရှူရှန့်က မိမိရှေ့မှောက်ရှိ လူခြောက်ယောက်ကို ကြည့်ရှုလိုက်ရင်း၊ တည်ငြိမ်စွာ ပြုံးလိုက်သည်။
“မင်းတို့ ခြောက်ယောက်က ကရုဏာတောင်ကုန်းနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ သိနားလည်ထားကြလဲ ”
ချန်ဖေးဖေးက အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“ဆရာ…… ဖန့်စီနီယာအစ်ကိုက အားလုံးကို မိတ်ဆက်ပေးပြီးပါပြီ၊ အပြည့်အဝ သိနားလည်ထားပါတယ် ”
“ငါ့ဆီမှာတော့၊ မင်းတို့ကို ကောင်းကင်ငါးပါး စစ်တလင်း အတွင်းထဲကို သွားဖို့ အားမပေးဘူး ”
“ဒါက အဓိကအကျဆုံး အချက်ပဲ ”
“ဒါတင်မကသေးဘူး၊ ကရုဏာတောင်ကုန်းရဲ့ မဟာနတ်ဘုရားစွမ်းရည် သုံးခုစလုံးက၊ စွမ်းအားပိုင်းမှာ သာမန်ကာလျှံကာပဲ ရှိတယ်ဆိုတာ အပြင်လောကကလည်း အားလုံး လက်ခံထားကြတယ် ”
“တစ်ခုတည်းသော အားသာချက်ကတော့၊ မင်းတို့ အနေနဲ့ ရွှေဟွေးတံဆိပ်အတွက် စိတ်ပူနေစရာ မလိုတာပဲ။ နှစ်ပေါင်းသုံးရာမှာ တစ်ကြိမ် အပ်နှံရမယ့် ရွှေဟွေးတံဆိပ်ကို၊ ငါက မင်းတို့အတွက် နည်းလမ်းရှာပြီး ဖြေရှင်းပေးမယ် ”
ရှူရှန့်က သတိပြုရမယ့် အချက်အချို့ကို ထပ်မံ၍ ရှင်းလင်းပြောဆိုလိုက်သည်။
အတိအကျပင် ထိုအချိန်၌၊ ရုတ်တရက် သူတော်စင်တစ်ဦးက ကိုယ်ပိုင်အတွင်းကမ္ဘာကို နှင်လျက် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရောက်ရှိလာသည်။
သူက ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ ရှူရှန့်အား ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ရှူရှန့်…… မင်း တစ်ပါးသူရဲ့ သားသမီးတွေကို လမ်းမှားမပို့ပါနဲ့တော့၊ ဒီတစ်ခေါက် မင်းတို့ ကရုဏာတောင်ကုန်းက တပည့် အများဆုံး နှစ်ယောက်ပဲ လက်ခံရမယ် ”
ဤနေရာရှိ ကျောင်းသားသစ်များက တစ်ဦးကိုတစ်ဦး မျက်မှောက်ကုတ်လျက် ကြည့်ရှုလိုက်ကြပြီး၊ ရောက်ရှိလာသူက မည်သူမည်ဝါဖြစ်ကြောင်း မသိကြသော်လည်း၊ တစ်ဖက်လူသည်လည်း သေချာပေါက် ဆရာတစ်ဦး ဖြစ်ရမည်ဟု အတပ်အတည် သိရှိလိုက်ကြသည်။
မဟုတ်ပါက ရှူရှန့်အား ဤကဲ့သို့သော လေသံမျိုးဖြင့် မည်သို့ စကားပြောဆိုနိုင်ပါ့မလဲ။
ဖန့်ချန်ကမူ ဤလူကို မှတ်မိပေသည်၊ သူ ကရုဏာတောင်ကုန်းဆီကို ပထမဦးဆုံးအကြိမ် လာခဲ့တုန်းက ထိုလူကို မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
“မင်းက ဘာကိစ္စ လာပြီး လူမှုရေး လာလုပ်နေတာလဲ ”
ရှူရှန့်က မျက်လုံးတစ်ချက် စောင်းကြည့်လိုက်သည်။
တစ်ဖက်လူက ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် ဤနေရာရှိ ကျောင်းသားသစ်များကို ကရုဏာတောင်ကုန်းရဲ့ ဆိုးကျိုးအမျိုးမျိုးကို စတင်၍ ရှင်းလင်းပြောပြတော့သည်။
“ငါတို့ သူတော်စင်တွေဆိုတာ၊ သေချာပေါက် အလောင်းတောင်၊ သွေးပင်လယ်တွေထဲမှာ ကြံ့ကြံ့ခံ သွေးပေးပြီးမှ ပေါ်ထွက်လာရမှာ ဖြစ်တယ်၊ တစ်နေ့တစ်နေ့ ကိုယ်ပိုင်ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ စာအုပ်ကြီးအတိုင်း ပိတ်အော်နေပြီး၊ ကောင်းကင်ငါးပါး စစ်တလင်းထဲကိုတောင် မသွားချင်ဘူးဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ”
“ကောင်းကင်ငါးပါး စစ်တလင်းက မင်းတို့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ထက်မြက်အောင် သွေးပေးနိုင်ရုံတင်မကဘဲ၊ ရွှေဟွေးကျောင်းတော်ကြီးနဲ့ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးအတွက်ပါ အကျိုးအမြတ်တွေကို လုယူပေးနိုင်တယ် ”
“ဒါကမှ ငါတို့လို သူတော်စင်တွေ လုပ်ဆောင်သင့်တဲ့အရာပဲ လောကကနေ တိမ်းရှောင်တာနဲ့ လောကထဲကို ဝင်ရောက်တာမှာ၊ မင်းတို့ အနေနဲ့ သေချာပေါက် ဒုတိယအချက်ကို ရွေးချယ်မှသာလျှင်၊ လူတော်တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ် ”
ဤသူ့ရဲ့ ဟောပြောချက်ကို ကြားသိလိုက်ရသည့်အခါ၊ ခြောက်ယောက်ထဲက သုံးယောက်မှာ စိတ်ကူးများ လှုပ်ခတ်သွားခဲ့ရပြီး၊ မျက်နှာထက်၌ ရှက်ရွံ့သော အရိပ်အယောင်များ ထွက်ပေါ်လာလျက်၊ ဖြည်းညင်းစွာ နောက်သို့တစ်လှမ်း ဆုတ်ကာ လူအုပ်ကြီးထဲကို ပြန်လည်ဝင်ရောက်သွားကြသည်။
ယခုအချိန်၌ ချန်ဖေးဖေး၊ ချန်အင်းရွှယ်နှင့် ချင်ယွဲ့ သုံးဦးသာလျှင်၊ ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ဖို့ ဆန္ဒရှိနေကြဆဲ ဖြစ်သည်။
ရောက်လာသူက ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ နှလုံးသားထဲ၌ ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး၊ ထို့နောက်တွင် ချင်ယွဲ့အား လှမ်း၍ ကြည့်ရှုလိုက်သည်။
“မင်းက ချင်ယွဲ့ မဟုတ်လား၊ မင်းတို့ မိသားစုရဲ့ ဘိုးဘေးက ချင်ချန် မဟုတ်လား ”
ချင်ယွဲ့က အတန်ငယ် အံ့အားသင့်သွားခဲ့ရပြီး၊ အလျင်အမြန်ပင် လက်နှစ်ဖက်စုစည်းလျက် မေးမြန်းလိုက်သည်။
“စီနီယာက ကျမတို့ရဲ့ ဘိုးဘေးကို သိလို့လားဟင် ”
ချင်ချန် တဲ့လား။
ဖန့်ချန်ရဲ့ စိတ်အာရုံက လှုပ်ခတ်သွားခဲ့ရပြီး၊ ကြည့်ရတာ တကယ့်ကို တိုက်ဆိုင်လွန်းလှပေသည်။
အတိတ်တုန်းက ထိုချင်ချန်သည်လည်း၊ ချင်ဝူဆန့်နှင့်အတူ နယ်မြေကိုးခုကို သွားရောက်တိုက်ခိုက်ခဲ့ကြသည့် စစ်သေနာပတိတွေထဲက တစ်ဦး မဟုတ်ပါလော။
“ငါနဲ့ ချင်ချန်က ပတ်သက်မှုအချို့ ရှိခဲ့ဖူးတယ်၊ ငါတို့က မျိုးဆက်တူ သူတော်စင်တွေလို့ ပြောလို့ရတာပေါ့ ”
တစ်ဖက်လူက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ချင်ယွဲ့ရဲ့ နှလုံးသားထဲ၌ အတိုင်းအတာတစ်ခုအထိ ခံစားချက်များ ပြည့်နှက်သွားခဲ့ရသည်၊ မိမိရှေ့မှောက်ရှိ ဤသူက သေချာပေါက် ကမ္ဘာကြီးအဆင့်သူတော်စင် ဖြစ်ရမည် ဖြစ်ပြီး၊ မိမိတို့ရဲ့ ဘိုးဘေးကမူ အသက်စွမ်းအင်သူတော်စင် ဖြစ်ပြီး၊ ကမ္ဘာငယ်ဒုတိယအဆင့် သာ ရှိသေးသည်။
လူနှစ်ယောက်က မျိုးဆက်တူ ဖြစ်ကြသော်လည်း၊ ကံကြမ္မာကမူ မတူညီကြပါချေ။
“ဒီတစ်ခေါက်မှာ ရွှီဝူရှန့်ဆရာက ငါ့ကို အထူးတလည် မှာကြားလိုက်တယ်၊ မင်းကို သူ့ရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ခိုင်းဖို့ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မင်း ရွှေဟွေးကျောင်းတော်ကြီးထဲကို ဝင်ရောက်နိုင်ခဲ့တာကလည်း၊ ရွှီဝူရှန့်ဆရာက မင်းကို ထောက်ခံချက်ပေးခဲ့လို့ပဲ ”
တစ်ဖက်လူက လေသံအေးအေးဖြင့် ပြောဆိုလိုက်သည်။
“မင်း အခု ကိုယ်တိုင် ဆုံးဖြတ်ချက် ချလိုက်တော့ ”
“ရှူလျန်…… မင်း အလွန်အကျွံ မလုပ်နဲ့နော် ငါ့ရဲ့ တံခါးဝရှေ့အထိ လာပြီးတော့ လူလာလုနေတာ၊ မင်းက ငါ့ရဲ့ ညီအရင်း ခေါက်ခေါက် ဖြစ်နေဦးတော့၊ ငါ မင်းကို ရိုက်သတ်မိလိမ့်မယ် ”
ရှူရှန့်က နောက်ဆုံးတွင်မှ စိတ်မထိန်းနိုင်တော့ဘဲ၊ တစ်ဖက်လူအား အော်ဟစ်ဆဲဆိုလိုက်တော့သည်။
ရှူလျန် ဟုတ်လား။
ညီအရင်း ခေါက်ခေါက် တဲ့
“ရှူရှန့်၊ ရှူလျန်……ရှန့်လျန် (ကြင်နာသနားတတ်သော) ညီအစ်ကိုတွေပေါ့ ”
ဖန့်ချန်ရဲ့ မျက်ဝန်းထဲ၌ အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရပြီး၊ မိမိရှေ့မှောက်ရှိ ဤသူက ရှူရှန့်နှင့် ညီအစ်ကိုအရင်းတွေ ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးတောခဲ့ဖူးပါချေ။
သူ ပထမဦးဆုံးအကြိမ် ကရုဏာတောင်ကုန်းဆီကို လာခဲ့တုန်းက၊ ဤလူက ကရုဏာတောင်ကုန်းပေါ်မှာ ရှူရှန့်ကို အော်ဟစ်ဆဲဆိုလျက်၊ ဖန်လုံအိမ်ထဲက ပန်းပွင့်တွေက ပျက်စီးလွယ်တယ် စသဖြင့် ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သူတို့နှစ်ဦးအကြားမှာ ဤကဲ့သို့သော ပတ်သက်မှုမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့မိပါချေ။
ရှူရှန့်ရဲ့ ဒေါသပေါက်ကွဲမှုကို ရင်ဆိုင်လိုက်ရသည့်အခါ၊ ဤနေရာရှိ ကျောင်းသားသစ် ငါးရာ့နှစ်ဦးစလုံးက ထိတ်လန့်တုန်လှုပ်သွားကြရပြီး၊ မည်သူမျှ စကားမဟရဲကြတော့ပါချေ။
ရှူလျန်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ ပြန်လည်၍ အော်ဟစ်ဆဲဆိုလိုက်တော့သည်။
“ရှူရှန့်…… မင်းသာ ငါ့ရဲ့ အစ်ကိုအရင်း မဟုတ်ခဲ့ရင်၊ ငါ မင်းကို ဆော်ပြီးနေပြီ မင်းက ငါ့ကို ရိုက်သတ်မလို့လား။ လာပြီးတော့ စမ်းကြည့်လိုက်လေ ငါက ကမ္ဘာကြီးဒုတိယအဆင့်ကွ၊ မင်းက ကမ္ဘာကြီးပထမအဆင့် ပဲ ရှိသေးတာ၊ ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ကြသေးတာပေါ့ ”
“ကာကွယ်ရေးဆရာရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ခွင့်ရထားတာပဲ မဟုတ်လား၊ ဘာများ ဂုဏ်ယူနေတာလဲ ”
ရှူရှန့်က ထိုစကားကို ကြားသိလိုက်ရသည့်အခါ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရပြီး၊ အေးဆေးတည်ငြိမ်စွာဖြင့် လက်ကို ဝေ့ယမ်းပြလိုက်သည်။
“သတ်ဖြတ်တိုက်ခိုက်တာတွေက ကရုဏာတောင်ကုန်းနဲ့ မကိုက်ညီဘူး၊ ငါလည်း မင်းနဲ့ ယှက်ပြိုင် မှာ မဟုတ်ဘူး၊ သူတို့ ဘယ်တောင်ထွတ်ရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်မလဲဆိုတာ ကံကြမ္မာအရ သတ်မှတ်ပြီးသားပဲ။
ဒါပေမဲ့လည်း စည်းကမ်းချက်တွေအရ၊ ဘယ်တောင်ထွတ်က တပည့်က သွားရောက်ကြိုဆို လမ်းညွှန်ပေးခဲ့တာလဲ၊ အဲဒီတောင်ထွတ်က တပည့်အနည်းငယ် ပိုပြီးတော့ လက်ခံပိုင်ခွင့် ရှိတယ်၊ မူလကတည်းက သတ်မှတ်ထားတဲ့ ဦးရေစာရင်း ရှိနေဦးတော့ ဘာမှ အသုံးမဝင်ဘူး၊ သူတို့ ငါ့ရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ချင်တယ်ဆိုရင်၊ ဘယ်သူမှ တားဆီးလို့ မရစေရဘူး ”
ရှူလျန်က ဒေါသကြောင့် မျက်နှာတစ်ခုလုံး စိမ်းပုပ်သွားခဲ့ရပြီး၊ ဖြည်းညင်းစွာဖြင့် ချင်ယွဲ့အား လှမ်း၍ ကြည့်ရှုလိုက်ရင်း၊ သူမရဲ့ ပြန်လည်ဖြေကြားမှုကို စောင့်ဆိုင်းနေခဲ့သည်။
ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့ နှစ်ဦးကိုမူ၊ သူက လိုက်လံဖျောင်းဖျဖို့ စိတ်ကူးမရှိပါချေ။
အကြောင်းမှာ ဤနှစ်ဦးရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာအဆင့်အတန်းက၊ ကမ္ဘာကြီးအောက်ဆင့် မျှသာ ဖြစ်ပေသည်။
ကျောင်းသားသစ် ငါးရာ့နှစ်ဦးအကြားမှာဆိုလျှင်၊ သာမန်ကာလျှံကာ အဆင့်အတန်းမျှသာ ဖြစ်သဖြင့်၊ အထူးတလည် အာရုံစိုက်နေစရာ မလိုအပ်ပါချေ။
ချင်ယွဲ့က သူမ၏ နှလုံးသားထဲ၌ အဆိုးအကောင်း အကျိုးအမြတ်ကို တွက်ချက်ဆန်းစစ်လိုက်ပြီးနောက်၊ မတတ်သာဘဲ စိတ်ပျက်လက်ပျက်ဖြင့် ပြုံးလိုက်မိပြီး၊ ရှူရှန့်အား လက်နှစ်ဖက်စုစည်းလျက် ဂါရဝပြုကာ လူအုပ်ကြီးထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ရှူရှန့်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် လက်ကို ဝေ့ယမ်းပြလိုက်ရင်း၊ ချန်ဖေးဖေးတို့ နှစ်ဦးအား ပြောဆိုလိုက်တော့သည်။
“ငါ မင်းတို့ကို လက်ခံလိုက်ပြီ၊ မြန်မြန်ဆန်ဆန်ပဲ ဦးချပြီး ဆရာတင်ကြတော့ ”
“ဟုတ်ကဲ့ပါ ”
ချန်ဖေးဖေးတို့ နှစ်ဦးက ချက်ချင်းပင် ဒူးထောက်လျက် ဆရာတင် ဂါရဝပြုလိုက်ကြသည်။
ရှူလျန်က ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ ဘာမျှ ထပ်မံ၍ ပြောဆိုခြင်း မပြုတော့ဘဲ၊ နှာခေါင်းရှုံ့လျက် တစ်ချက် နှာမှုတ်လိုက်ပြီး၊ ဖန့်ချန်အား တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ဖန့်ချန်…… နောက်ထပ်လည်း မင်း အနေနဲ့ ပင်ပန်းခံပြီးတော့၊ သူတို့ကို ခေါ်ပြီး နောက်ထပ် နယ်မြေအချို့ဆီကို သွားရောက်ပေးပါဦး ”
“တပည့် နားလည်ပါပြီ ”
ဖန့်ချန်က လက်နှစ်ဖက်ကို စုစည်းလျက် ပြန်လည်ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ပြောရမည်ဆိုလျှင်၊ မိမိရှေ့မှောက်ရှိ ဤသူကလည်း သူ့ရဲ့ ဆရာဦးလေးတော်စပ်သူတစ်ဦး ဟု ပြောနိုင်ပေသည်။
သို့သော်လည်း သူ ရွှေဟွေးကျောင်းတော်ကြီးထဲမှာ နှစ်ပေါင်းတစ်ထောင်တိတိ နေထိုင်ခဲ့ပြီးသည့် နောက်ပိုင်းကျမှသာလျှင်၊ ဤအကြောင်းအရာကို သိရှိခဲ့ရခြင်း ဖြစ်သည်။
ရှူလျန်နှင့် ရှူရှန့်တို့က တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်ရှုလိုက်ကြပြီး၊ နှစ်ဦးစလုံးက မျက်နှာများ စိမ်းပုပ်လျက် ခေါင်းကို အသီးသီး လွှဲဖယ်လိုက်ကြသည်။
ရှူလျန်က ဘာမျှ ထပ်မံပြောဆိုခြင်း မပြုတော့ဘဲ၊ ကိုယ်ပိုင်အတွင်းကမ္ဘာကို နှင်လျက် ဟင်းလင်းပြင်ကြီးထဲသို့ ပျံသန်းကွယ်ပျောက်သွားခဲ့တော့သည်။
“ဖန့်ချန်…… မင်း သွားပြီး မင်းရဲ့ ကိစ္စတွေကို ဆက်လုပ်တော့ ”
ရှူရှန့်က လက်ကို ဝေ့ယမ်းပြလိုက်သည်။
“ဒါဆိုရင် တပည့် အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ်ဗျာ ”
ဖန့်ချန်က ပြုံးလျက် လက်နှစ်ဖက်ကို စုစည်းကာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး၊ ထို့နောက်တွင် ချန်ဖေးဖေးတို့ နှစ်ဦးအား လှမ်း၍ ကြည့်ရှုလိုက်သည်။
“ဖေးဖေးညီလေး…… အင်းရွှယ်ဂျူနီယာညီမလေး…… စီနီယာအစ်ကို ကိစ္စတွေ ပြီးလို့ ပြန်လာတဲ့အခါကျရင်၊ မင်းတို့ နှစ်ယောက်အတွက် ခရီးဦးကြိုဆိုတဲ့အနေနဲ့ စားသောက်ပွဲ လုပ်ပေးတာပေါ့ ”
“ဟုတ်ကဲ့ပါ၊ စီနီယာအစ်ကိုကြီးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ ”
နှစ်ဦးစလုံးက အတိုင်းအတာတစ်ခုအထိ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားကြရသည်။
ကျောင်းသားသစ် လူအုပ်ကြီးက ဖန့်ချန်က ထိုနှစ်ဦးအပေါ်၌ ထားရှိသည့် သဘောထားက ဤမျှလောက်အထိ နူးညံ့သိမ်မွေ့နေသည်ကို မြင်တွေ့လိုက်ကြရသည့်အခါ၊ နှလုံးသားထဲ၌ အနည်းငယ် တိတ်တဆိတ် နောင်တရသွားကြမိသည်။
ဖြစ်နိုင်တာက ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ခဲ့ရင်လည်း မဆိုးဘူး ထင်ပါရဲ့။
အနည်းဆုံးတော့ သူတို့ အနေနဲ့ နေမင်းခုနစ်ပါး ကျောင်းတော်သားနဲ့ အနီးကပ် ထိတွေ့ခွင့်ရရှိနိုင်ပြီး၊ ပတ်သက်မှုတွေကိုပါ ပိုမိုပြီးတော့ ရင်းနှီးအောင် လုပ်ဆောင်နိုင်သည် မဟုတ်ပါလော။
နောင်တစ်ချိန်မှာ ကျောင်းစတင်တက်ရောက်ခြင်း ကာလကို မကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ၊ ဤကဲ့သို့သော စီနီယာ၊ ဂျူနီယာ ညီအစ်ကို ပတ်သက်မှုမျိုးကတော့ အမြဲတမ်း တည်ရှိနေဦးမည် မဟုတ်ပါလား။
ဒါဆိုရင် နောက်ထပ် နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီးတဲ့နောက်မှာ…… နေမင်းခုနစ်ပါး ကျောင်းတော်သားက ဘယ်လောက်အထိ မြင့်မားတဲ့ အဆင့်အတန်းမျိုးကို ရောက်ရှိသွားနိုင်မလဲ။ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးထဲက အာဏာပိုင်ကြီးလား။
သို့မဟုတ် ရွှေဟွေးကျောင်းတော်ကြီးထဲက အာဏာပိုင်ကြီးလား။
ဤအချက်ကို တွေးတောမိလိုက်ကြသည့်အခါ၊ လူအမြောက်အမြားက နှလုံးသားထဲ၌ တကယ်ပဲ စတင်၍ နောင်တရသွားကြရသော်လည်း၊ သူတို့ အနေဖြင့် ယခုအချိန်၌ ကရုဏာတောင်ကုန်းရဲ့ လက်အောက်မှာ တပည့်အဖြစ် ဝင်ရောက်ဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဦးတော့၊ မျက်နှာတစ်ခုလုံး စိမ်းပုပ်နေသည့် ရှူရှန့်က သဘောတူလိမ့်မည် မဟုတ်ကြောင်း သိရှိထားကြသဖြင့်၊ မတတ်သာဘဲ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်ကြတော့သည်။
……
……
ကျိုကျိတောင်တန်း
ဖန့်ချန်က ကျောင်းသားသစ် ငါးရာကို ခေါ်ဆောင်လျက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
အတိအကျပင် လူဟောင်းတစ်ဦးနှင့် ထိပ်တိုက် တိုးမိသွားခဲ့ရတော့သည်။
ရွှမ်ပုထုံက အစပိုင်းတွင် အတန်ငယ် ဆွံ့အမှင်သက်သွားခဲ့ရပြီး၊ ထို့နောက်တွင်မှ အခြေအနေကို သဘောပေါက်သွားခဲ့ရကာ၊ ဒါက ကျောင်းသားသစ်တွေ ကျောင်းလာသတင်းပို့တာပဲ ဖြစ်ရမည်ဟု တွေးတောမိလိုက်ပြီး၊ သူက မျက်နှာထက်၌ မချိပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ရင်း၊ ဖန့်ချန်အား လက်နှစ်ဖက်စုစည်းလျက် ဂါရဝပြုလိုက်သည်။
“ဖန့်ချန်ကျောင်းတော်သား ”