← Chapters

အခန်း (၂၁၅၉-၂၁၆၀)

Vol. 216 Ch. 2159-2160

အခန်း (၂၁၅၉-၂၁၆၀)

Vol. 216 Ch. 2159-2160

အခန်း (၂၁၅၉) စစ်ဆေးမှု မတိုင်ခင်၊ မင်းကို ငါ အရင်ဆုံး သတ်မယ်

ဖန့်ချန်က ကျောင်းသားသစ်ကြိုဆိုရေး တာဝန်ကို ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် ကရုဏာတောင်ကုန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ၊ ဝမ်ချုံစန်းက ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့ကို ခေါ်ဆောင်လျက် ကရုဏာတောင်ကုန်းရဲ့ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်အောင် လိုက်လံပြသပေးနေသည်ကို မြင်တွေ့လိုက်ရသည်။

ဖန့်ချန် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုသူသုံးဦးက အလျင်အမြန်ပင် ရိုသေစွာဖြင့်ညွှတ်ဂါရဝပြုလိုက်ကြသည်။

ချန်ဖေးဖေးက ဝမ်ချုံစန်းသည်ပြီးခဲ့သည့်အပတ်က ကျောင်းသားဟောင်းတစ်ဦး ဖြစ်ပြီး၊ ကျောင်းတော်သို့ ဝင်ရောက်ပြီးသည်မှာ နှစ်ငါးရာပင်မပြည့်သေးသော်လည်း စင်ကြယ်သောဗောဓိသီးတစ်လုံးကို သုံးဆောင်ဖူးထားကာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ပင် တက်လှမ်းထားနိုင်ခဲ့ကြောင်းကို သိရှိသွားခဲ့ရသဖြင့် မိမိအနေနှင့် တောင်ထွတ်ကို ရွေးချယ်ကိုးကွယ်မိတာ မမှားကြောင်း အသေအချာ သဘောပေါက်သွားခဲ့သည်။

ယခုအချိန်၌ သူက ရင်ထဲတွင် အတိုင်းထက်အလွန် ပျော်ရွှင်နေမိပြီး၊ ဖန့်ချန် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ နှလုံးသားထဲ၌ ပိုမို၍ စိတ်လှုပ်ရှားတက်ကြွသွားခဲ့ရသည်။

“ရှောင်ဝမ်က မင်းတို့ကို အားလုံး မိတ်ဆက်ပေးပြီးပြီလား ”

ဖန့်ချန်က ထိုသူနှစ်ဦးအား လှမ်း၍ ပြုံးပြလိုက်သည်။

ချန်ဖေးဖေးက အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်ရင်း။

“စီနီယာအစ်ကို ဝမ်က ကျွန်တော်တို့ကို အားလုံး မိတ်ဆက်ပေးပြီးပါပြီဗျာ၊ နောက်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စိတ်အေးလက်အေး ကျင့်ကြံနေဖို့ပဲ လိုတော့တာပါ၊ အားတဲ့အချိန်ကျရင်လည်း ကရုဏာတောင်ကုန်းကို လာပြီး စာအုပ်တွေ ဖတ်ရုံပါပဲ ”

“အင်း…… အားလုံးက ကျမ်းစာတော်မြတ်ရဲ့ ကျင့်စဉ်တွေကိုပဲ ကျင့်ကြံကြတာဆိုတော့ ဒါက ငါတို့အတွက် အသင့်တော်ဆုံး ကျင့်စဉ်နည်းလမ်းပဲ။

ဒါကြောင့်မလို့ ဒီအပိုင်းမှာတော့ ကရုဏာတောင်ကုန်းအနေနဲ့ အထူးတလည် သင်ကြားပြသပေးစရာ ဘာမှမရှိဘူး။

ဒါပေမဲ့ နောက်ပိုင်းကျရင် ရွှေဟွေးတံဆိပ်ပြား ရလာခဲ့ရင်တော့၊ နတ်ဘုရားစွမ်းရည်ခန်းမဆီကို သွားပြီးတော့ ကရုဏာတောင်ကုန်းရဲ့ နတ်ဘုရားစွမ်းရည် သုံခု ကို သွားရောက်လေ့လာ ဆင်ခြင်လို့ ရတာပေါ့ ”

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

“စီနီယာအစ်ကို ဖန့်…… အပြင်လောကမှာ ပြောစမှတ်ပြုနေကြတဲ့ ကောလာဟလတွေအရ ကရုဏာတောင်ကုန်းရဲ့ စွမ်းရည်သုံးခုက အသုံးကျ မရှိဘူးလို့ ကြားမိတယ်၊ အဲဒီကိစ္စက အမှန်ပဲလားဟင် ”

ချန်အင်းရွှယ်က ရုတ်တရက် မေးမြန်းလိုက်သည်။

ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့က တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်ရှုလိုက်ကြပြီးနောက်၊ နှစ်ဦးစလုံးက ပြုံးစိစိဖြင့် ခေါင်းကို ညိတ်ပြလိုက်ကြရင်း။

“အတိအကျပဲ…… စွမ်းအားက သိပ်မကြီးမားလှဘူး ”

ချန်ဖေးဖေးနှင့် ချန်အန်းရွှယ်တို့က ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ အတန်ငယ် စိတ်ပျက်အားငယ်သွားခဲ့ကြရသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် စွမ်းအားက အခြား နတ်ဘုရားစွမ်းတွေထက် အနည်းငယ် နိမ့်ပါးနေဦးတော့၊ အနည်းဆုံးတော့ ရွှေဟွေးကျောင်းတော်ကြီးကနေ ထွက်ပေါ်လာတဲ့ စွမ်းရည် ဖြစ်ပေသည်။

ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးအတွင်းထဲ၌မူ အဆင့်အတန်းတစ်ခုရဲ့ အထက်မှာ ရှိနေဆဲပင် ဖြစ်သည်။

“ကဲ…… သွားကြစို့၊ ငါ မင်းတို့အတွက် ခရီးဦးကြိုဆိုတဲ့အနေနဲ့ စားသောက်ပွဲ လုပ်ပေးမယ် ”

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

သူက ထိုသူသုံးဦးကို ခေါ်ဆောင်လျက် လူသားမျိုးနွယ်ကျောင်းဆောင်ထဲက စွမ်းအင်စုစည်းခြင်း သူတော်စင်တွေ အများဆုံး စုဝေးလေ့ရှိသည့် ရှုခင်းအလွန်လှပသော နေရာတစ်ခုဆီသို့ ဦးတည်ထွက်ခွာလာခဲ့ရာ၊ ဤနေရာ၌ တောင်ထွတ်အသီးသီးက စွမ်းအင်စုစည်းခြင်း သူတော်စင်များကို မြင်တွေ့နိုင်သဖြင့် မိတ်ဆွေဖွဲ့ပြီး တာအိုတရား ဆွေးနွေးငြင်းခုံရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။

ပြီးခဲ့သည့်အကြိမ်က ဖန့်ချန် ဤနေရာသို့ လာခဲ့စဉ်တုန်းကမူ သူက တစ်ပိုင်းသူတော်စင်အဆင့်မျှသာ ရှိသေးသဖြင့် လူသားမျိုးနွယ်ကျောင်းဆောင်အတွင်း၌ နာမည်ကျော်ကြားခြင်း မရှိသေးပါချေ။

အခြားသူတော်စင်များက ဖန့်ချန်ရဲ့ စွမ်းဆောင်ရည်တွေက မနိမ့်ပါးကြောင်း၊ ကျိလင်နှင့် အခြားတစ်ပိုင်းသူတော်စင်နှစ်ဦးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ချေမှုန်းနိုင်ခဲ့ကြောင်းလောက်သာ သိရှိထားကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ၊ ဖန့်ချန်ရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေထဲ၌ နေမင်းခုနစ်ပါး တံဆိပ်ခတ်နှိပ်ခြင်းတစ်ခု ထပ်မံတိုးပွားလာခဲ့ပြီ ဖြစ်သည်။

တောက်လောင်နေသည့် နေမင်းကြီးကဲ့သို့သော ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေက ဤနေရာသို့ ဆင်းသက်လာခဲ့သည့်အခါ၊ အဆင့်တူဖြစ်သည့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များသာမက ပြီးခဲ့သည့်အပတ်က၊ ထိုမတိုင်ခင်အပတ်ကနှင့် ဟိုးအရင်အပတ်တွေက ကျောင်းသားဟောင်းကြီးများပါ အလွန်အမင်း ထက်ထက်သန်သန်ဖြင့် ရှေ့သို့တိုးလျက် နှုတ်ဆက်စကား ဆိုကာ ဂါရဝပြုလာကြတော့သည်။

ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့က ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နှလုံးသားထဲ၌ မသိစိတ်အရ အံ့ဩချီးကျူးမှုများ ပိုမိုတိုးပွားလာခဲ့ရသည်။

သူတို့နှစ်ဦးက နေမင်းခုနစ်ပါးကျောင်းသားတစ်ဦးရဲ့ အဆင့်အတန်းက လူသားမျိုးနွယ်ကျောင်းဆောင်အတွင်း၌ ဤမျှလောက်အထိ မြင့်မားလွန်းလှကြောင်းကို နောက်ထပ်တစ်ကြိမ် ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့ရသည်။

လူအုပ်ကြီးနှင့် အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက်၊ ဖန့်ချန်က ထိုသူသုံးဦးကို ခေါ်ဆောင်လျက် ဇရပ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး၊ တစ်ဖက်က စကားစမြည် ပြောဆိုရင်း၊ တစ်ဖက်ကလည်း ကျောင်းသားသစ်နှစ်ဦးအတွက် ရွှေဟွေးကျောင်းတော်ကြီးရဲ့ အထွေထွေ အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောပြပေးနေခဲ့သည်။

ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့ကလည်း မိမိတို့ မသိနားမလည်သည့် အရာများရှိပါက ထိုနေရာတင် ချက်ချင်း မေးမြန်းကြသည်။

မကြာမြင့်လှသည့် အချိန်အတွင်းမှာပင်၊ ထိုသူနှစ်ဦးက အသိပညာ ဗဟုသုတတွေ အများကြီး ရရှိသွားခဲ့သလို ခံစားလိုက်ရသည်။

နှစ်နာရီခန့် ကြာမြင့်ပြီးနောက်၊ ထိုလေးဦးက မတ်တပ်ရပ်လျက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

သို့သော်လည်း ထိုအချိန်၌ သူတော်စင်တစ်ဦးက ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ဆင်းသက်လာခဲ့သည်။

“ဒီလူက အလွန်မျက်နှာစိမ်းနေတာပဲ ”

ကျောင်းသားဟောင်းအချို့က မျက်လုံးများကို အနည်းငယ် ကုတ်လိုက်ကြရင်း၊ ရောက်ရှိလာသူအား အကဲခတ် စောင့်ကြည့်လိုက်ကြသည်။

ရောက်ရှိလာသူကမူ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရဲရဲတင်းတင်းပင် မျက်လုံးတစ်ချက် ဝေ့ယမ်းကြည့်ရှုလိုက်ရာ၊ ရုတ်တရက် ဖန့်ချန်ရဲ့ ကိုယ်ပေါ်သို့ စိုက်ကြည့်ပစ်လိုက်တော့သည်။

“ဖန့်ချန်…… ငါတို့ နောက်ထပ်တစ်ကြိမ် ပြန်တွေ့ကြပြန်ပြီနော် ”

ထိုက်ဟောက်ဝေက တည်ငြိမ်စွာ ပြုံးလိုက်သည်။

ဖန့်ချန်ကို လာရှာတာလား။

ဘက်ပေါင်းစုံမှ လူသားမျိုးနွယ်သူတော်စင်များက အတန်ငယ် ဆွံ့အသွားခဲ့ကြရပြီး၊ မျက်ဝန်းထဲ၌ စူးစမ်းလိုစိတ် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ထိုအထဲက အချို့သူများက ထိုက်ဟောက်ဝေရဲ့ ကိုယ်ပေါ်က အရှိန်အဝါက မိမိတို့နှင့် အနည်းငယ် ကွဲပြားခြားနားနေကြောင်းကို သတိပြုမိသွားကြပြီး၊ စိတ်ကူးထဲ၌ အနည်းငယ် တွေးတောလိုက်သည်နှင့် ၎င်းသည် ရှီးမျိုးနွယ်စု ရဲ့ သူတော်စင်တစ်ဦး ဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားကြတော့သည်။

“ဒါက ရှီးမျိုးနွယ်စုက သူတော်စင်ပဲ၊ ကြည့်ရတာ ဟိုးအရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်နဲ့ ပတ်သက်နေတာ ဖြစ်လိမ့်မယ် ”

“ရှီးမျိုးနွယ်စု သူတော်စင် ဟုတ်လား။ ရှီးမျိုးနွယ်စုသူတော်စင်က လူသားမျိုးနွယ်ကျောင်းဆောင်ဆီကို လာရဲသေးတယ်ပေါ့။ ဟိုးအရင်တုန်းက လုပ်ခဲ့တဲ့ ကိစ္စအတွက် အရှက်မရှိဘူးလား မသိဘူး ”

ချက်ချင်းပင် လူသားမျိုးနွယ်သူတော်စင်အချို့က မကျေမနပ် ဖြစ်သွားခဲ့ကြပြီး၊ ထိုက်ဟောက်ဝေအား ကြည့်သည့် မျက်ဝန်းများထဲ၌ ဒေါသအရိပ်အယောင်များ ကိန်းဝပ်လာခဲ့သည်။

ဤလူသားမျိုးနွယ်သူတော်စင်က ဖန့်ချန်နှင့် ကျောင်းဝင်နှစ်တူ တက်လာခဲ့သူ ဖြစ်ရာ၊ ထိုသူနှစ်ဦးက အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြဦးတော့၊ ရှေးယခင်တုန်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်က ၎င်းကိုလည်း နာကျည်းမှုကို ခံစားရစေခဲ့သည်။

ရှီးမျိုးနွယ်စုက လူကို အလွန်အမင်း အနိုင်ကျင့်လွန်းလှပြီး၊ တံခါးဝအထိ လာရောက်ကာ နေမင်းခုနစ်ပါး တံဆိပ်ခတ်နှိပ်ခြင်းကို လုယူရဲကြသည်ဟုသာ ခံစားနေရတော့သည်။

“အို…… မင်းက ဘယ်သူလဲ ”

ထိုက်ဟောက်ဝေက တစ်ဖက်လူအား လှမ်း၍ ကြည့်ရှုလိုက်ရင်း မျက်လုံးများကို အနည်းငယ် ကုတ်လိုက်သည်။

“ဟောက်ထုတောင်ကုန်းက ဂျူပင်းပဲ ”

ဂျူပင်းက အလျှော့မပေးသည့် အမူအရာဖြင့် ထိုက်ဟောက်ဝေအား စိုက်ကြည့်လိုက်သည်။

“ဟောက်ထုတောင်ကုန်းက ဂျူပင်း ဟုတ်လား။ မင်းကို ငါ မှတ်ထားလိုက်ပြီ၊ ဒီတစ်ခေါက် ကောင်းကင်ငါးပါး စစ်တလင်းကျရင် ငါ မင်းကို စိန်ခေါ်မယ်၊ မင်း စိန်ခေါ်မှုကို လက်ခံရဲလား ”

ထိုက်ဟောက်ဝေက ပြုံး၍ ပြောဆိုလိုက်သည်။

လူအုပ်ကြီးရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး၊ ချက်ချင်းပင် ကျောင်းသားဟောင်းကြီးတစ်ဦးက ရှေ့သို့တိုးလျက် ဖျန်ဖြေပေးလာခဲ့သည်။

“အားလုံးက ရွှေဟွေးကျောင်းတော်ကြီးက လူတွေချည်းပါပဲ၊ ဒီလိုမျိုးအထိ လုပ်နေဖို့ မလိုပါဘူး ”

“အားလုံးက ရွှေဟွေးကျောင်းတော်ကြီးက လူတွေလို့ လာမပြောနဲ့၊ ငါက ရှီးမျိုးနွယ်စု၊ မင်းတို့က လူသားမျိုးနွယ်စု ဖြစ်တဲ့အတွက် မူလကတည်းက မျိုးနွယ်စုချင်း မတူကြဘူး။

မင်း အနေနဲ့ ဝါရင့်ကျောင်းသားဟောင်း ဖြစ်နေတာကို အားကိုးပြီးတော့၊ ဒီနေရာမှာ လာပြီး ဆရာကြီးလုပ် ဆုံးမ မနေနဲ့ ”

ထိုက်ဟောက်ဝေက တိုက်ရိုက်ပင် ပြန်လည်ပက်ကရက်လိုက်တော့သည်။

ဤစွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ရှိသည့် ကျောင်းသားဟောင်းကြီးက အတန်ငယ် ဆွံ့အသွားခဲ့ရပြီး၊ မျက်ဝန်းထဲ၌ ချက်ချင်းပင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ဂျူပင်းက ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ အေးစက်စွာ လှောင်ပြုံးလိုက်ရင်း။

“မင်းက ငါ့ကို စိန်ခေါ်ချင်တာလား။ ဒါဆိုရင်လည်း ငါ လက်ခံလိုက်မယ်၊ သူများနယ်မြေအထိ လာပြီးတော့ နေမင်းခုနစ်ပါး တံဆိပ်ခတ်နှိပ်ခြင်းကို လုယူချင်နေတဲ့ ရှီးမျိုးနွယ်စုမှာ ဘယ်လို အရည်အချင်းမျိုး ရှိလဲဆိုတာ ငါလည်း ကြည့်ရသေးတာပေါ့ ”

ဤစကားလုံးများက ထိုက်ဟောက်ဝေရဲ့ မျက်နှာကို အလွန်အမင်း အုံ့မှိုင်းသွားစေခဲ့သည်။

သူက ဟဟဟဟ ဟု နှစ်ချက်မျှ ရယ်မောလိုက်ပြီးနောက်၊ ဂျူပင်းအား ထပ်မံ၍ အဖက်လုပ်မနေတော့ဘဲ၊ ဖန့်ချန်အား ဆက်လက်စိုက်ကြည့်လိုက်ရာ မျက်ဝန်းထဲ၌ ရွံရှာသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့ကလည်း ထိုက်ဟောက်ဝေ ရောက်ရှိလာခြင်းက ရည်ရွယ်ချက် မကောင်းမှန်း ရိပ်မိသွားကြသဖြင့်၊ မျက်နှာအမူအရာများက လေးနက်တည်ကြည်သွားခဲ့ကြရသည်။

ဝမ်ချုံစန်းကမူ ဘာမှမပြောဘဲ၊ တိတ်ဆိတ်စွာဖြင့် ထိုက်ဟောက်ဝေအား အသေအချာ စိုက်ကြည့်နေခဲ့သည်။

“ဝေကျောင်းတော်သားက ဒီနေ့ လူသားမျိုးနွယ်ကျောင်းဆောင်ဆီကို အထူးတလည် လာရောက်တာက၊ သူတစ်ပါးနဲ့ ရန်ငြိုးဖွဲ့ဖို့ သက်သက်လား ”

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း။

“ပြောစမ်းပါဦး၊ ဒီကို ဘာလာလုပ်တာလဲ၊ ရှိတဲ့အီးကို အမြန်ဆုံး ဖွင့်ထုတ် ဖွင့်ထုတ်ပြီးတာနဲ့ အမြန်ဆုံး လစ်လိုက်တော့ ”

“ဟားဟားဟားဟား……”

ပတ်ဝန်းကျင်ရှိ လူသားမျိုးနွယ်သူတော်စင်များက ချက်ချင်းပင် ဝုန်းကနဲ ဝိုင်းဝန်းရယ်မောလိုက်ကြတော့သည်။

ထိုက်ဟောက်ဝေကလည်း ဖန့်ချန်က ဤကဲ့သို့သော စကားလုံးမျိုးဖြင့် မိမိအား အရှက်ခွဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့်၊ အစပိုင်းတွင် အတန်ငယ် ဆွံ့အသွားခဲ့ရပြီးနောက်၊ ကိုယ်တွင်းရှိ အရှိန်အဝါများက ထိန်းချုပ်မရနိုင်လောက်အောင် လှိုင်းတံပိုးထလျက် ဆူပွက်လာခဲ့ရသည်။

ဤမျက်စိတစ်မှိတ်အတွင်းမှာပင်၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၌ ရှိနေကြသည့် လူသားမျိုးနွယ်သူတော်စင်များက မရယ်မောနိုင်ကြတော့ပါချေ။

သူတို့အားလုံးက ထိုက်ဟောက်ဝေရဲ့ ကိုယ်တွင်းထဲ၌ အလွန်အမင်း ထုထည်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် ကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ အရှိန်အဝါတစ်ခု အဆက်မပြတ် မွေးဖွားဆူပွက်လာနေသည်ကို အာရုံခံမိလိုက်ကြရသည်။

ဤအရှိန်အဝါက သူတို့ထက် အဆပေါင်းများစွာ ပိုမို၍ သန်မာလွန်းလှပေသည်။

ထိုစွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ရှိ သူတော်စင်များကလည်း အခြေအနေအရပ်ရပ်ကို ရိပ်မိသွားကြပြီး၊ အချို့သူများက နောက်ဆုံးတွင် ထိုက်ဟောက်ဝေရဲ့ နောက်ခံအသိုင်းအဝိုင်းကို မှတ်မိသွားကြသဖြင့် မျက်နှာအမူအရာများ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရတော့သည်။

“ရှီးမျိုးနွယ်စုက ထိုက်ဟောက်ဝေပဲ။ ”

“ဟင်…… သူက ထိုက်ဟောက်ဝေ ဟုတ်လား။ ”

“ကောင်းကင်ငါးပါး စစ်တလင်းရဲ့ စာရင်းဇယားပေါ်မှာ အဆင့်တူတွေထဲက တစ်ရာ့သုံးဆယ့်ကိုး နေရာမှာ ရှိနေတဲ့သူလား ”

“ရှူးးးး”

အဆင့်တူချင်း ဖြစ်ကြသည့် လူသားမျိုးနွယ်သူတော်စင် အများအပြားက အေးစိမ့်သော လေထုကို အရှိန်အဟုန်ဖြင့် ရှူသွင်းလိုက်မိကြတော့သည်။

သူတို့က ကောင်းကင်ငါးပါး စစ်တလင်းရဲ့ စာရင်းဇယားကို အလွန်အမင်း အာရုံစိုက်ထားကြသူများ ဖြစ်ရာ၊ တစ်ဖက်လူက ကောင်းကင်ငါးပါး စစ်တလင်းပေါ်က ထိပ်သီးပညာရှင်တစ်ဦး ဖြစ်ရုံမျှမက၊ နေမင်းခုနစ်ပါးကျောင်းသားတစ်ဦးရဲ့ အရည်အချင်း စံနှုန်းနှင့်လည်း အလွန်အမင်း နီးစပ်နေခဲ့သည်။

ရွှေဟွေးကျောင်းတော်ကြီးရဲ့ စစ်တလင်းစာရင်းဇယားပေါ်မှာဆိုလျှင်လည်း၊ အဆင့်တူတွေထဲက ထိပ်သီးအဆင့် ငါးနေရာအတွင်းမှာ ရှိနေသူ ဖြစ်ပေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းရာချီကတည်းက၊ ထိုက်ဟောက်ဝေသည် နေမင်းခုနစ်ပါးခန်းမရဲ့ အဆင့်အတန်းအတွင်းသို့ ဝင်ရောက်နိုင်ခြေ အရှိဆုံးသူ ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။

ဟောက်ထုတောင်ကုန်းက ဂျူပင်းရဲ့ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲသွားခဲ့ရသော်လည်း၊ ပြောပြီးသား စကားက ထွေးပြီးသားတံတွေး ဖြစ်ပေရာ၊ ယခုအချိန်၌ အညံ့ခံလိုက်မည်ဆိုလျှင် လူသားမျိုးနွယ်စုရဲ့ မျက်နှာကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူညီနေမည် ဖြစ်သဖြင့်၊ သူက တည်ငြိမ်ချင်ယောင်ဆောင်လျက်သာ ဘာအမူအရာမျှ မပြဘဲ နေလိုက်ရတော့သည်။

“ဖန့်ချန်…… ငါ မင်းကို သတိပေးဖို့ လာခဲ့တာ၊ ငါ ဒီနှစ်တွေအတွင်းမှာ ကောင်းကင်ငါးပါး စစ်တလင်းရဲ့ စာရင်းဇယားပေါ်မှာ ဘာလှုပ်ရှားမှုမှ မရှိခဲ့တာက၊ နတ်ဘုရားအစွမ်းတစ်ခုကို လေ့လာဆင်ခြင်နေခဲ့လို့ပဲ။

အခုအချိန်မှာတော့ အောင်မြင်သွားခဲ့ပြီ ဖြစ်လို့၊ ငါ့ရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် တစ်လှမ်းချင်း ကောင်းကင်ဘုံကို တက်လှမ်းနိုင်ပြီး နေမင်းခုနစ်ပါးခန်းမရဲ့ စစ်ဆေးမှုကို တိုက်ရိုက် ခံယူနိုင်တော့မှာ ဖြစ်တယ်။

မင်းက နေမင်းခုနစ်ပါးခန်းမထဲမှာ အဆင့်တစ်ရာနေရာမှာ ရှိနေတာဆိုတော့၊ အဲဒီအချိန်ကျရင် မင်းက ငါနဲ့ တရားပြိုင်တိုက်ခိုက်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စမ်းသပ်စစ်ဆေးပေးရမယ့်သူ ဖြစ်လာလိမ့်မယ်။

ဒီအခြေအနေက ဟိုးအရင်တုန်းက မင်းနဲ့ ဟန်ချွမ်းရှောင်းတို့ တိုက်ခိုက်ခဲ့တဲ့ ပွဲနဲ့ အလွန်အမင်း ဆင်တူတယ်။

မသိရသေးတာကတော့၊ ဒီတစ်ခေါက်မှာ မင်း အနေနဲ့ ဟန်ချွမ်းရှောင်းနေရာမှာ တစ်ကြိမ်လောက် ဝင်ပြီး သရုပ်ဆောင်ပေးဦးမလားဆိုတာပဲ ”

ထိုက်ဟောက်ဝေက စကားပြောပြီးသည်နှင့် ဟားဟားဟားဟား ဟု ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ထွက်ခွာသွားခဲ့တော့ရာ၊ လူအုပ်ကြီးရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အချိန်၌၊ သူက ခေါင်းကို ပြန်လှည့်လျက် ဟောက်ထုတောင်ကုန်းက ဂျူပင်းအား လှမ်း၍ လက်ညှိုးထိုးလိုက်ရင်း။

“စစ်ဆေးမှု မတိုင်ခင်၊ မင်းကို ငါ အရင်ဆုံး သတ်မယ် ”

အခန်း (၂၁၆၀) မင်းက သူ ဖက်လှိမ့်နေတယ်လို့ပဲသဘောထားလိုက်

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ဟောက်ထုတောင်ကုန်းမှ ဂျူပင်းကို တစ်ချက် လှမ်းကြည့်လိုက်ကြပြီးနောက်၊ နှလုံးသားထဲ၌ တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်မိကြတော့သည်။

“ဂျူပင်း…… မင်း စိတ်လိုက်မာန်ပါ လုပ်လိုက်မိပြီ ”

လူအချို့က ခေါင်းကို အသာအယာ ခါယမ်းလိုက်ကြရင်း ပြောဆိုလိုက်ကြသည်။

“ဒါဆိုရင် ရှီးမျိုးနွယ်စုက သူတော်စင်က ငါတို့နယ်မြေအထိ လာပြီးတော့ ဒီလောက်တောင် ရဲတင်းရိုင်းစိုင်းနေတာကို ငြိမ်ခံနေရမှာလား ”

ဂျူပင်းကမူ စကားအရာတွင် အလျှော့မပေးဘဲ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဇွတ်မှိတ်ငြင်းဆိုနေဆဲပင် ဖြစ်သည်။

သူတော်စင်အတော်များများက ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ကြပြီး၊ ဤတစ်ကြိမ်တွင် ထိုက်ဟောက်ဝေ ရောက်ရှိလာခြင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ရန်စ စိန်ခေါ်ခြင်း ဖြစ်ကြောင်းကို ရင်ထဲ၌ ရိပ်မိသွားကြပြီ ဖြစ်သည်။

ထို့ပြင် တစ်ဖက်လူက ရှေးယခင်တုန်းက ဖန့်ချန် နေမင်းခုနစ်ပါးကျောင်းသားအဖြစ်သို့ တက်လှမ်းခဲ့သည့် လမ်းကြောင်းအတိုင်း ပုံတူကူးချလျက်၊ နေမင်းခုနစ်ပါးခန်းမရဲ့ စစ်ဆေးမှုကို နောက်ထပ်တစ်ကြိမ် ပြုလုပ်ကာ ဤအခွင့်အရေးကို အသုံးချလျက် ကောင်းကင်ဘုံငါးပါးအတွင်း တစ်ဟုန်ထိုး နာမည်ကျော်ကြားအောင် လုပ်ဆောင်ရန် ကြံစည်နေခြင်းလည်း ဖြစ်ပေသည်။

ထိုက်ဟောက်ဝေ၌ ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိ၊ မရှိကိုမူ သူတို့ သံသယ မပွားဝံ့ကြပါချေ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ရှီးမျိုးနွယ်စုရဲ့ ကျောင်းသားတစ်ဦး ဖြစ်ရုံမျှမက၊ ကော်ယန်လီရဲ့ တိုက်ရိုက်တပည့်ရင်းများထဲက တစ်ဦးလည်း ဖြစ်နေသောကြောင့်ပင်။

၎င်းသည် မူလကတည်းက ကောင်းကင်ငါးပါး စစ်တလင်းစာရင်းဇယားပေါ်မှာ အဆင့်အတန်းက နိမ့်ပါးလှသူ မဟုတ်ပါချေ။

အကယ်၍ တစ်ဖက်လူ ပြောဆိုခဲ့သည့် စကားသာ အမှန်ဖြစ်ပြီး၊ ဤနှစ်များအတွင်း၌ နတ်ဘုရားစွမ်းရည်တစ်ခုကို လေ့လာဆင်ခြင်နေခဲ့ရသဖြင့် အဆင့်အတန်းကို တမင်တကာ မြှင့်တင်ခြင်းမရှိဘဲ ထိန်းထားခဲ့ခြင်း ဖြစ်ပါက၊ ယခုတစ်ကြိမ်တွင်မူ အသေအချာပင် အကြံအစည်ကြီးစွာဖြင့် ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“စီနီယာအစ်ကို ဖန့်…… ဒီလူ့ရဲ့ စွမ်းအားက ဘယ်လိုအခြေအနေ ရှိလဲဟင် ”

ဝမ်ချုံစန်းရဲ့ မျက်ဝန်းထဲ၌ လေးနက်တည်ကြည်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ပြောရခက်တယ် ”

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

ပြောရခက်တယ် ဟုတ်လား။

ဝမ်ချုံစန်းတို့ ထိုသူသုံးဦးက နှလုံးသားထဲ၌ အတန်ငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး၊ ဖန့်ချန်ကိုပင် “ပြောရခက်တယ်” ဟု ခံစားရစေနိုင်သည့်အတွက် ထိုထိုက်ဟောက်ဝေရဲ့ စွမ်းအားက အမှန်တကယ်ပင် သေးငယ်လှသည်မဟုတ်ကြောင်း သဘောပေါက်လိုက်ကြသည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကမူ ဖန့်ချန်၌ အခြားတွေးတောစဉ်းစားစရာတစ်ခု ရှိနေသည်ကို မသိရှိကြပါချေ။

သူက စိမ်းလန်းသော ချင်းရှောင်း နတ်ဘုရားနယ်မြေရှိ ရှေးဟောင်းမျိုးနွယ်စု ဖန့်မိသားစုရဲ့ နယ်မြေအတွင်း၌ တန်လင်ကျောင်းတော်ကြီးက ချင်လန်ကို နိုင်ခဲ့ပြီးသည့်တိုင်၊ ထိုက်ဟောက်ဝေက စိန်ခေါ်စာ လာရောက်ပေးအပ်လျက် ရန်စရဲသေးသည်ဆိုခြင်းက ၎င်းကိုယ်တိုင် လေ့လာဆင်ခြင်ထားသည့် နတ်ဘုရားစွမ်းရည်အပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

ထို့ပြင် ကော်ယန်လီ ကိုယ်တိုင်ကလည်း ထိုက်ဟောက်ဝေရဲ့ စွမ်းအားက သာမန်နေမင်းခုနစ်ပါးကျောင်းသားတွေရဲ့ စံနှုန်းထက် အဝေးကြီးကို ကျော်လွန်နေပြီဟု ထင်မြင်ယူဆနေ၍လည်း ဖြစ်ပေလိမ့်မည်။

သို့မဟုတ်ပါက တံခါးဝအထိ လာရောက်စိန်ခေါ်ရန် မည်သို့လျှင် ခွင့်ပြုလွှတ်လိုက်ပါမည်နည်း။

“ဂျူပင်း…… အကယ်၍ ထိုက်ဟောက်ဝေက မင်းကို တကယ်ပဲ လာရောက်စိန်ခေါ်ခဲ့ရင်၊ မင်းက သူ ဖက်လှိမ့်နေတယ် (အီးပေါက်နေတယ်) လို့ပဲ သဘောထားလိုက်၊ သူ့ကို ဂရုစိုက်နေဖို့ မလိုဘူး ”

ဖန့်ချန်က ဟောက်ထုတောင်ကုန်းက ဂျူပင်းအား လှမ်း၍ ကြည့်ရှုလိုက်ရင်း လက်နှစ်ဖက်ကို ဆုပ်လျက် ပြုံး၍ ပြောဆိုလိုက်သည်။

ဂျူပင်းက ချက်ချင်းပင် အတန်ငယ် အံ့ဩဝမ်းသာသွားခဲ့ရသော်လည်း၊ မိမိအနေနှင့် လူသားမျိုးနွယ်စုရဲ့ မျက်နှာကို မပျက်စီးစေသင့်ဟု တွေးတောမိသဖြင့် အတန်ငယ် တုံ့ဆိုင်းစွာဖြင့် ပြောကြားလာခဲ့သည်။

“ဖန့်ချန်…… ကျွန်တော်ကသာ စိန်ခေါ်မှုကို မတုံ့ပြန်ဘူးဆိုရင်၊ သူ့ရဲ့ ပါးစပ်ကနေ ပိုပြီးတော့ ယုတ်မာရိုင်းစိုင်းတဲ့ စကားလုံးတွေ ထွက်လာမှာကို စိုးရိမ်မိတယ်ဗျာ။

အဲဒီအချိန်ကျရင် လူသားမျိုးနွယ်ကျောင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးသွားစေလိမ့်မယ် ”

“သူက နေမင်းခုနစ်ပါးခန်းမထဲကို တက်လှမ်းချင်နေတာ မဟုတ်ဘူးလား၊ ငါ လာခဲ့ရင် ရပြီလေ ”

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

ဂျူပင်းက နှလုံးသားထဲ၌ ချက်ချင်းပင် သက်ပြင်းချလျက် စိတ်အေးသွားခဲ့ရပြီး၊ လက်နှစ်ဖက်ကို အမြန်ဆုပ်လျက် ဂါရဝပြုလိုက်ရင်း။

“ဒါဆိုရင်တော့ ကျွန်တော် ဖန့်စီနီယာရဲ့ စကားအတိုင်း နားထောင်ပါ့မယ် ”

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက်၊ လူအုပ်ကြီးကို နှုတ်ဆက်စကား ဆိုလျက် ဝမ်ချုံစန်းတို့ ထိုသူသုံးဦးကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့တော့သည်။

နောက်ထပ် ကုန်လွန်သွားသည့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း၌၊ ဖန့်ချန်က အချိန်အများစုကို မိမိရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေထဲ၌သာ ကုန်လွန်စေပြီး ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားခဲ့သည်။

ရံဖန်ရံခါ အားလပ်သည့် အချိန်များတွင်မူ ကရုဏာတောင်ကုန်းဆီသို့ သွားရောက်ကာ စာအုပ်စာပေများ ဖတ်ရှုခြင်း၊ ဝမ်လေးတို့ ထိုသူသုံးဦးနှင့် စကားစမြည် ပြောဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။

“စီနီယာအစ်ကို ဖန့်…… နောက်ထပ် သုံးရက်ကြာရင် ကောင်းကင်ငါးပါး စစ်တလင်း ပွင့်တော့မယ်ဗျ ”

စာသင်ခန်းအတွင်း၌၊ ချန်ဖေးဖေးက ရုတ်တရက် လက်ထဲက စာအုပ်ကို ချလိုက်ရင်း၊ အတန်ငယ် စိတ်လှုပ်ရှားတက်ကြွနေသည့် မျက်ဝန်းများဖြင့် ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်သည်။

ကျန်း‌ေတာက်ယွဲ့နှင့် အခြားသူများကမူ လက်ထဲက စာအုပ်များကို ဆက်လက်ဖတ်ရှုနေကြဆဲ ဖြစ်ပြီး၊ ဤလှုပ်ရှားမှုကြောင့် အနှောင့်အယှက် ဖြစ်သွားခြင်း မရှိကြသော်လည်း၊ မျက်လုံးထောင့်ကနေမူ ချန်ဖေးဖေးရဲ့ ကိုယ်ပေါ်သို့ တစ်ချက် ဝေ့ယမ်းကြည့်ရှုလိုက်ကြသည်။

ချန်အင်းရွှယ်ကလည်း ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ရာ၊ မျက်ဝန်းထဲ၌ အေးစက်တည်ငြိမ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

“အင်း…… နောက်ထပ် သုံးရက်တောင် မလိုတော့ဘူး၊ ဒါပေမဲ့ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး၊ မင်းက ကရုဏာတောင်ကုန်းမှာ သေသေချာချာ စာဖတ်နေဖို့ပဲ လိုတယ် ”

ဖန့်ချန်က ခေါင်းကိုပင် မဖော်ဘဲ တည်ငြိမ်စွာ ပြန်လည်ပြောဆိုလိုက်သည်။

သူက ယနေ့တွင် ရှေးဟောင်းကျမ်းစာတစ်အုပ်ကို ရရှိထားခဲ့ရာ၊ ထိုကျမ်းစာထဲ၌ ကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရေးသားဖော်ပြထားခြင်း ဖြစ်ပေသည်။

၎င်းအတွင်း၌ အလွန်အမင်း ကျော်ကြားလှသည့် ကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေ အချို့ကိုပါ အထူးတလည် ထည့်သွင်းဖော်ပြထားသေးသည်။

သို့သော်လည်း အားလုံးက ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် များသာ ဖြစ်ကြပြီး၊ အထွတ်အထိပ်တာအိုအဆင့် သို့မဟုတ် ကောင်းကင်အရှင်အဆင့် များအထိမူ ပါဝင်ခြင်း မရှိပါချေ။

သို့သော်ငြားလည်း ဤကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေများမှ နောက်ပိုင်းတွင် ဆင်းသက်ထွက်ပေါ်လာခဲ့သည့် ဆန်းကြယ်နက်နဲမှုများနှင့် အန္တရာယ်ကြီးမားပုံများက အလွန်အမင်း အထိမ်းအမှတ် အမှတ်အသား ပြုလောက်စရာ ဖြစ်ပေရာ၊ အသေအချာ ဖတ်ရှုလေ့လာရန် တန်ဖိုးရှိပေသည်။

ထိုအထဲက ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ ရဲ့ တားမြစ်နယ်မြေတစ်ခုရဲ့ ဆန်းကြယ်မှုကမူ၊ အချိန်နှင့် သက်ဆိုင်နေခဲ့သည်။

၎င်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည့် သူတော်စင်များက၊ မိမိတို့ရဲ့ ဘေးပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုနှုန်းက အရှိန်အဟုန်ဖြင့် မြန်ဆန်သွားလိမ့်မည် ဖြစ်ကြောင်း ရေးသားထားသည်။

အကယ်၍ အချိန်မီ ပြန်လည်ရုန်းထွက်နိုင်ခြင်း မရှိပါက၊ သက်တမ်းကုန်ဆုံးလျက် သေဆုံးသွားရလိမ့်မည် ဖြစ်ပေသည်။

သူတော်စင်တစ်ဦးရဲ့ သက်တမ်းက မည်မျှလောက်အထိ ရှည်လျားလွန်းလှသနည်း။ ဤကဲ့သို့သော အခြေအနေမျိုး၌ပင် သက်တမ်းကုန်ဆုံးလျက် သေဆုံးသွားရသည်ဆိုခြင်းက၊ အရှိန်မြှင့်တင်ခံလိုက်ရသည့် အချိန်စီးဆင်းမှုနှုန်းက သူတော်စင်တစ်ဦးပင် တောင့်ခံနိုင်ရန် ခဲယဉ်းလောက်အောင် မြန်ဆန်လွန်းလှကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

ထို့ပြင် ကျင့်ကြံခြင်းအဆင့် ကွဲပြားခြားနားမှုအပေါ် မူတည်လျက်၊ အရှိန်မြှင့်တင်မှုရဲ့ ပြင်းအားကလည်း ကွဲပြားခြားနားသွားသေးသည်။

ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် သူတော်စင်တစ်ဦး ၎င်းအတွင်း၌ ရှိနေပါစေဦးတော့၊ ရင်ဆိုင်ရမည့် အခြေအနေက စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်တစ်ဦးနှင့် မည်သို့မျှ ကွဲပြားခြားနားခြင်း မရှိပါချေ။

“စီနီယာအစ်ကို ဖန့်…… ကျွန်တော်က ရှီးမျိုးနွယ်စုရဲ့ သူတော်စင် ထိုက်ဟောက်ဝေအတွက် စိုးရိမ်နေမိလို့ပါ၊ ဒီနှစ်တွေအတွင်းမှာ ကျွန်တော် ဂျူလင်မျိုးနွယ်စု ဘက်ကနေ သတင်းအချို့ စုံစမ်းရရှိခဲ့တယ်ဗျ၊ ထိုက်ဟောက်ဝေ လေ့လာဆင်ခြင်ထားတဲ့ နတ်ဘုရားစွမ်းရည်က အလွန်အမင်း ထူးခြားဆန်းပြားလှပြီး၊ အလွန်တရာ ထူးခြားတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေတစ်ခုကနေ ဆင်းသက်လာတာလို့ ပြောကြတယ် ”

ချန်ဖေးဖေးရဲ့ အမူအရာက လေးနက်တည်ကြည်သွားခဲ့ရသည်။

ကျန်း‌ေတာက်ယွဲ့က လက်ထဲက စာအုပ်ကို ချလိုက်ရင်း၊ ခပ်ဖွဖွ ပြုံးလျက်။

“မင်း ကျောင်းတော်ကို ဝင်တာ ဘယ်နှစ်နှစ်ပဲ ရှိသေးလို့လဲ၊ ဘယ်လိုလုပ်ပြီး ဂျူလင်မျိုးနွယ်စုဘက်ကနေ သတင်းတွေကို စုံစမ်းနိုင်ရတာလဲ ”

“မဟာစီနီယာအစ်ကိုကြီး…… ဒါက ပြောရရင် စီနီယာအစ်ကို ဖန့်ရဲ့ အရှိန်အဝါကြောင့်ပါပဲ။

ဂျူလင်မျိုးနွယ်စုရဲ့ ကျောင်းသားသစ်တွေထဲမှာ ‘အောက်ရုလိုင်’ လို့ ခေါ်တဲ့သူတစ်ယောက် ရှိတယ်ဗျ၊ သူက စီနီယာအစ်ကို ဖန့်ရဲ့ ကျေးဇူးကို ခံစားဖူးထားတာမလို့၊ ကျွန်တော်တို့ ကျောင်းတော်ထဲမှာ တစ်ကြိမ် မတော်တဆ ဆုံတွေ့ခဲ့ကြတုန်းက ကျွန်တော်က ကရုဏာတောင်ကုန်းရဲ့ တပည့် ဖြစ်မှန်း သိသွားပြီးတဲ့နောက်မှာ အဆက်အသွယ် ရသွားခဲ့ကြတာပါ ”

ချန်ဖေးဖေးက ဟီးဟီးဟဟ ရယ်မောလိုက်သည်။

“အောက်ရုလိုင် ဟုတ်လား ”

ကျန်းတောက်ယွဲ့နှင့် အခြားသူများက ရုတ်တရက် သဘောပေါက်သွားခဲ့ကြရပြီး၊ ဖန့်ချန်အား အနည်းငယ် ထူးဆန်းသော မျက်ဝန်းများဖြင့် လှမ်း၍ ကြည့်ရှုလိုက်ကြသည်။

သူတို့အားလုံးက ဤဖန့်ညီလေးသည် ကြီးကြပ်ရေးမှူး အောက်ဝူဖား နှင့် ညီအစ်ကိုကဲ့သို့ ရင်းနှီးကျွမ်းဝင်ပြီး၊ သွေးသောက်ညီအစ်ကိုများအဖြစ် ဖွဲ့တည်ထားကြကြောင်းကို သိရှိထားကြခြင်း ဖြစ်သည်။

“အကယ်၍ ဒါက ဂျူလင်မျိုးနွယ်စုဘက်က ထွက်ပေါ်လာတဲ့ သတင်းဆိုရင်တော့၊ အတိုင်းအတာတစ်ခုအထိ မှန်ကန်မှု ရှိနိုင်ခြေ ရှိတယ် ”

ကျန်းတောက်ယွဲ့က တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက်၊ ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ရင်း။

“ဖန့်ညီလေး…… ထိုက်ဟောက်ဝေက ပြီးခဲ့တဲ့အကြိမ်တုန်းက ကြွားလုံးထုတ်ခဲ့တာ မဟုတ်ဘူးဆိုရင်၊ ဒီတစ်ခေါက်မှာ သူက တကယ်ပဲ နေမင်းခုနစ်ပါးခန်းမရဲ့ စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်လာတာ ဖြစ်လိမ့်မယ်၊ မင်းကလည်း စစ်ဆေးဖို့ ဖြစ်လာနိုင်တယ်။

မင်းအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲဟင်။ အကယ်၍ ယုံကြည်ချက် သိပ်မရှိဘူးဆိုရင်၊ ဒီတစ်ခေါက် ကောင်းကင်ငါးပါး စစ်တလင်းထဲကို မဝင်ဘဲ နေလိုက်တာက ပိုကောင်းမလား ”

ချန်ဖေးဖေးနှင့် ချန်အင်းရွှယ်တို့က တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်ရှုလိုက်ကြရင်း ဆွံ့အသွားခဲ့ကြရသည်။ ဘေးကင်းလုံခြုံမှုကို ရှေးရှုရန်အတွက်၊ ထည်ဝါလှသော နေမင်းခုနစ်ပါးကျောင်းသားတစ်ဦးကို ရှောင်တိမ်းခိုင်းနေခြင်း ဖြစ်ပါသလော။

သူတို့နှစ်ဦးက ကရုဏာတောင်ကုန်းရဲ့ “ပညာရှိကျမ်းစာများကိုသာ ဖတ်ရှုပြီး၊ ပြင်ပလောကက ကိစ္စရပ်များကို ဂရုမစိုက်ခြင်း” ဟူသော စံနှုန်းကို တဖြည်းဖြည်းနှင့် ပိုမိုနားလည်သဘောပေါက်လာခဲ့ကြရသည်။

“ကောင်းကင်ငါးပါး စစ်တလင်းကိုတော့ သွားရဦးမှာပဲ၊ နင်ကျောင်းအုပ်ကြီးက ငါတို့ ကရုဏာတောင်ကုန်းကနေ လူတစ်ယောက် ထွက်လာဖို့ အတင်းအကျပ် ဖိအားပေးနေမှတော့၊ လမ်းဆုံးအထိ တိုက်ခိုက်သွားရုံပေါ့ ”

ထိုအချိန်၌၊ ရှူရှန့်က စာသင်ခန်းအတွင်းသို့ လှမ်းဝင်လာခဲ့ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

လူအုပ်ကြီးက အလျင်အမြန်ပင် မတ်တပ်ရပ်လျက် ဂါရဝပြုလိုက်ကြသည်။

လူအုပ်ကြီး ပြန်လည်နေရာယူပြီးနောက်တွင်မူ၊ ရှူရှန့်က ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ရင်း ခပ်ဖွဖွ ပြုံးကာ။

“ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ငါ အဆက်အသွယ်တွေ သုံးပြီး ညှိနှိုင်းပေးထားတယ်၊ မင်းအနေနဲ့ ထိုက်ဟောက်ဝေရဲ့ စစ်ဆေးရေးအရာရှိအဖြစ် လုပ်ဆောင်ပေးဖို့ မလိုတော့ဘူး ”

ကျန်းတောက်ယွဲ့နှင့် အခြားသူများရဲ့ မျက်ဝန်းများက ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့ကြရသည်။

ပြီးခဲ့သည့် အချိန်တုန်းကမူ သူတို့က အတန်ငယ် စိုးရိမ်ပူပန်နေရုံမျှသာ ရှိသေးသော်လည်း၊ ယခုအချိန်၌ ရှူရှန့်ကိုယ်တိုင် အဆက်အသွယ်များ ရှာဖွေလျက် ညှိနှိုင်းပေးထားရသည်အထိ ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သည်။

ဒါဆိုလျှင် ထိုထိုက်ဟောက်ဝေ၌ အမှန်တကယ်ပင် တစ်ခုခု ထူးခြားဆန်းပြားလှသည့် အရာများ ရှိနေ၍ ဖြစ်ပါသလော။

“ငါ သတင်းရထားတာကတော့၊ ထိုက်ဟောက်ဝေက ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ ရဲ့ တားမြစ်နယ်မြေတစ်ခုထဲမှာ တကယ့်ကို ကံကောင်းထောက်မစွာနဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကို လေ့လာဆင်ခြင်နိုင်ခဲ့တာကတော့ အမှန်ပဲ ”

ရှူရှန့်က ခပ်ဖွဖွ ပြုံးလိုက်ရင်း။

“ဒီနတ်ဘုရားစွမ်းရည်ရဲ့ စွမ်းအားက ဘယ်လောက်အထိ ကြီးမားလဲဆိုတာကို အသာထားဦး၊ ကမ္ဘာကြီးတည်ဆောင်ခြင်း အဆင့်မတိုင်ခင်မှာတော့၊ သူ့ရဲ့ စွမ်းဆောင်ရည်က အခြားနတ်ဘုရားစွမ်းရည်တွေထက် ပိုမိုထူးကဲသာလွန်နေပြီး အားသာချက်အချို့ကို ရရှိစေနိုင်တယ် ”

“ဒါကြောင့်မလို့ သူက လူသားမျိုးနွယ်ကျောင်းဆောင်အထိ လာပြီးတော့ ကြုံးဝါးရဲတာကိုး၊ ကြည့်ရတာ တကယ့်ကို အရည်အချင်းတစ်ခုခု ရှိနေတာပဲ ”

လင်ဖုန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ဖန့်ချန်ရဲ့ နှလုံးသားထဲ၌လည်း ဤကိစ္စနှင့် ပတ်သက်၍ အတန်ငယ် စူးစမ်းလိုစိတ်များ ထွက်ပေါ်လာခဲ့သဖြင့် လက်နှစ်ဖက်ကို ဆုပ်လျက် မေးမြန်းလိုက်သည်။

“ဆရာ…… ထိုက်ဟောက်ဝေ လေ့လာဆင်ခြင်ထားတဲ့ နတ်ဘုရားစွမ်းရည်မှာ ဘယ်လိုမျိုး ဆန်းကြယ်တဲ့ စွမ်းအားမျိုး ရှိလဲဆိုတာကို သိခွင့်ရှိမလားခင်ဗျာ ”

“မင်း အခု ဖတ်နေတဲ့ စာအုပ်က ဘာစာအုပ်လဲ ”

ရှူရှန့်ရဲ့ မျက်ဝန်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ တားမြစ်နယ်မြေ မှတ်တမ်းအထွေထွေ ပါ ခင်ဗျာ ”

ဖန့်ချန်က ရှေးဟောင်းကျမ်းစာပေါ်က စာအုပ်အမည်ကို တစ်ချက် ငုံ့ကြည့်လိုက်သည်။

“အတွင်းထဲမှာ ‘သံသရာ’ လို့ အမည်ရတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ ရဲ့ တားမြစ်နယ်မြေတစ်ခုအကြောင်း ပါဝင်လား ”

ရှူရှန့်က ထပ်မံ၍ မေးမြန်းလိုက်သည်။

“သံသရာ ဟုတ်လား ”

ကျန်းတောက်ယွဲ့နှင့် အခြားသူများရဲ့ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့ကြရပြီး၊ ဤကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေအပေါ် အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားကြပုံ ရပေသည်။

“ဆရာ…… ဒီအထဲမှာ ‘သံသရာ’ လို့ အမည်ရတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေတစ်ခုအကြောင်းကို အသေအချာ မိတ်ဆက်ဖော်ပြထားပါတယ် ”

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

ဤကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေသည်ကား၊ သူ ယခုလေးတင် ဖတ်ရှုနေခဲ့သည့် တားမြစ်နယ်မြေတစ်ခု ဖြစ်ပြီး၊ အရှင်သခင် သေဆုံးသွားပြီးနောက်တွင် အချိန်စီးဆင်းမှုနှုန်းကို အရှိန်အဟုန်ဖြင့် မြန်ဆန်စေနိုင်သည့် ဆန်းကြယ်သော စွမ်းအားတစ်ခု ဆင်းသက်ထွက်ပေါ်လာခဲ့သည့် နေရာပင် ဖြစ်ပေတော့သည်။

All Chapters