အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄)
စိုက်ပျိုးရေးသူတော်စင် ဝင်စားခြင်း
“စိုက်ပျိုးမယ်…၊ ဟုတ်လား...။”
ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ရှန်းကွမ်းမှာ ကြောင်အသွားခဲ့လေ၏။
ချက်ချင်းပင် သူ၏မျက်နှာပေါ်တွင် လင်းလက်သွားခဲ့သော မျှော်လင့်ချက်အရိပ်အယောင်များမှာ ပို၍ နက်ရှိုင်းသော ခါးသီးမှုနှင့် စိတ်ပျက်အားငယ်မှုတို့ဖြင့် အစားထိုးခံလိုက်ရလေသည်။
သူသည် ခါးသီးစွာ ပြုံးလိုက်ပြီး ဖန်းဟန်ကို တောင်းပန်နေသည့်အလား ကြည့်လိုက်လေ၏။
“သခင်လေး...၊ အခုက ဆောင်းဦးရာသီကို ရောက်နေပြီဆိုတာ သခင်လေး မသိသေးလို့ပါ...။ မျိုးစေ့ချဖို့ အကောင်းဆုံးအချိန်က လွန်သွားခဲ့ပြီလေ...။ ပြီးတော့ မိုးခေါင်နေတာကလည်း ရက်ပေါင်းများစွာ ကြာနေ ပြီဆိုတော့ မြေကြီးတွေက ကျောက်တုံးတွေလို မာကျောနေပြီပေါ့...။ စိုက်ပျိုးဖို့နေနေသာသာ ရိုးရိုးထွန်တုံး နဲ့တောင် အရာထင်အောင် လုပ်လို့မရနိုင်တော့ဘူးလေ...။”
“ကျွန်တော်တို့ မြေကြီးကို အနိုင်နိုင် ခွဲနိုင်ခဲ့မယ်ဆိုရင်တောင် မြေတစ်ဧကကို ထွန်ယက်ဖို့ လိုအပ်တဲ့ လူအင်အား နဲ့ အချိန်က ပုံမှန်ထက် အများကြီး ပိုကြာလိမ့်မယ်...။ အခုချိန်မှာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး လူတွေက ငတ် နေကြတာဆိုတော့ ဒီလောက် အချိန်ကုန်ပြီး ပင်ပန်းတဲ့အလုပ်ကို လုပ်ဖို့ သူတို့မှာ ဘယ်လိုလုပ် ခွန်အားရှိနိုင် ပါ့မလဲ...။ ကျွန်တော်တို့က သီးနှံတွေကို ပင်ပင်ပန်းပန်း စိုက်ပျိုးပြီးတဲ့အချိန်မှာ အပင်ပေါက်ဖို့တောင် အခွင့် အရေး မရခင် လူတွေက ငတ်သေကုန်ကြလောက်ပြီပေါ့...။”
သူ၏စကားအဆုံးတွင် ပြည်သူများကိုယ်စား ပြောဆိုပေးနေသော ခရိုင်အုပ်ချုပ်ရေးမှူး၏ အသံတွင် မသိမသာ ရှိုက်သံတစ်ခု ပါဝင်နေခဲ့လေ၏။
သူသည် ဤနည်းလမ်းကို မစဉ်းစားခဲ့ဖူးခြင်း မဟုတ်ဘဲ ဤနည်းလမ်းမှာ လမ်းပိတ်နေခြင်းကြောင့်သာ ဖြစ်ပေ သည်။
ဘေးတွင်ရပ်နေသော နန်ကုန်းယွင်ရှူသည် သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်လေးများဖြင့် ဝတ်စုံ၏ အနားသတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ လှပသော ဖီးနစ်မျက်ဝန်းများတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့လေသည်။
သူမသည် သူမ၏ ခင်ပွန်းကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်နေဆဲဖြစ်သော ဖန်းဟန်ကို ကြည့်လိုက်ရာ သူမ၏ နှလုံးသားမှာ ဗြောင်းဆန်နေခဲ့လေ၏။
ခြံဝင်းအတွင်း၌ ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး နွေနှောင်းပိုင်း ပုစဉ်းရင်ကွဲများ၏ ဆူညံသံများကသာ ထိုတိတ် ဆိတ်မှုကို ဖြိုခွဲနေကာ ထိုအသံမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသလို စိတ်မချမ်းမြေ့ဖွယ်လည်း ကောင်းလှပေသည်။
ဖန်းဟန်သည် မည်သည့်စကားမျှ မဆိုဘဲ နားထောင်နေခဲ့လေ၏။
သူသည် အနီးရှိ သစ်ပင်တစ်ပင်မှ သစ်ကိုင်းသေးသေးလေးတစ်ကိုင်းကို ချိုးယူလိုက်ပြီး ဆောင့်ကြောင့် ထိုင်ချလိုက်လေသည်။
သူသည် နေရောင်ကြောင့် မာကျောနေသော အဝါရောင်မြေကွက်ပေါ်တွင် ဖြည်းညင်းစွာဖြင့် ဂရုတစိုက် စတင်ရေးဆွဲလိုက်လေ၏။
သူ၏ လှုပ်ရှားမှုများမှာ ကလေးတစ်ဦး ပုံဆွဲနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ရှိနေလေသည်။
ရှန်းကွမ်းနှင့် နန်ကုန်းယွင်ရှူတို့သည် သိချင်စိတ်ဖြင့် အနားသို့ ရောက်လာကြပြီး မြေပြင်ပေါ်ရှိ ပုံစံကို ငုံ့ကြည့်လိုက်ကြလေ၏။
ထိုအရာမှာ အလွန်ပင် ထူးဆန်းသော ပုံစံတစ်ခု ဖြစ်ပေသည်။ ၎င်းသည် ထွန်တုံးတစ်ခုနှင့် တူသော်လည်း သူတို့ မြင်ဖူးသမျှ မည်သည့်ထွန်တုံးနှင့်မျှ မတူညီချေ။
မဟာကျင်းမင်းဆက်၏ ထွန်တုံးများအားလုံးမှာ ဖြောင့်တန်းသော ထွန်တုံးများဖြစ်ကြပြီး ရှည်လျားသော လက်ကိုင်ရိုးများပါရှိကာ ကိုင်တွယ်ရခက်ခဲသလို လေးလံလှပေသည်။
၎င်းကို ဆွဲရန် နွားနှစ်ကောင် လိုအပ်ပြီး ထွန်ယက်ရာတွင် ထောင့်ချိုးကွေ့ရန် အလွန်ပင် အဆင်မပြေဖြစ်ကာ နောက်သို့ပြန်လှည့်ရန်အတွက်လည်း အချိန်နှင့် လူအင်အား များစွာ လိုအပ်လေသည်။
သို့သော် ဖန်းဟန် ရေးဆွဲထားသော ထွန်တုံးတွင်မူ ကောက်ကွေးနေသော လက်ကိုင်ရိုးတစ်ခု ပါရှိပြီး များစွာ ပိုတိုလေသည်။
ထွန်သွား၏ အထက်တွင် အထက်အောက် လွတ်လပ်စွာ ချိန်ညှိနိုင်သော ကိရိယာတစ်ခု ပါရှိပြီး ၎င်းမှာ အလွန် ပင် ပါးနပ်သလို ထူးဆန်းနေပုံပေါ်လေ၏။
“သခင်လေး...၊ ဒါက ဘယ်လိုပစ္စည်းလဲ...။”
ရှန်းကွမ်းမှာ နားမလည်နိုင်ဖြစ်နေခဲ့လေ၏။
နန်ကုန်းယွင်ရှူ၏ လှပသော မျက်ဝန်းများတွင်လည်း သံသယများ ပြည့်နှက်နေလေသည်။
“ဒါကို 'ထွန်ကွေး' လို့ ခေါ်တယ်...။”
ဖန်းဟန်သည် မတ်တပ်ရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ ပုံကြမ်းကို သစ်ကိုင်းလေးဖြင့် ညင်သာစွာ ခေါက်ရင်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေ၏။
“ဒီမှာ ကြည့်...။”
သူသည် တိုတောင်းပြီး ကောက်ကွေးနေသော လက်ကိုင်ရိုးကို လက်ညှိုးထိုးပြလိုက်လေသည်။
“ဖြောင့်နေတဲ့ လက်ကိုင်ရိုးကို ကောက်ကွေးတဲ့ လက်ကိုင်ရိုးအဖြစ် ပြောင်းလဲလိုက်တာက ပစ္စည်းကုန်သက်သာ စေရုံသာမက ထွန်တုံးကိုလည်း ပိုပေါ့ပါးစေပြီး လူတစ်ယောက်နဲ့ နွားတစ်ကောင်တည်း လွယ်လွယ်ကူကူ အသုံး ပြုနိုင်စေလို့ တိရစ္ဆာန်အင်အားကို အများကြီး သက်သာစေတယ်လေ...။”
“ပြီးတော့ ဒီနေရာမှာ...။”
သူသည် သစ်ကိုင်းကို ချိန်ညှိနိုင်သော ကိရိယာဆီသို့ ရွှေ့လိုက်ရင်း ပြောလိုက်လေ၏။
“ဓါက ထွန်သွားရဲ့ အတိမ်အနက်ကို ထိန်းချုပ်ပေးတဲ့ ထွန်သွားချိန်ကိရိယာပဲ...။ တကယ်လို့များ မြေကြီးက မာကျောနေရင် ပိုပြီးအားကောင်းကောင်းနဲ့ ခွဲနိုင်ဖို့ ပိုနက်အောင် ချိန်ညှိရမယ်လေ...။ မြေကြီးက ပျော့နေရင် တော့ ပိုမြန်မြန် ထွန်ယက်နိုင်ဖို့ ပိုတိမ်အောင် ချိန်ညှိရမယ်ပေါ့...။ အတိမ်အနက်ကို လူ့ခွန်အားအပေါ်မှာပဲ လုံးလုံးမူတည်နေရတဲ့ ခင်ဗျားတို့ရဲ့ ဖြောင့်တန်းတဲ့ ထွန်တုံးနဲ့ မတူဘူးလေ...။ တစ်နေ့လုံး အလုပ်လုပ်ရရင် နွားလည်း ပင်ပန်းသလို လူက ပိုပြီးတော့တောင် ပင်ပန်းသေးတယ်နော်...။”
“အရေးအကြီးဆုံးအချက်က ဒီဟာပဲ...။”
ဖန်းဟန်သည် ထွန်သွားကို လက်ညှိုးထိုးပြလိုက်လေသည်။
“အဆင့်မြှင့်တင်ထားတဲ့ ထွန်သွားက မြေကြီးကို လှန်ရာမှာ အများကြီး ပိုမိုလွယ်ကူစေပြီး လှည့်ရတာကိုလည်း ပိုပြီး လွယ်ကူချောမွေ့စေတယ်လေ...။ အရင်ကလို လယ်ကွက်အဆုံးကို ရောက်တဲ့အခါ ထွန်တုံးတစ်ခုလုံးကို မ တင်စရာ မလိုတော့ဘူးပေါ့...။ သူ့ရဲ့ စိုက်ပျိုးရေးစွမ်းဆောင်ရည်က ခင်ဗျားတို့ အခုသုံးနေတဲ့ ဖြောင့်တန်းတဲ့ ထွန်တုံးထက် အနည်းဆုံး သုံးဆလောက် ပိုမြန်တယ်လေ...။”
ဖန်းဟန် ပြောလိုက်သော စကားတစ်ခွန်းစီတိုင်းတွင် ရှန်းကွမ်း၏ မျက်လုံးများမှာ အနည်းငယ်စီ ပို၍ ပြူး ကျယ်လာခဲ့လေ၏။
အစပိုင်းတွင်မူ သူသည် ကြောင်တောင်တောင်ဖြင့်သာ နားထောင်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဖန်းဟန်က လူတစ်ယောက်နှင့် နွားတစ်ကောင်၊ ချိန်ညှိနိုင်သော အတိမ်အနက် နှင့် သုံးဆကျော်သော စွမ်းဆောင်ရည် ဟု ပြောလိုက်သောအခါ ဂန္ထဝင်စာပေများနှင့် သမိုင်းကြောင်းများကို ကျွမ်းကျင်ပြီး စိုက်ပျိုးရေး နှင့် ပတ်သက်၍လည်း ဗဟုသုတကြွယ်ဝသော ခရိုင်အုပ်ချုပ်ရေးမှူး၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက် သကဲ့သို့ ဖြစ်သွားခဲ့လေတော့သည်။
သူ၏ အသက်ရှူနှုန်းမှာ ရုတ်တရက် မြန်ဆန်လာခဲ့လေ၏။
ရှုပ်ထွေးမှု၊ အံ့အားသင့်မှု၊ ရုတ်တရက် သဘောပေါက်နားလည်သွားမှုစသည့် မရေမတွက်နိုင်သော ခံစားချက် များက သူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့လေသည်။
နောက်ဆုံးတွင်မူ ၎င်းတို့အားလုံးမှာ ပြိုင်ဘက်ကင်းသော ဝမ်းသာပီတိဖြစ်မှုနှင့် အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
သူသည် ရှေ့သို့ ရုတ်တရက် လှမ်းလိုက်ပြီး မြေပြင်ပေါ်တွင် ရိုးရှင်းသော မျဉ်းကြောင်းအနည်းငယ်ဖြင့် ရေးဆွဲထားသော ပုံကြမ်းကို စူးစိုက်ကြည့်နေခဲ့လေ၏။
သူ မြင်တွေ့နေရသည်မှာ ပုံကြမ်းတစ်ခု မဟုတ်ဘဲ ခရိုင်အတွင်းရှိ သိန်းနှင့်ချီသော ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်စွမ်းရှိသည့် အမြင့်မြတ်ဆုံး ရတနာတစ်ပါးကို မြင်တွေ့နေရသည့်အလားပင် ဖြစ်ချေသည်။
ဟုတ်ပေသည်...။ ဟုတ်ပေသည်...။
ကောက်ကွေးပြီး တိုတောင်းသော လက်ကိုင်ရိုးက လှည့်ရန်အတွက် လိုအပ်သော အားကို လျှော့ချပေးနိုင် ပေသည်...။
ချိန်ညှိနိုင်သော ထွန်သွားက မတူညီသော မြေအမျိုးအစားများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်...။ ဤအရာမှာ တကယ့်ကို ပါရမီရှင်တစ်ဦး၏ လက်ရာမြောက် ဖန်တီးမှုပင် ဖြစ်ချေသည်...။
ဤမျှ ရိုးရှင်းသော အမှန်တရားတစ်ခုက နှစ်ထောင်ပေါင်းများစွာတိုင်အောင် အဘယ်ကြောင့် သတိမပြုမိဘဲ ဖြစ်နေခဲ့ရသနည်း...။
“ဘုရားရေ...၊ ပါရမီရှင်ပဲ...။ မဟုတ်ဘူး...၊ နတ်ဘုရားပဲ...။ အံ့ဖွယ်ပဲ...၊ ဒါက တကယ့်ကို အံ့ဖွယ်တစ်ခုပဲ...။”
ရှန်းကွမ်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး စကားများပင် ဗလုံးဗထွေး ဖြစ်နေခဲ့လေ၏။
သူသည် သူ၏ အရာရှိဝတ်ရုံကို ဘေးသို့ ရုတ်တရက် လွှဲဖယ်လိုက်ပြီး ဖန်းဟန်၏ရှေ့တွင် ထပ်မံ၍ ဒူးထောက် တော့မည် ဖြစ်လေသည်။ သူ၏ မျက်နှာအမူအရာမှာ သန့်စင်သော နတ်ရေတွင်း ပေါ်ထွက်လာ သည်ကို မြင်တွေ့ ခဲ့ရစဉ်ကထက် အဆတစ်ရာမက ပို၍ စိတ်ထက်သန်နေခဲ့ပေသည်။
“သခင်လေး...၊ သခင်လေးက...၊ သခင်လေးက သက်ရှိအင်မော်တယ် တစ်ပါးတင် မဟုတ်ဘူး...။ သခင်လေးက ...၊ သခင်လေးက စိုက်ပျိုးရေးသူတော်စင် ဝင်စားတာပဲ...။”
ဤဒူးထောက်ခြင်း အမူအရာမှာ ခေတ်သစ်ကို ရှေ့ဆောင်လမ်းပြခဲ့ကြသော ပညာရှိကြီးများအပေါ် ထားရှိသည့် ပညာရှင်တစ်ဦး၏ အမြင့်မားဆုံးသော ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေလေသည်။
သို့သော် သူ၏ ဒူးများမှာ ညင်သာသော်လည်း ခိုင်မာသော ထိုလက်တစ်ဖက်ဖြင့် ထပ်မံ၍ ထိန်းကိုင်ခြင်း ခံလိုက် ရလေ၏။
“အမတ်မင်းရှန်း...၊ ခင်ဗျား ဒီလို လုပ်ပြန်ပြီလား...။”
ဖန်းဟန်သည် အနည်းငယ် မသက်မသာဖြစ်နေသော အမူအရာဖြင့် သူ့ကို ဆွဲထူလိုက်လေသည်။
ရှန်းကွမ်းမှာမူ စိတ်လှုပ်ရှားမှုများ လွှမ်းမိုးနေဆဲပင် ဖြစ်၏။ သူသည် ဖန်းဟန်၏ အင်္ကျီလက်ကို အသက်ကယ် ကြိုးတစ်ချောင်းအလား ဆုပ်ကိုင်ထားလိုက်လေသည်။
“သခင်လေး...၊ ဒီလို မြင့်မြတ်တဲ့ ကိရိယာမျိုးနဲ့ဆိုရင် ချင်းရှီးခရိုင်ကတော့ ကယ်တင်ခံလိုက်ရပြီပေါ့... ။ ပြည်သူတွေလည်း ကယ်တင်ခံလိုက်ရပြီလေ...။”
သူ၏ အလွန်အမင်း ဝမ်းသာပီတိဖြစ်နေသော အမူအရာကို ကြည့်ရင်း ဖန်းဟန်သည် ခဏတာ စဉ်းစားလိုက်ပြီး နောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
“ထွန်တုံးရှိနေရုံနဲ့ မလုံလောက်သေးဘူးလေ...။ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုအပြီးမှာ မြေကြီးရဲ့ ဩဇာဓာတ်က အပြင်းအထန် လျော့နည်းသွားပြီပေါ့...၊ တစ်ခုခုကို စိုက်ပျိုးမယ်ဆိုရင်တောင် အထွက်နှုန်းက ကောင်းမှာ မဟုတ် ဘူးနော်...။”
“ဟင်...။”
ရှန်းကွမ်း၏ ဝမ်းသာမှုမှာ ချက်ချင်းပင် လျော့ကျသွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“ဒါဆို...၊ ဒါဆိုရင် ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး စိုက်ပျိုးရေးသူတော်စင်ကြီး...။”
သူသည် ခေါ်ဝေါ်ပုံကိုပင် အမှန်တကယ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပေသည်။
“ရိုးရှင်းပါတယ်...။”
ဖန်းဟန်သည် ခြံထောင့်ရှိ တိရစ္ဆာန်ချေးများ၊ ခြောက်သွေ့နေသော သစ်ကိုင်းများနှင့် သစ်ရွက်ပုံများကို ပေါ့ပေါ့ ပါးပါး လက်ညှိုးထိုးပြလိုက်လေသည်။
“ဒီအရာတွေကို မြေကြီးနဲ့ ရောနှောပြီး တစ်နေရာတည်းမှာ ပုံထားလိုက်လေ...။ ရေလောင်းပြီး ဆွေးမြည့်ပြီး ကစော်ဖောက်သွားအောင် ထားလိုက်ပေါ့...။ ဒီလိုဆိုရင် အကောင်းဆုံး သဘာဝမြေဆွေး ဖြစ်လာလိမ့်မယ် လေ...။ ဒီမြေဆွေးကို အသုံးပြုပြီး သီးနှံတွေ စိုက်ပျိုးမယ်ဆိုရင် မြုံနေတဲ့မြေရဲ့ ဩဇာဓာတ်ကို ပြန်လည်ကောင်း မွန်လာစေနိုင်ပြီး စပါးအထွက်နှုန်းက အနည်းဆုံး နှစ်ဆလောက် ထပ်တိုးလာနိုင်တယ်ပေါ့...။”
ထို့နောက် သူသည် ခြောက်သွေ့နေသော လယ်ကွက်ကို ကြည့်လိုက်လေ၏။
“မြေတစ်ကွက်တည်းမှာ နှစ်စဉ်နှစ်တိုင်း သီးနှံတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ စိုက်ပျိုးလို့ မရဘူးနော်...။ ဒီလိုလုပ်ရင် မြေကြီးရဲ့ ဩဇာဓာတ်က အလွန်မြန်မြန် ခန်းခြောက်သွားလိမ့်မယ်...။ ဒီနှစ်မှာ ပဲစိုက်ပြီး နောက်နှစ် မှာ စပါးစိုက်တာမျိုး တစ်လှည့်စီ ပြောင်းလဲစိုက်ပျိုးနိုင်တယ်ပေါ့...။ အဲ့လိုလုပ်တာကို 'သီးလှည့်စိုက်ပျိုးခြင်း' လို့ ခေါ်တယ်...။ ဒါက မြေကြီးကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မြေကို ထာဝရ မြေသြဇာကောင်းနေစေ တယ်...။”
*သဘာဝမြေဆွေး...။*
*သီးလှည့်စိုက်ပျိုးခြင်း...။*
စကားလုံးတစ်လုံးစီတိုင်းမှာ မကြားဖူးသော အရာများဖြစ်သော်လည်း အနက်ရှိုင်းဆုံးသော အမှန်တရားများ ပါဝင်နေပုံရပေသည်။
ဖန်းဟန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်လေ၏။
ရှန်းကွမ်းနှင့် နန်ကုန်းယွင်ရှူတို့မှာ လုံးဝကို ဆွံ့အသွားခဲ့ကြလေသည်။
သူတို့သည် ကမ္ဘာသစ်တစ်ခုဆီသို့ သွားရာတံခါးတစ်ချပ်က သူတို့ရှေ့တွင် အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရသည့် အလား ခံစားလိုက်ရပြီး ဆွံ့အကာ ရပ်နေခဲ့ကြလေတော့သည်။
ရှန်းကွမ်းမှာ စကားပင်မပြောနိုင်တော့ဘဲ လုံးဝကို ကြောင်အသွားခဲ့ပြီး သဘာဝမြေဆွေး...၊ သီးလှည့်စိုက်ပျိုး ခြင်း...၊ ဟု သတိလွတ်စွာ ရေရွတ်နေမိကာ သူ၏ ဦးနှောက်ထဲတွင် နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခုကို ခံစားနေရလေသည်။
ဤနည်းလမ်းများမှာ ယုံကြည်နိုင်စရာမရှိဟု ထင်ရသော်လည်း သေချာစွာ ဆန်းစစ်ကြည့်သောအခါ ၎င်းတို့မှာ စကြာဝဠာ၏ အမြင့်ဆုံးသော အမှန်တရားများနှင့် ကိုက်ညီနေပေသည်။
သူက ဖန်းဟန်ကို ထပ်မံကြည့်ရှုလိုက်သော အကြည့်များမှာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေ၏။
ဤသူမှာ အမှန်တကယ်ပင် စိုက်ပျိုးရေးသူတော်စင် ဝင်စားခြင်းပင် ဖြစ်ချေတော့သည်...။