← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇)

ရှန့်ကွမ်း၏ သေဆုံးခြင်း

ညအချိန်သို့ရောက်သောအခါ လျိုရှီးရွာ၏ ဆူညံပွက်လောရိုက်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား ခဲ့လေ၏။ အေးစက်သော လရောင်နှင့် တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည့် ခွေးဟောင်သံများသာ ကျန်ရစ်နေ ခဲ့လေသည်။

ဖန်းမိသားစု ခြံဝင်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေသော ပန်းပဲထုသံများမှာလည်း နောက်ဆုံးတွင် ရပ်တန့် သွားခဲ့လေ၏။

ထွန်ကွေးအသစ်များကို ရွာအနှံ့သို့ ဖြန့်ဝေပေးပြီးဖြစ်ရာ လယ်ကွင်းများထဲတွင် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်ပေသည်။

ရွာတစ်ရွာလုံးမှာ အေးချမ်းငြိမ်သက်မှုထဲတွင် နစ်မြုပ်နေလျက် ရှိလေသည်။

ဖန်းဟန်သည် ဝါးကုလားထိုင်တစ်လုံးကို ရွှေ့ကာ ခြံဝင်းထဲတွင် ထိုင်ရင်း တောက်ပသော လမင်းကြီးကို မော့ကြည့်နေခဲ့လေ၏။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက သူသည် ဤမျှလောက် အေးချမ်းမှုကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

ဤနေရာတွင် အဆုံးမရှိသော အမိန့်ပေးမှုများ မရှိသလို မတန်တဆ များပြားလှသော အိမ်လခများလည်း မရှိဘဲ လက်ဆုပ်လက်ကိုင်ပြနိုင်သော အစစ်အမှန်ဘဝနှင့် နွေးထွေးမှုများသာ ရှိနေလေသည်။

"သခင်...၊ ညဘက်ဆိုတော့ အေးတယ်...။ အနားမယူခင် ခြေထောက်လေး စိမ်လိုက်ပါဦး...။”

ပိုင်ကျီရိုသည် ရေနွေးငွေ့များ ထွက်နေသော သစ်သားဇလုံတစ်လုံးကို ကိုင်ဆောင်ကာ သူ၏အနီးသို့ ညင်သာစွာ လျှောက်လှမ်းလာခဲ့လေ၏။ ထွက်ပေါ်နေသော ရေနွေးငွေ့များက သူမ၏ နူးညံ့သော မျက်နှာသွင်ပြင်ကို ဝေဝါး သွားစေခဲ့သည်။ သူမသည် သဘာဝကျကျပင် ဒူးထောက်ထိုင်ချလိုက်လေသည်။

သူမသည် ဖန်းဟန်၏ ခြေထောက်များကို ရေနွေးထဲသို့ ထည့်ပေးလိုက်ပြီး သူမ၏ သွယ်လျဖြူဖွေးသော လက်ချောင်းလေးများဖြင့် ညင်သာစွာ နှိပ်နယ်ပေးနေခဲ့လေ၏။

သူမ၏ လှုပ်ရှားမှုများမှာ ရှားပါးလှသော ရတနာတစ်ပါးကို ကိုင်တွယ်နေရသကဲ့သို့ အလွန်ပင် ညင်သာလှပေ သည်။

သူမသည် စကားတစ်ခွန်းမျှ မဆိုသော်လည်း သူမ၏မျက်နှာပေါ်ရှိ ပျော်ရွှင်နေသော အပြုံးလေးမှာ မည်သည့် စကားလုံးထက်မဆို ပို၍ ထိမိလှပေသည်။

"ခဲအို…၊ခဲအို...၊ ညီမလေး ရယ်ရတဲ့ အကြောင်းတစ်ခု ပြောပြမယ်...။”

ပိုင်ရွှီကျန်းသည် ဖန်းဟန် ယူဆောင်လာခဲ့သော ချောကလက်တစ်တုံးကို ကိုင်ကာ ပျော်ရွှင်နေသော ငှက်ငယ် လေးတစ်ကောင်ကဲ့သို့ ခုန်ပေါက်လျက် ရောက်လာခဲ့လေ၏။ သူမ၏ ပါးစပ်လေးမှာ ချောကလက်စားထား သဖြင့် အမည်းရောင်များ ပေကျံနေခဲ့လေသည်။

"ဒီနေ့ ဦးလေးအာနျူတို့အိမ်က နွားဝါကြီးက ထွန်ကွေးကို ပထမဆုံးအကြိမ် ဆွဲတာလေ...၊ အဲဒီနွားကြီးက ခေါင်း မာပြီး ရှေ့ကို မတိုးဘူး...။ ဦးလေးအာနျူက အရမ်းစိတ်ပူသွားပြီး နွားကြီးနဲ့ ညီအစ်ကို ဖွဲ့လိုက်တယ်သိလား...။"

"နွားအစ်ကိုကြီးရယ် ကျေးဇူးပြုပြီး သနားတဲ့အနေနဲ့ ခြေလှမ်းနည်းနည်းလောက် ရှေ့တိုးပေးပါလို့ ပြောလိုက် တယ်...။ အဲဒါ ဘာဖြစ်သွားလဲ သိလား...၊ နွားကြီးက အကျယ်ကြီး လေလည်ချလိုက်တော့ ဦးလေးအာနျူ မျက်နှာကို သွားမှန်တော့တာပဲ...။”

"ဟားဟားဟား...။”

ကောင်မလေးသည် သူမဘာသာ ပြောရင်း အလွန်ရယ်မောနေသဖြင့် ခါးပင် ကိုင်းသွားခဲ့ကာ သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပေါင်ကို ရိုက်ကာ ရယ်မောနေခဲ့လေ၏။

ဖန်းဟန်သည် သူမကြောင့် ရယ်ချင်သွားခဲ့ပြီး သူမ၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲလိမ်လိုက်လေသည်။

အနီးတွင် ရပ်နေသော လျူရူမေသည် အသစ်ချုပ်ထားသည့် အပြာရင့်ရောင် ဝါဂွမ်းဝတ်ရုံတစ်ထည်ကို ကိုင် ဆောင်ကာ လျှောက်လာခဲ့လေ၏။

သူမ၏ ပြည့်ဖြိုးလှပသော ခန္ဓာကိုယ်အချိုးအစားမှာ လရောင်အောက်တွင် ရင်သပ်ရှုမောဖွယ်ရာ ပေါ်လွင်နေခဲ့ လေသည်။

သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာနေမှု အနည်းငယ်ဖြင့် အဝတ်အစားများကို ဖန်းဟန်ထံသို့ ကမ်းပေးလိုက် လေ၏။

"ရာသီဥတုက အေးလာပြီ သခင်...၊ တော်မတော် ဝတ်ကြည့်လိုက်ပါဦး...။”

အပ်ချုပ်ရိုးများမှာ အသေးစိပ်ကျနေပြီး နေရာတိုင်းတွင် ထိုအမျိုးသမီး၏ နူးညံ့လှသော ခံစားချက်များကို ဖော်ပြနေလျက် ရှိလေသည်။

ဖန်းဟန်သည် မတ်တပ်ရပ်လိုက်ပြီး သူမကို အဝတ်အစားသစ်များ ဝတ်ဆင်ပေးစေလိုက်လေ၏။

အမျိုးသမီး၏ လက်ချောင်းထိပ်လေးများက သူ၏လည်ပင်းကို မတော်တဆ ထိမိသွားချိန်တွင် အေးစိမ့်သော ခံစားမှုကို ရရှိလိုက်လေသည်။

ဤသည်က လျူရူမေကို ချက်ချင်းပင် မျက်နှာနီမြန်းသွားစေခဲ့ပြီး သူမသည် ခြေတစ်ဝက်ခန့် နောက်ဆုတ်ကာ ခေါင်းကို ငုံ့ထားလိုက်လေ၏။

မိမိကိုယ်ပိုင် ဆွဲဆောင်မှု အသီးသီးရှိကြသော်လည်း သူ၏အပေါ် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေကြသည့် သူ၏ရှေ့မှ လှပလွန်းသော အမျိုးသမီးသုံးဦးကို ကြည့်ရင်း ဖန်းဟန်သည် အေးချမ်းမှုကို ခံစားလိုက်ရလေသည်။

ဤသည်မှာ အိမ်ပင် ဖြစ်ပေသည်။

...

တစ်နေ့တွင်မူ ကောင်းကင်ကြီးမှာ မြင့်မားနေပြီး တိမ်တိုက်များမှာလည်း ပါးလွှာနေခဲ့လေ၏။

ရွာအသီးသီးတွင် ထွန်ကွေးကို အသုံးပြုနေမှုအား ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန်နှင့် ပြည်သူများကို စိတ်အေးချမ်းစေရန်အတွက် ဖြစ်ပေသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ရှန့်ကွမ်းသည် အစောင့်အနည်းငယ်နှင့်အတူ ကျေးလက်ဒေသသို့ ပေါ့ပါးစွာဖြင့် စစ်ဆေးရေး ထွက်လာခဲ့လေ၏။

လယ်ကွင်းများထဲတွင် အသစ်ထွန်ယက်ထားသော မြေသားတန်းများနှင့် ပြည်သူများ၏ မျက်နှာပေါ်မှ ရိုးသား လှိုက်လှဲသော အပြုံးများကို ကြည့်ရင်း၊ ရှန့်ကွမ်းသည် လွန်ခဲ့သောရက်များက ပင်ပန်းနွမ်းနယ်မှုများ အားလုံး လွင့်စင်သွားသကဲ့သို့ ခံစားရကာ အလွန်ပင် စိတ်ကြည်နူးနေခဲ့လေသည်။

အပြန်ခရီးတွင်မူ မြင်းလှည်းသည် 'ဝိညာဉ်ကြွေ တောင်စောင်း' ဟုခေါ်သော လူသူအရောက်အပေါက်နည်းသည့် တောင်ကြားလမ်းတစ်ခုသို့ ရောက်ရှိလာခဲ့လေ၏။

ဤနေရာမှာ တစ်ဖက်တစ်ချက်စီတွင် တောင်တန်းများ ဝန်းရံနေပြီး အလယ်တွင် ကျဉ်းမြောင်းသော မြေသား လမ်းလေးတစ်ခုသာ ရှိလေသည်။ ထူထပ်သော သစ်တောကြီးက နေရောင်ခြည်ကို ကွယ်ထားသဖြင့် အထူးသဖြင့် မည်းမှောင်နေပုံ ပေါက်နေခဲ့ပေသည်။

မြင်းလှည်းသည် တောင်ကြားလမ်း၏ အကျဉ်းဆုံးနေရာသို့ ရောက်ရှိသွားချိန်တွင်ပင် ရုတ်တရက် အပြောင်း အလဲတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

"ရွှီး... ရွှီး... ရွှီး...။”

မည်သည့်သတိပေးချက်မျှ မရှိဘဲ စူးရှသော အသံတစ်ခုက နှစ်ဖက်စလုံးရှိ ထူထပ်သော တောအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ ကျိုင်းကောင်အုပ်ကြီး တစ်ခုကဲ့သို့ သိပ်သည်းလှသော မြားတံများက သေမင်းတမန် အူသံများနှင့်အတူ ကောင်းကင်မှ ရွာချလာကာ သေးငယ်သော ခရီးသွားအဖွဲ့ကို လုံးဝ ဖုံးလွှမ်း သွားခဲ့လေသည်။

"ချုံခိုတိုက်ခိုက်ခံရပြီ...။ လူကြီးမင်းကို ကာကွယ်ကြ...။”

အငိုက်မိသွားသော အစောင့်များမှာ ထိတ်လန့်တကြား အော်ဟစ်ချိန်သာ ရလိုက်ပြီး သူတို့အားလုံး မြားမှန်သွား ကြလေတော့သည်။

သူတို့သည် အော်ဟစ်ကာ မြင်းပေါ်မှ လဲကျသွားကြလေ၏။ သွေးများက မြေသားလမ်းကို ချက်ချင်းပင် နီရဲသွားစေခဲ့သည်။

မြင်းလှည်းကို ဆွဲနေသော မြင်းများမှာလည်း လန့်ဖျပ်သွားကြပြီး ဟီသံများနှင့်အတူ ရှေ့ခြေထောက်များ မြှောက် ကုန်ကြလေ၏။ မြင်းလှည်းမောင်းသူမှာလည်း လည်ချောင်းကို ချွန်ထက်သော မြားတစ်စင်း ဖောက်ဝင်သွားကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားခဲ့လေသည်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေသည်။

မြားမိုးများ ရပ်တန့်သွားသောအခါ တောင်ကြားလမ်းမှာ ရှုပ်ပွနေပြီး ရှန့်ကွမ်း တစ်ဦးတည်းသာ ကျန်ရစ်တော့ ၏။

ထိုယိမ်းယိုင်နေသော မြင်းလှည်းအတွင်း၌ ဖြစ်လေသည်။

"ရွှပ်... ရွှပ်...။”

တောအုပ်ထဲမှ သံချပ်ကာအင်္ကျီများ ပွတ်တိုက်သံများ ထွက်ပေါ်လာပြီးနောက် မျက်နှာများကို အနက်ရောင် အဝတ်များဖြင့် ဖုံးအုပ်ထားကာ ထက်မြက်သော ဓားများကို ကိုင်ဆောင်ထားသည့် ရက်စက်ကြမ်းကြုတ်သော ဓားပြ ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့လေ၏။

သူတို့သည် တောအုပ်ထဲမှ တစ္ဆေများကဲ့သို့ ထွက်ပေါ်လာကြပြီး မြင်းလှည်းကို ဝိုင်းရံလိုက်ကြလေသည်။

ဓားသွားများမှာ ကြမ်းကြုတ်စွာ တောက်ပနေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့ပေသည်။

ရှန့်ကွမ်း၏ မျက်နှာမှာ သေလုမတတ် ဖြူဖျော့နေသော်လည်း သူ၏မျက်လုံးများထဲတွင် မည်သည့် ကြောက်ရွံ့ မှုမျှတော့ ရှိမနေခဲ့ပေ။

သူသည် လှည်းတံခါးကို အရှိန်ဖြင့် ဖွင့်ချလိုက်ကာ မိမိကိုယ်ကိုယ် ကာကွယ်ရန် ပညာတတ်များ ကိုင်ဆောင်လေ့ ရှိသည့် ဓားတစ်လက်ကို ဆုပ်ကိုင်ရင်း မားမားမတ်မတ် ရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

"နေရောင်အောက် ကောင်းကင်ကြီးအောက်မှာ...၊ မင်းတို့ အကောင်တွေက နန်းတော်က အရာရှိတစ်ယောက်ကို လုပ်ကြံရဲတဲ့အထိ သတ္တိရှိလှချည်လား...။”

ဓားပြခေါင်းဆောင်မှာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိပြီး ကြွက်တစ်ကောင်ကို ကစားနေသည့် ကြောင်တစ် ကောင်ကဲ့သို့ ရက်စက်သော အကြည့်များ ရှိနေလေသည်။

သူသည် အက်ကွဲပြီး ရက်စက်သောအသံဖြင့် ရယ်မောလိုက်လေ၏။

"သခင်ကြီးရှန့်...၊ အော်မနေပါနဲ့တော့...။ ခင်ဗျား လည်ချောင်းကွဲမတတ် အော်နေရင်တောင် ဘယ်သူမှ လာ ကယ်မှာ မဟုတ်ဘူး...။”

"ကျုပ်တို့က ဓားပြတွေ မဟုတ်ဘူး...။”

ဓားပြခေါင်းဆောင်သည် ရှေ့သို့ ခြေနှစ်လှမ်း တိုးလာခဲ့ရာ သူ၏လက်ထဲရှိ ကွင်းတပ်ဓားကြီးမှာ နေရောင်အောက် တွင် အေးစက်စွာ တောက်ပနေခဲ့လေ၏။

"ကျုပ်တို့က အကြွေးလာတောင်းရုံတင်ပဲ...။”

ရှန့်ကွမ်း၏ နှလုံးသားမှာ လေးလံသွားခဲ့ပြီး ပြတ်သားစွာ မေးခွန်းထုတ်လိုက်လေသည်။

"ငါက မင်းတို့ကို ဘယ်တုန်းက အကြွေးတင်ဖူးလို့လဲ...။”

"ခင်ဗျားက ကျုပ်တို့ကို ဘာမှ အကြွေးမတင်ပါဘူး...။ ဒါပေမဲ့ ခင်ဗျားက တစ်ယောက်ယောက်ရဲ့ အသက်ရှင်သန် ဖို့ လမ်းစကို ဖြတ်တောက်လိုက်တဲ့အတွက် ခင်ဗျားရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်...။”

ဓားပြခေါင်းဆောင်၏ အသံမှာ ရေခဲတမျှ အေးစက်နေခဲ့လေ၏။

"ရှန့်ကွမ်း...၊ တစ်ယောက်ယောက် ပိုက်ဆံရှာမယ့်လမ်းကို ပိတ်ပင်ခဲ့တဲ့ ခင်ဗျားကိုယ်ခင်ဗျားပဲ အပြစ်တင်လိုက် တော့...။ ငြိမ်းချမ်းစွာ အနားယူလိုက်ပါ...။ နောက်နှစ် ဒီနေ့ရောက်ရင်တော့ ခင်ဗျားအတွက် ငွေစက္ကူတွေ ပိုပြီး မီးရှို့ပေးဖို့ ကျုပ်တို့ မှတ်ထားပါ့မယ်...။”

သူ စကားပြော၍ပင် မဆုံးမီ ဓားပြခေါင်းဆောင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင် တစ်ခု လက်ကနဲ ဖြစ်သွားခဲ့လေ၏။

အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားခဲ့၏။

ရှန့်ကွမ်းသည် သူ၏လည်ပင်းတွင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရလေသည်။ သူ၏မျက်လုံးများ ပြူးကျယ် သွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုများ ဖြစ်ပေါ်နေခဲ့လေ၏။

သူသည် တစ်စုံတစ်ခု ပြောရန် ကြိုးစားလိုက်သော်လည်း လည်ချောင်းထဲမှ အက်ကွဲသံတစ်ခုသာ ထွက်ပေါ်လာ ပြီး သွေးများက စမ်းရေတစ်ခုကဲ့သို့ ပန်းထွက်လာခဲ့လေသည်။

သူ၏ မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ ယိမ်းယိုင်သွားခဲ့ပြီး နောက်ဆုံးတွင် အကူအညီမဲ့စွာဖြင့် နောက်သို့ လဲကျ သွားကာ သွေးအိုင်ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့လေတော့သည်။

တစ်ချိန်က ယဉ်ကျေးသိမ်မွေ့မှုများနှင့် ရည်မှန်းချက်များ ပြည့်နှက်နေခဲ့သော ထိုမျက်လုံးများမှာ ယခုအခါ ပြူးကျယ်လျက် ရှိနေခဲ့လေ၏။

သူသည် တစ်ချိန်က သူ၏ဘဝတစ်လျှောက်လုံး ကာကွယ်ပေးလိုခဲ့သော ပြာလဲ့နေသည့် ကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့လေသည်။

သူသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်လျက်ပင် သေဆုံးသွားခဲ့လေတော့သည်။

...

ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ နောက်ဖေးခြံဝင်းအတွင်း၌ ဖြစ်လေသည်။

နန်ကုန်းယွင်ရှူသည် သူမ၏ ကျက်သရေရှိလှသော အိပ်ခန်းဆောင်အတွင်း၌ စောင်းတီးနေခဲ့လေ၏။

တောင်တန်းများကြားမှ စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းလှသော စောင်းသံက ပိုင်ရှင် ဖြစ်သူ၏ အေးချမ်းနေသော စိတ်အခြေအနေကို ဖော်ပြနေလျက် ရှိလေသည်။

ရုတ်တရက် သူမသည် မမြင်ရသော အပ်တစ်ချောင်းက သူမ၏ နှလုံးသားကို ထိုးဖောက်သွားသကဲ့သို့ ခံစား လိုက်ရပြီး စူးရှသော နာကျင်မှုကြောင့် အသက်ရှူပင် မှားသွားခဲ့ရလေ၏။

"ဒေါင်...။”

စူးရှသော အသံနှင့်အတူ သူမ၏ လက်ချောင်းများအောက်ရှိ စောင်းကြိုးတစ်ချောင်းမှာ ပြတ်တောက်သွားခဲ့ လေတော့သည်။

ဂီတသံမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့၏။

နန်ကုန်းယွင်ရှူသည် ပြတ်တောက်သွားသော စောင်းကြိုးကို ငေးမောကြည့်နေခဲ့ပြီးနောက် ရင်ခုန်မြန်နေသော သူမ၏ ရင်ဘတ်ကို ကိုင်လိုက်လေသည်။

အသက်ရှူကျပ်မတတ် ပြင်းထန်လှသော စိုးရိမ်ပူပန်မှုတစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့လေ၏။ သူမသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ အမြန်လျှောက်သွားကာ မြို့ပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ထိုအလွန်တင့်တယ်လှပသော မျက်နှာလေးထံမှ သွေးရောင်များ တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့လေ၏။

*တစ်ခုခုတော့ ဖြစ်နေပြီ…။*

*တစ်ခုခုတော့ သေချာပေါက် ဖြစ်သွားပြီ…။*

All Chapters