← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈)

သခင်မ... ပြေးပါတော့...

ညနေစောင်းချိန်သို့ ရောက်ရှိလာသောအခါ နေဝင်ဆည်းဆာ၏ ရောင်နီက ချင်းရှီးခရိုင်ရှိ အိမ်ခေါင်မိုးစွန်းများကို ရွှေရောင်တစ်လွှာ ဖုံးအုပ်ပေးထားလေ၏။

လယ်ကွင်းများထဲမှ လယ်သမားများသည် အလုပ်သိမ်းခါစဖြစ်ပြီး သူတို့၏မျက်နှာများပေါ်တွင် အထွက်တိုးမည့် ဆောင်းဦးရာသီကို မျှော်လင့်နေကြသည့် အရိပ်အယောင်များ ရှိနေဆဲပင် ဖြစ်လေသည်။

ခရိုင်မြို့တော်အတွင်းရှိ အိမ်တိုင်း၏ မီးခိုးခေါင်းတိုင်များမှ မီးခိုးငွေ့များ လွင့်ပျံတက်နေပြီး ငြိမ်းချမ်းတိတ်ဆိတ် သော လေထုတစ်ခုကို ဖန်တီးပေးနေလေ၏။

ရုတ်တရက် အပြင်းနှင်လာသော မြင်းခွာသံများက တဖြည်းဖြည်း ကျယ်လောင်လာကာ ထိုတိတ်ဆိတ်မှုကို ရိုက်ချိုးပစ်လိုက်လေသည်။

"ဟေ့..၊ ဖယ်ကြ...။. ဖယ်ကြ...။”

တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသော မြင်းတစ်ကောင်သည် ခရိုင်မြို့တော်အတွင်းသို့ ရူးသွပ်နေသည့်အလား ပြေးဝင်လာခဲ့လေ၏။ မြင်းပေါ်တွင်မူ သွေးများပေကျံနေသော အစောင့်တစ်ဦးက စုတ်ပြတ်နေသော အိတ်တစ် လုံးကဲ့သို့ ကုန်းနှီးပေါ်တွင် မှောက်လျက် ပါလာခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်တွင် မြားအတော်များများ စိုက်ဝင်နေပြီး မြားတောင်များမှာ အနည်းငယ် တုန်ယင်နေဆဲပင် ဖြစ် ချေသည်။

သူသည် သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားကိုသုံး၍ မြင်းဇက်ကြိုးကို ဆွဲလိုက်လေ၏။

စစ်မြင်းကြီးသည် သနားဖွယ်ကောင်းစွာ ဟီမြည်လျက် ရှေ့ခြေနှစ်ဖက် ပင့်မြှောက်သွားရာ သူ့ကို ပစ်ချလိုက် တော့မတတ် ဖြစ်သွားခဲ့လေသည်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံး အပေါက်ဝတွင် ကင်းစောင့်နေသော ရုံးစေများမှာ ထိတ်လန့်သွားကြပြီး ရှေ့သို့ ပြေးထွက် လာကြလေ၏။

"ဘာဖြစ်လာတာလဲ...။”

အစောင့်၏ မျက်နှာမှာ သွေးရောင်လုံးဝ မရှိတော့ဘဲ ပါးစပ်မှလည်း သွေးများ အဆက်မပြတ် ပန်းထွက်နေခဲ့လေ သည်။

သူသည် ရုံးစေတစ်ဦး၏ ကော်လာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ နောက်ဆုံးကျန်ရှိသော အင်အားဖြင့် လည်ချောင်းထဲမှ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်လေ၏။

"သခင်ကြီး...၊ လုပ်ကြံခံလိုက်ရပြီ...။”

စကားပင် ဆုံးအောင် မပြောနိုင်လိုက်ဘဲ သူ၏ ခေါင်းမှာ ဘေးသို့ ကျသွားကာ မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားခဲ့လေတော့သည်။

*ဝုန်း…*

ထိုစကားလုံးများမှာ ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သည့်အလား ခရိုင်အုပ်ချုပ်ရေးမှူးရုံး အပေါက်ဝတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့လေ၏။

ခရိုင်အုပ်ချုပ်ရေးမှူးရုံး တစ်ခုလုံးမှာ ပွက်ပွက်ဆူနေသော ဆန်ပြုတ်အိုးတစ်အိုးကဲ့သို့ ချက်ချင်းပင် ကမောက် ကမ ဖြစ်သွားခဲ့လေသည်။ ရုံးစေများမှာ ထိတ်လန့်တကြား ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး မှတ်တမ်းအရာရှိနှင့် အခြားအရာရှိများလည်း သူတို့၏ ရုံးခန်းအသီးသီးမှ ပြေးထွက်လာခဲ့ကြလေ၏။

သူတို့၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့ပေသည်။

"ဘာ...။”

"မဖြစ်နိုင်တာ...။ သခင်ကြီးက ဒီနေ့မနက်ကမှ အပြင်ထွက်သွားတာလေ...။”

"တောင်ပေါ်ဓားပြတွေလား...၊ ဘယ်လို ဓားပြမျိုးက ဒီလောက်တောင် ရဲတင်းရတာလဲ...။”

ထိတ်လန့်မှုသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့လေ၏။

ထိုစဉ်မှာပင် မြင်းခွာသံများ ထပ်မံထွက်ပေါ်လာခဲ့လေသည်။

ဤတစ်ကြိမ်တွင် မြင်းခွာသံမှာ အလျင်စလို မဟုတ်သလို နှေးကွေးခြင်းလည်း မရှိဘဲ ကြက်သီးထဖွယ် မောက်မာမှုတစ်ခု ပါဝင်နေခဲ့လေ၏။

လူအုပ်ကြီးသည် အသံလာရာဆီသို့ ကြည့်လိုက်ကြရာ မြင့်မားသော မြင်းတစ်ကောင်ကို စီးနင်းလာသည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရလေသည်။

သူသည် ခရိုင်အုပ်ချုပ်ရေးမှူးရုံး အပေါက်ဝသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့လေ၏။ သူ၏ မျက်နှာကို အနက် ရောင်အဝတ်ဖြင့် ဖုံးကွယ်ထားပြီး အေးစက်ကာ ရက်စက်သော မျက်လုံးတစ်စုံကိုသာ မြင်တွေ့နေရလေသည်။

သူသည် ဘာမျှမပြောဘဲ ကုန်းနှီးဘေးမှ သွေးများပေကျံနေသော အထုပ်တစ်ထုပ်ကို ယူကာ ပစ်ချလိုက်လေ၏။

ထိုအထုပ်မှာ လေထဲတွင် သွေးရောင်မျဉ်းကွေးတစ်ခုကို ရေးဆွဲသွားပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ကျောက်သားလှေကားထစ်များပေါ်သို့ ဘုတ်ခနဲ အသံမည်ကာ ပြုတ်ကျသွားခဲ့လေသည်။

အထုပ်မှာ အနည်းငယ် လိမ့်သွားပြီးနောက် ပြေကျသွားခဲ့၏။

ထိုအထုပ်ထဲမှ လူဦးခေါင်းတစ်လုံး လိမ့်ထွက်လာခဲ့လေသည်။

ထိုခေါင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်နှာပေါ်တွင် သေဆုံးချိန်က အံ့သြထိတ်လန့်မှုနှင့် နာကြည်း မှုများ ရှိနေဆဲပင် ဖြစ်ချေသည်။

၎င်းမှာ အခြားသူမဟုတ်ဘဲ ချင်းရှီးခရိုင်၏ အနာဂတ်အတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်နေခဲ့သော ခရိုင်အုပ်ချုပ်ရေးမှူး ရှန့်ကွမ်း ပင် ဖြစ်လေတော့သည်။

ထိုအချိန်တွင် အချိန်များပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့ရလေ၏။

လူတိုင်းမှာ ကြက်သေ သေသွားကြပြီး ရင်းနှီးသော်လည်း မရင်းနှီးသကဲ့သို့ ဖြစ်နေသော ထိုဦးခေါင်းကို စူးစိုက် ကြည့်နေမိကြလေသည်။

ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး ချက်ချင်းပင် ခဲသွားသကဲ့သို့ ခံစားလိုက်ကြရလေ၏။

အရိုးခိုက်မတတ် အေးစိမ့်မှုတစ်ခုက ခြေဖဝါးမှသည် ငယ်ထိပ်အထိ တိုက်ရိုက် ရောက်ရှိသွားခဲ့ပေသည်။

ဤသည်မှာ ဓားပြမှု မဟုတ်ပေ။ ဤသည်မှာ ရန်စခြင်း ဖြစ်လေသည်။ ဤသည်မှာ အင်အားပြခြင်း ဖြစ်ပေ၏။ ဤသည်မှာ ချင်းရှီးခရိုင် အုပ်ချုပ်ရေးမှူးရုံး တစ်ခုလုံးကို အဆိုးရွားဆုံး စော်ကားလိုက်ခြင်းပင် ဖြစ်ချေသည်။

"အား...။”

စူးရှလှသော အော်ဟစ်သံတစ်ခုက အနောက်ဘက်ခန်းမဆောင်မှ ထွက်ပေါ်လာခဲ့လေသည်။

နန်ကုန်းယွင်ရှူသည် သူမ၏ ကိုယ်ပိုင်အစေခံမလေး၏ တွဲကူမှုဖြင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော နှလုံးသားဖြင့် အိပ်ခန်းထဲမှ လျှောက်ထွက်လာခဲ့လေ၏။

ထို့နောက်တွင်မူ သူမ၏ ဝိညာဉ်ကိုပင် ကြေမွသွားစေမည့် မြင်ကွင်းကို မြင်တွေ့လိုက်ရလေတော့သည်။

သူမ၏ ခင်ပွန်း...

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပြည်သူလူထုကို ကယ်တင်နိုင်ရေးအတွက် သူမ၏ရှေ့တွင် ကလေးတစ် ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေခဲ့သော အမျိုးသား။

ယမန်နေ့ညကပင် မီးခွက်အောက်တွင် သူမနှင့်အတူ သူတို့၏ အနာဂတ်ကို ပုံဖော်ရေးဆွဲနေခဲ့သော အမျိုးသား။

ထိုအချိန်တွင်မူ အေးစက်ပြီး သွေးများပေကျံကာ စုတ်ပြတ်နေသော ဦးခေါင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ လေပြီ။

နန်ကုန်းယွင်ရှူမှာ မျက်စိရှေ့တွင် အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ အသံများနှင့် အရောင်အသွေးများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေ၏။

သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး ထိုနေရာတွင်ပင် မေ့လဲသွားခဲ့လေတော့သည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း နန်ကုန်းယွင်ရှူသည် ဖြည်းညင်းစွာ နိုးလာခဲ့လေ၏။ စိတ် တည်ငြိမ်စေသော နံ့သာပေါင်းအနံ့က သူမ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသော်လည်း သွေးညှီနံ့များက သူမ၏ ဝိညာဉ်ထဲအထိ စွဲကပ်နေသကဲ့သို့ ဖယ်ရှားပစ်ရန် မဖြစ်နိုင်တော့ပေ။

"သခင်မ...၊ သခင်မ နိုးလာပြီလား...။”

အစေခံမလေးသည် ငိုယိုလျက် သူမဘေးသို့ ပြေးလာခဲ့လေသည်။

နန်ကုန်းယွင်ရှူသည် မငိုသလို ရုန်းရင်းဆန်ခတ်လည်း မလုပ်ခဲ့ပေ။

သူမသည် ခုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး လွတ်ဟာနေသော သူမ၏ မျက်ဝန်းများက ခေါင်း အထက်ရှိ ဇာခြင်ထောင်ကိုသာ စိုက်ကြည့်နေခဲ့လေ၏။

သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များ တိတ်ဆိတ်စွာ စီးကျလာပြီး ခေါင်းအုံးစွပ်ကို စိုရွှဲသွားစေခဲ့သည်။ သူမ၏ နှလုံးသားမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပေ၏။

သို့သော် သူမ၏ စိတ်မှာမူ ယခင်ကထက် ပို၍ ရှင်းလင်းနေခဲ့လေသည်။

*တောင်ပေါ်ဓားပြတွေ ဟုတ်လား...။*

*မဟုတ်ဘူး...။*

ချင်းရှီးခရိုင်တစ်ဝိုက်ရှိ ဓားပြများမှာ အသက်မရှင်နိုင်တော့သဖြင့် ဓားပြလုပ်နေကြရသည့် ဒုက္ခသည်များသာ ဖြစ်ပြီး ကောင်းမွန်သော လက်နက်များပင် မရှိကြပေ။

သူမ ခင်ပွန်း၏ အစောင့်တပ်ကို မျက်စိတစ်မှိတ်အတွင်း မည်သို့ အမြစ်ပြတ် တိုက်ခိုက်နိုင်ပါမည်နည်း။

အင်ပါယာ၏ အရာရှိတစ်ဦး၏ ဦးခေါင်းကို ခရိုင်အုပ်ချုပ်ရေးမှူးရုံး အပေါက်ဝတွင် ပစ်ချရဲလောက်အောင်၊ မိသားစုတစ်ခုလုံး သုတ်သင်ခံရမည့် ဤမျှ ကြီးလေးသော ပြစ်မှုကို သူတို့ ဘယ်လိုလုပ် ကျူးလွန်ရဲပါမည်နည်း။

*ဘယ်သူလဲ...*

* ငါ့ခင်ပွန်းကို အရိုးထဲထိ စွဲအောင် မုန်းတီးနေသူက ဘယ်သူလဲ...။*

*ငါ့ ခင်ပွန်းရဲ့ လုပ်ရပ်များကြောင့် ဝင်ငွေလမ်းကြောင်း ပိတ်သွားသူက ဘယ်သူလဲ...။*

*လီမိသားစု...၊ ဝမ်မိသားစုနဲ့ ဘေးဒုက္ခတွေကြားထဲကနေ ကြီးပွားချမ်းသာဖို့လောက်ပဲ စိတ်ကူးရှိကြတဲ့ ဒေသခံ သူဌေးတွေနဲ့ အာဏာရှိတဲ့ မိသားစုတွေပဲ ဖြစ်ရမယ်...။*

*သူတို့ပဲ...။*

*သူတို့ပဲ ဖြစ်ရမယ်...။*

ကြက်သီးထဖွယ်ကောင်းသော အမုန်းတရားတစ်ခုက နန်ကုန်းယွင်ရှူ၏ နှလုံးသား နက်ရှိုင်းရာမှ ရူးသွပ်စွာ ပေါက်ကွဲထွက်လာခဲ့လေ၏။

ထိုစဉ်မှာပင် ဆူညံသော ခြေသံများက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။ သစ္စာရှိသော အစောင့် အိုကြီးတစ်ဦးသည် စိုးရိမ်မှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြေးဝင်လာခဲ့လေ၏။

"သခင်မ...၊ ဒုက္ခပါပဲ...။ လီမိသားစုနဲ့ ဝမ်မိသားစုက အစေခံ ရာချီပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို...။ ဝိုင်းထားကြ တယ်...။”

"သူတို့က သခင်ကြီး သေဆုံးသွားတာကို ကြားလို့ သခင်မနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ကာကွယ်ပေးဖို့၊ ဓားပြ တွေ ထပ်လာမနှောင့်ယှက်အောင်လို့ လာတာလို့ ပြောနေကြတယ်...။”

*ကာကွယ်ပေးဖို့ ဟုတ်လား...။*

နန်ကုန်းယွင်ရှူသည် စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်လေ၏။

ဤသည်မှာ ကာကွယ်ခြင်း မဟုတ်ဘဲ နေအိမ်အကျယ်ချုပ် ဖမ်းဆီးခြင်းသာ ဖြစ်ပေသည်။ ဤသည်မှာ စောင့်ကြည့်ခြင်းသာ ဖြစ်လေ၏။

သူတို့က သူမ၏ ခင်ပွန်းကို သတ်ခဲ့ပြီးပြီဖြစ်ရာ နောက်ထပ် ပစ်မှတ်မှာ သူမပင် ဖြစ်ပေမည်။

သူမသည် ရှန့်ကွမ်း၏ ဇနီး ဖြစ်လေသည်။

သူမ အသက်ရှင်နေသရွေ့ သူတို့လည်း ဘယ်တော့မှ စိတ်အေးလက်အေး စားသောက် အိပ်စက်နိုင်ကြမည် မဟုတ်ပေ။

*ငါတို့ သွားရမယ်...။*

*ချက်ချင်း...၊ အခုချက်ချင်းပဲ...။*

နန်ကုန်းယွင်ရှူသည် ခုတင်ပေါ်မှ ရုတ်တရက် ထိုင်လိုက်လေရာ ယခင်က နူးညံ့ခဲ့သော သူမ၏ မျက်ဝန်းများတွင် ယခုအခါ အေးစက်မှုနှင့် ပြတ်သားမှုများ ပြည့်နှက်နေခဲ့လေပြီ။

"အနောက်ပေါက်ကို သွားပြီး အစုတ်ချာဆုံး ရထားလုံးတစ်စီး ပြင်ထားပါ...။ မြန်မြန်လုပ်...။”

သူမသည် ငြင်းဆန်၍ မရသော လေသံဖြင့် အစောင့်အိုကြီးအား အမိန့်ပေးလိုက်လေ၏။

ညဉ့်နက်နေပြီဖြစ်ကာ မှောင်မည်းပြီး လေတိုက်နေခဲ့လေသည်။

နန်ကုန်းယွင်ရှူသည် ကြမ်းတမ်းသော လျှော်တေအဝတ်အစားကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ဆံပင်ကို ပေါ့ပေါ့ ပါးပါး ထုံးဖွဲ့ကာ အိုးမည်းအချို့ကို သူမ၏ မျက်နှာပေါ်တွင် သုတ်လိမ်းလိုက်လေ၏။

ကျန်ရှိနေသော သစ္စာရှိ အစောင့်နှစ်ဦး၏ အကာအကွယ်ဖြင့် သူမသည် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ အနောက် ပေါက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့လေသည်။

"သခင်မ...၊ လီမိသားစုက အနောက်ဘက်ခြံကို စရှာနေကြပြီ.... ကျွန်တော့်ညီနဲ့ ကျွန်တော်က သခင်မအတွက် လမ်းရှင်းပေးမယ်...၊ သခင်မ...၊ သခင်မ အသက်ရှင်အောင် နေပြီး သခင်ကြီးအတွက် ကလဲ့စားချေပေးပါ...။”

ခက်ထန်ပြတ်သားသော အကြည့်များဖြင့် အစောင့်နှစ်ဦးသည် နန်ကုန်းယွင်ရှူကို နက်ရှိုင်းစွာ အရိုအသေ ပေးလိုက်ကြလေ၏။

နန်ကုန်းယွင်ရှူ၏ မျက်လုံးများမှာ နီရဲနေခဲ့လေသည်။ သူမသည် အံကြိတ်ကာ ခေါင်းညိတ်ပြလိုက်လေ၏။

"သွားမယ်...။”

အနောက်ပေါက် တံခါးမှာ ရုတ်တရက် ပွင့်သွားခဲ့လေသည်။

"ဘယ်သူတွေလဲ...။”

အနောက်ပေါက်ကို စောင့်နေသော အစေခံများမှာ ချက်ချင်းပင် သတိဝင်သွားကြပြီး မေးမြန်းလိုက်ကြလေ၏။

"သတ်...။”

ဟိန်းဟောက်သံနှင့်အတူ အစောင့်နှစ်ဦးသည် တောင်ပေါ်မှ ဆင်းလာသော ကျားရိုင်းများကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြပြီး သူတို့၏ ဓားများကို တုံ့ဆိုင်းမှုမရှိဘဲ ဝှေ့ယမ်းလိုက်ကြလေသည်။

ဓားချင်းထိခိုက်သံများနှင့် နာကျင်စွာ အော်ဟစ်သံများက ည၏ တိတ်ဆိတ်မှုကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက် လေ၏။

"မြန်မြန်...၊ သခင်မ...၊ ရထားလုံးပေါ် တက်ပါ...။”

ကျောဘက်တွင် ဓားခုတ်ခံလိုက်ရသော်လည်း အစောင့်တစ်ဦးက နန်ကုန်းယွင်ရှူအတွက် ရထားလုံးတံခါးကို ဖွင့်ပေးခဲ့လေသည်။

မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် နန်ကုန်းယွင်ရှူသည် စုတ်ပြတ်နေသော ရထားလုံးပေါ်သို့ ခုန်တက်လိုက်ရာ ရထားထိန်းက မြင်း၏တင်ပါးကို ကြာပွတ်ဖြင့် ရိုက်ချလိုက်လေ၏။

"သွား...။”

ရထားလုံးမှာ ရုတ်တရက် ရှေ့သို့ ထွက်သွားပြီး ကြမ်းတမ်းသော မြေသားလမ်းတစ်လျှောက် ရူးသွပ်စွာ ပြေးနှင်သွားခဲ့လေသည်။

"ဒုက္ခပါပဲ...၊ ဟိုမိန်းမ ပြေးသွားပြီ...။”

"မြန်မြန်...၊ သူ့နောက် လိုက်ကြ...။ သူ့ကို အလွတ်မပေးနဲ့...၊ သတ်ပစ်လိုက်...။”

သူမနောက်တွင်မူ မီးရှူးတိုင်များနှင့် သံမဏိဓားများကို ကိုင်ဆောင်ထားသော လူဆိုးလူမိုက် ဆယ်ဂဏန်းကျော် ခန့် ရပ်နေကြလေသည်။

ငရဲပြည်မှ တွားသွားထွက်လာသော မိစ္ဆာများကဲ့သို့ သူတို့သည် ကောင်းကင်ကိုပင် တုန်ခါသွားစေမည့် ကြွေးကြော်သံများနှင့်အတူ အဆက်မပြတ် လိုက်လံ ဖမ်းဆီးကြလေတော့သည်။

ရထားလုံးမှာ အမှောင်ထုထဲတွင် အပြင်းနှင်နေပြီး ရထားထိန်း၏ စိတ်ထဲတွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိလေတော့သည်။

လျိုရှီးရွာ...

All Chapters