အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉)
ကျွန်မအတွက် လက်စားချေပေးပါ...
စုတ်ပြတ်နေသော မြင်းလှည်းလေးမှာ ကြမ်းတမ်းလှသည့် မြေသားလမ်းပေါ်တွင် ပြင်းထန်စွာ ဆောင့်ခုန်နေ လေ၏။
ပြင်းထန်သော တုန်ခါမှုတိုင်းက နန်ကုန်းယွင်ရှူ၏ နှလုံးသားကို လည်ချောင်းထဲမှ ထွက်ကျလာတော့မယောင် ခံစားနေရစေပေသည်။
လှည်း၏အပြင်ဘက်မှ သစ္စာရှိသော သက်တော်စောင့်နှစ်ဦး၏ နောက်ဆုံးဟစ်အော်သံများနှင့် လက်နက်ချင်း ရိုက်ခတ်သံများကို ကြားနေရလေသည်။
ထိုအသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပြီး မကြာမီမှာပင် စူးရှသော အော်ဟစ်သံတစ်ခုနှင့်အတူ အဆုံးသတ်သွားခဲ့ချေသည်။
“စွပ်...။”
ဤသည်မှာ ထက်ရှသော ဓားသွားက အသားကို ထိုးဖောက်သွားသည့် အသံပင် ဖြစ်လေ၏။
နန်ကုန်းယွင်ရှူသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်မိလေသည်။ သူမသည် နောက်ဆုံး သက်တော်စောင့် လဲကျသွားသည့် အသံကို ကြားလိုက်ရပေ၏။
ထို့နောက်တွင်မူ တဖြည်းဖြည်း နီးကပ်လာသော ဓားပြများ၏ ရိုင်းစိုင်းယုတ်မာလှသည့် ရယ်မောသံများနှင့် ဆဲရေးတိုင်းထွာသံများက ထွက်ပေါ်လာခဲ့လေသည်။
"ဟီးဟီး...၊ မိန်းမလှလေး...။ မပြေးပါနဲ့...၊ မင်းရဲ့ သခင်ကတော့ သွားနှင့်ပြီ...။ ငါတို့ ညီအစ်ကိုတွေနောက်သာ လိုက်ခဲ့ပါ...။ မင်းကို ပျော်ရွှင်စေရမယ်လို့ အာမခံတယ်...။”
"အစ်ကိုကြီး...၊ သူနဲ့ စကားပြောပြီး အချိန်ဖြုန်းမနေပါနဲ့...။ သူ့ကို ဖမ်းပြီး ပြန်ခေါ်သွားကြစို့...။ သူက ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ မိန်းမလေ...။ ကျွတ်ကျွတ်...၊ အဲဒီ ခန္ဓာကိုယ်နဲ့ အသားအရေက တကယ်ကို လှပမှာ သေချာ တယ်...။”
မြင်းခွာသံများ၊ ခြေသံများနှင့် ညစ်ညမ်းသော ရယ်မောသံများ...။
ထိုအရာများက ထိုးဖောက်မရနိုင်သော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ သူမကို အရပ်မျက်နှာအသီးသီးမှ ရစ်ပတ် လွှမ်းခြုံထားလေ၏။
သူမအတွက် မည်သည့်နေရာသို့မျှ သွားစရာလမ်း မရှိတော့ဘဲ ကောင်းကင်သို့လည်း မတက်နိုင်၊ မြေကြီးထဲသို့ လည်း မဝင်နိုင် ဖြစ်နေခဲ့ရပေသည်။
စိတ်ပျက်အားငယ်မှုများက အေးစက်လှသော ပင်လယ်ရေကဲ့သို့ သူမ၏ ပါးစပ်နှင့် နှာခေါင်းတို့ကို လွှမ်းမိုး သွားခဲ့ရာ အသက်ရှူပင် ကျပ်လာစေခဲ့လေသည်။
အသက် (၅၀) အရွယ် ရိုးသားသော လှည်းမောင်းသမားကြီးမှာလည်း သရဲတစ္ဆေတစ်ကောင်ကဲ့သို့ မျက်နှာ တစ်ခုလုံး ဖြူရော်နေခဲ့လေ၏။ သူ လုပ်နိုင်သမျှမှာ ကြာပွတ်ကို ရူးသွပ်စွာ ရမ်းခါရင်း မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေခြင်းသာ ဖြစ်ပေသည်။
"ဟေ့... ဟေ့...။”
"ထွက်ပြေးချင်နေတာလား...။”
ဓားပြခေါင်းဆောင်တစ်ဦးက မြန်ဆန်သော မြင်းကိုစီးကာ အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် မြင်းလှည်း ဘေးသို့ ရောက်ရှိလာခဲ့လေသည်။ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုနှင့် ရက်စက်မှုတို့ ရောယှက်နေသော အပြုံးတစ်ခု ရှိနေပြီး သူ၏လက်ထဲမှ သံမဏိဓားက လရောင်အောက်တွင် အေးစက်သော အလင်းတန်းတစ်ခုကို ဖန်တီးလိုက်လေ၏။
"အခုချက်ချင်း ရပ်လိုက်စမ်း...။”
သူသည် လှည်းမောင်းသမား၏ ကျောကို ဓားဖြင့် ခုတ်ချလိုက်လေသည်။
သို့သော် ဓားသွား ကျဆင်းလာတော့မည့် အချိန်၊ နန်ကုန်းယွင်ရှူ သေဆုံးရန် ပြင်ဆင်ကာ မျက်လုံးများကို မှိတ် လိုက်သည့် အချိန်မှာပင်...။
အမှောင်ထုထဲတွင် အလွန်တိုးညင်းပြီး သတိမထားမိလောက်သော ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ် လာခဲ့လေ၏။
“ဒုတ်...။
ထိုအသံမှာ လေးကြိုး သို့မဟုတ် ဒူးလေးသံတို့နှင့် မတူဘဲ ထူးဆန်းနေကာ မြက်ခင်းပေါ်သို့ မှည့်နေသော သစ်သီး တစ်လုံး ကျဆင်းသွားသည့်အလား တိုးညင်းလှပေသည်။
မြင်းပေါ်တွင် လှည်းမောင်းသမားကို သတ်ဖြတ်ရန် ပြင်နေသော ဓားပြခေါင်းဆောင်မှာ ယုတ်မာသော အပြုံးဖြင့် ရုတ်တရက် အေးခဲသွားခဲ့လေ၏။
မြှောက်ထားသော သူ၏ သံမဏိဓားမှာ လေထဲတွင် ရပ်တန့်သွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွား ခဲ့ပေသည်။ ထို့နောက် သူသည် မြင်းပေါ်မှနေ၍ တုံးတိတိအသံနှင့်အတူ ဖြောင့်တန်းစွာ လဲကျသွားခဲ့လေ တော့သည်။
သူ၏ နဖူးတည့်တည့်တွင်မူ သေးငယ်သော အပေါက်လေးတစ်ခုမှ သွေးများ ဖြည်းညင်းစွာ စီးကျနေခဲ့လေ၏။
မြင်းလှည်းဘေးမှ လိုက်ပါလာသူများအားလုံးမှာ မှင်တက်သွားခဲ့ကြလေသည်။
သူတို့သည် မြင်းများကို ရပ်တန့်လိုက်ကြပြီး ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြရာ ဓားကိုင် ထားသော သူတို့၏ လက်များမှာ အနည်းငယ် တုန်ယင်နေခဲ့ပေသည်။
"အစ်ကို...၊ အစ်ကိုကြီး...။”
"ဘာဖြစ်သွားတာလဲ...၊ ဘယ်သူလဲ...။ ဘယ်သူ မြားပစ်လိုက်တာလဲ...။”
"ဘာအသံမှ မကြားရဘူး...။ သရဲပဲ ဖြစ်ရမယ်...။”
အထိတ်တလန့်ဖြစ်နေသော တောခွေးအုပ်တစ်အုပ်ကဲ့သို့ သူတို့သည် မှောင်မိုက်နေသော တောအုပ်နှင့် ည ကောင်းကင်ယံဆီသို့ သူတို့၏ လက်နက်များကို ရူးသွပ်စွာ ဝှေ့ယမ်းနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် အမည်မသိ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့လေ၏။
သူတို့အတွက် တုံ့ပြန်မှုမှာ နောက်ထပ် တိုးညင်းသော အသံတစ်ခုပင် ဖြစ်ပေသည်။
“ဒုတ်...။”
အနီးဆုံးတွင်ရှိသော ဓားပြ၏ မျက်နှာပေါ်မှ ထိတ်လန့်နေသော အမူအရာပင် မပြောင်းလဲနိုင်သေးမီ သူ၏ မျက်ခုံးနှစ်ခုကြားတွင် သွေးသံရဲရဲ အပေါက်တစ်ခု ပေါ်လာခဲ့လေ၏။ သူသည် အသံတစ်ချက်ပင် မထွက်နိုင်ဘဲ မြေပြင်ပေါ်သို့ ပျော့ခွေစွာ လဲကျသွားခဲ့လေတော့သည်။
“ဒုတ်...။”
“ဒုတ်...။”
“ဒုတ်...။”
ထိုကြောက်မက်ဖွယ်ကောင်းပြီး သေစေနိုင်သော အသံမှာ သေမင်း၏ တီးတိုးသံကဲ့သို့ပင် ဖြစ်ချေသည်။
အမှောင်ထုထဲတွင် နာမည်ခေါ်ယူခြင်းကို စတင်လိုက်ပြီဖြစ်ပြီး ဤသည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်လှပေသည်။
အသံတစ်သံ ထွက်ပေါ်လာတိုင်း လိုက်လံဖမ်းဆီးသူတစ်ဦးမှာ ရှောင်လွှဲ၍မရဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရ လေ၏။
သူတို့သည် ရန်သူကိုပင် မမြင်နိုင်သလို မြားများ လာရာလမ်းကြောင်းကိုလည်း မရှာဖွေနိုင်ကြပေ။
သူတို့သည် အဖော်များ တစ်ယောက်ပြီးတစ်ယောက် တိတ်ဆိတ်စွာ သေဆုံးသွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေနိုင်ကြလေသည်။
ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်ဘဲ အသက်များကို ရိတ်သိမ်းနေခြင်းပင် ဖြစ်ပေတော့သည်။
"သရဲ...၊ သရဲတွေ ရှိတယ်...။”
တစ်စုံတစ်ယောက်က စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်ရာ ကျန်ရှိနေသော ဓားပြများ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များမှာ လုံးဝ ပြိုလဲသွားခဲ့လေတော့၏။
သူတို့သည် ဓားများကို လွှင့်ပစ်ကာ မြင်းများကို လှည့်၍ လာရာလမ်းအတိုင်း ငိုယိုအော်ဟစ်လျက် ထွက်ပြေးကြ လေတော့သည်။
သို့သော် သူတို့သည် ခြေလှမ်းအနည်းငယ်ထက် ပို၍ မပြေးနိုင်ခဲ့ကြပေ။
“ဒုတ်...။”
“ဒုတ်...။”
နောက်ဆုံး ထွက်ပေါ်လာသော တိုးညင်းသည့် အသံနှစ်သံက တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကို အဆုံးသတ်ပေးလိုက်လေ၏။
လောကကြီးတစ်ခုလုံးမှာ အဆုံးတွင်တော့ တိတ်ဆိတ်သွားခဲ့လေပြီ။
လှည်းမောင်းသမား၏ ပြင်းထန်သော အသက်ရှူသံများနှင့် မြင်း၏ ဂနာမငြိမ်သော နှာမှုတ်သံများသာ
ကျန်ရှိနေပေတော့၏။
လှည်းမောင်းသမားသည် ဇက်ကြိုးကို တုန်ယင်စွာ ဆွဲလိုက်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများ ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့လေသည်။
သေမင်းတမန် အမှောင်ထုကြီးကို သူ ထပ်မံကြည့်ရှုလိုက်သောအခါ အလွန်ထိတ်လန့်သွားခဲ့သဖြင့် မြေပြင်ပေါ် သို့ပင် လဲကျသွားတော့မတတ် ဖြစ်သွားခဲ့ရပေသည်။
“ရှပ်...။”
လမ်းဘေးရှိ အရိပ်ထဲမှ တိုးညင်းသော ခြေသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
အရပ်ရှည်ရှည်နှင့် ကြီးမားခန့်ညားသော ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့လေသည်။
ထိုသူမှာ ဖန်းဟန်ပင် ဖြစ်ပေတော့သည်။
မြင်းလှည်းမှာ နောက်ဆုံးတွင် ဖန်းမိသားစုခြံဝင်း၏ အဝင်ဝ၌ ရပ်တန့်သွားခဲ့လေ၏။
လှည်းလိုက်ကာမှာ ရုတ်တရက် ပွင့်သွားခဲ့ပြီး နန်ကုန်းယွင်ရှူမှာ ယိုင်နဲ့စွာဖြင့် လိမ့်ဆင်းလာခဲ့လေသည်။ သူမ၏ ကြမ်းတမ်းသော လျှော်တေအင်္ကျီများမှာ စုတ်ပြဲနေပြီဖြစ်ပြီး ရွှံ့များနှင့် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပေသည်။
အမြဲတမ်း သပ်ရပ်စွာ ဖြီးသင်ထားလေ့ရှိသော သူမ၏ ဆံကေသာမှာ ဖရိုဖရဲဖြစ်နေကာ စိုစွတ်နေသော ဆံစ အချို့မှာ သူမ၏ ပါးပြင်ပေါ်တွင် ကပ်နေခဲ့လေ၏။
အလွန်ပင် တင့်တယ်လှပလွန်းလှသော ထိုမျက်နှာလေးမှာ ယခုအခါ ပြာမှုန့်များနှင့် မျက်ရည်များကြောင့် ရှုပ်ပွနေခဲ့လေပြီ။
ပုံမှန်အားဖြင့် ရှိနေတတ်သော ကျက်သရေရှိမှုနှင့် မြင့်မြတ်မှုတို့မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုနှင့် ထိခိုက်လွယ်မှုတို့သာ ကျန်ရှိ နေတော့၏။
သူမ မော့ကြည့်လိုက်သောအခါ တံခါးဝတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်စစ်သည်တော်တစ်ဦး ကဲ့သို့ ရပ်နေသည့် 'နတ်လက်နက်' ကို ကိုင်ဆောင်ထားသော အမျိုးသားကို မြင်တွေ့လိုက်ရလေသည်။
ဗလာကျင်းနေသော သူမ၏ မျက်ဝန်းလေးများထဲတွင် အလင်းရောင်တစ်ချက် နောက်ဆုံး၌ ပြန်လည်တောက်ပ လာခဲ့ပေသည်။
ဤသည်မှာ သူမအတွက် နောက်ဆုံးနှင့် တစ်ခုတည်းသော အသက်ကယ်ကြိုးပင် ဖြစ်ချေသည်။
အစွန်းကုန် တင်းမာနေခဲ့သော အာရုံကြောများမှာ ထိုအချိန်တွင် လုံးဝ ပြတ်တောက်သွားခဲ့လေ၏။
နန်ကုန်းယွင်ရှူမှာ ဆက်လက်၍ တောင့်ခံမထားနိုင်တော့ပေ။ သူမ၏ ခြေထောက်များမှာ ခွေယိုင်သွားခဲ့ပြီး ရှေ့သို့ လဲကျသွားရာ ဖန်းဟန်၏ ရင်ခွင်ထဲသို့ တည့်မတ်စွာ ကျဆင်းသွားခဲ့လေတော့သည်။
"ဝါး... ဝါး...။”
သူမသည် မိမိကိုယ်ကိုယ် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးတွင် အားကိုးရာ ရှာတွေ့သွားသည့် လမ်းပျောက်နေသော ကလေးငယ်တစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့လေ၏။
သူမသည် ဖန်းဟန်၏ တောင့်တင်းသော ရင်အုပ်ကျယ်ကြီးထဲသို့ မျက်နှာကို နက်ရှိုင်းစွာ အပ်ကာ အသံကျယ် လောင်စွာဖြင့် ငိုကြွေးလိုက်လေတော့သည်။
ဖန်းဟန်သည် လှုပ်ရှားခြင်း၊ စကားပြောခြင်း မရှိဘဲ သူမ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်နေမှုကို ခံစားရင်း သူ၏ ရင်ခွင်ထဲတွင် သူမအား အတိုင်းအဆမဲ့ ရှိုက်ငိုခွင့် ပြုထားလိုက်လေ၏။
အချိန်အတန်ကြာပြီးနောက်တွင် နန်ကုန်းယွင်ရှူ၏ ငိုကြွေးသံများမှာ တဖြည်းဖြည်း လျော့ကျသွားခဲ့ကာ တိတ်တဆိတ် ရှိုက်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
သူမသည် သူ၏ ရင်ခွင်ထဲမှ ထွက်မသွားဘဲ သူမ၏ ခွန်အားအားလုံးကို အသုံးပြုကာ ဖန်းဟန်၏ အင်္ကျီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ရာ သူမ၏ လက်ဆစ်များပင် ဖြူရော်နေခဲ့ပေသည်။
သူမသည် မျက်ရည်များ စီးကျနေသော သနားစရာ မျက်နှာလေးကို မော့လိုက်လေ၏။ နီရဲနေသော သူမ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အမုန်းတရားများနှင့် အသည်းအသန် တောင်းဆိုမှုတို့က လောင်ကျွမ်းနေခဲ့ ပေသည်။
သူမ၏ အသံမှာ အက်ကွဲပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ပါဝင်နေကာ စကားလုံးတစ်လုံးချင်းစီကို သူမ၏ နှုတ်ခမ်းများကြားမှ ညှစ်ထုတ်၍ ပြောလိုက်လေသည်။
"သခင်လေးဖန်း...၊ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်...။ ကျွန်မယောက်ျားအတွက် လက်စားချေပေးပါ...။”
"ယွင်ရှူက...၊ ရှင့်စိတ်ကြိုက် စေခိုင်းလို့ရတဲ့ ကျွန်တစ်ယောက်လို အလုပ်အကျွေး ပြုပါ့မယ်...။”