အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း (၂၆၆) ခုနစ်ရက်အတွင်း တံတားတည်ဆောက်ခြင်း
ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ မိသားစု ခြောက်စုမှာ အမှတ်(၁)ဂူ၏ ညာဘက်အခြမ်းတွင် နေထိုင်ကြ၏။
ထိုမိသားစု ခြောက်စုက အတူတကွ စားသောက်လေ့ရှိကြသည်။
ယခုအချိန်၌ လူခြောက်ယောက်သည် စားပွဲရှည်ကြီးတစ်ခုတွင် ဝိုင်းထိုင်ကာ နံနက်စာ စားရင်း ရယ်မော စကားပြောနေကြ၏။
"ဒါက တကယ်ကို ကောင်းတာပဲ... အခုဆိုရင် ငါတို့ခြောက်ယောက်လုံးက အမျိုးသား ဒုက္ခသည် ဆယ်ယောက်ကို ဝယ်ထားပြီးပြီဆိုတော့ ဒီစစ်တပ်ပိုင်မြေ အကျယ်အဝန်း ၃၀ မူကို ငါတို့ကိုယ်တိုင် စိုက်ပျိုးစရာ မလိုတော့ဘူးပေါ့..."
ယောင်းဟွိုင်တောက်က ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
ရှရွှယ်ချန်တောင်၌ နောက်ဆုံးအကြိမ် ဓားပြနှိမ်နင်းရေး ပြုလုပ်ခဲ့စဉ်က ဤလူခြောက်ယောက်သည် ယွီရွှေတပ်စခန်းနှင့်အတူ လိုက်ပါကာ စစ်မြေပြင်ကို ရှင်းလင်းရင်း ရတနာ အတော်များများကို ရရှိခဲ့ကြသည်။ ငွေအချို့ လဲလှယ်ပြီးနောက် သူတို့ခြောက်ယောက်သည် ဒုက္ခသည်စခန်းသို့ သွားကာ အမျိုးသား ဒုက္ခသည်များကို ဝယ်ယူခဲ့ကြ၏။
"ဟုတ်တယ်... အခု ငါတို့ကိုယ်တိုင် လယ်လုပ်စရာ မလိုတော့ဘူးဆိုတော့ ကျောက်လင်အတွက် အလုပ်လုပ်ပေးလို့ ရပြီ..."
"ကျောက်လင်က သူ့အနေနဲ့ လက်ဝတ်ရတနာ အလုပ်ရုံနဲ့ ပရိဘောဂ အလုပ်ရုံ ဖွင့်ထားတယ်လို့ ပြောတယ်... ပြီးတော့ လုံခြုံရေးကိစ္စတွေကို ငါတို့ခြောက်ယောက်က တာဝန်ယူရမယ်တဲ့..."
ရှုံ့တကျွမ်းက ထမင်းတစ်လုတ်ကို ပါးစပ်အပြည့် ငုံထည့်လိုက်ပြီး မပီမသဖြင့် လှမ်းအော်လိုက်၏။
"လုံခြုံရေးအကြောင်း ပြောရမယ်ဆိုရင် ငါတို့က ကျောက်လင်ကို ပိုပြီးတောင် ကျေးဇူးတင်ရဦးမယ်..."
"ကျောက်လင် ပေးလိုက်တဲ့ ဝိညာဉ်သစ်သီးကြောင့် ငါတို့ခြောက်ယောက်က ရွှေခန္ဓာနယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို တကယ်ပဲ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့တယ်... ဒါက အရင်တုန်းက ငါတို့ အိပ်မက်တောင် မမက်ရဲခဲ့တဲ့ အရာပဲ..."
တျန်ဆုန့်၏ မျက်လုံးများက တောက်ပသွားပြီး ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျောက်လင်က မနေ့က ပြန်ရောက်လာတယ်... ဒါပေမဲ့ ခွဲခွာနေရတဲ့ အချိန်တွေက သံယောဇဉ်ကို ပိုတိုးစေတယ် ဆိုသလိုပဲလေ... အဲ့ဒါကြောင့် ငါ သူ့ကို သွားပြီး အနှောင့်အယှက် မပေးခဲ့ဘူး..."
"ငါတို့ စားလို့ပြီးရင် ကျောက်လင်ဆီ အတူတူ သွားကြမယ်... သူ့ရဲ့ ညွှန်ကြားချက်တွေကို စောင့်ရင်း ငါတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကြည့်ရအောင်..."
လီချန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"ကောင်းပြီလေ..."
အားလုံးက သဘောတူလိုက်ကြသည်။
"မင်းတို့ ငါ့ကို လိုက်ရှာနေစရာ မလိုပါဘူး... ငါ ဒီမှာ ရောက်နေပြီ..."
ကျောက်လင်၏ အသံ ထွက်ပေါ်လာပြီး သူက ဂူဝမှ ထွက်လာခဲ့၏။
"အာ..."
"ကျောက်လင်..."
လူခြောက်ယောက်က ကျောက်လင်ကို မြင်လိုက်ရသောအခါ ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး ပန်းကန်များနှင့် တူများကို ချထားကာ ပြေးသွားကြသည်။
သူတို့က ပြေးသွားရင်း ကလေးများကဲ့သို့ ကျောက်လင်ကို ဖက်လိုက်ကြ၏။
"ကဲပါ ကဲပါ... မြန်မြန်သွားပြီး ထမင်းစားကြပါဦး... ငါက မင်းတို့နဲ့ ကိစ္စတစ်ခုလောက် တိုင်ပင်ချင်လို့ လာခဲ့တာ..."
လူခြောက်ယောက်၏ ဝိုင်းရံထားခြင်းကို ခံထားရသော ကျောက်လင်က ရယ်ရခက် ငိုရခက်ဖြင့် ပြောလိုက်သည်။
ချက်ချင်းပင် သူတို့ခြောက်ယောက်သည် တဲကြီးဆီသို့ ပြန်ပြေးသွားကြပြီး နံနက်စာကို အလုတ်ကြီးကြီးဖြင့် မျိုချလိုက်ကြ၏။
ကျောက်လင်သည်လည်း စားပွဲရှည်ကြီးတွင် ဝင်ထိုင်လိုက်သည်။
"ငါတို့ စားလို့ပြီးပြီ ကျောက်လင်... ငါတို့ဆီက အကူအညီလိုတာရှိရင် မြန်မြန်ပြောပါ..."
ယောင်းဟွိုင်တောက်က ကျောက်လင်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်၏။
လက်ရှိတွင် စစ်တပ်ပိုင်မြေများ၌ လယ်လုပ်နေသော ဒုက္ခသည် ဆယ်ယောက် ရှိနေသည်။ ဤလူခြောက်ယောက်မှာ အလွန်အမင်း ပျင်းရိနေကြပြီး ကျောက်လင်က သူတို့အတွက် လုပ်စရာတစ်ခုခု ရှာပေးရန် တကယ်ကို လိုလားနေကြ၏။
ထိုအခိုက်တွင် ကျောက်လင်က အိတ်ထဲမှ စက္ကူဖြူတစ်ရွက်ကို ထုတ်လိုက်ပြီး ထိုစက္ကူပေါ်တွင် ကျောက်တုံးခုံးတံတား ပုံတစ်ပုံကို ရေးဆွဲထားသည်။
"ဟင်..."
"ကျောက်တံတား..."
လူခြောက်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံးက နားမလည်နိုင်သော အမူအရာများ ပြသလာကြ၏။
ကျောက်လင်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် မင်ချွမ်မြစ်ရှိရာ အရပ်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့အားလုံး သိပြီးသားပါ... ဒီကနေ မင်ချွမ်မြစ်ကို တိုက်ရိုက်ဖြတ်ပြီး မင်ချွမ်မြို့ကို လမ်းလျှောက်သွားလို့ ရတယ်... လေးလီလောက်ပဲ ဝေးတာလေ..."
"အဲ့ဒါက အခု ငါတို့သွားနေတဲ့ တောင်လမ်းထက် အများကြီး ပိုနီးတယ်..."
"ဒါကြောင့် ငါက မင်ချွမ်မြစ်ပေါ်မှာ ကျောက်တုံးခုံးတံတား တစ်စင်း တည်ဆောက်ချင်တယ်..."
"တံတားဆောက်မယ့်အလုပ်ကို မင်းတို့ ခြောက်ယောက်ကို အပ်ချင်တယ်... ဘယ်လိုထင်လဲ..."
ကျောက်လင်က အတိုချုပ် ရှင်းပြလိုက်၏။
ယင်းကို ကြားလိုက်ရသောအခါ လူခြောက်ယောက်မှာ ချက်ချင်း သဘောပေါက်သွားကြသည်။
"ကောင်းပါပြီ..."
"ပြီးစီးအောင်လုပ်ပေးဖို့ အာမခံပါတယ်..."
လူခြောက်ယောက်က တာဝန်ကို အမြန် လက်ခံလိုက်ကြ၏။
သူတို့ခြောက်ယောက်က တံတားကို မည်သို့ တည်ဆောက်ရမည်ဆိုတာ မသိကြသေးသော်လည်း သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေသည်။ ဤတာဝန်ကို သူတို့ ယူရမည်ဟူ၍ ဖြစ်၏။
နောက်ပိုင်းတွင် တံတားကို မည်သို့ တည်ဆောက်ရမည်ဆိုသည့် ကိစ္စအတွက်မူ သူတို့ခြောက်ယောက်က အတွေ့အကြုံရှိသော လက်မှုပညာရှင် အိုကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပေသည်။
"မင်းတို့ကို တစ်ပတ်အတွင်း အပြီးတည်ဆောက်စေချင်တယ်..."
ကျောက်လင်က နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်၏။
ချက်ချင်းပင် လူခြောက်ယောက်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်တက်သွားကြသည်။
မင်ချွမ်မြစ်က မကျယ်ဝန်းသော်လည်း ၎င်း၏ အကျဉ်းဆုံးနေရာတွင်ပင် မီတာ ၂၀ ထက်မက ကျယ်ဝန်းသေးသည်။ ခုံးသုံးခုပါသော ကျောက်တံတားအဖြစ် တည်ဆောက်မည်ဆိုလျှင်ပင် ဤမျှ တိုတောင်းသော အချိန်အတွင်း တည်ဆောက်ရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ကျောက်တူးရန် အချိန်ယူရသည်။ ကျောက်တုံးများကို သယ်ယူရန် အချိန်ယူရသည်။ ခုံးကျောက်ဘောင် တည်ဆောက်ရန် ရက်အနည်းငယ် ကြာမည်ဖြစ်ပြီး ထို့နောက် ကျောက်တုံးများကို ထပ်စီရန်လည်း အချိန်အလွန်ကြာမြင့်ပေမည်။
ခုနစ်ရက်… မည်သို့ပင် ကြည့်စေကာမူ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
"ဘယ်လိုလဲ..."
"မဆောက်နိုင်ဘူးလား..."
လူခြောက်ယောက်၏ မျက်နှာပေါ်ရှိ အမူအရာများကို မြင်လိုက်ရသောအခါ ကျောက်လင်က ပြုံးကာ မမေးဘဲ မနေနိုင်တော့ပေ။
"အချိန်က တကယ့်ကို တိုလွန်းတယ်..."
ယောင်းဟွိုင်တောက်မှာ အလွန် ဝမ်းနည်းနေသဖြင့် မျက်ရည်ကျတော့မည့်အလား ဖြစ်နေ၏။
သူက ကျောက်တုံးခုံးတံတားကို တည်ဆောက်နိုင်သည်ဟု ယုံကြည်မှုရှိရှိ ကြေညာခဲ့သော်လည်း အချိန်က ဤမျှ ကြပ်တည်းလိမ့်မည်ဟု တကယ်ကို မမျှော်လင့်ထားခဲ့ပေ။ ယခုအခါတွင် သူသည် အလွန်အမင်း ထိတ်လန့်နေပြီး ကျောက်လင်၏ အမြင်တွင် အမှတ်လျော့သွားမည်ကို စိုးရိမ်နေသည်။
"ဟုတ်တယ် ကျောက်လင်... ကျောက်တုံးသွားတူးဖို့ပဲ အချိန်အတော်ကြာမှာ..."
"ခုနစ်ရက်ဆိုတာ တကယ့်ကို တိုလွန်းတယ်..."
ရှုံ့တကျွမ်းနှင့် ကျောက်လင်သည် အရင်းနှီးဆုံး ဆက်ဆံရေးရှိပြီး သူက သူ၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။
တျန်ဆုန့်နှင့် အခြားသူများကလည်း ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး တစ်ယောက်ချင်းစီက ကျောက်လင်ကို မတရားခံရသည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။
“ဟားဟား…”
ကျောက်လင်က ရယ်မောလိုက်၏။ သူတို့ခြောက်ယောက် ထိတ်လန့်သွားသည်ကို မြင်ရသည်မှာ သူ အလွန်သဘောကျသည်။
"ကောင်းပြီလေ... ငါ မင်းတို့ကို ဆက်ပြီး အခက်မတွေ့စေတော့ပါဘူး..."
"ငါ့သူငယ်ချင်းတွေကို ကျောက်တုံးတွေ တူးထားဖို့ အကူအညီ တောင်းထားပြီးပြီ... ပြီးတော့ သူတို့က မြစ်ကမ်းဘေးကို လာပို့ပေးလိမ့်မယ်..."
"မင်းတို့ တံတားတိုင်တွေ တည်ဆောက်စရာ မလိုဘူး... ငါ့သူငယ်ချင်းတွေကို တံတားတိုင် အားလုံးကို ကြိုတင် လုပ်ခိုင်းထားမယ်..."
"မင်းတို့ကခုံးတံတား တည်ဆောက်မယ့် အပိုင်းအတွက်ပဲ တာဝန်ယူဖို့ လိုတယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ကျောက်တုံးများကို စနစ်နေရာလွတ်ထဲတွင် ထည့်ထားပြီးဖြစ်သည်။
တံတားတိုင်များကို မည်သို့ တည်ဆောက်ရမည်ဆိုသည်နှင့် ပတ်သက်၍လည်း ကျောက်လင်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိထားပြီးဖြစ်ကာ သူတစ်ယောက်တည်းဖြင့် အပြီးသတ်နိုင်သည်။
အချိန်အများဆုံး ယူရသည့် လုပ်ငန်းစဉ်ကို ကျောက်လင်က တစ်ညတည်းဖြင့် အပြီးသတ်နိုင်ပေသည်။
ထို့ကြောင့် ယောင်းဟွိုင်တောက်နှင့် သူ၏ အပေါင်းအပါ ခြောက်ယောက်အတွက် ကျောက်တုံးခုံးကို တည်ဆောက်ရန် အချိန်များစွာ ကြာမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဤလူခြောက်ယောက်လုံးသည် ရွှေခန္ဓာနယ်ပယ်တွင်ရှိနေကြပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အလွန်ကြီးမားသောကြောင့် ကျောက်တုံးများ ရွှေ့ပြောင်းခြင်းမှာ သူတို့အတွက် မခက်ခဲလှပေ။
"တကယ်လား..."
ရှုံ့တကျွမ်းက ချက်ချင်း မေးလိုက်၏။
"သေချာတာပေါ့..."
ကျောက်လင်က အတည်ပြု ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် အများကြီး ပိုလွယ်သွားပြီ... ဒီကျောက်တုံးခုံးတံတားကို ခုနစ်ရက်အတွင်း သေချာပေါက် တည်ဆောက်နိုင်တယ်..."
ဤအခိုက်တွင် ယောင်းဟွိုင်တောက်သည် သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိသွားပြီး ရင်ဘတ်ကိုပုတ်ကာ အော်ပြောလိုက်၏။
သူတို့ခြောက်ယောက်က တစ်ဖန်ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။
"ဒီကျောက်တံတားအတွက် ဆောက်လုပ်ရေးကြေးကို ငွေပြား ခြောက်ရာလို့ သတ်မှတ်လိုက်ကြတာပေါ့..."
"ငါ့မှာ နောက်ထပ် တောင်းဆိုစရာ တစ်ခုရှိသေးတယ်... မင်းတို့က ထင်းရှူးနက်ကျေးရွာက မူလနေထိုင်သူတွေကို ငှားရမ်းရမယ်... ဒါမှ သူတို့လည်း တံတားဆောက်နေတဲ့ အချိန်မှာ လုပ်အားခ နည်းနည်းပါးပါး ရနိုင်မှာ..."
ကျောက်လင်က တစ်ဖန်အလေးအနက်ထား၍ ပြောလိုက်၏။
ကျောက်လင်နှင့် အခြားသော နယ်ခြားစောင့်တပ်သား ဆယ်ယောက်တို့ ထင်းရှူးနက်ကျေးရွာသို့ ရောက်ရှိလာစဉ်က အစပိုင်းတွင် ဒေသခံများ၏ စောင့်ရှောက်မှုကို ခံခဲ့ရပြီး သူတို့အတွက် နေထိုင်ရန် အခန်းလွတ်အချို့ကို စီစဉ်ပေးခဲ့ကြသည်။
နောက်ပိုင်းတွင် ရှောင်ရွေ့နှင့် ယန်ချန်ယွီတို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဒေသခံများက ကျောက်လင်နှင့် သူ၏ အဖွဲ့ဝင် ခုနစ်ယောက်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း အဆုံးတွင်မူ ဖြေရှင်းနိုင်ခဲ့သည်။
ကျောက်လင်သည် အတိတ်ကို အစွဲအလမ်း မထားပေ။ သူက ဤဒေသခံများကို ချမ်းသာလာစေရန်နှင့် ပိုမိုကောင်းမွန်သော ဘဝကို ဖြတ်သန်းနိုင်ရန်သာ ကူညီပေးချင်ခဲ့၏။
သံသယဖြစ်စရာမလိုဘဲ ကျောက်လင်သည် တံတားတည်ဆောက်ရေး စီမံကိန်းမှ အကျိုးအမြတ်အချို့ကိုလည်း ဒေသခံများနှင့် မျှဝေသင့်ပေသည်။
ယင်းကို ကြားလိုက်ရသောအခါ ယောင်းဟွိုင်တောက်နှင့် အခြားခြောက်ယောက်တို့သည် ကျောက်လင်၏ အတွင်းစိတ်ကူးများကို ချက်ချင်း နားလည်သွားကြသည်။
"ကောင်းပါပြီ... ငါတို့က ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် ဂရုစိုက်ပေးပါ့မယ်..."
သူတို့ခြောက်ယောက်လုံးက ကတိပေးလိုက်ကြ၏။
"ကောင်းပြီ... အခုချန်းရွှယ်ဆီသွားပြီး ငွေပြား ခြောက်ရာကို သွားထုတ်လိုက်... ပြီးရင် မနက်ဖြန်ကစပြီး လူတိုင်း ကျောက်တံတား စဆောက်တော့မယ်လို့ ဒေသခံတွေကို သွားပြောလိုက်ပါ..."
ကျောက်လင်က မတ်တတ်ရပ်လိုက်ပြီး အတိုချုပ် ညွှန်ကြားလိုက်သည်။
ဤခရီးစဉ်အတွင်း ကျောက်လင်သည် ဝမ့်ရှန်းလုံ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းထံမှ ငွေပြားတစ်သန်း ရရှိခဲ့သည်။
ငွေတွေက အရမ်းများလွန်းနေပြီး အားလုံးကို သုံးလို့ မကုန်နိုင်တော့ဘူးဟု ခံစားရ၏။
သေချာပေါက် ကျောက်လင်သည် နောက်ပိုင်းတွင် ၎င်းကို ငွေသားအဖြစ် လဲလှယ်မည်ဖြစ်ပြီး ထို့နောက် ၎င်းတို့အားလုံးသည် စနစ်အမှတ်များ ဖြစ်လာပေလိမ့်မည်။
ထိုလူခြောက်ယောက်နှင့် တံတားတည်ဆောက်ရေး စီမံကိန်းအကြောင်း ဆွေးနွေးပြီးနောက် ကျောက်လင်သည် အာကာသတဲသို့ ပြန်သွားပြီးနောက် မြင်းရိုင်းတစ်ကောင်ကို စီးလိုက်သည်။
"တံတားဆောက်ပြီးတာနဲ့ လမ်းကိုလည်း တစ်ချိန်တည်းမှာ ဆောက်ရမယ်..."
"ချမ်းသာချင်ရင် လမ်းကို အရင်ဖောက်" ဟူသည်မှာ အချိန်ကုန်ခံ၍ မရသော အမှန်တရားတစ်ခု ဖြစ်သည်။
ကျောက်လင်က ပေါ့ပေါ့ပါးပါး တစ်ခုခု ပြောလိုက်ပြီးနောက် သူ၏ မြင်းရိုင်းကို စီးကာ ထင်းရှူးနက်တောင်ကို ဖြတ်ကျော်ရန် စတင်ထွက်ခွာသွား၏။