အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇) လမ်းများ ဖောက်လုပ်ပြီးစီးခြင်း၊ ရေလှောင်ကန် တည်ဆောက်ခြင်း
"ထင်းရှူးနက်တောင်ကနေ စတင်ပြီး တိရစ္ဆာန်စားကျက်အထိ ဘိလပ်မြေလမ်း တစ်လမ်း ဖောက်လုပ်ရမယ်..."
"အလယ်မှာ ဘိလပ်မြေလမ်းက ဝိညာဉ်ဆေးပင် ဥယျာဉ်၊ လက်ဝတ်ရတနာ အလုပ်ရုံ၊ ပရိဘောဂအလုပ်ရုံ၊ ရေမွှေးအလုပ်ရုံနဲ့ တိရစ္ဆာန်စားကျက်တို့ကို ဆက်သွယ်ပေးထားမှာဖြစ်လို့ အလုပ်ရုံအားလုံးကို တစ်ဆက်တည်း ဖြစ်သွားစေပြီး လူတွေ သွားလာဖို့နဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ ပိုပြီး အဆင်ပြေစေလိမ့်မယ်..."
ကျောက်လင်သည် သူ၏မြင်းရိုင်းကို စီးကာ ထင်းရှူးနက်တောင်ပေါ်မှ ဖြတ်ကျော်လာပြီးနောက် နှစ်လီအကွာရှိ ဝိညာဉ်ဆေးပင် ဥယျာဉ်ကို မြင်သောအခါ ထိုသို့ ရေရွတ်လိုက်၏။
မည်သို့ပင်ဆိုစေ ကျောက်လင် တည်ထောင်ထားသော အလုပ်ရုံအားလုံးသည် ကြမ်းတမ်းသော လမ်းများရှိသည့် တောင်တန်းဒေသများတွင် တည်ရှိနေခြင်း ဖြစ်သည်။ ပြန့်ပြူးကျယ်ဝန်းသော လမ်းတစ်လမ်းကို မဖောက်လုပ်ပါက နောင်တစ်ချိန်တွင် အခက်အခဲများစွာ ဖြစ်ပေါ်လာစေနိုင်ပေသည်။
ယခင်က ဝယ်ယူခဲ့သော ဘိလပ်မြေအိတ် တစ်သန်းအနက်မှ အိတ်တစ်သောင်းကိုသာ အလုပ်ရုံအသီးသီး တည်ဆောက်ရန် အသုံးပြုခဲ့ရသဖြင့် အများအပြား ပိုလျှံနေသေး၏။
တောင်တန်းဒေသတွင် ဘိလပ်မြေလမ်း ဖောက်လုပ်ရန်အတွက် နောက်ထပ် ဘိလပ်မြေအိတ် တစ်သိန်းကို ထုတ်ယူသုံးစွဲရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ထိုအချိန်တွင် အလုပ်သမားများအဖြစ် ငှားရမ်းထားသော ဒုက္ခသည်များသည် နံနက်စာ စားပြီးခါစသာ ရှိသေးပြီး ၎င်းတို့၏ သက်ဆိုင်ရာ အလုပ်ရုံများသို့ မထွက်ခွာကြသေးပေ။
ထို့ကြောင့် ကျောက်လင်က ဆက်၍ မစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
သူသည် ဤတောင်တက်လမ်းကို စိတ်ထဲတွင် ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။
သူက မြေကြီးကို လက်ဖြင့် ထိလိုက်၏။
မြေကြီး တစ်ကုဗမီတာခန့် ပျောက်ကွယ်သွားသည်။
ကျောက်လင်သည် လမ်းလျှောက်သွားရင်း လမ်းတစ်လျှောက်ရှိ မြေကြီးများကို စုဆောင်းသွားရာ ရှင်းလင်းသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာတော့သည်။
ကျောက်လင်သည် ဤလမ်း၏ လမ်းကြောင်းကို သတ်မှတ်ရန်အတွက်သာ ယခုလမ်းကြောင်းမှ မြေကြီးများကို စုဆောင်းနေခြင်း ဖြစ်၏။
ထို့နောက်တွင် ကျောက်လင်က ဒုက္ခသည်များကို ခေါ်ယူကာ ဤလမ်းပေါ်တွင် ကွန်ကရစ်တစ်လွှာ ခင်းကျင်းရန် စီစဉ်မည်ဖြစ်သည်။
စနစ်နေရာလွတ်၏ စုဆောင်းခြင်း စွမ်းရည်အကူအညီဖြင့် ကျောက်လင်သည် ဤလမ်းကြောင်းကို အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
ဝိညာဉ်ဆေးပင် ဥယျာဉ်မှ ဝိညာဉ်လယ်သမားများသည် ထင်းရှူးနက်တောင်ပေါ်ရှိ ကျောက်ဂူထဲတွင် နေထိုင်ကြဆဲဖြစ်သည်။
နံနက်စာ စားပြီးနောက် ဝိညာဉ်လယ်သမား တစ်ရာကျော်တို့သည် စုရုံးကာ ထင်းရှူးနက်တောင်ခြေ တစ်လျှောက် လမ်းလျှောက်သွားကြ၏။ ထို့နောက် သူတို့က တောင်အနောက်ဘက်မှနေ၍ တောင်တန်းဒေသအတွင်းသို့ ဝင်ရောက်ကာ ဝိညာဉ်ဆေးပင် ဥယျာဉ်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။
တစ်နေရာအရောက်တွင် ရှေ့ဆုံးမှ လမ်းလျှောက်နေသော ဝိညာဉ်လယ်သမားသည် ရပ်တန့်သွားပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
"လမ်းသစ်ကြီးပါလား..."
"မနေ့ကတောင် သစ်တောကြီး ဖြစ်နေတာကို တစ်ညတွင်းချင်းမှာပဲ ဒီနေရာမှာ တောင်တက်လမ်းတစ်ခု ပေါ်လာပါလား..."
ဝိညာဉ်လယ်သမားများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
၎င်းမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသော်လည်း ဒုက္ခသည်များမှ ပြောင်းလဲလာသော ဤဝိညာဉ်လယ်သမားများသည် ထင်းရှူးနက်တောင်တွင် ထူးဆန်းသော ဖြစ်စဉ်များစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ယဉ်ပါးနေကြပြီ ဖြစ်၏။
ထို့ကြောင့် ဤလမ်းသစ်ကြီး ပေါ်လာခြင်းက သူတို့ကို အံ့အားသင့်စေခဲ့သော်လည်း ထိတ်လန့်သွားခြင်းတော့ မရှိခဲ့ပေ။
ဤနေရာတွင် လမ်းတစ်လမ်း ပေါ်လာသင့်သည်ဟုပင် ထင်မှတ်ရသည်။
ထို့ကြောင့် ဤဝိညာဉ်လယ်သမားများသည် ရင်းနှီးပြီးသား တောင်တက်လမ်းကို မသွားကြတော့ဘဲ လမ်းသစ်ပေါ်သို့ တက်ပြေးကာ တစ်လျှောက်လုံး ပြေးလွှားသွားကြ၏။
မကြာမီမှာပင် ဤဝိညာဉ်လယ်သမားများသည် ဝိညာဉ်ဆေးပင် ဥယျာဉ်သို့ ရောက်ရှိသွားကြသည်။
လမ်းက တောင်တန်းများထဲသို့ ပို၍ နက်ရှိုင်းစွာ ဆက်လက် ရှည်လျားသွား၏။
ကျောက်လင်က မြေကြီးများ စုဆောင်းကာ လမ်းဖောက်လုပ်နေသည်ကို သူတို့ထဲမှ မည်သူမျှ မမြင်တွေ့ခဲ့ကြပေ။
"ဒီလမ်းက ဘယ်အထိရောက်သွားလဲဆိုတာ ငါ တကယ် သိချင်မိတယ်..."
ဝိညာဉ်လယ်သမား အချို့က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ကြသည်။
သို့သော်လည်း သူတို့သည် အလုပ်လုပ်ရဦးမည်ဖြစ်ရာ မိမိတို့ သဘောအတိုင်း လမ်းတစ်လျှောက် လိုက်သွား၍ မရနိုင်ပေ။
"ဒါက သူဌေးရဲ့ သူငယ်ချင်း တစ်ယောက်ယောက် လုပ်သွားတာ ဖြစ်ရမယ်..."
ဝိညာဉ်လယ်သမားအချို့က ပြောလိုက်ကြ၏။
မည်သို့ပင်ဆိုစေ တစ်ညတွင်းချင်း အာကာသတဲများ၊ နေရောင်ခြည်စွမ်းအင်သုံးပြားများနှင့် ကျောက်ဂူအမျိုးမျိုး ရုတ်တရက် ပေါ်လာခြင်းကို ကျောက်လင်က သူ၏ သူငယ်ချင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့ဖူးသည်။
ထို့ကြောင့် တစ်ညတွင်းချင်း ပေါ်လာသော ဤလမ်းသစ်ကြီးကို မြင်လိုက်ရသောအခါ ဝိညာဉ်လယ်သမားများက ကျောက်လင်၏ သူငယ်ချင်းများက ထပ်မံ၍ လှုပ်ရှားလိုက်ပြန်ပြီဟု မသိမသာ ကောက်ချက်ချလိုက်ကြသည်။
"သူဌေးရဲ့ သူငယ်ချင်းက တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ..."
"ငါတို့တွေ သူဌေးနောက်ကို လိုက်နေသရွေ့ အနာဂတ်မှာ အားလုံး ဘဝကောင်းတစ်ခု ရနိုင်မှာပဲ..."
"ငါတော့ ဆုံးဖြတ်လိုက်ပြီ... တစ်နှစ်စာချုပ် ကုန်ဆုံးသွားရင်တောင် ထင်းရှူးနက်ကျေးရွာမှာပဲ ဆက်နေပြီး လယ်လုပ်သားအဖြစ် အလုပ်လုပ်တော့မယ်..."
ဝိညာဉ်လယ်သမား တစ်ယောက်က လက်သီးဆုပ်ကာ အလွန်ပြတ်သားစွာ ပြောလိုက်၏။
"ငါလည်း နေခဲ့ပြီး လယ်လုပ်သားပဲ ဆက်လုပ်ချင်တယ်…”
"ငါ့ကိုလည်း ထည့်တွက်ထားလိုက်..."
"ဒီလောက်ကောင်းတဲ့ သူဌေးနဲ့ ဒီလောက်ကောင်းတဲ့ အလုပ်မျိုးရှိနေတာ ဘယ်သူက မနေချင်ဘဲရှိမလဲ..."
ဝိညာဉ်လယ်သမားများက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
၎င်းတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုပြီးနောက် ဝိညာဉ်လယ်သမား တစ်ရာကျော်သည် အသူရာအာကာသ ခမ်းနားခြင်းအစီအရင်ကို ဖြတ်ကျော်ကာ ဝိညာဉ်ဆေးပင် ဥယျာဉ်ထဲသို့ ဝင်ရောက်၍ ၎င်းတို့၏ တစ်နေ့တာ အလုပ်များကို စတင်လိုက်ကြ၏။
သူတို့သည် တစ်နေ့လျှင် ငါးဝမ်သာ ရရှိသော်လည်း ဤဝိညာဉ်လယ်သမားများက ပျော်ရွှင်စွာပင် အလုပ်လုပ်ကြသည်။
မည်သို့ပင်ဆိုစေ သူတို့သည် ဒုက္ခသည်များသာ ဖြစ်နေသေးပြီး သူတို့၏ အလုပ်အကျွေးခံစာချုပ်များမှာလည်း ကျောက်လင်၏ လက်ထဲတွင် ရှိနေ၏။ ကျောက်လင်က သူတို့ကို ပိုက်ဆံတစ်ပြားမှ မပေးလျှင်တောင်မှ အပြည့်အဝ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။
သို့သော်လည်း ကျောက်လင်က ငါးဝမ် ပေးရန် ဆန္ဒရှိခဲ့သည်။ တစ်နှစ်တာကာလအတွင်း ဤသို့ စုဆောင်းမှုမျိုးဖြင့် အလုပ်အကျွေးခံစာချုပ်ကို ဖျက်သိမ်းပြီးနောက်တွင် ဤဝိညာဉ်လယ်သမားများသည် ငွေပြား တစ်ပြားကျော်အထိ စုဆောင်းနိုင်မည် ဖြစ်၏။
ထိုအချိန်ရောက်လျှင် သူတို့က ကာလရှည် အလုပ်သမားများအဖြစ် လုပ်ကိုင်ရန် ရွေးချယ်ပါက ၎င်းတို့၏ လုပ်အားခမှာ အနည်းဆုံး ဝမ်တစ်ရာမှ စတင်ကာ သေချာပေါက် ပို၍ များပြားလာမည် ဖြစ်သည်။
အကယ်၍ ဝိညာဉ်လယ်သမားများသည် ကာလရှည် အလုပ်သမားများအဖြစ် မလုပ်ချင်ပါက ဤအရင်းအနှီး အနည်းငယ်ကို အသုံးပြု၍ ဆေးပင် လုပ်ငန်းကိုလည်း စတင်နိုင်ပေသည်။
ဤအကြောင်းကြောင့်ပင် ဝိညာဉ်လယ်သမားများသည် ဆေးပင်ဥယျာဉ်တွင် အလုပ်လုပ်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။
ကျောက်လင်က သူတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်များ ပေးခဲ့၏။
ဝိညာဉ်လယ်သမားများ ၎င်းတို့၏ အလုပ်များဖြင့် အလုပ်ရှုပ်နေချိန်တွင် လက်ဝတ်ရတနာ အလုပ်ရုံမှ အမျိုးသမီး အလုပ်သမားတစ်ရာတို့သည်လည်း အုပ်စုလိုက် ရောက်ရှိလာကြသည်။
သဘာဝကျစွာပင် ဤအမျိုးသမီး အလုပ်သမားများသည်လည်း လမ်းသစ်ကြီးကို မြင်တွေ့ခဲ့ကြပြီး သူတို့သည် လက်ဝတ်ရတနာ အလုပ်ရုံ တည်ရှိရာ ရှီရှန်းတောင်ဆီသို့ တစ်လျှောက်လုံး စိတ်လှုပ်ရှားစွာ ပြေးသွားကြ၏။
ထို့နောက် ပရိဘောဂအလုပ်ရုံများ၊ ရေမွှေးအလုပ်ရုံများနှင့် တိရစ္ဆာန်စားကျက်များသို့ တာဝန်ချထားခြင်း ခံရသော ဒုက္ခသည်များသည်လည်း အုပ်စုလိုက် ပေါ်လာကြကာ အားလုံးက လမ်းသစ်များဆီသို့ ဦးတည်သွားကြသည်။
အဝေးဆုံးတွင်ရှိသော တိရစ္ဆာန်စားကျက်၌ပင်လျှင် ထိုနေရာတွင် အလုပ်လုပ်ရန် တာဝန်ကျသော ဒုက္ခသည်များသည် ၎င်းတို့၏ အသွားအပြန် ခရီးစဉ်မှာ ထက်ဝက်ကျော်ခန့် တိုတောင်းသွားကြောင်း တွေ့ရှိခဲ့ရပြီး ထိုကွေ့ကောက်နေသော တောင်တက်လမ်းကို ဖြတ်သန်းသွားရန် မလိုအပ်တော့ပေ။
ဒုက္ခသည်များသည် လမ်းတစ်လျှောက်လုံး ပြေးလွှားလာခဲ့ကြသော်လည်း ကျောက်လင်၏ မြေကြီးများ စုဆောင်းကာ လမ်းရှင်းလင်းနေသည့် တိုးတက်မှုကိုတော့ မမီနိုင်ခဲ့ကြပေ။
ထိုအခိုက်တွင် ကျောက်လင်သည် တိရစ္ဆာန်စားကျက်နှင့် တစ်လီခန့်အကွာရှိ တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာ၏။
ဤနေရာတွင် တောင်တန်းများမှ စီးဆင်းလာသော စမ်းချောင်းများအားလုံး ပေါင်းဆုံသွားကာ ဧရိယာ နှစ်စတုရန်းလီခန့်ရှိသော ရေကန်ငယ်တစ်ခု ဖြစ်ပေါ်နေပုံရသည်။
ရေကန်မှာ သိပ်မနက်လှဘဲ တောင်ထိပ်အသီးသီးမှ စမ်းချောင်းများ ပေါင်းဆုံကာ အခြားနေရာတစ်ခုမှ ပြန်လည် စီးထွက်သွား၏။
ကျောက်လင်က အသံထက်မြန်သော ကျောပိုးအိတ'ကို ထုတ်ယူကာ လေထဲသို့ ပျံတက်သွားပြီး တောင်တန်းဒေသကို ဂရုတစိုက် အကဲခတ်လိုက်သည်။
ချက်ချင်းပင် ကျောက်လင်သည် ရေကန်ငယ်ဘေးရှိ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်၏။
"မနက်တုန်းက ငါးကန်ထဲက ငါးတစ်သောင်းကို ရွှေ့ပြောင်းဖို့ တွေးနေခဲ့တာ... အဲ့ဒီတုန်းက ရေလှောင်ကန်တစ်ခု တည်ဆောက်ဖို့ စဉ်းစားမိခဲ့တာပဲ..."
"ကံကောင်းထောက်မစွာနဲ့ ဒီမှာ သဘာဝရေကန် တစ်ကန် ရှိနေတာက ငါ့အတွက် အလုပ်တော်တော်လေး သက်သာသွားစေတယ်... ဒီနေရာကို အခွင့်ကောင်းယူပြီး ရေလှောင်ကန်တစ်ခု တည်ဆောက်လို့ ရပြီ..."
ကျောက်လင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
လွန်ခဲ့သည့် အချိန်လေးကမှ ကျောက်လင်သည် သူ၏ လေကြောင်းမှ ကင်းထောက်မှုကို အဆုံးသတ်ပြီးနောက် ဤရေကန်ငယ်၏ ရေထွက်ပေါက်သည် နောက်ဆုံးတွင် မင်ချွမ်မြစ်အတွင်းသို့ စီးဝင်သွားပြီး မင်ချွမ်မြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်လာကြောင်းကို ရှာဖွေတွေ့ရှိခဲ့၏။
ရေထွက်ပေါက်တွင် ဆည်တစ်ခု တည်ဆောက်လိုက်ရုံဖြင့် ဝန်းကျင်ရှိ တောင်ကုန်းများစွာသည် သဘာဝအလျောက် အလွန်ကြီးမားသော ရေလှောင်ကန်ကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။
ဤသို့တွေ့ရှိပြီးနောက် ကျောက်လင်သည် ဆက်၍ မစောင့်ဆိုင်းတော့ဘဲ တောင်ခြေဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။
သူက မြေကြီးကို လက်ဖြင့် ထိလိုက်၏။
မြေကြီးတစ်ကုဗမီတာခန့် ပျောက်ကွယ်သွားကာ စနစ်နေရာလွတ်ထဲသို့ ရောက်ရှိသွားသည်။
တစ်နေ့တာလုံး ကျောက်လင်သည် မရပ်မနားဘဲ မြေကြီးများကို သူ၏ လက်ဖြင့် အဆက်မပြတ် ထိတွေ့နေခဲ့၏။
ကျောက်လင်၏ အဆက်မပြတ် ဖော်ထုတ်မှုမှတစ်ဆင့် သူသည် ဝန်းကျင်ရှိ တောင်ကုန်းများစွာ၏ တောင်ကြားများတွင် ဧရာမတွင်းကြီးများကို ခက်ခဲပင်ပန်းစွာ တူးဖော်နိုင်ခဲ့သည်။
ညနေခင်း အချိန်သို့ ရောက်သောအခါ ကျောက်လင်သည် ရေကန်ငယ်အနီးရှိ တောင်ထိပ်သို့ ရောက်ရှိလာပြီး မြေကြီးများကို လက်ဖြင့် ဆက်လက် ထိတွေ့နေခဲ့၏။
မကြာမီမှာပင် ရေကန်ငယ်ဆီသို့ ဦးတည်ထားသော ရေလမ်းကြောင်းတစ်ခုကို တူးဖော်ပြီးစီးသွားသည်။
ရေလမ်းကြောင်းက ရေကန်ငယ်၏ အစွန်းသို့ ရောက်ရှိသွားသောအခါ ကန်ရေများသည် တူးဖော်ထားသော တွင်းနက်ကြီးထဲသို့ နောက်ပြန် စီးဆင်းသွားတော့၏။
"တစ်ညအကြာမှာ ဒီရေကန်ငယ်ထဲက ရေတွေအကုန်လုံး တွင်းနက်ကြီးထဲကို နောက်ပြန် စီးဝင်သွားပြီး ရေထွက်ပေါက်ကနေ ရေစီးထွက်တာမျိုးရှိတော့မှာ မဟုတ်ဘူး... မနက်ဖြန်ကျရင် ရေထွက်ပေါက်မှာ ဆည်တစ်ခု တည်ဆောက်ဖို့ အချိန်နည်းနည်း ထပ်ယူရဦးမယ်..."
"အဟမ်း... ရေအားလျှပ်စစ် မီးစက် နှစ်လုံးလောက်လည်း တပ်ဆင်လိုက်ရမယ်... အဲ့ဒါက လျှပ်စစ်မီး ထုတ်လုပ်ဖို့လည်း သုံးလို့ရတာပဲ..."
ကျောက်လင်က ရေကန်ငယ်မှ ရေများ တွင်းနက်ကြီးထဲသို့ လျှံကျသွားသည်ကို ကြည့်ရင်း ဂုဏ်ယူဝင့်ကြွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
ချက်ချင်းပင် ကျောက်လင်သည် အသံထက်မြန်သော ကျောပိုးအိတ်ကို ထိန်းချုပ်ကာ ထင်းရှူးနက်တောင်ဆီသို့ အလျင်အမြန် ပြန်သွားတော့၏။