← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉) ပျက်နေသော နာရီတစ်လုံးကို မိုးပျံနဂါးဖြင့် လဲလှယ်ခြင်း၊ လီလန် နောက်ထပ် ကံစမ်းမဲကြီးတစ်ခု ရရှိပြန်ခြင်း

တုံယွီရှုးသည် လက်ကို ဖြန့်လိုက်ရာ သူမ၏ လက်ဖဝါးထဲတွင် အမျိုးသမီးပတ် နာရီတစ်လုံး ငြိမ်သက်စွာ ရှိနေလေသည်။

၎င်းမှာ ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီတစ်လုံးဖြစ်ပြီး နာရီကိုယ်ထည်မှာ အနည်းငယ် ပွန်းပဲ့နေကာ နာရီလက်တံနှင့် မိနစ်လက်တံတို့မှာလည်း ရပ်တန့်နေခဲ့သည်။

"ဒီနာရီက ပျက်နေပြီ ပြီးတော့ နာရီကြိုးလည်း ပျောက်သွားလို့ ရှင်နဲ့ လဲလို့ရမလား မသိဘူး..."

"ရပါတယ်..."

လီလန်က ခေါင်းညိတ်လိုက်သည်။

နာရီကြိုး ပျောက်သွားခြင်းက အရေးမကြီးပေ၊ နာရီ အလုပ်လုပ်နေရန်သာ အရေးကြီးသည်။ နာရီလက်တံ မလည်တော့ပါက အတွင်းပိုင်း ချို့ယွင်းချက် ရှိနေမည်မှာ သေချာသည်။ သူသည် ဦးလေးဝေမင်ကို အကူအညီတောင်း၍ မြို့သို့ ယူသွားကာ ပြင်ခိုင်းနိုင်လေသည်။

တစ်ခါတစ်ရံ နေ့စဉ်လျှို့ဝှက်သေတ္တာဖွင့်စနစ်မှ သတင်းအချက်အလက်များ ရရှိနိုင်ပြီး တိကျသော အချိန်နှင့် နေရာများကို ပြသပေးလေ့ရှိသည်။ ဤနာရီကို ပြင်ပြီးသွားပါက လီလန်အတွက်များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

"တကယ်လား ဒါဆိုအရမ်းကောင်းတာပေါ့ ရဲဘော်လီလန် ကျေးဇူးတင်ပါတယ်ရှင်..."

တုံယွီရှုသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူမတွင် ရှိသော တစ်ခုတည်းသော တန်ဖိုးရှိသည့် အရာများမှာ ဤပျက်နေသော နာရီနှင့် ဟီးရိုးတံဆိပ် မင်တံတစ်ချောင်းသာ ရှိတော့သည်။

ထိုမင်တံမှာ သူမ အသက်တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့တွင် ဖခင်ဖြစ်သူက လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ ၎င်းမှာ အကောင်းပကတိ ရှိနေသေးပြီး သူမသည် စာရေးရာတွင် မကြာခဏ အသုံးပြုလေ့ရှိသည်။ ထို့ကြောင့် အသားနှင့် လဲလှယ်ရန် သူမ မစွန့်လွှတ်နိုင်ခဲ့ပေ။

နာရီကိုမူ လဲလှယ်ရန် အဆင်ပြေသည်။ သို့သော် ၎င်းမှာ ပျက်နေပြီဖြစ်၍ သူမအတွက် မည်သို့မျှ အသုံးမဝင်တော့ပေ။

"အင်း..."

လီလန်က ခေါင်းညိတ်လိုက်သည်။

အသစ်စက်စက် ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီတစ်လုံးသည် အသက်သာဆုံးဖြစ်လျှင်ပင် စျေးကွက်ထဲတွင် ယွမ်နှစ်ရာခန့် တန်ဖိုးရှိပေသည်။

ပိုက်ဆံရှိရုံဖြင့်လည်း မလုံလောက်သေးဘဲ နာရီဝယ်လက်မှတ်များလည်း လိုအပ်ပေသေးသည်။

ကျန်းဝေမင်ကဲ့သို့ အဆင့်အတန်းရှိသူပင်လျှင် နာရီဝယ်လက်မှတ်ကို ရနိုင်မည်မဟုတ်ရာ ၎င်းမှာ အလွန်တရာမှ အဖိုးတန်လှပေသည်။

"ဒီနာရီကို ကျွန်တော့်အသားနဲ့ လဲဖို့ သေချာစဉ်းစားပြီးပြီလား..."

လီလန်က ထပ်မံမေးမြန်းလိုက်သည်။

"ခင်ဗျားရဲ့ အလုပ်မှတ်တွေနဲ့လည်း ကျွန်တော့်ဆီမှာ လဲလို့ရပါတယ်..."

လီလန်က ဖြည့်စွက်ပြောလိုက်သည်။

"ကျွန်မ ဆုံးဖြတ်ပြီးပါပြီ ဒီနာရီက ကျွန်မအတွက် အသုံးမဝင်တော့ပါဘူး တောကြက်တစ်ကောင်နဲ့ လဲရရင်ပဲ ကျေနပ်ပါပြီ..."

တုံယွီရှုသည် ရယ်မောလိုက်ပြီး နာရီကို လီလန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ကောင်းပြီလေ..."

"ဒီနာရီက ပျက်နေတယ်ဆိုပေမဲ့ တန်ဖိုးရှိပါသေးတယ် မိုးပျံနဂါးအပြင် ခင်ဗျားကို တောဝက်သား ငါးကျင်းပါ ပေးလိုက်ပါမယ်..."

"ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော် လီလန်..."

[ဒင်... တုံယွီရှု၏ နှစ်သက်ခြင်းအမှတ် +၁၀၀]

[ဒင်... တုံယွီရှု၏ နှစ်သက်ခြင်းအမှတ် +၁၀၀]

"ရဲဘော် လီလန်လို့ ခေါ်နေတုန်းလား သူက အခုဆို မီးနဂါးမုဆိုးအဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင် ဖြစ်နေပြီလေ..."

ကျန်းဝေမင်က ပြုံး၍ သတိပေးလိုက်သည်။

"အိုး ရှင်က မုဆိုးအဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်လား..."

တုံယွီရှုက အံ့ဩစွာဖြင့် ပါးစပ်ကို အုပ်လိုက်လေသည်။

လီလန်မှာ သူမနှင့် ရွယ်တူခန့်ဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဟု သူမ ခန့်မှန်းထားခဲ့သည်။

သူက အသက်နှစ်ဆယ်သာ ရှိသေးသည်ကို မုဆိုးအဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင် ဖြစ်နေပြီလား။

"မုဆိုးအဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်နိုင်တဲ့သူတွေက အရည်အချင်းရှိပြီး ထူးချွန်တဲ့ မုဆိုးတွေလို့ တပ်ဖွဲ့ခေါင်းဆောင်ရှန်း ပြောတာ ကြားဖူးတယ်..."

"တပ်ဖွဲ့ခေါင်းဆောင်လီ ရှင်က တကယ့်ကို အံ့ဩစရာကောင်းတဲ့ မုဆိုးတစ်ယောက် ဖြစ်ရမယ်..."

တုံယွီရှုက ချီးကျူးလိုက်သည်။

လီလန်က ပြုံးသာနေလိုက်ပြီး ဘာမျှမပြောခဲ့ပေ။

"ဒီရဲဘော်လေးက တကယ့်ကို အပြောအဆို ချိုသာတာပဲ..."

ကျန်းဝေမင်သည် လီလန်အား မျက်စိမှိတ်ပြလိုက်သည်။

*တူလေး ငါပြောတာ မှန်တယ် မဟုတ်လား*

မြို့မှရောက်လာသော ဤပညာတတ်လူငယ် အမျိုးသမီးလေးမှာ လှပပြီး အသိဉာဏ်ရှိကာ နားဝင်ချိုသော အသံကိုလည်း ပိုင်ဆိုင်ထားပေသည်။

တင်တောင်းစရိတ် ယွမ်တစ်ရာ တောင်းဆိုခဲ့သော လီရှန်းဟွာထက်ပင် အဆပေါင်းများစွာ သာလွန်လှပေသည်။

လီရှန်းဟွာမှာ အမှိုက်သာသာဖြစ်ပြီး ရဲဘော် ရှောင်တုံ၏ ဖိနပ်ကို ကိုင်ပေးရန်ပင် မတန်ပေ။

လီလန်သည် ကျန်းဝေမင်၏ အဓိပ္ပာယ်ပါသော အကြည့်ကို မမြင်ယောင်ဆောင်နေလိုက်သည်။

သို့သော်လည်း မြို့မှရောက်လာသော ဤပညာတတ်လူငယ် အမျိုးသမီးလေးမှာ အမှန်တကယ်ပင် သဘောကျစရာ ကောင်းလှပေသည်။ သူမသည် ယဉ်ကျေးပျူငှာပြီး ပညာတတ်ကာ အသိဉာဏ်ရှိပြီး သဘောထားကောင်းမွန်လှသည်။ သူမ၏ သူငယ်ချင်း အပြင်းအထန် ဖျားနာနေချိန်တွင် သူမပိုင်ဆိုင်သော နာရီကိုပင် အသားနှင့် လဲလှယ်၍ ကျွေးမွေးရန် ဆန္ဒရှိနေခဲ့သည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ဤပညာတတ်လူငယ် အမျိုးသမီးလေးမှာ အပြစ်ဆိုဖွယ်မရှိသော စရိုက်လက္ခဏာရှိသူဖြစ်ကြောင်း သိနိုင်လေသည်။

သူမသည် အလွန်တရာမှ သဘောထားကြင်နာတတ်သော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။

လီလန်သည် တုံယွီရှုအပေါ် အလွန်ကောင်းမွန်သော အထင်အမြင်များ ရှိနေခဲ့သဖြင့် လျူဇီကို မိုးပျံနဂါး သွားယူခိုင်းလိုက်ပြီး သူကိုယ်တိုင်မူ ကြီးမားသော တောဝက်သားတုံးကြီးတစ်တုံးကို ရွေးချယ်ကာ တုံယွီရှုအား ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် တပ်ဖွဲ့ခေါင်းဆောင်လီ ကျေးဇူးတင်ပါတယ်ရှင်..."

တုံယွီရှုသည် အသားကို လက်ခံယူလိုက်ပြီး ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူမ ထွက်ခွာတော့မည့်အချိန်တွင် လီလန်သည် တစ်စုံတစ်ရာကို သတိရသွားပြီး သူမအား ပြန်လည်ခေါ်ယူလိုက်သည်။

"ရဲဘော်ယွီရှု ခင်ဗျားက ပညာတတ်တစ်ယောက်ဆိုတော့ အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ..."

လီလန်သည် အသက် ၁၃ နှစ်အရွယ်နှင့် ၉ နှစ်အရွယ်ရှိ သူ၏ ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့ကို သတိရသွားသည်။ သူတို့နှစ်ဦးစလုံးမှာ ကျောင်းနေအရွယ်များ ဖြစ်ကြသည်။

သို့သော်လည်း ရွှမ်းရွှေရွာတွင် ကျောင်းမရှိပေ။ အနီးဆုံးကျောင်းမှာ ကီလိုမီတာ ၃၀ ကျော်ဝေးသော မြို့ပေါ်တွင်သာ ရှိလေသည်။

ညီမနှစ်ယောက်မှာ ကျောင်းမသွားရဘဲ အိမ်တွင်သာ နေခဲ့ကြရသည်။ သူတို့မှာ စာမတတ်ကြဘဲ သူတို့၏ ကိုယ်ပိုင်နာမည်များကိုပင် မရေးတတ်ကြပေ။

တုံယွီရှုသည် ပညာတတ်လူငယ်ရုံးမှ ပညာတတ်လူငယ်တစ်ဦးဖြစ်သောကြောင့် သူမသည် ပညာအရည်အချင်း မြင့်မားသူ ဖြစ်ရပေမည်။ သူ၏ ညီမများကို စာသင်ပေးရန် သူမအား အဘယ်ကြောင့် အကူအညီမတောင်းရမည်နည်း။

စာမတတ်ခြင်းသည် ခေတ်နောက်ကျခြင်းကို ကိုယ်စားပြုပြီး စာတတ်မြောက်ခြင်းက ညီမငယ်များ၏ အနာဂတ်ဘဝအတွက် အကျိုးရှိစေမည် ဖြစ်သည်။

ဤခေတ်ကြီးထဲတွင် ပညာရေးဆိုသည်မှာ အလွန်ပင် အရေးကြီးလှပေသည်။

လီလန်သည် ဤအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ သူ၏ အတိတ်ဘဝတွင် သူသည် ပညာအရည်အချင်း မမြင့်မားခဲ့သဖြင့် ရွှမ်းရွှေရွာမှ မြို့သို့ ပြောင်းရွှေ့သွားပြီးနောက်တွင်ပင် သူသည် ကြုံရာကျပန်းအလုပ်များနှင့် ကာယလုပ်အားသုံးရသည့် အလုပ်များကိုသာ လုပ်ကိုင်နိုင်ခဲ့သည်။

ပညာရေးနှင့် ဗဟုသုတများက လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပေသည်။

"တပ်ဖွဲ့ခေါင်းဆောင်လီ ရှင်က အကူအညီတောင်းမယ်ဆိုရင် ကျွန်မ သေချာပေါက် ကူညီပေးမှာပေါ့..."

တုံယွီရှုသည် သူမ၏ နာရီကို တောကြက်တစ်ကောင်နှင့် လဲလှယ်နိုင်ခဲ့ပြီး လီလန်က သူမအား တောဝက်သား ငါးကျင်းကိုပါ အပိုပေးလိုက်သေးသည်။ သူမသည် စိတ်အလွန်ကြည်နူးနေပြီး လီလန်အပေါ် အလွန်ကောင်းမွန်သော အထင်အမြင်များ ရှိနေခဲ့လေသည်။

"ကျွန်တော့် ညီမနှစ်ယောက်ကို စာရေးစာဖတ် သင်ပေးဖို့ အကူအညီတောင်းချင်လို့ပါ သင်တန်းကြေးအဖြစ် ခင်ဗျားကို သားကောင်တွေ ပေးပါ့မယ်..."

"ဒါက အဆင်ပြေမယ်လို့ ထင်လား..."

လီလန်က သူ၏ အတွေးများကို ပြောပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဝေမင်သည် လီလန်ကို အံ့ဩစွာဖြင့် ကြည့်လိုက်လေသည်။

ဤတူလေးသည် တကယ့်ကို အသိဉာဏ်ပွင့်လင်းသူပင် ဖြစ်တော့သည်။

ကျောက်ဘိုင်တောင်ခြေရှိ တောင်ပေါ်ရွာလေးတစ်ရွာတွင် မွေးဖွားကြီးပြင်းလာခဲ့ပြီး တောင်တန်းကြီးများကို ကျောခိုင်းကာ နေ့စဉ် တောရိုင်းတိရစ္ဆာန်များနှင့်သာ ထိတွေ့ဆက်ဆံနေရသော မုဆိုးတစ်ယောက်ဖြစ်သော်လည်း ညီမဖြစ်သူကို စာသင်ပေးရန်နှင့် ပညာရေးနှင့် ဗဟုသုတ၏ အရေးကြီးပုံကို နားလည်သဘောပေါက်နေဆဲ ဖြစ်ပေသည်။

ထိုကဲ့သို့သော အသိအမြင်မျိုးမှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

သူတို့သည် အမဲလိုက်ရုံသက်သက်ဖြင့် ဘဝကို ဖြတ်သန်းနေကြသော ရွာထဲရှိ မုဆိုးများထက် များစွာသာလွန်လှပေသည်။

ကျန်းဝေမင်သည် လီလန်အား အဓိပ္ပာယ်ပါသော အကြည့်များဖြင့် အကြိမ်အနည်းငယ် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။

ညီမဖြစ်သူကို စာရေးစာဖတ် သင်ပေးရန်လား။

တုံယွီရှုသည်လည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

တောင်ပေါ်ရွာလေးတစ်ရွာမှ မုဆိုးတစ်ယောက်၏ ပါးစပ်မှ ဤကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မျှော်လင့်မထားခဲ့ပေ။

သူမသည် လီလန်ကို ကြည့်လိုက်ရာ သူအပေါ်ထားရှိသော သူမ၏ အမြင်မှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

ယခုအခါ လီလန်သည် အချိန်တိုင်းတွင် သူ၏ ထူးခြားသော ကိုယ်ပိုင်ဆွဲဆောင်မှုများကို ထုတ်လွှတ်နေလေသည်။

[ဒင်... တုံယွီရှု၏ နှစ်သက်ခြင်းအမှတ် +၅၀]

[ဒင်... တုံယွီရှု၏ နှစ်သက်ခြင်းအမှတ် +၅၀]

"တပ်ဖွဲ့ခေါင်းဆောင်လီ ရှင် ဘာလို့ ရှင့်ရဲ့ ညီမနှစ်ယောက်ကို စာသင်ပေးစေချင်ရတာလဲလို့ မေးချင်ပါတယ်..."

တုံယွီရှူက လီလန်၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

လီလန် မည်သို့သော အဖြေမျိုး ပေးလာမည်ကို သူမ အနည်းငယ် မျှော်လင့်နေမိသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ လီလန်မှာ ငေးမောသွားပြီး ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့၏ ကြေကွဲဖွယ် ကံကြမ္မာများအပါအဝင် သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ရုတ်တရက် ပြန်လည်သတိရလာတော့သည်။

သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တစ်လုံးချင်းစီကို ပီပီသသနှင့် တမင်ရည်ရွယ်ကာ ရှင်းလင်းစွာ ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ ရွှမ်းရွှေရွာမှာ မိန်းကလေးတစ်ယောက် အရွယ်ရောက်လို့ အသက်ဆယ့်ခြောက်နှစ် ပြည့်သွားတဲ့အခါ မိဘတွေက ခင်ပွန်းတစ်ယောက်ရှာပြီး သူမကို လက်ထပ်ပေးကြတယ်..."

"အိမ်ထောင်ကျသွားရင် သူမ လုပ်စရာတွေ အများကြီးရှိလာတယ် မိုးလင်းကနေ မိုးချုပ်အထိ အလုပ်တွေလုပ်ရတယ် ချက်ပြုတ်ရတယ် အဝတ်လျှော်ရတယ် ခင်ပွန်းနဲ့ ယောက္ခမတွေကိုလည်း ပြုစုစောင့်ရှောက်ရတယ် သူမ ကိုယ်ဝန်ရှိလာတော့လည်း မီးတွင်းထဲကတောင် မထွက်ရသေးဘဲနဲ့ ယောက္ခမတွေက လယ်ထဲကို အလုပ်ပြန်ဆင်းခိုင်းကြတယ်..."

"ကလေးတစ်ယောက် ရပြီးတဲ့အခါမှာလည်း နောက်ထပ် လိုချင်ကြသေးတယ် ကလေးတစ်ယောက်တည်းနဲ့ မလုံလောက်ကြဘူး နှစ်ယောက် သုံးယောက် လေးယောက် လိုချင်ကြတယ်..."

"အလုပ်တွေကို သေချာမလုပ်နိုင်ရင်ဖြစ်ဖြစ် ထမင်းမချက် အဝတ်မလျှော်နိုင်ရင်ဖြစ်ဖြစ် သူမရဲ့ ခင်ပွန်းဆီကနေ ရိုက်နှက် ဆဲဆိုခံရတာတွေ ရှိသေးတယ်..."

"အဲ့လိုမျိုးမဖြစ်သင့်ဘူး ကျွန်တော့် ညီမတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေ ရှိသင့်တယ်..."

"ဒါကြောင့် သူတို့ကို စာရေးစာဖတ်တတ်စေချင်တယ် ပညာတတ်တွေ ဖြစ်လာစေချင်တယ်..."

"ပြီးရင် ကျွန်တော်တို့ ဒီတောင်တန်းတွေပေါ်ကနေ ထွက်သွားကြမယ်..."

All Chapters