အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) အမွေအနှစ်ကို လုယူခြင်း၊ ငါရဲ့ လူသားဧကရာဇ်အလံထဲသို့ ဝင်လာပြီး စကားပြောကြတာပေါ့
ချီလင်နန်းတော်အတွင်း၌ ချန်ရီသည် အနီးနားရှိ ချီလင်ရုပ်တုတစ်ခုကို ကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများ ပူနွေးလာသည်ကို ခံစားလိုက်ရပေ၏။
သူ၏မျက်လုံးများတွင် စိတ်အားထက်သန်သော အလင်းရောင်များ ပြည့်နှက်နေပြီး ထိုချီလင်ရုပ်တုအတွင်း၌ သူ လိုအပ်သည့်အရာအားလုံး ရှိနေကြောင်း ကြိုတင်ခံစားမိနေခဲ့သည်။
သူ၏ ချီလင်သွေးကြောကို နိုးထစေနိုင်သည့်အရာများ ရှိနေပြီး သူ၏ ခြေလက်များပင် ပြန်လည်ပေါက်ဖွားလာနိုင်ပေလိမ့်မည်။
ဤသို့တွေးမိချိန်၌ သူ့ကို လက်တစ်ဖက်နှင့် ခြေတစ်ဖက် ခုတ်ဖြတ်သွားခဲ့သော ချင်လော့ကို တွေးမိပြီး သူ၏ အမူအရာမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
"ချင်လော့... ငါ အပြင်ထွက်သွားရင် မင်းကို သတ်မယ်!... ငါ့လက်နဲ့ကိုယ်တိုင် မင်းကို သတ်ပစ်မယ်!”
ချန်ရီက အံကြိတ်ကာ ပြောဆိုလိုက်သည်။
ချီလင်နန်းတော်၏ တောက်ပမှုများ ပိုမိုအားကောင်းလာပြီး အပြင်ဘက်မှ အသံများကို ကြားရချိန်တွင် အခြားသူများ ရောက်ရှိလာပြီဖြစ်ကြောင်း ချန်ရီ သိရှိလိုက်ပြီး သူ ထပ်မံ၍ စောင့်ဆိုင်းမနေနိုင်တော့ချေ။
သူက ခြေတစ်ဖက်တည်းဖြင့် ရှေ့သို့ ခုန်သွားကာ သူ၏ သွေးများကို အသုံးပြု၍ ချီလင်နန်းတော်၏ အမွေအနှစ်ကို ဖွင့်လှစ်ရန် ကြိုးစားလိုက်သည်။
ချီလင်ရုပ်တုအနားသို့ ရောက်ချိန်တွင် လက်မောင်းပြတ်သွားသော ပခုံးပေါ်ရှိ ဒဏ်ရာမှ သွေးများကို အသုံးပြုကာ ချီလင်ရုပ်တု၏ မျက်လုံးများပေါ်သို့ သုတ်လိမ်းလိုက်၏။
ပန်းချီကားတစ်ချပ်တွင် နဂါးမျက်လုံးကို ရေးဆွဲလိုက်သကဲ့သို့ ချီလင်ရုပ်တု၏ မျက်လုံးများသည် အသက်ဝင်လာခဲ့သည်။
ထိုအရာနှင့် ဆန့်ကျင်ဘက်အနေဖြင့် ချန်ရီ၏ မျက်နှာမှာမူ ပို၍ ဖြူလျော့သွားခဲ့ပေ၏။
ချင်လော့သည် ချီလင်နန်းတော်၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် နားကွဲမတတ် ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"အဲဒီအသံက ဘာကြီးလဲ"
"သားရဲရဲ့ အသံနဲ့ တူတယ်နော်"
"ကျစ်... သားရဲတွေ"
လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
လူတိုင်း၏ မြင်ကွင်းတွင် ပိန်လှီချည့်နဲ့နေသော ကျားခေါင်းနှင့် သားရဲတစ်ကောင် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများတွင် သေလုမြောပါး မီးခိုးရောင် အရိပ်အယောင်များ ပြည့်နှက်နေပြီး ဤလူများကို မြင်တွေ့ချိန်မှသာ နှုတ်ခမ်းကို သပ်လိုက်ကာ မျက်လုံးထဲတွင် အလင်းရောင်အချို့ ပေါ်လာခဲ့သည်။
"ဝေါင်း"
အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသော သားရဲ၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီးနောက် အနီးဆုံးရှိ လူတစ်ယောက်ထံသို့ ခုန်အုပ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် သားရဲနှစ်ကောင် တွားသွားထွက်ပေါ်လာပြီး တစ်ကောင်မှာ ဆင်တစ်ကောင်ဖြစ်သော်လည်း ယခုအခါ ဆင်ပေါက်တစ်ကောင်ခန့်သာ ရှိတော့ပေ၏။
ထို့ပြင် ထိုသားရဲ၏ ခန္ဓာကိုယ်အများစုမှာ မပြည့်မစုံဖြစ်နေပြီး အတွင်းမှ အရိုးစုများကိုပင် မြင်တွေ့နေရသည်။
နောက်တစ်ကောင်မှာ ဝံပုလွေတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အမွေးတစ်ပင်မျှ မရှိဘဲ ပြောင်စင်နေကာ အထူးသဖြင့် ရုပ်ဆိုးလှပေသည်။
ချွင်းချက်မရှိဘဲ ထိုသားရဲများသည် လူများကို မြင်တွေ့ချိန်တိုင်း အစွမ်းကုန် ပြေးဝင်တိုက်ခိုက်ကြသည်။
"ဒါတွေက ချီလင်နန်းတော်ရဲ့ အကူအညီနဲ့ သီသီလေး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သားရဲတချို့ ဖြစ်ရမယ်... အခု သူတို့ရဲ့ စွမ်းအားက သူတော်စင်အဆင့်နဲ့ ညီမျှနေတယ်"
ချင်လော့က ခန့်မှန်းလိုက်၏။
"ချင်လော့... သေဖို့သာ ပြင်ထားလိုက်တော့!"
ရှန်ချင်းယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရုပ်တစ်သောင်းအရိပ်သတ်အစီအရင်ဖြင့် ချင်လော့ထံသို့ ပြေးဝင်လာကာ ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။
"မင်းနဲ့ကစားဖို့ ငါ့မှာ အချိန်မရှိဘူး"
ချင်လော့သည် ချန်ရီဘက်မှ အစပျိုးလှုပ်ရှားမှုများကို ဝေဝါးစွာ ခံစားမိနေခဲ့သည်။
ဤသားရဲသုံးကောင်သည် ချန်ရီအတွက် အခြားသူများကို တားဆီးပေးနေသည့်အလားပင်။
သူက မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ ပြေးထွက်သွားပြီး သူ၏လက်ထဲရှိ ချင်းဖုန်းဓားက မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေခဲ့သည်။
"ခုတ်ပိုင်းလိုက်စမ်း!"
ချင်လော့က ဓားတစ်ချက်ဖြင့် ကျားနတ်ဆိုးကို ခုတ်ပိုင်းလိုက်ရာ ကျားနတ်ဆိုးကို ရှုံးနိမ့်သွားခဲ့သော လူမှာ မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။
"ဝေါင်း"
နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျားနတ်ဆိုးမှာ ချင်လော့၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ချေ။
‘'ဝှစ်!' 'ဝှစ်!' 'ဝှစ်!'’
မရေမတွက်နိုင်သော ဓားချီများ ဖြတ်သန်းသွားပြီးနောက် ကျားနတ်ဆိုး၏ မျက်လုံးများသည် ယခင်ကဲ့သို့ ပြာနှမ်းနှမ်းအရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။
‘ဘန်း!’
ကျားနတ်ဆိုး၏ ရုပ်အလောင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး သေဆုံးသွားခဲ့သည်။
‘ဘန်း!’
ချင်လော့၏ ဓားချီအရှိန်သည် မလျော့ကျသွားဘဲ ချီလင်နန်းတော်၏ ပင်မတံခါးကြီးဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းသွားပြီး အဖြူရောင် ဓားအမှတ်အသားတစ်ခု ထွက်ပေါ်လာခဲ့၏။
"သွား... တံခါးကို ချိုးဖျက်ကြ!"
ချင်လော့က မလှမ်းမကမ်းရှိ သူတော်စင်သားတော်တစ်ပါးကို ကြည့်ကာ အော်ဟစ်လိုက်သည်။
"ငါက ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ"
"အတွင်းထဲမှာ နတ်သားရဲချီလင်ရဲ့ အမွေအနှစ် ရှိတယ်... တကယ်လို့ မင်းတို့ မသွားရင် ချန်ရီက လုယူသွားလိမ့်မယ်”
စကားတစ်ခွန်းတည်းဖြင့် လုံလောက်ပေ၏။
ချင်လော့က လှည့်ကာ ဆင်နတ်ဆိုးထံသို့ ပြေးဝင်သွားပြီး လွယ်လွယ်ကူကူပင် သတ်ဖြတ်လိုက်သည်။
အခြား ဝံပုလွေနတ်ဆိုးမှာမူ သူတော်စင်သားတော် အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
"အကုန်လုံးက အသုံးမကျတာတော့ မဟုတ်ဘူးပဲ”
ချင်လော့က လှောင်ပြောင်လိုက်ပြီးနောက် ရှေ့သို့ တက်ကာ ချီလင်နန်းတော်၏ ပင်မတံခါးကို တိုက်ခိုက်လိုက်သည်။
တားမြစ်ချက်များသည် ချန်ရီ ဝင်ရောက်သွားချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ဤခိုင်ခံ့သော တံခါးကြီးသာ သူတို့ကို တားဆီးထားခဲ့သည်။
"ချင်လော့!"
ရှန်ချင်းယန်၏ မြင်ကွင်းတွင် ချင်လော့ကိုသာ မြင်တွေ့နေရပြီး အမွေအနှစ်ဆိုသည်မှာ သူမအတွက် ချင်လော့ကို သတ်ဖြတ်ခြင်းနှင့် နှိုင်းယှဉ်ပါက မည်သို့မျှ အရေးမပါချေ။
လင်းဟောက်က ဘေးမှနေ၍ အသိတရားရှိစွာ သတိပေးလိုက်သည်။
"ဂျူနီယာညီမလေး ရှန်... ငါတို့ ချီလင်နန်းတော်ထဲကို အရင်ဝင်ကြတာပေါ့... ကျန်တာတွေကို နောက်မှ ပြောကြတာပေါ့”
"ချီလင်အမွေအနှစ်ကို ငါ မလိုချင်ဘူး... ချင်လော့ကိုပဲ သတ်ချင်တာ!”
ရှန်ချင်းယန်က အံကြိတ်ကာ ပြောဆိုလိုက်၏။
ချင်လော့က လင်းဟောက်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းက သင်ပေးလို့ ရသေးတာပဲ...မင်းလို ဖိနပ်ရက်တဲ့ကောင်ကို ကယ်တင်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ငါ ထင်တယ်”
"မင်းကို ရွေးချယ်ခွင့် တစ်ခုပေးမယ်... ငါ့ကို အညံ့ခံရင် မင်းရဲ့ နှလုံးသားထဲက နတ်ဘုရားမလေးကို မင်း စီးနင်းခွင့်ရအောင် ငါ လုပ်ပေးနိုင်တယ်”
"သေချာ စဉ်းစားနော်... ဟားဟားဟား!"
ချင်လော့က အားရပါးရ ရယ်မောလိုက်ပြီး လိုဏ်ဂူကောင်းကင်ဆယ်ခု၏ စွမ်းအားများကို အပြည့်အဝ ထုတ်ယူကာ သူတော်စင်တစ်ပါး၏ စွမ်းအင်အဖြစ် ရယူလိုက်သည်။
အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်လိုက်၏။
‘ဝုန်း!’ ဓားတစ်ချက်က တံခါးကြီးကို ဝင်တိုက်သွားပြီး ချိုးဖျက်ခံလိုက်ရသည်။
အခြားသူများသည် ချင်လော့၏ အံ့မခန်းစွမ်းအားကို အံ့အားသင့်နေချိန်တွင် ချီလင်နန်းတော်အတွင်းမှ လွှမ်းခြုံနေသော သက်စောင့်စွမ်းအင်များကို ခံစားလိုက်ရသည်။
မျက်စိလျင်သော သူများက ချန်ရီ၏ လက်မောင်းများပေါ်တွင် အသားစိုင်များ ပြန်လည်ကြီးထွားလာနေပြီဖြစ်ကြောင်း သတိပြုမိသွားကြသည်။
"မြန်မြန်! မြန်မြန်! အထဲက အမွေအနှစ်က သေဆုံးသွားတဲ့သူတွေကိုတောင် ပြန်လည်အသက်ရှင်စေနိုင်ပြီး အသားနဲ့ အရိုးတွေကို ပြန်လည်ပေါက်ဖွားစေနိုင်တယ်... မြန်မြန်လုပ်!”
လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
သူတို့က တစ်ယောက်ပြီးတစ်ယောက် အစွမ်းကုန် တိုက်ခိုက်ကြရာ တံခါးကြီးမှာ အပိုင်းပိုင်းအစစ ကျိုးပဲ့သွားခဲ့တော့၏။
‘ဘန်း!’
တံခါးကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အသံက ချန်ရီ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ချင်လော့တို့ ရောက်လာသည်ကို မြင်တွေ့လိုက်ရကာ အထူးသဖြင့် ချင်လော့ကို မြင်ချိန်၌ သူ၏ မျက်လုံးများတွင် ရူးသွပ်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်သွားခဲ့သည်။
"ချင်လော့!... မင်းက ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်တာပဲ!... မင်းကို သတ်မယ်!... မင်းကို သေချာပေါက် သတ်ပစ်မယ်!”
‘ဝုန်း!’
ကြီးမားသော သွေးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သေချာစွာ သန့်စင်ရန်ပင် အချိန်မရတော့ချေ။
သူ၏ လက်မောင်းများနှင့် ပေါင်တံများမှာ လျင်မြန်စွာ ကြီးထွားလာနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
ဖြူဖွေးပြီး ဆွဲဆောင်မှုရှိသော အသားအရေက ထိုနေရာရှိ လူတိုင်းကို တံတွေးမြိုချသွားစေခဲ့သည်။
"သွား! သူ့ကို သတ်ကြ! ချန်ရီက ချီလင်အမွေအနှစ်ကို လုယူသွားပြီ”
ချင်လော့က စကားတစ်ခွန်းတည်းဖြင့် ချန်ရီအား လူအများ၏ ပစ်မှတ်ဖြစ်သွားစေခဲ့သည်။
"သတ်စမ်း!"
ပထမဆုံးလူ စတင်လှုပ်ရှားသည်နှင့် ဒုတိယလူလည်း လိုက်ပါလာခဲ့သည်။
စောစောက ချင်လော့အား ဘုံရန်သူအဖြစ် သတ်မှတ်ထားသော်လည်း ယခုအခါ ချန်ရီက ချင်လော့၏ နေရာကို ချက်ချင်း အစားထိုးသွားပြီး လူတိုင်းနီးပါး၏ ရန်လိုမှုများကို ဆွဲဆောင်သွားခဲ့သည်။
နတ်သားရဲချီလင်၏ အမွေအနှစ်မှာ ကောင်းကင်ကိုဆန့်ကျင်လွန်းလှပေ၏။
အထူးသဖြင့် ချန်ရီသည် ခြေတစ်ဖက်နှင့် လက်တစ်ဖက် လွယ်လွယ်ကူကူပင် ပြန်လည်ပေါက်ဖွားလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ပြင်းထန်သော အမြင်အာရုံရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
"ချီလင်ကောင်းကင်နင်းခြေလှမ်း!"
ချန်ရီက ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ ခြေထောက်အသစ်သည် အမှန်တကယ်ပင် အသုံးဝင်လှပြီး စွမ်းအားမှာ ယခင်ကထက်ပင် ပိုမိုကောင်းမွန်နေကြောင်း ဝန်ခံရမည်ဖြစ်သည်။
‘ဝုန်း!’
ဧရာမ သံတူကြီးများက အခြားသူများကို ထုနှက်လိုက်သည့်အလား လူအများအပြားမှာ ချက်ချင်းပင် သွေးများ အန်ထုတ်ကာ နောက်သို့ လွင့်စဉ်သွားကြသည်။
ယခုအချိန်မှသာ သူတို့ထဲမှ အများအပြားသည် ယခင်က ချင်လော့နှင့် တိုက်ခိုက်ခဲ့သော ချန်ရီမှာ အားနည်းလွန်းသည်မဟုတ်ဘဲ ချင်လော့က အရမ်းသန်မာလွန်းနေခြင်းဖြစ်ကြောင်း သတိပြုမိသွားကြ၏။
"အားလုံး အတူတူ တိုက်ကြ! သူက တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို တကယ် ရင်ဆိုင်နိုင်မယ်လို့များ ထင်နေလား... အတူတူ တိုက်ပြီး သူ့ကို သတ်ကြ!"
ချင်လော့က လုံးဝ ဝင်မတိုက်ဘဲ မီးတောက်ကိုသာ အစွမ်းကုန် မွှေးပေးနေခဲ့သည်။
လူတိုင်းက ချင်လော့ မီးမွှေးပေးနေကြောင်း သိရှိထားသော်လည်း သူတို့က အတူတကွ တိုက်ခိုက်နေကြဆဲပင်။
လူတိုင်းက သူတို့ကိုယ်သူတို့ ချီလင်အမွေအနှစ်ကို ရရှိမည့် ကံကောင်းသူ၊ ကောင်းကင်ဘုံက မျက်နှာသာပေးခံရသူဟု ထင်မြင်နေကြသည်။
ချင်လော့၏ အကြည့်များသည် မီးတောက်များကဲ့သို့ ထက်မြက်နေပြီး နန်းတော်အတွင်း၌ ချီလင်အဆီအနှစ်သွေး ဖြစ်လာနိုင်မည့်အရာကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။
သူက နေရာအနှံ့ ရှာဖွေပြီးနောက် သူ၏ အကြည့်များသည် ထိုချီလင်ရုပ်တုပေါ်သို့ ရောက်ရှိသွားသည်။
"ထားလိုက်တော့... ဒီအရာကို ငါ ယူမယ်”
‘ဝှစ်!’
ချင်လော့က ခုန်ထွက်လိုက်ပြီး ချီလင်ရုပ်တုရှိရာသို့ ပြေးဝင်သွားရာ ချန်ရီက ချက်ချင်း တားဆီးရန် ကြိုးစားသော်လည်း အခြားသူများ၏ ဟန့်တားမှုကို ခံလိုက်ရပြီး နောက်ဆုံးတွင် ချင်လော့ကို မတားဆီးနိုင်ခဲ့ဘဲ ချီလင်ရုပ်တုအနားသို့ ရောက်ရှိသွားစေခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်၌ ချန်ရီ၏ မျက်လုံးများ ဒေါသကြောင့် ပေါက်ထွက်မတတ် ဖြစ်သွားရပြီး ဟိန်းဟောက်လိုက်၏။
"ချင်လော့! မင်း သေချင်နေတာပဲ!”
သူက ချက်ချင်းပင် ဖွင့်ပြောလိုက်သည်။
"ချီလင်နန်းတော်ရဲ့ အမွေအနှစ်က ရုပ်တုထဲမှာ ရှိတယ်... အားလုံး အတူတူ ချင်လော့ကို သတ်ကြ! အားလုံးကို ငါ ဝေမျှပေးမယ်"
မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ ရန်လိုမှုများသည် ချင်လော့၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။
ရှန်ချင်းယန်ကလည်း နောက်ထပ် စကားတစ်ခွန်း ထပ်မံဖြည့်စွက်လိုက်သည်။
"ဘယ်သူက ချင်လော့ကို သတ်နိုင်မလဲ... ငါက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေရဲ့ အရင်းအမြစ်တွေ အပြည့်အဝနဲ့ သူ့ရဲ့ ကျင့်ကြံမှုကို ကူညီပေးမယ်... ရှန်ချင်းယန်က ငါကိုယ်တိုင် ပုံအပ်ဖို့ ဆန္ဒရှိတယ်"
"သတ်စမ်း! ချင်လော့ကို သတ်ကြ!"
လူတိုင်း၏ မျက်လုံးများ သွေးရဲရဲနီလာကာ ချင်လော့ထံသို့ ပြေးဝင်လာကြသည်။
ချင်လော့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် လူသားဧကရာဇ်အလံကို ဆင့်ခေါ်ကာ ချီလင်ရုပ်တုကို လွှမ်းခြုံလိုက်ရာ ကြီးမားလှသော ခရမ်းရောင်ချီများ ကောင်းကင်သို့ ထိုးတက်သွားသည်။
"အားလုံးပဲ... ငါရဲ့ လူသားဧကရာဇ်အလံထဲကို ဝင်လာပြီး စကားပြောကြမလား"