အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း(၁၅၃) မင်္ဂလာပါ…ကျွန်တော်က ခင်ဗျားတို့ရဲ့ အိပ်မက်ဆိုးပါပဲ
အထူးရဲတပ်ဖွဲ့စခန်း၏ ဂိတ်တံခါးဝနှင့် မီတာတစ်ရာခန့် အလိုတွင် အငှားယာဉ်သည် ဘရိတ်ကို ဆောင့်နင်းလိုက်၏။
ကားတာယာနှင့် မြေပြင်တို့ ပွတ်တိုက်မိသဖြင့် စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
ယာဉ်မောင်းသည် မီတာကိုပင် လှည့်မကြည့်ရဲချေ။ သူသည် တုန်ယင်နေသော လက်များဖြင့် သံမဏိခံတပ်ကြီးနှင့်တူသော ရှေ့မှ အဆောက်အအုံကို လက်ညှိုးထိုးပြကာ ငိုရမလို ရယ်ရမလို အမူအရာဖြင့် အတင်းပြုံးပြလိုက်တော့သည်။
"အစ်ကိုကြီး... အဲဒီ... အဲဒီအထိပဲ ရတော့မယ်..."
"ရှေ့ကို ဆက်သွားလို့ မရတော့ဘူး..."
"အာ... ကားခကတော့... အစ်ကိုကြီး သင့်တော်သလိုသာ ပေးခဲ့ပါတော့... တကယ်လို့ မပေးချင်လည်း ရပါတယ်..."
ချူးရှန့်သည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကုဒ်ကိုဖတ်ကာ ကားခကို အပြည့်အဝ ပေးချေလိုက်၏။
ထို့နောက် သူက ကားတံခါးကို တွန်းဖွင့်ကာ ဆင်းလာခဲ့သည်။
သူ၏ နောက်ကျောဘက်တွင်မူ အငှားယာဉ်သည် လီဗာကို အဆုံးထိနင်းလိုက်ရာ အင်ဂျင်သံကြီး ဟိန်းထွက်သွားပြီး တစ္ဆေခြောက်ခံရသည့်အလား အပြေးအလွှား မောင်းနှင်ထွက်ပြေးသွားတော့၏။
ချူးရှန့်ကမူ ဤအရာများအားလုံးကို လျစ်လျူရှုထားလေသည်။
သူသည် လက်တစ်ဖက်တွင် ချင်ယွိပင်း ပေးထားသော ငွေရောင် နည်းဗျူဟာသုံး သေတ္တာကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် လင်းဝမ်ချင့် ချက်ပြုတ်ပေးလိုက်သော ဧရာမ အပူထိန်းဗူးကြီးကို ဆွဲထားကာ သံချပ်ကာယာဉ် နှစ်စီးယှဉ်မောင်း၍ရသော ဧရာမ သံတံခါးကြီးဆီသို့ လျှောက်လှမ်းသွားတော့သည်။
ဝင်ပေါက်တွင် အပြည့်အစုံ လက်နက်တပ်ဆင်ထားသော ကင်းစောင့်နှစ်ဦးမှာ မတ်မတ်ရပ်နေကြ၏။
သူတို့သည် ချူးရှန့်ကို မြင်လိုက်ရသောအခါ စစ်သားများ၏ သီးသန့်ရှိတတ်သော သတ်ဖြတ်လိုသည့် အငွေ့အသက်မှာ ပိုမိုရိုင်းစိုင်းပြီး စစ်မှန်သော ကြမ်းကြုတ်မှုတစ်ခု၏ ရိုက်ချိုးဖျက်ဆီးခြင်းကို ချက်ချင်း ခံလိုက်ရချေသည်။
ကင်းစောင့်တစ်ဦး၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွား၏။
အမျိုးအစား ၉၅ တိုက်ခိုက်ရေးရိုင်ဖယ်ကို ဆုပ်ကိုင်ထားသော သူ၏လက်များမှာ အလိုအလျောက် တင်းကျပ်သွားပြီး အားပါလွန်းသဖြင့် လက်ဆစ်များပင် အနည်းငယ် ဖြူရော်သွားတော့သည်။
"ရပ်လိုက်စမ်း..."
သူက စူးရှစွာ အော်ဟစ်လိုက်သော်လည်း သူကိုယ်တိုင်ပင် သတိမထားမိသော တင်းမာမှုတစ်ခု သူ၏အသံထဲတွင် ပါဝင်နေလေသည်။
"စစ်ဘက်ဆိုင်ရာ ကန့်သတ်နယ်မြေဖြစ်တယ်... ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်မရှိဘူး..."
ချူးရှန့်သည် ခြေလှမ်းများကို ရပ်တန့်လိုက်၏။
သူက စကားတစ်ခွန်းမျှမဆိုဘဲ မျက်လုံးများကိုပင့်ကာ ကင်းစောင့်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ထိုအကြည့်များမှာ တည်ငြိမ်လွန်းနေပြီး ဂရုမစိုက်ဟန်ပေါက်ကာ မည်သည့်ခံစားချက်မျှ ပါဝင်ခြင်း မရှိချေ။
လမ်းဘေးမှ ကျောက်ခဲတစ်လုံး သို့မဟုတ် အေးစက်နေသော အလောင်းတစ်လောင်းကို ကြည့်နေသကဲ့သို့ ဖြစ်၏။
ကင်းစောင့်သည် ထိုအကြည့်ကို ခံလိုက်ရသောအခါ ခြေဖဝါးမှစ၍ ခေါင်းအထိ အေးစိမ့်သွားပြီး ကျောပြင်တွင် ချက်ချင်း ချွေးအေးများ ပျံထွက်လာတော့သည်။
သူသည် လူတစ်ယောက်ကို ရင်ဆိုင်နေရသည်ဟု မခံစားရတော့ချေ။
ထိုအစား သွေးထွက်သံယို တိုက်ပွဲတစ်ခုမှ ထွက်ပေါ်လာခါစ သမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။
ချူးရှန့်သည် အိတ်ကပ်ထဲမှ ပြောင်းရွှေ့မိန့်စာရွက်ကို ထုတ်ယူကာ ကမ်းပေးလိုက်၏။
"ချူးရှန့်..."
"သတင်းလာပို့တာ..."
အခြားကင်းစောင့်တစ်ဦးမှာ စိုးရိမ်တကြီး တံတွေးမျိုချလိုက်ပြီး သတိထားကာ ရှေ့သို့ တိုးလာကာ အန္တရာယ်ရှိသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းတစ်ခုကို ကိုင်တွယ်ရသကဲ့သို့ စာရွက်၏ အစွန်းကို လက်နှစ်ချောင်းဖြင့် ညှပ်ယူလိုက်သည်။
သူက စာရွက်ကို အမြန်ဖတ်ကြည့်လိုက်ပြီးနောက် သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ကင်းတဲထဲသို့ အပြေးအလွှား ဝင်သွားကာ စကားပြောစက်ကို ကောက်ကိုင်လိုက်တော့၏။
"သတင်းပို့ပါတယ်... သတင်းပို့ပါတယ်... လျှို့ဝှက်ကုဒ် အသက်သွင်းသူ... သူ... သူ ရောက်လာပါပြီ..."
စကားပြောစက်၏ အခြားတစ်ဖက်တွင်မူ ထိုသတင်းကြောင့် ခေတ္တမျှ ဆို့နင့်သွားပုံရပြီး နှစ်စက္ကန့်တိတိ တိတ်ဆိတ်သွားခဲ့သည်။
"တံခါးဖွင့်ပေးလိုက်..."
"ဝုန်း..."
လေးလံသော သံမဏိတံခါးကြီးများက တစ်ဖက်တစ်ချက်ဆီသို့ ဖြည်းညင်းစွာ ပွင့်ဟသွား၏။
အထူးရဲတပ်ဖွဲ့ လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းမာကြံ့ခိုင်သည့် လူငယ်အရာရှိတစ်ဦးသည် အထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် ပုံသေလုပ်ကြံထားသော အပြုံးတစ်ခုရှိနေပြီး စိတ်ထဲတွင်လည်း ပြောရမည့်စကားများကို ကြိုတင်ပြင်ဆင်ထားခဲ့၏။
"မင်္ဂလာပါ... အကြံပေးအရာရှိချူး... ကျွန်တော်က..."
သူ စကားပြော၍ပင် မဆုံးသေးမီ တံခါးဝတွင် ရပ်နေသော ချူးရှန့်ကို မြင်လိုက်ရသည်။
သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားတော့၏။
ဆက်ပြောမည့် စကားလုံးများမှာလည်း လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့သည်။
လူငယ်လေးသည် ဦးနှောက်ထဲတွင် ဝှီခနဲ မြည်သွားကာ ဘာမျှမတွေးနိုင်တော့ဘဲ ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ရှေ့တွင်ရှိနေသော အမျိုးသားမှာ အရပ် ၁.၉ မီတာကျော် မြင့်မားလေသည်။ ထိုသူသည် ရိုးရှင်းသော အနက်ရောင် တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး ၎င်းက ကြောက်မက်ဖွယ်ကောင်းသော ကြွက်သားများဖြင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်အချိုးအစားကို အပြည့်အဝ ပေါ်လွင်စေ၏။
ထိုမျက်နှာသည် ဖန်ဆင်းရှင်က သူ၏ စိတ်အဆိုးဆုံးအချိန်တွင် အကြမ်းတမ်းဆုံး ဆောက်ဖြင့် ဖြစ်သလို ထုဆစ်ထားသကဲ့သို့ ရှိနေသည်။
အထူးသဖြင့် ထိုမျက်လုံးများပင်ဖြစ်၏။
လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မင်းက ပေါင်းစားတာကို ကြိုက်လား၊ ဒါမှမဟုတ် ချက်စားတာကို ကြိုက်လား ဟု မေးနေသကဲ့သို့ပင်။
"အကြံပေးအရာရှိချူး..."
လူငယ်လေး၏ အသံများမှာ တုန်ယင်နေခဲ့ပြီး သူ ကြိုတင်ပြင်ဆင်ထားခဲ့သော ယဉ်ကျေးသည့် စကားလုံးများအားလုံးမှာလည်း အလဟဿ ဖြစ်သွားရတော့သည်။
"ကပ္ပတိန်... ကပ္ပတိန်က ခင်ဗျားကို လာကြိုခိုင်းလို့ပါ..."
"ဒီဘက်ကို... ကြွပါ..."
သူသည် တောင့်တင်းနေသော ခန္ဓာကိုယ်ဖြင့် လှည့်လိုက်ပြီး ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် လျှောက်သွားကာ နောက်သို့ ထပ်မံ လှည့်မကြည့်ရဲတော့ချေ။
ချူးရှန့်ကမူ သူ၏နောက်မှ အနှေးအမြန်မရှိ မှန်မှန်ဖြင့် လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ဦးသည် ဧရာမ လေ့ကျင့်ရေးကွင်းကြီးကို ဖြတ်၍ တစ်ယောက်နောက် တစ်ယောက် လျှောက်လာခဲ့ကြ၏။
လမ်းတစ်လျှောက်တွင် သူတို့ တွေ့ဆုံခဲ့ရသော အထူးရဲအရာရှိများအားလုံးသည် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နေသူဖြစ်စေ၊ လက်နက်ကိရိယာများကို ပြုပြင်ထိန်းသိမ်းနေသူဖြစ်စေ ချူးရှန့်ကို မြင်လိုက်ရသည့် စက္ကန့်တွင် အတိုင်းအတာတစ်ခုအထိ လှုပ်ရှားမှုများ ရပ်တန့်သွားကြလေသည်။
လေထုမှာ ထူးဆန်းလာပြီး ဖိနှိပ်မှုများဖြင့် ပြည့်နှက်လာတော့၏။
မကြာမီတွင် သူတို့နှစ်ဦးသည် ဧရာမ အိမ်တွင်းလေ့ကျင့်ရေးခန်းမကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ခန်းမအတွင်း၌ ဆူညံသံများမှာ နားကွဲမတတ်ပင်။ တိုက်ခိုက်ရေး အော်ဟစ်သံများ၊ ရိုက်ခတ်သံများနှင့် ပြင်းထန်သော အသက်ရှူသံများသည် ချွေးနံ့များနှင့် ရောယှက်နေပြီး ပေါက်ကွဲထွက်မတတ် ဟော်မုန်းများဖြင့် ပြည့်နှက်နေသော လေထုတစ်ခုကို ဖန်တီးထားလေသည်။
"ဒီနေရာက ကျွန်တော်တို့ရဲ့ ကိုယ်ခံပညာပေါင်းစုံ သိုင်းကွင်းပါ..."
လူငယ်အရာရှိလေးသည် လေးလံသော သံတံခါးကြီးကို တွန်းဖွင့်ကာ အခြေအနေကို မိတ်ဆက်ပေးလိုက်သည်။
တံခါးပွင့်သွားသည့် တစ်ခဏအတွင်းမှာပင်။
အဆောက်အအုံအတွင်းရှိ ဆူညံပြီး ပူပြင်းလှောင်ပိတ်နေသော အပူရှိန်သည် မျက်မြင်မရသော ရေခဲနံရံကြီးတစ်ခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွား၏။
အသံများမှာ ရုတ်တရက် ရပ်တန့်သွား၏။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
မြေပြင်တိုက်ခိုက်ရေး လေ့ကျင့်နေသူများမှာလည်း အနေရခက်သော ကိုယ်ဟန်အနေအထားများဖြင့် အေးခဲသွားကြသည်။
သဲအိတ်များကို ထိုးကြိတ်နေသူများ၏ လက်သီးများမှာလည်း လေထဲတွင် ရပ်တန့်သွားခဲ့၏။
ဘေးမှနေ၍ အားပေးနေသူများမှာလည်း ကြက်ဥတစ်လုံး ဝင်ဆံ့နိုင်လောက်သည့်အထိ ပါးစပ်များ ဟအက်သွားကြလေသည်။
ထက်မြက်လှသော အထူးရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ၏ မျက်လုံးများသည် တံခါးဝတွင် သေတ္တာတစ်လုံးနှင့် အပူထိန်းဗူးကို သယ်ဆောင်လာသော အမျိုးသားထံသို့ တစ်ပြိုင်နက်တည်း စူးစိုက်ကြည့်ရှုနေကြတော့သည်။
အားကစားရုံအမိုးရှိ မှန်တံခါးမှတစ်ဆင့် နေရောင်ခြည်များ ဖြာကျနေပြီး လေထဲတွင် ဖုန်မှုန့်လေးများ ကခုန်နေစဉ် အလင်းအမှောင် အရိပ်များကို ဖြစ်ပေါ်စေ၏။
သို့သော် ချူးရှန့်အပေါ်သို့ ကျရောက်နေသော အလင်းရောင်များမှာ သူ၏ပတ်ဝန်းကျင်ရှိ မျက်မြင်မရသော အငွေ့အသက်များ၏ မျိုချခြင်းကို ခံလိုက်ရသကဲ့သို့ ရှိနေသဖြင့် သူ့ကို အနည်းငယ် မှုန်မှိုင်းနေစေသည်။
သူသည် ရဲဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိသလို ရန်လိုသည့်ပုံပေါက်သော မည်သည့်အဝတ်အစားကိုမျှ ဝတ်ဆင်ထားခြင်း မရှိချေ။
သို့သော် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် အဆောက်အအုံအတွင်းရှိ အပြည့်အစုံ လက်နက်တပ်ဆင်ထားသော အထူးရဲအရာရှိများအားလုံးကို ပေါင်းလိုက်သည်ထက် အဆတစ်သန်းခန့် ပို၍ အန္တရာယ်များနေလေသည်။
ချူးရှန့်၏ အကြည့်များသည် အခန်းတစ်ခုလုံးကို ဖြည်းညင်းစွာ ဝေ့ဝဲကြည့်ရှုလိုက်၏။
၎င်းမှာ မည်သည့်ခံစားချက်မျှ မပါဝင်သော စူးစမ်းလေ့လာမှုတစ်ခုဖြစ်သည်။
သူ၏ အကြည့်များ ကျရောက်သွားသည့် နေရာတိုင်းရှိ ဂုဏ်ယူဝင့်ကြွားပြီး မာနကြီးသော အထူးရဲတပ်ဖွဲ့ဝင်များသည် သူတို့၏ အကြည့်များကို အလိုအလျောက် လွှဲဖယ်သွားကြတော့သည်။
ထိုခံစားချက်မှာ မြက်ခင်းပြင်တွင် ပျော်ရွှင်စွာ ဆော့ကစားနေသော ဝံပုလွေအုပ်ကြီးသည် သူတို့၏ နောက်ကွယ်တွင် တိုင်ရန်နိုဆောရပ်စ် ရက်စ်တစ်ကောင် တိတ်တဆိတ် ပေါ်လာသည်ကို ရုတ်တရက် သိလိုက်ရသကဲ့သို့ ဖြစ်၏။
ဤသည်မှာ ရန်စခြင်း မဟုတ်ချေ။
ဤသည်မှာ အစာကွင်းဆက်၏ ထိပ်ဆုံးမှနေ၍ မျိုးစိတ်တစ်ခုလုံးအပေါ် အပြည့်အဝ လွှမ်းမိုးထားနိုင်ခြင်းပင် ဖြစ်သည်။
လူတစ်ဦးတည်းသာလျှင် သူ၏ ပြင်းထန်စွာ ခုန်ပေါက်နေသော နှလုံးခုန်သံကို ဖိနှိပ်ထားရင်း ချူးရှန့်၏ အကြည့်များကို အတင်းအကျပ် ရင်ဆိုင်လိုက်လေသည်။
ကျွမ်းယန်။
အထူးရဲတပ်ဖွဲ့၏ ဒုတိယကပ္ပတိန်ဖြစ်ပြီး သူ၏ လျှို့ဝှက်အမည်မှာ တိုင်ရန်နိုဆောရပ်စ်ဖြစ်၏။
သူသည် ချူးရှန့်ကို စူးစိုက်ကြည့်ရှုကာ တစ်ဖက်လူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှု သို့မဟုတ် တိုက်ခိုက်လိုစိတ် အရိပ်အယောင်တစ်ခုကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။
သို့သော် သူ ဘာမျှမတွေ့ရှိခဲ့ချေ။
ထိုမျက်လုံးများထဲတွင် ဟာလာဟင်းလင်းဖြစ်ပြီး သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသော အထီးကျန်ဆန်မှုတစ်ခုသာ ရှိနေလေသည်။
ကျွမ်းယန်သည် သူ၏ လည်ချောင်းများ ခြောက်သွေ့နေသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးက သတိပေးချက်များ ပေးပို့နေကြ၏။ ၎င်းမှာ တိုက်ပွဲတစ်ခုအတွက် စိတ်လှုပ်ရှားမှု မဟုတ်ဘဲ သူ၏ ဗီဇနက်ရှိုင်းသော နေရာမှ လာသည့် မူလကြောက်ရွံ့မှုတစ်ခုသာ ဖြစ်သည်။
တစ်ဖက်လူသည် မည်သည့်အချိန်တွင်မဆို သူ၏အပေါ်သို့ ခုန်အုပ်လာနိုင်ပြီး သူ၏ လည်ချောင်းကို အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် ဆွဲဖြဲပစ်နိုင်သည်ဟု သူ ခံစားနေရလေသည်။
ဒုတိယထပ်၊ စောင့်ကြည့်လေ့လာရေးအခန်း။
ကပ္ပတိန်ရှီလဲ့သည် သူ၏ရှေ့ရှိ နည်းဗျူဟာသုံး တက်ဘလက်ကို စူးစိုက်ကြည့်ရှုနေ၏။
ဖန်သားပြင်ပေါ်တွင် အခင်းဖြစ်ပွားရာနေရာရှိ အဖွဲ့ဝင်အားလုံး၏ နှလုံးခုန်နှုန်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြသထားသည်။
ချူးရှန့် အခန်းထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင် ဖန်သားပြင်ပေါ်ရှိ ချောမွေ့စွာ အတက်အကျရှိနေသော မျဉ်းကွေးများအားလုံးသည် မိုးကြိုးပစ်ခံရသကဲ့သို့ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိုးတက်သွားကြတော့သည်။
လူတိုင်း၏ နှလုံးခုန်နှုန်းသည် ချက်ချင်းဆိုသလို အနည်းဆုံး သုံးဆယ် ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့၏။
တက်ဘလက်စနစ်မှ အလိုအလျောက် ထုတ်ပေးသော အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုကို စကားလုံးတစ်ခွန်းတည်းဖြင့် အကျဉ်းချုံးနိုင်သည်….ကြောက်ရွံ့ခြင်း။
ရှီလဲ့၏ အံသွားများသည် တင်းကျပ်စွာ စေ့ထားလွန်းသဖြင့် အံကြိတ်သံများပင် ထွက်ပေါ်လာလေသည်။
ညွှန်ကြားရေးမှူးကျိုးက ဤအမျိုးသားကို လျှို့ဝှက်ကုဒ် အသက်သွင်းသူ ဟု အဘယ်ကြောင့် နာမည်ပေးခဲ့သနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားတော့၏။
ဤသည်မှာ လုံးဝ အသက်သွင်းခြင်း မဟုတ်ချေ။
ဤသည်မှာ ထိပ်တန်းအရာရှိတစ်စု၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများကို အပြည့်အဝ ဖြိုခွဲပစ်လိုက်ခြင်းပင်ဖြစ်သည်။
ဤသုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုကြီးထဲတွင် ချူးရှန့်က အသက်ဝင်လာခဲ့သည်။
သူသည် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းသွားကာ ကွင်း၏ အလယ်တည့်တည့်သို့ ဖြည်းညင်းစွာနှင့် ရည်ရွယ်ချက်ရှိရှိ လျှောက်သွားလိုက်၏။
"ဘုန်း..."
သူက ငွေရောင် နည်းဗျူဟာသုံး သေတ္တာကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ချလိုက်သည်။
"ချလွမ်..."
သူသည် နည်းဗျူဟာသုံး သေတ္တာ၏ ဘေးတွင် ဝင်နီသယ်ပူး အရုပ်ပုံစံပါရှိသော ပန်းရောင် အပူထိန်းဗူးကြီးကို ချလိုက်၏။ ( Pooh ကာတွန်းဇာတ်ကောင်ပုံ)
ဤထူးဆန်းသော ပေါင်းစပ်မှုကြောင့် ထိုနေရာရှိ လူတိုင်း၏ မျက်ထောင့်များ တုန်လှုပ်သွားကြတော့သည်။
ချူးရှန့်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တိတ်ဆိတ်နေသော ထိပ်တန်းအထူးရဲအရာရှိများကို ရည်ရွယ်ကာ သူ ရာထူးစတင်လက်ခံချိန်တွင် ပြောမည့် သူ၏ ပထမဆုံးစကားကို အပြည့်အဝ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်။
"ဒီနေရာမှာ ဘယ်သူက တိုက်ခိုက်ရေး အကောင်းဆုံးလဲ..."
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
နောက်တစ်စက္ကန့်တွင် သနားကြင်နာမှု၊ ကြောက်ရွံ့မှုနှင့် အနည်းငယ်သော ဝမ်းသာအားရဖြစ်မှုများ ပါဝင်နေသည့် ရာပေါင်းများစွာသော အကြည့်များသည် မျက်နှာတစ်ခုလုံး ပြာနှမ်းနေသော ကျွမ်းယန်ထံသို့ ကျရောက်သွားကြလေတော့သည်။