အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) - နဂါးသတ်ဖြတ်သူ (၁)
ထိုမောက်မာလှသော အကောင်သည် ဘဝအသစ်တွင် ပြန်ဝင်စားပြီးနောက် နာမည်ကောင်းတစ်ခု ရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ဤမျှ အောက်တန်းကျသော နာမည်မျိုးကို ရွေးချယ်ထားခဲ့လေ၏။
တကယ်ကို ရယ်စရာကောင်းလွန်းလှသည်။
“ပါးစပ်ပိတ်ထားစမ်း”
ဟွမ်လုံသည် ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။
“ခွေးကောင်လေး၊ အခုကစပြီး နောင်တရဖို့ ပြင်ထားလိုက်တော့၊ မင်း ငါ့ကို အရင်ကလို အလွယ်တကူ ကစားလို့ရမယ်လို့ ထင်နေတုန်းလား။ ငါ့ရဲ့ အဖော်တွေ ရောက်လာပြီ။ ငါတို့တွေ အတူတူ ပူးပေါင်းလိုက်ရင် မင်း ငါ့ကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး”
“ငါ့မှာ သူတို့နှစ်ယောက်တင်မကဘူး၊ တခြားအဖော်တွေလည်း ရှိသေးတယ်၊ သူတို့အားလုံး ရောက်လာတဲ့နေ့က မင်းရဲ့သေနေ့ပဲ”
အခြား နဂါးလူသားနှစ်ဦးကမူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြသည်။
“ဟွမ်လုံ၊ နေပါဦး၊ ဘာတွေ ဖြစ်နေတာလဲဆိုတာ သေချာပြောစမ်းပါဦး၊ ဒီနေရာမှာ ပြဿနာမရှာဖို့နဲ့ ကိစ္စတွေကို အရမ်းကြီး ပုံကြီးမချဲ့ဖို့ ငါမင်းကို ပြောထားတယ် မဟုတ်လား၊ ငါတို့ ရှာစရာရှိတာ ရှာပြီးရင် ပြီးပြီလေ”
ဟွမ်လုံက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အံကြိတ်ကာ ပြောလိုက်သည်။
“အစ်ကိုပိုင်ယွီ၊ ခင်ဗျာ မသိလို့ပါ၊ ဒီခွေးကောင်က အရင်ဘဝတုန်းက ကျွန်တော့်ကို သတ်ခဲ့ဖူးတယ်၊ ကျွန်တော်တို့ကြားမှာ ဘယ်တော့မှ မပြေလည်နိုင်တဲ့ နာကျည်းမှုတွေ ရှိနေတာ"
“ဒီတစ်ခါ ခင်ဗျားတို့နှစ်ယောက် အချိန်မီ ရောက်မလာရင် ကျွန်တော့်ကို သူက နောက်တစ်ခေါက် ထပ်ပြီး နှိပ်စက်သတ်ပစ်ဦးမှာ။ ကျေးဇူးပြုပြီး… ကျွန်တော့်ကို ကူညီပြီး သတ်ပေးကြပါဦး၊ ခင်ဗျားတို့ရဲ့ ကျေးဇူးကို ကျွန်တော် တစ်သက်လုံး မမေ့ပါဘူး”
“ဪ... ဒါကြောင့်ကိုး၊ ငါလည်း ဘာဖြစ်နေတာလဲလို့ တွေးနေတာ”
“ဒါပေမဲ့ ဒီကောင်ရဲ့ စွမ်းအားက နက်နဲလွန်းတယ်၊ သူက ငါတို့နဲ့ အဆင့်တူလောက် ရှိနေမယ်ထင်တယ်၊ ပြီးတော့ သူ့ဘေးနားမှာလည်း ငါတို့နဲ့ အဆင့်တူ အခြားသူသုံးယောက် ရှိနေသေးတယ်လေ။ သူတို့ လေးယောက်လုံးက နယ်မြေနတ်ဘုရားအဆင့်မှာ ရှိနေပုံရတယ်”
“ငါတို့ တိုက်ခိုက်ကြမယ်ဆိုရင် အသာစီးရဖို့ သိပ်မလွယ်ဘူး၊ တခြားလူတွေကိုပါ ထပ်ခေါ်ရလိမ့်မယ်။ ဒါပေမဲ့ ငါတို့မှာ အချိန်အများကြီး မရှိဘူးဆိုတာ မင်းသိပါတယ်၊ ငါတို့ ဒီကမ္ဘာမှာ အကြာကြီး နေလို့မရဘူး၊ အကယ်လို့ ဒီကိစ္စကြောင့် အရေးကြီးတဲ့အလုပ်တွေ ကြန့်ကြာသွားရင် မင်း ဘယ်လိုတာဝန်ယူမလဲ”
“ဒါကတော့...”
ဟွမ်လုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ရုတ်တရက် မျက်လုံးများ အရောင်လက်သွားကာ တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ချက်ချင်းပင် ပြောလိုက်သည်။
“ခင်ဗျားတို့ကို ကျွန်တော် မပြောရသေးတဲ့ အချက်တစ်ချက် ရှိသေးတယ်၊ စောစောက သူက မိုးပြာနဂါးအကြောင်း ပြောနေတာကို ကျွန်တော်ကြားခဲ့တယ်၊ သူက မိုးပြာနဂါး မြင့်မြတ်သားရဲ ဘယ်မှာရှိလဲဆိုတာကို သိနေလောက်တယ်”
“မင်း ဘာပြောလိုက်တယ်”
ထိုလူနှစ်ဦး၏ မျက်နှာများ ချက်ချင်း အေးစက်သွားတော့သည်။
လီရွှန်ကျိုးနှင့် အခြားသူများက ချက်ချင်းပင် ပြန်လည်ချေပလိုက်ကြသည်။
“မင်းက တကယ်ကို ယုတ်မာလွန်းတာပဲ၊ သူတို့က မင်းကို ကူညီပြီး ငါတို့ကို ဒုက္ခပေးစေချင်ရင်လည်း တည့်တည့်ပြောလေ၊ အခုတော့ ငါတို့ကို မဟုတ်မမှန် စွပ်စွဲနေတာပဲ”
“မင်း ဒီကို ရောက်တာ ဘယ်လောက်ကြာသေးသလို ငါတို့ မင်းနဲ့ စကားပြောတာလည်း ဘယ်နှစ်ခွန်းမှ မရှိသေးဘူး၊ ငါတို့ ဘယ်တုန်းက မိုးပြာနဂါးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြောခဲ့လို့လဲ”
မရဏဘိုးဘေးသည် မဟုတ်မမှန် လုပ်ကြံစွပ်စွဲနေခြင်းဖြစ်သော်လည်း သူ့မျက်နှာပေါ်တွင် ထိတ်လန့်ခြင်း လုံးဝမရှိဘဲ ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားဖြင့်သာ ဆိုလိုက်သည်။
“အစ်ကိုတို့နှစ်ယောက်၊ ကျွန်တော်လိမ်နေတယ်လို့ ထင်ရင် သူတို့ကို အရင်ဖမ်းလိုက်တာနဲ့
တန်းသိနိုင်တာပဲလေ၊ တကယ်လို့ ကျွန်တော်လိမ်တာဆိုရင် မျိုးနွယ်စု စည်းမျဉ်းတွေအတိုင်း ကျွန်တော့်ကို သတ်ပစ်လို့ရတယ်"
“ဒါပေမဲ့ ခင်ဗျားတို့ သံသယဝင်နေစရာ မလိုပါဘူး၊ သေသေချာချာ စဉ်းစားကြည့်ပါဦး၊ သူတို့အားလုံးက ဒီကမ္ဘာမှာ ထိပ်တန်းအဆင့်တွေချည်းပဲလေ, သူတို့ကလွဲလို့ ဒီကမ္ဘာပေါ်မှာ မိုးပြာနဂါးလေးကို ဘယ်သူက ဖမ်းဆီးနိုင်မှာလဲ၊ သူတို့က ခင်ဗျားတို့ကို လှည့်စားဖို့အတွက် ဒီလိုပြောနေတာ”
“ကျွန်တော်တို့ ဒီကနေ ထွက်သွားတာနဲ့ သူတို့က မိုးပြာနဂါးလေးကို ချက်ချင်း အန္တရာယ်ပြုကြလိမ့်မယ်၊ ပြီးရင် မိုးပြာနဂါးလေးကိုသတ်ပြီး သူတို့ရဲ့ ပါရမီကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့အတွက် မြင့်မြတ်သားရဲရဲ့ သွေးမျိုးဆက်တွေကို လုယူကြလိမ့်မယ်”
“သူတို့ကိုယ်သူတို့ ပိုပြီး အစွမ်းထက်လာအောင် လုပ်ကြမှာပေါ့။ ယုတ်မာတဲ့ လူသားမျိုးနွယ်စုတွေက ဒီလိုအလုပ်မျိုးတွေကို လုပ်ရတာ ဝါသနာပါကြတာပဲလေ”
ပိုင်ယွီနှင့် အခြားတစ်ဦးတို့သည် ထိုစကားကို ကြားပြီးနောက်တွင် သံသယအချို့ ရှိနေသေးသော်လည်း လုံးဝမယုံဘဲ နေ၍တော့ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် မိုးပြာနဂါးလေးနှင့် ပတ်သက်သည့် မည်သည့်သဲလွန်စမျှ သူတို့ ရှာမတွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားပါက မိုးပြာနဂါးလေးကို ဘယ်တော့မှ ရှာတွေ့နိုင်တော့မည်မဟုတ်ချေ။ လက်ဗလာဖြင့် ပြန်သွားရမည့်အစား တစ်ဖက်လူပြောသည့်အတိုင်း စမ်းသပ်ကြည့်ခြင်းကမှ မိုးပြာနဂါးလေးကို ရှာတွေ့နိုင်မည့်အခွင့်အရေး ရှိကောင်းရှိနိုင်ပေလိမ့်မည်။
“ငါနားလည်ပြီ၊ ဟေးယွီ၊ တခြားလူတွေကို ဒီကို အမြန်လာပြီး စစ်ကူပေးဖို့ ချက်ချင်းအကြောင်းကြားလိုက်၊ ငါတို့ သုံးယောက်တည်းနဲ့ သူတို့လေးယောက်ကို ရင်ဆိုင်ဖို့က နည်းနည်းခက်ခဲလိမ့်မယ်၊ ငါတို့တွေ လူအင်အားကိုအသုံးချပြီး သူတို့ကို ဖမ်းဆီးရမယ်”
“ဟုတ်ကဲ့ပါ”
အခြား နဂါးမျိုးနွယ်စုဝင်တစ်ဦးက သူ၏ မျိုးနွယ်စုဝင်များကို ချက်ချင်း စတင်ဆင့်ခေါ်လိုက်တော့သည်။
ကျိုးရီကမူ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိသည်။ ဤကောင်များက ကံမကောင်းစွာဖြင့် သူတို့ဆီ ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
ထိုမရဏဘိုးဘေး ခွေးကောင်သည်လည်း တကယ်ကို အကြိမ်တစ်ထောင် သေသင့်သည်။ သူ ရောက်လာတိုင်း ကျိုးရီအတွက် ပြဿနာအသစ်များကို အမြဲတမ်း ဖန်တီးပေးလေ့ရှိသည်။
ဤတစ်ကြိမ်တွင်မူ သူ့ကို လုံးဝ အသက်ရှင်ခွင့်ပေး၍ မဖြစ်တော့ချေ။
……..
……..
ကောင်းကင်ယံတွင် မရဏဘိုးဘေးသည် မိမိကိုယ်ကို အထင်ကြီးကာ အောင်ပွဲခံနေဆဲမှာပင် ကျိုးရီက စတင်လှုပ်ရှားလိုက်သည်။
ဘုန်း...
သူက လက်ကိုမြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ လေဟာနယ်အတားအဆီးများ ချက်ချင်းအက်ကွဲသွားတော့သည်။
ဒိုင်း... ဒိုင်း...
ထိတ်လန့်ဖွယ်ကောင်းလွန်းလှသော စွမ်းအားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို ချက်ချင်း အစအနမကျန် ချေမှုန်းပစ်လိုက်သည်။
“ဟင့်အင်း...”
မရဏဘိုးဘေးက အသည်းကွဲမတတ် အော်ဟစ်လိုက်သည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။
သူ၏ အမြင်တွင် တစ်ဖက်လူ၌ စွမ်းအား အချို့ ရှိနေသော်လည်း သူ့ကို အပြည့်အဝ လွှမ်းမိုးနိုင်လောက်သည်အထိ မစွမ်းနိုင်ဟု ထင်မှတ်ထားခဲ့သည်။
သေခြင်းတရားနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရချိန်တွင် သူ၏ နှလုံးသားထဲ၌ နောင်တတရားများ ပြည့်နှက်သွားရသည်။
တစ်ဖက်လူကို အဘယ်ကြောင့် လာပြီး ရန်စခဲ့မိသနည်း။ သူက စကြဝဠာတစ်ခုလုံးတွင် အစွမ်းအထက်ဆုံးဖြစ်သော နဂါးမျိုးနွယ်စုဝင် တစ်ဦးအဖြစ်သို့ ပြောင်းလဲနေပြီမဟုတ်လော။
အကယ်၍ သူသာ ဆက်လက် ကြိုးစားနေခဲ့ပါက အနည်းဆုံးတော့ အနာဂတ်တွင် အချိန်အတော်ကြာအောင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူ၏ စွမ်းအားများကိုလည်း ဆက်လက်တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။
သို့သော် ယခုအခါတွင် အခွင့်အရေးအားလုံး ဆုံးရှုံးသွားခဲ့လေပြီ။ သူသည် ဤကမ္ဘာလောကမှ လုံးဝအပြီးတိုင် ပျောက်ကွယ်သွားရတော့မည်ဖြစ်သည်။
ဟေးယွီနှင့် ပိုင်ယွီတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန်အမင်းထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများ အပြင်းအထန် ပြောင်းလဲသွားတော့သည်။
“သေစမ်း... ဒီကောင်က ဒီလောက်အစွမ်းထက်နေမှတော့ သူ့ရဲ့ စွမ်းအားက နယ်မြေနတ်ဘုရားအဆင့်ကိုတောင် ကျော်လွန်နေလောက်ပြီ”
ထိုနှစ်ဦးသည် ဤနေရာမှ ချက်ချင်း ထွက်ပြေးရန် ကြံရွယ်လိုက်ကြ၏။
ကံမကောင်းစွာဖြင့် သူတို့သာ အစောကတည်းက ပြဿနာလာမရှာခဲ့ပါက ကျိုးရီက သူတို့ကို ဂရုစိုက်မည်မဟုတ်ပေ။
သို့သော် သူတို့က ပြဿနာ လာရှာပြီးပြီဖြစ်ရာ သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
“ပြေးဖို့ ကြိုးစားနေတာလား၊ ငါ့ကို ရန်စပြီးမှ အလွယ်တကူ ထွက်ပြေးလို့ရမယ် ထင်နေတာလား”
ကျိုးရီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ သူ၏ ထိတ်လန့်ဖွယ်စွမ်းအားများဖြင့် ထိုနှစ်ဦးကို ချက်ချင်းထိန်းချုပ်လိုက်ပြီး နောက်သို့ ပြန်လည်ဆွဲယူလိုက်လေသည်။
“ဟင့်အင်း... မလုပ်ပါနဲ့”
ထိုနှစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ အကြောက်တရားများဖြင့် ပြည့်နှက်လာသည်။ တစ်ဖက်လူ အဘယ်ကြောင့် ဤမျှအစွမ်းထက်နေရသည်ကို သူတို့ မသိရှိကြသော်လည်း ဤအခိုက်အတန့်တွင် သူတို့၏ ရင်ထဲ၌လည်း နောင်တများ ပြည့်နှက်နေလေသည်။
‘မရဏဘိုးဘေးက သူတို့ကို လှည့်စားခဲ့ခြင်းများလား’ဟုပင် သူတို့ သံသယဝင်လာမိသည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ကြီးမားလှသော ခွန်အားအရ မိုးပြာနဂါးလေးက သူ့လက်ထဲတွင် ရှိနေကြောင်းကို မရဏဘိုးဘေး သိရန်မှာ လုံးဝမဖြစ်နိုင်သောကြောင့်ပင်။
မရဏဘိုးဘေးသည် သူတို့ကို တမင်တကာ အသုံးချခဲ့ခြင်းမှာ သေချာလှသည်။
ထိုနှစ်ဦးသည် နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားရုန်းကန်ချင်သေးသဖြင့် အသနားခံလိုက်ကြသည်။
“ချမ်းသာပေးပါ စီနီယာ၊ သနားပါဦး”
“ကျွန်တော်တို့ မှားသွားမှန်း သိပါပြီ”
“အဲဒီ ဟွမ်လုံ လူမိုက်က အရှင်သခင်ကို ပြစ်မှားခဲ့တာပါ၊ ကျွန်တော်တို့နှစ်ယောက် ပြန်ရောက်ရင် အခြေအနေတွေကို သေချာရှင်းပြပါ့မယ်၊ တကယ်လို့ အရှင်သခင်က ကျွန်တော်တို့ နှစ်ယောက်ကိုပါ သတ်လိုက်မယ်ဆိုရင် ဒီကိစ္စကို အရှင်သခင်ကိုယ်စား ရှင်းပြပေးမယ့်သူ ရှိတော့မှာမဟုတ်ဘူး”
“အဲဒီအခါကျရင် အရှင်သခင်အတွက် ပိုကြီးမားတဲ့ ပြဿနာတွေ သေချာပေါက် ရှိလာလိမ့်မယ်”
သို့သော် ကံမကောင်းစွာဖြင့် ကျိုးရီက လက်တွန့်မနေဘဲ သူတို့ကိုပါ တိုက်ရိုက်ချေမှုန်းပစ်လိုက်လေသည်။
ဘုန်း... ဘုန်း...
လေဟာနယ်ထဲ လက်တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်ရုံဖြင့် ထိုနှစ်ဦးမှာ ချက်ချင်း သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားတော့သည်။ ထိုသုံးဦးလုံး၏ စွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရပြီး သူ့ကိုယ်ပိုင် စွမ်းအားအရင်းအမြစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ကျိုးရီက ညှိနှိုင်းရန် ဆန္ဒမရှိခြင်းမဟုတ်ပေ။ သို့သော် သူတို့ကို သတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ သနားညှာတာမှု ပြသနေရန် မလိုအပ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ဤလူများကို အကုန်ပြန်လွှတ်ပေးလိုက်လျှပင် အနာဂတ်တွင် ပြဿနာ ပြန်လာမရှာနိုင်ဟု သူ တပ်အပ်မပြောနိုင်သောကြောင့် ဖြစ်သည်။
နောက်မှ နောင်တရနေမည့်အစား ယခုအချိန်တွင် တိုက်ရိုက်ရှင်းလင်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ နဂါးမျိုးနွယ်စုတစ်ခုလုံး မည်မျှ အစွမ်းထက်နေပါစေ သူ သိပ်ပြီးမကြောက်ရွံ့ပေ။