အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) - ကျိုးရီ၏ အတွေးများ (၁)
ဤအဆင့်ရှိ တည်ရှိမှုက နယ်မြေနတ်ဘုရားတစ်ပါးထက် များစွာသာလွန်နေသည်။
ပို၍ အရေးကြီးသည်မှာ သူတို့က နဂါးမျိုးနွယ်စုဝင်များ ဖြစ်ကြရာ ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် အဆင့်တူအတွင်းတွင် အခြားသော မျိုးနွယ်စုများစွာထက် များစွာသာလွန်နေသင့်ပေသည်။
တစ်ဖက်လူက သူတို့၏ အကြီးအကဲကို အနိုင်မယူနိုင်သင့်ပေ။ ယင်းအစား သူတို့အကြီးအကဲ၏ ဖိနှိပ်ခြင်းကို ခံရသင့်သည်။
သို့သော် ယခုမူ အခြေအနေများက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ ဤသည်က တစ်ဖက်လူ၏ ကြောက်မက်ဖွယ်စွမ်းအားမှာ သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေကြောင်းကို နောက်တစ်ကြိမ် သဘောပေါက်သွားစေခဲ့သည်။
ယခုအချိန်အထိ တစ်ဖက်လူက မည်သို့သောတည်ရှိမှုမျိုးဖြစ်ကြောင်းကို သူတို့ အပြည့်အဝ အတည်မပြုနိုင်သေးချေ။
“ငါ ဘာမှမဖြစ်ဘူး”
အကြီးအကဲလိန်က တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။ သို့သော် အမှန်တကယ်တွင်တော့ သူ၏ရင်ဘတ်ထဲ၌ ထိန်းချုပ်မရအောင် ဆူပွက်နေခဲ့လေပြီ။
သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကိုပင် မထိန်းချုပ်နိုင်တော့ချေ။
ပိုမိုအစွမ်းထက်သောနည်းလမ်းကို အသုံးပြုရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုအရာက နဂါးအသွင်ပြောင်းခြင်းပင်။
နဂါးအသွင်ပြောင်းခြင်းဆိုသည်မှာ မိမိ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး သူတို့၏ စွမ်းအားကို မျက်တောင်တစ်ခတ်အတွင်း အဆပေါင်းများစွာ တိုးတက်သွားစေနိုင်သည်။
သူတို့ကဲ့သို့ ထူးခြား အစွမ်းထက်သော မျိုးနွယ်စုများသာလျှင် ဤပါရမီနှင့် စွမ်းအားကို ပိုင်ဆိုင်နိုင်ကြသည်။ အခြား မည်သည့်မျိုးနွယ်စုကမျှ ဤစွမ်းအားမျိုး မပိုင်ဆိုင်နိုင်ချေ။
“ဝေါင်းးးးး၊ ထပ်လာခဲ့စမ်း”
သူက ဟိန်းဟောက်လိုက်ပြီးနောက် ဧရာမနဂါးကြီးတစ်ကောင်အဖြစ်သို့ ချက်ချင်း အသွင်ပြောင်းသွားလေသည်။
ဤဧရာမနဂါးကြီးမှာ မိုင်ထောင်ပေါင်းများစွာ ရှည်လျားပြီး အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ ကောင်းကင်ကြီးကိုပင် ဖုံးလွှမ်းသွားနိုင်စေသည့် တည်ရှိမှုတစ်ခုဖြစ်ကာ တစ်ချက်ကြည့်ရုံဖြင့် သူ၏ ကြီးမားလှသောအရွယ်အစားကို အပြည့်အဝမြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။
သေချာပေါက် ကျိုးရီအဆင့်ရှိ တည်ရှိမှုတစ်ခုအတွက်မူ သာမန်လူတစ်ဦးက သာမန်မြွေတစ်ကောင်ကို မြင်တွေ့ရသကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြီးအကဲလိန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြင်တွေ့နိုင်ပေသည်။
တစ်ဖက်လူ၏ အငွေ့အသက်က မျက်တောင်တစ်ခတ်အတွင်း အဆပေါင်းများစွာ တိုးတက်သွားကြောင်းကိုလည်း သဘာဝကျကျပင် အာရုံခံမိကြသည်။
“နဂါးအသွင်ပြောင်းခြင်းပဲ၊ ယုတ်မာလိုက်တာ”
ရွှမ်ရဲက မကျေမနပ် ညည်းတွားလိုက်မိပြီး သူ့ရင်ထဲမှ ဒေါသများက စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်နေသည်။
နဂါးအသွင် ပြောင်းထားခြင်းမရှိသော နဂါးမျိုးနွယ်စုဝင်တစ်ဦးဆိုသည်မှာ နဂါးအသွင်ပြောင်းထားသော နဂါးမျိုးနွယ်စု၀င်တစ်ဦးနှင့် လုံးဝ ကွဲပြားခြားနားနေသော တည်ရှိမှုတစ်ခုဖြစ်ပြီး ယှဉ်တွဲ၍မရနိုင်ပေ။
တစ်ဖက်လူက တကယ်ကို ယုတ်မာလွန်းလှသည်။
“အရမ်းကြီး စိတ်မပူပါနဲ့၊ ဆရာ့ရဲ့ မျက်နှာပေါ်မှာ ဘာစိုးရိမ်ပူပန်မှုကိုမှ ငါမတွေ့ရဘူး၊ သူက ထိတ်လန့်တဲ့ အရိပ်အယောင် မပြဘူးဆိုရင် အနိုင်ကို သေချာပေါက် သူ့လက်ထဲ ဆုပ်ကိုင်ထားပြီးသားပဲဖြစ်ရမယ်၊ အရာအားလုံးက သူ့ထိန်းချုပ်နိုင်စွမ်းအတွင်းမှာပဲ ရှိတယ်”
လီရွှန်ကျိုးက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ တကယ့်အမှန်တရားကလည်း သူတွေးထားသည့်အတိုင်းပင်။
ကျိုးရီက တစ်ဖက်လူကို လုံးဝအလေးမထားခဲ့ချေ။ တစ်ဖက်လူက သူ့စွမ်းအားကို အသုံးပြုကာ အတင်းအကျပ် ဖိနှိပ်ရန် ကြိုးစားလာချိန်တွင် ကျိုးရီက လက်မြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး လေဟာနယ်စွမ်းအားကို တိုက်ရိုက်ထုတ်ဖော်လိုက်လေသည်။
ဘုန်း...
ဧရာမပေါက်ကွဲမှုကြီးက ဂြိုဟ်အများအပြားအား ဝန်းရံထားသော လေဟာနယ်ကို ချက်ချင်းဆွဲဖြဲပစ်လိုက်သည်။
ထိုဂြိုဟ်များမှာ တုံ့ပြန်ရန်အချိန်ပင် မရလိုက်ဘဲ လေဟာနယ်၏ သီးခြားခွဲထုတ်ခြင်းကို တိုက်ရိုက်ခံလိုက်ရသည်။
ထိုသို့မဟုတ်ပါက ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရမည်သာ။
နဂါးအသွင်ပြောင်းထားသော အကြီးအကဲလိန်က ဟိန်းဟောက်ကာ အောက်သို့ ထိုးဆင်းလာပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကလည်း ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားသည်။
သူ့စွမ်းအားနှင့် ကျိုးရီ၏စွမ်းအားက နေရာမှာတင် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဘုန်း...
နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်မှာပင် သူ နောက်တစ်ကြိမ် လွင့်စင်သွားရပြန်သည်။
ဤအခိုက်အတန့်တွင် မိုင်ထောင်ပေါင်းများစွာရှည်လျားသော ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအားလုံး ပြင်းထန်စွာ တုန်ခါသွားရတော့သည်။
…….
…….
“ဘာ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အကြီးအကဲလိန်က နတ်ဘုရားဧကရာဇ်အဆင့်ကို ရောက်နေပြီလေ၊ သူက အရမ်း အစွမ်းထက်ပြီး နဂါးမျိုးနွယ်စုရဲ့ စွမ်းအားတွေကိုပါ ပေါင်းထည့်လိုက်ရင် ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
“ဘယ်လိုလုပ်ပြီး သူက နဂါးအသွင်ပြောင်းပြီးတာတောင် တစ်ဖက်လူရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်ရတာလဲ၊ အဲဒီကောင်က အဲဒီလောက်တောင် အစွမ်းထက်နေတာလား”
နဂါးမျိုးနွယ်စုဝင်အချို့မှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့၏ မျက်စိဖြင့် မြင်တွေ့နေရသည့် အရာများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
ဤသည်က သူတို့၏ လောကအမြင်ကို လုံးဝ ပြောင်းလဲသွားစေပြီး ယခင်က သူတို့၏ နားလည်မှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။
တစ်ချိန်က သူတို့၏ မျိုးနွယ်စုကို အစွမ်းအထက်ဆုံးဟု ထင်မှတ်ထားခဲ့ကြပြီး စကြဝဠာတစ်ခုလုံးတွင် သူတို့အား ယှဉ်ပြိုင်နိုင်သူ လက်ချိုးရေတွက်၍ ရနိုင်သည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် ယခု ရုတ်တရက် လူသားမျိုးနွယ်စုဝင် တစ်ဦးပေါ်လာပြီး ထိုသူက သူတို့နှင့် အဆင့်တူ ထိပ်တန်းပညာရှင်များကိုပင် နောက်ဆုတ်သွားအောင် လုပ်နိုင်စွမ်း ရှိနေသည်။ ဤစွမ်းအားက တကယ်ကို ယုံနိုင်စရာမရှိပေ။
ဤသည်က ယခုအချိန်အထိ သူတို့ သိခဲ့ရသော အရာများက အမှန်တရားလော၊ အတုအယောင်လောဟုပင် သံသယဝင်လာစေသည်။
သံပူတုန်း နာနာထုရမည်။
ကျိုးရီက ဤမျှနှင့် ရပ်တန့်မနေခဲ့ဘဲ ဆက်လက်၍ ဖိအားပေး တိုက်ခိုက်လိုက်သည်။ သူက ခြေထောက်ကို ညင်သာစွာ တစ်ချက်ပင့်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ တစ်ဖက်လူ၏ ရှေ့မှောက်သို့ လျှပ်တစ်ပြက်ရောက်ရှိသွားသည်။
ကျိုးရီသည် လက်မြှောက်ကာ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤလက်သီးက ကောင်းကင်နှင့် မြေကြီးကိုပင် ပြိုကွဲသွားစေနိုင်ပြီး လေဟာနယ်၊ အချိန်နှင့် အာကာသနေရာတစ်ခုလုံးကို ပြိုကျပျက်စီးလာစေသည်။
စွမ်းအားက အလွန်ကြီးမားလွန်းလှသဖြင့် တစ်ဖက်လူထံသို့ မရောက်မီမှာပင် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ လက်သီးလေအဟုန်ကြောင့် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
အလွန်ပြင်းထန်သော စွမ်းအားက ပွတ်တိုက်မှုကိုပင် ဖြစ်ပေါ်စေပြီး မီးတောက်များနှင့် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာသည်။
အကယ်၍ ဤလက်သီးသာ သူ့အပေါ်သို့ တိုက်ရိုက်ကျရောက်လာပါက သူ လုံးဝ သေဆုံးသွားမည်ဖြစ်ပြီး ဘယ်တော့မှ ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ကြောင်း မှန်းဆကြည့်၍ ရနိုင်ပေသည်။
အကြီးအကဲလိန် ကိုယ်တိုင်ပင်လျှင် နှလုံးသားထဲ၌ ရုတ်တရက် တုန်လှုပ်သွားခြင်းကို ခံစားလိုက်ရသည်။
'ငါ ဒီလောက်မြန်မြန် သေရတော့မှာလား’
ဤသည်က တကယ်ကို မဖြစ်နိုင်သည့်အရာကြီးပင်။ သူက တစ်ဖက်လူနှင့် စတင်တိုက်ခိုက်ရုံသာရှိသေးပြီး တိုက်ကွက်အနည်းငယ်မျှသာ ထုတ်ဖော်ရသေးသည်။
သို့သော်ငြား သူက ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ယခုအခါ သေရတော့မည်မဟုတ်လော။
ဤသည်က အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့ဖွယ် ကောင်းလွန်းလှပေသည်။ သူက မျက်လုံးများကိုပင် မှိတ်ထားလိုက်မိသည်။
သို့သော် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် အတွေးတစ်ခုက ကျိုးရီထံသို့ ဆက်သွယ်လာသည်။ နောက်တစ်စက္ကန့်မှာပင် ကျိုးရီက သူ့လက်သီးကို ချက်ချင်း ရပ်တန့်လိုက်သည်။
ရွှီး...
သူက တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်ပစ်လိုက်သည်။
အကြီးအကဲလိန်က ခဏမျှ စောင့်ဆိုင်းနေပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှမရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသဖြင့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
မျက်လုံးများကို အပြည့်အဝ ဖွင့်ကြည့်လိုက်ပြီးနောက် သူ့ရှေ့မှောက်တွင် ကလေးငယ်တစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ထိုကလေးငယ်က ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ခန္ဓာကိုယ်တွင် မြစိမ်းရောင်အဆင်းရှိသော အစိမ်းရောင် အဝတ်အစားများကို ၀တ်ဆင်ထားသည်။
“ဒါက... မိုးပြာနဂါး မြင့်မြတ်သားရဲလား”
မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲက သူ့အား ကာကွယ်ပေးခဲ့ခြင်း ဖြစ်နေသည်။
‘ဒါပေမဲ့... ဘာလို့ မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲက ဒီနေရာမှာ ရှိနေရတာလဲ။ သူ ဒီမှာ မရှိသင့်ဘူးလေ'
‘နေပါဦး...’
သူ တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။ ဤနဂါးမျိုးနွယ်စု အစောင့်အကြပ်များက ပုံမှန်အားဖြင့်ဆိုလျှင် ဤကမ္ဘာတွင် ပေါ်မလာသင့်ပေ။ သို့သော် သူတို့က ဤကမ္ဘာတွင် ပေါ်လာရုံသာမက တစ်ဖက်လူနှင့်လည်း ပြဿနာဖြစ်ခဲ့ကြသည်။
ဤသည်က တကယ်ကို ယုံနိုင်စရာမရှိသလို ယုတ္တိလည်း မတန်လှပေ။
ထို့အပြင် သူတို့က တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကိုပါ ခံခဲ့ရသေးသည်။
‘သူတို့ ဒီကမ္ဘာကို ရောက်လာရတဲ့ အဓိကအကြောင်းရင်းက မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲကို ရှာဖို့ဖြစ်ရမယ်၊ အဲဒါကြောင့်မို့လို့ တစ်ဖက်လူနဲ့ ပဋိပက္ခဖြစ်ခဲ့ကြတာ'
“ခွေးကောင်တွေ၊ မင်းတို့ အသုံးမကျတဲ့ကောင်တွေက ဒီလောက်ကြီးမားတဲ့ အမှားကြီးကို ကျူးလွန်ခဲ့တယ်ပေါ့။ မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲက နဂါးမျိုးနွယ်စု တစ်ခုလုံးအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်းတို့ မသိဘူးလား”
“မိုးပြာနဂါး မြင့်မြတ်သားရဲသားရဲကို ပျောက်သွားအောင် လုပ်ခဲ့တာက မင်းတို့ တကယ်ကို အကြိမ်တစ်ထောင် သေဖို့ကောင်းတယ်”
နဂါးမျိုးနွယ်စုအစောင့်အကြပ်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ခေါင်းများကို အလိုအလျောက် ငုံ့ချလိုက်မိကြသည်။
ဤတစ်ကြိမ်တော့ တကယ်ပြီးဆုံးသွားပြီဖြစ်ကြောင်း သူတို့အားလုံး ကောင်းကောင်းကြီး သိထားကြသည်။ မူလက ဤကိစ္စကို လျှို့ဝှက်ဖြေရှင်းချင်ခဲ့သော်လည်း ယခုအခါ အကြီးအကဲများက သိရှိသွားခဲ့ပြီဖြစ်သည်။
‘ဒီတစ်ကြိမ်မှာ ငါတို့က ဒီလောက်ကြီးမားတဲ့ ပြဿနာကြီးကို ဖန်တီးခဲ့တာဆိုတော့ ငါတို့ကို အလွယ်တကူလွှတ်ပေးမှာ မဟုတ်တော့ဘူး၊ ငါတို့အားလုံး ယဇ်ပူဇော်တဲ့ အနေနဲ့ ခေါင်းဖြတ်သတ်တာတောင် ခံရနိုင်တယ်'
“တောင်းပန်ပါတယ် အကြီးအကဲ၊ ဒီကိစ္စတွေအားလုံးက ကျွန်တော်တို့ရဲ့ အမှားပါ၊ အကြီးအကဲက ကျွန်တော်တို့ကို အပြစ်ပေးချင်တယ်ဆိုရင်တောင် ပြန်ရောက်တဲ့အထိ အရင်စောင့်ပါဦး”
ထိုလူများက ထွက်ပြေးရန်မရွေးချယ်ဘဲ ကိုယ့်အမှားကို ရိုးသားစွာ ဝန်ခံရန် ရွေးချယ်လိုက်ကြသည်။
ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဖုံးကွယ်ထားစရာမရှိတော့ပေ။ ဆက်လက်ဖုံးကွယ်ထားမည်ဆိုပါက သူတို့၏မျက်နှာကို ပို၍ပင် အမည်းစက်စွန်းထင်းစေလိမ့်မည်။
“မင်းတို့ကောင်တွေ... ဟူး…”
အကြီးအကဲလိန်က သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ ဤအခိုက်အတန့်တွင် သူ့ရင်ထဲရှိ ဝမ်းနည်းမှုနှင့် ဒေါသများကို စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်တော့ချေ။
သို့သော် သူ ရှင်းရှင်းလင်းလင်း သိထားသည့် အချက်တစ်ချက်မှာ ဤကိစ္စကို ဤမျှ လွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းပင်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူနှင့် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်လုံးက ဤမျှကြီးမားသော တိုက်ပွဲကြီးကို ဖန်တီးခဲ့ကြပြီမဟုတ်လော။