အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) - ကမ္ဘာလုယက်သူများ (၁)
ထို့ကြောင့် သူက ပြိုင်ဘက်များကို တိုက်ရိုက်ပင် အစအနမကျန် ချေမှုန်းပစ်လိုက်ခြင်းဖြစ်သည်။ အကြီးအကဲလိန်က သက်ပြင်းရှိုက်ကာ ပြန်လည်စကားဆိုလာသည်။
“ငါ ပြန်ရောက်တဲ့အခါ ငါတို့ နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲတွေကို ဒီကိစ္စ သေချာပေါက် တင်ပြပေးပါ့မယ်၊ ဒီကာလအတွင်းမှာ မင်းကိုယ်မင်း ဂရုစိုက်ပါ”
“ပြီးတော့ မိုးပြာနဂါး မြင့်မြတ်သားရဲနဲ့ မင်းရဲ့ ပတ်သက်မှုကို မပေါက်ကြားအောင် ကြိုးစားပါ၊ မဟုတ်ရင် အစွမ်းထက်တဲ့ သိုင်းပညာရှင်အတော်များများ မင်းကို လာသတ်နိုင်တယ်”
ကျိုးရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ၊ အဲဒီလူတွေက ငါ့ကို သတ်လိုက်ရင် မိုးပြာနဂါး မြင့်မြတ်သားရဲလည်း သေသွားမယ်ဆိုတာ မစိုးရိမ်ကြဘူးလား၊ အဲဒါက မင်းတို့ နဂါးမျိုးနွယ်စုတစ်ခုလုံးကို ဒေါသထွက်စေမှာမဟုတ်ဘူးလား”
အကြီးအကဲလိန်က ခေါင်းယမ်းပြလိုက်သည်။
“မင်း အတွေးတွေက အရမ်းရိုးရှင်းလွန်းနေတယ်၊ ဒီစကြဝဠာထဲမှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေရှိတယ်၊ အများစုက အရမ်း အစွမ်းထက်ကြတယ်လေ၊ သူတို့က ငါတို့ နဂါးမျိုးနွယ်စုကို မယှဉ်နိုင်ဘူး ဆိုပေမဲ့ သာမန် လူသားမျိုးနွယ်စုတွေနဲ့ နှိုင်းယှဉ်ရင်တော့ သူတို့က အရမ်းအစွမ်းထက်တဲ့ တည်ရှိမှုတွေချည်းပဲ”
“သူတို့က မျိုးနွယ်စုခေါင်းဆောင်တွေကို စကြဝဠာတစ်ခုလုံးမှာ ပိုပြီးအစွမ်းထက်လာစေဖို့အတွက် သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအားကို မြှင့်တင်ဖို့ ဆန္ဒရှိနေကြတယ်”
“အကယ်လို့ သူတို့သာ မိုးပြာနဂါး မြင့်မြတ်သားရဲကို အောင်အောင်မြင်မြင် ဝါးမျိုနိုင်ခဲ့ရင် သူတို့ရဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာလိမ့်မယ်။ ဒါက ငါတို့ နဂါးမျိုးနွယ်စုကို ပြစ်မှားရာရောက်နိုင်ပေမဲ့ သူတို့က သေချာပေါက် အတော်လေးသတိထားပြီး လှုပ်ရှားကြလိမ့်မယ်”
“ဥပမာ မင်းကို သတ်ပြီးတာနဲ့ ချက်ချင်းထွက်ပြေးကြမယ်၊ အဲဒီအခါ မိုးပြာနဂါး မြင့်မြတ်သားရဲရဲ့ သဲလွန်စကို ငါတို့ ရှာမတွေ့နိုင်တော့ဘူး၊ ပြီးရင် သူတို့က သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအားကို တိတ်တဆိတ်မြှင့်တင်ကြလိမ့်မယ်"
“ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားက သာမန်မဟုတ်လို့ နဂါးမျိုးနွယ်စုကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်တာလည်း ဖြစ်နိုင်တယ်။ နဂါးမျိုးနွယ်စုက လက်စားချေဖို့ လာရင်တောင် သူတို့က စကြဝဠာတစ်ခုလုံးကို လှည့်ပတ်ပြီးထွက်ပြေးဖို့ ရွေးချယ်နိုင်တယ်လေ”
“ငါတို့ သူတို့ကို ရှာတွေ့တဲ့ အချိန်ကျရင် သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအားက နဂါးမျိုးနွယ်စုနဲ့ ယှဉ်နိုင်တဲ့ အဆင့်တစ်ခုအထိ ရောက်နေတာလည်း ဖြစ်နိုင်သေးတာပဲ၊ အဲဒီအဆင့်ကို ရောက်သွားပြီဆိုရင် ငါတို့က သူတို့ကို သတ်ချင်ရင်တောင် သတ်နိုင်တော့မှာမဟုတ်ဘူး”
“ဘာလို့လဲဆိုတော့ အဲဒီအဆင့်ရှိတဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ဆို သူတို့က သေချာပေါက် ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်မှာပဲ၊ ပြီးတော့ ထိပ်သီးသိုင်းပညာရှင်တွေဆိုတာ အလွယ်တကူ သတ်လို့မရဘူးလေ”
ကျိုးရီ၏ အတွေးများ အနည်းငယ်လေးလံသွားသည်။ တစ်ဖက်လူ ပြောသည်မှာ မှန်ကန်နေသဖြင့် သူ သံသယမဝင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ စွမ်းအားက အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်တွင် အစွမ်းထက်အင်အားစုများပင်လျှင် သူတို့၏ နည်းလမ်းများကို ချိန်ဆရလေ့ရှိသည်။
ဤစကြဝဠာထဲတွင် မည်သူကမျှ အုပ်စိုးသူမဟုတ်ပေ။ အစွမ်းထက် ပညာရှင်များက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထိန်းချုပ်ထားကြသည်။
အကယ်၍ ထိပ်သီးသိုင်းပညာရှင်တစ်ဦး မတော်တဆ တစ်ခုခုဖြစ်သွားပါက အခြားထိပ်သီးသိုင်းပညာရှင်များက အခွင့်အရေးယူကာ လာရောက်သတ်ဖြတ်ကြမည်မှာ သေချာလှသည်။
ထို့ကြောင့် ယေဘုယျအားဖြင့်ဆိုရလျှင် ဒဏ်ရာမရအောင်နေခြင်းက အကောင်းဆုံးပင်။ လုံခြုံရေးက အသက်ရှင်သန်ရန်အတွက် အဓိကအရေးအကြီးဆုံးအရာဖြစ်သည်။
“ကျွန်တော် နားလည်ပြီ၊ အကြံပေးတဲ့အတွက်ကျေးဇူးပဲ”
“အထင်မလွဲနဲ့၊ မင်းအတွက် အကြံပေးနေတာမဟုတ်ဘူး၊ ငါတို့ရဲ့ မိုးပြာနဂါး မြင့်မြတ်သားရဲကို ဘာအန္တရာယ်မှ မဖြစ်စေချင်လို့ပဲ”
ထိုသို့ပြောပြီးနောက် သူက မိုးပြာနဂါးလေးကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
“မြင့်မြတ်သားရဲ၊ ကျွန်တော် ပြန်သွားတော့မယ်၊ ဂရုစိုက်ပါ”
အကြီးအကဲလိန်က ချက်ချင်းလှည့်ထွက်သွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
လီရွှန်ကျိုးနှင့် အခြားသူများ ချက်ချင်းပျံသန်းလာကြပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်ကြသည်။
“အရှင်သခင်ကျိုး၊ သူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်တာလား၊ တကယ်လို့ သူက ပြန်သွားပြီး သူ့ရဲ့ နဂါးမျိုးနွယ်စုကို သတင်းပို့လိုက်ရင် ကျွန်တော်တို့အတွက် ပြဿနာအကြီးကြီး ဖြစ်မလာနိုင်ဘူးလား”
“ဟုတ်တယ်၊ စောစောက သူ့ကို သတ်လိုက်သင့်တာ၊ အခု သူ့ကို လွှတ်ပေးလိုက်တော့ ပြဿနာအကြီးကြီး ဖြစ်လာတော့မယ်”
သို့သော် ကျိုးရီက ခေါင်းယမ်းလိုက်သည်။
“မင်းတို့ အတွေးတွေ အရမ်းရိုးရှင်းလွန်းနေတယ်၊ စောစောက မင်းတို့ မမြင်လိုက်ဘူးလား၊ ငါက သူတို့ရဲ့ နဂါးပေါက်လေးတချို့ကိုပဲ သတ်လိုက်ရသေးတယ်၊ ဒီကောင်က တန်းပေါ်လာတာပဲ”
“ဒါက သူတို့ အားလုံး အချင်းချင်း ဆက်သွယ်ထားတယ်ဆိုတာ ပြသနေတယ်။ စောစောက ပိုပြီးအစွမ်းထက်တဲ့ တည်ရှိမှုတစ်ခု ပေါ်မလာခဲ့တဲ့ အဓိကအကြောင်းရင်းက ငါ သူ့ကို မသတ်ခဲ့လို့ပဲ”
“အကယ်လို့ သူသာ အသက်အန္တရာယ်နဲ့ တကယ်ရင်ဆိုင်ရမယ်ဆိုရင် သူ့ထက်ပိုအစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုက ဒီနေရာကို ချက်ချင်းရောက်လာလိမ့်မယ်လို့ ငါထင်တယ်။ အဲဒီအခါကျမှ တကယ့်ပြဿနာအစစ်က စတင်မှာ”
“ဒါလည်းဟုတ်တာပဲ၊ ဒါပေမဲ့ နောက်ဆို ဘယ်လိုလုပ်ကြမလဲ၊ နဂါးမျိုးနွယ်စုက အရမ်းအစွမ်းထက်တာ၊ ကျွန်တော်တို့ သူတို့ကို လုံးဝမယှဉ်နိုင်ဘူး”
ကျိုးရီက မိုးပြာနဂါးလေးကို လှမ်းကြည့်လိုက်သည်။
“အခုလောလောဆယ် ဒီကိစ္စကို မိုးပြာနဂါးလေးပဲ ဖြေရှင်းပေးနိုင်မယ်”
မိုးပြာနဂါးလေးက ခေါင်းညိတ်ပြလိုက်၏။
“မစိုးရိမ်ပါနဲ့၊ ကျွန်တော့်ကိုသာလွှဲထားလိုက်”
ဤစကားကို ကြားရသောအခါ အားလုံးက အနည်းငယ် လက်မှိုင်ချချင်စရာ ကောင်းသည်ဟု ခံစားရသော်လည်း ဤကိစ္စကိုဖြေရှင်းရန် ပိုကောင်းသောနည်းလမ်း မရှိတော့သဖြင့် သဘောတူရုံမှလွဲ၍ အခြားမရှိခဲ့ပေ။
မည်သို့ပင်ဆိုစေ သူတို့က အားနည်းလွန်းနေသည်မဟုတ်လော။
ဤကိစ္စက ဤမျှနှင့်ပြီးဆုံးသွားပြီး လူတိုင်း၏ ဘဝများက အချိန်တိုလေးအတွင်း ငြိမ်းချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကြာလွန်သွားခဲ့လေပြီ။
ယနေ့တွင်မူ ကမ္ဘာ၏ ထောင့်တစ်နေရာ၌ အချိန်နှင့် လေဟာနယ်တံခါးပေါက်တစ်ခု ထပ်မံပွင့်လာခဲ့ပြီး ထိုအထဲမှ အစွမ်းထက်လှသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာကာ မကြာမီမှာပင် ပုံရိပ်အချို့ ထွက်ပေါ်လာကြသည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူတို့က အဝေးသို့ လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ ကျေနပ်အားရမှုအရိပ်အယောင်များ ပေါ်ထွက်လာသည်။
“မဆိုးဘူး၊ ဒီကမ္ဘာက ဝိညာဉ်စွမ်းအင်တွေ အတော်လေးကြွယ်ဝတယ်၊ ငါတို့ကမ္ဘာထက် မနိမ့်ဘူးပဲ”
“တကယ်လို့ ငါတို့ ဒီကမ္ဘာကို သိမ်းပိုက်နိုင်ရင် အနာဂတ်မှာ အချိန်တစ်ခုအထိ အရင်းအမြစ်တွေ ပြတ်လပ်တော့မှာမဟုတ်ဘူး”
“ဒီလိုဆိုရင် အောက်ကမ္ဘာကိုရင်ဆိုင်ဖို့ လုံလောက်တဲ့အရင်းအမြစ်တွေ စုဆောင်းနိုင်လောက်ပြီ”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
“ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံးလူတွေကို ချက်ချင်းရှာဖွေကြစမ်း၊ သူတို့ အားလုံးကို အနိုင်ယူပြီး ဒီကမ္ဘာကို သိမ်းပိုက်လိုက်ကြ”
“ဟုတ်ကဲ့ပါ”
ထိုသူအားလုံး ချက်ချင်းလူစုခွဲလိုက်ကြသည်။
ဤအခိုက်အတန့်တွင် စားသောက်ဆိုင်လေးထဲ၌ ရှိနေသော ကျိုးရီက တစ်စုံတစ်ရာကို ရုတ်တရက်ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
“ထူးဆန်းတယ်၊ ဒီခံစားချက်က...”
လီရွှန်ကျိုးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“အရှင်သခင်ကျိုး၊ ထူးခြားတဲ့ အရာတစ်ခုခု ခံစားလိုက်ရလို့လား၊ နဂါးမျိုးနွယ်စုကလူတွေများ ပြန်လာကြတာလား”
ကျိုးရီက ခေါင်းယမ်းလိုက်သည်။
“နဂါးမျိုးနွယ်စုကလူတွေ မဟုတ်ဘူး၊ သူတို့ရဲ့စွမ်းအားက နယ်မြေနတ်ဘုရားအဆင့်လောက်ပဲ ရှိသေးတယ်၊ အဲဒီအဆင့်နဲ့ အများကြီးကွာသေးတာ၊ တကယ်လို့ နဂါးမျိုးနွယ်စုက လူတွေစေလွှတ်မယ်ဆိုရင် ဒီလောက် အားနည်းတဲ့သူတွေကို လွှတ်မှာမဟုတ်ဘူး”
“ဒါဆို သူတို့က ကျူးကျော်သူတွေများလား”
“ဖြစ်နိုင်တယ်”
ကမ္ဘာဆန္ဒက ဤပြဿနာကို ယခင်က ပြောပြခဲ့ဖူးသော်လည်း သူ အရမ်းကြီး အာရုံမစိုက်ခဲ့မိပေ။ တစ်ဖက်တွင် သူ၏ ကိုယ်ပိုင်စွမ်းအားများက လုံလုံလောက်လောက် ကြီးမားနေပြီဖြစ်ရာ အခြားသူများ၏ ကျူးကျော်မှုကို မကြောက်ရွံ့ခြင်းကြောင့်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကျူးကျော်မှုက ဤမျှမြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ဤကမ္ဘာအားလုံးကြားရှိ အရင်းအမြစ်ပြိုင်ဆိုင်မှုများက အမှန်တကယ်ပင် အလွန်ပြင်းထန်လှပုံရသည်။
“အရှင်သခင်ကျိုး၊ တခြားလူတွေကို ကျွန်တော်ဆက်သွယ်လိုက်ရမလား၊ အဲဒီအခါကျရင် ဒီကောင်တွေကို ကျွန်တော်တို့ ရှင်းထုတ်လို့ရပြီလေ”
ကျိုးရီက ခေါင်းယမ်းလိုက်သည်။
“မင်းတို့ လှုပ်ရှားစရာမလိုသေးဘူး၊ မင်းတို့ရဲ့ စွမ်းအားတွေနဲ့ဆိုရင် အချိန်တိုအတွင်းမှာ ပြိုင်ဘက်ကို အစအနမကျန် ချေမှုန်းပစ်နိုင်မှာမဟုတ်ဘူး၊ တကယ် တိုက်ခိုက်ကြမယ်ဆိုရင် ဒီကမ္ဘာကို ပျက်စီးစေနိုင်တယ်၊ အဲဒါက ဘာအဓိပ္ပာယ်မှမရှိဘူး”
“ဒါဆို ဆရာ့သဘောက...”
“ငါကိုယ်တိုင်ပဲသွားလိုက်မယ်”
ဤသို့ ပြောပြီးနောက် သူက မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် ပုံရိပ်တစ်ခု၏ရှေ့မှောက်သို့ ရောက်ရှိနေလေပြီ။
ထိုနယ်မြေနတ်ဘုရားက ဤကမ္ဘာတွင် အစွမ်းအထက်ဆုံးလူကို ရှာဖွေရန် သူ၏ အာရုံခံစားမှုကို ဖြန့်ကျက်ထားသော်လည်း ဤကဲ့သို့သော သူတစ်ဦး သူ့ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ချက်ချင်း မှင်တက်သွားသည်။
“မင်းက ဘယ်သူလဲ”
သို့သော် ဤမေးခွန်းကိုမေးပြီးနောက် ချက်ချင်းပင် သူ အနည်းငယ်မိုက်မဲသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူ့ရှေ့မှောက်တွင် ပေါ်လာနိုင်ခြင်းမှာ သူ့ကို အာရုံခံမိပြီးဖြစ်ကြောင်း ဆိုလိုနေသောကြောင့်ပင်။
သူ၏စွမ်းအားကို အာရုံခံနိုင်စွမ်းရှိသော တည်ရှိမှုတစ်ခုမှာ သေချာပေါက် သာမန်လူမဟုတ်ဘဲ ဤကမ္ဘာရှိ ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်များထဲမှ တစ်ဦး ဖြစ်နိုင်ချေအလွန်များပြားသည်။
တစ်ဖက်လူ၏ အငွေ့အသက်က မည်မျှအစွမ်းထက်ကြောင်း သူ အာရုံမခံနိုင်သေးသော်လည်း ဤကမ္ဘာမှလူဖြစ်ရာ နယ်မြေနတ်ဘုရားအဆင့်ထက်တော့ မကျော်လွန်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ခုချင်းစီ၏ ကျင့်ကြံခြင်းအဆင့်အတန်းက သတ်မှတ်ထားပြီးဖြစ်သောကြောင့်ပင်။
ကမ္ဘာတစ်ခု၏ ကျင့်ကြံခြင်းအဆင့်အတန်း လုံလောက်မှု မရှိပါက ပိုမိုအစွမ်းထက်သော တည်ရှိမှုများကို ပြုစုပျိုးထောင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူ ကြောက်ရွံ့မနေတော့ဘဲ ကျိုးရီကို တည်ငြိမ်အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“မင်းက ဒီကမ္ဘာရဲ့ နယ်မြေနတ်ဘုရားတွေထဲက တစ်ယောက် ဖြစ်ရမယ်၊ ဟုတ်တယ်မလား”
ကျိုးရီကလည်း တစ်ဖက်လူကို တည်ငြိမ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မပေါ်လာခဲ့ပေ။
သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် မေးလိုက်သည်။
“မင်းက ဘယ်ကမ္ဘာက လာတာလဲ”
တစ်ဖက်လူက စကားပြောရန် ပြင်လိုက်သော်လည်း ကျိုးရီသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပုံရပြီး သူ့ခေါင်းကိုသူ ရိုက်လိုက်သည်။