အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) - ကမ္ဘာလုယက်သူများ (၂)
“ငါ ဒီကမ္ဘာမှာနေတာ ကြာသွားလို့ ငါ့စွမ်းအားတွေက နယ်မြေနတ်ဘုရားအဆင့်ကို ကျော်လွန်သွားပြီဆိုတာ မေ့နေတာပဲ၊ သူ့ကို မေးနေစရာမလိုပါဘူး၊ သူ့ခေါင်းထဲက မှတ်ဉာဏ်တွေကို အတင်းအကျပ်ဆွဲထုတ်လိုက်ရုံနဲ့ ရပြီလေ”
တစ်ဖက်လူမှာ မှင်တက်သွားပြီး ဆိုလိုရင်းကို နားမလည်သေးခင် နောက်တစ်စက္ကန့်မှာပင် ကျိုးရီ၏ အတွေးတစ်ချက်ဖြင့် တမလွန်သို့ အတင်းအကျပ် ပို့ဆောင်ခံလိုက်ရလေပြီ။
ဘုန်း...
သူသည် သွေးမြူတစ်ခုအဖြစ်သို့ ချက်ချင်းပေါက်ကွဲထွက်သွားပြီး စွမ်းအင်များအဖြစ် ပြောင်းလဲကာ ကျိုးရီ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင်် သူ၏ မှတ်ဉာဏ်များကလည်း ကျိုးရီ၏လုယူခြင်းကို ခံလိုက်ရသည်။
“ဪ... ဒီလိုကိုး”
တစ်ဖက်လူ၏ မှတ်ဉာဏ်များကို ရယူပြီးနောက် ကျိုးရီ ချက်ချင်းပင် တစ်ဖက်လူ၏မူလဇာစ်မြစ်ကို နားလည်သွားတော့သည်။
သူက ယွန်လော့ကမ္ဘာမှ ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ဤနေရာတွင် ပေါ်လာရသည့် အဓိကအကြောင်းရင်းမှာ လောကဧကရာဇ်၏ အမိန့်ကြောင့်ပင်။
ကမ္ဘာဆန္ဒများက တစ်ခုနှင့်တစ်ခု အပြန်အလှန် အာရုံခံနိုင်စွမ်းရှိကြပြီး အခြေအနေအချို့ကိုလည်း သိရှိနိုင်ကြသဖြင့် ဤနေရာတွင် လောကဧကရာဇ်မရှိတော့ကြောင်းကို တစ်ဖက်ကမ္ဘာ၏ ကမ္ဘာဆန္ဒက အာရုံခံမိသွားခြင်းဖြစ်သည်။
ဤအခြေအနေမျိုးအောက်တွင် သူတို့၏ လောကဧကရာဇ်က အရင်းအမြစ်များကို လာရောက်လုယူရန် သူ၏ လက်အောက်ငယ်သားများကို သဘာဝကျကျပင် အမိန့်ပေးလိမ့်မည်။ ဤနည်းအားဖြင့် သူတို့၏ကမ္ဘာက အဆင့်မြင့်တက်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် ယွန်လော့ကမ္ဘာနှင့် အခြားသော အောက်ကမ္ဘာတစ်ခုတို့က စစ်ပွဲဖြစ်ပွားနေကြသည်။
နှစ်ဖက်လုံးက တိုက်ခိုက်ရေးစွမ်းအားများကို ချဲ့ထွင်ရန်အတွက် အခြားကမ္ဘာများမှ အရင်းအမြစ်များကို ဆက်တိုက်လုယူနေကြသည်။
သူတို့က လက်ရှိကမ္ဘာကိုသာ ဤသို့ပြုလုပ်နေခြင်း မဟုတ်ဘဲ အခြားသော ကမ္ဘာများစွာကိုလည်း ဤသို့ ပြုလုပ်နေကြခြင်းဖြစ်သည်။
ကျိုးရီမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရတော့သည်။
“အပြင်လောကက ဒီလောက်ရှုပ်ထွေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒီကောင်တွေက သူတို့ကမ္ဘာ အဆင့်မြင့်တက်လာဖို့နဲ့ အဲဒီကတစ်ဆင့် သူတို့ရဲ့ စွမ်းအားတွေ ပိုမိုတိုးတက်လာအောင် ကူညီပေးနိုင်ဖို့ အချင်းချင်း ဆက်တိုက်ဝါးမျိုနေကြတာပဲ”
“ဘယ်အဆင့်မှာပဲဖြစ်ဖြစ် စစ်ပွဲဆိုတာ ရှောင်လွှဲလို့မရဘူးထင်တယ်”
နောက်တစ်ဆင့်သို့ မတက်လှမ်းမီ ဤကမ္ဘာ၏ လောကဧကရာဇ်အား ပြုစုပျိုးထောင်မည့်လုပ်ငန်းစဉ်ကို မဖြစ်မနေ အရှိန်မြှင့်တင်ရတော့မည်ပုံရသည်။
အကယ်၍ သူက အနာဂတ်တွင် အခြားကမ္ဘာများကို တဖြည်းဖြည်း သိမ်းပိုက်သွားမည်ဆိုပါက ပိုမိုအစွမ်းထက်သော ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ထိုအခါ ပိုမိုများပြားသော အရင်းအမြစ်များကို ရရှိနိုင်ကာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
‘မဆိုးဘူး၊ သေချာပြင်ဆင်ရမယ့် အချိန်ရောက်ပြီထင်တယ်’
ဤအခိုက်အတန့်တွင် အခြားနေရာများရှိ နယ်မြေနတ်ဘုရားများက ဤနေရာမှ အခြေအနေများကို အာရုံခံမိသွားပုံရပြီး ဤအရပ်သို့ ချက်ချင်းပျံသန်းလာကြသည်။
“ဘာဖြစ်တာလဲ”
“နယ်မြေနတ်ဘုရားယွန်ဖေး အသတ်ခံလိုက်ရပြီ”
“မြန်မြန်သွားကြည့်ကြစို့”
နယ်မြေနတ်ဘုရားအဆင့်မှာ ဤကမ္ဘာတွင် ထိပ်တန်း အစွမ်းထက်ဆုံးတည်ရှိမှုအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်ရာ သူတို့၏ အရှိန်များက အလွန် မြန်ဆန်လှသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်များစွာက ဤနေရာသို့ ရောက်ရှိလာကြပြီဖြစ်သည်။
ဤနေရာသို့ ရောက်ရှိလာချိန်တွင် သူတို့ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ကျိုးရီကိုပင်။
“ဟင်... တစ်ယောက်တည်းပါလား”
ထိုလူများ၏ မျက်နှာများမှာ ချက်ချင်းပင် အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။ သူတို့၏အမြင်တွင် ဤကဲ့သို့သောရလဒ်မျိုး ထွက်ပေါ်လာစေရန် အနည်းဆုံး လူအတော်များများက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရမည် ဖြစ်သည်။
မဟုတ်ပါက ဤအခြေအနေသို့ရောက်ရှိရန် တကယ်ကို ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သူတို့၏အဖော်မှာ နယ်မြေနတ်ဘုရားအဆင့်ရှိ အစွမ်းထက်သိုင်းပညာရှင်တစ်ဦး မဟုတ်လော။ ထိုကဲ့သို့သော ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်တစ်ဦးက အဆင့်တူ သိုင်းပညာရှင်တစ်ဦးနှင့် တွေ့ဆုံလျှင်ပင် ချက်ချင်း အသတ်ခံရမည်မဟုတ်ပေ။
“အားလုံး သတိထားကြ၊ ဒီကောင်က ဒီကမ္ဘာရဲ့ လောကဧကရာဇ်ဖြစ်နိုင်တယ်၊ သတိထား၊ သူ့စွမ်းအားက အရမ်းအစွမ်းထက်တယ်”
“ဟုတ်ကဲ့ပါ”
“မကြောက်ကြနဲ့၊ သူက လောကဧကရာဇ်ဖြစ်နေရင်တောင် ဘာဖြစ်သေးလဲ၊ ငါတို့ဘက်မှာ လူအများကြီးရှိတယ်လေ၊ သူ့ကို ရင်ဆိုင်ဖို့ ငါတို့ထဲကနည်းနည်းဆို လုံလောက်ပါတယ်၊ အဆင့်တူအတွင်းမှာ ငါတို့ သူ့ကို ကြောက်စရာအကြောင်းမရှိဘူး”
ထိုလူ ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်မှာပင် အလွန်အမင်း အစွမ်းထက်သော စွမ်းအားတစ်ခုက ကျိုးရီ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာတော့သည်။
“အရမ်း အစွမ်းထက်တာပဲ”
ထိုလူများက သောက်ကျိုးနည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော စွမ်းအားကို ခံစားလိုက်ရပြီး သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
သို့သော် ကံမကောင်းစွာဖြင့် သူတို့ နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤစွမ်းအားကို ခံစားလိုက်ရသည့် အခိုက်အတန့်မှာပင် သူတို့၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ်သို့ တိုက်ရိုက် ပေါက်ကွဲထွက်သွားသောကြောင့်ပင်။
ကျိုးရီသည် လှုပ်ရှားခြင်းမရှိလျှင် ရေကန်ပမာငြိမ်သပ်နေပေမည်။
အကယ်၍ လှုပ်ရှားလာခဲ့ပါက ထုတ်သုံးသမျှက အသေသတ်တိုက်ကွက်များသာ ဖြစ်သည်။
ထို့အပြင် ထိုလူများ၏ စွမ်းအားများက နိမ့်ကျလွန်းနေသဖြင့် သူတို့နှင့်အတူ ကြောင်နှင့် ကြွက် ကစားပွဲများ ကစားနေရန် မလိုအပ်ပေ။
တစ်ဖက်လူကို သတ်ပြီးနောက် သူက တစ်ဖက်လူ၏ စွမ်းအားနှင့် မှတ်ဉာဏ်နှစ်ခုလုံးကို ရယူနိုင်သည်မဟုတ်လော။
ဒီထက် ပိုအဆင်ပြေမည့်အရာ မရှိတော့ပေ။
ကျိုးရီသည် နောက်ထပ် သွေးမြူခိုးအချို့ကို စုပ်ယူလိုက်ရာ စွမ်းအားများ တိုးတက်လာရုံသာမက မှတ်ဉာဏ် မှတ်ဉာဏအများအပြားကိုပါ ရရှိခဲ့သည်။
ပြိုင်ဘက်ကမ္ဘာတွင် အစွမ်းထက်သိုင်းပညာရှင် မည်မျှရှိကြောင်းနှင့် သူတို့ မည်မျှအထိအစွမ်းထက်ကြောင်းကို သူ အပြည့်အဝ နားလည်သွားပြီဖြစ်သည်။
“လောလောဆယ်တော့ သူတို့ကိစ္စတွေကို ဝင်မပတ်သက်တာ အကောင်းဆုံးပဲ၊ ငါ့ကိစ္စတွေကိုပဲ အရင်ဖြေရှင်းလိုက်မယ်”
ဤသို့ တွေးမိပြီးနောက် ကျိုးရီက ဤကမ္ဘာရှိ နယ်မြေနတ်ဘုရားအဆင့် ပညာရှင်များကို ချက်ချင်း စတင်ဆင့်ခေါ်လိုက်တော့သည်။
မကြာမီမှာပင် နယ်မြေနတ်ဘုရား ဆယ်ပါးလုံးက သူ၏ဆင့်ခေါ်မှုဖြင့် ဤနေရာသို့ ရောက်ရှိလာကြသည်။
“ဂါရဝပြုပါတယ် နတ်ဘုရားဧကရာဇ်ကျိုး”
“ဂါရဝပြုပါတယ် ဆရာ”
လူတိုင်း၏ မျက်လုံးများထဲ၌ အတိုင်းအဆမရှိသော ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ ယခုအခါ ဤကမ္ဘာကို ကြီးကြပ်ကွပ်ကဲနေသူဖြစ်ကြောင်း အားလုံးသိရှိထားကြသည်။
မည်သူကမျှ တစ်ခွန်းမှ အတွန့်မတက်ရဲကြပေ။
ကျိုးရီက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီးနောက် စကားဆိုလိုက်သည်။
“ဒီကမ္ဘာထဲကို အစွမ်းထက်အငွေ့အသက်အချို့ ရောက်လာတာကို စောစောက မင်းတို့ အာရုံခံမိကြမှာပါ၊ သူတို့က တခြားကမ္ဘာကနေလာတဲ့ လုယက်သူတွေပဲ၊ သူတို့ ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းက ဒီကမ္ဘာရဲ့ အရင်းအမြစ်တွေကို လုယူဖို့ပဲ”
အားလုံး၏ရင်ထဲတွင် တုန်လှုပ်သွားကြသည်။
“သေစမ်း... စောစောက အရမ်း အစွမ်းထက်တဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရတယ်လို့ ထင်မိသားပဲ၊ တခြားကမ္ဘာက ထိပ်တန်းပညာရှင်တွေက ကျွန်တော်တို့ကို လာကျူးကျော်တာလို့ မထင်ထားခဲ့ဘူး”
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီအကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြောရရင် ငါနဲ့ သက်ဆိုင်မှုမရှိဘူးလို့တော့ ပြောလို့မရဘူး၊ အရင်တုန်းက ဒီကမ္ဘာရဲ့ လောကဧကရာဇ်ကို ငါ သတ်လိုက်တာကြောင့် အခု ဒီကမ္ဘာက လုံးဝ ဖရိုဖရဲအခြေအနေမှာ ရှိနေပြီး စီမံခန့်ခွဲမယ့်သူ မရှိဘူးဆိုတာ အားလုံး သိကြမှာပါ။
အဲဒါကြောင့်မို့လို့ တခြားကမ္ဘာတွေက ဒီကမ္ဘာကို လာကျူးကျော်ချင်ကြတာပဲ။ ဒါကြောင့် ဒီနေ့ ငါတို့တွေ ဒီကမ္ဘာအတွက် လောကဧကရာဇ်တစ်ပါးကို ရွေးချယ်ပေးရမယ်”
အားလုံးက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြပြီး စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းကို မတားဆီးနိုင်ခဲ့ကြပေ။
သူတို့ စောင့်မျှော်နေခဲ့သော အချိန်ရောက်လာခဲ့ပြီဖြစ်သည်။ သူတို့က ယနေ့အတွက်သာ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ကြခြင်း မဟုတ်ပါလား။ သူတို့သာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါက ထိုအချိန်မှစ၍ သူတို့၏ တစ်သက်တာ အိပ်မက်များကို အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်သည်။
သူတို့ကိုယ်တိုင်က ကျိုးရီလောက် အစွမ်းမထက်ကြသဖြင့် နတ်ဘုရားဧကရာဇ်အဆင့်သို့ ကျော်ဖြတ်ရန်မှာ သူတို့အတွက် ခက်ခဲလှသည်။ သူတို့ထဲမှ လူအများစုအတွက်မူ လောကဧကရာဇ်ဆိုသည်မှာ အဆုံးသတ်ဖြစ်နေပြီး သူတို့ ဂုဏ်ယူဝင့်ကြွားနိုင်ရန် လုံလောက်နေပြီဖြစ်သည်။
ထို့အပြင် ဤအဆင့်သို့ ရောက်ရှိပါက အနာဂတ်တွင် ပိုမိုမြင့်မားသောအဆင့်သို့ ကျော်ဖြတ်ရန် ကြိုးစားနိုင်မည့် အလားအလာများလည်း ရှိလာမည်ဖြစ်သည်။
ထို့ကြောင့် ဤသည်က သူတို့၏ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် ကောင်းကင်ကိုအန်တုသော အခွင့်အရေးတစ်ခုဖြစ်သည်။
ဤမျှ ကောင်းမွန်သောအခွင့်အရေးမျိုးကို အားလုံးက သဘာဝကျကျပင် လက်လွတ်မခံချင်ကြချေ။
“နတ်ဘုရားဧကရာဇ်... ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ၊ အရှင်သခင့်ရဲ့ အမိန့်ကိုပဲ စောင့်နေတာပါ၊ ရွေးချယ်ပွဲကို စတင်လို့ရပါပြီ”
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“ဒီပြိုင်ပွဲမစခင် မင်းတို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောပြချင်တာ တစ်ခုရှိတယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့အချင်းချင်း သတ်ဖြတ်ဖို့ရာ မကြိုးစားကြဖို့ မျှော်လင့်ပါတယ်”
“ရှုထောင့်တစ်ခုကနေကြည့်ရင် လောကဧကရာဇ်ဖြစ်လာတာက တိုးတက်ဖို့အခွင့်အလမ်းကို နည်းနည်းလေး ပိုများလာစေရုံသက်သက်ပဲ၊ အဲဒါက အဲဒီလောက်ကြီး ကြီးကျယ်ခမ်းနားနေတာ မဟုတ်ဘူး။
မင်းတို့ အဲဒါကို အရမ်း အလေးအနက်ထားဖို့ မလိုပါဘူး၊ တကယ်အရေးကြီးတာက အသက်ရှင်နေဖို့ပဲ၊ အသက်ရှင်နေမှ မျှော်လင့်ချက်တွေ ရှိလာနိုင်မှာလေ။
တကယ်လို့ ဒီကမ္ဘာက အနာဂတ်မှာ ပိုပြီးအစွမ်းထက်လာခဲ့ရင် မင်းက လောကဧကရာဇ် မဖြစ်လာရင်တောင် နောင်တစ်ချိန်မှာ သေချာပေါက် ပိုပြီးအစွမ်းထက်လာနိုင်မှာပဲ”
ကျိုးရီ၏ စကားများကြောင့် အားလုံးက ခေါင်းညိတ်သဘောတူလိုက်ကြသည်။
သို့သော် သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားနှစ်ခွန်းကြောင့် ဤလူများက သူ့ကို ယုံကြည်သွားမည်မဟုတ်ကြောင်းကိုလည်း သူ့ရင်ထဲ၌ ကောင်းကောင်းသိထားသည်။
မည်သို့ပင်ဆိုစေ လူအများအပြား၏အမြင်က သူ့အဆင့်သို့ မရောက်နိုင်ကြချေ။ သူတို့ကိုယ်သူတို့ သတ်မှတ်ချက်က သာမန်ပိုဆန်နေနိုင်သည်။
သူတို့အတွက်မူ လောကဧကရာဇ်ဆိုသည်မှာ တစ်သက်တာစွဲလမ်းမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သဖြင့် ဤရာထူးကို အလွန်အမင်း တန်ဖိုးထားကြမည်ဖြစ်သည်။ ကျိုးရီက ဤရာထူးကို ထိုမျှလောက် တန်ဖိုးမထားရခြင်းမှာ သူ၏ ကိုယ်ပိုင်စွမ်းအားကြောင့်သာ ဖြစ်သည်။
ဤကိစ္စကို သူ အရမ်းကြီး ဝင်ရောက်စွက်ဖက်နေမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူတို့ မည်သို့ရွေးချယ်သည်ဖြစ်စေ သူတို့၏ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်သည်။
သူက ဝင်ရောက်စွက်ဖက်၍ မရနိုင်ချေ။ မဟုတ်ပါက သူ ပြုစုပျိုးထောင်ထားသော လက်အောက်ငယ်သားများပင်လျှင် အမိန့်နာခံတတ်သော စက်ရုပ်တချို့ ဖြစ်သွားပေလိမ့်မည်။
အခြေအနေများကို အားလုံးအား အကျဉ်းချုပ်ရှင်းပြပြီးနောက် သူက ဤကမ္ဘာ၏ ကမ္ဘာဆန္ဒကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။