အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀) - အရှက်မရှိခြင်း
“ခွေးကောင်”
ရွှမ်ရဲမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ ထိုလက်သီးမှ ထွက်ပေါ်လာသော အလင်းတန်းက မိုင်ထောင်ပေါင်းများစွာ အထိ ဖြာထွက်သွားပြီး တစ်ဖက်လူ၏ တိုက်ကွက်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံသွားကာ လက်သီးအလင်းတန်းကို ချက်ချင်း ပြန့်ကျဲသွားစေခဲ့သည်။
“မင်းက ငါ့ရှေ့မှာ ဒီလိုယုတ်မာတဲ့အလုပ်မျိုး လုပ်ရဲတယ်ပေါ့၊ မင်းက ငါ့ကို တကယ်ပဲ အရေးမစိုက်တာကိုး၊ မင်းကမ္ဘာက ပြိုင်ဘက်ကင်းတယ်လို့ တကယ်ကြီး ထင်နေတာလား။ ဒီအရှင်သခင်ကို ဒီလောက် အထင်သေးနေမှတော့ ငါရိုင်းတယ်လို့ အပြစ်မတင်နဲ့တော့”
ဤသို့ပြောပြီးနောက် သူက တိုက်ရိုက်ပင် ရှေ့သို့ ပြေးဝင်သွားတော့သည်။
“သေစမ်း”
ကျိုးမင်သည် ယခုအခါတွင် ဆက်လက်ညှိနှိုင်းရန် မဖြစ်နိုင်တော့သလို ထိုအတွေးမှာလည်း လက်တွေ့မကျတော့ကြောင်း အပြည့်အဝ နားလည်သွားပြီဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး သူ မည်သည့်မျှော်လင့်ချက်မှ မထားတော့ပေ။
ထို့ကြောင့် သူ၏ တိုက်ခိုက်မှု အထမမြောက်သည်ကို မြင်ပြီးနောက် လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ဆွဲဖြဲကာ ထွက်ပြေးရန် ချက်ချင်းပြင်ဆင်လိုက်တော့သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ၏အတွေးက ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန်မူ အလွန်ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ရဲက သူ့ကို အသေအချာ စောင့်ကြည့်နေခဲ့သည်မဟုတ်လော။
သူ့ကို မည်သို့လုပ်၍ ဤမျှအလွယ်တကူ ထွက်ပြေးခွင့် ပေးနိုင်မည်နည်း။
ထို့ကြောင့် လေဟာနယ်အက်ကွဲကြောင်း ပွင့်သွားသည့် အခိုက်အတန့်မှာပင် သူက တိုက်ရိုက်တိုက်ခိုက်လိုက်ပြီး တစ်ဖက်လူကို လွင့်စင်သွားစေခဲ့သည်။
“ပြေးဖို့ကြိုးစားနေတာလား၊ မင်းက မကောင်းတာလုပ်ပြီးတာနဲ့ ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားနေတာပဲ၊ မင်းက ငါ့ကို ပိုပိုပြီး အရေးမစိုက်တော့ပါလား၊ ဒီနေ့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး၊ ငါပြောပြီးသားပဲ”
“ဝေါ့...”
ကျိုးမင်မှာ သွေးစိမ်းတစ်လုတ် အန်ထုတ်လိုက်ရပြီး အလွန်အမင်းထိတ်လန့်သွားရသည်။ ဤအတိုင်းဆက်သွားပါက သူ သေချာပေါက် သေရတော့မည်ဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်သွားပြီဖြစ်သည်။
ထို့ကြောင့် သူက အလျင်အမြန်ပင် အသနားခံလိုက်သည်။
“လောကဧကရာဇ်... ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော် တကယ်မှားမှန်းသိပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါ၊ ကျွန်တော့်ရဲ့ နောက်ကွယ်ကကမ္ဘာကို ထောက်ထားပြီးတော့ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
“ဒီနေ့ ငါ မင်းကို ချမ်းသာပေးလိုက်ရင် မနက်ဖြန် မင်းက ငါ့ကို ပြဿနာပြန်လာရှာမှာပဲလေ၊ အခု မင်း အသနားခံနေတာက မင်း ငါ့ကို မယှဉ်နိုင်ဘူးထင်လို့ပဲ၊
တကယ်လို့ မင်းသာ ငါ့ကိုယှဉ်နိုင်ရင် ငါ အသက်ရှူဖို့တောင် အခွင့်အရေး ပေးမှာမဟုတ်ဘူး၊ ဒါကြောင့်…. မင်းသေလိုက်တော့”
ဤသို့ ပြောပြီးနောက် ရွှမ်ရဲသည် ဆက်လက်တိုက်ခိုက်လာပြီး ယခင်ကထက်ပင် ပို၍ ပြင်းထန်လာသည်။ သူ၏တိုက်ကွက်အားလုံးကို ထုတ်ဖော်လိုက်ရာ ဤကောင်းကင်နှင့်မြေကြီးမှာ ရောင်စုံအလင်းတန်းများဖြင့် ချက်ချင်းတောက်ပသွားတော့သည်။
အလွန်အမင်းအစွမ်းထက်သော စွမ်းအင်များ ဆက်တိုက်ထွက်ပေါ်လာပြီး ကြီးမားလွန်းလှသဖြင့် လေဟာနယ်ကိုပင် ပြိုကျပျက်စီးသွားစေသည်။
ကောင်းကင်ယံရှိ လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူသည် ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် ထိပ်တန်း အစွမ်းထက်သိုင်းပညာရှင်နှစ်ဦး တိုက်ခိုက်နေသည်ကို အာရုံခံမိပြီး ချက်ချင်းပင် အံ့အားသင့်သွားလေ၏။
သို့သော် ထို့နောက် လူတစ်ဦး၏မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင် သူ၏မျက်နှာအမူအရာ ချက်ချင်းအေးစက်သွားတော့သည်။ ထို့နောက် ကျိုးမင်ကို ရင်ဆိုင်ရာတွင် ရွှမ်ရဲကို ကူညီရန် သူ တိုက်ရိုက်ပင် စတင်လှုပ်ရှားလိုက်သည်။
“ကျိုးမင်၊ မင်း ခွေးကောင်၊ သေလိုက်တော့”
ကျိုးမင်သည် ရွှမ်ရဲတစ်ယောက်တည်းကို ရင်ဆိုင်ရသည်ပင် အတော်လေး ခက်ခဲနေပြီဖြစ်သည်။ ယခု လူနှစ်ယောက်ကို တစ်ပြိုင်နက်ရင်ဆိုင်ရသောအခါ ဖိအားများက ကြီးမားလွန်းလှသဖြင့် သူ့ကို ချက်ချင်းပင် ဖိနှိပ်ချုပ်ချယ်လိုက်တော့သည်။
“ဝေါ့...”
သူက သွေးစိမ်းတစ်လုတ် ထပ်မံအန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ဒဏ်ရာရသွားလေပြီ။ သူက အလျင်အမြန်ပြောလိုက်သည်။
“သနားပါဦး... တောင်းပန်ပါတယ်”
သို့သော် ထိုနှစ်ဦးက သူ့စကားကို နားမထောင်ဘဲ အစအနမကျန် တိုက်ရိုက်ချေမှုန်းပစ်လိုက်တော့သည်။
“အား... အား...”
ကျိုးမင်မှာ စူးစူးဝါးဝါး အော်ဟစ်သံများကြားတွင် ပြာအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီး လေနှင့်အတူ မျောလွင့်ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှသာ ထိုလူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်နိုင်ပြီး ရွှမ်ရဲကို လက်ယှက်ကာ အရိုအသေပေးလျက် ဆိုလိုက်သည်။
“စီနီယာ၊ ကျွန်တော်က လင်းယွီပါ၊ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
အစောပိုင်းက တစ်ဖက်လူသည် ကျိုးမင်ကိုရင်ဆိုင်ရာတွင် သူနှင့် ပူးပေါင်းခဲ့သဖြင့် ရွှမ်ရဲက သူ့အပေါ် အတော်လေးသဘောကျသွားပြီး ဆက်လက်မတိုက်ခိုက်တော့ပေ။
“မင်းက ဘယ်သူလဲ၊ ငါ့ကမ္ဘာကို ဘာလို့လာတာလဲ”
ထိုစကားကို ကြားရသည်နှင့် လင်းယွီ၏မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။
“ခင်ဗျားက ဒီကမ္ဘာရဲ့ အရှင်သခင်လား”
“ဟုတ်တယ်”
ရွှမ်ရဲက ဖုံးကွယ်မထားဘဲ ဝန်ခံလိုက်ရာ လင်းယွီက ချက်ချင်းပင် ဦးညွှတ်အရိုအသေပေးလိုက်သည်။
“လောကဧကရာဇ်ကို ဂါရဝပြုပါတယ်”
ထို့နောက် ထိုလူက သူ့အကြောင်းကို ထပ်မံမိတ်ဆက်လိုက်သည်။
“ကျွန်တော်က အောက်ကမ္ဘာက လင်းယွီပါ၊ အောက်ကမ္ဘာရဲ့ နယ်မြေနတ်ဘုရားတစ်ပါးပါ၊ ကျွန်တော်တို့ရဲ့ လောကဧကရာဇ်က ခင်ဗျားတို့ရဲ့ ရွှမ်ဟွမ်ကမ္ဘာနဲ့ မဟာမိတ်ဖွဲ့ဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ”
ရွှမ်ရဲက သူ့ကို ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“မင်းက ဘာလို့ ငါနဲ့ မဟာမိတ်ဖွဲ့ချင်ရတာလဲ၊ မင်းနဲ့ မဟာမိတ်ဖွဲ့ရင် ငါ့အတွက် ဘာအကျိုးကျေးဇူးရှိမှာလဲ”
လင်းယွီက ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
“တကယ်တော့ ကျွန်တော်တို့က ယွန်လော့ကမ္ဘာရဲ့ ရန်သူတွေပါ၊ ယွန်လော့ကမ္ဘာက တခြားကမ္ဘာတွေကို နှစ်ပေါင်းများစွာ ဆက်တိုက်တိုက်ခိုက်နေခဲ့တာပါ။ သူတို့က တခြား ကမ္ဘာတွေရဲ့ အရင်းအမြစ်တွေကို အမြဲတမ်း လုယူလေ့ရှိတယ်။
အရင်က ဒီကမ္ဘာကို သူတို့လာခဲ့ရတဲ့ အဓိကအကြောင်းရင်းက ဒီကမ္ဘာကို သိမ်းပိုက်ပြီး ခင်ဗျားကို သတ်ပစ်ဖို့ပဲ။ ခင်ဗျားက သူတို့ကို အနိုင်ယူလိုက်နိုင်တယ်၊ ဒါပေမဲ့ ဒါက သူတို့ ရပ်တန့်သွားမယ်လို့ ဆိုလိုတာမဟုတ်ဘူး။
သူတို့က ခင်ဗျားကို ဆက်မတိုက်ခိုက်ဘဲ ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့ချင်နေသေးတဲ့ အဓိကအကြောင်းရင်းက လောလောဆယ် သူတို့က ကျွန်တော်တို့ကမ္ဘာနဲ့ စစ်ပွဲကြီးတစ်ခု ဆင်နွှဲနေရလို့ပဲ။ သူတို့က စစ်ပွဲထဲမှာ ပိတ်မိနေတော့ တခြားလူတွေကို ရင်ဆိုင်ဖို့ အချိန်မရဘူးလေ။
သူတို့က အချိန်တိုအတွင်း ခင်ဗျား သူတို့ကို စစ်မကြေညာတာ သေချာစေဖို့ မဟာမိတ်နည်းလမ်းကို အသုံးပြုချင်တာ၊ ဒါပေမဲ့ သူတို့ စစ်နိုင်သွားတာနဲ့ ခင်ဗျားကို ရက်ရက်စက်စက် တိုက်ခိုက်မှာပဲ၊ ပြီးရင် ခင်ဗျားကို တန်းသတ်ပစ်လောက်တယ်၊
သူတို့က ဒီစကြဝဠာထဲမှာ အရက်စက်ဆုံးနဲ့ အရှက်မရှဆုံးကောင်တွေပဲ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို ချက်ချင်းယုံကြည်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ အချက်တစ်ချက် မှန်ကန်တယ်၊ ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ။
အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ခင်ဗျားနဲ့ တူတယ်၊ ကျွန်တော်တို့ နှစ်ယောက်စလုံးက ယွန်လော့ကမ္ဘာကို ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာလေ၊ ခင်ဗျားဘယ်လိုထင်လဲ”
ရွှမ်ရဲက ခေါင်းညိတ်ပြလိုက်သည်။
ကျိုးမင်ကို ဖြေရှင်းပြီးနောက် ဤကိစ္စကို သူ တွေးတောခဲ့ပြီးဖြစ်သည်။ သူက ပြိုင်ဘက်ကို တိုက်ခိုက်တော့မည်ဖြစ်ရာ မိတ်ဆွေတစ်ယောက်ရှာဖွေခြင်းကလည်း လုံးဝ ယုတ္တိတန်ပေသည်။
နှစ်ယောက် ပေါင်းပြီးတစ်ယောက်ကို တိုက်ခိုက်ခြင်းက သူတစ်ယောက်တည်း တိုက်ခိုက်ရသည်ထက် အများကြီး ပိုကောင်းသည်။
အဓိကရန်သူကို အနိုင်ယူနိုင်သမျှကာလပတ်လုံး ကြီးမားသော အကျိုးအမြတ်များကို ရရှိမည်ဖြစ်သည်။
အကယ်၍ ယွန်လော့ကမ္ဘာကို အောက်ကမ္ဘာနှင့် ခွဲဝေယူမည်ဆိုပါက သူ၏အရင်းအမြစ်များ သိသိသာသာ လျော့နည်းသွားမည်ဖြစ်သော်လည်း နှစ်ဖက်လုံး၏ ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်သည်အထိ လျှော့ချနိုင်မည်ဖြစ်သည်။
ဤသည်က သူတို့အတွက် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါက နောက်ထပ်စစ်ပွဲတစ်ခုအတွက် ပြင်ဆင်ရန်နှင့် ပိုမိုများပြားသောရန်သူများကို ရင်ဆိုင်ရန် စွမ်းအင်များ၊ လူအင်အားများ ပိုမိုလုံလောက်လာမည်ဖြစ်သည်။
အကယ်၍ စစ်ပွဲအသစ်တစ်ခု ဖြစ်ပွားလာပါက သူတို့၏ပိုင်ဆိုင်မှုများကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ ယေဘုယျအားဖြင့် ဆိုရလျှင် အကျိုးကျေးဇူးများက ဆိုးကျိုးများထက် ပိုမို များပြားလှသည်။
ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့ရဲ့ မဟာမိတ်ဖွဲ့ဖို့ကမ်းလှမ်းချက်ကို ငါ သဘောတူနိုင်ပါတယ်၊ ဒါပေမဲ့ မင်းတို့ရဲ့လောကဧကရာဇ်နဲ့ ငါ စကားပြောကြည့်ဖို့လိုတယ်”
“သေချာတာပေါ့၊ ဒါက ဖြစ်သင့်ပါတယ်”
လင်းယွီ အလွန်ဝမ်းသာသွား၏။ ဤတစ်ကြိမ် မဟာမိတ်စာချုပ်ကို ဤမျှချောမွေ့စွာ ချုပ်ဆိုနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သေချာပေါက် သူ၏မဟာမိတ်စာချုပ် အောင်အောင်မြင်မြင် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ရန်သူ၏ အကူအညီကြောင့်ဖြစ်ကြောင်း သူ့ရင်ထဲ၌ ကောင်းကောင်းကြီး သိနေသည်။
အကယ်၍ တစ်ဖက်လူက ရွှမ်ရဲကို မပြစ်မှားခဲ့ပါက ဤမဟာမိတ်စာချုပ်ကို တိုက်ရိုက်ဆွေးနွေးရန် သူ ဤမျှကောင်းမွန်သောအခွင့်အရေး ရရှိခဲ့မည်မဟုတ်ပေ။
အချုပ်အားဖြင့်ဆိုရလျှင် မည်သို့ပင်ဆိုစေကာမူ သူက အထက်လူကြီးများ ပေးအပ်သော တာဝန်ကို ဤတစ်ကြိမ် အလွယ်တကူပြီးမြောက်ခဲ့ပြီဖြစ်ရာ ပြန်ရောက်သည့်အခါ ရှင်းပြရန် ခိုင်လုံသောအကြောင်းပြချက် ရှိလာချေပြီ။
ဤကိစ္စအပြီးတွင် ကမ္ဘာနှစ်ခုက မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ကြပြီး ထိုအချိန်မှစ၍ တစ်ဦးကိုတစ်ဦး ကူညီနိုင်သော ရဲဘော်ရဲဘက်များ ဖြစ်လာခဲ့ကြသည်။
ဤအဖြစ်အပျက်များအပြီးတွင် ကမ္ဘာနှစ်ခုက ယွန်လော့ကမ္ဘာကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အလျင်အမြန်ပင် သိမ်းပိုက်နိုင်ခဲ့ကာ တစ်၀က်စီ ခွဲဝေယူပြီး ထိုကမ္ဘာ၏ စွမ်းအားများကို ကမ္ဘာနှစ်ခုအတွင်းသို့ အသီးသီးထည့်သွင်းလိုက်ကြသည်။
ထိုအချိန်မှစ၍ ဤကမ္ဘာနှစ်ခု၏ ကောင်းကင်၊ မြေကြီး ဝိညာဉ်စွမ်းအင်များနှင့် အခြားအရင်းအမြစ်အမျိုးမျိုးက အများအပြားတိုးတက်လာခဲ့သည်။
တကယ်ကို ပြီးပြည့်စုံလှသည်။
ဤကာလအတွင်း ကျိုးရီက အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိခဲ့ဘဲ သာမန်ဘဝအကြောင်းကို နားလည်သဘောပေါက်ရန်နှင့် ပိုမိုအစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်လာရန် ဆက်တိုက် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
တစ်ခုတည်းသော ချို့ယွင်းချက်မှာ အရေးကြီးဆုံးအချိန်တွင် ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်က သူတို့ကမ္ဘာဆန္ဒ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရခြင်းပင်။
ကမ္ဘာဆန္ဒက သူ ဆက်လက်တည်ရှိနိုင်တော့မည်မဟုတ်ကြောင်း နားလည်သွားပုံရသဖြင့် နောက်ဆုံးအချိန်တွင် သူ့ကို ကမ္ဘာထဲမှ တွန်းထုတ်လိုက်ကာ အသက်ရှင်ခွင့်ပေးလိုက်ပြီး တစ်နေ့နေ့တွင် သူ့အတွက် လက်စားချေပေးရန် မျှော်လင့်ခဲ့ခြင်းဖြစ်လောက်ပေမည်။
မိစ္ဆာနယ်ပယ်။
ကောင်းကင်မိစ္ဆာဧကရာဇ်က အောက်ဘက်ရှိ ယွန်လော့ကမ္ဘာ၏ လောကဧကရာဇ်ကို မထီမဲ့မြင်အကြည့်ဖြင့် အေးစက်စက် စိုက်ကြည့်နေသည်။