← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁) - မီးခဲဝံပုလွေ

ရင်းနှီးနေသော အသံတစ်ခုက သူ၏စိတ်ထဲ၌ ထွက်ပေါ်လာလေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၈၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် မီးခဲဝံပုလွေအား သုတ်သင်ပါ]

ကလဲ့စားချေအမှတ်များကို မြင်လိုက်ရချိန်တွင် လင်းဖန်သည် သူ့ကိုယ်သူ အသင့်ပြင်လိုက်သည်။

လက်ထဲရှိ တူတစ်စုံကို ကိုင်ဆောင်ထားရင်း စောင့်ဆိုင်းနေလိုက်သည်။

မီးခဲဝံပုလွေသည် သူ့အား သတိမထားမိဟု ထင်မှတ်ကာ လင်းဖန်ထံသို့ ခုန်အုပ်လာလေသည်။

ဒေါင်…

လင်းဖန်က သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ တူက မီးခဲဝံပုလွေ၏ ခေါင်းကို ရိုက်မိသွားချေသည်။

ထိုရိုက်ချက်အရှိန်ကြောင့် ၎င်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး ကြွေကျနေသော သစ်ရွက်များမှာ လွင့်စင်သွားရသည်။

ဘုန်း…

၎င်း၏ကျောပြင်က သစ်ပင် ပင်စည်တစ်ခုနှင့် ဝင်ဆောင့်မိသွားလေသည်။

မီးခဲဝံပုလွေက မတ်တပ်ရပ်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။

“ဝေါင်း...”

၎င်းက ဟိန်းဟောက်လိုက်ပြီး ကြောက်စရာကောင်းသော အစွယ်များကို လင်းဖန်အား ပြသလိုက်လေသည်။

သူ့ပတ်ဝန်းကျင်ရှိ လေထုက ပူနွေးလာသည်ကို လင်းဖန် စတင်ခံစားလိုက်ရသည်။

သူ၏နဖူးထက်တွင် ချွေးသီးချွေးပေါက်များ စတင်ဖြစ်တည်လာလေသည်။

အပူရှိန်က ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဖုံးကွယ်မထားသော အရေပြားပေါ်တွင် နာကျင်မှုကို ခံစားလိုက်ရချေသည်။

သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားရင်း ချီစွမ်းအင်များကို အမြန်လမ်းညွှန်လိုက်ကာ သူ၏ယင်ထိုးနှက်ချက်ကို အသုံးပြုရန် အသင့်ပြင်လိုက်သည်။

ဝုန်း…

မီးခဲဝံပုလွေက ၎င်း၏ကိုယ်ကို မီးတောက်များဖြင့် ရစ်ပတ်လိုက်ပြီး လင်းဖန်ထံသို့ ပြေးဝင်လာလေသည်။

မြေပြင်ပေါ်ရှိ သစ်ရွက်များနှင့် သစ်ကိုင်းခြောက်များသည် မီးတောက်များကြောင့် စတင်လောင်ကျွမ်းလာသည်။

မီးခဲဝံပုလွေက မီးလောင်နေသော ကျည်ဆန်တစ်တောင့်ကဲ့သို့ သူ့ထံ ပြေးဝင်လာသည်ကို လင်းဖန် မြင်လိုက်ရလေသည်။

တောက်ပနေသော လိမ္မော်ရောင်အစက်လေးတစ်ခုမှနေ၍ မီးခဲဝံပုလွေ နီးကပ်လာသည်နှင့်အမျှ ပိုမိုကြီးမားလာချေသည်။

ဒိုင်း…

လင်းဖန်က ယင်ထိုးနှက်ချက်ကို အသုံးပြုကာ ၎င်းကို ထိပ်တိုက်ရိုက်ချလိုက်လေသည်။

ရိုက်ခတ်မှုအရှိန်ကို ထိန်းနိုင်ရန်အတွက် သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။

မီးခဲဝံပုလွေ၏ အခြေအနေမှာလည်း မကောင်းလှပေ။ ၎င်း၏နဖူးတွင် ချိုင့်ခွက်သွားပြီး ကြောင်တောင်တောင် ဖြစ်သွားရလေသည်။

လင်းဖန်၏ ယင်ထိုးနှက်ချက်မှ ၎င်း၏နဖူးပေါ်ရှိ ရေခဲလွှာသည် မီးခဲဝံပုလွေ၏ မီးတောက်များနှင့် ဓာတ်ပြုသွားကာ ချက်ချင်းပင် ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားသည်။

မီးခဲဝံပုလွေသည် ဝေဝေဝါးဝါးဖြစ်နေကာ ၎င်း၏ခန္ဓာကိုယ်မှ မီးလုံးငယ်များကို အရပ်မျက်နှာအနှံ့သို့ ပစ်လွှတ်လိုက်လေသည်။

ပတ်ဝန်းကျင်မှာ မီးစလောင်လာပြီး မီးခိုးငွေ့များက လေထုထဲသို့ တဖြည်းဖြည်း ပြည့်နှံ့လာချေသည်။

လင်းဖန်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အောင့်ထားလိုက်သည်။

သူသည် တူများထဲသို့ ချီစွမ်းအင်ကို လျင်မြန်စွာ ထည့်သွင်းလိုက်ရာ တူများမှာ နှစ်ဆခန့် ပိုမိုကြီးမားလာလေသည်။

ထို့နောက် ယင်စွမ်းအင်နှင့် သူ၏ ယင်ထိုးနှက်ချက်ကိုအသုံးပြုကာ လေထုထဲတွင် ရေခဲလွှာများ ဖန်တီး၍ မီးကို ငြိမ်းသတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ယင်းမှာ မလုံလောက်ခဲ့ပေ။

သူသည် မီးလောင်ရာအရင်းအမြစ်မှနေ၍ တားဆီးရပေမည်။

သူ့ထံသို့ ဝင်လာနေသော မီးလုံးများကို လျစ်လျူရှုလိုက်ရင်း လင်းဖန်သည် သူ၏ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ဖြင့် မီးခဲဝံပုလွေထံသို့ ခုန်ဝင်လိုက်ကာ လက်ထဲရှိ တူများဖြင့် တစ်ချက်ပြီးတစ်ချက် မိုးရွာချသကဲ့သို့ ထုနှက်လိုက်လေသည်။

ဘုန်း…

ခလွမ်း…

မီးခဲဝံပုလွေ၏ ဦးခေါင်းခွံ ကွဲအက်သွားသံများက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။

လင်းဖန်၏ အဆက်မပြတ် ထုနှက်မှုများကြောင့် မီးခဲဝံပုလွေ၏ ခေါင်းမှာ ကြေမွသွားချေပြီ။

၎င်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အကြိမ်အနည်းငယ်မျှ တုန်ယင်သွားကာ ငြိမ်သက်သွားလေတော့သည်။

ထို့နောက် ရင်းနှီးနေသော အသံတစ်ခုက လင်းဖန်၏စိတ်ထဲ၌ ထွက်ပေါ်လာလေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၈၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၂၃၀]

[ပိုင်ရှင်၏ အဆင့်မှာ လက်ရှိတွင် နိမ့်ကျနေသဖြင့် မိစ္ဆာသားရဲ၏ စွမ်းရည်များကို ရယူနိုင်ခြင်း မရှိသေးပါ။]

[လိုအပ်သော အနည်းဆုံးအဆင့် - ၅]

အချက်အလက်ပြဇယားကို မြင်လိုက်ရသောအခါ လင်းဖန် ပြုံးလိုက်လေသည်။

ယခုအခါ သူတစ်ယောက်တည်းပင် ကလဲ့စားချေအမှတ် ၈၀ တန် ရန်သူများကို ရင်ဆိုင်နိုင်နေပြီ ဖြစ်ပေသည်။

မကြာသေးမီအချိန်ကပင် ကလဲ့စားချေအမှတ် နည်းပါးသော ရန်သူများကို အခြားသူများနှင့်ပူးပေါင်း၍ ရင်ဆိုင်ခဲ့ရသေးသည် မဟုတ်ပါလော။

သူ၏ ကျင့်ကြံခြင်းခရီးလမ်းမှာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်ပေသည်။

ထို့နောက် သူသည် မီးတောက်များကို ငြှိမ်းသတ်ရန် အလျင်အမြန် လှုပ်ရှားလိုက်သည်။

သူ၏ ယင်တူကို အသုံးပြုကာ မိနစ်အနည်းငယ်အတွင်း အပြီးသတ်လိုက်သည်။

မီးခဲဝံပုလွေ၏ အလောင်းကိုကြည့်ရင်း မိစ္ဆာသားရဲအမြုတေအား မည်သို့ထုတ်ယူရမည်ကို သူ မသိပေ။ ထို့ကြောင့် ဟိုကျဲ့ကို မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။

ပထမဦးစွာ မီးခဲဝံပုလွေ၏ ကိုယ်တွင်းမှ သွေးများကို စီးကျစေလိုက်သည်။

သစ်သားတဲလေးဆီသို့အပြန် တောအုပ်အတွင်း၌ သွေးစက်များ ချန်ရစ်ခဲ့ပါက အန္တရာယ် များပေလိမ့်မည်။

မည်သည့် မိစ္ဆာသားရဲများ နောက်က လိုက်လာမည်ကို မည်သူမျှ မသိနိုင်ချေ။

မီးခဲဝံပုလွေ၏လည်ပင်းကို ဖြတ်တောက်လိုက်စဉ် တောအုပ်ကြီးမှာ ပို၍ သက်ဝင်လှုပ်ရှားလာသကဲ့သို့ သူ ခံစားလိုက်ရသည်။

သစ်ရွက်များ တရှဲရှဲ မြည်လာပြီး အထက်မှ သစ်ကိုင်းခြောက်များ ပြုတ်ကျလာလေသည်။

ဝေးလံသောနေရာမှ ဟိန်းဟောက်သံများနှင့် အူသံများမှာ တဖြည်းဖြည်း နီးကပ်လာချေသည်။

ပြတ်ရှနေသော ဒဏ်ရာမှ သွေးများ ကုန်စင်သွားမည့်အချိန်ကို စောင့်ဆိုင်းရင်း သူသည် ရင်တထိတ်ထိတ် တုန်နေလေသည်။

သွေးထွက်ခြင်း တဖြည်းဖြည်း ရပ်တန့်သွားသောအခါ လင်းဖန်သည် အလောင်းကို ထမ်းကာ အလျင်စလို ထွက်ခွာခဲ့တော့လေသည်။

သူ မှတ်သားခဲ့သော အမှတ်အသားများအတိုင်း လိုက်သွားရာ နောက်ဆုံးတွင် သစ်သားတဲလေးဆီသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိသွားပေသည်။

“အို... မင်း ဘာတွေရလာတာလဲ”

လင်းဖန် ကျောပေါ်တွင် မီးခဲဝံပုလွေကို ထမ်းလာသည်ကို မြင်သောအခါ ဟိုကျဲ့မှာ အံ့အားသင့်သွားလေသည်။

မီးခဲဝံပုလွေ၏ တောက်ပသော လိမ္မော်ရောင် အမွေးအမှင်များမှာ မှားယွင်းနိုင်စရာ အကြောင်း မရှိချေ။

“ကျုပ် အမဲလိုက်ထွက်ရင်း ဒီမိစ္ဆာသားရဲကို သတ်နိုင်ခဲ့တာ။ မိစ္ဆာသားရဲအမြုတေကို ဘယ်လိုထုတ်ရမလဲ”

လင်းဖန်က အမောတကောဖြင့် ပြန်ဖြေလိုက်သည်။

လင်းဖန် အနေဖြင့် သူ၏စွမ်းဆောင်ရည်ကို ဟိုကျဲ့ထံမှ ဖုံးကွယ်ထားရန် မလိုအပ်ပေ။

အထူးသဖြင့် သခင်ကြီးထန်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ပို၍ သေချာသွားသည်။

သူတို့နှစ်ဦးလုံးသည် အပေါ်ယံမြင်ရသည်ထက် ပိုမိုစွမ်းအားကြီးမားကြောင်း အချင်းချင်း သိရှိထားကြလေသည်။

“မိစ္ဆာသားရဲအမြုတေလား။ ငါ ပြမယ်”

ဟိုကျဲ့က ဓားမကြီးတစ်လက်ကို ထုတ်ယူကာ မီးခဲဝံပုလွေ၏ ရင်ဘတ်ကို ခွဲချလိုက်သည်။

ထို့နောက် လက်လျှိုသွင်းကာ စမ်းသပ်ရှာဖွေလိုက်သည်။

“မိစ္ဆာသားရဲအမြုတေက အများအားဖြင့် နှလုံးရဲ့ ဘေးကပ်လျက်မှာ ရှိတတ်တယ်”

မီးခဲဝံပုလွေ၏ ရင်ခေါင်းထဲသို့ လက်နှိုက်ရှာဖွေရင်း ဟိုကျဲ့က ပြောလိုက်လေသည်။

မကြာမီမှာပင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ဆောင့်ဆွဲကာ နှလုံးကို ထုတ်ယူလိုက်သည်။

နှလုံး၏ဘေးတွင် အဖိုးတန် ကျောက်မျက်ရတနာတစ်ခုကဲ့သို့ အလင်းဖောက်ထွင်းမြင်နိုင်သော လိမ္မော်ရောင် ကျောက်တုံးလေးတစ်ခု ရှိနေသည်။

“မင်း ဒါကို ရောင်းလိုက်လို့ရတယ်။ ဒါပေမဲ့ ငါ့အကြံဉာဏ်ကတော့ သိမ်းထားစေချင်တာပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ထိုးဖောက်ကျော်ဖြတ်တဲ့အခါ မင်း ဒီမိစ္ဆာသားရဲအမြုတေကို လိုအပ်လိမ့်မယ်”

ဟိုကျဲ့က ရယ်မောလိုက်ပြီး မိစ္ဆာသားရဲအမြုတေကို ကြည့်ကာ အံ့ဩချီးကျူးနေလေသည်။

“ကျေးဇူးပါ ဦးလေးဟိုကျဲ့။ သားမွေးတွေကရော ဘယ်လိုလုပ်မလဲ။ ကျုပ် ရောင်းလို့ရမလား”

လင်းဖန်က မေးလိုက်သည်။

သူသည် ပြန်လည်အသုံးပြုနိုင်မည့် အခွင့်အရေးကို အလဟဿ အဖြစ်မခံလိုချေ။

“သေချာပေါက်ရတာပေါ့။ ဒါက ဟုန်ဖုန်းမြို့က သူဌေးတွေ အသည်းအသန် လိုချင်ကြတဲ့အရာပဲ။ မင်း ငါ့ကို ယုံရင် ငါပဲ စီစဉ်ပေးပါ့မယ်”

“ကျေးဇူးပဲဗျာ။ ဦးလေး သုံးဆယ်ရာခိုင်နှုန်း ယူလိုက်ပါ”

“ရာခိုင်နှုန်းတွေ ဘာတွေ မေ့ထားလိုက်စမ်းပါ။ ပြီးတော့ ငါ ခန့်မှန်းကြည့်ရရင်... အေး၊ ဒီအသားက ငါတို့ရဲ့ ညစာဖြစ်လာတော့မှာပေါ့”

လင်းဖန် မေးခွန်းမမေးရသေးမီမှာပင် ဟိုကျဲ့က ရယ်မောကာ ပြန်ဖြေလိုက်လေသည်။

ညအမှောင် ရောက်ရှိလာလေသည်။

လင်းဖန်သည် သူ၏ရှေ့ရှိ ပန်းကန်အလွတ်ကို ကြည့်လိုက်သည်။

မီးခဲဝံပုလွေ၏အသားမှာ အရသာမရှိလှပေ။ မာကျောပြီး လျှာကိုပင် နာကျင်စေသော အထိအတွေ့မျိုး ရှိလေသည်။

သို့သော် တန်းထျန်အတွင်းသို့ စီးဆင်းသွားသော ချီစွမ်းအင်များမှာ ပုံမှန်ထက် ပိုမိုများပြားနေကြောင်းကို ချက်ချင်းပင် ခံစားလိုက်ရသည်။

ယနေ့ရရှိခဲ့သော ကလဲ့စားချေအမှတ်များနှင့် မိစ္ဆာသားရဲအမြုတေတို့ကြောင့် လင်းဖန်သည် တောအုပ်အတွင်းသို့ ထပ်မံဝင်ရောက်မည့် အစီအစဉ်များကို တွေးတောပြင်ဆင်နေပြီ ဖြစ်ပေတော့သည်။

All Chapters