← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) - ယင်ယန်ကြက်ခြေခတ် ရိုက်ချက်

ဆေးတောင်ထွတ်…

ဖယောင်းတိုင်အနည်းငယ်ဖြင့်သာ အလင်းရောင်ခပ်မှိန်မှိန် လင်းနေသော အခန်းတစ်ခုအတွင်း မျက်နှာဖုံးစွပ်လူတစ်စုမှာ သူတို့ရှေ့ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ထန်ဖေးရှေ့၌ ဒူးထောက်နေကြသည်။

ထန်ဖေးသည် သူ၏လက်ဖက်ရည်ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကို ဖြည်းညင်းစွာ ငုံ့သောက်လိုက်လေသည်။

လက်ဖက်ရည်၏ အရသာကို ခံစားလိုက်ပြီးနောက် သူ၏အမိန့်ကို စောင့်ဆိုင်းနေကြသော လူများကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် လက်ဖက်ရည်ပန်းကန်လုံးကို ချကာ မေးလိုက်ချေသည်။

“မိုးကြိုးမုန်တိုင်းလက်သီးဂိုဏ်းနဲ့ အဆက်အသွယ် ရပြီလား”

“ရပါပြီ သခင်ကြီးထန်။ ကျွန်တော်တို့ရဲ့ သံတမန်က လမ်းမှာရောက်နေပါပြီ”

သူနှင့် အနီးဆုံးတွင်ရှိသော မျက်နှာဖုံးစွပ်လူက ပြန်လည်ဖြေကြားလိုက်သည်။

ထန်ဖေးက ခေါင်းညိတ်ပြလိုက်သည်။

သူတို့၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းပြီး သူ၏အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပေသည်။

“အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားကြ။ အချိန်ကျရောက်လာတော့မယ်”

ထန်ဖေးက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်ကြီးထန်။ ထန်မိသားစုအတွက် ကျွန်တော်တို့ အသက်ကိုစတေးဖို့ အဆင်သင့်ပါပဲ”

လူအားလုံးက တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြလေသည်။

“ကောင်းပြီ။ မှတ်ထားကြ၊ မင်းတို့တစ်ခုခုဖြစ်သွားရင် မင်းတို့ရဲ့မိသားစုတွေကို စောင့်ရှောက်ပေးသွားမယ်”

ထန်ဖေးသည် မတ်တတ်ရပ်လိုက်ပြီးနောက် လှည့်ကာ ထွက်ခွာသွားလေသည်။

မျက်နှာဖုံးစွပ်လူများသည်လည်း ဂိုဏ်းအတွင်းရှိ သူတို့၏ နေရာအသီးသီးဆီသို့ ပြန်သွားကြတော့သည်။

မိုးကြိုးမုန်တိုင်းလက်သီးဂိုဏ်း ရောက်လာမည်ဖြစ်ရာ ဤအရာသည် ချင်းယန်ဇီကို ဖယ်ရှားရန်အတွက် ထန်ဖေး၏ အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေသည်။

လရောင်အောက်တွင် အစည်းအဝေးမှ ထွက်လာခါစဖြစ်သော လုသည် မျက်နှာဖုံးကို တပ်ဆင်ထားဆဲဖြစ်ပြီး ဝင်္ကပါတောင်ထွတ်ဆီသို့ အမြဲတမ်း ပြန်နေကျလမ်းအတိုင်း လျှောက်သွားလေသည်။

“တော်တော်မိုးချုပ်နေပြီနော် လု”

“ငါ ကျင့်ကြံခြင်းမှာ အာရုံဝင်စားသွားလို့ အချိန်ကိုတောင် မေ့သွားတယ်”

လုက တပည့်ရောင်းရင်းများအနီးမှ ဖြတ်သွားရင်း ပုံမှန်အတိုင်းပင် ဟန်ဆောင်နေခဲ့သည်။

သူ မြေကြီးပေါ်သို့ ခလုတ်တိုက်လဲလုမတတ် ဖြစ်သွားစေသည့် အရာတစ်ခုနှင့် မတိုက်မိခင်အထိပင်။

“သောက်ကျိုးနည်း”

သူက ကျိန်ဆဲလိုက်ပြီးနောက် သူ ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည့်အရာကို ငုံ့ကြည့်လိုက်သည်။

ထိုအရာမှာ လက်ထဲတွင် ဝိုင်ဘူးသီးခြောက်တစ်လုံးကို ကိုင်ဆောင်ထားလျက် မြေကြီးပေါ်တွင် လဲလျောင်းနေသော အဘိုးအိုတစ်ဦး ဖြစ်နေလေသည်။

“အရက်သမားအိုကြီး”

လုက အဘိုးအိုအား ဆဲဆိုလိုက်ပြီး မျက်နှာကို ခြေဖြင့်နင်းရန် ကြိုးစားလိုက်သည်။

အဘိုးအိုက တစ်ဖက်သို့ လှည့်လိုက်သဖြင့် လွဲသွားခဲ့ပြီး ဟောက်သံများ စတင်ထွက်ပေါ်လာချေသည်။

ထိုအရာက လုကို ပို၍ ဒေါသထွက်သွားစေသည်။

သူက အဘိုးအို၏ အဝတ်အစားများကို ဆွဲကိုင်ကာ မတ်တတ်ရပ်စေရန် ကြိုးစားလိုက်သည်။

သို့သော် သူ မတတ်နိုင်ခဲ့ပေ။

ပိန်ပါးပုံပေါ်ပြီး လုနှင့် အရပ်အမောင်း ခပ်ဆင်ဆင်တူသော ထိုအဘိုးအိုသည် တန်ချိန်ပေါင်းများစွာ လေးလံနေသကဲ့သို့ ခံစားလိုက်ရလေသည်။

“ထစမ်း၊ အရူးအိုကြီး”

လုက အဘိုးအိုကို ပါးရိုက်ရန်အတွက် လက်ကို မြှောက်လိုက်သည်။

သို့သော် သူ၏လက်မှာ လေထဲတွင် ရပ်တန့်သွားချေသည်။

အဘိုးအိုထံမှ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

လု၏ ပခုံးများမှာ လေးလံသွားသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးခုန်နှုန်းများလည်း ပို၍ မြန်ဆန်လာလေသည်။

ချွေးများလည်း စတင်ထွက်ပေါ်လာသည်။

သူ လှုပ်ရှားချင်သော်လည်း မလှုပ်ရှားနိုင်ခဲ့ပေ။

အရက်မူးနေသော အဘိုးအိုသည် ယခုအခါ ဓားတစ်လက်ကဲ့သို့ ခံစားလာရလေသည်။

ထိုအငွေ့အသက်ကြောင့် သူ၏အရေပြားများ ပြတ်ရှသွားသကဲ့သို့ လု ခံစားလိုက်ရသည်။

သူ အော်ဟစ်ချင်သော်လည်း အော်မရနိုင်ခဲ့ပေ။

အရက်မူးနေသော အဘိုးအိုသည် အနည်းဆုံး ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တွင် ရှိနေပြီး ထိုထက်ပင် မြင့်မားနိုင်ခြေရှိလေသည်။

သူ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စတင်စီးကျလာတော့သည်။

သူ ခွင့်လွှတ်ပေးရန် တောင်းပန်ချင်သော်လည်း ပါးစပ်ထဲမှ မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။

“ဟေး လူငယ်လေး။ မင်း ဓားတောင်ထွတ်ကိုသွားတဲ့လမ်းကို သိလား”

အဘိုးအိုသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် မတ်တတ်ရပ်လိုက်သည်။

“မသိဘူးလား။ ဟွန့်၊ အခုခေတ် လူငယ်တွေက တော်တော်ရိုင်းစိုင်းတာပဲ။ လူကြီးကို စကားပြန်မပြောဘူး”

အဘိုးအိုက မကျေမနပ်ဖြစ်သွားပြီး သူ၏ခရီးကို ဆက်သွားရင်း လုကို လက်တစ်ဖက်တည်းဖြင့် ဆွဲမလိုက်လေသည်။

…

ဓားတစ်သန်းခန်းမ…

ချင်းယန်ဇီက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ့ရှေ့၌ အဘိုးအိုက လုနှင့်အတူ ရပ်နေလေသည်။

“မင်းလူကို ခေါ်လာပေးပြီ။ မင်းကတိပေးထားတဲ့ အရက်က ဘယ်မှာလဲ”

အဘိုးအိုက သန်းဝေလိုက်ရင်း လုကို အရှေ့သို့ တွန်းပို့လိုက်သည်။

“ချင်းယင်... အလေးအနက်ထားစမ်းပါ။ ချင်ဖုန်းဂိုဏ်းက မင်းကို အခု လိုအပ်နေတယ်”

ဂိုဏ်းတူညီငယ်ဖြစ်သူ၏ အပြုအမူအပေါ် ချင်းယန်ဇီ သိပ်ပြီး သဘောမကျလှချေ။

ကျောက်ချင်းယင်သည် သူ၏ နှာခေါင်းကိုရှုံ့ကာ ကျောကို ကုတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပါပြီ။ အကူအညီလိုတဲ့အခါသာ ပြောလိုက်ပါ။ ကျုပ် အနီးအနားမှာ ရှိနေပါ့မယ်...”

ထို့နောက် သူသည် အမြန်လှည့်ကာ ဓားတစ်သန်းခန်းမထဲမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်သွားလေတော့သည်။

ချင်းယန်ဇီ၏ ဆူပူကြိမ်းမောင်းမှုက သူတို့၏ဆရာဖြစ်သူကို ပြန်လည်သတိရစေပြီး ထိုခံစားချက်များကို သူ ပြန်လည်မခံစားလိုတော့ပေ။

“မင်း... ဒီလူကိုသာ ထားခဲ့လိုက်တော့။ ငါ့နည်းငါ့ဟန်နဲ့ လုပ်စရာရှိတာ လုပ်မယ်”

ချင်းယန်ဇီက ကျောက်ချင်းယင်ကို လက်ညှိုးထိုးလိုက်သော်လည်း စကားသိပ်မဆိုနိုင်တော့ချေ။

ချင်းယင်၏ ကျင့်ကြံခြင်းစွမ်းရည်ဖြင့်ဆိုလျှင် သူ၏ ပေါ့ပေါ့ပါးပါး နေတတ်သော စရိုက်သာမရှိပါက ဂိုဏ်းချုပ်ပင် ဖြစ်နေလောက်ပေပြီ။

ချင်းယန်ဇီက ခေါင်းခါလိုက်ပြီး အလုပ်စလုပ်ရန် ပြင်လိုက်သည်။

သူက လက်ယမ်းပြလိုက်ရာ အရိပ်ထဲမှ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူအချို့ ထွက်ပေါ်လာကြသည်။

သူတို့က လုကို ထူမလိုက်ပြီး သူတို့၏ အလုပ်ကို စတင်ကြလေသည်။

မှတ်ဉာဏ်များ ထုတ်ယူခံနေရစဉ်အတွင်း လု၏ စူးရှသော အော်ဟစ်သံများက ခန်းမတစ်ခုလုံးသို့ ဖုံးလွှမ်းသွားတော့သည်။

ချင်းယန်ဇီသည် သူ့ဘေးရှိ စားပွဲပေါ်မှ ဝေချီစစ်တုရင်ခုံကို ကြည့်လိုက်သည်။

အနက်ရောင်ကျောက်ခဲများအားလုံးက အဖြူရောင်ကျောက်ခဲများကို ဝန်းရံထားပြီး ဖြစ်သည်။

အဖြူရောင်ကျောက်ခဲများအတွက် ရွှေ့စရာအကွက် အနည်းငယ်မျှသာ ကျန်တော့သည်။

အကယ်၍ အဖြူရောင်ကျောက်ခဲများက ကျန်ရှိနေသော အကွက်များကို သေချာမရွှေ့နိုင်ပါက သူတို့အတွက် အသေပိတ်မိသွားတော့မည် ဖြစ်လေသည်။

…

သစ်သားတဲလေးအတွင်း…

လင်းဖန်သည် အပြင်ဘက်၌ သူ၏ ယင်ယန်သံတူသိုင်းကို လေ့ကျင့်နေသည်။

နောက်ထပ် တိုက်ကွက်တစ်ခုကို သင်ယူရန် အချိန်ကျလာလေပြီ။

“ယင်ယန် ကြက်ခြေခတ်ရိုက်ချက်”

လင်းဖန်သည် သိုင်းကျမ်းကို ဖတ်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။

လမ်းညွှန်ချက်များကို ဖတ်ရှုပြီးနောက် ထိုတိုက်ကွက်ကို စမ်းသပ်ကြည့်လိုက်လေသည်။

ပထမဦးစွာ သူ၏ချီစွမ်းအင်များကို သံတူနှစ်လက်လုံးဆီသို့ ဦးတည်စီးဆင်းစေလိုက်သည်။

သံတူတစ်လက်မှာ တောက်လောင်ပူပြင်းလာပြီး အခြားတစ်လက်မှာမူ အလွန်အမင်း အေးစက်လာသည်။

သူက သစ်ပင် ပင်စည်တစ်ခုဆီသို့ လျှောက်သွားကာ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သံတူနှစ်လက်ကို အတွင်းဘက်သို့ လွှဲကာ ပင်စည်ကို ရိုက်ချလိုက်သည်။

သံတူနှစ်လက်မှ အပူနှင့် အအေးဓာတ်တို့ တုံ့ပြန်သွားပြီး ဘုန်းခနဲ မြည်ဟည်းသွားလေသည်။

ထိုအရာက ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသညိ။

သစ်ပင်၏ ပင်စည်မှာ အစအနမကျန်အောင် ကြေမွသွားပြီး သစ်ပင်ကြီးမှာ စတင်လဲကျလာလေတော့သည်။

လင်းဖန်သည် သူ၏ ချီစွမ်းအင်မှာ လျင်မြန်စွာ ကျဆင်းသွားကြောင်း ခံစားလိုက်ရသည်။

သူ၏ ချီစွမ်းအင်များ မကုန်ဆုံးမီ ဤတိုက်ကွက်ကို သုံးကြိမ်အထိ အသုံးပြုနိုင်မည်ဟု သူ တွက်ဆလိုက်သည်။

သူ၏ တိုးတက်မှုကို ကျေနပ်သွားပြီးနောက် နဖူးမှချွေးများကိုသုတ်ကာ ယနေ့အတွက် လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။

အမောဖြေပြီးနောက် သူ၏ အခြေအနေအတွက် အချက်အလက်ပြဇယားကို စိတ်ထဲမှ ခေါ်ယူလိုက်လေသည်။

[လက်ရှိ သားရဲစွမ်းရည် - ၂]

[တောယုန်စွမ်းရည် အဆင့် - ၁]

[ဝံပုလွေစွမ်းရည် အဆင့် - ၁]

[လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့် - ၄ (အဆင့်မြှင့်ရန် ကလဲ့စားချေအမှတ် ၈၀၀ လိုအပ်သည်)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၂၃၀]

သူ၏ စာရင်းဇယားများကို ကြည့်လိုက်ရာ နောက်တစ်ဆင့်သို့ ရောက်ရန်အတွက် လင်းဖန်အနေဖြင့် ကလဲ့စားချေအမှတ် ၅၇၀ လိုအပ်နေသေးကြောင်း တွေ့လိုက်ရသည်။

မိစ္ဆာသားရဲများကို အမဲလိုက်ကာ ကလဲ့စားချေအမှတ်များ ပိုမိုရရှိစေရန်အတွက် သူသည် တောအုပ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရပေတော့မည်။

အပြင်တပည့်အဖြစ် အဆင့်တက်ရန်အတွက်မူ လစဉ်အဆင့်သတ်မှတ်ချက်တွင် ဆက်လက်အနိုင်ရနေရန်သာ လိုအပ်လေသည်။

အောက်ခြေသိမ်းတပည့်များကြားတွင် မည်သူကမျှ သူ့ကို ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ချေ။

ထူးခြားသည့် တစ်စုံတစ်ရာ ဖြစ်မလာခဲ့လျှင်ပေါ့….

All Chapters