← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း (၆၃) - မိုးကြိုးမုန်တိုင်းဂိုဏ်း ရောက်ရှိလာခြင်း

ဓားတစ်သန်းခန်းမ…

တောင်ထွတ်သခင်များသည် ချင်းယန်ဇီ၏ရှေ့တွင် ထိုင်နေကြပြီး မည်သည့်ကိစ္စရပ်ကြောင့် ယခုလိုခေါ်ယူရသနည်းဆိုသည်ကို သိချင်နေကြ၏။

ချင်းယန်ဇီက သူ၏လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားရင်း ပြောလိုက်လေသည်။

“အနောက်ဘက်စစ်မျက်နှာပြင်က စစ်သူကြီးဆီကနေ အရေးပေါ် တာဝန်တစ်ခု ရောက်လာတယ်။ မိစ္ဆာသားရဲအုပ်ကြီးကို ကာကွယ်ဖို့အတွက် အစီအရင်တည်ဆောက်တဲ့နေရာမှာ သူတို့ အကူအညီလိုအပ်နေတာပဲ။ မင်ယဲ့... မင်းရဲ့ စီနီယာတပည့်တွေကိုခေါ်သွားပြီး အမြန်ဆုံး သွားရောက်ကူညီပေးလိုက်ပါ”

ဟန်တန်က ချက်ချင်းဆိုသလိုပင် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ လက်နက်တောင်ထွတ်က လက်နက်တွေကလည်း ဒီကိစ္စမှာ အများကြီး အထောက်အကူပေးနိုင်ပါတယ်။ ဒီတာဝန်ကို ကျောက်မင်ယဲ့ဆီ အပ်လိုက်ဖို့ မသင့်တော်ဘူးလို့ ကျွန်တော် ထင်ပါတယ်”

“မင်းလုပ်ရပ်တွေကို ငါ သည်းခံလာတာ လုံလောက်ပြီကွ”

ကျောက်မင်ယဲ့က မတ်တတ်ရပ်လိုက်ပြီး ဟန်တန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။

ချင်းယန်ဇီက ဝင်ဟန့်လိုက်သည်။

“တော်ကြတော့။ ဒါက အရေးပေါ်ကိစ္စဖြစ်ပြီး အငြင်းပွားနေရမယ့် အချိန်မဟုတ်ဘူး။ ချင်ဖုန်းဂိုဏ်းအနေနဲ့ ချွမ်မင်းဆက်မှာ ထိပ်တန်းဂိုဏ်းအဖြစ် ဆက်လက်ရပ်တည်ချင်တယ်ဆိုရင် ငါတို့ ကူညီမှရမယ်”

ထန်ဖေးကမူ တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏လက်ဖက်ရည်ကိုသာ ဖြည်းညင်းစွာ သောက်သုံးနေချေသည်။

ဟန်တန်တစ်ယောက် ကျောက်မင်ယဲ့နှင့် အခွင့်အရေးလုကာ သူ၏ပုံမှန်စရိုက်အတိုင်း ငြင်းခုံနေသည်ကို မြင်သောအခါ ဤအရေးပေါ်တာဝန်မှာ အစစ်အမှန်ဖြစ်ကြောင်း သူ ယုံကြည်သွားလေသည်။

ဤသည်ကား သူ၏ အခွင့်အရေးပင်။

နောက်တစ်နေ့တွင် သူတို့ ထွက်ခွာကြချိန်၌ ကျောက်မင်ယဲ့နှင့် စီနီယာတပည့်များအားလုံး ချင်ဖုန်းဂိုဏ်းမှ ထွက်ခွာသွားသည်ကို သူ သေချာစွာ စောင့်ကြည့်ခဲ့သည်။

ကျောက်မင်ယဲ့မရှိတော့သဖြင့် ထန်ဖေးအနေဖြင့် သူ၏အစီအစဉ်ကို ယခု အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ပေသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်း တည်းခိုနေသည့် တည်းခိုခန်းထံသို့ ပေးပို့ရန်အတွက် သူက စာတစ်စောင်ကို အလျင်အမြန် ရေးသားလိုက်လေသည်။

…

နောက်တစ်နေ့…

ထင်းခုတ်ခြင်းနှင့် ထင်းစုခြင်းအလုပ်များ ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် ထုံးစံအတိုင်း ထိုထင်းများကို အစေခံတပည့်များနေထိုင်ရာ အဆောင်ဆီသို့ သယ်ဆောင်လာခဲ့သည်။

သူ ထိုနေရာသို့ ရောက်ရှိသွားသောအခါ လူတိုင်းက သူ့အား ကြည့်ရှုနေကြသည့် အကြည့်များမှာ ယခင်နှင့်မတူဘဲ ကွဲပြားနေကြောင်း သတိပြုမိလိုက်သည်။

အချို့က သူ၏အနီးသို့ ချဉ်းကပ်လာကာ နှုတ်ဆက်ကြပြီး စကားစမြည် ပြောဆိုရန် ကြိုးစားလာကြသည်။

လင်းဖန်ကတော့ ပြုံးကာ ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်လေသည်။

‘လေတိုက်ရာ ယိမ်းတတ်တဲ့ ကောင်တွေ’

လင်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။

လစဉ်အဆင့်သတ်မှတ်ချက်ပွဲ အပြီးတွင် လင်းဖန် မည်မျှသန်မာကြောင်းကို သူတို့ သိရှိသွားကြသဖြင့် သူနှင့်ရင်းနှီးလာရန် ကြိုးစားနေကြခြင်းပင်။

မကြာသေးမီအချိန်ကမှ သူ၏ အမည်မသိ ကျင့်ကြံခြင်းအမြုတေနှင့် ပတ်သက်၍ လှောင်ပြောင်ခဲ့ကြသည် မဟုတ်ပါလော။

“လာပါ... ငါ ကူညီပေးပါ့မယ်”

အစေခံတပည့်များထဲမှ စီနီယာဖြစ်သူ မော်နီက လင်းဖန်ကို မြင်သောအခါ အပြင်သို့ထွက်လာကာ ကူညီပေးရန် ကမ်းလှမ်းလိုက်လေသည်။

“ရတယ်လေ... ရော့”

လင်းဖန်က ကျောပေါ်တွင် ထမ်းလာသည့် ဧရာမထင်းပုံကြီးကို ချလိုက်ပြီး သူ၏လက်မောင်းများကို ယမ်းခါကာ ပခုံးများကို အကြောလျှော့လိုက်သည်။

“အား...”

မော်နီက ထင်းပုံကြီးကို ရွှေ့ပြောင်းရန် ကြိုးစားလိုက်သော်လည်း သူ မရွှေ့နိုင်ကြောင်း တွေ့ရှိသွားချေသည်။

ထင်းပုံကြီးမှာ သူ၏အင်အားနှင့် ယှဉ်လျှင် အလွန်လေးလံနေခဲ့သည်။

အခြားသော အစေခံတပည့်များကလည်း လင်းဖန်၏စိတ်ကို ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားကြရင်း ထိုနေရာသို့ အလျင်အမြန် ပြေးလာကာ ကူညီပေးရန် ပြင်လိုက်ကြသည်။

သို့သော် လင်းဖန်ကမူ ဧရာမထင်းပုံကြီးကိုရွှေ့ရန် အစွမ်းကုန် ကြိုးစားနေကြသဖြင့် မျက်နှာများ သွေးရောင်လွှမ်းကာ နီမြန်းနေသော သူတို့အားကြည့်ရင်း လှောင်ပြုံးလေးသာ ပြုံးနေလေတော့သည်။

“လာကြဟေ့... ဗဟိုရင်ပြင်မှာ တစ်ခုခု ဖြစ်နေတယ်”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သဖြင့် လင်းဖန်၏ စိတ်ဝင်စားမှုမှာ မြင့်တက်သွားရသည်။

အစေခံတပည့်များသည် ဗဟိုရင်ပြင်ဘေး၌ စုရုံးကာ အဝေးမှနေ၍ လှမ်းကြည့်လိုက်ကြလေသည်။

ဗဟိုရင်ပြင်ထဲတွင် မိမိတို့ဂိုဏ်း၏ ဝတ်စုံများကို ကိုယ်စီဝတ်ဆင်ထားသည့် လူတစ်ရာခန့်ရှိနေပြီး သူတို့၏ အေးစက်စက် အကြည့်များကြောင့် အတော်လေး ခြောက်ချားစရာ ကောင်းနေချေသည်။

သူတို့သည် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လူများပင်။

အခြားတစ်ဖက်တွင်မူ ချင်ဖုန်းဂိုဏ်းမှ တပည့်အများစုမှာ ချင်းယန်ဇီ၏အနောက်၌ မတ်တတ်ရပ်နေကြသည်။

ထိုလူစု၏ ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ တစ်လှမ်းတက်လာပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်လေသည်။

“ကျွန်တော်တို့ကို လာရောက်လည်ပတ်ခွင့်ပြုပြီး ကောလာဟလတွေကို ရှင်းလင်းခွင့်ပေးတဲ့အတွက် ဂိုဏ်းချုပ်ချင်းယန်ဇီကို ကျေးဇူးတင်ပါတယ်”

ချင်းယန်ဇီက သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဂိုဏ်းချုပ်လော့ချန်... တာအိုရောင်းရင်းတွေအနေနဲ့ ချင်ဖုန်းဂိုဏ်းက တာအိုရောင်းရင်းတွေရဲ့ လာရောက်လည်ပတ်မှုအတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်”

“ခင်ဗျားမှာရှိတဲ့ တပည့်လူငယ်လေးတွေအားလုံးကို ကြည့်ရတာ၊ တပည့်သစ်တွေကြားမှာ ချစ်ကြည်ရေးပြိုင်ပွဲလေးတစ်ခုလောက် မလုပ်ကြဘူးလားဗျာ။ မိုးကြိုးမုန်တိုင်းဂိုဏ်းက ဘာကြောင့် ချင်ဖုန်းဂိုဏ်းရဲ့အောက် ဒုတိယနေရာကနေပဲ ရပ်တည်နေရသလဲဆိုတာကို ကျုပ် အမြဲတမ်း သိချင်နေခဲ့တာ”

လော့ချန်က စကားဆိုလိုက်ပြီးနောက် ထန်ဖေးအား ခိုးကြည့်လိုက်လေသည်။

၎င်းမှာ ထန်ဖေး၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် သူ၏အချက်ပြမှုပင် ဖြစ်ပေသည်။ ထိုပြိုင်ပွဲက ထန်ဖေး၏လူများ လော့ထျန်း၏ ခေါင်းကို ပြန်လည်ယူဆောင်ရန် အချိန်ရသွားစေမည် ဖြစ်သည်။

ထန်ဖေးက ခေတ္တမျှ စဉ်းစားခန်း ဝင်သွားလေသည်။

အကယ်၍ ဤလောင်းကြေးသာ အရာမထင်ခဲ့ပါက သူ၏ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ချေရှိသည်။

ဗဟိုရင်ပြင်တွင် စုရုံးနေကြသော ချင်းယန်ဇီ၊ အခြားသော တောင်ထွတ်သခင်များနှင့် တပည့်များကို ကြည့်လိုက်ရာ ဤကိစ္စကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည့် အခွင့်အရေးကောင်းတစ်ခု ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။

အခြေအနေအရပ်ရပ်မှာ အလွန်ပင် သင့်မြတ်နေလေပြီ။

ယခုမှ မလုပ်လျှင် ဘယ်တော့မှ လုပ်နိုင်မည် မဟုတ်တော့ပေ။

နောက်ဆုံးတွင်တော့ သူ ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထန်ဖေးက သူ၏ နှုတ်ခမ်းမွေးကို သပ်လိုက်သည်။ သူ၏ဘေးမှ သက်တော်စောင့်က အချက်ပြမှုကို နားလည်သွားပြီး လူအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားလေတော့သည်။

“ပြိုင်ပွဲကို ဘယ်လိုပုံစံ ကျင်းပချင်တာလဲ”

ချင်းယန်ဇီက မေးလိုက်သည်။

သူသည် သူ၏လူများကို လှုပ်ရှားကြရန် လျှို့ဝှက်အသံဖြင့် ညွှန်ကြားချက်များပေးရင်း မုတ်ဆိတ်မွေးကို သပ်လိုက်လေသည်။

“လွယ်ပါတယ်။ တောင်ထွတ်တစ်ခုစီက ကိုယ်စားလှယ် နှစ်ယောက်စီ စေလွှတ်ရမယ်”

“သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်ထက် မပိုရဘူး”

“ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်းပဲ၊ သိုင်းယှဉ်ပြိုင်တဲ့အခါမှာ မတော်တဆမှုတွေကတော့ ဖြစ်တတ်တာပဲလေ”

“အကယ်လို့ ခင်ဗျားရဲ့ တပည့်တွေ ကြောက်နေမယ်ဆိုရင်တော့ နောက်ဆုတ်သွားလို့ ရပါတယ်”

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လူများက ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။

“မင်းတို့ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ”

“မင်းတို့ အခု ဘယ်နေရာမှာ ရောက်နေလဲဆိုတာ သတိထားမိရဲ့လား”

“ဂိုဏ်းချုပ်ကြီး၊ သူတို့အားလုံးကို ကျွန်တော် သတ်ပစ်ပါရစေ”

ချင်ဖုန်းဂိုဏ်းမှ တပည့်များမှာ လော့ချန်၏ စကားကြောင့် မကျေမနပ် ဖြစ်သွားကြသည်။

အဝေးမှ အောက်ခြေသိမ်းတပည့်များကလည်း အံကြိတ်ကာ မိုးကြိုးမုန်တိုင်းဂိုဏ်းအား ကျိန်ဆဲလိုက်ကြလေသည်။

လင်းဖန်မှာမူ အခြားသူများ မည်သို့ တိုက်ခိုက်ကြမည်ကို မြင်တွေ့ရမည့် အခွင့်အရေး ရလာသည့်အတွက် ကျေနပ်နေကာ စောင့်ကြည့်နေရုံသာ ဖြစ်ပေသည်။

“တိတ်စမ်း”

ချင်းယန်ဇီက သူတို့၏ ဆူညံငြင်းခုံမှုများကို တားဆီးလိုက်ပြီး လော့ချန်ဘက်သို့ လှည့်လိုက်လေသည်။

“ဒီစိန်ခေါ်မှုကို လက်ခံရတဲ့အတွက် ငါတို့က ဝမ်းသာလှပါတယ်”

ချင်းယန်ဇီက သဘောတူလိုက်ရာ တောင်ထွတ်သခင်များသည်လည်း ပြိုင်ပွဲအတွက် ၎င်းတို့၏ အကောင်းဆုံး တပည့်များကို စတင်ရွေးချယ်ကြလေတော့သည်။

ကျန်းရှီမှလွဲ၍ ကျန်လူတိုင်း ထိုသို့ ပြုလုပ်ကြသည်။

သူမကိုယ်တိုင်က အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေသော်လည်း၊ သူမတွင် အခြားမည်သည့် တပည့်မျှ မရှိချေ။

အခြားသော တောင်ထွတ်သခင်များနှင့် တပည့်များက သူမကိုကြည့်ကာ မည်သူ့ကို ရွေးချယ်မည်နည်းဟု စောင့်ဆိုင်းနေကြလေသည်။

“ကျန်းရှီ၊ မင်းဆီမှာ ရွေးချယ်စရာလူ မရှိရင်လည်း ကိစ္စမရှိပါဘူး။ ငါတို့ ပြိုင်ပွဲတစ်ပွဲကို အရှုံးပေးလိုက်လို့ ရပါတယ်”

ချင်းယန်ဇီက ပြောလိုက်သည်။

“ကျွန်မ...”

ကျန်းရှီက တုံ့ဆိုင်းဆိုင်း ဖြစ်သွားလေသည်။

“ဘာ။ တစ်ပွဲကို အရှုံးပေးလိုက်ရမယ်”

“ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်က နောက်တစ်ခါ ထပ်ပြီးတော့...”

“ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကို တခြားတောင်ထွတ်တွေနဲ့ ပေါင်းပစ်ဖို့ အချိန်တန်နေပြီ ထင်တယ်”

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ကြောင့် ချင်ဖုန်းဂိုဏ်း၏ အဆင့်အတန်း ကျဆင်းနေရကြောင်း ဆူညံစွာ ပြောဆိုနေကြသော တပည့်များအားလုံးကို ကျန်းရှီက စိုက်ကြည့်လိုက်လေသည်။

“ဂိုဏ်းချုပ်ကြီး၊ ကျွန်မကို ကူညီပေးမယ့်သူ တစ်ယောက် ရှိပါတယ်။ ဒီကိစ္စကို အရင်ကတည်းက ဂိုဏ်းချုပ်ကြီး သဘောတူထားပြီးသားပါ”

ကျန်းရှီက ပြောလိုက်သည်။

ချင်းယန်ဇီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မှတ်မိသွားချိန်တွင် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“အင်း... ဟုတ်တယ်၊ ငါ ကတိပေးထားခဲ့တာပဲ”

ထို့နောက် ကျန်းရှီက ရှေ့သို့ထွက်လာပြီး ဓားပုံစံ ဆွဲပြားကို ကိုင်ထားသော သူမ၏လက်ကို မြှောက်ပြလိုက်လေတော့သည်။

All Chapters