အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) - ဝံပုလွေသခင်လေးနှင့် ယုန်မိန်းကလေး
ကျန်းရှီ လုပ်နေသည့်အရာကို လူတိုင်းက နားမလည်နိုင်စွာဖြင့် ကြည့်နေကြလေသည်။
သူမသည် လက်ထဲရှိ ဓားဆွဲပြားလေးဖြင့် မည်သူ့ကို ဆင့်ခေါ်နေသနည်း။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်တွင် သူတို့ မသိထားသော လျှို့ဝှက်တပည့်တစ်ဦး ရှိနေသလော။
မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များပင်လျှင် သိချင်စိတ် ပြင်းပြနေကြသည်။
ဤမိန်းမငယ်လေးသည် အဆုံးအဖြတ်ပေးမည့် လျှို့ဝှက်လက်နက် တစ်ခုခုကို ဆင့်ခေါ်နေခြင်းသာ ဖြစ်ရပေမည်။
သို့သော် လင်းဖန်မှလွဲ၍ လူတိုင်း ထိုသို့တွေးနေကြခြင်း ဖြစ်သည်။
ကျန်းရှီက ဤကဲ့သို့သော နည်းလမ်းဖြင့် သူ့အကူအညီကို တောင်းခံလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့ရာတွင် ကတိသည် ကတိပင်ဖြစ်ပြီး သူသည် ကိုယ်ပြောသည့်စကားကို အမြဲတမ်း တန်ဖိုးထားလေ့ ရှိသည်။
“လင်းဖန်၊ မင်း ဘယ်သွားမလို့လဲ”
လင်းဖန် ဗဟိုရင်ပြင်ဘက်သို့ လျှောက်သွားနေသည်ကို မြင်သောအခါ အခြားသော အောက်ခြေသိမ်းတပည့်များက မေးလိုက်ကြသည်။
လင်းဖန်က သူတို့ကို ဂရုမစိုက်တော့ဘဲ သူသွားမည့်လမ်းကိုသာ ဆက်လျှောက်သွားလေသည်။
“ဒါ ဘယ်သူလဲ”
“ဒါ လျှို့ဝှက်တပည့်လား”
တပည့်အများစုမှာ လင်းဖန်ကို မမှတ်မိကြဘဲ ထိုသူ ဟုတ်မဟုတ် တွေးတောနေကြသည်။
သို့သော် လင်းဖန် ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံကို မြင်လိုက်ရပြီးနောက်တွင်မူ ထိုသို့ မတွေးကြတော့ချေ။
“သူ မဖြစ်နိုင်ဘူး။ သူက အောက်ခြေသိမ်းတပည့်ပဲလေ”
“ရင်ပြင်ကို တံမြက်လှည်းဖို့ လာကူတာ ဖြစ်ရမယ်”
“ဟားဟား၊ သူတို့က အဲဒီအတွက်လောက်ပဲ အသုံးကျတာလေ”
လင်းဖန် ဘာလုပ်မည်ကို သိရှိရန် သူတို့ ဆက်လက်စောင့်ကြည့်နေလိုက်ကြသည်။
ယခုအချိန်တွင် လင်းဖန်သည် ကျန်းရှီ၏ အရှေ့၌ ရပ်နေပြီဖြစ်ကာ သူ၏ ပုဆိန်ပုံစံ ကျောက်စိမ်းဆွဲပြားကို ထုတ်ယူလိုက်လေသည်။
လင်းဖန်က ပြောလိုက်သည်။
“ဒီတော့ မင်းက ယုန်မိန်းကလေးရဲ့ သူငယ်ချင်းပေါ့လေ”
ကျန်းရှီက ပြုံးလိုက်ကာ ပြန်ဖြေလေသည်။
“ဟုတ်ပါတယ်။ ဝံပုလွေသခင်လေးရဲ့ သူငယ်ချင်းပါ”
ထို့နောက် သူမသည် ချင်းယန်ဇီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒါက ကျွန်မ ရွေးချယ်တဲ့သူပါ။ ချီစုစည်းမှုအဆင့် ဖြစ်ပါတယ်”
ထိုစကားကို ကြားသောအခါ ချင်ဖုန်းဂိုဏ်းမှ တပည့်များမှာ သူတို့နားကိုသူတို့ပင် မယုံနိုင်အောင် ဖြစ်သွားကြလေသည်။
ထိုအောက်ခြေသိမ်းတပည့်မှာ တကယ်ပဲ သူမရွေးချယ်လိုက်သူတဲ့လား။
အခြားသူများက သူတို့ကို မည်သို့ ထင်မြင်သွားကြမည်နည်း။
ချင်ဖုန်းဂိုဏ်းတွင် ထိုက်တန်သည့်တပည့်များပင် မရှိတော့ဘဲ အောက်ခြေသိမ်းတပည့်များထံမှ အကူအညီတောင်းခံရသည့် အခြေအနေအထိ ရောက်နေပြီလား။
သူတို့သည် ချင်းယန်ဇီထံသို့ ကန့်ကွက်ချင်ခဲ့ကြသော်လည်း မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များအားလုံး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရယ်မောနေကြသည်ကို တွေ့လိုက်ရချိန်တွင် ရပ်တန့်သွားကြသည်။
“ဟားဟားဟား၊ ငါတော့ မယုံနိုင်ဘူး။ ဒါက ချွမ်မင်းဆက်ရဲ့ အတော်ဆုံး ဂိုဏ်းကြီးတဲ့လား”
“အောက်ခြေသိမ်းတပည့်ဆီက အကူအညီတောင်းရလောက်တဲ့အထိ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”
“ဖူး... မပူပါနဲ့။ ငါသာ သူနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် အဲဒီအောက်ခြေသိမ်းတပည့်ကို သတ်မှာမဟုတ်ပါဘူး”
ချင်ဖုန်းဂိုဏ်းမှ တပည့်များမှာ အံကြိတ်ထားကြပြီး မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များကိုသာ စိုက်ကြည့်နေလိုက်ကြသည်။
သို့သော်ငြား ဓားတောင်ထွတ်မှ အတွင်းစည်းတပည့်အချို့ကမူ အခြားတစ်မျိုး တွေးနေကြလေသည်။
လစဉ်အဆင့်သတ်မှတ်ချက်တွင် ဟိုမင်အနိုင်ရရန် လင်းဖန် မည်သို့ ကူညီပေးခဲ့ပုံနှင့် ပြိုင်ဘက်ကို တစ်ကွက်တည်းဖြင့် မည်သို့ အဆုံးသတ်နိုင်ခဲ့ပုံကို သူတို့ကိုယ်တိုင် တွေ့မြင်ထားခဲ့ကြဖူးလေသည်။
ထိုအချက်ကို စိတ်ထဲ၌မှတ်ထားကာ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များကို သူတို့က ပြန်လည်ပက်ချလိုက်သည်။
“မင်းတို့က ငါတို့ဂိုဏ်းက အောက်ခြေသိမ်းတပည့်တွေနဲ့ပဲ တိုက်ခိုက်ဖို့ ထိုက်တန်တယ်လို့ ထင်လို့လေ၊ အဲဒါကြောင့်ပဲ”
“ဟုတ်တယ်။ မင်းတို့သာ အောက်ခြေသိမ်းတပည့်ကို ရှုံးသွားရင် ပိုပြီးတော့ အရှက်ကွဲရလိမ့်မယ်”
“ငါတို့ လောင်းကြေးထပ်လို့ ရနိုင်မယ် ထင်တယ်”
လောင်းကြေးထပ်မည်ဆိုသော စကားကို ကြားလိုက်ရချိန်တွင် လင်းဖန်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားလေတော့သည်။
…
ထိုအချိန်တွင် ဗဟိုရင်ပြင်နှင့် အလှမ်းဝေးလှသော ဝင်္ကပါတောင်ထွတ်၌...
အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူငါးဆယ်ခန့်သည် တောင်ထွတ်ပေါ်သို့ သက်ဆင်းလာကြလေတော့သည်။
အုပ်စုခေါင်းဆောင်ဖြစ်သူက တီးတိုးပြောလိုက်သည်။
“ဝင်္ကပါတောင်ထွတ်သခင်နဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေအားလုံး အပြင်ထွက်သွားကြပြီ”
“ကျန်တဲ့သူတွေအားလုံးကလည်း အခု ဗဟိုရင်ပြင်မှာပဲ အာရုံစိုက်နေကြတယ်”
“ဒါကြောင့် အခုက ငါတို့အတွက် အခွင့်အရေးပဲ”
“မှတ်ထားကြ၊ ဘာပဲဖြစ်ဖြစ် ငါတို့ အောင်မြင်အောင် လုပ်ရမယ်။ ငါတို့ရဲ့ မိသားစုတွေကို သေချာစောင့်ရှောက်ပေးလိမ့်မယ်၊ ဒါကြောင့် ဘာမှကြောက်မနေကြနဲ့”
အခြားလူများအားလုံးက ခေါင်းညိတ်လိုက်ကြပြီး သူတို့တာဝန်ပေးခံထားရသည့်အတိုင်း လုပ်ဆောင်ရန် ထွက်ခွာသွားကြလေသည်။
“အဲဒီမှာ ရပ်လိုက်စမ်း”
အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက် သူ့ထံ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ အဝင်ဝရှိ ကင်းစောင့်တပည့်တစ်ဦးက အော်ဟစ်လိုက်သည်။
သူသည် ဓားကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း မြန်ဆန်မှုမရှိခဲ့သဖြင့် အနီးဆုံးရှိ အနက်ရောင်ဝတ်စုံဝတ်လူ၏ ဓားဖြင့် ထိုးသွင်းခြင်းကို ခံလိုက်ရသည်။
အခြားကင်းစောင့်တပည့်တစ်ဦးမှာမူ အမြန်လှည့်ကာ အကူအညီတောင်းရန် ကင်းတဲထဲသို့ ပြေးဝင်သွားလေသည်။
အတွင်းရှိလူများမှာ ကမန်းကတန်းထကာ လက်နက်များကိုယူ၍ အနက်ရောင်ဝတ်စုံဝတ်လူများကို တားဆီးရန် ထွက်လာခဲ့ကြသည်။
သို့သော် သူတို့ ကင်းတဲထဲမှ မထွက်နိုင်မီပင် အနောက်ဘက်ဆုံး၌ ရပ်နေသော ကင်းစောင့်က သူတို့ကို နောက်ကျောမှနေ၍ ဓားဖြင့် ထိုးချလိုက်ချေသည်။
ထို့နောက် ထိုကင်းစောင့်က အနက်ရောင်ဝတ်စုံဝတ်လူများကို ခေါင်းညိတ်ပြကာ အထဲသို့ဝင်ရန် အချက်ပြလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူများ တောင်ထွတ်၏ ခန်းမဆီသို့ ပြေးသွားကြပြီးနောက် ထိုကင်းစောင့်သည် သက်ပြင်းချလိုက်ပြီး သူ၏လက်ဝါးကို အသုံးပြုကာ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်ချလိုက်လေသည်။
ထို့နောက် သူ၏ခေါင်းမှာ ပေါက်ကွဲထွက်သွားပေတော့သည်။
ဤသည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ သူ၏မှတ်ဉာဏ်ကို ထုတ်ယူခွင့်မရစေရန် ပြုလုပ်လိုက်ခြင်းပင်။
အနက်ရောင်ဝတ်စုံဝတ်လူများမှာ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြပြီး တစ်ဖွဲ့မှာ တပည့်များ၏ နေထိုင်ရာအဆောင်များဆီသို့ ပြေးသွားကြသည်။
အခြားတစ်ဖွဲ့ကမူ လော့ထျန်း၏ ခေါင်းကို သိမ်းဆည်းထားရာ ဝင်္ကပါအခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားကြလေသည်ာ
ထိုလူများ နေထိုင်ရာအဆောင်များထဲသို့ ဝင်ရောက်သွားချိန်တွင် ဝင်္ကပါတောင်ထွတ်မှ တပည့်များက စောင့်ဆိုင်းနေကြသည်။
သူတို့သည် လက်ထဲတွင် ဓားများကို ကိုင်ဆောင်ကာ ထိုနေရာ၌ စောင့်ကြိုနေကြခြင်း ဖြစ်ပေသည်။
ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း အနက်ရောင်ဝတ်စုံဝတ်လူများ သိလိုက်ရချိန်တွင်မူ နောက်ဆုတ်ရန် နောက်ကျသွားခဲ့ချေပြီ။
“သေလိုက်ကြစမ်း။ မင်းတို့အားလုံးက သစ္စာဖောက်တွေပဲ”
ဝင်္ကပါတောင်ထွတ်မှ တပည့်များက အော်ဟစ်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်လူများဆီသို့ ပြေးဝင်တိုက်ခိုက်ကြလေသည်။
သွေးများ၊ လက်ချောင်းများနှင့် ခြေလက်အင်္ဂါများမှာ နေရာအနှံ့ လွင့်စဉ်ထွက်ကျသွားသည်။
အနက်ရောင်ဝတ်စုံဝတ်လူများမှာ သေခါနီးအချိန်တွင် သူတို့၏ခေါင်းများကိုသာ ကြေမွသွားသည်အထိ ထုရိုက်ချေမွပစ်ရန် ရွေးချယ်ခဲ့ကြသည်။
ထိုအချိန် ဝင်္ကပါအခန်းထဲတွင်မူ...
အနက်ရောင်ဝတ်စုံဝတ်လူများ အခန်းထဲသို့ ဝင်ရောက်လာကြသော်လည်း လော့ထျန်း၏ ခေါင်းကို မတွေ့ခဲ့ရပေ။
သူတို့ မြင်တွေ့လိုက်ရသည်မှာ ဝိုင်ဘူးထဲမှ ဝိုင်ကိုသောက်ရင်း သူတို့ကို စောင့်ဆိုင်းနေသည့် အဘိုးအိုတစ်ဦးကိုသာ ဖြစ်လေသည်။
အနက်ရောင်ဝတ်စုံဝတ်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားကြသည်။
သူတို့အတွက် နောက်ဆုံးရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်။
“သေစမ်း၊ အရူးအဘိုးကြီး”
သူတို့က ကျောက်ချင်းယင်ဆီသို့ ပြေးဝင်သွားကြလေသည်။
ကျောက်ချင်းယင်က သူ၏လက်ရှိ လက်ညှိုးနှင့် လက်ခလယ်ကို ဓားတစ်လက်ပုံစံ ဖြောင့်တန်းစွာစုလိုက်ပြီး ရှေ့သို့ ထိုးသွင်းလိုက်သည်။
ထွက်ပေါ်လာသော လေပွေဓားသိုင်းသည် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ပင် အချို့သောလူများကို စုပ်ယူသွားပြီး ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် သူတို့၏ခန္ဓာကိုယ်များမှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရလေသည်။
ထို့နောက် သူက လက်ချောင်းများကို အလျားလိုက် ခုတ်ပိုင်းလိုက်ရာ ဖြတ်တောက်ခြင်းလှိုင်းတစ်ခုက အခန်းထဲသို့ ဖြတ်သန်းသွားသည်။
ထိုဖြတ်တောက်ခြင်းလှိုင်းနှင့် ထိတွေ့မိချိန်တွင် ကျန်ရစ်နေသော လူများ၏ ခန္ဓာကိုယ်များမှာ နှစ်ပိုင်းပြတ်သွားချေတော့သည်။
ဖုန်း…
လူများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံများက လေထုထဲတွင် ပြည့်နှံ့သွားသည်။
မကြာမီတွင် မည်သူတစ်ဦးတစ်ယောက်မျှ မတ်တတ်ရပ်နေနိုင်ခြင်း မရှိတော့ပေ။
အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်မှာ သူတို့ ကျရှုံးသွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားကို အသုံးပြု၍ နှစ်ပိုင်းချိုးပစ်လိုက်လေသည်။
ဖောက်…
အနက်ရောင်ဝတ်စုံဝတ်လူများ၏ ခေါင်းများနှင့် ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားပြီး နေရာအနှံ့သို့ သွေးများ ပေကျံလွင့်စဉ်သွားတော့သည်။
“ကျစ်... တစ်ခဏလောက် နောက်ကျသွားတာပဲ”
ကျောက်မင်ယဲ့က အခန်းထဲသို့ ဝင်လာရင်း ရေရွတ်လိုက်သည်။
ယခုအခါ သူတို့တွင် ထန်ဖေးကို အပြစ်ပေးရန် ခိုင်လုံသော သက်သေအထောက်အထား မရှိတော့ပေ။
သူတို့၏ ဦးနှောက်များ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားချိန်တွင် ကျောက်မင်ယဲ့အနေဖြင့် ဝင်္ကပါကို အသုံးပြု၍ သူတို့၏ မှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်ရန် နည်းလမ်းမရှိတော့ချေ။
သို့တိုင်အောင် သူတို့သည် တိုက်ပွဲ၏ တစ်ဝက်ကို အနိုင်ရရှိခဲ့ပြီး ဖြစ်ပေသည်။