← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) - ပြိုင်ပွဲစတင်ခြင်း

ချင်ဖုန်းဂိုဏ်း၏ ဗဟိုရင်ပြင်၌…

အတွင်းစည်းတပည့်များက လောင်းကြေးထပ်မည့်အကြောင်း ပြောဆိုပြီးနောက် တစ်စုံတစ်ယောက်က စတင်၍ စီစဉ်ဆောင်ရွက်လာလေသည်။

“အောက်ခြေသိမ်းတပည့် ရှုံးမယ်ဆိုတဲ့ဘက်က လောင်းတယ်”

“မင်းတို့ကောင်တွေ သစ္စာဖောက်ပဲ။ ငါကတော့ သူ့လောင်းကြေးကို နှစ်ဆတင်ပြီး အောက်ခြေသိမ်းတပည့် နိုင်မယ်ဆိုတဲ့ဘက်က လောင်းမယ်”

“ငါတို့လည်း ပါချင်တယ်”

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များသည်လည်း အနိုင်ရမည့် အခွင့်အရေးကို လက်မလွှတ်ချင်သဖြင့် သူတို့၏ငွေများဖြင့် ဝင်ရောက်ပါဝင်လာကြသည်။

အတွင်းစည်းတပည့် အနည်းငယ်သာလျှင် လင်းဖန်အပေါ် ယုံကြည်မှုထားကာ လောင်းကြေးထပ်ရဲကြသည်။

လူအများစုမှာ လင်းဖန် ရှုံးနိမ့်မည့်ဘက်၌သာ လောင်းကြေးထပ်နေကြခြင်းပင်။

ဤအရာက လောင်းကြေးအချိုးအစားကို အလွန်အမင်း ကွာဟသွားစေလေသည်။

မကြာမီမှာပင် လင်းဖန် နိုင်မည့်ဘက်မှ လောင်းသူများအတွက် ဆုကြေးမှာ အဆငါးဆယ်အထိ ဖြစ်သွားချေပြီ။

လင်းဖန်က နှစ်ခါမတွေးတော့ဘဲ သူ၏ ကျန်ရှိနေသော စွမ်းဆောင်ရည်အမှတ် ဆယ်မှတ်စလုံးကို သူနိုင်မည့်ဘက်၌ပင် လောင်းကြေးထပ်လိုက်သည်။

“စွမ်းဆောင်ရည်အမှတ် ငါးဆယ်၊ လင်းဖန်နိုင်တဲ့ဘက်က လောင်းတယ်”

အခြေအနေအရပ်ရပ်မှာ လင်းဖန်အတွက် ဆိုးရွားနေသည်ကို မြင်သောအခါ ဟိုမင်ကလည်း ဝင်လာပြီး သူ၏ စွမ်းဆောင်ရည်အမှတ် ငါးဆယ်ဖြင့် လင်းဖန်ဘက်မှ လောင်းကြေးထပ်လိုက်လေသည်။

ဤသည်မှာ လင်းဖန်အား ထောက်ခံအားပေးကြောင်း ပြသရန် သူလုပ်နိုင်သည့် အနိမ့်ဆုံးအရာပင် ဖြစ်ပေသည်။

လင်းဖန်က ပြုံးလိုက်ပြီး သူ၏အားပေးမှုကို အသိအမှတ်ပြုကြောင်း ဟိုမင်အား ခေါင်းညိတ်ပြလိုက်သည်။

‘မင်း သေချာပေါက် နောင်တရမှာ မဟုတ်ပါဘူးကွာ’

လင်းဖန်က တိတ်ဆိတ်စွာပင် တွေးလိုက်လေသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များမှာ လင်းဖန် သူ့ကိုယ်သူ လောင်းကြေးထပ်နေသည်ကို မြင်သောအခါ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

ဒီအောက်ခြေသိမ်းတပည့်က တကယ့်ကို အသိဉာဏ်မဲ့လွန်းလှပေသည်။

ကျင့်ကြံသူဆိုတာ ဘာလဲဆိုသည်ကို သူ့အား နောက်မှ ပြသပေးရပေမည်။

“လူငယ်တွေကတော့ တကယ့်ကို တက်ကြွလှချည်းလား။”

ချင်းယန်ဇီက လှုပ်ရှားနေမှု အားလုံးကို ကြည့်ကာ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။

သူက တပည့်ငယ်များ အားလုံး၏ တက်ကြွလန်းဆန်းမှုကို ကျေနပ်အားရစွာ ကြည့်နေလေသည်။

“ပြိုင်ပွဲအတွက် နေရာပြင်ဆင်လိုက်ကြ။ ကဲ... ပိုကောင်းတဲ့ မြင်ကွင်းရမယ့် နေရာတစ်နေရာကို သွားကြရအောင်။ ဧည့်သည်တော်တွေကို တစ်နေကုန် ဒီမှာ ရပ်ခိုင်းထားလို့ မဖြစ်သေးပါဘူး”

ချင်းယန်ဇီက ညွှန်ကြားလိုက်ရာ တပည့်များလည်း အလုပ်စတင်ကြတော့သည်။

“ရှေ့ဆက်လာမယ့် ပြိုင်ပွဲအတွက် ကျုပ်တို့လည်း သေချာပေါက် မစောင့်နိုင်တော့ဘူး”

မိုးကြိုးမုန်တိုင်းဂိုဏ်းချုပ် လော့ချန်က ပြောလိုက်ပြီး ထန်ဖေးထံသို့ အကဲခတ်သည့် အကြည့်ဖြင့် ခိုးကြည့်လိုက်လေသည်။

သူသည် အစီအစဉ် ပြီးမြောက်သွားပြီဖြစ်ကြောင်း ထန်ဖေး၏ အချက်ပြမှုကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခြင်းပင်။

သူ့ကို စိတ်ပျက်စေသည်မှာ ထန်ဖေးက သူ၏အကြည့်ကို ရှောင်လွှဲသွားပြီး တိတ်ဆိတ်စွာ နေနေခြင်းပင် ဖြစ်သည်။

လော့ချန် မျက်မှောင်ကြုတ်သွားပြီး ထန်ဖေး၏ အစီအစဉ်အပေါ် အခြားတစ်မျိုး စတင်တွေးတောလာချေပြီ။

မကြာမီတွင် ဗဟိုရင်ပြင်၌ ဝင်္ကပါအစီအရင်တစ်ခုကို တပ်ဆင်လိုက်ပြီး ယှဉ်ပြိုင်မည့်နယ်မြေ၏ နယ်နိမိတ်ကို သတ်မှတ်ကာ ပျက်စီးမှုအားလုံးကို ထိုနယ်နိမိတ်အတွင်း၌သာ ရှိနေစေရန် ထိန်းချုပ်ထားလေသည်။

ချင်းယန်ဇီသည် တောင်ထွတ်သခင်များနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများကို ခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

ထိုနေရာမှာ လင်းဖန်နှင့် အခြားတပည့်သစ်များ ကျင့်ကြံခြင်းအမြုတေများကို စစ်ဆေးခဲ့သည့် ခန်းမပင် ဖြစ်ပေသည်။

ထို့နောက် ယှဉ်ပြိုင်မည့်နယ်မြေကို တိုက်ရိုက်မြင်တွေ့နိုင်သော အပေါ်ထပ်ဆီသို့ သူတို့ကို ခေါ်ဆောင်သွားကြသည်။

သူတို့ နေရာယူပြီးနောက် တပည့်များက ဧည့်သည်များအတွက် လက်ဖက်ရည်နှင့် သရေစာများကို အလျင်အမြန် ချပေးကြလေသည်။

ချင်းယန်ဇီသည် လက်ဖက်ရည်ပန်းကန်လုံးကို လက်တွင်ကိုင်လျက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“ဒီမှာ... အရက်အစား လက်ဖက်ရည်နဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းကို ဂုဏ်ပြုပါတယ်”

လော့ချန်က လက်ခံလိုက်ပြီး ခေါင်းကိုမော့ကာ လက်ဖက်ရည်ကို တစ်ကျိုက်တည်းနှင့် သောက်ချလိုက်သည်။

မျက်နှာကြက်ပေါ်တွင် ချုံခိုတိုက်ခိုက်မည့်သူ ရှိမရှိ အကဲခတ်ကြည့်ရန် ဤအခွင့်အရေးကို အသုံးချလိုက်ခြင်းပင်။

“ယဉ်ကျေးနေတာတွေ တော်လောက်ပြီ။ စကြရအောင်”

လော့ချန်သည် ထိုင်ချလိုက်ပြီး လက်ဖက်ရည်ပန်းကန်လုံးကို စားပွဲပေါ်သို့ ဆောင့်ချကာ စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

“ကောင်းပြီလေ၊ ဒါဆိုရင်လည်း စလိုက်ကြတာပေါ့။ ခင်ဗျား မလောဘူးလို့ ကျုပ်ထင်ထားတာ”

ချင်းယန်ဇီက ပြောလိုက်ပြီးနောက် ထန်ဖေးထံသို့ အကြည့်လွှဲလိုက်သည်။

“ဒီနေ့ ခင်ဗျား ထူးထူးခြားခြား တိတ်ဆိတ်နေပါလား”

ထန်ဖေးမှာ လက်ဖက်ရည်ပန်းကန်လုံး ကိုင်ထားသော သူ၏လက်ကို ငြိမ်သက်အောင် ထိန်းလိုက်ပြီးနောက် ပြောလိုက်လေသည်။

“ကျုပ်က ဆေးတောင်ထွတ်က ကျုပ်တပည့်ရဲ့ စွမ်းဆောင်ရည်အပေါ် အာရုံစိုက်နေလို့ပါ”

ချင်းယန်ဇီက သဘောတကျဖြင့် ခေါင်းညိတ်လိုက်ကာ ပြန်ပြောလိုက်သည်။

“ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ချင်ဖုန်းဂိုဏ်းက ဒီလောက် ကြိုးစားပမ်းစားရှိတဲ့ တပည့်တွေ ရထားတာ ဂုဏ်ယူစရာပဲ”

အရာအားလုံး အဆင်သင့်ဖြစ်သွားချိန်တွင် ပထမဆုံးပွဲစဉ်ကို ချက်ချင်းပင် စတင်လိုက်လေတော့သည်။

၎င်းမှာ အစီအရင်ကျင့်ကြံသူများကြား ယှဉ်ပြိုင်ရသော ပွဲစဉ်တစ်ခု ဖြစ်ပေသည်။

ချင်ဖုန်းဂိုဏ်းက အနည်းငယ်အသာစီးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ကိုယ့်နယ်မြေဖြစ်သည့် အားသာချက်ကြောင့် အစီအရင်တပည့်မှာ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များနှင့် အလိုက်ဖက်ဆုံး အကောင်းဆုံး အစီအရင်ကို ရွေးချယ်အသုံးပြုနိုင်ခဲ့ခြင်းပင်။

နောက်တစ်ပွဲမှာမူ မှော်လက်နက်ကျင့်ကြံသူများ အလှည့်ဖြစ်လေသည်။

မဲနှိုက်ရွေးချယ်မှုအရ ကောက်ကွေးနေသော ဓားကောက်တစ်လက်ကို သွန်းလုပ်ရမည်ဖြစ်ရာ၊ ၎င်းမှာ ချင်ဖုန်းဂိုဏ်းမှ မှော်လက်နက်ကျင့်ကြံသူများ သိပ်အကျွမ်းတဝင်မရှိလှသော အရာတစ်ခု ဖြစ်နေချေသည်။

ဂိုဏ်းအတွင်း ဓားတောင်ထွတ်က လွှမ်းမိုးထားမှုကြောင့် သူတို့သည် ဓားဖြောင့်များ သွန်းလုပ်ခြင်းကိုသာ အဓိက အာရုံစိုက်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုအချီတွင်တော့ မိုးကြိုးမုန်တိုင်းဂိုဏ်းက အနိုင်ရရှိသွားခဲ့ပေသည်။

ဆေးမီးဖိုအား ယှဉ်ပြိုင်မည့်ကွင်းပြင်ဆီသို့ သယ်ဆောင်လာချိန်တွင်…

ချင်ဖုန်းဂိုဏ်းမှ တပည့်များမှာ မကောင်းသော ခံစားချက်တစ်ခုကို ရရှိသွားကြလေသည်။

သူတို့၏ ဆေးမီးဖိုမှာ အခြေခံအဆင့်သာ ဖြစ်ပြီး ပြိုင်ဘက်များ ယူဆောင်လာသော ဆေးမီးဖိုမှာမူ အထူးမှော်လက်နက်တစ်ခု ဖြစ်နေလေသည်။

ဆေးမီးဖို မီးလောင်ကျွမ်းချိန်တွင် ၎င်းပေါ်ရှိ မန္တန်စာသားများက တောက်ပလာပြီး ဖော်စပ်ရရှိလာသော ဆေးလုံးများမှာ အဆင့်များစွာ ပိုမိုမြင့်မားနေခဲ့ပေသည်။

ယခုအချိန်တွင် ချင်ဖုန်းဂိုဏ်းက တစ်ပွဲနိုင်ထားပြီး မိုးကြိုးမုန်တိုင်းဂိုဏ်းက နှစ်ပွဲ အနိုင်ရရှိထားပြီ ဖြစ်သည်။

သူတို့အနေဖြင့် ကျန်ရှိနေသော ပွဲစဉ်နှစ်ပွဲလုံးကို အနိုင်ရရန် လိုအပ်နေချေပြီ။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များမှာ ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစ ပြုလာကြလေသည်။

ချင်ဖုန်းဂိုဏ်းမှ တပည့်များကမူ နှုတ်ခမ်းကိုကိုက်ကာ တိတ်တဆိတ်သာ နေနေကြရသည်။

သို့သော်လည်း ခန်းမအတွင်း၌မူ ခြောက်ချားဖွယ်ကောင်းလောက်အောင် ငြိမ်းချမ်းတိတ်ဆိတ်နေပေသည်။

သူတို့သည် ပွဲစဉ်များကို ကြည့်ရှုရင်း လက်ဖက်ရည်ကို တစ်ငုံချင်း သောက်သုံးနေကြသည်။

ချင်းယန်ဇီ၊ ထန်ဖေးနှင့် လော့ချန်တို့အတွက် တကယ့်စစ်မြေပြင်မှာ ဗဟိုကွင်းပြင်၌ ရှိမနေခဲ့ခြင်းပင်။

ထို့နောက်တွင်မူ ဓားတောင်ထွတ်၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

ကျင့်ကြံခြင်းအမြုတေ နှစ်ခု ပိုင်ဆိုင်ထားပြီး လစဉ်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးမှရပ်တည်နေသော ဟိုမင်မှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူများထဲမှ တစ်ဦးဖြစ်ပေသည်။

အခြားသော ဂိုဏ်းတူအစ်ကို တစ်ဦးဖြစ်သည့် ခိုနှင့်အတူ သူတို့သည် ပွဲစဉ်အတွက် အသင့်ပြင်လိုက်ကြလေသည်။

“ဟိုမင်၊ ငါတို့ လေ့ကျင့်တုန်းက အခြေအနေတွေကို သေချာမှတ်ထားပေးပါ”

လင်းဖန်က ဟိုမင်၏ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

ထိုသို့ပြောခြင်းက သူ့ကို သတိပေးကာ စိတ်ချစေရန် ပြုလုပ်ပေးလိုက်ခြင်းပင်။

ဟိုမင်၏ ပြိုင်ဘက်များက ယှဉ်ပြိုင်မည့်ကွင်းပြင်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူတို့၏ ဓားကောက်များကို ကိုင်ဆောင်ထားကြသည်။

သူတို့သည် တောင့်တင်းခိုင်မာသော လူထွားကြီးနှစ်ဦးဖြစ်ကာ၊ ဟိုမင် ဝင်ရောက်လာချိန်တွင် မြေပြင်ပေါ်သို့ တံတွေးထွေးပြီး သူ့ကို လှောင်ပြောင်လိုက်ကြလေသည်။

ဟိုမင်၏ပုံစံမှာ စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာတတ်သည့် စာအုပ်ကြီးသမား တပည့်တစ်ဦးနှင့် တူနေပေသည်။

ဤသို့သော တပည့်မျိုးကို သူတို့ အများအပြား မြင်တွေ့ခဲ့ဖူးလေပြီ။

‘ငါတို့အတွက်တော့ ဒါက အရမ်လွယ်တဲ့ ကိစ္စလေးတစ်ခုပဲ’

သူတို့က တိတ်တဆိတ် တွေးလိုက်ကြသည်။

“သုံးအထိ ရေတွက်မယ်။ တစ်... နှစ်... သုံး... စလိုက်တော့”

ဒိုင်လူကြီးက အော်ဟစ်လိုက်လေသည်။

လူထွားကြီးနှစ်ဦးမှာ ခွဲထွက်သွားကြပြီး၊ သူတို့ထဲမှ တစ်ဦးက ဟိုမင်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လာသည်။

ဟိုမင်က သူ၏ ညာဘက်လက်ဖြင့် ထိုလူ့ထံသို့ လေပွေဓားသိုင်းကို အသုံးပြုကာ ထိုးနှက်လိုက်လေသည်။

ထိုလူက ကြိုတင်ခန့်မှန်းထားသည့်အလား မဲ့ပြုံးတစ်ချက် ပြုံးကာ ထိုတိုက်ကွက်ကို ဘယ်ဘက်သို့ ရှောင်တိမ်းသွားခဲ့သည်။

သို့သော်လည်း ဟိုမင်က ဘယ်ဘက်လက်ကို အသုံးပြုကာ မြွေကဲ့သို့ရွေ့လျားခြင်းတိုက်ကွက်ဖြင့် ထိုလူ၏ မေးစေ့ဆီသို့ ဓားဖြင့် ထိုးသွင်းလိုက်ချေသည်။

ဓားနှစ်လက် ကျင့်ကြံသူပါလား။

All Chapters