← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) - တစ္ဆေတစ်ဆယ့်သုံးချက် သွေးကြောပိတ်တိုက်ကွက်

ချင်ဖုန်းဂိုဏ်း၊ ဗဟိုရင်ပြင်…

ဂိုဏ်းနှစ်ခုလုံးမှ တပည့်များမှာ ယခုအခါ အသံကုန်ဟစ်အော် အားပေးနေကြလေသည်။

ဤပွဲစဉ်က မည်သူအနိုင်ရမည်ကို အဆုံးအဖြတ်ပေးမည့် ပွဲစဉ်ဖြစ်ပေသည်။

လင်းဖန်၏ အောက်ခြေသိမ်းတပည့် သရုပ်မှန်ကြောင့် စိတ်လှုပ်ရှားမှု အတက်အကျများ ဖြစ်ခဲ့ပြီးနောက် ခံစားချက်များက အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်

လင်းဖန် ရှုံးမည်ဟု လောင်းကြေးထပ်ထားမှုများကို ထည့်မပြောတော့ပေ။

“ချင်ဖုန်းဂိုဏ်း”

“ချင်ဖုန်းဂိုဏ်း”

တပည့်အရေအတွက် ပိုများပြားသဖြင့် ချင်ဖုန်းဂိုဏ်းဟူသော အမည်နာမက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ တပည့်များကလည်း အားကျမခံ သူတို့ဂိုဏ်း၏ နာမည်ကို စတင် ကြွေးကြော်လာကြသည်။

တိုက်ခိုက်ရေးကွင်းပြင်၏ ထောင့်လေးထောင့်တွင် ဝင်္ကပါအစီအရင်ကို ထိန်းသိမ်းရန် သူတို့၏ ချီစွမ်းအင်များကို အသုံးပြုနေကြသည့် ဝင်္ကပါကျင့်ကြံသူများမှာ အမှားအယွင်းမရှိစေရန် အာရုံစိုက်ထားကြသည်။

“တိတ်တိတ်နေကြ”

ဒိုင်လူကြီးက လက်နှစ်ဖက်ကို မြှောက်ကာ အော်ဟစ်လိုက်လေသည်။

ပွဲစဉ်စတင်တော့မည့် လက္ခဏာဖြစ်သဖြင့် တပည့်များမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

“မစိုးရိမ်ပါနဲ့။ သူတို့မှာ ထူးခြားတဲ့ ကျင့်ကြံခြင်းအမြုတေတွေ ရှိနေရင်တောင် ရှင့်ကို ကျွန်မ ကာကွယ်ပေးမှာပါ။ ဒါက ယုန်မလေးကို ကျွန်မ ကတိပေးထားတာပါ”

ကျန်းရှီက လင်းဖန်ကို စိတ်ချယုံကြည်စေရန် ပြောလိုက်သည်။

လင်းဖန်က ပခုံးတွန့်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်။ ဝံပုလွေကြီးကလည်း ကျွန်တော့်ကို အဲဒီလိုပဲ ပြောထားတာ။ ပြီးတော့ အဲဒီယုန်မလေးရဲ့ သူငယ်ချင်းက ကျွန်တော့်ကို ဆုလာဘ်တွေ အများကြီး ပေးမယ်တဲ့”

“ဆုလာဘ်တွေ။ ဘာဆုလာဘ်တွေလဲ။ ရှင်”

ကျန်းရှီမှာ သူမ ထိုသို့ပြောခဲ့မိခြင်း ရှိမရှိ ပြန်စဉ်းစားကြည့်လိုက်လေသည်။

ဆုလာဘ်များနှင့် ပတ်သက်၍ သေချာပေါက် မည်သည့်စကားမျှ သူမ မပြောခဲ့ပေ။

သို့သော် ဒိုင်လူကြီးက လက်ကိုမြှောက်ကာ အော်ဟစ်လိုက်သောကြောင့် သူမတွင် အချိန်မရှိတော့ချေ။

“ပွဲကို သုံးအထိရေပြီး စတင်မယ်... တစ်... နှစ်... သုံး... စ…”

ဝှစ်…

ကျားကဲ့သို့ ဟန်ရေးပြထားသော ညီအစ်ကိုထဲမှ တစ်ယောက်မှာ အချိန်ဖြုန်းမနေဘဲ လင်းဖန်ဆီသို့ ပြေးဝင်လာလေသည်။

ကွေးညွတ်ကာ ကျားလက်ဝါးပုံစံ လုပ်ထားသော သူ၏ လက်ချောင်းများက လင်းဖန်၏ လည်မျိုဆီသို့ ထိုးနှက်လာသည်။

သို့သော် လင်းဖန်က ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။

ဒေါင်…

သူသည် တူကို လွှဲရိုက်လိုက်ကာ ပြိုင်ဘက်၏ လက်ဖျံကို ထုချလိုက်လေသည်။

ထိုရိုက်ချက်ကြောင့် ကျားလက်ဝါး ထိုးနှက်ချက်မှာ လွဲချော်သွားပြီး ရိုက်ခတ်မှုအရှိန်ကြောင့် ပြိုင်ဘက်၏ ခန္ဓာကိုယ်မှာ အနည်းငယ် လိမ်ကောက်သွားသည်။

ပြိုင်ဘက်၏ ဘေးဘက်မှ ဟာကွက် ပေါ်ထွက်လာသည်နှင့် လင်းဖန်က ယင်ထိုးနှက်ချက်ဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။

“အား”

ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ရေခဲစွမ်းအင်နှင့် ယင်စွမ်းအင်များက ချီစီးဆင်းမှုကို နှောင့်ယှက်လိုက်သဖြင့် ပြိုင်ဘက်မှာ အမြန် နောက်သို့ ဆုတ်ခွာလိုက်ရသည်။

လင်းဖန်က ရှေ့သို့ ပြေးဝင်သွားကာ သူ၏ တူတစ်လက်ကို မြှောက်လိုက်သည်။

ဒေါင်…

ယန်ရိုက်ချက်ဖြင့် ပြိုင်ဘက်၏ ခေါင်းကို ရိုက်ချလိုက်လေသည်။

ယခုအခါ ပြိုင်ဘက်မှာ ဖြေရှင်းရမည့် အပူငွေ့များနှင့် ယန်စွမ်းအင်များက ခေါင်းထဲသို့ ရောက်ရှိသွားပေပြီ။

ကွဲပြားခြားနားသော စွမ်းအင်နှစ်ခုကြောင့် ပြိုင်ဘက်မှာ သူ၏ချီစွမ်းအင်ကို ချောမွေ့စွာ စီးဆင်းနိုင်ခြင်း မရှိတော့ချေ။

သူက လှည့်ကာ သူ၏ ဂိုဏ်းတူအစ်ကိုထံမှ အကူအညီ တောင်းခံရန် ကြိုးစားလိုက်သည်။

“ဘယ်ကို ကြည့်နေတာလဲ။ မင်းရဲ့ ပြိုင်ဘက်က ဒီမှာလေ”

လင်းဖန်က ပြိုင်ဘက်၏ ခါးကို တူဖြင့် ထုချရင်း ပြောလိုက်သည်။

ဒေါင်…

ယခုအခါ တူ၏ သံကွင်းများမှ ထွက်ပေါ်လာသော အသံတိုင်းက မိုးကြိုးမုန်တိုင်းဂိုဏ်း တပည့်များ၏ နှလုံးသားထဲသို့ နာကျင်မှုနှင့် ဝေဒနာများကို ပေးပို့နေလေသည်။

ထိုအသံကို ကြားရတိုင်း သူတို့၏ မျက်နှာများမှာ ရှုံ့မဲ့သွားကြသည်။

လင်းဖန်၏ ပြိုင်ဘက်မှာ ခါးမှ နာကျင်မှုကို ခံစားလိုက်ရပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ လင်းဖန်၏ မျက်လုံးများကို ကုတ်ခြစ်ရန် ကြိုးစားလေသည်။

လင်းဖန်က ခေါင်းကို အနည်းငယ် စောင်းကာ ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် ပြိုင်ဘက်၏ ရင်ဘတ်ဆီသို့ တူဖြင့် လွှဲရိုက်လိုက်လေသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်း တပည့်များက ထိုအသံကို ထပ်ကြားလိုက်ရပြန်သည်။

ဒေါင်…

တချို့ဆိုလျှင် ထိုအသံကို ကြားသည်နှင့် အလိုအလျောက် မျက်လုံးများကိုပင် မှိတ်ထားလိုက်ကြတော့သည်။

“အား”

လင်းဖန်၏ ပြိုင်ဘက်မှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

လင်းဖန်ကမူ ပြိုင်ဘက်ကို အသက်ရှူခွင့် မပေးဘဲ သူ၏ဦးခေါင်းဆီသို့ တူများဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ထိုပြိုင်ဘက်က အလျှင်အမြန် နောက်သို့ဆုတ်ကာ ရှောင်တိမ်းလိုက်သည်။

မိမိတစ်နည်းနည်းဖြင့် တုံ့ပြန်မှဖြစ်မည်ကို လင်းဖန်၏ပြိုင်ဘက်မှာ သိရှိနေပေသည်။

ထို့ကြောင့် သူသည် ကျန်ရှိသမျှ အင်အားကိုစုစည်းကာ ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ခုန်တက်လိုက်ပြီး လင်းဖန်ထံသို့ ခြေနှစ်ဖက်လုံးဖြင့် အားကုန်ကန်ကျောက်လိုက်သည်။

လင်းဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏တူကြီးများဖြင့် ကာကွယ်လိုက်သည်။

ဖုန်း…

ပြိုင်ဘက်ဖြစ်သူမှာ တိုက်ခိုက်မှု၏ တန်ပြန်ကန်အားကို အသုံးချကာ ဝေးရာသို့ နောက်ပြန်ဆုတ် ခုန်ပျံသွားလေသည်။

“ကယ်ကြပါဦး”

လင်းဖန်၏ ပြိုင်ဘက်က အကူအညီတောင်းကာ အော်ဟစ်လိုက်သည်။

အခြားသော ညီအစ်ကိုတစ်ယောက်၏ အခြေအနေမှာလည်း မသက်သာလှချေ။

ကျန်းရှီကို ကြည့်ရသည်မှာ နုနယ်ပုံရသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်တွင် အလွန်ပင် စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုသူ၏ ကြိုးကြာလက်ဝါးတိုက်ကွက်များသည် ကျောက်ပြားပေါ်သို့ ကျရောက်သွားသကဲ့သို့ ခံစားရပြီး ကျန်းရှီအား တစ်စုံတစ်ရာ ထိခိုက်မှု မပေးနိုင်ခဲ့ချေ။

သူမက တိုက်ခိုက်မှုများကို ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ရင်ဆိုင်ရင်း ပြိုင်ဘက်အပေါ်သို့ လက်သီးချက်များကို မိုးရေစက်များပမာ တရစပ် ရွာသွန်းချလိုက်လေသည်။

ဘေးပတ်ပတ်လည်ရှိ တပည့်များအားလုံးမှာ ခေါင်းခါယမ်းမိကြပြီး အလွန်ကြမ်းတမ်းရိုင်းစိုင်းလှသည်ဟု တွေးတောလိုက်ကြသည်။

မည်သည့် သိုင်းကွက်နည်းစနစ်မျှ မရှိဘဲ ခွန်အားသက်သက်သာ ဖြစ်ပေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို လေ့ကျင့်သူတစ်ဦးထံမှ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကိုသာ မျှော်လင့်နိုင်ပေသည်။

ဖုန်း…

ကျန်းရှီက သူမ၏ပြိုင်ဘက်ကို အားရပါးရ ကန်ထုတ်လိုက်ရာ ထိုသူကလည်း ကန်အားကိုအသုံးချကာ သူမ၏အနီးမှ ဝေးရာသို့ ခုန်ဆုတ်သွားသည်။

ညီအစ်ကိုနှစ်ဦးမှာ လျင်မြန်စွာပင် တစ်နေရာတည်း၌ ပြန်လည်ပူးပေါင်းလိုက်ကြသည်။

သူတို့အနေဖြင့် ပြင်းထန်သော ဆုံးဖြတ်ချက်တစ်ခုခုကို မချမှတ်နိုင်ပါက ဤပွဲ၌ ရှုံးနိမ့်တော့မည်ဖြစ်ပြီး မိုးကြိုးမုန်တိုင်းဂိုဏ်း၏ မျက်နှာတစ်ခုလုံးလည်း ပျက်စီးပေတော့မည်။

သူတို့နှစ်ဦးလုံးက အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို စဉ်းစားရင်း မြေပြင်သို့ ခေတ္တမျှ ငုံ့ကြည့်လိုက်ကြသည်။

ထို့နောက် ခေါင်းမော့ကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကြသည်။

သူတို့က အချင်းချင်း မျက်နှာချင်းဆိုင်လိုက်ပြီး လက်ညှိုးများဖြင့် တစ်ဖက်လူ၏ ကျောပြင်ပေါ်မှ သွေးကြောပွိုင့်များကို ထိုးနှက်လိုက်ကြလေသည်။

ဘေးလူအားလုံးက ထိုအပြုအမူကို ကြည့်ရှုကာ မည်သို့သော အရာဖြစ်သည်ကို စူးစမ်းနေကြသည်။

ပြင်းထန်စွာ နာကျင်ရသကဲ့သို့ အော်ဟစ်လိုက်ရင်း ညီအစ်ကိုနှစ်ဦး၏ ခန္ဓာကိုယ်များသည် ကြီးထွားလာတော့သည်။

လွန်ခဲ့သော မိနစ်ပိုင်းကထက် ပိုမိုကျစ်လျစ်သော ကြွက်သားများဖြင့် အရပ်အမောင်း ပိုမိုမြင့်မားလာသည်။

သူတို့၏ကိုယ်ပေါ်၌ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပျက်နေပြီပင်။

“တစ္ဆေတစ်ဆယ့်သုံးချက် သွေးကြောပိတ်တိုက်ကွက်ပဲ။ သတိထားဦး”

ကျန်းရှီက ဤအရာနှင့်ပတ်သက်ပြီး ကြားဖူးသဖြင့် သတိရသွားကာ လင်းဖန်ကို သတိပေးလိုက်သည်။ သူမကလည်း တိုက်ခိုက်ရန် လျင်မြန်စွာပင် ကိုယ်ဟန်ပြင်လိုက်သည်။

လင်းဖန်က ရှေ့သို့ ပြေးဝင်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သူမက ဆွဲတားလိုက်လေသည်။

“ဒါက ဘာလဲ”

လင်းဖန်က မေးလိုက်သည်။

“ဒါက သူတို့လက်ရှိကျင့်ကြံမှုအဆင့်ထက် ပိုများတဲ့ချီစွမ်းအင်တွေကို စုပ်ယူစေနိုင်တဲ့ လျှို့ဝှက်နည်းလမ်းပဲ။ ပုံမှန်အားဖြင့်တော့ ဒါက တားမြစ်ထားတဲ့နည်းလမ်းပဲ။ ဘာလို့လဲဆိုတော့ သုံးပြီးတာနဲ့ သူတို့ရဲ့တန်းထျန်က ပြန်မကောင်းနိုင်တော့အောင် ပျက်စီးသွားမှာမလို့ပဲ”

ကျန်းရှီက ပြန်လည်ဖြေကြားလိုက်သည်။

လင်းဖန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

“သူတို့ရဲ့ ထူးခြားတဲ့ကျင့်ကြံခြင်းအမြုတေက အဲဒီဆိုးကျိုးတွေမရှိဘဲ လုပ်ဆောင်နိုင်အောင် ကူညီပေးနေတာ ထင်တယ်။”

ကျန်းရှီကလည်း လင်းဖန်၏ တွေးတောချက်ကို သဘောတူညီသည့်အလား ခေါင်းညိတ်လိုက်လေသည်။

ယခုအခါတွင်မူ ညီအစ်ကိုနှစ်ဦးလုံးမှာ လင်းဖန်နှင့် ကျန်းရှီကို စူးစိုက်ကြည့်နေကြသည်။

ခန္ဓာကိုယ်ကြီးထွားလာမှုကြောင့် သူတို့ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြဲပျက်စီးကုန်သည်။

သူတို့သည် ယခင်ကထက် အနည်းဆုံး နှစ်ဆခန့် ပိုမိုကြီးမားပြီး သန်မာလာကြောင်း လင်းဖန် ခံစားသိရှိလိုက်ရသည်။

ယခုမူ သူလည်း အလေးအနက်ထား တိုက်ခိုက်ရမည့်အချိန်သို့ ရောက်ရှိလာပြီပင်။

ကံကောင်းသည်မှာ စနစ်ထံမှ မည်သည့်အချက်ပေးသံမျှ မကြားရသေးခြင်းပင်။

အနည်းဆုံးတော့ ဤညီအစ်ကိုနှစ်ဦးသည် ယခုအချိန်အထိ သတ်ဖြတ်လိုသောစိတ် မရှိသေးပေ။

ဖုန်း…

ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးက ကျန်းရှီထံသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

သူ၏ ခြေလှမ်းအရှိန်အဟုန်ကြောင့် မြေပြင်ပေါ်ရှိ အုတ်ချပ်များပင် အက်ကွဲသွားရသည်။

သူ၏ လှုပ်ရှားမှုက အလွန်မြန်ဆန်လှသဖြင့် ဘေးလူများမှာ ကျန်းရှီထံသို့ အဖြူရောင်အရိပ်တစ်ခု ပြေးဝင်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

သို့သော်ငြား လင်းဖန်ကမူ သူ၏လှုပ်ရှားမှုများကို ကောင်းစွာမြင်နိုင်သဖြင့် သူ၏တူနှစ်ဖက်ကို ဝှေ့ယမ်းကာ ထိုသူ့ဆီသို့ ပင့်တင်၍ တိုက်ခိုက်လိုက်လေတော့သည်။

All Chapters