← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) - သရုပ်ဆောင်များ

ဒိုင်လုပ်သူသည် သူ လွတ်မြောက်နိုင်မည့် လမ်းစကိုရှာဖွေရန် ဘေးဘယ်ညာသို့ မျက်လုံးအစုံ ကစားနေလေသည်။

လင်းဖန်က ဟိုမင်ကို တစ်ချက် ကြည့်လိုက်သည်

ဟိုမင် မည်သို့ လုပ်ဆောင်မည်ကို သူ စောင့်ကြည့်လိုခြင်းဖြစ်သည်။

အကယ်၍သာ ဟိုမင်သည် အန်းရှန်းရွာမှ ယခင်ဟိုမင်သာ ဖြစ်နေသေးပါက ထိုဒိုင်လုပ်သူမှာ ငိုယိုတောင်းပန်ရုံမျှဖြင့် လွတ်မြောက်သွားနိုင်ခြေရှိသည်။

သို့သော် လင်းဖန် စိတ်သက်သာရာရသွားသည်မှာ ဟိုမင်သည် ရင့်ကျက်ကြီးပြင်းလာခဲ့ပြီဖြစ်ပေသည်။

ဟိုမင်က သူ၏ဓားတစ်စင်းကို ဆွဲထုတ်လိုက်ပြီး ဒိုင်လုပ်သူ၏လည်ပင်းနားတွင် တေ့လိုက်သည်။

“ကဲ... ငါ့ရဲ့ စွမ်းဆောင်ရည်အမှတ်တွေ ဘယ်မှာလဲ”

“ကျွန်တော်... အာ... ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါဦး။ ကျွန်တော့်ဆီမှာ စွမ်းဆောင်ရည်အမှတ် ငါးရာပဲ ကျန်တော့လို့ပါ”

ဒိုင်လုပ်သူသည် လက်အုပ်ချီကာ ဆုတောင်းသကဲ့သို့ ရှိခိုးရင်း အချိန်တောင်းလိုက်လေသည်။

“ဒါဆို ငွေကြေးကော။ ငါ ငွေလည်း လက်ခံတယ်”

ဟိုမင်က ဓားကို ဒိုင်လုပ်သူ၏လည်ပင်းဆီသို့ ပို၍ ဖိကပ်လိုက်ရင်း ပြောလိုက်သည်။

“အား... ငွေလား။ ဟုတ်ကဲ့၊ ရှိပါတယ်။ စွမ်းဆောင်ရည်အမှတ် တစ်ရာအတွက် အစားထိုးဖို့ ငွေဆယ်တေးလ် ရှိပါတယ်”

ဒိုင်လုပ်သူသည် သူ၏သစ်သားပြားနှင့် ငွေတုံးအချို့ကို ထုတ်ပေးရင်း လျှင်မြန်စွာ ပြောလိုကသည်။

“မင်းရဲ့ အချိန်က ဒီလကုန်အထိပဲ။ အဲဒီအချိန်အထိ အကြွေးမဆပ်နိုင်ရင် ငါ မင်းဆီ လာရှာမှာနော်”

ဟိုမင်က ၎င်းတို့ကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။

“ကျိန်းသေပေါက် ဆပ်ပါ့မယ်။ ကျွန်တော့်နာမည်က စီးမားလျန်ပါ။ ဟုန်ဖုန်းမြို့က စီးမားမိသားစုကပါ။ ကျွန်တော့်မိသားစု လုပ်ငန်းကို အဲဒီမြို့က လူတိုင်း သိကြပါတယ်။ ဒါကြောင့် မစိုးရိမ်ပါနဲ့”

စီးမားလျန်သည် ဘေးတွင် ရပ်နေသော တပည့်များကို ကြည့်လိုက်ရာ သူတို့ကလည်း ခေါင်းညိတ်ပြကြသည်။

အခြားတပည့်များ၏ ထောက်ခံချက်ကိုရရှိပြီးနောက် ဟိုမင်က စီးမားလျန်ကို လွှတ်ပေးလိုက်လေသည်။

စီးမားလျန် အဝေးသို့ ရောက်သွားသောအခါမှ ဟိုမင်သည် သက်ပြင်းအကြီးကြီး တစ်ချက် ချလိုက်တော့သည်။

“ဟူး... တော်သေးတာပေါ့။ ငါ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာ”

သူသည် နဖူးပေါ်မှ ချွေးစက်များကို သုတ်ရင်း ပြောလိုက်သည်။

“စိတ်အေးအေးထားပါ၊ ဘယ်အရာမဆို ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲ။ ဒါနဲ့ ဂိုဏ်းတူအစ်ကိုကြီး... ဒီလကျန်တဲ့ရက်တွေမှာ ငါ့ရဲ့ ကုန်ကျစရိတ်အားလုံးကို မင်းပဲ တာဝန်ယူရမယ်နော်”

လင်းဖန်က ဟိုမင်၏ကျောကို ပုတ်ပေးရင်း ပြောလိုက်သည်။

“ပြဿနာမရှိဘူး။ တကယ်တော့ ငါရတဲ့ အမြတ်တွေထဲက မင်းကို အချို့ ခွဲပေးရမှာပဲလေ”

သူ အနိုင်ရရှိသွားခဲ့ပြီဟူသောအသိက စိတ်ထဲသို့ စိမ့်ဝင်သွားသောအခါ ဟိုမင်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။

လင်းဖန်အပေါ် ထားရှိခဲ့သော သူ၏ယုံကြည်မှုနှင့် လောင်းကြေးမှာ အရာထင်ခဲ့ပေပြီ။

ထိုအရာက သူ စိတ်ကူးထားသည်ထက်ပင် သာလွန်နေသေးသည်။

“မလိုပါဘူး။ ငါ့ဆီမှာလည်း စွမ်းဆောင်ရည်အမှတ် ငါးရာ ရှိနေတာပဲ။ ရွာသူကြီးအတွက် ဒီငွေတွေက အများကြီး အသုံးဝင်လိမ့်မယ်”

“တကယ်လို့ မင်း ကူညီချင်တယ်ဆိုရင်တော့ အန်းရှန်းရွာက ငါ့ရဲ့ သစ်သားအိမ်လေးကို ပြင်ပေးဖို့ ကူညီပေးပါဦး”

လင်းဖန်က ပြောလိုက်သည်။

လင်းဖန်သည် လက်ဆောင်များ ပေးလိုက်၊ ယူလိုက်ဖြင့် အပြန်အလှန် အလုပ်ရှုပ်ရသည်ကို မုန်းတီးသဖြင့် တိုက်ရိုက်သာတောင်းဆိုလိုက်သည်။

ဟိုမင်ကလည်း ရွာသူကြီးအနေဖြင့် ငွေကြေးလိုအပ်နေသည်ဟူသော လင်းဖန်၏စကားမှာ မှန်ကန်ကြောင်းသိသဖြင့် ခေါင်းညိတ်လိုက်သည်။

ဟိုမိသားစုကို ပိုမိုမြင့်မားသောအဆင့်အတန်းတစ်ခုသို့ မြှင့်တင်ပေးရန်မှာ သူ ချင်ဖုန်းဂိုဏ်းသို့လာခဲ့ရသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။

လင်းဖန်၏သစ်သားအိမ် ပြုပြင်ရေးကိစ္စမှာမူ သူ ကျိန်းသေပေါက်လုပ်ဆောင်ပေးမည်ဖြစ်ပေသည်။

…

ခန်းမ၏ အပေါ်ထပ်…

“တကယ့်ကို ကပ်သီးကပ်သတ် တိုက်ပွဲပဲ။ ခင်ဗျားရဲ့ တပည့်တွေက တော်တော်လေး လေ့ကျင့်ထားပုံရတယ်”

ချင်းယန်ဇီသည် သူ၏မုတ်ဆိတ်ရှည်ကြီးကို သပ်ရင်း ရလဒ်အပေါ်မှတ်ချက်ပြုလိုက်လေသည်။

လော့ချန်မှာမူ လက်သီးကိုတင်းတင်းဆုပ်ထားပြီး မကျေမနပ်ဖြစ်နေချေသည်။

သူသည် မျက်မှောင်ကြုတ်လျက် ထန်ဖေးကို စိုက်ကြည့်လိုက်သည်။

တိုက်ပွဲများ ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း ထန်ဖေးသည် ဆူပူသောင်းကျန်းရန်အတွက် သူ့ထံသို့ မည်သည့်အချက်ပြမှုမျှ မလုပ်ဆောင်သေးချေ။

၎င်းတို့၏အစီအစဉ်အရ ထန်ဖေး၏လူသည် လော့ထျန်း၏ခေါင်းကို ယူဆောင်လာကာ ချင်ဖုန်းဂိုဏ်းအနေဖြင့် ငြင်း၍မရအောင် လုပ်ဆောင်ရမည်ဖြစ်သည်။

ထန်ဖေးမှာမူ လော့ချန်ကို ဂရုစိုက်နိုင်သည့် စိတ်အခြေအနေတွင် မရှိတော့ပေ။

သူသည် ဤမျှလောက်ကြာအောင် စောင့်ဆိုင်းပြီးနောက် ရလဒ်ကို အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်ချေသည်။

ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရချိန်တွင်မူ သူ၏ သံသယများမှာ လုံးဝ ကင်းစင်သွားတော့သည်။

ကျောက်မင်ယဲ့သည် မျက်နှာတစ်ခုလုံး ပြုံးဖြီးဖြီးကြီးဖြင့် အခန်းထဲသို့ ဝင်လာလေသည်။

“ဂိုဏ်းချုပ်ကြီး... ကျုပ်ရဲ့ တပည့်တွေ ဘယ်လို စွမ်းဆောင်နိုင်ခဲ့လဲဗျ”

ချင်းယန်ဇီက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။

“လာ... မင်ယဲ့... ထိုင်။ မင်းရဲ့ တပည့်တွေ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကြတယ်”

ကျောက်မင်ယဲ့သည် ထိုင်လိုက်ပြီးနောက် ပြုံးဖြီးဖြီးကြီးဖြင့် ဟန်တန်ကို လှမ်းကြည့်လိုက်သည်။

ဟန်တန်ကမူ ထန်ဖေးကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်သည်။

ထိုအခိုက်တွင် ထန်ဖေးမှာ အရာအားလုံးကို ရိပ်မိသွားချေပြီ။

ကျောက်မင်ယဲ့နှင့် ဟန်တန်တို့သည် ဇာတ်တိုက်ပြီး သရုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။

၎င်းတို့အချင်းချင်း အမြဲတစေ မသင့်မြတ် ဖြစ်နေသည်ဟူသောအချက်ကို အသုံးချကာ ဤတာဝန်မှာ စစ်မှန်သော တာဝန်တစ်ခု ဖြစ်သည်ဟု သူ့အား ယုံကြည်အောင် လှည့်စားခဲ့ကြခြင်းပင်။

ထန်ဖေးသည် ရှေ့ရှိ လက်ဖက်ရည်ခွက်ကို မကာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာ တစ်ငုံသောက်လိုက်သည်။

သူသည် လွတ်မြောက်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို စိတ်ထဲ၌ အပြင်းအထန် စဉ်းစားနေမိသည်။

သို့သော်ငြား သူ၏ကျင့်ကြံမှုမှာ အခွင့်အရေး လုံးဝမရှိမှန်း သူသိလေသည်။ ဂိုဏ်းချုပ်ကြီး၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုဖြင့် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

ချင်းယန်ဇီက စကားစလိုက်သည်။

“အခု မင်ယဲ့လည်း ရောက်ပြီဆိုတော့ နောက်ထပ် ဆွေးနွေးစရာရှိတာကို ဆက်ရအောင်”

လော့ချန်သည် စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ကာ ပြောလိုက်သည်။

“ဟုတ်တယ်။ ပျံ့နှံ့နေတဲ့ ကောလာဟလကို ဒီနေ့ပဲ အပြတ်ရှင်းကြရအောင်။ ချင်ဖုန်းဂိုဏ်းက ကျုပ်ညီကို သတ်ခဲ့တာ ဟုတ်၊ မဟုတ် ဆိုတာကိုပေါ့”

အခြားသော မိုးကြိုးမုန်တိုင်းဂိုဏ်း တပည့်များလည်း ချက်ချင်းပင် မတ်တတ်ထရပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။

ရုတ်တရက် ကျောက်ချင်းယင်၏ အသံကျယ်ကြီးက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဂိုဏ်းတူအစ်ကိုကြီး... ခင်ဗျားက ဝိုင်ကောင်းတွေကို တစ်ယောက်တည်း သောက်နေတာလား”

မိုးကြိုးမုန်တိုင်းဂိုဏ်း တပည့်များမှာ တစ်စုံတစ်ယောက်က ၎င်းတို့၏ နံရိုးများကို ဖိသိပ်ချိုးဖျက်နေသကဲ့သို့ ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။

၎င်းတို့၏ ပခုံးများပေါ်သို့လည်း ပြင်းထန်လှသော ဖိအားကြီးတစ်ခု ပိကျလာလေသည်။

ဖုန်း…

ထိုပြင်းထန်လှသော ဖိအားကြောင့် ၎င်းတို့အားလုံး ကြမ်းပြင်ပေါ်သို့ ပြိုလဲထိုင်ကျသွားကြတော့သည်။

ထန်ဖေးသည် ကျောက်ချင်းယင်ကို မြင်လိုက်ရချိန်တွင်မူ သူ၏ ဘဝမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

ကျောက်ချင်းယင်သည် သာမန်အရက်သမား အဖိုးကြီးတစ်ဦးနှင့်တူသော်ငြား သူ၏ စွမ်းရည်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှသည်ကို သူ ကောင်းကောင်း သိထားသည်။

သူသည် မဟာတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

ထို့အပြင် သူစေလွှတ်လိုက်သော အသေခံအဖွဲ့မှာလည်း ဤအဖိုးကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီမှာ သေချာသလောက် ရှိပေသည်။

ချင်းယန်ဇီက ပြောလိုက်သည်။

“တည်တည်ငြိမ်ငြိမ်နေစမ်းပါ။ မင်ယဲ့ကို သူ့အလုပ် သူ လုပ်ပါစေဦး”

ကျောက်ချင်းယင်သည် ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီးနောက် ဘေးသို့ ဖယ်ပေးကာ သူ၏နောက်ကွယ်မှ တပည့်များကို အခန်းထဲသို့ ဝင်ခွင့်ပေးလိုက်လေသည်။

ထိုတပည့်များသည် အဝါရောင်ပိတ်စဖြင့် ထုပ်ပိုးထားသော အရာတစ်ခုကို သယ်ဆောင်လာကြသည်။

ပိတ်စပေါ်တွင် ဟင်္သာပြဒါးနီများဖြင့် ရေးဆွဲထားသော အင်းစာလုံးများ အပြည့်ရှိနေသည်။

လော့ချန်သည် ထိုတပည့်များ ဘာလုပ်နေသည်ကို အနီးကပ် စောင့်ကြည့်နေမိသည်။

၎င်းတို့သည် မိစ္ဆာသားရဲ အမြုတေများကို ထုတ်ယူကာ ရှစ်ကွက်အင်း ပုံသဏ္ဌာန်အတိုင်း စီလိုက်ကြသည်။

ထို့နောက် ဟင်္သာပြဒါးနီများ စိမ်ထားသော စုတ်တံများကို ထုတ်ယူကာ ကြမ်းပြင်ပေါ်တွင် မန္တန်အင်းကွက်များကို ရေးဆွဲလိုက်ကြလေသည်။

နောက်ဆုံးတွင် တပည့်တစ်ဦးက အဝါရောင်ပိတ်စ၏ အထုံးကို ဖြေလိုက်ရာ အတွင်း၌ ရှိနေသော အရာ ပေါ်ထွက်လာတော့သည်။

ထိုအရာမှာ လော့ထျန်း၏ ခေါင်းပြတ်ကြီး ဖြစ်ပေသည်။

လော့ထျန်း၏ ခေါင်းပြတ်ကြီးကို မြင်လိုက်ရသောအခါ မိုးကြိုးမုန်တိုင်းဂိုဏ်း တပည့်များသည် ဒေါသမီးများ ဟုန်းဟုန်းတောက်သွားကာ အော်ဟစ်လိုက်ကြတော့သည်။

“မင်းတို့ သတ္တိရှိလှချည်လား။ ဒီနေ့က မင်းတို့နဲ့ သူသေကိုယ်သေပဲ”

All Chapters