အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) ပါရမီရှင်တွေ စုဝေးရောက်ရှိလာပြီ... သည်းမခံနိုင်တဲ့ အမျိုးသမီး
အချိန်နှစ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပေ၏။ ဤကာလအတွင်း ထိပ်တန်းပါရမီရှင် များနှင့် ရှေးဟောင်းပါရမီရှင်များသည် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်သို့ ပို၍ရောက်ရှိလာကြသည်။ ဤသည်က မြေအောက်ကမ္ဘာကိုးထပ်မြို့တော်၏ အခြေအနေကို ပို၍ပင် သက်ဝင်လှုပ်ရှားလာစေခဲ့သည်။ဝမ်ယွဲ့ခန်းမဆောင်...ဤသည်မှာ မြေအောက်ကမ္ဘာကိုးထပ်မြို့တော်တွင် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး စားသောက်ဆိုင်ပင်။ ထိုခန်းမဆောင်သည် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်နှင့် မသက်ဆိုင်ဘဲ အင်မော်တယ် တာအိုအမွေအနှစ်မြေ အများအပြားက ကျောထောက်နောက်ခံ ပေးထားသော ကောင်းကင်ဘုံကုန်သည် မဟာမိတ်အဖွဲ့နှင့် သက်ဆိုင်နေသည်။ ထိုအချက်ကြောင့်လည်း ထိုခန်းမဆောင်ကို မယုံကြည်နိုင်လောက်အောင် အားကောင်းစေခဲ့ပေ၏။ပုံမှန်အားဖြင့် ဝမ်ယွဲ့ခန်းမဆောင်သည် ဖွင့်လှစ်ခဲသည်။ ဤနေရာ၌ အရေးကြီးသော ပုဂ္ဂိုလ်များနှင့် လူငယ်ပါရမီရှင်များကိုသာ လက်ခံလေ့ရှိသည်။ ဝမ်ယွဲ့ခန်းမဆောင်သည် မြေအောက်ကမ္ဘာကိုးထပ်မြို့တော် ၏ဆင်ခြေဖုံးတွင် တည်ရှိပြီး အထူးဥပဒေသစွမ်းအားများ၏ ပြောင်းလဲမှုအောက်တွင် ဤနေရာရှိ ရှုခင်းသည် သာယာပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များ လေထုထဲတွင် ပျံ့နှံ့နေသည်။မရေမတွက်နိုင်သော ကောင်းကင်နှင့်မြေကြီး ရတနာများ ဖုံးလွှမ်းထားသော မြင့်မားသည့် အင်မော်တယ် တောင်ကြီးများသည် ခမ်းနားကြီးကျယ်စွာ တည်ရှိနေပေ၏။ ကြွယ်ဝသော မွှေးရနံ့များကြားတွင် တောက်ပပြီး ကြည်လင်သော အလင်းတန်းများ စီးဆင်းနေသည်။ ထိုအင်မော်တယ်တောင်ကြီးများပေါ်တွင် အလွန်သေသပ်စွာ ထွင်းထုပြီး ဆေးခြယ်ထားသော ခန်းမဆောင်အများအပြားကို နတ်ဘုရားနန်းတော်များအလား သပ်ရပ်စွာ တည်ဆောက်ထားသည်။အထက်မိုးကောင်းယံတွင် သက်တန့်ရောင်တိမ်တိုက်များ အဆက်မပြတ် တောက်ပနေသည်။ လေထဲတွင် ပျံဝဲနေသော အင်မော်တယ်လှေများနှင့် ထူးဆန်းသော သားရဲများကို စီးနင်းလာသော လူငယ် ပါရမီရှင် အမြောက်အများသည် အရပ်မျက်နှာအဘက်ဘက်မှ အလျှင်အမြန် လာနေကြသည်။ ပါရမီရှင်အမျိုးသားများသည် ချောမောပြီး ထူးကဲသော အရှိန်အဝါရှိကာ သူတို့၏ခန္ဓာကိုယ်များကို နတ်ဘုရား အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီး တလိမ့်လိမ့်ထနေသော ချီစွမ်းအင်များကို ထုတ်လွှတ်ထားကြ၏။ တခြားတစ်ဖက်တွင် ပါရမီရှင်အမျိုးသမီးများသည် ပြိုင်ဘက်ကင်းသော အလှတရားများ ရှိကြကာ တစ်ဦးစီသည် ကောင်းကင်ကိုးထပ်မှ နတ်မိမယ်လေး တစ်ပါးကဲ့သို့ ထူးကဲပြီး လောကီနှင့် ကင်းကွာနေကြသည်။မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေသည် သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ချေ။ ထိုလျှို့ဝှက်နယ်မြေ၏ ရှေးဟောင်းဇစ်မြစ်သည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီး မပေါ်ပေါက်မီ အချိန်အထိပင် ပြန်လည်ခြေရာခံနိုင်သည်။ ဤခေတ်ကာလတွင် ထိုနယ်မြေ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် မရေမတွက်နိုင်သော အင်အားစုများကို ဆွဲဆောင်နိုင်ခဲ့သည်။ သေချာသည်မှာ လက်ရှိခေတ်ကာလ၏ ထူးခြားသော သဘာဝကြောင့် အင်အားစုများအားလုံးက စည်းမျဉ်းတစ်ခုကို သဘောတူညီခဲ့ကြခြင်းပင်။လူငယ်မျိုးဆက်များသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးကို ဖြတ်သန်း၍ ခရီးသွားလာကြမည်။ မည်သည့် စီနီယာမျိုးဆက် ကျွမ်းကျင်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ထိုသို့မဟုတ်လျှင် သူတို့ကို ကောင်းကင်ဘုံများ၏ ရန်သူများအဖြစ် သတ်မှတ်ပြီး ကောင်းကင်ဘုံများမှ မရေမတွက်နိုင်သော အင်အားစုများက ပူးပေါင်း၍ တိုက်ခိုက်ကြပေမည်။ရှေးဟောင်းကချေသည်မိသားစုနှင့် ရှေးဟောင်း အင်အားစု အများအပြားမှ ဦးဆောင်မှုနှင့်အတူ ယနေ့၌ ဝမ်ယွဲ့ခန်းမဆောင်တွင် စားသောက်ပွဲ တစ်ခု ကျင်းပခဲ့သည်။ နာမည်ကျော်ကြားပြီး အလွန်ပါရမီရှိသော လူငယ်ပါရမီရှင် အမြောက်အများသည် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေမပွင့်မီ ဤ အခွင့်အရေးကို ရယူချင်ကြသည်မှာ သဘာဝကျသည်။ သူတို့သည် ဤစားသောက်ပွဲတွင် တာအိုယှဉ်ပြိုင်ရန်နှင့် သူတို့၏ကိုယ်ပိုင်ဂုဏ်သတင်းကို ပို၍မြှင့်တင်ရန် ရည်ရွယ်ထားကြ၏။ ဖိတ်ကြားမခံရသဖြင့် ဝမ်ယွဲ့ခန်းမဆောင်သို့ ဝင်ရောက်ခွင့်မရှိသော ပါရမီရှင် အများအပြားလည်း ရှိနေသည်။ သူတို့သည် ထိုနေရာကို အဝေးမှ စောင့်ကြည့်ကာ မနာလိုမှုနှင့်အားကျမှု အမူအရာများကို ပြသနေကြသည်။"ကောင်းကင်ဘုံတွေရဲ့ ဂုဏ်ကျက်သရေ ဒုတိယမြောက် ပြန်လည်နိုးထလာမှုလို့ ချီးကျူးခံရတဲ့ ခေတ်က မျှော်လင့်ထားတဲ့အတိုင်းပဲ... လူငယ်ပါရမီရှင်တွေက နေရာတိုင်းမှာ ပေါများနေပြီးတော့ အထွတ်အထိပ် ပါရမီရှင်တွေက နေရာတိုင်းမှာ ရှိနေတာပဲ""ဒါပေမယ့် ပြောရင် ဒီတစ်ကြိမ် ဝမ်ယွဲ့ခန်းမဆောင်မှာ ကျင်းပတဲ့ စားသောက်ပွဲရဲ့ သတ်မှတ်ချက်က တကယ့်ကို မြင့်မားတယ်... လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပဥ္စမအဆင့် ဒါမှမဟုတ် အဲ့ဒီအထက်ကို ရောက်ရုံတင်မကဘဲနဲ့ သူတို့ရဲ့ အသက်ကလည်း နှစ်ဆယ့်ငါးနှစ်အတွင်းမှာ ရှိရမယ်""ဘယ်တာအိုနယ်မြေကိုပဲ ကြည့်ကြည့်... ဒါကို လုပ်နိုင်တဲ့သူတွေက အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေ ဖြစ်လောက်တယ် မဟုတ်ဘူးလား""အခု ရှေးဟောင်းပါရမီရှင်တွေက အစုလိုက်အပြုံလိုက် ပေါ်ထွက်လာတယ်... ပြီးတော့ တချို့က နတ်ဘုရားဘုရင်နယ်ပယ်ကိုတောင် ချိုးဖျက်ဝင်ရောက်ပြီးတော့ သူတို့နဲ့ သက်တူရွယ်တူတွေထက် အများကြီး သာလွန်နေပြီ... သတ်မှတ်ချက် မမြင့်ဘူးဆိုရင် ထူးဆန်းနေလိမ့်မယ်""အခု ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတယ် ဆိုပေမယ့်... အချိန်လေဟာနယ် တားမြစ်နယ်မြေက အဲ့ဒီ နတ်ဘုရားသားတော် ခုံးဝူတောက်လည်း ရောက်နေတယ်...""သူ ရှိနေတော့... တခြားသူတွေက မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေမှာ အကြီးမားဆုံး အခွင့်အရေးကိုရဖို့ မဖြစ်နိုင်လောက်ဘူး..."ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်တစ်ယောက်က ရုတ်တရက် ထိုစကားကို ပြောဆိုလိုက်သည်နှင့် တက်ကြွစွာ ဆွေးနွေးနေကြသော ကျင့်ကြံသူအများအပြားသည် ချက်ချင်းတိတ်ဆိတ်သွားကြ၏။ ဤကာလအတွင်း သူတို့သည် ကောလာဟလ အများအပြားကို ကြားခဲ့ပြီးဖြစ်သည်။ခုံးဝူတောက်....ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးတွင် အချိန်အကြာဆုံး အိပ်စက်ခဲ့သည့် အသက်အငယ်ဆုံး ရှေးဟောင်း ပါရမီရှင်....သို့သော် သူသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင် နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော ပထမဆုံး လူငယ်ပါရမီရှင်ပင်။ အတိတ်တွင် သူသည် ယန်ယန်သူတော်စင်သားတော်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့ရုံသာမက အပူအပင်မဲ့အင်မော်တယ်ကိုလည်း လုံးလုံးလျားလျား ခြေမွှဖျက်ဆီးခဲ့သည်။ သူသည် စီနီယာမျိုးဆက်မှ ကျွမ်းကျင်သူ နှစ်ထောင်ကျော်ကိုလည်း တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းခဲ့ပြီး သူ၏ခွန်အားကို ခန့်မှန်း၍မရနိုင်ပေ။ ထိုကဲ့သို့ လွှမ်းမိုးနိုင်သည့် တိုက်ခိုက်ရေး စွမ်းအားသည် လက်ရှိ လူငယ် မျိုးဆက်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ဖိအားတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။တစ်ဖက်လူသည် မရေမတွက်နိုင်အောင်လူများ၏ စိတ်နှလုံးသားထဲတွင် ကျော်လွှား၍မရနိုင်သော နတ်ဘုရားတောင်ကြီးတစ်လုံး ဖြစ်သည်ဟုပင် ဆိုနိုင်ပေ၏။"ဒါပေမယ့်... ဒီကိစ္စရဲ့ နောက်ဆုံးရလဒ်ကို ပြောဖို့ ခက်နေတုန်းပဲ...""လွန်ခဲ့တဲ့ အချိန်အတန်ကြာက အိပ်မောကျနေခဲ့တဲ့ ရှေးဟောင်းကချေသည်မိသားစုနဲ့ ကောင်းကင်ကိုးထပ် နတ်ဘုရားခန်းမက ရှေးဟောင်း ပါရမီရှင် နှစ်ယောက်က... တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားပြီးတော့ မဟာတာအို သဘာဝလွန်ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်... ခရမ်းရောင်ချီစွမ်းအင်တွေက ဟင်းလင်းပြင်ကို လွှမ်းခြုံသွားခဲ့တယ်လို့ ငါ ကြားတယ်...""ပြီးတော့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုက လုံအောင်းယွီ... သူကလည်း အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ နဂါးနတ်ဘုရားအမွေအနှစ်ကို အောင်မြင်သွားပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားတယ်... ဒါ့ပြင် သူ့ရဲ့ ခွန်အားက အရမ်းတိုးတက်လယတယ်လို့ ငါ ကြားထားတယ်..."ဤစကားများကိုကို ကြားလိုက်ရသောအခါ ကျင့်ကြံသူ အများအပြား၏မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် လှောင်ပြောင်သူတချို့လည်း ရှိနေပေ၏။"အပေါ်ယံ တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ရုံနဲ့တော့... ဒီကောင်တွေက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို ယှဉ်နိုင်မယ်လို့ သေချာမပြောနိုင်ဘူး..."ထိုအချိန်မှာပင် ဝမ်ယွဲ့ခန်းမဆောင် အပြင်ဘက်တွင် ရုတ်တရက် ကသောင်းကနင်း ဖြစ်သွားခဲ့၏။ မရေမတွက်နိုင်သောလူများ၏စိတ်အာရုံများ ဆွဲဆောင်ခြင်းခံလိုက်ရပြီး သူတို့သည် တခဏတာ တွေဝေသွားသည်ကို မထိန်းနိုင်ကြတော့ချေ။ လူးလွန့်နေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည်။ ထိုအမျိုးသမီး လှမ်းလိုက်သော ခြေလှမ်းတိုင်းနှင့်အတူ ဟင်းလင်းပြင်တွင် တောက်ပသော မဟာတာအို ရွှေကြာပန်းများ ပွင့်လန်းလာသည်။ ထိုကြာပန်းများမှ တောက်ပသော အလင်းရောင်များ လှိုင်းထလာကာ ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ ထိုအမျိုးသမီး၏ အင်မော်တယ် မျက်နှာသည် ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်ပြီး သူမ၏ အင်္ကျီလက်များ လူးလွန့်နေကာ သူမ၏နံဘေးပတ်လည်ရှိ ရွှေရောင်အလင်းလှိုင်းများသည် သူမ၏ မြင့်မြတ်ပြီး ချိုးဖျက်၍မရနိုင်သော အရှိန်အဝါကို ပို၍ပင် ပေါ်လွင်စေပေ၏။"အဲ့ဒါက ဘယ်သူလဲ..."အချိန်တခဏအတွင်း လူငယ်ပါရမီရှင် အမြောက်အများသည် ထူးဆန်းသော အကြည့်များဖြင့် ထိုအမျိုးသမီးကို ကြည့်လိုက်ကြပြီး သူတို့၏စိတ်နှလုံးသားထဲရှိ အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ကြချေ။ ဤကဲ့သို့ အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးတစ်ဦး မည်သည်ကြောင့် လောကကြီးတွင် ထွက်ပေါ်လာသည်ကို သူတို့ နားမလည်နိုင်သည့်အလားပင်။သို့သော် ကံမကောင်းစွာဖြင့် ဤအဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အလွန် စိမ်းသက်နေပုံ ရပေ၏။ သူမ၏အထောက်အထားကို မည်သူမျှ မသိကြချေ။ ထို့ပြင် သူမသည် ဝမ်ယွဲ့ခန်းမဆောင်သို့ တိုက်ရိုက် ဝင်ရောက်ရန် မရွေးချယ်ခဲ့ချေ။ သူမသည် ကြည်လင်ပြီး လှပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ ဤသည်မှာ သူမ ရှာဖွေနေသော လူကို မတွေ့ရသည့်အလားပင်။ သူမ၏မျက်လုံးသူငယ်အိမ်များမှ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းကွယ်နေသော မျှော်လင့်ချက်နှင့် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်လေးသည် သိသိသာသာ မှေးမှိန်သွားပြီး သူမ အနည်းငယ် စိတ်လွင့်သွားပုံရသည်။ဤအရာက အဝေးမှ စောင့်ကြည့်နေကြသော ပါရမီရှင် အများအပြားကို ပို၍ပင် နှလုံးကွဲလုမတတ် ဖြစ်သွားစေပြီး သူတို့၏နှလုံးသားများ ကြေမွှပျက်စီးသွားလုနီးပါးပင်။'ကတိဖျက်ပြီး ဒီလိုရတနာတစ်ခုကို ဒီနေရာမှာ ထားရစ်ခဲ့တဲ့ အဲ့ဒီကျက်သရေတုန်းတဲ့လူက ဘယ်သူလဲ''အဲ့ဒီကောင်က တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ'သေချာသည်မှာ ရဲတင်းသော ပါရမီရှင် အများအပြားသည် သူမနှင့် စကားစမြည် ပြောဆိုချင်ခဲ့ကြခြင်းပင်။ သို့သော် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ဤလူများကို လုံးဝစိတ်မဝင်စားခဲ့ချေ။ သူမ၏ သွယ်လျပြီး ကျောက်စိမ်းကဲ့သို့ နူးညံ့သော ခြေတံများဖြင့် ခြေလှမ်းတစ်လှမ်း ပေါ့ပေါ့ပါးပါး လှမ်းလိုက်၏။ ထို့နောက် အချိန်တခဏအတွင်း သူမက ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။"ဒီလောက် လှပတဲ့ အမျိုးသမီးတစ်ယောက်က လောကကြီးထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ..."လူအုပ်ထဲရှိ မော့ရှဲ့သည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ပျောက်ကွယ်သွားရာသို့ ကြည့်လိုက်ပြီး သူ၏အကြည့် အနည်းငယ် တွေဝေမိန်းမောသွားသည်။ သူသည် မူလက မြေအောက်ကမ္ဘာခန်းမ၏ အဓိက သူတော်စင်သားတော်တစ်ယောက်ပင်။ သူ၏ ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေလေပြီ။ ထိုကြောင့် သူသည် ဤစားသောက်ပွဲသို့ ဝင်ရောက်ရန်လည်း အရည်အချင်း ပြည့်မီသည်။ လမ်းတလျှောက်တွင် အလွန်လှပသော အမျိုးသမီးကျင့်ကြံသူများကို မရေမတွက်နိုင်အောင် မြင်တွေ့ပြီးနောက် မော့ရှဲ့သည် မျက်စိအစာကျွေးခွင့်ကို ရရှိခဲ့သည်။ ဤ နတ်မိမယ်လေးများ၏ အသွင်အပြင်များသည် ကူးပြောင်းလာသူတစ်ဦးအနေဖြင့် သူ၏ စိတ်ကူးယဉ်မှုများကို အမှန်တကယ် ပြည့်ဝစေခဲ့သည်။'သူတို့မှာ ခန္ဓာကိုယ်ကောက်ကြောင်း ဟန်ပန်နဲ့ အလှတရားတွေ ရှိတယ်'
'သူတို့က ပရောပရည်လုပ်ဖို့လောက်ပဲ သိတဲ့ အရင်ဘဝက အမျိုးသမီး အွန်လိုင်းထုတ်လွှင့်သူတွေထက် အများကြီး ပိုထူးချွန်ပြီး လှပတာပဲ'အထူးသဖြင့် ယခုလေးတင်မှ ပျောက်ကွယ်သွားသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးပင်။'သူက ငါ့ကို ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ဆီ ချဉ်းကပ်ချင်စိတ်ကိုတောင် ဖြစ်ပေါ်စေခဲ့တယ်'"မော့ရှဲ့လေး... နင့်ရဲ့ လက်တွေ့မကျတဲ့ အတွေးတွေက အရမ်းအန္တရာယ်များတယ်..."တမလွန်ကမ်းပါး နတ်ဆိုးမ၏အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။"အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို ငါတောင်မှ ထွင်းဖောက်မမြင်နိုင်ဘူး... ပြီးတော့ သူက ကြီးမားတဲ့ ကံကြမ္မာနဲ့ ရစ်ပတ်နေတယ်...""ဒီလို အမျိုးသမီးမျိုးက အခုအချိန်မှာ နင် ကိုင်တွယ်နိုင်မယ့်သူမျိုး မဟုတ်ဘူး... သူနဲ့ အရမ်းကြီး အဆက်အသွယ် မလုပ်တာ အကောင်းဆုံးပဲ..."သို့သော် မော့ရှဲ့သည် တမလွန်ကမ်းပါး နတ်ဆိုးမ၏ ကြင်နာတတ်သော သတိပေးချက်ကို စိတ်ထဲမထားခဲ့ချေ။ သူသည် တမလွန်ကမ်းပါး နတ်ဆိုးမ၏ စကားများကို သူ "တစ်ခြား တစ်ယောက်ကို ချစ်မိသွားလို့" မနာလိုဖြစ်ပြီး ပြောသော စကားများအဖြစ်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ အဓိပ္ပာယ်ကောက်ယူလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်အရ သူသည် တမလွန်ကမ်းပါး နတ်ဆိုးမကို မြေအောက်နက်ရှိုင်းသော နေရာမှ တူးထုတ်ခဲ့သူဖြစ်သည်။ သူတို့ အတူတကွ ဖြတ်သန်းခဲ့သော အချိန်များနှင့် ပေါင်းစပ်လိုက်လျှင် သူတို့ကြား၌ အထူးခံစားချက်တချို့ ရှိနေပေလိမ့်မည်။ ယခု သူသည် သူစိမ်းအမျိုးသမီးတစ်ယောက်ကို အလွန်အမင်း ချီးကျူးလိုက်သဖြင့် စီနီယာ တမလွန်ကမ်းပါးနတ်ဆိုးမ စိတ်ပျော်မရွှင် ဖြစ်နေပေမည်။ ထိုကြောင့် သူမကို သူ ကိုင်တွယ်၍ မရနိုင်ဟု သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းပင်။'ဘာပဲဖြစ်ဖြစ် စနစ်တစ်ခုရှိတဲ့ ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ ငါက သေချာပေါက် မောင်းမဆောင်တစ်ခု ပိုင်ဆိုင်ရမှာပဲလေ''ငါက စီနီယာ တမလွန်ကမ်းပါး နတ်ဆိုးမကိုလည်း လိုချင်တယ်''ငါ့ကို ပျော်ရွှင်စေတဲ့ အမျိုးသမီး အားလုံးကို ငါ လိုချင်တယ်''ငါ ကိုင်တွယ်နိုင်မလား မကိုင်တွယ်နိုင်ဘူးလား ဆိုတာကတော့...''ငါ့မှာ ရတနာရှာဖွေရေး စနစ် ရှိတယ်လေ''အဆိုးဆုံးအခြေအနေကတော့ ငါကသင်္ချိုင်းတွေ တူးဖို့ ပိုကြိုးစားရုံပဲ... ဒီလောကမှာ ငါ မကိုင်တွယ်နိုင်တဲ့ အမျိုးသမီးက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ'