အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း (၂၁၀) နင် ဘာလို့ ငါ့ကို လာမတွေ့တာလဲ
လူအများအပြားသည် နှမြောတသဖြစ်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ရှေးဟောင်းပါရမီရှင် အများအပြား၏ မျက်လုံးများတွင်ပင် ရှင်းပြ၍မရသော အကြည့်များ ရှိနေခဲ့ကြသည်။မည်သည့်အင်အားစုမှ မိန်းကလေးက ဤမျှထိ သတ္တိရှိသနည်းဟု သူတို့ တွေးတောလိုက်ကြ၏။သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လူတိုင်း၏ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်ပုံရသည်။လေပြေလေညှင်းလေးတစ်ချက် ညင်သာစွာ တိုက်ခတ်သွားသည်။အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နှုတ်ခမ်းများသည် တခြားအရာအားလုံးကို အရောင်မှိန်သွားစေပုံရသည့် လှပသော အပြုံးတစ်ခုအဖြစ် ရုတ်တရက် ကွေးတက်သွားပေ၏။သူမ၏နီမြန်းသောနှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး သူမ ထုတ်လွှတ်လိုက်သော အသံသည် ငွေခေါင်းလောင်းလေးများ မြည်သံကဲ့သို့ သာယာညိမ့်ညောင်းကာ လောကီနှင့် ကင်းကွာနေသည်။"ခုံးဝူတောက် မတွေ့ရတာ ကြာပြီနော်"ဤအချိန်အခိုက်အတန့်တွင်....ပတ်ဝန်းကျင်၌ လေတိုက်ခတ်မှု လုံးဝရပ်တန့်သွားပုံရသည်။မယုံနိုင်စရာကောင်းလောက်အောင် အိပ်မက်ဆန်သည့် အဖြစ်အပျက်တစ်ခုကို မျက်မြင်တွေ့ရှိလိုက်ရသည့်အလား မရေမတွက်နိုင်သောလူများ၏ မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ချက်ချင်း ကျဉ်းမြောင်းသွားကြ၏။သူတို့ အလွန်အမင်း အံ့အားသင့်သွားပြီးနောက်...အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ဧကရာဇ်သားတော်သမီးတော်များ အပါအဝင် ကျင့်ကြံသူအမြောက်အများ၏စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ဤအဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို အမှန်တကယ် သိကျွမ်းနေသလော...သူမ၏အသံသည် အေးစက်နေသော်လည်း....အရူးမဟုတ်သော မည်သူမဆို ရှင်းပြ၍မရသော စိတ်ခံစားမှုတစ်ခုကို ဝိုးတဝါး ခံစားမိနိုင်ပေ၏။သူမနှင့်ခုံးဝူတောက်အကြားရှိ ဆက်ဆံရေးသည် သာမန်မဟုတ်သည်မှာ သိသာရှင်းလင်းနေသည်။လူတိုင်း၏အကြည့်အောက်တွင်....ခုံးဝူတောက်ပင်လျှင် အချိန်တခဏကြာမျှ တွေဝေသွားပြီး အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ရှားရှားပါးပါး ပြသလိုက်သည်။သို့သော် အလွန်လျှင်မြန်စွာဖြင့် ဤပုံမှန်မဟုတ်သော စိတ်ခံစားမှုသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပေ၏။ခုံးဝူတောက်ကလည်း သူ၏နှုတ်ခမ်းထောင့်တွင် နွေဦးလေညင်းကဲ့သို့ နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို ပြသလိုက်သည်။"နန်ကုန်းရှင်းယွဲ့ မတွေ့ရတာ ကြာပြီနော်"သူ၏ တည်ငြိမ်သောအပြင်ပန်းကြောင့် လူတိုင်း လှည့်စားခြင်း ခံကြရပေမည်။အမှန်အားဖြင့် ဤတိုတောင်းသော အချိန်အခိုက်အတန့်လေးတွင် သူသည် သူ၏စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွက်ချက်ကာ ကောက်ချက်ချခဲ့ပြီး ဖြစ်ပေ၏။အခြေအနေ အလွန်နေရမခက်အောင် သူ ဘာပြောရမည်ကို သူ စဉ်းစားလိုက်သည်။မည်သို့ပင်ဆိုစေကာမူ ထျန်းဟောက်တာအိုနယ်မြေ ခရီးစဉ် ပြီးဆုံးပြီးနောက်တွင်....သူ၏ ဖခင်က သူ့ကို ထိုအကြောင်း ပြောပြခဲ့ပြီး ဖြစ်သည်။နန်ကုန်းရှင်းယွဲ့သည် သူမ၏အိပ်မောကျခြင်းမှ နိုးထလာခဲ့ပြီး သူတို့၏အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ အထူးတလည် လာရောက်လည်ပတ်ခဲ့ကြောင်းကိုပင်။ထိုအချိန်တုန်းက သူသည် ထျန်းဟောက်တာအိုနယ်မြေ၌ ရှိနေသဖြင့် သူမနှင့် မတွေ့ဆုံနိုင်ခဲ့ခြင်းသာဖြစ်သည်။သို့သော် အမှန်တရားကို သူ သိပြီးနောက် နန်ကုန်းရှင်းယွဲ့သည် သူ့ကို တွေ့ရန် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ တမင်သက်သက် လာခဲ့ကြောင်း သူ သိသော်လည်း....သူသည် သူမကိုရှာရန် တက်ကြွစွာ မလုပ်ဆောင်ခဲ့ပေ။ထိုအစား သူမက သူ့ကိုရှာရန် ခရီးဝေးတစ်ခုကို လာစေခဲ့ခြင်းဖြစ်သည်။တခြားသူသာဆိုလျှင် ခုံးဝူတောက်သည် သေချာပေါက် မထီမဲ့မြင် ပြုနေပေမည်။မည်ကဲ့သို့ အသေးအဖွဲကိစ္စမျိုးက သူကိုယ်တိုင် သွားတွေ့ရန် ထိုက်တန်သနည်းဟု သူ တွေးတောမိပေမည်။သို့ရာတွင် နန်ကုန်းရှင်းယွဲ့ ဖြစ်နေသဖြင့် အကယ်၍ သူသာ သူမကို ထိုကဲ့သို့ စိတ်သဘောထားမျိုးနှင့် ဆက်ဆံလျှင် ဤသည်က အနည်းငယ် မသင့်လျော်သကဲ့သို့ သူ ခံစားနေရသည်။ထို့ပြင် ယခု သူ လက်ပူးလက်ကြပ် မိသွားပြီဖြစ်ရာ သူ အမှန်တကယ်ကို အနည်းငယ် အနေရခက်နေပေ၏။ကောင်းကင်နှင့်မြေကြီးအကြား၌ တိတ်ဆိတ်သွားသည်။လက်ရှိနေရာရှိ လူတိုင်းသည် ယခုအချိန်သည် စကားပြောရန် အချိန်မဟုတ်ကြောင်း သိထားကြပြီး ကောင်းကင်ယံအထက်ရှိ ပုံရိပ်နှစ်ခုကိုသာ စူးစိုက်၍ ကြည့်နေကြသည်။နန်ကုန်းရှင်းယွဲ့သည် တုံ့ပြန်အဖြေမပေးခဲ့ချေ။သူမ၏ လှပပြီး လောကီနှင့်ကင်းကွာသော မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားချက်ကိုမျှ ရှင်းလင်းစွာ မပြသခဲ့ချေ။သို့သော် နန်ကုန်းရှင်းယွဲ့၏ လှပသော မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် နာကြည်းချက် အရိပ်အယောင်တစ်ခု ပုန်းအောင်းနေကြောင်းကို ခုံးဝူတောက် ရှင်းလင်းစွာ ခံစားမိသည်။"နင် ဘာလို့ ငါ့ကို လာမတွေ့ရတာလဲ"သူမ ထိုသို့ ပြောလိုက်ချိန်တွင်...နန်ကုန်းရှင်းယွဲ့၏ လှပသော မျက်လုံးများထဲရှိ နာကြည်းချက်က ပို၍အားကောင်းလာကြောင်းကို ခုံးဝူတောက် ရှင်းလင်းစွာ ခံစားနိုင်သည်။ပုံမှန်အားဖြင့် တည်ငြိမ်နေသော သူမ၏ မျက်လုံးများသည် ယခုအချိန်၌ အနည်းငယ် ပုံမှန်မဟုတ်သော လှိုင်းဂယက်တစ်ခုကို ပြသနေပေ၏။တာဝန်သည် သူ့အပေါ်၌ ရှိနေသဖြင့် ဤမေးခွန်းသည် ဖြေရခက်နေသည်မှာ အမှန်ပင်။သူ၏ ဖခင်ကလည်း ထိုစဉ်က နန်ကုန်းရှင်းယွဲ့၏ တည်နေရာကို ပြောပြခဲ့ဖူးသည်။ထိုအချိန်က သူ အလုပ်ရှုပ်နေသဖြင့် သူမကို ချက်ချင်းသွားမရှာခဲ့ခြင်းဖြစ်သည်။ခုံးဝူတောက်သည် သင့်လျော်သော ဆင်ခြေတစ်ခုရှာရန် ရုန်းကန်နေရချိန်မှာပင်...နန်ကုန်းရှင်းယွဲ့က ခုံးဝူတောက်အတွက် ဆင်ခြေ တစ်ခုကို တက်ကြွစွာ ရှာဖွေပေးခဲ့၏။"အဲ့ဒီတုန်းက နင့်မှာ လုပ်စရာတွေ ရှိနေလို့ ငါ့ကို တွေ့ဖို့ အချိန်မရခဲ့ဘူးလို့ ငါ ထင်တယ်""ကိစ္စမရှိပါဘူး... ငါ နင့်ကို အပြစ်မတင်ပါဘူး""ဘာပဲဖြစ်ဖြစ် ငါ နင့်ဆီ လာရှာတာလည်း အတူတူပဲလေ"ခုံးဝူတောက် အနည်းငယ် မှင်သက်သွားသည်။သူမက ဤကိစ္စကို လွယ်လင့်တကူ လွှတ်ပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။သို့သော် သူသည် နန်ကုန်းရှင်းယွဲ့၏ ဦးဆောင်မှုအတိုင်း လျင်မြန်စွာ လိုက်ပါခဲ့သည်။"အင်း...အဲ့ဒီတုန်းက မဟာတာအိုနဲ့ ပတ်သက်ပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်လာတာနဲ့ ငါ တံခါးပိတ် ကျင့်ကြံနေခဲ့တာ...""အစက တံခါးပိတ်ကျင့်ကြံခြင်း ပြီးသွားရင် မင်းကို လာရှာဖို့ စီစဉ်ထားတာ....ဒါပေမယ့် ကောင်းကင်ဘုံတွေ နိုးထခြင်းခေတ်က အဆင့်သစ်တစ်ခုကို ရောက်သွားပြီး နယ်နိမိတ်ပင်လယ်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး...ဒါကြောင့် ငါ့အဖေရဲ့ အမိန့်အရ ငါက အတွေ့အကြုံ ယူဖို့ နယ်နိမိတ် ပင်လယ်ကို လာခဲ့ရတာ...""နယ်နိမိတ်ပင်လယ်မှာ အတွေ့အကြုံယူတာ ပြီးသွားရင် မင်းကို လာရှာဖို့ စီစဉ်ထားတာ... ဒါပေမယ့် နန်ကုန်းရှင်းယွဲ့ မင်းက...."ထိုအကြောင်းကို ပြောဆိုရင်း ခုံးဝူတောက်၏မျက်နှာအမူအရာသည် စိတ်အနှောင့်အယှက်ဖြစ်မှု အသွင်အပြင်ကို ပြသလိုက်၏။သူ၏စိတ်နှလုံးသားထဲရှိ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုနှင့် အပြစ်ရှိသလို ခံစားရမှုတို့ကို သူ ပြီးပြည့်စုံစွာ ပြသနိုင်ခဲ့သည်။"..."ပြဇာတ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ကြသော ခုံးကျန်းယွဲ့တို့လူစူအနေဖြင့် သူတို့၏နတ်ဘုရားသားတော်အရှင် ပြောဆိုမှုများကို ကြားလိုက်ရချိန်တွင်...သူတို့သည် ခုံးဝူတောက်ထံသို့ ရှုပ်ထွေးပြီး ရှင်းပြ၍မရသော အကြည့်တစ်ချက် ပေးလိုက်ကြ၏။သူတို့သည်လည်း အရူးများ မဟုတ်ချေ။ယခင် စကားလမ်းကြောင်း အနည်းငယ်မှတစ်ဆင့် သူတို့နှစ်ဦးကြားရှိ ထူးခြားသော ဆက်ဆံရေးကို သူတို့ အတည်ပြုပြီးလေပြီ။အစပိုင်းတွင် သူတို့သည် ရုတ်တရက် ထွက်ပေါ်လာသော နန်ကုန်းရှင်းယွဲ့အပေါ် သတိထားမှုနှင့်ရန်လိုမှုများ ရှိခဲ့ကြသည်။ယခုအခါ ထိုအရာများအားလုံးသည် ယခုချိန်၌ စာနာမှုနှင့်သနားမှုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ထိုအချိန်က ဘာဉာဏ်အလင်းပွင့်မှုလဲဟု သူတို့ တွေးတောမိကြသည်။အကယ်၍ သူတို့သာ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်သမီးတော်များ မဟုတ်ခဲ့လျှင်....သူတို့သည် ခုံးဝူတောက်၏ ဆင်ခြေကြောင့် အမှန်တကယ်ကို အရူးလုပ်ခံရပေလိမ့်မည်။ထိုအချိန်က ခုံးဝူတောက်သည် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းဆီ သွားခဲ့သည်ကို သူတို့သိထားကြသည်။ထို့ပြင် သူသည် ဝေးလံသော တာအိုနယ်မြေတစ်ခုသို့ အတွေ့အကြုံယူရန် သွားခဲ့သည်ဟုလည်း ဆိုကြ၏။သူသည် ဝေးလံသော တာအိုနယ်မြေတစ်ခုသို့သွားရန် အချိန်ရှိသော်လည်း အိပ်မောကျရာမှ နိုးထလာသော သူ၏သူငယ်ချင်းဟောင်းကို သွားမတွေ့ခဲ့ချေ။ဒီဆင်ခြေက ဟာကွက်တွေအပြည့် ဖြစ်နေရုံတင်မကဘူး လုံးဝကို ခိုင်လုံမှုမရှိဘူးလေ....သူတို့ တွေးတောမိကြသည်။သို့သော် ဤဖြူစင်သော မိန်းကလေး နန်ကုန်းရှင်းယွဲ့သည် ထိုအရာကို ယုံကြည်ရုံသာမက....သူမသည် သူတို့၏ နတ်ဘုရားသားတော်အရှင်ကို အပြစ်ကင်းလွတ်စေရန် ဆင်ခြေများကိုပင် တက်ကြွစွာ ရှာဖွေပေးခဲ့သည်။ဤအရာက ဘေးလူများဖြစ်သော သူတို့ကိုပင် ခုံးဝူတောက်ကြောင့် အပြစ်ရှိသကဲ့သို့ ခံစားရစေသည်။ဖော်ပြသင့်သည့်အချက်မှာ...နန်ကုန်းရှင်းယွဲ့သည် ဖြူစင်သော မိန်းကလေး တစ်ဦး မဟုတ်ချေ။သူမသည် ထျန်းကွမ်တားမြစ်နယ်မြေ၏ ပထမ အမွေဆက်ခံသူ ဖြစ်ကာ ထိုခေတ်ကာလက ခုံးဝူတောက်နှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သော ထိပ်တန်းပါရမီရှင်တစ်ဦးပင်။သူမ၏ဉာဏ်ပညာနှင့်ထက်မြက်မှုတို့သည် သာမန်လူများထက် များစွာသာလွန်နေလေပြီ။သို့သော် ခုံးဝူတောက်၏ ရှေ့တွင် သူမသည် ပုံမှန်အားဖြင့် များစွာမစဉ်းစားတတ်ချေ။ထို့ကြောင့် အပြင်လူများအတွက် သူမသည် အနည်းငယ် ထိုင်းမှိုင်းပြီး တုံးအပုံ ပေါက်နေပေ၏။"အင်း ငါသိပါတယ်...ငါ နင့်ကို တစ်ခါမှ အပြစ်မတင်ခဲ့ပါဘူး"နန်ကုန်းရှင်းယွဲ့က တောက်ပစွာ ပြုံးလိုက်သည်။စောင့်ကြည့်နေသော ကျင့်ကြံသူ အများအပြားအတွက် ဤသည်က အစောပိုင်းဆောင်းရာသီ၏ နွေးထွေးသော နေမင်းကြီးကဲ့သို့ ဖြစ်ပြီး သူတို့၏ နှလုံးသားများကို အနည်းငယ် အရည်ပျော်သွားစေခဲ့သည်။ခုံးဝူတောက်သည်လည်း အနည်းငယ် တွေဝေသွားပေ၏။သူမ၏ပေါက်ကွဲနိုင်စွမ်းရှိသော တိုက်ခိုက်ရေး စွမ်းအားနှင့် ကောင်းကင်ကို အန်တုနိုင်သည့် ပြိုင်ဘက်ကင်း ပါရမီတို့အပြင်..နန်ကုန်းရှင်းယွဲ့သည် သူ မြင်တွေ့ဖူးသမျှထဲတွင် အလှပဆုံး အမျိုးသမီးပင်။သူမ၏ အပြစ်အနာအဆာကင်းသော အလှတရားသည် မည်သည့်သက်ရှိ၏ အမြင်တွင်မဆို ကြီးမားသော ရိုက်ခတ်မှု ရှိပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များကို ညှို့ငင်နိုင်သည်။သို့သော်....နန်ကုန်းရှင်းယွဲ့ ပြောင်းလဲသွားပုံရသည်ဟု သူ ခံစားနေရသည်။သူတို့ ပထမဆုံးတွေ့ဆုံပြီး မကြာမီ ကာလအတွင်းတွင်...နန်ကုန်းရှင်းယွဲ့သည် တွေ့ဆုံပြီးနောက် သူ့ကို များသောအားဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီး တာအိုအကြောင်း ဆွေးနွေးလေ့ရှိသည်။သို့သော် ယခုအချိန်၌ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးနောက် ပြန်လည်တွေ့ဆုံချိန်တွင်....သူ့ကို မြင်မြင်ချင်း တိုက်ခိုက်ချင်တဲ့ ခံစားချက်မျိုး ဒီမိန်းကလေးမှာ မရှိတော့ဘူးဟု သူ တွေးတောလိုက်မိသည်။ဆန့်ကျင်ဘက်အနေဖြင့် သူမ၏အမူအရာသည် အလွန်အေးစက်ပြီး တိတ်ဆိတ်သွားကာ သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် ယခင်ကထက်ပင် ပို၍နူးညံ့သိမ်မွေ့လာပေ၏။ခုံးဝူတောက် မသိသောအရာမှာ...နန်ကုန်းရှင်းယွဲ့ အိပ်မောကျရာမှ နိုးထလာပြီးနောက်...သူမ၏ဖခင်က သူမကို သတိပေးခဲ့ခြင်းပင်။"ငါ သိတယ် နန်ကုန်းရှင်းယွဲ့.... သမီးက အဲ့ဒီကောင်လေး ခုံးဝူတောက်အပေါ် ထူးခြားတဲ့ သံယောဇဉ် ရှိနေတယ် ဆိုတာကို....""သမီး ဆင်ခြေပေးနေစရာ မလိုဘူး... သမီးက ငါနဲ့အတူ လှပတဲ့ အင်မော်တယ် နယ်မြေကို မပြန်ချင်ဘဲ ခုံးဝူတောက်လိုပဲ ဒီအောက်ဘုံမှာ အိပ်မောကျနေဖို့ အတင်းအကျပ် တောင်းဆိုကတည်းက...သမီး ဘာလုပ်ချင်တယ်ဆိုတာကို အရူးတောင် သိနိုင်တယ်""ဒါပေမယ့် အဖေ တစ်ယောက်အနေနဲ့ သမီးကို သတိပေးရမယ်....ဟွမ်ထျန်းတားမြစ်နယ်မြေက အဲ့ဒီ ကောင်မလေးကလည်း ခုံးဝူတောက်ကို အရမ်း စိတ်ဝင်စားနေတယ် .. ပြီးတော့ အဲ့ဒီကောင်လေးမှာ ဘယ်လို ကိုယ်ရည်ကိုယ်သွေးမျိုးရှိလဲ ဆိုတာကို သမီး သိပါတယ်""တကယ်လို့ သမီးက ခုံးဝူတောက်နဲ့ ပုံမှန်ဆက်ဆံနေကျ နည်းလမ်းအတိုင်း တွေ့တိုင်း အမြဲတမ်း ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်တိုက်ခိုက်နေဦးမယ်ဆိုရင်....""သမီး ခုံးဝူတောက်နဲ့ ညီအစ်ကိုတွေ ဖြစ်မသွားဘူးဆိုရင် သမီးအဖေရဲ့ နာမည်ကို ပြောင်းပြန် ရေးလိုက်မယ်"
Book 21 end.