ဆာလောင်နေသော ရွှယ်လျန့်ကျစ်
Vol. 12 Ch. 186
ဝမ်ကူးဒေသကြီး၏ အတွင်းနှင့်အပြင်ရှိ ကျွန်းများ၌ဖြစ်စေ၊ မရေမတွက်နိုင်သော တားမြစ်နယ်မြေများ၌ဖြစ်စေ ထူးဆန်းသော မျိုးနွယ်အမြောက်အမြား ရှိသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထိုကဲ့သို့မျိုးနွယ်များအနက် တစ်ခုဖြစ်သည်။
ထိုမျိုးနွယ်က အဆုံးမဲ့ပင်လယ်ထဲရှိ တားမြစ်နယ်မြေ၏ အစွန်အဖျားတွင် တည်ရှိသည်။ နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်မလာခင် ခေတ်အသေင်္ချပေါင်းများစွာက ဤလောကကြီးထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် မရှိခဲ့ပေ။
နတ်ဘုရားမျက်နှာပျက်ကြီး ရောက်လာသောအခါ သူ့အရှိန်အဝါ သက်ရောက်သွားခဲ့ပြီး သက်ရှိသက်မဲ့သတ္တဝါအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။ သမိုင်းထဲမှ တချို့မျိုးနွယ်များ ပျောက်ကွယ်သွားခဲ့ပြီး တခြားမျိုးနွယ်များမှာ ရှင်သန်ရန် ရုန်းကန်ခဲ့ကြရသည်။ တချိန်တည်းမှာပင် မျိုးနွယ်အသစ်အနည်းငယ်လည်း ပေါက်ဖွားလာခဲ့သည်။
ထိုမျိုးနွယ်သစ်များအနက် တစ်ခုမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ဖြစ်သည်။
ထိုမျိုးနွယ်၌ ထူးဆန်းသော ဝိသေသလက္ခဏာများ ရှိသည်။ သူတို့က ဓာတ်နှောများကို တိုက်ရိုက် စုပ်ယူနိုင်ကြသည်။ သို့သော်လည်း သူတို့မှာ ပြန်လည်ထုတ်လွှတ်နိုင်သည့်အစွမ်း မရှိကြပေ။ သူတို့မျိုးနွယ်၏ ကြီးထွားနှုန်းနှင့် မျိုးနွယ်စုဝင်များတိုးပွားနှုန်းမှာ ထူးခြားသော နည်းလမ်းအပေါ်တွင် မူတည်သည်။
ယင်းမှာ အသွင်ပြောင်းလဲခြင်း ဖြစ်ပြီး လူသေများကို အသက်ပြန်သွင်းပေးခြင်း ဖြစ်သည်။
ပြန်လည်အသက်သွင်းခံလိုက်ရသော အလောင်းများသည် တခြားလူများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဘဝဟောင်းမှမှတ်ဉာဏ်တစ်ပိုင်းတစသာ ပိုင်ဆိုင်ထားကြသည်။ သူတို့က သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိကြသည်။ သို့သော်လည်း သူတို့ခန္ဓာကိုယ်များက လောကကြီးမှ သည်းမခံနိုင်သော ဓာတ်နှောများကို သိပ်သည်းထူထပ်စွာ ထုတ်လွှတ်ကြသည်။ တချိန်တည်းမှာပင် သူတို့ခေါင်းထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဆင့်ခေါ်သံများကိုသာ ကြားနေရသည်။
ထိုဆင့်ခေါ်သံများက သူတို့ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်နှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်လာပြီဖြစ်ကြောင်း ပြောပြပေးသည်။ သူတို့က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ပိုင်ဆိုင်သော ကျင့်ကြံခြင်းပညာရပ်များကို လေ့ကျင့်ကြသည်။ ထိုပညာရပ်များကြောင့် သူတို့က တဖြည်းဖြည်း ဉာဏ်ကောင်းလာကြပြီး ပို၍ အစွမ်းထက်လာကြသည်။
သို့သော်လည်း ထိုပညာရပ်များကို ပို၍ လေ့ကျင့်မိလာသည်နှင့်အမျှ ပို၍ ကရုဏာစိတ်ကင်းမဲ့လာကြသည်။ သူတို့အတိတ်ကို ဂရုမစိုက်ကြတော့ပေ။
ထို့ပြင် အသက်ရှင်စဉ်အခါက ကျင့်ကြံခြင်းအဆင့် မြင့်မားပါက အသွင်ပြောင်းပြီးနောက်တွင် အတိုက်အခိုက်စွမ်းရည်က ပို၍ အစွမ်းထက်လာမည်ဖြစ်သည်။ သို့သော်လည်း အသွင်ပြောင်းလဲခြင်းတွင် ကန့်သတ်ချက်များစွာ ရှိပြီး အောင်မြင်နှုန်းက မမြင့်မားပေ။ ထို့ကြောင့် ထိုမျိုးနွယ်က မျိုးနွယ်အသီးသီးအတွက် အဟန့်အတားကြီးတစ်ခု ဖြစ်မလာခဲ့ပေ။ ထူးခြားသော နည်းလမ်းတချို့ကြောင့်သာ သူတို့ ဆက်လက်အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။
ခေတ်အလီလီ ကျော်လွန်လာပြီးနောက် လူသားကျင့်ကြံသူများ၏ အလောင်းများကို အသွင်ပြောင်းပါက အောင်မြင်ရန် ရာခိုင်နှုန်း မြင့်မားသည်ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်အပေါ်တွင် သူတို့ အာရုံစိုက်ခဲ့ကြသည်။
ချီရွှဲ့ထုံဂိုဏ်းက နန်းဟွမ်ဒေသကြီးထဲတွင် တည်ရှိပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်နှင့် မနီးမဝေးတွင် တည်ရှိသည်။ ထို့ကြောင့် ထိုအင်အားစုကြီးနှစ်ခုကြား အမုန်းတရားများ တစတစ တိုးပွားလာခဲ့ပြီး စစ်ပွဲများ အကြိမ်တိုင်း ဖြစ်ပွားနေခဲ့သည်။
ယခု ရေသူမကျွန်းပေါ်မှ တိုက်ပွဲနှင့် စပ်လျဉ်း၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တပ်ဖွဲ့က အကြောက်အလန့်မရှိ ရောက်လာခဲ့သည်။ လေပွေကြီး ပြန့်ကားလာသည်နှင့်အမျှ ပေတစ်သောင်းရှည်သော မိကျောင်းကြီးက ဟိန်းဟောက်မာန်ဖီလိုက်ပြီး လေထဲသို့ ပျံတက်လာရာ ၎င်း၏ခန္ဓာကိုယ်တစ်ပိုင်း ထွက်ပေါ်လာသည်။
၎င်း၏ ခေါင်းအထက်ရှိ လူရိပ်အနည်းငယ်ကို အနက်ရောင်အဆိပ်များက ဖုံးလွှမ်းထားသည်။ ထိုအဆိပ်များသည် သိပ်သည်းထူထပ်သော ဓာတ်နှောများပင် ဖြစ်သည်။
ထိုအနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းထားခြင်းကြောင့် သူတို့၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူတို့၏ နီမြန်းနေသော မျက်လုံးများနှင့် ရေသူမဘိုးဘိုးအောက် မနိမ့်ကျသည့် ကျင့်ကြံခြင်းအဆင့် အငွေ့အသက်များကိုသာ မြင်နိုင်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ရောက်လာသည်ကို သတိထားမိပြီးနောက် ရေသူမဘိုးဘိုးက တဟားဟား ရယ်မောလိုက်သည်။
“ ကျိန့်ခိုင်ယီ၊ မင်းဂိုဏ်းက ဘာတွေဝှက်ထားသေးတုံး ငါ မြင်ချင်တယ်ဟေ့ ”
“ ဒါဆို သေချာကြည့် ”
သတ္တမမြောက်သခင်ကြီး၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူက သာမန်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်၍ ဓာတ်နှောများ ဝန်းရံလျက် ကြောက်မက်ဖွယ် အရှိန်အဝါများဖြင့် ပေါ်လာနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထံသို့ ပစ်လွှတ်လိုက်သည်။
ထိုကျောက်စိမ်းပေလွှာက ပေါ့ပါးစွာ ပျံသန်းသွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တပ်ဖွဲ့ထံ ရောက်လုရောက်ဆဲအချိန်တွင် အလိုလိုအက်ကွဲသွားသည်။
၎င်း ကွဲထွက်သွားသည်နှင့် မိုးခြိမ်းသံများ တဝုန်းဝုန်းမြည်ဟည်းလာပြီး ကောင်းကင်ကြီး တုန်ဟီးသွားသည်။
ကောင်းကင်တစ်ခုလုံး ချိုင့်ဝင်ကာ အက်ကွဲကြောင်းများ ပေါ်လာသည်။
ထိုအက်ကွဲကြောင်းများက နဂါးများနှင့် မြွေများအလား ကောင်းကင်ဝေဟင်တစ်လျှောက် ပျံ့နှံ့သွားလေရာ ကောင်းကင်ကြီးကို မမြင်နိုင်သော စုတ်တံတစ်ချောင်းဖြင့် ဆေးခြယ်နေသည့်အလားပင်။
ထိုအက်ကွဲကြောင်းများက တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားပြီး ကောင်းကင်ကြီးထဲတွင် ဧရာမအရိပ်ကြီးတစ်ခု ဖြစ်လာသည်။
ယင်းက အဘိုးအိုတစ်ယောက်ပင်။
သူက ကောင်းကင်ကြီးနှင့် ရောယှက်နေသည့်အလားပင်။ သူက မျက်နှာသေကြီးဖြင့် အောက်ရှိ သက်ရှိသက်မဲ့သတ္တဝါများကို စူးစိုက်ကြည့်လိုက်သည်။
သူ၏အကြည့်ကြောင့် ပင်လယ်ကြီးတစ်ခုလုံး လှိုင်းထန်သွားသည်။ ပင်လယ်ကြမ်းခင်းရှိ သတ္တဝါများသည်ပင် ပုန်းအောင်းသွားကြ၏။ ပင်လယ်သတ္တဝါအားလုံး တုန်ရီနေပေသည်။
သူ၏ အကြည့်ကြောင့် ရေသူမဘိုးဘိုးသည်လည်း သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး သူ့မျက်လုံးများထဲတွင် ကြောက်လန့်စိတ်များ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး ဒူးထောက်ချလိုက်လေသည်။
သူ၏အကြည့်ကြောင့် ပေတစ်သောင်းရှည်သော အပြင်ဘက်သို့ ကိုယ်တစ်ပိုင်းထွက်နေသည့် မိကျောင်းကြီးသည်လည်း စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။ ၎င်း၏ ပုပ်ပွနေသော ခန္ဓာကိုယ်က မြန်ဆန်စွာ ဆွေးမြေ့လာနေပါသော်လည်း ၎င်းမှာ မလှုပ်ရှားဝံ့ချေ။
၎င်း၏ခေါင်းပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ပညာရှင်များစွာသည်လည်း ထိန်းမနိုင်သိမ်းမရ တုန်ရီနေကြသည်။
သူတို့အားလုံး သွေးများ အန်ထုတ်လိုက်ကြ၏။
သူတို့တပ်ဖွဲ့ကြီးထဲမှ အများစုမှာ တစ်ခါတည်း ပေါက်ကွဲသွားသည်။
“ ဘိုးဘိုးကို ကြိုဆိုပါတယ် ”
သတ္တမမြောက်သခင်ကြီးက အသက်ပြင်းပြင်းရှူသွင်း၍ ကောင်းကင်ရှိ အက်ကွဲကြောင်းများမှ ဖြစ်ပေါ်လာသော ဘိုးဘိုးကို လေးစားစွာ အရိုအသေပေးလိုက်သည်။
ဘေးပတ်လည်ရှိ တခြားအကြီးအကဲများနှင့် အခြေတည်အဆင့်ကျင့်ကြံသူများသည်လည်း သူ့နည်းတူ ခေါင်းများငုံ့ကာ ကျယ်ကျယ်လောင်လောင် နှုတ်ဆက်လိုက်ကြသည်။
သူတို့ နှုတ်ဆက်လိုက်သည့်အခိုက် ကောင်းကင်ယံရှိ ချီရွှဲ့ထုံဂိုဏ်းစောင့်ဘိုးဘိုးက ရုတ်ခြည်း လူးလွန့်လှုပ်ရှားလာသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဖြစ်စေသည့် မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ကောင်းကင်မှ ခွဲထွက်ကာ အနီရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းတို့က ပရမ်းပတာဖြစ်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထံသို့ ပြေးဝင်သွား၏။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူများမှာ မျက်စိမျက်နှာပျက်သွားကြစဉ် ထိုအနီရောင်အမျှင်တန်းများက သူတို့ကို လွှမ်းခြုံကာ ထိုးဖောက်သွားသည်။ ထိုအမျှင်တန်းများ ထိုးဖောက်သွားသည်နှင့်တစ်ပြိုင်နက် သက်စောင့်အားများသာမက အရာအားလုံးကို ဝါးမျိုပစ်လိုက်သည့်အလား သူတို့အားလုံး ညှိုးနွမ်းခြောက်ကပ်သွားသည်။
တစ်ခဏလေးအတွင်း ပေတစ်ထောင်ရှည်သော မိကျောင်းကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ၎င်း၏ခေါင်းထက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ပညာရှင်အများအပြားသည်လည်း ခန္ဓာကိုယ်များ ညှိုးနွမ်းခြောက်ကပ်ကာ သေဆုံးသွားကြသည်။
၎င်း၏ ကျောပေါ်မှ တပ်ဖွဲ့ကြီးသည်လည်း ထိုကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အနီရောင်အမျှင်တန်းများအောက်တွင် သူတို့အားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွား၏။
သုတ်သင်ရှင်းလင်းခြင်းက တခဏလေးအတွင်း ပြီးပြတ်သွားခဲ့သည်။ သို့ပါသော်ငြား ထိုအမျှင်တန်းများက ရပ်တန့်ခြင်းမရှိဘဲ ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ထွက်လာခဲ့သည့် လေပွေကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ထိုနေရာက ၎င်း၏ ပစ်မှတ်ဖြစ်သည့်အလားပင်။
ထိုလေပွေကြီး ပိတ်ချင်ပါသော်လည်း နောက်ကျသွားခဲ့သည်။ ၎င်း မပိတ်ခင် မရေမတွက်နိုင်သော အနီရောင်အမျှင်တန်းများက အရူးအမူး ဝင်ရောက်သွားကြသည်။
ထို့နောက် လေပွေကြီး ပျောက်ကွယ်သွားသည်။ သို့သော်လည်း လေပွေကြီး၏ တခြားတစ်ဖက်က အလွန် ဆိုးဝါးသော အခြေအနေသို့ ရောက်သွားမည်ဖြစ်ကြောင်း စိတ်ကူးဖြင့်မှန်းဆကြည့်နိုင်သည်။
ယခုအခါ လေပွေနှင့် အနီရောင်အမျှင်တန်းများ ပျောက်ကွယ်သွားပြီဖြစ်၍ ကောင်းကင်ကြီး ပြန်လည်ကြည်လင်လာသည်။ ပင်လယ်ကြီးသည်လည်း ဘာမှမဖြစ်ခဲ့သည့်အလား လှိုင်းများ ပုံမှန်အတိုင်း ရိုက်ခတ်လာသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ခြောက်ကပ်နေသော အလောင်းများသည်သာ မိုးရေစက်များအလား ပင်လယ်ပြင်ပေါ် တဖွဲဖွဲ ကျသွားသည်။
“ ဘယ်လိုသဘောရတုံး ”
သတ္တမမြောက်သခင်ကြီးက ဒူးထောက်ကာ တုန်ရီနေဆဲဖြစ်သော ရေသူမဘိုးဘိုးကို ကြည့်လိုက်သည်။
“ အဆင့်တက် … ချီရွှဲ့ထုံဂိုဏ်းစောင့်ဘိုးဘိုး ရွှယ်လျန့်ကျစ် အဆင့်တက်သွားပြီ။ ကျိန့်ခိုင်ယီ … မင်းတို့ချီရွှဲ့ထုံဂိုဏ်းရဲ့ ပစ်မှတ်က ငါတို့ ရေသူမမျိုးနွယ်မဟုတ်ဘူး။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပဲ ”
ရေသူမမျိုးနွယ်ဘိုးဘိုး၏ မျက်လုံးများထဲတွင် စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်နေသည်။
ဘေးရှိ ရေစက်များ၏ လွှမ်းခြုံခြင်းခံထားရသော အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူသည်လည်း တစ်ကိုယ်လုံး အရည်ပျော်သွားတော့မည့်အလား ခံစားနေရသည်။ မူလက သူ၏ အေးတိအေးစက်အမူအရာများနေရာတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများက အစားထိုး နေရာယူလာသည်။
“ မင်းက ဦးနှောက်တော့ ရှိသေးတာပဲ။ ရေသူမမျိုးနွယ်လေးအတွက်နဲ့ ကျုပ်ဂိုဏ်းက အားအင်စိုက်ထုတ်နေဖို့ မလိုပါဘူး။ ဘိုးဘိုးက အဆင့်တက်တော့မှာဆိုတော့ သိပ်ဆာနေလို့သာ မင်းတို့ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပေါ်လာအောင် ငါးစာအနေနဲ့ အသုံးချလိုက်တာပဲ ”
“ ဘိုးဘိုး အဆင့်တက်ပြီး ဆာလောင်တာပျောက်အောင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို သွေးဆောင်ပေးတဲ့ မင်းတို့မျိုးနွယ်ကိုလည်း ကျုပ် ကျေးဇူးတင်ရမယ် ”
“ ကဲ … ပြိုင်ပွဲကြီး ဆက်မယ်ဟေ့ ”
သတ္တမမြောက်သခင်ကြီးက ရေသူမဘိုးဘိုးနှင့် အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူကို လိပ်လိုက်ပြီး အတောင်ပံကြီးပေါ်သို့ တက်ကာ စိတ်အေးလက်အေးဖြင့် ထိုင်လိုက်သည်။
အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်ကို ကြည့်ရှုစစ်ဆေးရန် သူ အတင်းအကြပ် ဖွင့်မနေတော့ပေ။ မူလကတည်းက အဆိပ်ကောင်များကို မွေးမြူခြင်းဖြစ်ပေရာ အခက်အခဲအနည်းငယ် ထပ်ပေါင်းထည့်လိုက်ရုံသည်က သူ့တပည့်များကို ပို၍ပင် အစွမ်းထက်သွားစေပေလိမ့်မည်။ ထို့ကြောင့် မည်မျှပင် အခြေအနေဆိုးနေပါစေ သူ ဂရုမစိုက်ပေ။
“ ဝံပုလွေပေါက်လေးတွေက ချမ်းသာဖို့ အဲဒီကို လာတာပဲ။ ဘာမှကြည့်စရာမရှိပါဘူး ”
တချိန်တည်းမှာပင် ကျူးယင်ကျွန်းပေါ်ရှိ ငါးအရိုးမြို့ထဲ၌ ရွှီချင်းသည် အခြေတည်အဆင့်စေတီသို့ တဟုန်ထိုး သွားနေရင်း ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်သည်။ အပြင်ဘက်လောကကြီးကို သူ မမြင်ရဘဲ သူ မြင်ရသမျှမှာ အမှောင်ထုကြီးသာ ဖြစ်သည်။
ယင်းမှာ ရေသူမမျိုးနွယ်၏ မန္တန်အစီအရင်က ချီရွှဲ့ထုံဂိုဏ်း၏ ခရမ်းရောင်ပင်လယ်ကို အရည်ပျော်အောင် လုပ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ ခရမ်းရောင်ပင်လယ် တဖြည်းဖြည်း လွင့်ပျယ်လာသည်နှင့်အမျှ ဖိနှိပ်ခြင်းများသည်လည်း လျော့တိလျော့ရဲဖြစ်လာသည့် လက္ခဏာများ ပြသလာသည်။ ယင်းကြောင့် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။
“ ငါ အရှိန်တင်မှရမယ် ”
ရွှီချင်းက ပျံသန်းစေနိုင်သော အဆောင်ကို ချက်ချင်း ထုတ်၍ သူ့ခြေထောက်တွင် ထားလိုက်သည်။ သူ၏အရှိန်က မြင့်တက်သွားပြီး သက်တန့်အသွင်ပြောင်း၍ အခြေတည်အဆင့်စေတီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။
အသက်ရှူချိန်သုံးဆယ်အတွင်း စေတီသို့ သူ ရောက်သွားသည်။ စေတီပတ်လည်တွင် ရေသူမခုနစ်ဆယ်ကျော်ကို သူ မြင်လိုက်ရသည်။
ရွှီချင်းက ရှေ့မှ ပေတစ်ရာမြင့်သော အခြေတည်အဆင့်စေတီကြီးကို လှမ်းကြည့်လိုက်သည်။ သိသာစွာပင် ထိုကျင့်ကြံသူများက စေတီထဲမှ လူများကို ကာကွယ်နေပြီး စေတီထဲရှိ ကျင့်ကြံသူများ၏ အဆင့်အတန်းက သာမန်မဟုတ်သည်မှာ သိသာသည်။
ထိုနေရာတွင် ချီရွှဲ့ထုံဂိုဏ်းသား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်လည်း ရှိနေပြီး သူတို့အားလုံးတွင် လင်းရှီမီးအိမ်ကို အရယူရန် စိတ်ကူးကိုယ်စီ ရှိနေကြသည်။ လင်းရှီမီးအိမ်၏ တန်ဖိုးကလည်း ဝိညာဉ်ကျောက်တုံးငါးသိန်း မဟုတ်ပါလား။
သူတို့က တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်နေကြပြီး မြေပြင်ပေါ်တွင် ချီရွှဲ့ထုံဂိုဏ်းသားအလောင်းများနှင့် ရေသူမအလောင်းများ ရှိနေသည်။
သွေးညှီနံ့က ထောင်းခနဲ ပျံ့လွင့်နေပြီး သွေးညှီနံ့ကို အသားမကျသူများအတွက် ပျို့အန်သွားစေနိုင်သည်။ သို့သော်လည်း သွေးညှီနံ့ကို အသားကျနေသူများအတွက် သွေးဆာသောခံစားချက်များ အလိုလို ပေါက်ဖွားလာပေလိမ့်မည်။
ရုတ်တရက် ရောက်လာသော ရွှီချင်းက နှစ်ဖက်စလုံး၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ သို့သော်လည်း သူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် ရွှီချင်းက ပျံသန်းစေနိုင်သော အဆောင်နှင့် သူ၏အရှိန်ကို ပေါင်းစပ်၍ အခြေတည်အဆင့်စေတီ၏ ထိပ်သို့ ရိပ်ခနဲ ပြေးတက်သွားသည်။
ဘေးပတ်လည်မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ တိုက်ပွဲထဲ ဝင်ပါခဲ့ကြသော ရေသူမဒါဇင်ခန့်က သူ့ကို ဟန့်တားရန် ချက်ချင်း ပြေးတက်လာကြသည်။
ထိုသူများထဲတွင် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရ၍ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသူတစ်ယောက်လည်း ပါသည်။ သူက ရွှီချင်းကို ဒေါသတကြီး ကြည့်၍ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။
သူ့နောက်မှ ခက်ရင်းခွကို ကိုင်ဆောင်ထားသော ရေသူမရုပ်ထုကြီးတစ်ခု ပေါ်ထွက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံး နက်မှောင်နေပြီး သွေးဆာနေသည့်အသွင်ဖြင့် ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။ တချိန်တည်းမှာပင် တခြားရေသူမများသည်လည်း မန္တန်များစီရင်၍ ရွှီချင်းကို အဖက်ဖက်မှ ဝန်းရံပိတ်ဆို့လိုက်သည်။
ထို့ပြင် ဘေးပတ်လည်မှ ချီရွှဲ့ထုံဂိုဏ်းသားများ၏ အကြည့်များသည်လည်း အေးစက်သွားသည်။ သူတို့အားလုံးက ဝှက်ဖဲများကို အသုံးချ၍ အခြေတည်အဆင့်စေတီ၏ ထိပ်သို့ အလျင်အမြန် ပြေးတက်သွားကြသည်။ ရွှီချင်းအပေါ် ရေသူမများ အာရုံစိုက်နေသည်ကို သူတို့ အခွင့်အရေး ယူချင်နေသည်မှာ သိသာသည်။
ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ ဤနေရာသို့ သူ ရောက်ကတည်းက ယခုတစ်ခေါက် လင်းရှီမီးအိမ်ကို လုယူသည့်လူမှန်သမျှ လက်စတုံးပစ်ရန် သူ ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ခေါင်းအထက်တွင် အနက်ရောင်ဝင်းလက်သွားပြီး သူ၏မှော်လှေကြီး ပေါ်ထွက်လာသည်။
ပေရာချီရှည်သော မှော်လှေကြီးက ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပြီး တခြားဂိုဏ်းသားများ၏ လှေများနှင့် ကွဲပြားစွာ လွင့်မျောနေသည်။
၎င်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှီချင်းက မန္တန်လက်ကွက်များ ဖော်လိုက်ရာ မိကျောင်းလိပ်ပုံစံမှော်လှေကြီး၏ ခြေထောက်လေးဖက်က ချက်ချင်း အောက်သို့ဆင်းသက်သွားသည်။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ သံတိုသံစပေါင်း ထောင်ချီက မုန်တိုင်းတစ်ခုအသွင်ဖြင့် အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်လာသည်။
မုန်တိုင်းအတွင်းရှိ ရေသူမများမှာ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ အခြေတည်အဆင့် ရေသူမသည်ပင် အထိတ်တလန့်ဖြစ်သွားကာ ကမန်းကတမ်း နောက်ဆုတ်လိုက်ပါသော်လည်း မုန်တိုင်း၏ လှဲကျင်းတိုက်ခတ်ခြင်း ခံလိုက်ရသည်။
သူ့ထံမှ စူးစူးအော်ဟစ်သံ ထွက်ပေါ်လာပြီး သူ၏အသွေးအသားများ စုတ်ပြဲသွားသည်။ ထိုစဉ် ဓားမြှောင်တစ်လက် ရွေ့လျားလာကာ သူ၏လည်ပင်းကို လှီးဖြတ်သွားသည်။
ချီရွှဲ့ထုံဂိုဏ်းသားများသည်လည်း မလွတ်မြောက်သွားခဲ့ပေ။ နတ်ရတနာကို လုယူရန် သူတို့ ဆုံးဖြတ်ချက်ချလိုက်ကတည်းက ရွှီချင်းမှာ အလျော့ပေးရန် အစီအစဉ်မရှိတော့ပေ။ ယခုအခါ အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး စေတီအပြင်ဘက်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပေ။
ရွှီချင်းက ရပ်မသွားဘဲ အခြေတည်အဆင့်စေတီ၏ ထိပ်သို့ ဆက်လက်တက်သွားသည်။
ထိုနေရာရှိ အက်ကွဲကြောင်းမှတစ်ဆင့် တရားထိုင်နေသော ရေသူမနွယ်ဝင်ကျင့်ကြံသူနှင့် ထိုကျင့်ကြံသူဘေးရှိ လင်းရှီမီးအိမ်ကို သူ မြင်လိုက်ရသည်။
ထိုမီးအိမ်၏ပုံစံက ထူးဆန်းပြီး ထီးတစ်လက်ကို ပက်လက်လှန်ထားသည့်အသွင်နှင့် ဆင်တူပြီး ထီးလက်ကိုင်ရိုးက မီးစာဖြစ်သည်။
၎င်း၏ အဝါရောင်မှိန်ဖျော့ဖျော့အလင်းက လူငယ်လေးကို လွှမ်းခြုံ၍ ကာကွယ်ပေးထားသည်။