← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) - ထိတ်လန့်ဖွယ် တုံ့ပြန်မှု

ကျိုးရီသည် အံကိုတင်းတင်းကြိတ်ကာ လက်သီးကို လွှဲပစ်လိုက်သည်။ သို့သော် သူ့အနီးသို့ ပုဆိန်ရောက်လာချိန်တွင် ဘယ်ဘက်သို့ ရုတ်တရက် ကွေ့ထွက်သွားသည်ကို တွေ့လိုက်ရ၏။

'သူ လွဲသွားတာလား'

ထိုအတွေး ခေါင်းထဲဝင်လာချိန်မှာပင် သံမဏိချင်း ရိုက်ခတ်သံတစ်ခုနှင့်အတူ ကြီးမားလှသော အားတစ်ရပ်က ကျိုးရီကို ဝင်တိုက်သွားလေသည်။ ထိုအရှိန်ကြောင့် သူ ဘယ်ဘက်သို့ ယိုင်ကျသွားရ၏။

ကံကောင်းထောက်မစွာဖြင့် ကျိုးရီမှာ ခန္ဓာကိုယ်ကို အနည်းငယ် ထိန်းချုပ်နိုင်နေသေးသည်။ ထို့ကြောင့် သူ ဘေးဘက်သို့ ယိုင်ကျသွားချိန်တွင် ဘေးတိုက်လှိမ့်ချလိုက်ရင်း ပေါက်ကွဲသံထွက်ပေါ်လာရာ ဇာစ်မြစ်ကို ကြည့်ရှုနိုင်သွားပေသည်။

သူ ရပ်နေသည့်နေရာမှ အနီရောင်အရိပ် ပျောက်ကွယ်သွားသည့်လားရာအထိ ရှည်လျားသော မြောင်းကျဉ်းလေးတစ်ခု ဖြစ်ပေါ်နေသည်ကို သူ မြင်လိုက်ရသည်။

ထိုမြောင်းထဲတွင် အပင်တစ်ပင်၏ အမြစ်နှင့်တူသော အစိမ်းရောင်အရာဝတ္ထုတစ်ခု ရှိနေ၏။ သို့သော် ထိုအရာ၏ ချောမွေ့နေသော အနေအထားကို ကြည့်ခြင်းအားဖြင့် သစ်ကိုင်းတစ်ခုနှင့် ပိုတူနေလေသည်။

ကျိုးရီသည် ထိုအစိမ်းရောင်အရာဝတ္ထု လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။ ၎င်းက နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မီးခိုးငွေ့များ ထွက်နေဟန်ရှိသော ၃၀ စင်တီမီတာခန့်ရှိမည့် ကြာပွတ်ရိုက်ရာ မြောင်းတစ်ခုကို ကျန်ရစ်စေခဲ့သည်။

ဟယ်ရှန်း၏ ပုဆိန်မှာမူ ထိုမြောင်း၏ မြေကြီးထဲတွင် နစ်ဝင်နေပြီး မှေးမှိန်သော အက်ကွဲကြောင်းများနှင့် မီးခိုးငွေ့များ ထွက်ပေါ်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျိုးရီ တံတွေးမျိုချလိုက်မိသည်။ အကယ်၍ ထိုတိုက်ခိုက်မှုသာ သူ့ကိုထိမှန်သွားပါက သူ၏ခြေထောက်တစ်ချောင်းလုံး လုံးဝပြတ်ထွက်သွားမည်မှာ သေချာသလောက်ပင်။

"မင်း အဲဒီမှာ ကြောင်တောင်တောင်နဲ့ ဆက်လှဲနေဦးမှာလား။ ဒါမှမဟုတ် နောက်ထပ်တိုက်ခိုက်မှုအတွက် ပြင်ဆင်မှာလား။ နောက်တစ်ကြိမ်တော့ ငါ မကယ်တော့ဘူးနော်"

ဟယ်ရှန်း၏ အေးစက်စက်အသံက ကျိုးရီကို ဝေခွဲမရဖြစ်နေသော အခြေအနေမှ ဆွဲထုတ်လိုက်၏။

"မင်းတို့နှစ်ယောက်လည်း အခု ထလို့ရပြီ"

ဟယ်ရှန်းက ထပ်ပြောလိုက်လေသည်။

အဖြစ်အပျက်တစ်ခုလုံးသည် ဆယ်စက္ကန့်ထက်ပင် ပိုမကြာခဲ့ချေ။ သို့သော် ဟယ်ရှန်းအပါအဝင် ထိုနေရာရှိ လူအားလုံးမှာ အသက်ကို ပြင်းပြင်းရှူနေရသည်။

မိန်းကလေးနှစ်ဦးသည် သတိကြီးစွာထား၍ မတ်တပ်ရပ်လိုက်ကြပြီး ကျိုးရီနှင့် ဟယ်ရှန်းတို့၏ နောက်ဘက်မှနေ၍ ကာကွယ်ရေးအနေအထားကို ပြင်ဆင်လိုက်ကြ၏။

ကျိုးလီချင်းသည် ညာဘက်လက်ထဲတွင် အမည်းရောင်ကျောက်စရစ်ခဲ အနည်းငယ်ကို ကိုင်ဆုပ်ထားကာ ယုမေ၏အရှေ့တွင် ရပ်နေသည်။ ကျိုးရီ၏ လက်ထဲတွင်လည်း ထိုကျောက်စရစ်ခဲများ ရှိနေလေသည်။

ထိုကျောက်စရစ်ခဲများသည် နှစ်တစ်ရာ သံမဏိကျောက်စရစ်ခဲများဖြစ်ပြီး ယန်ချင်း၏တူများ လာရောက်လည်ပတ်စဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းကျောက်စရစ်ခဲများသည် သာမန်နံရံတစ်ခုကို ဖောက်ထွင်းနိုင်လောက်သည်အထိ မာကျောသောကြောင့် အစွမ်းထက်သော တုံးတိတိလက်နက်များ ဖြစ်လာခဲ့သည်။

ယန်ချင်း၏တူများ ပြောပြချက်အရ ပစ်ပေါက်လိုက်သောအားသာ မှန်ပါက ချီသန့်စင်ခြင်းနယ်ပယ်ရှိ လူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။

သူတို့တစ်ယောက်စီတွင် ထိုကျောက်စရစ်ခဲလေးခဲစီ ပါရှိကြသည်။ ကျောက်ခဲတစ်ခဲစီသည် နှစ်လက်မအရွယ်အစားခန့်သာ ရှိသော်လည်း ၅ ကီလိုဂရမ်စီ အလေးချိန်ရှိသောကြောင့် ထို့ထက်ပို၍ မသယ်ဆောင်နိုင်ကြပေ။

သူတို့၏ ကြေးဝါခန္ဓာကိုယ်အဆင့် ကျင့်ကြံခြင်းဖြင့်ပင်လျှင် ၅ ခဲထက်ပို၍ သယ်ဆောင်ပါက လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေလိမ့်မည်။

လက်ရှိတွင် သူတို့သုံးဦးလုံး လေးခဲစီ ကိုင်ဆောင်ထားကြပြီး ပိုနေသည့် တစ်ခဲကိုမူ ဟယ်ရှန်းကို ပေးထားကြသည်။

ယုမေမှာမူ မည်သည့်ဝန်မျှ မပါရှိသော်လည်း သူတို့နောက်သို့ လိုက်နိုင်ရန်ပင် ရုန်းကန်နေရသောကြောင့် သူမအား မပေးထားခြင်း ဖြစ်လေသည်။

ဟယ်ရှန်းမှလွဲ၍ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်နေကြသည်ကို အထင်အရှား မြင်တွေ့နိုင်ပြီး အထူးသဖြင့် မိန်းကလေးနှစ်ဦးမှာ ပို၍ဆိုးရွားနေသည်။

ကျိုးရီ မျက်လုံးထောင့်မှနေ၍ အကဲခတ်ကြည့်လိုက်ရာ သူတို့၏ ဦးခေါင်းထက်တွင် ဆံပင်များ အခွဲခံထားရသကဲ့သို့ ချောမွေ့သော မျဉ်းကြောင်းတစ်ခုကို မြင်လိုက်ရ၏။

ထိုလိမ္မော်ရောင်အရိပ်သည် မည်သည့်အရာပင်ဖြစ်စေကာမူ ရှောင်တိမ်းရန် တစ်စက္ကန့်မျှ နောက်ကျသွားခဲ့လျှင်ပင် သူတို့၏ ဦးရေပြားအား ဖောက်ထွင်းသွားမည်မှာ သေချာပေသည်။

သူတို့၏ ဦးရေပြားပေါ်ရှိ သွေးကွက်ငယ်များကိုပင် ကျိုးရီ မြင်တွေ့နေရလေသည်။

လက်ရှိအချိန်တွင် မိန်းကလေးနှစ်ဦးလုံးသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့်အရေးကို ဘေးဖယ်ထားပြီး သေမင်းနှင့် မည်မျှနီးကပ်နေပြီဖြစ်ကြောင်းကိုသာ ခံစားလိုက်ရသည်။ သူတို့နှစ်ဦးလုံး၏ လက်များမှာ တုန်ယင်နေကြ၏။

သို့ရာတွင် သူတို့သည် အကြောက်တရားကို အတင်းအကျပ် မျိုသိပ်ထားကာ တိုက်ခိုက်မှုနှစ်ခုလုံး ထွက်ပေါ်လာရာ ဇာစ်မြစ်ဖြစ်သော ညာဘက်သို့ စိုက်ကြည့်နေကြသည်။

ထိုအရပ်မျက်နှာတွင် မွှေးကြိုင်သော ပန်းဖြူလေးများ ပွင့်လန်းနေသည့် ဖိုသာဂီလာချုံနွယ်များ အစုလိုက်ပေါက်ရောက်နေလေသည်။

သို့သော် ထိုနေရာနှင့် လိုက်ဖက်သလိုလို၊ မလိုက်ဖက်သလိုလို ဖြစ်နေသည့် အရာတစ်ခုရှိနေပြီး ၎င်းမှာ သာမန်ဟုထင်ရသော မိုးမခပင်အိုကြီးတစ်ပင်ပင် ဖြစ်၏။

၎င်း၏အရွက်များမှာ မီးခိုးရောင်သန်းကာ ဖြူဖျော့ဖျော့ဖြစ်နေပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်တည်လျက် လေပြေညင်းနှင့်အတူ ငြိမ်းချမ်းစွာ ယိမ်းနွဲ့နေပေသည်။

သို့ရာတွင် အပြင်ပန်း၌ မြင်ရသကဲ့သို့ ငြိမ်းချမ်းပြီး သာမန်မဟုတ်ကြောင်းကိုမူ ကျိုးရီ သိရှိထားလေသည်။

ဟယ်ရှန်းသာ ဝင်မကူညီခဲ့လျှင် သူ၏ခြေထောက်ကို ဖြတ်တောက်ပစ်လုနီးပါးဖြစ်ခဲ့သော စပျစ်နွယ်ပင်သည် ထိုသစ်ပင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။

သို့သော် ကျိုးရီသည် မိုးမခပင်ထဲတွင် အနီရောင်နှင့်ပတ်သက်သော မည်သည့်အရာကိုမျှ မတွေ့ရချေ။

'အဲဒီလိမ္မော်ရောင်အရိပ်က ဘာကြီးလဲ'

သူသည် ဖိုသာဂီလာချုံနွယ်များကို သံသယမ၀င်ဘဲ မနေနိုင်တော့ပေ။ ထိုဧရိယာအတွင်း အနီရောင်ပါရှိသည့် တစ်ခုတည်းသော အရာများမှာ ၎င်းတို့သာလျှင် ဖြစ်၏။

သူတို့ကို တိုက်ခိုက်ခဲ့သော အရာသည် မည်သည့်အရာပင်ဖြစ်စေကာမူ ထိုချုံနွယ်များအတွင်းမှ စတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သူ မခံစားဘဲ မနေနိုင်တော့ချေ။

"ရုတ်တရက်ကိုက်တတ်တဲ့ မိုးမခပင်နဲ့မှ လာတိုးရတယ်လို့၊ ကံကလည်းဆိုးလိုက်တာဗျာ"

ဟယ်ရှန်းက သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤသို့ပြောလိုက်စဉ် သူ၏အကြည့်များက ယုမေအပေါ်တွင် အနည်းငယ် ရပ်တန့်သွားရာ သူမသည် ဟယ်ရှန်း၏ အကြည့်များနောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်သွားသောကြောင့် အရှုံးပေးသည့်ဟန်ဖြင့် ပြုံးရုံသာ ပြုံးနိုင်တော့သည်။

"ဟယ်ရှန်း... ဟိုလိမ္မော်ရောင်အရိပ်က..."

ကျိုးရီ အသတိထားဆုံးအရာမှာ ထိုအရာပင် ဖြစ်လေသည်။ သူသည် ၎င်းကို မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်ခဲ့ချေ။ သူ သတိလက်လွတ်ဖြစ်သွားခြင်း ဖြစ်နိုင်သော်လည်း ၎င်း၏အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှသည်။

သတိထားနေလျှင်ပင် ထိုမျှလောက် လျင်မြန်သောအရာကို သူ ကာကွယ်နိုင်ပါမည်လားဟု သံသယဝင်မိသည်။

"အဲဒါက အနီရောင်သရဖူ နှုတ်သီးရှည်ငှက်လေးပဲ။ ပြီးတော့ အဲဒီငှက်က ဟိုမိုးမခပင်ပေါ်မှာနေတဲ့ အကောင်တွေထဲက တစ်ကောင်ဖြစ်နေတယ်လေ”

“ဒါကြောင့်မို့လို့လည်း ငါတို့ရဲ့ လက်ရှိအခြေအနေကို တွေးမိပြီး စိတ်ညစ်သွားတာ"

"ငါတို့က ပြိုင်ဘက်လေးကောင်နဲ့ ရင်ဆိုင်ရဖို့ အလားအလာရှိတယ်။ တကယ်လို့များ မိုးမခပင်ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ငါးကောင်ဖြစ်သွားပြီ..."

ဟယ်ရှန်းက မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ထို့နောက် ပြောပြောဆိုဆိုဖြင့် လေးကြိုးပေါ်သို့ မြှားသုံးစင်းကို ထပ်မံတင်လိုက်ပြီး ကျန်သူများကလည်း သူတို့၏ ကျောက်စရစ်ခဲများကို အသင့်ပြင်ထားလိုက်ကြ၏။

သူတို့သည် တိုက်ခိုက်သူနှစ်ဦးထံမှ သေဘေးကို သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်လေသည်။ စွမ်းရည်တူသည့် နောက်ထပ်ပြိုင်ဘက်သုံးဦးကို ရင်ဆိုင်ရမည်ဟူသော အတွေးက သူတို့၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှု မျိုးစေ့များကို အမြစ်တွယ်သွားစေခဲ့သည်။

ဟယ်ရှန်းသည် လက်ရှိအခြေအနေကို သတိမပြုမိဟန်ဖြင့် သူ၏ ရှင်းပြချက်ကို ဆက်ပြောလေ၏။

"သူတို့က ဒီမှာရှိမယ်ဆိုပြီး အာမခံလို့တော့ မရဘူး။ ဒါပေမဲ့ ရုတ်တရက်ကိုက်တတ်တဲ့ မိုးမခပင်မှာ များသောအားဖြင့် အနီရောင်သရဖူ နှုတ်သီးရှည်ငှက်၊ မီးခိုးရောင်မြူသစ်ပင်ဖား၊ အနက်ရောင်စိမ်းလန်းဖြူကောင်နဲ့ ညှိုးနွမ်းပိုးကောင်တို့ နေထိုင်လေ့ရှိကြတယ်..."

ဟယ်ရှန်းသည် မိုးမခပင်အား ထူးဆန်းသော လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမရှိ သတိကြီးစွာ အကဲခတ်ရင်း ရုတ်တရက် ရပ်တန့်လိုက်ချိန်တွင် ပတ်၀န်းကျင်၌ တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။

မိုးမခပင်ထံမှ တစ်စုံတစ်ရာ ထူးခြားမှုမရှိကြောင်း အတည်ပြုပြီးနောက်မှသာ ရှင်းပြချက်ကို သူ ဆက်ပြောလိုက်သည်။

သို့သော် သူ စကားမဆက်မီမှာပင် ကျိုးလီချင်းက မေးခွန်းတစ်ခု ဖြတ်မေးလိုက်၏။

"နင်က အဲဒါကို ရုတ်တရက်ကိုက်တတ်တဲ့ မိုးမခပင်မှန်း သိနေတယ်ဆိုရင် ငါတို့ ဒီဧရိယာထဲ ခြေမချခင်ကတည်းက ဘာလို့ သတိမပေးခဲ့တာလဲ။ ငါတို့သာ ကြိုသိခဲ့မယ်ဆိုရင် ဟိုးအနောက်မှာကတည်းက သတိထားလို့ ရခဲ့မှာပဲ"

ကျိုးလီချင်းသည် သူတို့၏ အနောက်ဘက် မီတာအနည်းငယ်အကွာကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။

သူမအနေဖြင့် ဟယ်ရှန်း၏ အချိန်မီ သတိပေးချက်ကို ကျေးဇူးတင်နေဆဲဖြစ်သော်လည်း ယခုအခြေအနေမှာ သက်တောင့်သက်သာဖြစ်ရန် အလွန်ခက်ခဲနေသေးသည်။

"ငါတို့ ဒီထဲကို မဝင်ခင်ကတည်းက မြက်ပင်လေးတစ်ပင်ကအစ သတိထားဖို့ ခင်ဗျားတို့ကို သတိပေးခဲ့ပြီးသားပါ"

ဟယ်ရှန်းက အေးစက်စွာ ပြောလိုက်သည်။

"ရုတ်တရက်ကိုက်တတ်တဲ့ မိုးမခပင်နဲ့ ပတ်သက်လာရင်တော့ လာမတိုက်ခိုက်မချင်း သာမန်သစ်ပင်နဲ့ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်ဘူး။ သူ အိပ်မောကျနေချိန်မှာ သာမန်မိုးမခပင်နဲ့ ဘာမှမကွာဘူး”

“ငါသိသလောက် ဒါမှမဟုတ် ငါ့အဘိုး သင်ပေးခဲ့သလောက်ဆိုရင် အဲဒါကို ခွဲခြားနိုင်မယ့် တခြားနည်းလမ်း မရှိဘူး"

"အဲဒါကြောင့်ပဲ ငါတို့ အနားရောက်လာတုန်းက သူ့ရဲ့တုံ့ပြန်မှုကို ကြည့်ဖို့ ငါ မြားနဲ့ ပစ်ကြည့်ခဲ့တာပေါ့..."

ဟယ်ရှန်း၏ တုံ့ပြန်စကားကြောင့် ထိုသုံးယောက်လုံး အံ့ဩမှင်သက်သွားကြတော့သည်။

All Chapters