အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း (၃၂၃) - တိုက်ခိုက်သူနှစ်ဦးအား ခုခံတွန်းလှန်ခြင်း
ဟယ်ရှန်းက ယင်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ အစောပိုင်းမြားများနောက်မှ နောက်ထပ်မြားသုံးစင်းကို အဆက်မပြတ် ပစ်လွှတ်လိုက်လေသည်။
သူ အနီရောင်သရဖူနှုတ်သီးရှည်ငှက်နှင့် အသည်းအသန် တိုက်ခိုက်နေချိန်တွင် မိုးမခပင်က ကျိုးရီနှင့် ကျိုးလီချင်းတို့ရှိရာသို့ နွယ်ပင်သုံးချောင်းကို အလွန်လျင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သောကြောင့် သူတို့နှစ်ဦးမှာ ချက်ချင်း လှုပ်ရှားရတော့၏။
ကံကောင်းထောက်မစွာဖြင့် ထိုနွယ်ပင်များ၏အရှိန်မှာ အနီရောင်သရဖူနှုတ်သီးရှည်ငှက်ထက် များစွာ နှေးကွေးနေပေသည်။
ထိုငှက်လေး၏ အမြန်နှုန်းမှာမူ သူတို့အနေဖြင့် ကောင်းစွာ ကြိုတင်ပြင်ဆင်ထားသည့်တိုင် မှုန်ဝါးဝါးမျှသာ မြင်တွေ့ရဆဲ ဖြစ်လေသည်။
"ယုမေ... အဖြူရောင်အမှုန်တွေ ဒါမှမဟုတ် မြူခိုးတွေကို မြင်တာနဲ့ ငါတို့ကို ချက်ချင်းပြော"
ကျိုးရီက အော်ပြောလိုက်ပြီးနောက် သူနှင့် ညီမဖြစ်သူတို့က လက်ထဲရှိ ရာစုနှစ်သံမဏိကျောက်ခဲများကို ပစ်လွှတ်လိုက်ကြသည်။
ကြေးဝါအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူများဖြစ်သော သူတို့၏ ခွန်အားများဖြင့် ငါးကီလိုဂရမ်ခန့် အလေးချိန်ရှိသော ကျောက်ခဲများကို တိကျလွယ်ကူစွာ ပစ်လွှတ်နိုင်ခြင်းမှာ ခက်ခဲသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သူတို့နှစ်ဦးလုံးသည် ရန်လိုသော မိုးမခပင်၏ နွယ်ပင်နှစ်ချောင်းကို လမ်းခုလတ်၌ပင် ရပ်တန့်သွားစေရန် တားဆီးနိုင်ခဲ့ကြသည်။
ကျိုးရီက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ပြေးထွက်သွားကာ ဟယ်ရှန်း၏ ပုဆိန်ကို ကောက်ယူလိုက်ပြီး တတိယမြောက် နွယ်ပင်ထံသို့ ချက်ချင်း ပစ်ပေါက်လိုက်လေ၏။
နွယ်ပင်သုံးချောင်းလုံးသည် လက်ရှိတွင် နှုတ်သီးရှည်ငှက်နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေသော ဟယ်ရှန်းကိုသာ သီးသန့် ပစ်မှတ်ထားနေပုံရသည်။
ကျိုးရီ ခန့်မှန်းရသလောက်ဆိုလျှင် ဟယ်ရှန်း၏ မြားကျည်တောက်ထဲ၌ မြားအစင်းသုံးဆယ်ခန့် ရှိမည်ဖြစ်ပြီး နှုတ်သီးရှည်ငှက် ပြန်ပေါ်လာသည့် အချိန်တိုလေးအတွင်းမှာပင် မြားဆယ့်နှစ်စင်းကို ပစ်လွှတ်ပြီးပြီဖြစ်သည်။
မြားများ ကုန်သွားချိန်တွင် မည်သို့ဖြစ်လာမည်ကို ကျိုးရီ တွေးမိသွားပြီး မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။
ထိုမြားများသည်သာလျှင် အရှိန်အလွန်မြန်သော ထိုငှက်လေးကို အနားမကပ်နိုင်ရန် တားဆီးထားနိုင်သည့် တစ်ခုတည်းသော အရာများဖြစ်ပုံရလေသည်။
သို့သော်လည်း သူက ထိုအတွေးများကို ခေါင်းထဲမှ မောင်းထုတ်လိုက်ပြီး လက်ရှိရင်ဆိုင်နေရသော ကိစ္စရပ်အပေါ်၌သာ အာရုံစိုက်ထားလိုက်၏။
အခြားသော ဝိညာဉ်သားရဲများ ထွက်ပေါ်လာမည်ကို သတိထားစောင့်ကြည့်ရင်း တစ်ဖက်မှလည်း ရန်လိုသော မိုးမခပင်၏ နွယ်ပင်များကို ဖြေရှင်းရမည် ဖြစ်ပေသည်။
ကျိုးရီနှင့် ကျိုးလီချင်းတို့သည် ရာစုနှစ်သံမဏိကျောက်ခဲများကို ပစ်လွှတ်လိုက်ချိန်တွင် မြေကြီးနှင့် နီးကပ်စွာရှိနေစေရန်နှင့် လျင်မြန်စွာ ပြန်လည်ကောက်ယူနိုင်မည့် အကွာအဝေးမျိုးတွင်ရှိနေစေရန် အထူးသတိထားခဲ့ကြသည်။
သူတို့တစ်ဦးစီတိုင်းတွင် ကျောက်ခဲသုံးလုံးစီသာ ရှိသောကြောင့် ဂရုတစိုက် အသုံးပြုရမည်ဖြစ်ပြီး မြင်တွေ့နေရသော ရလဒ်များအရ ယင်းသည် သူတို့အတွက် အရေးအကြီးဆုံးသော အားကိုးရာတစ်ခု ဖြစ်နေလေသည်။
ကျောက်ခဲများ ထိမှန်သွားသော နွယ်ပင်နှစ်ချောင်းမှာ ထိမိသည့်နေရာ၌ ပေါက်ထွက်သွားခဲ့သည်။
ပင်မနွယ်ပင်မှ ပြတ်ထွက်သွားသော ကြီးမားသည့် နွယ်ပင်အပိုင်းအစတစ်ခု ရှိနေပြီး ယင်း၏ရှေ့တည့်တည့်တွင်မူ ရာစုနှစ်သံမဏိကျောက်ခဲများ အံဝင်ခွင်ကျ ဝင်ရောက်နေသော လက်သီးဆုပ်အရွယ်အစားခန့်ရှိ အပေါက်ငယ်များ ရှိနေပေသည်။
"လီချင်း... ပြန်ကောက်တဲ့အခါ သတိထားဦး"
ကျိုးရီက ကျောက်ခဲပြန်လည်ကောက်ယူရေးကို တာဝန်ယူထားသော ကျိုးလီချင်း၏ နောက်ကွယ်မှနေ၍ အကာအကွယ်ပေးရင်း ပြောလိုက်လေသည်။
ပြတ်ထွက်သွားသော နွယ်ပင်အပိုင်းအစများမှ ချိုမြိန်သော ပန်းဝတ်ရည်ရနံ့ရှိသည့် အစိမ်းနှင့် ခရမ်းရောင်ရောနေသော အရည်များ စီးကျနေ၏။
ထိုအရည်မှာ အဆိပ်ရှိမရှိကို ကျိုးရီ သေချာမသိသော်လည်း သတိထားခြင်းက အကောင်းဆုံးဖြစ်သည်။
ကျိုးလီချင်း နောက်ဆုံးကျောက်ခဲတစ်လုံးကို သွားရောက်ကောက်ယူလိုက်ချိန်တွင် မိုးမခပင်က သူမရှိရာဆီသို့ နောက်ထပ်နွယ်ပင်နှစ်ချောင်းကို ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်ပြန်သည်။
ကျိုးရီ သေချာမသိသော်လည်း နွယ်ပင်များထံမှ ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေသည့်အလား လှုပ်ရှားရုန်းကန်မှုတစ်မျိုးကို သူ ခံစားလိုက်ရ၏။ ထို့ကြောင့် ပိုမိုကြမ်းတမ်းကာ အရှိန်မြန်လာခြင်း ဖြစ်ပုံရသည်။
'နွယ်ပင်တွေကို ဒဏ်ရာရအောင်လုပ်တာက သူ့ကိုပါ နာကျင်စေတာလား'
သူ အတွေးဝင်သွားစဉ်မှာပင် ကျောက်ခဲနှစ်လုံးကို အဆက်မပြတ် ပစ်လွှတ်လိုက်လေ၏။
ပထမတစ်လုံးမှာ ကျောက်ခဲမထိမှန်မီ နွယ်ပင်က လျင်မြန်စွာ နောက်ဆုတ်သွားသောကြောင့် လွဲချော်သွားခဲ့သည်။ ဒုတိယတစ်လုံးမှာမူ နွယ်ပင်ကို ထိမှန်ခဲ့သော်လည်း အပြည့်အဝတော့ မဟုတ်ပေ။
ယင်းနွယ်ပင်သည်လည်း နောက်သို့ဆုတ်ခွာနေသော်ငြား အစောပိုင်းတစ်ခုလောက်တော့ မမြန်ဆန်လှချေ။
ကျိုးလီချင်းက နောက်ဆုံးကျောက်ခဲကို ကောက်ယူကာ သူမ၏ မူလနေရာသို့ အမြန်ပြန်ဆုတ်လာခဲ့သည်။
ထိုအချိန်တွင် ကျိုးလီချင်းက အကာအကွယ်ပေးထားပြီး ကျိုးရီက ရှေ့သို့ အလျင်အမြန်ပြေးထွက်ကာ သူ ယခုလေးတင် ပစ်လွှတ်လိုက်သော ကျောက်ခဲများကို ပြန်လည်ကောက်ယူလိုက်သည်။
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် ချောမွေ့လှသည်။ ကျိုးမျိုးနွယ်စု၏ ပင်မနယ်မြေမှ နှင်ထုတ်ခံရပြီးကတည်းက လွန်ခဲ့သော ငါးနှစ်တာကာလတစ်လျှောက် အတူတကွ တိုက်ပွဲဝင်ကာ ရှင်သန်လာခဲ့ကြသူများဖြစ်ရာ ဤသို့ဖြစ်နေခြင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင်။
ကျိုးရီထံသို့ မည်သည့်တိုက်ခိုက်မှုမှ ဝင်ရောက်လာခြင်းမရှိဘဲ နောက်ဆုံးကျောက်ခဲကို အလွယ်တကူပင် ကောက်ယူနိုင်ခဲ့သည်။
ထိုခေတ္တမျှ အနားရသွားသော အချိန်လေးက ဟယ်ရှန်းနှင့် အနီရောင်သရဖူနှုတ်သီးရှည်ငှက်တို့ကြားမှ ရင်ဆိုင်တိုက်ခိုက်မှုကို လေ့လာစောင့်ကြည့်ရန် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သွားစေ၏။
ဟယ်ရှန်းထံတွင် မသင်္ကာဖွယ်ရာ စရိုက်လက္ခဏာများ ရှိနေနိုင်သော်လည်း စွမ်းရည်ပိုင်းနှင့်ပတ်သက်လာလျှင် အဆင့် ၂ မိသားစုတစ်ခု၏ မျိုးဆက်ဟောင်းတစ်ဦးဖြစ်သော သူပင် ယှဉ်မရနိုင်လောက်သည်အထိ နိမ့်ကျနေသည်ဟု ခံစားရကြောင်း ကျိုးရီ ဝန်ခံရပေမည်။
ဟယ်ရှန်း မြားပစ်လွှတ်လိုက်သည့် ပုံစံမှာ မြားများ လေထဲ၌ ရှိနေစဉ် နှုတ်သီးရှည်ငှက်၏ ပျံသန်းမှုလမ်းကြောင်းပေါ်သို့ အတိအကျ ကျရောက်စေရန် ထိန်းချုပ်နိုင်စွမ်း ရှိနေသည့်အလားပင်။
ထိုငှက်လေး မည်သည့်နေရာသို့ ရွေ့လျားသွားစေကာမူ ၎င်းကို ကြိုဆိုရန် မြားတစ်စင်းက အမြဲတစေ အသင့်ရှိနေလေသည်။
ဟယ်ရှန်းမှာ သူ၏မြားများနှင့် နှုတ်သီးရှည်ငှက်တို့အား အပြည့်အ၀ထိန်းချုပ်ထားရာ ပြီးပြည့်စုံသော ကကွက်တစ်ခုကို ထိန်းချုပ်နေသည့် ရုပ်သေးဆရာတစ်ဦးနှင့်ပင် တူနေ၏။
သို့သော် ကပြဖျော်ဖြေမှုမှာ မည်မျှပင် လှပနေစေကာမူ ၎င်း၏အဆုံးသတ်မှာ ရောက်ရှိလာတော့မည် ဖြစ်သည်။
အကြောင်းမူကား ဟယ်ရှန်းတွင် မြားခြောက်စင်းသာ ကျန်ရှိတော့ပြီး ယင်းတို့အနက်မှ သုံးစင်းမှာ သူ့လက်ထဲတွင် ပစ်လွှတ်ရန် အဆင်သင့်ရှိနေသောကြောင့်ပင်။
သူတို့အနေဖြင့် ဟယ်ရှန်းကို ကူညီပေးသင့် မပေးသင့် ကျိုးရီ တုံ့ဆိုင်းနေမိသည်။
သူ တုံ့ဆိုင်းနေရခြင်းမှာ အတွေ့အကြုံမရှိသူတစ်ယောက်အနေဖြင့် အချိန်အခါမဟုတ်ဘဲ ဝင်ရောက်စွက်ဖက်မိပါက ပြဿနာများ ဖြစ်လာမည်ကို မလိုလားသောကြောင့် ဖြစ်၏။
သူနှင့် ဟယ်ရှန်းတို့ နှစ်ဦးလုံးက ကျင့်ကြံခြင်းအဆင့် တူညီပါလျက်နှင့် ထိုအနီရောင်သရဖူနှုတ်သီးရှည်ငှက်၏ လှုပ်ရှားမှုများကို ဟယ်ရှန်း မည်သို့မည်ပုံ ခြေရာခံနေနိုင်သနည်းဆိုသည်ကို သူ နားမလည်နိုင်သေးပေ။
ကျိုးရီကိုယ်တိုင်မှာမူ ငှက်လေးက ဟယ်ရှန်း၏မြားများကို ရှောင်တိမ်းရန် ကွေ့ကောက်လှည့်ပတ်သွားချိန်များ၌ ဖျတ်ခနဲလောက်သာ မြင်လိုက်ရပြီး ၎င်းကို ခြေရာခံနိုင်ရန်ပင် အတော်လေး ရုန်းကန်နေရဆဲ ဖြစ်သည်။
ထိုငှက်လေး၏ အရွယ်အစားမှာ လူကြီးတစ်ယောက်၏ လက်ဖဝါးအရွယ်အစားခန့်သာ ရှိသည်။
ခေါင်းနှင့် လည်ပင်းတစ်ဝိုက်ရှိ အမွေးအတောင်များပေါ်တွင် ကျောက်စိမ်းရောင်အလွှာတစ်ခု ဖုံးအုပ်ထားပြီး ၎င်း၏ပတ်လည်တွင် စက်ဝိုင်းပုံ အမည်းရောင်ကွင်းများ ရှိနေ၏။
လည်ပင်းနားရှိ အမွေးအတောင်များမှာ အဖြူရောင်ဖြစ်သည်။
နှုတ်သီးမှာ အထူးခြားဆုံးဖြစ်ကာ ကြက်သွေးရောင် ရဲရဲတောက်နေပြီး သွေးများသုတ်လိမ်းထားသည့်အလား ထင်မှတ်ရကာ အပ်တစ်ချောင်းကဲ့သို့ သေးသွယ်လှပေသည်။
ဤမျှသေးငယ်သောအရာလေးက ညီမဖြစ်သူနှင့် ယုမေတို့၏ ခေါင်းကို အပေါက်ဖောက်လုနီးပါး ဖြစ်ခဲ့သည်ဆိုခြင်းကို သူ မယုံကြည်နိုင်အောင် ဖြစ်ရလေသည်။
"မင်းတို့နှစ်ယောက်...ငါ ပြောတဲ့အချိန်ကျရင် မင်းတို့ရဲ့ ကျောက်ခဲတွေကို ငါ့မြားတွေရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို ပစ်ပေးပါ။ မတိကျမှာကို စိတ်ပူမနေနဲ့၊ အမြန်နှုန်းကိုပဲ အာရုံစိုက်ထား..."
ဟယ်ရှန်းက လက်ထဲရှိ မြှားသုံးစင်းကို အဆက်မပြတ် ပစ်လွှတ်ရင်း ပြောလိုက်သည်။
ကျိုးရီနှင့် ကျိုးလီချင်းတို့နှစ်ဦးလုံးက ကျောက်ခဲများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြ၏။
ဟယ်ရှန်းက နောက်ထပ်မြားသုံးစင်းကို လျင်မြန်စွာ တပ်ဆင့်ပစ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်လေသည်။
"အခုပဲ"
ကျိုးရီနှင့် ကျိုးလီချင်းတို့က ကျောက်ခဲများကို လေခွင်းသံများ ထွက်ပေါ်လာသည်အထိ အလွန်မြန်ဆန်သော အရှိန်ဖြင့် ချက်ချင်း ပစ်လွှတ်လိုက်ကြသည်။
ထိုအချိန်မှာပင် မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရ၏။
သူတို့၏ တိုက်ခိုက်မှုကြောင့် အကျပ်ရိုက်သွားပုံရသော နှုတ်သီးရှည်ငှက်သည် ဟယ်ရှန်း၏ မြားများကို ရှောင်တိမ်းလိုက်ပြီးနောက် ကျိုးရီနှင့် ကျိုးလီချင်းတို့ ပစ်လွှတ်လိုက်သော ကျောက်ခဲနှစ်လုံးကြားရှိ ကွက်လပ်ထဲမှဖြတ်ကာ အောက်ဘက်သို့ ညင်သာစွာ လျှောဆင်းသွားလေသည်။
အကယ်၍သာ ထိုငှက်လေးသည် အခွင့်အရေး အနည်းငယ်ရသည်နှင့် သူတို့ကို သတ်ဖြတ်ပစ်မည့် ပြိုင်ဘက်သာ မဟုတ်ခဲ့လျှင် ၎င်း၏ လိမ္မာပါးနပ်စွာ ရှောင်တိမ်းသွားပုံကိုကြည့်၍ ကျိုးရီတစ်ယောက် အားကျကာ လေချွန်မိမည်မှာ အသေအချာပင်။
"ငါ စောင့်နေတာ အဲဒါပဲ"