အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄) - ကိုက်တတ်သောမိုးမခပင်၏ တိုက်ခိုက်မှု
ငှက်ဥအရွယ်အစားခန့်ရှိသော သေးငယ်သည့်အရာတစ်ခုသည် အနီရောင်သရဖူ နှုတ်သီးရှည်ငှက်၏ ပျံသန်းရာလမ်းကြောင်းပေါ်၌ ပေါ်လာ၏။
ထိုအရာသည် ရော်ဘာအိတ်တစ်အိတ်နှင့် တူပြီး သားရဲတစ်ကောင်ကောင်၏ ကလီစာများထဲမှ ထွက်လာသည့်အရာနှင့် ဆင်တူနေပေသည်။
နှုတ်သီးရှည်ငှက်နှင့် ဝင်တိုက်မိလုနီးပါး အခြေအနေတွင် ထိုအိတ်ကလေးသည် ချက်ချင်း ပေါက်ကွဲသွားလေသည်။
အထဲမှ စေးပျစ်နေသော အစိမ်းပုပ်ရောင်အရည်များ ထွက်ပေါ်လာကာ အောက်သို့ပျံဆင်းလာသော နှုတ်သီးရှည်ငှက်ကို ချက်ချင်း ဖုံးလွှမ်းသွားတော့၏။
၎င်း၏ ပျံသန်းမှုအရှိန်နှင့်ဆိုလျှင် ထိုအစိမ်းရောင်အရည်များ စိုရွှဲသွားခြင်းထံမှ လွတ်မြောက်ရန် ခက်ခဲလှသည်။
ကျိုးရီနှင့် အခြားသူများသည် ထိုအစိမ်းရောင်အရည်က မည်သည့်အရာမှန်း မသိကြသော်လည်း လက်ရှိအကြပ်အတည်းမှ ကူညီပေးနိုင်သော အစွမ်းသတ္တိများ သေချာပေါက်ပါဝင်မည်ဟု မှတ်ယူလိုက်ကြ၏။
သူ၏ခန့်မှန်းချက်က မှန်ကန်ကြောင်း သက်သေပြလိုက်ပေသည်။
သူတို့မျက်စိထဲ ဝေဝါးသွားသည်အထိ မြန်ဆန်လွန်းစွာ ပျံသန်းနိုင်သော အနီရောင်သရဖူ နှုတ်သီးရှည်ငှက်သည် ထိုအစိမ်းရောင်အရည်များနှင့် ထိတွေ့လိုက်ရသည့် အခိုက်အတန့်၌ ၎င်း၏ပျံသန်းမှုမှာ အနည်းငယ် နှေးကွေးလေးလံသွားလေသည်။
ငှက်ကလေးသည် တောင်ပံများကို အလျင်အမြန်ခတ်ရန် ကြိုးစားလိုက်သော်လည်း ၎င်း၏ သေးငယ်လုံးဝန်းသော မျက်လုံးလေးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာ၏။
စက္ကန့်များ ကုန်ဆုံးသွားလေလေ တောင်ပံခတ်သည့်အရှိန်က လျော့ကျသွားလေလေ ဖြစ်နေသည်။
မိမိထံတွင် ကျရောက်နေသော အန္တရာယ်ကို သဘောပေါက်သွားသဖြင့် ငှက်လေးမှာ သူတို့အား ပစ်မှတ်ထားခြင်းကို ချက်ချင်းလက်လျှော့လိုက်ကာ မိုးမခပင်ရှိရာဘက်သို့ လှည့်သွားလေတော့သည်။
၎င်း၏အရှိန် လျော့ကျသွားသော်လည်း မြန်ဆန်နေဆဲဖြစ်ကာ လက်ရှိအရှိန်ဖြင့် သစ်ပင်ဆီသို့ ပြန်သွားရန်ဆယ်စက္ကန့်ထက် ပိုကြာမည်မဟုတ်ပေ။
ကျိုးရီနှင့် ဟယ်ရှန်းတို့ နှစ်ဦးလုံးသည် အချင်းချင်း နားလည်ထားသကဲ့သို့ ရာစုနှစ်သံမဏိ ကျောက်စရစ်ခဲများကို ငှက်ကလေးထံသို့ ပစ်လွှတ်လိုက်ကြ၏။
ကျိုးလီချင်းကမူ နောက်ကွယ်မှနေ၍ ပို၍အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေပုံရသော မိုးမခပင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေလေသည်။
သစ်ပင်သည် ၎င်း၏ စပျစ်နွယ်ပင်များကို ရစ်ပတ်ကာ သူမကိုယ်လုံးထက် သုံးဆခန့်တုတ်ခိုင်သော အထုံးတစ်ခုကို ဖန်တီးနေ၏။
ရာစုနှစ်သံမဏိ ကျောက်စရစ်ခဲများသည် ယခင်ကကဲ့သို့ ထိခိုက်ပျက်စီးစေရန် လုပ်နိုင်စွမ်း ရှိမရှိကို သူမ သေချာမသိပေ။
ထို့ကြောင့် ကိုက်တတ်သောမိုးမခပင် မတိုက်ခိုက်မီ ဟယ်ရှန်းနှင့် ကျိုးရီတို့က အနီရောင်သရဖူ နှုတ်သီးရှည်ငှက်ကို အပြတ်ရှင်းနိုင်ရန်သာ မျှော်လင့်နိုင်တော့သည်။
နှုတ်သီးရှည်ငှက်ဆီသို့ ပစ်လွှတ်လိုက်သော ကျောက်စရစ်ခဲများထဲမှ တစ်ခုသည် တောင်ပံတစ်ဖက်ကို မှန်သွားလေရာ ငှက်ငယ်မှာ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့၏။
ဟယ်ရှန်းနှင့် ကျိုးရီတို့ အသေသတ်ရန် ဝင်သွားမည့်ဆဲဆဲတွင် ယုမေက လှမ်းသတိပေးလိုက်သည်။
"သစ်ပင်ဆီကနေ အဖြူရောင်အမှုန်တွေ ထွက်လာနေတယ်"
ဟယ်ရှန်းနှင့် ကျိုးရီတို့နှစ်ဦးလုံး မော့ကြည့်လိုက်သောအခါ မိုးမခပင်၏ အကိုင်းအခက်တစ်ခုတွင် ဝေ့ဝဲနေသော သေးငယ်သည့် အဖြူရောင်အမှုန်များကို အချိန်မီ တွေ့လိုက်ရ၏။
၎င်း၏အရွယ်အစားမှာ သေးငယ်လွန်းလှသဖြင့် သေချာဂရုတစိုက် မကြည့်ပါက အလွယ်တကူ လွတ်သွားနိုင်သော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် အရွယ်အစား ကြီးမားလာလေသည်။
ဟယ်ရှန်းက သံချေးတက်နေသော ပုဆိန်အဟောင်းကြီးကို ကမန်းကတန်း ဆွဲယူကာ ရှေ့သို့ပြေးထွက်ရင်း အော်ပြောလိုက်သည်။
"ပြေးကြစို့"
ကျိုးရီက ရာစုနှစ်သံမဏိ ကျောက်စရစ်ခဲကို ကောက်ယူရန် စဉ်းစားနေခဲ့သော်လည်း ဟယ်ရှန်း၏ ကမန်းကတန်း ဆုတ်ခွာသွားမှုကို မြင်လိုက်ရသောအခါ ထိုအကြံကို စွန့်လွှတ်လိုက်၏။
သူက ညီမဖြစ်သူကို ခေါင်းညိတ်ပြလိုက်ပြီး ယုမေရှိရာဆီသို့ တန်းတန်းမတ်မတ် ပြေးသွားကာ သူမ၏လက်ကိုဆွဲလျက် ကမန်းကတန်း ထွက်ပြေးလေသည်။
ယုမေသည် ပြောပလောက်သော ကျင့်ကြံခြင်းအခြေခံ မရှိသဖြင့် အနှေးကွေးဆုံးဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း အနိမ့်ဆုံးဖြစ်၏။
အခြေခံအားဖြင့်ဆိုလျှင် သူမက သာမန်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပေသည်။
သူတို့လေးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်သော်လည်း ကျင့်ကြံခြင်းအခြေခံ မရှိသောကြောင့် အငယ်ဆုံးဟု ထင်ရလေသည်။
အဖွဲ့သားများအားလုံးမှာ အင်အားရှိသမျှသုံး၍ ပြေးလွှားနေကြသော်လည်း မိုးမခပင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေဆဲပင်။
မိုးမခပင်က ဝင်ရောက်တိုက်ခိုက်ခြင်း မရှိတော့သော်လည်း ၎င်း၏စပျစ်နွယ်ပင်များကို ဖိသိပ်နေပုံထောက်လျှင် သူတို့ကို အလွတ်ပေးမည့်ပုံ မပေါ်ချေ။
ထို့ပြင် သူတို့က ဤနယ်မြေထဲမှ ထွက်ခွာရန် နီးကပ်နေပြီဖြစ်ရာ မိုးမခပင် တိုက်ခိုက်လာမည့်အချိန်မှာ မကြာတော့ပေ။
သူတို့ မြေကွက်လပ်ထဲမှ ထွက်ခွာမည့်ဆဲဆဲတွင် နောက်ဆုံး၌ တိုက်ခိုက်မှုက ရောက်လာတော့သည်။
အလွန်ကြီးမားသော မြားခေါင်းတစ်ခုနှင့်တူသည့် တုတ်ခိုင်သော ခရုပတ်ပုံစံ စပျစ်နွယ်ပင်တစ်ချောင်းသည် သူတို့ရှိရာဆီသို့ ဦးတည်ပျံသန်းလာ၏။
ပို၍တိကျစွာဆိုရလျှင် ၎င်းက ကျိုးရီထံသို့ တိုက်ရိုက် ဦးတည်နေပုံရလေသည်။
ပစ်လွှတ်လိုက်သော အင်အားမှာ အလွန်ကြီးမားလွန်းသဖြင့် လေကိုခွဲထွက်သွားသော ဝီစီမှုတ်သံကဲ့သို့ အသံကြီး ထွက်ပေါ်လာလေသည်။
ကျိုးရီက ထိုတိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။
ရှေ့ဆုံးမှဟယ်ရှန်းသည် သူက အနီရောင်သရဖူ နှုတ်သီးရှည်ငှက်ကို ထိခိုက်စေခဲ့သောကြောင့် တိုက်ခိုက်မှုမှာ သူ့ဘက်သို့ လာနိုင်ကြောင်း အနည်းငယ် မျှော်လင့်ထားခဲ့သည်။
သို့သော် ထိုတိုက်ခိုက်မှုက ကျိုးရီထံသို့ ကွေ့ဝင်သွားသည်ကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အပြင် သူ ဆွဲခေါ်လာသော ယုမေအတွက်ပါ စိုးရိမ်နေရသည့် ကျိုးရီနှင့် တတ်နိုင်သမျှ ဝေးကွာစေရန် သူ၏အရှိန်ကို မြင့်လိုက်လေသည်။
"လီချင်း၊ သူ့ကို ခေါ်သွားလိုက်"
ကျိုးရီသည် သူ့ကိုလာမှန်ရန် ဆယ်စက္ကန့်ပင် မလိုတော့သော တိုက်ခိုက်မှုအား ရင်ဆိုင်ရန် ပြင်ဆင်နေချိန်၌ ယုမေကို ကျိုးလီချင်းထံသို့ လွှဲပြောင်းပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။
အထူးသဖြင့် အစ်ကိုဖြစ်သူအား သစ်ပင်က သီးသန့် ပစ်မှတ်ထားနေပုံရသည်ကို သတိပြုမိသောအခါ ကျိုးလီချင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လာတော့သည်။
သူမက သူရှိရာဘက်သို့ လာရန် စဉ်းစားနေသည်ကို မြင်လိုက်ရသောအခါ ကျိုးရီက အော်ပြောလိုက်သည်။
"လီချင်း... မလုပ်နဲ့"
ညီမဖြစ်သူ မပါလျှင်ပင် အခြေအနေက လုံလောက်စွာ ဆိုးရွားနေပြီ ဖြစ်သည်။
ကျိုးရီ၏အော်သံကြောင့် ကျိုးလီချင်း လန့်ဖျပ်သွားကာ ခေါင်းထဲရှိ အကြံအစည်များအားလုံး လွင့်စင်သွားပြီး ယုမေကိုဆွဲလျက် ဟယ်ရှန်းနောက်သို့ ပြေးလိုက်သွားတော့၏။
ကျိုးရီသည် တိုက်ခိုက်မှုကြောင့် သူ့ရှေ့မီတာအနည်းငယ်အကွာတွင် ရှိနေသော ညီမဖြစ်သူနှင့် ယုမေအား မည်သည့်အကျိုးဆက်မျှ မသက်ရောက်နိုင်သည်ကို သေချာစေရန် သူ၏အရှိန်ကို အနည်းငယ် လျှော့ချလိုက်လေသည်။
'ဒီနေရာမှာတင် အသက်မဆုံးရှုံးပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ဒီအရာရဲ့ တစ်ဖက်ကနေ ထွက်လာပြီး အဖေနဲ့အမေကို ဂုဏ်ယူအောင်လုပ်ဖို့ မျှော်လင့်နေတာကို သေသွားရရင် အရမ်းဆိုးရွားမှာပဲ'
'ဘာပဲဖြစ်ဖြစ် အဲဒီသစ်ပင်က အသေးအဖွဲကိစ္စလေးကို ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ။ စပျစ်နွယ်ပင်နည်းနည်းလေး အပေါက်ခံလိုက်ရတာက လက်သည်းနည်းနည်းလေး ပျောက်သွားတာနဲ့ပဲ မတူဘူးလား။ ငါ ဘာတွေ တွေးနေမိပါလိမ့်'
ကျိုးရီသည် ပြေးနေရင်း လက်ထဲရှိ ရာစုနှစ်သံမဏိ ကျောက်စရစ်ခဲနှစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ဝမ်းနည်းကြေကွဲစွာဖြင့် ပြုံးလိုက်၏။
'ကျေးဇူးပြုပြီး မနာပါစေနဲ့'
ဖိသိပ်ထားသော ဧရာမစပျစ်နွယ်ပင်ကြီး သူ့အပေါ်သို့ ကျရောက်လာသည့် အခိုက်အတန့်တွင် ကျိုးရီက အံကြိတ်ကာ ဘေးဘက်သို့ ခုန်ရှောင်လိုက်ရင်း တွေးလိုက်လေသည်။
ထိုအရာသည် ပင်စည်ကဲ့သို့ တုတ်ခိုင်သော်လည်း အဆုံးပိုင်းတွင်မူ အပ်တစ်ချောင်းကဲ့သို့ ချွန်ထက်နေပေသည်။