← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း (၃၂၅) - ကျိုးလီချင်း၏ စိုးရိမ်ကြောက်ရွံ့မှုများ ပြန်လည်နိုးထလာခြင်း

ကိုက်တတ်သောမိုးမခပင်သည် သူ့ကို အစိမ်းလိုက်ထိုးသတ်ရန် ရည်ရွယ်နေသည်မှာ သိသာလှပေသည်။

ကျိုးရီသည် သူ၏ကြေးနီခန္ဓာကိုယ်ကို ယုံကြည်မှုရှိသော်လည်း ဤမိုးမခပင်အတွက်မူ သူ့ကို ထိုးဖောက်ရန် မခဲယဉ်းကြောင်း ခံစားမိလေ၏။

'ထိုးဖောက်တိုက်ခိုက်တာက ဒီမိုးမခပင်ရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်နည်းဆိုရင် ဘာလို့ ကိုက်တတ်တဲ့မိုးမခပင်ဆိုပြီး နာမည်ပေးထားရတာလဲ'

ကျိုးရီ စဉ်းစားခန်းဖွင့်မိလေသည်။ ဤနာမည်မှာ ၎င်း၏ ဒေါသကြီးသော စရိုက်သဘာဝနှင့် သက်ဆိုင်နေပေလိမ့်မည်။

မိဘနှစ်ပါး ကွယ်လွန်သွားပြီးကတည်းက သူသည် စိတ်မသက်မသာဖြစ်စေပြီး ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက် အဓိပ္ပာယ်မရှိသော အတွေးနယ်ချဲ့ခြင်းကို စတင်ခဲ့သည်။

လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ဤသို့ အမြဲပြုလုပ်မိရာမှ ယခုအခါ မသိစိတ်ကပင် အလိုအလျောက်စွဲလမ်းနေသော အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့ချေပြီ။

"ဒုန်း"

"ဂျွတ်၊ ဂျွတ်၊ ဂျွတ်"

ယခင်က ကျိုးရီ ရပ်နေခဲ့သော နေရာတွင် သဲမှုန်များ ပေါက်ကွဲထွက်သွားလေသည်။ ပြင်းထန်သော လေပြင်းတစ်ချက်နှင့်အတူ ဖုန်မှုန့်များနှင့် သစ်ရွက်များ လေထဲတွင် ပျံ့လွင့်သွားပြီး ကျိုးလီချင်းနှင့် ယုမေတို့ပါ လဲကျလုနီးပါး ဖြစ်သွား၏။

"ကျိုးရီ..."

ကျိုးလီချင်းက စိတ်လွတ်ကိုယ်လွတ် အော်ဟစ်လိုက်ရင်း ထိုဘက်သို့ ပြေးသွားလေသည်။ ကျိုးရီလည်း လွင့်စင်သွားသည်ကို သူမ မြင်တွေ့လိုက်ရ၏။

သူမနောက်သို့ အစွမ်းကုန် အမီလိုက်ရန် ကြိုးစားနေသော်လည်း မမီနိုင်ဖြစ်နေသော ယုမေကိုပါ သူမက တစ်ပါတည်း ဆွဲခေါ်သွားလိုက်သည်။

ပေါက်ကွဲမှုဖြစ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပြင်းထန်သောလေတိုးသံကို ကျိုးလီချင်း ခံစားလိုက်ရပြီးနောက် လိမ္မော်ရောင်အရိပ်တစ်ခုက ကြိုးပြတ်သွားသောစွန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် သူမဘေးမှ ဖြတ်ကျော်လွင့်စင်သွားသည်ကို တွေ့လိုက်ရလေသည်။

ထိုလိမ္မော်ရောင်အရိပ်မှာ ကိုက်တတ်သောမိုးမခပင်၏ တိုက်ခိုက်မှုကြောင့် လွင့်စင်သွားသော ကျိုးရီဖြစ်ကြောင်း မသိစိတ်မှ သိရှိလိုက်၏။

သူလွင့်စင်သွားသော ဦးတည်ရာမှာလည်း သူတို့ပြေးနေသောဘက်သို့ပင် ဖြစ်လေသည်။

ထိုလိမ္မော်ရောင်အရိပ် ဖြတ်သန်းသွားသော နေရာတိုင်းရှိ သစ်ပင်များသည် သစ်ကိုင်းခြောက်များကဲ့သို့ ကျိုးပြတ်ပျက်စီးသွားလေသည်။

ကျိုးလီချင်းနှင့် ပေခြောက်ဆယ်ခန့်အကွာတွင် ရှိနေသော ဟယ်ရှန်းသည် သစ်ပင်များ ကျိုးပြတ်သွားသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် မျဉ်းဖြောင့်အတိုင်း ပြေးနေခြင်းဖြစ်ပြီး ကျိုးရီလွင့်စင်သွားသော လမ်းကြောင်းမှာ သူ၏လမ်းကြောင်းနှင့် လက်မအနည်းငယ်ခန့်သာ သွေဖည်နေပေသည်။

သူသည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ကျိုးပြတ်နေသော သစ်ပင်များရှိရာ ဦးတည်ရာသို့ ပြေးဝင်သွားလေတော့သည်။

အဖွဲ့ဝင်သုံးဦးလုံးသည် ဆူညံသံများ ဖုံးလွှမ်းနေသောအရပ်ဆီသို့ အပြေးအလွှားသွားလိုက်ကြသည်။

လွန်ခဲ့သောစက္ကန့်ပိုင်းက ကျယ်လောင်သောပေါက်ကွဲသံနှင့် သစ်ပင်များလဲပြိုသံတို့သည် ဤနေရာ၏ အေးချမ်းသာယာမှုကို ဖျက်ဆီးပစ်လိုက်ပြီး ထိုဒေသရှိ တောရိုင်းသားရဲများ၏ ထူးဆန်းသော အော်ဟစ်သံများကိုလည်း ထွက်ပေါ်လာစေ၏။

ထိုအော်သံများထဲတွင် ကြောက်ရွံ့မှုများ ပါဝင်နေသကဲ့သို့ ခြိမ်းခြောက်သံများလည်း ရောယှက်နေပေသည်။

ဤအသံများကို ကြားရသောအခါ ဟယ်ရှန်း၏မျက်နှာသည် ပို၍ ပျက်ယွင်းသွားလေ၏။

အချို့သောအခြေအနေများတွင် ပရမ်းပတာဖြစ်မှုက သူတို့အတွက် အခွင့်ကောင်းဖြစ်နိုင်သော်လည်း အဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိနိုင်ခြေရှိသော ယခုကဲ့သို့အချိန်မျိုးတွင်မူ ယင်းသည် အဆိုးရွားဆုံးရလဒ်ပင် ဖြစ်လေသည်။

သူကိုယ်တိုင်လည်း အခြေအနေ သိပ်မကောင်းလှချေ။ သူသည် အနီရောင်သရဖူနှုတ်သီးရှည်ငှက်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပုံရသော်လည်း သူ၏ခန္ဓာကိုယ်မှာ မည်မျှအထိ ပင်ပန်းနွမ်းနယ်နေသည်ကိုမူ သူကိုယ်တိုင်သာ အသိဆုံးဖြစ်၏။

သူသည် နှုတ်သီးရှည်ငှက် မချဉ်းကပ်နိုင်စေရန် ခန္ဓာကိုယ်ကို အစွမ်းကုန် တွန်းအားပေးခဲ့ရပြီး လက်မောင်း၊ မျက်လုံးနှင့် အခြားသောအာရုံအားလုံးကိုလည်း လွန်ကဲစွာ အသုံးပြုခဲ့ရပေသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အကြောအခြင်များအားလုံးသည် ချော်ရည်ပူထဲတွင် ပြုတ်ခံထားရသကဲ့သို့ ခံစားနေရပြီး အရိုးများမှာလည်း ခဲဆွဲထားသကဲ့သို့ ဖြစ်နေသည်။

မျက်ခွံများအတွင်းသို့ ဓားငယ်များဖြင့် ထိုးဆွနေသကဲ့သို့လည်း ခံစားနေရ၏။

သူသည် စွမ်းအင်အားလုံးကို ပြေးရာတွင် အစွမ်းကုန် အသုံးချနေရသဖြင့် အားနည်းသောပြိုင်ဘက်တစ်ဦးကိုပင် ရင်ဆိုင်ရန် ခွန်အားကျန်ပါဦးမည်လော။

လတ်တလော တိုက်ခိုက်ရန် ခွန်အားကျန်နေသူများမှာ ကျိုးလီချင်းနှင့် ယုမေတို့သာ ဖြစ်သော်လည်း ဟယ်ရှန်းသည် သူ၏ ဘေးကင်းလုံခြုံရေးအတွက် သူတို့အား မမှီခိုရဲချေ။

အထူးသဖြင့် ယခုကဲ့သို့အခြေအနေမျိုးတွင် ပို၍ပင် မယုံကြည်ရဲပေ။

ကျိုးလီချင်းသည် စိတ်လွတ်နေပုံရပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ကင်းမဲ့နေကာ ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်နှင့်မခြား ဖြစ်နေလေသည်။

သူမ၏အခြေအနေအရ ကျင့်ကြံခြင်းအဆင့်မရှိဘဲ အားအနည်းဆုံးဖြစ်သော်လည်း ဟယ်ရှန်းသည် ယုမေကိုသာ ပိုမိုယုံကြည်ကိုးစားလိုပေ၏။

အခြေအနေအရပ်ရပ် ဆိုးရွားနေပြီး အရုပ်တစ်ရုပ်ကဲ့သို့ အတင်းအဓမ္မ ဆွဲခေါ်ခံနေရသည့်တိုင် ယုမေ၏မျက်လုံးများက ကြည်လင်နေဆဲပင်။

သူမ၏အသက်ရှူသံမှာ တိုတောင်းပြီး အသက်ရှူမမှန်နေကြောင်း ဟယ်ရှန်း သတိထားမိ၏။

ကျိုးလီချင်း၏ အတင်းအဓမ္မ ဆွဲခေါ်သွားခြင်းကို ခံခဲ့ရသာကြောင့် သူမ၏ခြေထောက်များတွင်လည်း ရှရာသေးသေးလေးများ ပြည့်နှက်နေပြီး သွေးစို့နေလေသည်။

"ကျိုးလီချင်း... စိတ်အေးအေးထားပါဦး။ မင်းအစ်ကိုရဲ့ အခြေအနေကို ငါတို့မသိနိုင်သေးပေမဲ့ သူ အသက်ရှင်နေသေးတယ်ဆိုတာကတော့ သေချာပါတယ်”

“တကယ်လို့ ဒီတိုက်ခိုက်မှုက သူ့အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်သွားရင် ငါတို့ကို ပေးထားတဲ့ သစ်ရွက်တွေက ချက်ချင်း တုံ့ပြန်လာမှာပဲ”

“အခုထိ ဘာမှမထူးခြားသေးဘူးဆိုတော့ သူ အဆင်ပြေနေသေးတယ်ဆိုတဲ့ သဘောပဲ"

ယုမေသည် အမောတကောဖြစ်နေသဖြင့် အခက်အခဲများကြားမှ အားယူကာ ပြောလိုက်ရရှာသည်။

ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသော ကျိုးလီချင်းသည် ယုမေ၏စကားကို ကြားရသောအခါ သူမ၏မျက်လုံးများတွင် အသိတရားအနည်းငယ် ပြန်လည်ဝင်ရောက်လာလေသည်။

"ဟုတ်သားပဲ၊ ငါတို့က အခု စာမေးပွဲဖြေနေကြတာ"

ကျိုးလီချင်းက ယခုမှ သတိရလာဟန်ရှိသော လေသံဖြင့် တီးတိုးရေရွတ်လိုက်ပြီး ထိုစကားများဖြင့် သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်နေပုံရ၏။

'တကယ့်ကို သနားစရာကောင်းလိုက်တာ...'

ယုမေသည် သူမ၏ကျောပြင်ကို ကြည့်ကာ သနားစိတ်ဝင်မိလေသည်။

စိတ်နှလုံးသန့်စင်ရေးရေတံခွန်က ဖန်တီးထားသော အိပ်မက်ကမ္ဘာထဲ လျှောက်သွားနေစဉ် ကျိုးရီ၊ ကျိုးလီချင်းနှင့် ဟယ်ရှန်းတို့ ဖန်တီးထားသော ထင်ယောင်ထင်မှားနယ်ပယ်များကို သူမ မြင်တွေ့ခဲ့ရသည်။

သူတို့တင်မကဘဲ အခြားသော ဝင်ခွင့်ဖြေဆိုသူများ၏ စိတ်ကူးယဉ်အိပ်မက်ကမ္ဘာများကိုလည်း သူမ တွေ့ကြုံခဲ့ရပေ၏။

ရေတံခွန်က အခြားသူများ၏ အနက်ရှိုင်းဆုံး အာသာဆန္ဒများကို ဖော်ထုတ်ပေးနေချိန်တွင် သူမမှာမူ ဤစမ်းသပ်မှု၏ ကြည့်ရှုသူသက်သက်သာ ဖြစ်ခဲ့သည်။

ထို့ကြောင့် ကျိုးလီချင်း မည်မျှအထိ နာကျင်ခံစားခဲ့ရကြောင်းနှင့် သူမ အကြောက်ရွံ့ဆုံးအရာမှာ မည်သည့်အရာဖြစ်သည်ကို မြင်တွေ့ခဲ့ရသည်။

ကျိုးလီချင်း၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုမှာ ကျိုးရီကို ဆုံးရှုံးရခြင်းဖြစ်ပြီး ထိုထင်ယောင်ထင်မှားနယ်ပယ်ထဲတွင်လည်း သူမသည် ထိုစိတ်ဖြင့် နှစ်အနည်းငယ်ကြာ ရှင်သန်နေခဲ့ရသည်။

ထိုနယ်ပယ်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သော်လည်း သူမ ခံစားခဲ့ရသော ဆုံးရှုံးမှုများမှာ အစစ်အမှန်ကဲ့သို့ လတ်ဆတ်နေဆဲဖြစ်ရာ ကျိုးရီ ယခုကဲ့သို့ ဒဏ်ရာရသွားခြင်းက ထိုနေရာ၌ ဖြတ်သန်းခဲ့ရသော လေးနှစ်တာကာလကို ပြန်လည်တူးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပေသည်။

...

စိတ်တည်ငြိမ်မှု အနည်းငယ် ပြန်လည်ရရှိလာသောအခါ ကျိုးလီချင်းသည် သူမ၏ပြေးနှုန်းကို လျှော့ချလိုက်သည်။

ထို့နောက် ယုမေ၏ ဖရိုဖရဲဖြစ်နေသောပုံစံ၊ အထူးသဖြင့် စုတ်ပြဲနေသောဝတ်ရုံအောက်နားနှင့် ဒဏ်ရာများပြည့်နှက်နေသော ခြေထောက်များကို မြင်လိုက်ရသောအခါ အားနာဟန်ဖြင့် ကြည့်လိုက်မိ၏။

သူမ၏ပြေးနှုန်းကို ထိန်းညှိလိုက်သဖြင့် ယုမေမှာ အနည်းငယ် သက်သာရာရသွားသော်လည်း အနည်းငယ်မျှသာ ဖြစ်ပေ၏။

ထိခိုက်မှုမှာ ဖြစ်ပျက်ပြီးသွားပြီဖြစ်ရာ ထိုအရှိန်ပြင်းပြင်းပြေးလွှားမှုက သူမ၏ခန္ဓာကိုယ်ကို အကန့်အသတ်ထက် ကျော်လွန်သွားစေခဲ့ပြီ ဖြစ်သည်။

သူမသည် မဆုတ်မနစ်သောဇွဲလုံ့လဖြင့် လိုက်ပါလာနိုင်ခြင်းကြောင့် ဟယ်ရှန်းပင် အံ့ဩမိ၏။

ထို့ပြင် သူမက ကျိုးလီချင်းကို အကျိုးအကြောင်းပြောပြ၍ စိတ်အေးသွားစေရန်လည်း ကူညီပေးနိုင်ခဲ့သေးသည်။

သို့သော် သူမ မည်မျှပင် စိတ်စွမ်းအားကြီးမားစေကာမူ ခန္ဓာကိုယ်၏ သဘာဝနိယာမကို ပြောင်းလဲ၍ မရနိုင်ကြောင်း ဟယ်ရှန်း သိပေသည်။

သူတို့ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ခန္ဓာကိုယ်မှာ ချက်ချင်း ပြိုလဲသွားပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက တောင်ပေါ်သို့ တက်လှမ်းသည့် ပထမဆုံး မိနစ်အနည်းငယ်အတွင်းမှာပင် အဖွဲ့ဝင်နှစ်ဦးအထိ အင်အားချည့်နဲ့သွားမည် ဖြစ်၏။

'အရင်က ယုမေ မရွေးခဲ့တဲ့ အရှေ့မြောက်ဘက်လမ်းကြောင်းကိုပဲ ရွေးချယ်လိုက်ရမှာ'

သူတို့၏ကံကြမ္မာဆိုးကိုသာ သူ ညည်းတွားရင်း တွေးလိုက်မိတော့သည်။

ထိုလမ်းကြောင်းမှာ ယခုအခါ ပြိုင်ပွဲဝင်ငါးဆယ်ခန့်ကို စာမေးပွဲမှ ဖယ်ရှားပစ်ခဲ့ပြီးဖြစ်ကြောင်းကိုမူ သူ မသိနိုင်ခဲ့ချေ။

ထိုပြိုင်ပွဲဝင်များထဲတွင် ဂိုဏ်း၏အမွေဆက်ခံသူတစ်ဦးပင် ပါဝင်နေသေးသည်။

All Chapters