အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆) - ကျိုးရီအား ကယ်တင်ခြင်း
မကြာမီပင် ဟယ်ရှန်းနှင့် ကျန်သူများမှာ ရှေ့တွင် ပြိုကျပျက်စီးနေသော ကျောက်ခဲပုံများနှင့် လဲကျနေသော သစ်ပင်များကို မြင်တွေ့လိုက်ကြရသည်။
ထိုအောက်တွင် ပိတ်မိကာ ပြိုကျပျက်စီးနေသော နေရာတစ်ခု ရှိနေပေ၏။
ကျိုးလီချင်းသည် ပျက်စီးယိုယွင်းနေသော ကျောက်ခဲပုံကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ယုမေကို လွှတ်ပေးလိုက်လေသည်။
ထို့နောက် သူမ၏ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရှေ့ရှိ ရှုပ်ပွနေသော အမှိုက်ပုံကြီးထဲသို့ ပြေးဝင်သွားကာ ကျိုးရီ၏အမည်ကို အော်ဟစ်ခေါ်ရင်း ကျိုးပဲ့နေသော သစ်ခက်သစ်ကိုင်းများကို ဘေးသို့ ဖယ်ရှားပစ်တော့သည်။
"ကျိုးလီချင်း... မင်းအသံကို နည်းနည်းထိန်းစမ်း။ ပြိုကျပျက်စီးသွားတာနဲ့တင် ဆူညံသံက လုံလောက်နေပြီ။ ဒီမှာရှိတဲ့သားရဲတွေနဲ့ တခြားပြိုင်ပွဲဝင်တွေကို ငါတို့ရှိတဲ့နေရာသိအောင် လုပ်ဖို့ မလိုတော့ဘူး။ သူတို့သာ စပ်စုချင်စိတ်နဲ့ ဒီရောက်လာရင် ဘာကောင်းကျိုးမှ မရှိဘူး "
ဟယ်ရှန်းက လေသံမာမာဖြင့် ပြောလိုက်ရင်း ကျိုးလီချင်း၏ဘေးသို့ သွားကာ ကျိုးပဲ့နေသော သစ်ပင်များနှင့် ကျောက်ခဲအချို့ကို ကူညီဖယ်ရှားပေးလိုက်လေ၏။
သူသည် ကျောက်ခဲပုံများကို ဖယ်ရှားရင်း မယုံကြည်နိုင်သော မျက်နှာပေးမျိုး ဖြစ်နေ၏။
ဤကဲ့သို့သော မြင်ကွင်းမျိုးအောက်တွင် ကျိုးရီတစ်ယောက် မည်ကဲ့သို့ အသက်ရှင်နေနိုင်သည်ကို သူ နားမလည်နိုင်ချေ။
စုပုံနေသော သစ်ပင်များနှင့် ကျောက်ခဲများသည် အနည်းဆုံး ပေခြောက်ဆယ်ခန့် မြင့်မားသော တောင်ကုန်းငယ်တစ်ခုသဖွယ် ဖြစ်နေပေ၏။
ထို့ပြင် မီတာနှစ်ရာ့ငါးဆယ်ခန့် ရှည်လျားသော နက်ရှိုင်းသည့် ကတုတ်ကျင်းတစ်ခုလည်း ရှိနေပြီး ထိုအရာက နောက်ဆုံးမြင်ကွင်းပင်။
ကိုက်တတ်သောမိုးမခပင်၏ တိုက်ခိုက်မှုသည် ကျိုးရီကို အနည်းဆုံး တစ်ကီလိုမီတာခန့်အဝေးသို့ လွင့်စင်သွားစေခဲ့ပြီး ထိုအကွာအဝေးအတွင်းရှိ သစ်ပင်နှင့် ကျောက်ဆောင်မှန်သမျှကို ဝင်တိုက်မိသွားခဲ့သည်။
အရိုးကျိုးသည်က ကျိုးရီရရှိထားသော ဒဏ်ရာများထဲတွင် အသေးဆုံးဖြစ်လိမ့်မည်။
ဟယ်ရှန်းသည် လက်ရှိအခြေအနေအတွက် စိတ်မကောင်းဖြစ်မိရုံမှတစ်ပါး မတတ်နိုင်ချေ။
သူ့စိတ်ထဲ၌ တစ်ကိုယ်တည်းထွက်ခွာသွားရန်ပင် တွေးတောမိလိုက်သေးသည်။ သို့သော် သူကိုယ်တိုင်လည်း အခြေအနေမကောင်းပေ။
အကယ်၍ အထက်သို့တက်မည့် ခရီးစဉ်သည် ယခုဖြတ်ကျော်ခဲ့ရသည်များနှင့် တူညီနေပါက သူတစ်ဦးတည်းဖြင့် အောင်မြင်နိုင်မည့် အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင်။
လတ်တလောတွင် ကျိုးရီတို့အုပ်စုက အားကိုးရမည့်ပုံ မပေါ်သော်လည်း သူတို့နှင့် ပူးပေါင်းထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ကံကောင်းသည်မှာ သူတို့အနေဖြင့် အထူးနယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိနိုင်သရွေ့ ပိုမိုသန်မာလာရန် အခွင့်အရေး ရှိနေခြင်းပင်။
သူတို့၏ ကိုယ်ပိုင်စွမ်းအားကို တိုးမြှင့်ရန် ထိုနေရာရှိ မည်သည့်အရင်းအမြစ်ကိုမဆို အသုံးပြုနိုင်သည်။
သူသည် ဆောင်းဦးသစ်ရွက်ကျင့်စဉ်၏ အဆင့်တစ်ရာ့ရှစ်ဆင့်ကို အထူးသဖြင့် လှုပ်ရှားမှုသိုင်းပညာကို စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြနေမိသည်။
ခဏမျှ လှမ်းကြည့်လိုက်ရုံနှင့်ပင် ဤကျင့်စဉ်သည် အဖိုးထံမှ သင်ယူခဲ့ရသော ပညာထက် ပိုမိုစုံလင်ပြီး နက်နဲကြောင်း သူ သိလိုက်ရ၏။
'သူမသာ တိုးတက်လာမယ်ဆိုရင် တကယ်ကို အသုံးဝင်တဲ့ အဖော်တစ်ယောက် ဖြစ်လာမှာပဲ။ အပြင်ပန်းကြည့်ရင် ဇွဲရှိမယ့်ပုံမပေါ်ပေမဲ့ တကယ်တမ်း အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာ'
ကျောက်ခဲများအား ဖယ်ရှားနေစဉ်အတွင်း သူသည် လေတစ်ချက်တိုက်ရုံနှင့်ပင် လဲပြိုသွားတော့မည့်ပုံ ပေါ်နေသော ယုမေကို တစ်ချက်လှမ်းကြည့်လိုက်မိလေသည်။
ချွေးများက သူမ၏ဝတ်ရုံတစ်ခုလုံးကို စိုရွှဲစေသဖြင့် ရေကူးထားသည်ဟုပင် ထင်မှတ်ရလောက်၏။
ခြေထောက်တွင်လည်း ဒဏ်ရာအများအပြား ရှိနေကာ ဆံပင်ကလည်း ရှုပ်ပွလျက် မျက်နှာတွင် ကပ်ငြိနေသည်။
သူမသည် အသက်ကို အလုအယက် ရှူသွင်းနေရပြီး မကြာမီပင် လဲကျကာ သတိလစ်သွားတော့မည့်ပုံ ပေါ်နေသော်လည်း ဤမျှ ပင်ပန်းနွမ်းနယ်နေသည့်တိုင် မျက်ဝန်းများကမူ တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းကြည့်ရှုနေဆဲပင်။
ဟယ်ရှန်းမှာ သူမ၏ဇွဲလုံ့လကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ လူသုံးဦးအနက် သူမကို မျှော်လင့်ချက်အနည်းဆုံးထားခဲ့သော်လည်း အရေးကြုံလာသည့်အခါတွင်မူ အားကိုးရဆုံး အဖော်တစ်ဦး ဖြစ်လာခဲ့ပေ၏။
နှမြောစရာကောင်းသည်မှာ ဤမျှဇွဲကောင်းသော်လည်း သူမ၏ခန္ဓာကိုယ်က နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ကာ ခြေထောက်များ အားပျော့သွားပြီး တစ်ဖက်သို့ လဲကျသွားကာ သစ်ကိုင်းခြောက်များနှင့် လက်ဖဝါးများ ပွတ်တိုက်မိသွားခြင်းပင်။
ယုမေသည် ပြန်ထရန် ကြိုးစားသော်လည်း လက်မောင်းများကပါ အားပျော့သွားတော့၏။
"ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်နဲ့။ မဟုတ်ရင် ခန္ဓာကိုယ်က ပိုပြီးပျက်စီးသွားလိမ့်မယ်”
“အခုလောလောဆယ် အသက်ရှူမှန်အောင်ပဲ အာရုံစိုက်ပါ။ စိတ်ကိုလျှော့ပြီး ပါးစပ်နဲ့ မျက်လုံးကို ပိတ်ထား၊ နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ရှူသွင်း၊ စိတ်ကိုလွှတ်ပြီး အသက်ရှူဖို့ပဲ အာရုံစိုက်လိုက်”
“အခုချိန်မှာ ဒါက မင်းလုပ်ရမယ့်အလုပ်ပဲ။ ကျန်တာကိုတော့ ငါနဲ့ ကျိုးလီချင်းကိုပဲ လွှဲထားလိုက်။ ကျိုးရီကိုတွေ့တာနဲ့ ငါတို့ ဒီကနေ ချက်ချင်း ထွက်သွားကြမယ်"
ဟယ်ရှန်းက ခေါင်းမာစွာဖြင့် ပြန်ထရန် ကြိုးစားနေသည့် ယုမေကို တည်ငြိမ်သောမျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။
ယုမေသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟယ်ရှန်းကို တိတ်တဆိတ် ခေါင်းညိတ်ပြကာ သူပြောသည့်အတိုင်း လုပ်ဆောင်လိုက်တော့သည်။
...
ဟယ်ရှန်းနှင့် ကျိုးလီချင်းတို့ ပူးပေါင်းလုပ်ဆောင်ကြသဖြင့် မကြာမီပင် ပျက်စီးနေသော ကျောက်ခဲပုံများကို ဖယ်ရှားနိုင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရကာ အသက်ငင်နေသော ကျိုးရီကို ရှာဖွေတွေ့ရှိလိုက်ကြ၏။
သူ၏ဝတ်ရုံမှာ စုတ်ပြဲနေပြီး ပေါင်ရိုး၊ လက်ဖျံရိုး၊ ညှပ်ရိုးစသည့် အရိုးအချို့မှာ အပြင်သို့ပင် ပေါ်ထွက်နေ၏။
တစ်ကိုယ်လုံးတွင်လည်း လမ်းခရီးတစ်လျှောက်မှ ဖုန်မှုန့်များနှင့် သစ်စသစ်နက်များ ဖုံးလွှမ်းနေကာ စိမ့်ထွက်နေသောသွေးများကြောင့် စေးကပ်နေလေသည်။
သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းခံထားရသူတစ်ဦးကဲ့သို့ ဖြစ်နေပေ၏။
'နေပါဦး... သူ ပြုံးနေတာလား'
ထိုဖုန်မှုန့်ညစ်ပတ်မှုများအောက်တွင် အားနည်းသော်လည်း ဂုဏ်ယူဝင့်ကြွားနေသော ပြုံးယောင်သန်းမှုကို မြင်လိုက်ရသဖြင့် ဟယ်ရှန်း တွေးလိုက်မိ၏။
စိတ်ပိုင်းဆိုင်ရာအရ အဆုံးစွန်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သော ကျိုးလီချင်းသည် သူ၏ပြင်းထန်လှသော ဒဏ်ရာများကို မြင်လိုက်ရသောအခါ စိတ်လွတ်သွားမည့်ပုံ ပေါ်နေသည်။
သို့သော် နောက်ဆုံးတွင် သူမသည် သွေးထွက်လာသည်အထိ နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်လိုက်ပြီးနောက် အစ်ကိုဖြစ်သူ၏ဘေးသို့ အသာအယာ တိုးကပ်သွားလေ၏။
အသက်ရှူသံ ပြတ်တိပြတ်တောင်းဖြင့် မျက်လုံးများမှိတ်ထားသော ကျိုးရီသည် ကျိုးလီချင်း ရောက်ရှိလာသည်ကို အာရုံခံမိသောအခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။
"လီ... ချင်း..."
သူသည် ပါးစပ်ဟရန် ကြိုးစားလိုက်သော်လည်း ထွက်ပေါ်လာသည်မှာ တိုးညင်းလှသော ပလုံစီသံများသာ ဖြစ်ပြီး စကားပြောရန်နှင့် ကျိုးလီချင်းထံသို့ လက်လှမ်းရန် ကြိုးစားလိုက်တိုင်း သွေးများအဆက်မပြတ် အန်ထွက်လာသဖြင့် ထိုအသံများမှာ နစ်မြုပ်သွားရရှာ၏။
"အစ်ကို... မလှုပ်နဲ့တော့"
ကျိုးလီချင်းက ပျာပျာသလဲပြောလိုက်ရင်း ဝတ်ရုံအတွင်းမှ ဆေးဖက်ဝင်အပင်အချို့ကို ကပျာကယာ ထုတ်ယူလိုက်လေ၏။
ထို့နောက် ထိုဆေးပင်များကို မြေကြီးပေါ်တွင် ဖြန့်ခင်းလိုက်ပြီး လက်လှမ်းမိသမျှ ဆေးပင်တိုင်းကို ကြည့်ရှုရင်း စကားလုံးအချို့ကို တီးတိုးရေရွတ်နေမိ၏။
ဟယ်ရှန်း အကဲခတ်မိသရွေ့ သူမသည် ဆေးပင်များ၏ အမည်များနှင့် ၎င်းတို့၏ အာနိသင်များကို ရေရွတ်နေပုံရသည်။
သူ ရင်းနှီးသော အမည်အချို့ကို ကြားလိုက်ရ၏။
၎င်းတို့မှာ ဝှက်ဖုံးသွားပွင့်ပင်၊ မြစ်ကမ်းပါးမှိုဥနှင့် တောက်ပကျောက်စိမ်းပီယွန်နီအမြစ် စသည်တို့ ဖြစ်ကြသည်။
တတိယဆေးပင်ကို သူ သေချာမသိသော်လည်း ရှေ့ကဆေးပင်နှစ်မျိုးမှာမူ ဒဏ်ရာအတွက် အဓိကအားထားရသော ဆေးပင်များဖြစ်ကြောင်း သူ သိရှိပေသည်။
ဝှက်ဖုံးသွားပွင့်ပင်သည် ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ရှေးဦးသူနာပြုစုရာတွင် အကောင်းဆုံးဆေးပင်ဖြစ်ပေသည်။
၎င်းက ခန္ဓာကိုယ်၏ ဖိစီးမှုဒဏ်ကို လျှော့ချပေးနိုင်ပြီး ကျိုးရီ၏ လက်ရှိအခြေအနေမျိုးနှင့်ဆိုလျှင် ထိုဆေးပင်ကို မဖြစ်မနေ လိုအပ်ပေသည်။
သူ့ကို မရွှေ့ပြောင်းမီ သွေးထွက်ခြင်း၊ အသက်ရှူနှုန်းနှင့် နာကျင်မှုများကို ထိန်းညှိပေးနိုင်ရန် ဝှက်ဖုံးသွားပွင့်ပင်ကို ဦးစွာ အသုံးပြုရမည်ဖြစ်ပြီး ၎င်းဆေးပင်မှာ ထိုကိစ္စများတွင် အလွန်အစွမ်းထက်လှပေသည်။
မြစ်ကမ်းပါးမှိုဥမှာမူ သူ၏သွေးအဆီအနှစ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ကုသမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
ကျိုးလီချင်းထုတ်ယူလိုက်သော ဆေးပင်များ များပြားလာလေလေ၊ ဟယ်ရှန်းမှတ်မိသော ဆေးပင်များ ပိုမိုများပြားလာလေလေ ဖြစ်သည်။
၎င်းတို့အားလုံးမှာ ပြန်လည်ကုသနိုင်စွမ်းရှိသော ဆေးပင်များသာ ဖြစ်သည်။
ခန္ဓာကိုယ်တွင် ဒဏ်ရာအမာရွတ်များစွာ ရှိနေသောသူတစ်ဦးအတွက် ထိုဒဏ်ရာများကို ဖြတ်ကျော်၍ အသက်ရှင်နိုင်ခဲ့ခြင်းမှာ ဤကဲ့သို့သော ဆေးပင်များကြောင့်သာ ဖြစ်ပေသည်။
၎င်းဆေးပင်တစ်ပင်ကို ပိုင်ဆိုင်ထားခြင်းက အသက်အပိုတစ်ချောင်း ရှိနေသကဲ့သို့ပင်။
'ဆေးပင်တွေရဲ့ အရည်အသွေးကလည်း တကယ်ကို ကောင်းတာပဲ။ ပြီးတော့ သူမက စိတ်လှုပ်ရှားမှုကိုလည်း ထိန်းချုပ်နိုင်သွားပြီ’
ဟယ်ရှန်းက ဆေးပင်များနှင့် ကျိုးလီချင်းကို သေသေချာချာ အကဲခတ်ရင်း တွေးလိုက်မိ၏။
သူမသည် အလျင်စလိုဖြစ်နေသော်လည်း ကျိုးရီ၏ဒဏ်ရာများအနက် မည်သည့်ဒဏ်ရာက အဆိုးရွားဆုံးဖြစ်ကြောင်း အနီးကပ်စောင့်ကြည့်ကာ လိုအပ်မည့် ဆေးပင်များကို အလွန်ပင် ဂရုတစိုက် ရွေးချယ်နေလေသည်။