← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း (၃၂၇) - တစ်ကောင်တည်းနှင့် ခုနစ်ဆယ့်သုံးယောက်အား ချေမှုန်းခြင်း

အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် ကျိုးလီချင်းသည် တွန့်ဆုတ်မနေဘဲ တောက်ပကျောက်စိမ်းပီယွန်နီအမြစ်ကို ဝါးလိုက်သည်။

ထို့နောက် လက်ထဲသို့ထည့်ကာ ကျိုးရီ၏ ပွင့်ဟနေသော ဒဏ်ရာများအပေါ်သို့ ညှစ်ချလိုက်၏။

သူမ ညှစ်ချလိုက်တိုင်း ရွှေဖြူရောင်အရည်များ စီးကျလာပြီး ထိုအရည်များနှင့် ကျိုးရီ၏ ဒဏ်ရာများ ထိတွေ့မိသည့်အခါတိုင်း လောင်ကျွမ်းသွားသကဲ့သို့ တရှဲရှဲမြည်သံများ ထွက်ပေါ်လာလေသည်။

ကျိုးရီ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုန်မှုန့်များ ပေကျံနေသော်လည်း ကျိုးလီချင်း ညှစ်ထုတ်လိုက်သည့် တောက်ပကျောက်စိမ်းပီယွန်နီအမြစ်မှ ရွှေဖြူရောင်အရည်များ၏ စုပ်ယူခြင်း ခံရသည့်အလား အနက်ရောင်အမှုန်အမွှား အမှတ်အသားများသည် ကျိုးရီ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးမှ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

ကျိုးရီ၏ ခန္ဓာကိုယ်မှ အနက်ရောင်အဆိပ်ငွေ့များ ချက်ချင်း ထွက်ပေါ်လာ၏။ ၎င်းက ဘာကိုဆိုလိုသည်ကို ထိုနေရာရှိလူတိုင်း သိကြပေသည်။

ကျိုးရီ အဆိပ်မိနေခြင်းပင်။

'ဒါက မိုးမခပင်ကြောင့်လား ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား'

ဟယ်ရှန်းက အဆိပ်ငွေ့များကို ရှောင်ရှားရန် နောက်သို့ သတိကြီးစွာဖြင့် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရင်း တွေးလိုက်မိ၏။

ကျိုးရီသည် ထိုမိုးမခပင်ကြောင့် အဆိပ်မိခဲ့ခြင်း ဖြစ်နိုင်သလို ဤနေရာသို့ပြေးလာစဉ် လမ်းခုလတ်၌ တိုက်မိခဲ့သော အခြားအရာများစွာထဲမှ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထိုသစ်ပင်အကြောင်း ပြောရလျှင်မူ...

အနက်ရောင်အဆိပ်ငွေ့များ ကင်းစင်သွားသည်နှင့် ဟယ်ရှန်းသည် ကျိုးရီအနီးသို့ အမြန်တိုးကပ်သွားပြီး ရင်ဘတ်နှင့် ခန္ဓာကိုယ်အထက်ပိုင်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။

'ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မရှိပါလား...'

ဟယ်ရှန်းမှာ ကျိုးရီ၏ ခန္ဓာကိုယ်ကို ပိုမိုနီးကပ်စွာ စူးစိုက်ကြည့်လေလေ၊ ပိုမိုကြောင်အသွားလေလေ ဖြစ်တော့သည်။

ဆင်တစ်ကောင်ခန့် ကြီးမားလှသော မြားဖြင့် အထိုးခံခဲ့ရသောကြောင့် ကျိုးရီ၏ ခန္ဓာကိုယ်မှာ အနည်းဆုံးအနေဖြင့် ထုတ်ချင်းပွင့်သွားလောက်သည်ဟု သူ တွက်ဆထားခဲ့မိသည်။

သို့သော် သူ မျှော်လင့်ထားသည့် ဒဏ်ရာအပေါက်ကြီးကို မတွေ့ရပေ။

ဟယ်ရှန်းမှာ ကျိုးရီကို ပိုမိုအနီးကပ် စစ်ဆေးကြည့်ရှုလေလေ၊ သူ၏မျက်နှာတွင် အံ့အားသင့်မှုများ ပိုမိုတိုးပွားလာလေလေ ဖြစ်၏။

ကျိုးရီ၏ ဒဏ်ရာအားလုံးသည် တောအုပ်အတွင်း အတင်းတိုးဝှေ့ပြေးလွှားခဲ့ရာမှ ရရှိလာသော ဒဏ်ရာများသာ ဖြစ်ပုံရပြီး သူ၏ကိုယ်ပေါ်တွင် ကိုက်တတ်သောမိုးမခပင်၏ တိုက်ခိုက်မှုကို ခံထားရသည့် အရိပ်အယောင် စိုးစဉ်းမျှမရှိချေ။

'သူ ဘယ်လိုလုပ်လိုက်တာလဲ... ဪ... ဒီလိုကိုး'

ဟယ်ရှန်းသည် ကျိုးရီ၏ လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားသော ကျိုးပဲ့၍ ပြောင်ချောနေသည့် အနက်ရောင်အရာဝတ္ထုအချို့ကို သတိပြုမိသွား၏။

"ဒီမောင်နှမနှစ်ယောက်ကတော့ တကယ်ကို မရိုးရှင်းဘူးပဲ"

ကျိုးလီချင်းက ကျိုးရီ၏ ဒဏ်ရာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သဘာဝကျကျ ကုသပေးနေပုံကို ကြည့်ရင်း ဟယ်ရှန်း တီးတိုးရေရွတ်လိုက်လေသည်။

သူတို့ထဲမှတစ်ယောက်က လျင်မြန်သော တုံ့ပြန်မှုနှင့် ကျောက်စရစ်ခဲလေးတစ်လုံးကို အသုံးပြုကာ ချီသန့်စင်ခြင်းနယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အားအပြည့်ဖြင့် တိုက်ခိုက်မှုကို လမ်းလွှဲနိုင်ခဲ့ပြီး အခြားတစ်ယောက်ကမူ ရှေးဦးသူနာပြုစုခြင်းတွင် အလွန်စေ့စပ်သေချာသည့် စိတ်စွမ်းရည်ရှိပေသည်။

သို့သော် ဟယ်ရှန်းသည် ထိုအတွေးများကို ခေါင်းထဲမှ အမြန်ဖယ်ထုတ်လိုက်ပြီး ကျိုးရီကို ကုသရာတွင် ကျိုးလီချင်းအား ကူညီပေးလိုက်၏။

သူ ကူညီပေးမည့်အကြောင်း ပြောသည့်အခါ သူမက သူ့အပေါ် သတိထားကာ စိုးရိမ်ပူပန်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမက သူ၏အကူအညီကို ချက်ချင်း လက်ခံခဲ့သည့်အပြင် ဒဏ်ရာရှိရာ နေရာအချို့ကိုပင် တာဝန်ခွဲပေးလိုက်လေသည်။

'သူက လူကို အယုံလွယ်လွန်းနေတာ မဟုတ်ဘူးလား'

ဟယ်ရှန်းက ကျိုးရီ၏ ကျိုးသွားသော အရိုးများကို ပြန်ဆက်ပေးရင်း တွေးလိုက်မိ၏။

သူသည် သားရဲရေဝတ်စုံအတွင်းမှ သပ်ရပ်စွာ ထုပ်ပိုးထားသော အဝတ်စတစ်ခုကို ထုတ်ယူလိုက်ပြီး ဆေးဖက်ဝင်အပင်အချို့ကို ထုတ်ယူကာ ညက်နေအောင် ထုထောင်းပြီးနောက် အရိုးပြန်ဆက်ထားသော နေရာများတွင် လိမ်းကျံပေးလိုက်လေသည်။

ယုမေသည် သူမ၏ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ပြုလုပ်ပြီး ခန္ဓာကိုယ်၏ စွမ်းအင်အနည်းငယ်ကို ပြန်လည်ပြည့်ဖြိုးလာစေရန် ကြိုးပမ်းနေစဉ် ထိုနှစ်ဦးမှာမူ စနစ်တကျဖြင့် တိတ်တဆိတ်ပင် ကျိုးရီ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးနေကြလေသည်။

...

"စီနီယာလန်ဖန်ရဲ့ သမီးအတွက်တော့ တကယ် နှမြောဖို့ကောင်းတာပဲ"

တိုင်ချန်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်၏။

"ဟုတ်ပါ့၊ သူ့သားကလည်း စွမ်းရည်တချို့ ပြသနိုင်ခဲ့ပေမဲ့ ကံဆိုးသွားတာပဲ"

ရှားပေါ်ချင်းက ပြောလိုက်လေသည်။

"တကယ်လို့ သူသာ တခြားယှဉ်ပြိုင်သူတွေနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ရင် အောင်မြင်နိုင်တာကို”

“ဒီနေရာမှာ ကျဆုံးသွားတာက သူ့အတွက်ကောင်းပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားကို ပိုထက်မြက်အောင် သွေးပေးရာ ရောက်တာပေါ့"

ခန်းဟွေ့လန်က ပြောလိုက်၏။

ယန်ချင်းအပါအဝင် စာမေးပွဲစစ်ဆေးသူသုံးဦးလုံး၏ အာရုံသည် တောင်တန်း၏ မြောက်နှင့် အရှေ့မြောက်ဘက်ရှိ နေရာတစ်ခုတည်းသို့သာ စုပြုံရောက်ရှိနေကြသည်။

ထိုနေရာတွင် တစ်ကီလိုမီတာခန့် ကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ရှိနေပြီး မီးလောင်ကျွမ်းထားသည့် အမှတ်အသားများ၊ နေရာအနှံ့ပျံ့ကြဲနေသော အပျက်အစီးများ၊ နက်ရှိုင်းပြီး ကျယ်ပြန့်သော အက်ကွဲကြောင်းများနှင့် အပြာရောင်မီးတောက်များ စွဲကပ်နေသည့် သစ်ပင်များဖြင့် ပြည့်နှက်နေ၏။

၎င်းသည် ထိတ်လန့်ဖွယ်ကောင်းလှသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေပြီး လတ်တလောတွင်မူ သမင်မလေးတစ်ကောင်သည် ထိုနေရာမှ ညင်သာစွာ ခြေဖွနင်းကာ ထွက်ခွာသွားရင်း ဘေးပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်အပင်အချို့ကို နမ်းရှိုက်ကာ ဝါးမျိုနေလေသည်။

ထိုသမင်မလေးသည် အစပိုင်းတွင် သာမန်မျှသာ ဖြစ်ပုံရသော်လည်း သူမ၏သားမွေးကို သေချာကြည့်လျှင်မူ မတူညီကွဲပြားသော အရောင်အသွေးများဖြင့် မှိန်ပျပျတောက်ပနေပြီး နတ်သက်ကြွေလာသည့်အလား အသွင်ဆောင်နေသည်ကို သတိပြုမိပေလိမ့်မည်။

ထိုရိုးသားဖြူစင်ပုံရသော သမင်မလေးသည် ဤပျက်စီးခြင်းချိုင့်ခွက်ကြီးကို ဖန်တီးခဲ့သည့် တရားခံဖြစ်သည့်အပြင် အမွေဆက်ခံသူတစ်ဦးအပါအဝင် ပြိုင်ပွဲဝင်ခုနစ်ဆယ့်သုံးယောက်ကို ပြိုင်ပွဲမှ ထွက်ခွာစေခဲ့သူလည်း ဖြစ်ပေသည်။

"ဒါကို သားရဲထိန်းကျောင်းခန်းမမှာ ငါ မမြင်ဖူးပါဘူး။ မင်း တစ်နေရာရာကနေ ရှာလာခဲ့တာလား ယန်ချင်း"

ရှားပေါ်ချင်းက မေးလိုက်၏။

"ဟင့်အင်း၊ ငါ မရှာခဲ့ပါဘူး။ သားရဲထိန်းကျောင်းခန်းမက ဝိညာဉ်သားရဲတွေက အရည်အချင်းရှိပေမဲ့ ဒီပတ်ဝန်းကျင်နဲ့ အသားကျဖို့ အချိန်တစ်ခု လိုအပ်လိမ့်မယ်။ ထိရောက်တဲ့ စာမေးပွဲတစ်ခုဖြစ်ဖို့ဆိုရင် ဒေသခံသားရဲတွေကိုပဲ သုံးတာ ပိုကောင်းတယ်လေ"

"ခုနစ်ရောင်ခြယ် သမင်မလေးအပါအဝင် ဒီနေရာက သက်ရှိတိုင်းက ဒီတောင်တန်းရဲ့ ဇာတိချက်ကြွေသားရဲတွေပဲ”

“ငါ ဒီကောင်လေးကို တွေ့တုန်းကလည်း အတော်လေး အံ့အားသင့်သွားခဲ့ရတာ။ အထူးသတ်မှတ်နယ်မြေတွေကလွဲရင် ကျန်တဲ့အရာအားလုံးက သဘာဝအတိုင်း ဖြစ်တည်နေတဲ့ အရာတွေချည်းပဲ"

"ဒီပြိုင်ပွဲဝင်တွေကတော့ တကယ့်ကို ကံအဆိုးဆုံးပဲ။ စာမေးပွဲအစောပိုင်းမှာတင် ဒီတောင်တန်းရဲ့ နယ်မြေစိုးမိုးသူကြီး ငါးကောင်ထဲက တစ်ကောင်နဲ့မှ သွားတိုးမိတာကိုး"

ယန်ချင်းက ပြန်လည်ဖြေကြားလိုက်သည်။

"စီနီယာလန်ဖန်တစ်ယောက် ဒီကိစ္စကို အငြိုးမထားဖို့ပဲ မျှော်လင့်ရတာပဲ။ ဒါက တိုက်ဆိုင်မှုသက်သက်ပဲဆိုတာ မင်းတို့အားလုံး သက်သေနော်"

ယန်ချင်းက ဆက်ပြောလိုက်သည်။

အမွေဆက်ခံသူပြိုင်ပွဲဝင်များ ပြိုင်ပွဲမှ ထွက်ခွာရခြင်းမှာ ရံဖန်ရံခါ ရှိတတ်သော်လည်း ၎င်းသည် အလွန်ရှားပါးလှသော အဖြစ်အပျက်တစ်ခုဖြစ်ပြီး အကြောင်းရင်း မည်သို့ပင်ရှိစေကာမူ ထိုသို့ဖြစ်သွားသူများသည် ဝင်ခွင့်စာမေးပွဲကျရှုံးသူဟူ၍ သမိုင်းတွင်သွားပေလိမ့်မည်။

ယန်ချင်းသည် ပြင်ပထောက်ပံ့ပို့ဆောင်ရေးဌာနခွဲမှ အရာရှိတစ်ဦးက သူမ၏သား စာမေးပွဲကျရှုံးသွားသည့်အတွက် မိမိအပေါ် အငြိုးထားမည်ကို မစိုးရိမ်ဘဲ မနေနိုင်ချေ။

ထိုအမွေဆက်ခံသူပြိုင်ပွဲဝင်သည် ချေမှုန်းမခံရမီတွင် ခုနစ်ရောင်ခြယ်သမင်မလေးနှင့် အချီပေါင်းငါးဆယ်ကျော်အထိ ယှဉ်ပြိုင်နိုင်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ အရည်အချင်းရှိကြောင်း ပြသနိုင်ခဲ့သည်။

သူ့ရှေ့တွင်မူ ထိုသမင်မလေးသည် ပြိုင်ပွဲဝင်ငါးဆယ်ကျော်ကို တစ်ချီတည်းဖြင့် ချေမှုန်းပစ်ခဲ့လေသည်။

သူသည် ခုနစ်ဆယ့်သုံးယောက်သော ပြိုင်ပွဲဝင်များထဲတွင် ထိုဝိညာဉ်သားရဲကို ဖိအားပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ပြီး ၎င်းမှာ အံ့မခန်းစွမ်းဆောင်ရည်ပင် ဖြစ်လေသည်။

ခုနစ်ရောင်ခြယ်သမင်မလေးသည် ရေ၊ လေ၊ မြေ၊ သစ်သား၊ မီး၊ သတ္တုနှင့် လျှပ်စီးဟူသော ဒြပ်စင်ခုနစ်ပါးအား တာအိုအဆင့်ကျွမ်းကျင်မှု ပိုင်ဆိုင်ထားပြီး အထွတ်အထိပ်အချိန်၌ နဂါးနှင့် ဖီးနစ်ငှက်တို့ထက်ပင် မနိမ့်ကျလှသည့် ခုနစ်ရောင်ခြယ်သမင်ကြီး၏ မျိုးဆက်ဖြစ်လေသည်။

သို့သော် ယခု သူတို့ရှေ့မှ သမင်မငယ်မှာမူ ထိုအဆင့်သို့ မရောက်သေးပေ။

ကျင့်ကြံခြင်းအဆင့်အရမူ ၎င်းသည် ချီသန့်စင်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး သွေးမျိုးဆက်စွမ်းရည်ကိုလည်း ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

သို့သော် ၎င်း၏ မူလခွန်အားမှာ ချီသန့်စင်ခြင်းနယ်ပယ်အတွင်းရှိ သာမန်ကျင့်ကြံသူအားလုံးကို ချေမှုန်းရန် လုံလောက်သော အရည်အချင်းရှိပြီး ၎င်းကဲ့သို့ပင် ထူးခြားဆန်းပြားလှသော မိစ္ဆာအဆင့်ရှိသူများမှလွဲ၍ ကျန်သူများမှာ ယှဉ်နိုင်ရန် မဖြစ်နိုင်ချေ။

ထိုအမွေဆက်ခံသူပြိုင်ပွဲဝင်မှာမူ ဝမ်းနည်းစရာကောင်းစွာပင် ထိုကဲ့သို့မိစ္ဆာမျိုး မဟုတ်ခဲ့ပေ။

အမွေဆက်ခံသူများသည် စမှတ်တွင် အားသာချက်ရှိကြသော်လည်း ၎င်းသည် သူတို့၏ မိသားစုဝင်များကဲ့သို့ ပါရမီထူးချွန်မှုကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။

ထူးခြားသည့်စွမ်းရည် လိုအပ်လာသော အခြေအနေမျိုးနှင့် ကြုံတွေ့ရချိန်တွင် သူတို့၏ အားနည်းချက်များအား ထုတ်ဖော်ခံလိုက်ရလေ့ရှိပြီး ထိုအမွေဆက်ခံသူပြိုင်ပွဲဝင်မှာလည်း ထိုနည်းတူပင် ဖြစ်လေသည်။

ယန်ချင်းမြင်တွေ့ခဲ့ရသော ပြိုင်ပွဲဝင်များထဲတွင် ထိုခုနစ်ရောင်ခြယ်သမင်မလေးနှင့် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ပင် ရရှိသွားနိုင်သည့် စွမ်းရည်ရှိသူ အနည်းငယ်ကို သတိပြုမိထားခဲ့သည်။

ထိုပြိုင်ပွဲဝင် မစွမ်းဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ မွေးရာပါ ပါရမီကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

သူသည် ကံကောင်းမှုကြီးကြီးမားမား လိုအပ်သည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့ခြင်းကြောင့် သူ၏ ဆိုးရွားလှသော ကံကြမ္မာကိုသာ အပြစ်တင်နိုင်ပေတော့သည်။

သို့သော် ယန်ချင်းသည် ထိုအတွေးများကို ခေါင်းထဲမှ အမြန်ဖယ်ထုတ်လိုက်ပြီးနောက် သူ၏မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာလေတော့သည်။

All Chapters