အခန်း ၃၃၀
Vol. 33 Ch. 330
အခန်း (၃၃၀) - အသံ၏ အရင်းအမြစ်ကို ရှာဖွေခြင်း
"ဘာဖြစ်လို့လဲ လီချင်း"
ကျိုးရီက စူးစမ်းလိုသော မျက်ဝန်းများဖြင့် မေးလိုက်၏။
"ယုမေ... မင်းက ကျားဟိန်းသံကို ကြားရတယ်လို့ ပြောတာလား"
ကျိုးလီချင်းက မေးလိုက်သည်။
"အင်း"
ယုမေက ခေါင်းညိတ်ပြလိုက်၏။
"သာမန်ကျားဟိန်းသံတွေနဲ့ မတူဘဲ ထူးခြားတာမျိုးရှိလား"
ကျိုးလီချင်းက ဆက်မေးလိုက်သည်။
ဟယ်ရှန်းနှင့် ကျိုးရီတို့သည် ကျိုးလီချင်း၏ မေးခွန်းများကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။
သူတို့ထဲမှ မည်သူမျှ ယုမေ၏စကားကို မယုံကြည်ကြပေ။ ထိုသို့သောအသံများ တကယ်ရှိနေလျှင် သူတို့ အဘယ်ကြောင့် မကြားရသနည်းဟု ဟယ်ရှန်းက ယူဆလိုက်မိသည်။
'သွေးနီရဲရဲ သားရဲစိတ်၀င်မှိုရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ယုမေက ကယောင်ကတမ်းဖြစ်နေတာနေမယ်'
ဟယ်ရှန်းသည် အာနိသင်အပြင်းဆုံးဖြစ်သော မှိုပွင့်ဖတ်ကို ယုမေအား မပေးခဲ့သော်လည်း ကျင့်ကြံခြင်းအခြေခံ လုံးဝမရှိသော သူမအတွက်မူ သူ ပေးခဲ့သော မှိုခြေတံသည်ပင် အလွန်ပြင်းထန်နေဆဲ ဖြစ်ချေသည်။
အခြားတစ်ဖက်တွင်မူ ကျိုးရီသည် ညီမဖြစ်သူ၏ စဉ်းစားတွေးတောနေသော မျက်နှာပေးကို မြင်သောအခါ ချက်ချင်း ဆုံးဖြတ်ချက်မချဘဲ စောင့်ကြည့်ရန် ရွေးချယ်လိုက်၏။
သူမသည် မည်သည့်အရာကိုမဆို အမြဲတစေ စူးစမ်းလေ့လာတတ်ပြီး သတိကြီးကာ စေ့စပ်သေချာသူတစ်ဦး ဖြစ်ပေ၏။
ထို့ကြောင့် အချို့သော ကိစ္စရပ်များတွင် သူမ၏ ဆုံးဖြတ်ချက်ကို သူ လုံးဝဥဿုံ ယုံကြည်လာခဲ့လေသည်။
"ပထမတော့ အသံက သာမန်ကျားဟိန်းသံလို့ ထင်ရပေမယ့် တခြားအသံတွေနဲ့မတူတဲ့ ထူးခြားတဲ့ ဆွဲဆောင်မှု ဒါမှမဟုတ် စွမ်းအားလှိုင်းတစ်ခုခု ပါဝင်နေသလိုပဲ"
ယုမေက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"အဲဒီကျားဟိန်းသံက တစ်နေရာတည်းကပဲ ထွက်လာတာလား"
ကျိုးလီချင်းက ထပ်မံမေးမြန်းလိုက်သည်။
"ပထမတော့ မြစ်တစ်ပြင်လုံးကနေ ထွက်ပေါ်လာသလိုပဲ။ ဒါပေမဲ့ ငါတို့တွေ ဆက်ရွေ့လျားလေလေ နေရာက ပိုပြီးတော့ သိသာထင်ရှားလာလေလေပဲ”
“အကယ်၍ ငါတို့သာ ဒီလမ်းကြောင်းအတိုင်း မီတာလေးရာလောက် ဆက်သွားမယ်ဆိုရင် အဲဒီအသံရဲ့ ရင်းမြစ်ကို ရှာတွေ့နိုင်လိမ့်မယ်"
ယုမေက ပြန်ဖြေလိုက်သည်။
သူတို့ ဆွေးနွေးနေကြသော်လည်း မည်သူကမျှ အရှိန်ကို မလျှော့ကြပေ။ ဘေးကင်းသော နေရာတစ်ခု သို့မဟုတ် အထူးနယ်မြေများကို ညွှန်ပြပေးသည့် ဖားပြုတ်အမှတ်အသားများကို တက်ကြွစွာ ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်၏။
သို့သော် ကျိုးရီနှင့် ဟယ်ရှန်းတို့သည် ယုမေပြောသော အသံထွက်ပေါ်ရာအရပ်မှာ သူတို့ ဦးတည်ပြေးနေသောဘက် ဖြစ်နေကြောင်း ကြားလိုက်ရချိန်တွင် မသိစိတ်မှ ခြေလှမ်းများကို လျှော့ချလိုက်ကြသည်။
ဟယ်ရှန်းမှာ သူတို့သွားနေသော လမ်းကြောင်းကိုပင် ပြောင်းလဲပစ်ချင်နေပုံ ရလေသည်။
"အစ်ကို... ဟယ်ရှန်း... ငါတို့ ယုမေပြောတဲ့ဘက်ကို ဦးတည်သွားသင့်တယ်လို့ ထင်တယ်"
ကျိုးလီချင်းက ပြတ်သားသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
လမ်းကြောင်းပြောင်းရန် ပြင်ဆင်နေပြီးသားဖြစ်သော ဟယ်ရှန်းက ချက်ချင်း ပြန်အော်လိုက်၏။
"မင်း ရူးနေပြီလား။ အဲဒီမှာ ဘာရှိမှန်းတောင် ငါတို့ မသိဘူး။ ပြီးတော့ ဘာဖြစ်လို့ သူမတစ်ယောက်တည်းကပဲ အဲဒီအသံကို ကြားရပြီး ငါတို့ကျတော့ မကြားရတာလဲ”
“အကယ်၍ အဲဒီနေရာက နှလုံးသားသန့်စင်ရေးရေတံခွန်လို နေရာမျိုး ဖြစ်နေရင်ရော၊ မင်း အဲဒီစမ်းသပ်ပွဲမှာ ကျရှုံးမလိုဖြစ်ခဲ့တာ မဟုတ်ဘူးလား”
“အဲဒီရေတံခွန်လိုမျိုး အန္တရာယ်ရှိတဲ့အရာတစ်ခုကို ရင်ဆိုင်ဖို့ တကယ်ပဲ စွန့်စားချင်တာလား"
ဟယ်ရှန်း၏ စကားများသည် ကျိုးလီချင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားပြီး နှလုံးသားသန့်စင်ရေးရေတံခွန်အကြောင်း ကြားလိုက်ရသည်နှင့် သူမ၏မျက်နှာမှာ ညှိုးငယ်သွားပြီး ကြောက်ရွံ့မှုများ ထွက်ပေါ်လာလေသည်။
"ဟယ်ရှန်း... စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ။ ငါ့ညီမအကြောင်း တစ်ခွန်းထပ်ပြောရင် ငါတို့ ကောင်းကောင်းမွန်မွန် လမ်းခွဲနိုင်မှာ မဟုတ်ဘူးနော်"
ကျိုးရီက အေးစက်စွာ ပြောလိုက်၏။
ရှေ့မှပြေးနေသော ဟယ်ရှန်းသည် ခေါင်းကို လှည့်ကြည့်လိုက်ပြီး ကျိုးရီ၏ အေးစက်ပြီး ခြိမ်းခြောက်နေသော မျက်လုံးချင်း ဆုံမိသွားရာ မျက်မှောင်ကြုတ်လိုက်လေသည်။
"ငါက အမှန်အတိုင်းပြောတာပဲ။ ငါတို့သုံးယောက်လုံး အကြောသေတော့မယ့် အခြေအနေကို ရင်ဆိုင်နေရချိန်မှာ ဒီလိုဘာမှန်းမသိတဲ့ စွန့်စားမှုကို လုပ်သင့်လို့လား"
ဟယ်ရှန်းက အလျှော့မပေးဘဲ မေးလိုက်သည်။
သူတို့နှစ်ဦးမှာ အချင်းချင်း ဆက်လက်ငြင်းခုံကြပြီး တိုက်ပွဲတစ်ခုအထိ ဖြစ်လာတော့မည့်အချိန်တွင် ယုမေက စကားဖြတ်ပြောလိုက်၏။
"အကယ်၍ မင်းတို့တွေသာ သွေးနီရဲရဲ သားရဲစိတ်၀င်မှိုရဲ့ ဘေးထွက်ဆိုးကျိုးကို မခံစားနေရရင် ငါကြားရတဲ့ အသံတွေကို ကြားနိုင်လိမ့်မယ်ထင်တယ်"
ယုမေက ပြောလိုက်သည်။
ယုမေ၏ တုံ့ပြန်မှုက သူတို့ လျစ်လျူရှုထားမိသော အရာတစ်ခုကို ထောက်ပြလိုက်သကဲ့သို့ ဖြစ်သွား၏။
သူတို့သည် ခန္ဓာကိုယ်အကြောသေမည့် ဘေးထွက်ဆိုးကျိုးကိုသာ အလွန်အမင်း အာရုံစိုက်နေကြသဖြင့် သူတို့အပေါ် ဖြည်းဖြည်းချင်း သက်ရောက်လာနေသည့် ဒေါသကြီးခြင်းနှင့် ရူးသွပ်ခြင်းကဲ့သို့သော အခြားဆိုးကျိုးတစ်ခုကို မေ့လျော့နေခဲ့ကြ၏။
ထိုမှိုအကြောင်း ပိုမိုသိရှိနားလည်ထားသော ဟယ်ရှန်းသည်ပင် လက္ခဏာများ အထင်အရှားရှိနေသော်လည်း ထိုအချက်ကို သတိမပြုမိခဲ့ပေ။
သူသည် ကျိုးလီချင်းအပေါ် စိတ်မရှည်ဖြစ်ခဲ့ခြင်းနှင့် ဤသို့သော နေရာမျိုးသို့ ရောက်ရှိနေသည့်တိုင် ကျိုးရီနှင့် လက်သီးချင်း ဖလှယ်လုနီးပါးဖြစ်ခဲ့ခြင်းမှာ သွေးနီရဲရဲ သားရဲစိတ်၀င်မှိုသည် သူတို့၏ ဆင်ခြင်တုံတရားကို တိုက်စားနေပြီဖြစ်ကြောင်း သက်သေပြနေပေသည်။
ဟယ်ရှန်းက ရပ်တန့်လိုက်ပြီး မှိုကဲ့သို့ပင် ရဲရဲနီကာ တုန်ယင်နေသော သူ၏ လက်ဖဝါးများကို ကြည့်လိုက်သည်။
ထို့နောက် သူ၏ အကြည့်ကို ကျိုးရီဆီသို့ ရွှေ့လိုက်ရာ ကျိုးရီ၏ မျက်လုံးများမှာ သွေးကြောများ ယှက်သန်းလျက် မျက်နှာပေါ်တွင် အကြောများ ထောင်နေသည်ကို သတိပြုမိသွား၏။
ယုမေဆီသို့ အကြည့်လွှဲလိုက်သောအခါတွင်မူ ယုမေသည် ယခင်က ပင်ပန်းနွမ်းနယ်ပြီး ဖြူဖျော့နေသော မျက်နှာအစား ပန်းရောင်သန်းသော အသားအရည် ရှိနေသည်မှအပ အခြားထူးခြားမှု မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
သူမ၏ မျက်ဝန်းများမှာ ကြည်လင်နေပြီး ခန္ဓာကိုယ်၏ လှုပ်ရှားမှုများမှာလည်း သူနှင့် ကျိုးရီကဲ့သို့ တုန်ယင်ခြင်းမရှိဘဲ သာမန်အတိုင်းပင် ရှိနေပေ၏။
"ငါ ရိုင်းသွားတဲ့အတွက် တောင်းပန်ပါတယ်၊ ကျိုးလီချင်း"
ဟယ်ရှန်းက ကျိုးလီချင်းကို ခေါင်းညိတ်၍ အကြမ်းဖျင်း တောင်းပန်လိုက်သည်။
ဟယ်ရှန်း၏ ရုတ်တရက် တောင်းပန်မှုကြောင့် ကျိုးလီချင်းမှာ အံ့အားသင့်သွားပြီး ပျာပျာသလဲ ပြန်ပြောလိုက်၏။
"ရ... ရပါတယ်၊ ကိစ္စမရှိပါဘူး။ နင် စိုးရိမ်တာလည်း အဓိပ္ပာယ်ရှိပါတယ်"
"ငါတို့က မှိုရဲ့ဆိုးကျိုးကြောင့် မကြားရတာဆိုရင် သူကျတော့ ဘာလို့ မကြားရတာလဲ"
ဟယ်ရှန်းက ကျိုးလီချင်းကို ညွှန်ပြရင်း မေးလိုက်သည်။
သူမသည် မှိုကို မစားထားသဖြင့် ထိုဆိုးကျိုးကို ခံစားနေရမည် မဟုတ်ပေ။
ယုမေသည် သူမ၏ အဖြေအတွက် တုံ့ဆိုင်းသွားပုံရသော်လည်း သက်ပြင်းတစ်ချက်ချကာ ညင်သာစွာ ပြောလိုက်၏။
"သူမရဲ့ ခန္ဓာကိုယ်ထဲမှာ မှိုရဲ့အာနိသင်တွေ မရှိပေမယ့် စိုးရိမ်ပူပန်မှုကြောင့် ဖြစ်ရတဲ့ စိတ်အခြေအနေကတော့ အတူတူပဲ"
ယုမေက ထိုသို့ပြောရင်း ကျိုးလီချင်းအား အားနာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူမ၏ ဆိုလိုရင်းကို ထိုသုံးယောက်လုံး ချက်ချင်း နားလည်သွားကြပြီး ကျိုးလီချင်းကိုယ်တိုင်လည်း ပိုမိုသဘောပေါက်သွား၏။
သူမသည် အပေါ်ယံတွင် အဆင်ပြေပုံရသော်လည်း နှလုံးသားသန့်စင်ရေးရေတံခွန်မှ ရရှိခဲ့သော စိတ်ဒဏ်ရာကြောင့် ရုန်းကန်နေရဆဲဖြစ်ပြီး ကျိုးရီ၏ ဒဏ်ရာရရှိမှုက သူမအပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့သည်။
ထို့အပြင် သူမ၏အဖော်များ ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့ချိန်တွင် စောင့်ရှောက်ရမည်ဟူသော ဖိအားများကြောင့် သူမ၏စိတ်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီပင်။
"လီချင်း... မင်း အဲဒီဘက်ကို သွားသင့်တယ်လို့ တွေးမိရတဲ့ အကြောင်းရင်းရှိလား"
ကျိုးရီက မေးလိုက်၏။
သူ၏အသံမှာ အက်ရှရှဖြစ်နေပြီး ညှစ်ထုတ်နေရသကဲ့သို့ပင်။ သူတို့သုံးဦးထဲတွင် ထိုမှို၏ အာနိသင်မှာ သူ့အပေါ် သက်ရောက်မှုအမြန်ဆုံး ဖြစ်ပုံရသည်။
သူ၏ ဒဏ်ရာရရှိထားသော အခြေအနေနှင့်ဆိုလျှင် ဤသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်ပေ၏။
ကျိုးလီချင်းက သူ့ကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။
"အရှေ့ဘက်မှာ နဂါးပြာ၊ တောင်ဘက်မှာ ဖီးနစ်နီ၊ မြောက်ဘက်မှာ လိပ်နက်စစ်သည်တော်၊ အနောက်ဘက်မှာ ကျားဖြူ၊ ပြီးတော့ အလယ်ဗဟိုမှာ နဂါးဝါဆိုပြီး ရှိတယ်”
“ဒီအရာတွေကို ရာသီဥတုတွေအဖြစ် ထပ်ပြီး အသေးစိတ်ခွဲခြားနိုင်သေးတယ်”
“နဂါးပြာက နွေဦးရာသီ၊ ဖီးနစ်နီက နွေရာသီ၊ လိပ်နက်က ဆောင်းရာသီ၊ နောက်ဆုံး ကျားဖြူက ဆောင်းဦးရာသီကို ကိုယ်စားပြုတယ်”
“ပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင် ငါတို့ပတ်ပတ်လည်က ဆောင်းဦးရာသီ ဖြစ်နေတယ်”
“ယုမေကြားလိုက်ရတဲ့ အကျယ်ဆုံးအသံက ကျားဟိန်းသံဖြစ်နေတာ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး”
“ငါတို့ ပန်းတိုင်မရှိဘဲ ဟိုပြေးဒီပြေး လုပ်နေမယ့်အစား သူမ ကြားရတဲ့ ကျားဟိန်းသံထွက်ပေါ်ရာအရပ်ကို ဦးတည်သွားသင့်တယ်လို့ ထင်တယ်”
“အဓိပ္ပာယ်မရှိ လျှောက်ပြေးနေတာထက်စာရင် အများကြီး ပိုကောင်းပါတယ်”
“အဆိုးဆုံးအနေနဲ့ အဲဒီမှာ ဘာမှမရှိတာမျိုး ဒါမှမဟုတ် ထောင်ချောက်တစ်ခု ဖြစ်နေတာမျိုး ရှိနိုင်ပေမယ့် ငါတို့တွေ ပြိုင်ပွဲကနေပဲ ထွက်ခွာရမှာ”
“ဒါပေမဲ့ အခြေအနေတွေအရ နောက်လေးမိနစ်အတွင်း ဘေးကင်းတဲ့နေရာ မရှာနိုင်ရင်လည်း ငါတို့ အဲဒီလိုပဲဖြစ်သွားမှာ မဟုတ်ဘူးလား”
“အဲဒီအစား စွန့်စွန့်စားစားနဲ့ တကယ်ပဲ တစ်ခုခုရှိနေမလားဆိုတာကို သွားကြည့်တာက ပိုကောင်းလိမ့်မယ်”
“အကယ်၍ တစ်ခုခုရှိနေခဲ့ရင် ငါတို့အတွက် လိုအပ်နေတဲ့ ဘေးကင်းတဲ့နေရာ ဖြစ်လာနိုင်သလို အထူးနယ်မြေတစ်ခုဆီကိုတောင် လမ်းညွှန်ပေးနိုင်လိမ့်မယ်”
“ငါတို့ စွန့်စားကြည့်သင့်တယ်လို့ ထင်တယ်"
ကျိုးလီချင်းက ခိုင်မာပြတ်သားသော လေသံဖြင့် ဆိုလိုက်လေ၏။