အခန်း ၁၀၇၁
Vol. 103 Ch. 1071
အခန်း ၁၀၇၁ စစ်ကြေညာခြင်း
ဤသို့ဖြင့် တော်ဝင်စားသောက်ပွဲကြီး စတင်ခဲ့လေသည်။ လူတိုင်း မြိန်ရှက်စွာ စားသုံးနိုင်ရန်အတွက် အရသာရှိသော အစားအစာ အမယ်စုံကို တည်ခင်းဧည့်ခံထား၏။ စားပွဲဝိုင်းအားလုံးပေါ်တွင် အစားအသောက်များဖြင့် ပြည့်နှက်နေပြီး ဧည့်သည်များ အလိုရှိပါက အချိန်မရွေး ပြန်လည်ဖြည့်ဆည်းပေးရန် အစေခံများကလည်း ပတ်ပတ်လည်တွင် ခစားနေကြသည်။
လုံချန်းက ထိုအစားအစာများကို သံသယစိတ်ဖြင့် စူးစမ်းကြည့်ရှုနေမိ၏။ သို့သော် အစားအစာများထဲတွင် အဆိပ်ခတ်ထားသည့် အရိပ်အယောင်မျိုးမူ မတွေ့ရချေ။ မည်သို့ဆိုစေ သူသည် တစ်ရက်တာ အဆိပ်ဒဏ်ခံနိုင်ရည်ရှိစေမည့် အဆိပ်ဖြေဆေးလုံးကို ကြိုတင် သောက်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မင်ယုကိုယ်တိုင်က ထိုစားပွဲပေါ်ရှိ တူညီသော အစားအစာများအား ရံဖန်ရံခါ နှိုက်ယူစားသုံးနေသည်ကို မြင်လိုက်ရသောအခါမှ ထိုဆေးလုံးမှာ မလိုအပ်ကြောင်း သူ သဘောပေါက်လိုက်၏။
ဧကရာဇ်မင်းမြတ်အနေဖြင့် မိမိ၏သမီးတော် မင်ယု အဆိပ်ရှိသော အစားအစာများကို စားသုံးနေသည်ကို ဤအတိုင်း ကြည့်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အစားအသောက်များက စိတ်ချရကြောင်း ထင်ရှားပေသည်။
ဘေးနားတွင်လည်း ဗျက်စောင်းသမား၊ တူရိယာသမားများက တေးဂီတများကို တီးမှုတ်ဖျော်ဖြေနေကြသဖြင့် စားသောက်ပွဲ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုမို၍ ကြည်နူးဖွယ်ဖြစ်စေသည်။ တူရိယာသမားတစ်ဦးက ကြယ်တာရာ၏ ရှေးဟောင်း သီချင်းတစ်ပုဒ်ကိုပင် သီဆိုဖျော်ဖြေနေခဲ့၏။
လုံချန်းသည် ထိုသီချင်း၏ စကားလုံးများကို နားလည်ပေသည်။ ယင်းက ဤအင်ပါယာကြီး၏ ဘုန်းတော်ဘွဲ့ကို ချီးကျူးထုပ္ပတ်ထားသည့် သီချင်းတစ်ပုဒ် ဖြစ်ပြီး ကမ္ဘာမြေရှိ နိုင်ငံအသီးသီး၏ နိုင်ငံတော်သီချင်းများနှင့် အနည်းငယ် ဆင်တူပေသည်။
သူ မျှော်လင့်ထားသည့်အတိုင်း အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့၏။ ယနေ့နေ့ညတွင် မည်သည့်ပြဿနာမျှ ဖြစ်ပွားလိမ့်မည်မဟုတ်ကြောင်း သူ သေသေချာချာ ရိပ်မိထားခဲ့သည်။ ထိုအရာ အားလုံးက မိမိ၏ယုံကြည်မှုကို ရရှိရန်နှင့် ဤနေရာတွင် ဆက်လက် ထိန်းသိမ်းထားရန်အတွက် ယောက္ခမတော် စီစဉ်ထားသည့် ကြိုးပမ်းမှုများသာ ဖြစ်၏။ သို့သော် လုံချန်းကမူ ဤနေရာတွင် နေထိုင်ခဲ့ရသည်မှာ လုံလောက်ပြီဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။
လူတိုင်းက အေးအေးလူလူပင် သုံးဆောင်နေကြသဖြင့် စားသောက်ပွဲကြီးမှာ တစ်နာရီကျော်ခန့်အထိ ကြာမြင့်သွားခဲ့ရ၏။
ဆန်းကြယ်သည်မှာ အားလုံးထဲတွင် ဧကရာဇ်မင်းမြတ်က အစားကို နောက်ဆုံးမှ ပြီးအောင် စားခြင်းပင် ဖြစ်သည်။
စားသောက်ပြီးစီးသွားသောအခါ ဧကရာဇ်သည် စပျစ်ဝိုင်တစ်ခွက်ကို ထပ်မံ၍ တစ်ငုံချင်း သောက်လိုက်ရင်း ကျေနပ် အားရသည့်အလား ခေါင်းညိတ်လိုက်သည်။ သူ ဗိုက်ပြည့်သွားခဲ့ပြီ ဖြစ်၏။
"ဟင်းတွေက တကယ် ကောင်းတယ်။ စားဖိုမှူးကို ငါတို့ သူ့လက်ရာကို သဘောကျတယ်လို့ လှမ်းပြောလိုက်ပါ။ ပြီးတော့ အဲဒီအတွက် ဆုလာဘ်အနေနဲ့ ရွှေဒင်္ဂါး တစ်ရာ ပေးလိုက်ဦး" ဧကရာဇ်က မတ်တတ်မရပ်မီ မိန်းမစိုးကြီးကို မိန့်ကြားလိုက်သည်။
"ကဲ... အားလုံးပဲ၊ ငါ အရင် သွားတော့မယ်" သူက လူတိုင်းကို အသိပေးလိုက်ပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။ တိုတောင်းသော တော်ဝင်စားသောက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
အခြားသော မှူးမတ်များလည်း စိတ်ပျက်လက်ပျက်ဖြင့် မတ်တတ်ရပ်လိုက်ကြရရှာသည်။ ယေဘုယျအားဖြင့်ဆိုလျှင် စားသောက်ပွဲ တစ်ပွဲတွင် ဤမျှဖြင့် မပြီးဆုံးတတ်ချေ။ ကခုန်ပွဲများ၊ လူငယ်အချင်းချင်း ခွန်အားပြိုင်ပွဲများနှင့် အခြားအစီအစဉ်များစွာ ရှိနေရမည် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ စားသောက်ရုံ သက်သက်သာ ဖြစ်ခဲ့၏။ ၎င်းက သူတို့အနေဖြင့် တော်ဝင်သမက်တော်နှင့် ရင်းနှီးကျွမ်းဝင်ခွင့်ရရန် အချိန်မလောက်ငခဲ့ချေ။ သို့သော် သူတို့ မည်သို့မျှ မတတ်နိုင်ကြချေ။
ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က စားသောက်ပွဲ ပြီးဆုံးပြီဟု မိန့်ကြားခဲ့ပြီဖြစ်ရာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူတို့ ဆန့်ကျင်၍ မည်သည်မျှ မလုပ်ရဲကြချေ။
သူတို့သည် ခမ်းမဆောင်အတွင်းမှ ဧကရာဇ်မင်းမြတ် ထွက်ခွာသွားသည်ကို စောင့်ဆိုင်းရင်း မတ်တတ်ရပ်နေခဲ့ကြ၏။
လုံချန်းနှင့် မင်ယုတို့သည်လည်း မိဖုရားကြီးနှင့်အတူ မတ်တတ်ရပ်လိုက်ကြပြီး တင့်တယ်လျောက်ပတ်စွာ ထွက်ခွာရန်အတွက် ဧကရာဇ် နောက်မှ လိုက်ပါခဲ့ကြသည်။ သို့သော် ကံဆိုးစွာဖြင့် အတိအကျ ထိုအချိန်တွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေတော့သည်။
မြေငလျင် လှုပ်ခတ်လိုက်သည့်အလား မြေပြင်ကြီးတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။ စားပွဲပေါ်ရှိ ဖန်ခွက်များမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲအက်ကုန်ကြသဖြင့် ဆူညံသော အသံများ ထွက်ပေါ်လာခဲ့သည်။
ယင်းက မြေငလျင်လှုပ်ခတ်မှုနှင့် ဆင်တူသော်လည်း ဤနေရာရှိ လူတိုင်းက ကျင့်ကြံခြင်းအစွမ်း ရှိကြသူများဖြစ်သဖြင့် မည်သူမျှ ဘေးလွတ်ရာသို့ ပြေးလွှားပုန်းအောင်းခြင်း မရှိကြချေ။ မည်သူ့မျက်နှာတွင်မျှ ထူးခြားသော ကြောက်ရွံ့မှုမျိုး မရှိသော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင်မူ ဇဝေဇဝါ ဖြစ်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
"ဒီနေရာမှာ မြေငလျင်လှုပ်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒီလိုအရာတွေက ကမ္ဘာအားလုံးမှာ ဖြစ်တတ်တာပဲ ထင်ပါရဲ့" လုံချန်းက မိမိ လာခဲ့ရာ ကမ္ဘာမြေတွင်လည်း ယခုကဲ့သို့ မကြာခဏ ဖြစ်ပွားတတ်သည်ကို ပြန်လည်အမှတ်ရရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သို့သော် မကြာမီမှာပင် လူတိုင်း၏ မျက်နှာပေါ်ရှိ ဇဝေဇဝါ ဖြစ်နေမှုများကို သူ သတိပြုမိလိုက်၏။ ၎င်းက သူတို့အားလုံး ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့်အလား ဖြစ်နေသောကြောင့် ဖြစ်သည်။
"မြေပြင်ကြီး တုန်ခါတာကို နင်တို့ ဒီမှာ တစ်ခါမှ မမြင်ဖူးကြဘူးလား" လုံချန်းက မင်ယုကို လှမ်း၍ မေးလိုက်၏။
"အင်း... တစ်ခါမှ မမြင်ဖူးဘူး။ ငါ့အထင်တော့... အလွန် အစွမ်းထက်တဲ့ သားရဲကြီးတစ်ကောင်က ဒီနားကနေ ဖြတ်သန်းသွားရင်း တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် မြေပြင်ကြီးက တုန်ခါနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်ပေါ်စေနိုင်ဖို့ဆိုရင် အဲဒီသားရဲက တကယ်ကို အစွမ်းထက်ရမယ်" မင်ယုက လုံချန်းကို ပြန်လည် ပြောပြလိုက်သည်။
ဧကရာဇ်လုနှင့် အခြားသူများကလည်း ထိုကဲ့သို့ပင် တွေးတောနေကြ၏။ အဘယ်ကြောင့်ဆို ဤနေရာတွင် သူတော်စင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ယောက် ရောက်ရှိနေပြီး အခြားတစ်ယောက်နှင့် တိုက်ခိုက်နေခြင်းမျိုး မဖြစ်နိုင်ဟု သူတို့ ယူဆထားသောကြောင့် ဖြစ်သည်။
လူတိုင်းက မည်သို့ ဖြစ်ပျက်နေသနည်းဟု တွေးတော အံ့ဩနေကြစဉ် ဧကရာဇ်လုသည် ဤကဲ့သို့ လာရောက် နှောင့်ယှက်နေသော သူမှာ မည်သူနည်းဆိုသည်ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ ရှေ့သို့ တစ်လှမ်းမျှပင် မလှမ်းရသေးမီမှာပင် အသံတစ်သံကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့ရ၏။ သူပင်မကဘဲ ဤနေရာရှိ လူတိုင်းသည်လည်း ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးက ဟိန်းဟောက်၍ စကားဆိုလိုက်သည့်အလား ကျယ်လောင်သော အသံကြီးတစ်သံကို ကြားလိုက်ကြရသည်။
ထိုအသံကြီးက တော်ဝင်မြို့တော် တစ်မြို့လုံး၏ အထက်တွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
"လုံချန်း... ငါ မင်းအတွက် ဒီကို ရောက်နေပြီ။ ထွက်လာခဲ့စမ်း။ ငါ့ဘာသာငါ အတင်းအကြပ် ဝင်မလာခင် မင်းကိုယ်တိုင် ထွက်လာခဲ့စမ်း" ထိုအသံကြီးက ဆိုလိုက်လေသည်။
ထိုရောက်ရှိလာသော သူသည် မည်သူဖြစ်ဖြစ် လုံချန်းကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူက ထိုလူ၏ ရန်သူ တစ်ယောက်ယောက် ဖြစ်ဟန်တူ၏။
ဧကရာဇ်သည် လုံချန်းဘက်သို့ လှည့်ကြည့်လိုက်ရင်း အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "မင်း အဲဒီအသံကို မှတ်မိလား"
"ကျွန်တော် သေသေသေချာချာတော့ မမှတ်မိဘူး" လုံချန်းက ပြန်လည် ဖြေကြားလိုက်၏။ "ကျွန်တော့်အထင်တော့ ရန်သူတစ်ယောက်က ကျွန်တော့်ကို တိုက်ခိုက်ဖို့ ဒီကို ကိုယ်တိုင် ရောက်လာတာ ထင်တယ်။ အခုအချိန်အထိ အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့တဲ့ နောက်ကွယ်က လူပဲလားတော့ မသိဘူး" လုံချန်းက မင်ယုဘက်သို့ ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ဧကရာဇ်ကမူ လုံချန်း၏ စကားကို ကြားသောအခါ ထိုအပြင်ဘက်က အော်ဟစ် စိန်ခေါ်နေသော သူသည် စိမ်းသက်သော အပြင်လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်၏။
'ဒါက... အင်မော်တယ်ကမ္ဘာက လူတွေ နောက်ဆုံးတော့ ဒီကို ရောက်လာကြပြီလား။ သူတို့က တကယ်ကို မြန်ဆန်လွန်းတယ်။ ငါ သတင်းပို့လိုက်တာ သိပ်မကြာသေးဘူး။ ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင်ခြေ ရှိတာပဲ။ ဒီအသံက... ငါ့ကိုတောင် ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့အထိ ကြီးမားတဲ့ အရှိန်အဝါ စွမ်းအားတွေ ပါဝင်နေတာ။ အင်မော်တယ်ကမ္ဘာက လာတဲ့သူတစ်ယောက်ပဲ ဒီလောက်ထိ ကြီးမားတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မယ်'
ထိုလူသည် လုံချန်း၏ ရန်သူမဟုတ်ကြောင်း သိရှိထားသဖြင့် ဧကရာဇ်သည် သူ့ကို ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ်စု၏ သွေးဆက်ဖြစ်သော လုံချန်းအား သတ်ဖြတ်ရန် ရောက်လာသည့် အင်မော်တယ်ကမ္ဘာ၏ စေတမန်ဟု ယူဆလိုက်တော့သည်။
သူ အင်မော်တယ်ကမ္ဘာထံ ပေးပို့ခဲ့သော လုံချန်း၏ သတင်း အချက်အလက်များထဲတွင် သူ၏ အမည်ကို အတိအကျ ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုစေတမန်က သူ့အမည်ကို တပ်၍ အော်ဟစ်စိန်ခေါ်နေခြင်းမှာ အံ့ဩစရာ မဟုတ်ချေ။
'ဒါပေမဲ့... ဒါက အန္တရာယ် မများလွန်းဘူးလား။ သူက အခုလိုမျိုး အတိအလင်း စိန်ခေါ်တာကို ခံလိုက်ရရင် တစ်နေရာရာကို ပျောက်ကွယ်သွားတာ ဒါမှမဟုတ် နေရာရွှေ့ပြောင်းပြီး ထွက်ပြေးသွားနိုင်တာပဲလေ။ အဲဒီ စေတမန်က ငါနဲ့ အရင်ဆုံး လာတွေ့ပြီးမှ သေသေချာချာ အကွက်ချ စီစဉ်ခဲ့ရင် ပိုပြီး အဆင်ပြေမှာကို'
"မင်း သွားပြီး အဲဒီအပြင်က လူက ဘယ်သူလဲဆိုတာ သွားကြည့်လိုက်ရင် ဘယ်လိုလဲ။ သူ့ကို အပြင်မှာ အချိန်ဆွဲထားလိုက်လေ။ တကယ်လို့ အဲဒီလူက တကယ်ပဲ ရန်သူဖြစ်နေခဲ့ရင် မင်း သူ့ကို တိုက်ခိုက်နိုင်အောင် ငါ့ရဲ့ သီးသန့်ရတနာတိုက်ထဲကနေ အစွမ်းထက်တဲ့ ရတနာတွေကို ငါ သွားထုတ်ပေးမယ်" ဧကရာဇ်လုက လုံချန်းကို ထွက်ပြေးမသွားစေဘဲ ထိုအစွမ်းထက် ပုဂ္ဂိုလ်နှင့် သွားရောက် ရင်ဆိုင်ရန်အတွက် လမ်းကြောင်းပေးစကား ဆိုလိုက်သည်။
သူသည် မိမိ၏ အဖိုးတန်ရတနာများ အကြောင်းကို ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြင့် လုံချန်းအား ဤနေရာတွင် အချိန်အတော်ကြာ ထိန်းထားနိုင်ရန် ကြံရွယ်ခြင်း ဖြစ်၏။ ထိုအတောအတွင်း၌ သူသည် လုံချန်း၏ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို ပိတ်ဆို့တားဆီးနိုင်မည့် စာလိပ်အား သွားရောက် ယူဆောင်လာနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် လုံချန်းအနေဖြင့် တိုက်ခိုက်ရုံက လွဲ၍ အခြား ရွေးချယ်စရာ ရှိတော့မည် မဟုတ်ချေ။
မင်ယုနှင့် ပတ်သက်၍မူ လုံချန်း သေဆုံးသွားပြီးသည့် နောက်ပိုင်းတွင်မှ သူမကို အခြေအနေများ ရှင်းပြကာ မိမိအပေါ် နားလည်ခွင့်လွှတ်ပေးလာအောင် လုပ်ဆောင်နိုင်မည်ဟု ဧကရာဇ်လုက အခိုင်အမာ ယုံကြည်ထားခဲ့သည်။
လုံချန်းက ဧကရာဇ်ကို ပိုမို၍ သံသယရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။ တစ်စုံတစ်ခုသော အခြေအနေက ပုံမှန်မဟုတ်ဘဲ လွဲချော်နေသည်ဟု သူ ခံစားနေရသည်။
ထိုအပြင်က ရန်သူမှာ မည်သူဖြစ်ကြောင်းကို သူ မည်မျှပင် သိရှိလိုပါစေ ဤတော်ဝင်နန်းတော်ထဲတွင် ဆက်လက်နေထိုင်ရန် စိတ်ကူးမရှိတော့ချေ။ ထို့ကြောင့် သူ အစီအစဉ်တစ်ခု ချမှတ်လိုက်သည်။ သူသည် အပြင်သို့ ထွက်သွားမည် ဖြစ်သော်လည်း တိုက်ရိုက် သွားရောက် တိုက်ခိုက်မည် မဟုတ်ချေ။ ထို့အစား သူ၏ ပုံရိပ်ယောင် စွမ်းရည်ကို အသုံးပြုကာ ထိုနှစ်ယောက် နောက်ကွယ်တွင် မည်သို့ အကွက်ဆင်နေကြသည်အား ဘေးမှ စောင့်ကြည့် အကဲခတ်မည် ဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ရန်အတွက် မင်ယုကို ဘေးကင်းရာသို့ ဦးစွာ ဖယ်ထုတ်ထားရန် လိုအပ်ကြောင်း သူ သိရှိပေသည်။ သူမ ဤကိစ္စရပ်များထဲတွင် ပါဝင်ပတ်သက်၍ မဖြစ်ချေ။ ဤနေရာတွင် သူမအတွက် အန္တရာယ်များလွန်းသည်။ အကယ်၍ မိမိအနေဖြင့် ဤနေရာမှ ချက်ချင်း ထွက်ခွာရန် လိုအပ်လာခဲ့ပါက နေရာရွှေ့ပြောင်းခြင်းအား သုံးနိုင်သော်လည်း မင်ယုကိုမူ ဤနေရာတွင် ထားခဲ့ရပေလိမ့်မည်။
ထို့ကြောင့်ပင် သူသည် သူမကို ကမ္ဘာတုထဲသို့ ထပ်မံ၍ ခေတ္တ ပို့ဆောင်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။