အခန်း ၁၀၇၂
Vol. 103 Ch. 1072
အခန်း ၁၀၇၂ အလွန်ကြီးမားသော အစီအရင်
အကယ်၍ ဤနေရာမှ ချက်ချင်းထွက်ခွာရန် လိုအပ်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် သူသည် နောက်သို့လှည့်ကာ မင်ယုကို ကြည့်လိုက်၏။
"စိတ်မကောင်းပါဘူး မင်ယု။ ဒါပေမဲ့ နင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက်ရော အရာရာ အဆင်ပြေချောမွေ့သွားစေဖို့အတွက်ပါ နင့်ကို ကမ္ဘာတုထဲကို ခဏ ပို့ထားရမယ်။ ရမလား" သူက မေးလိုက်သည်။
သူ့မေးခွန်းကို မင်ယုက အသာအယာ ခေါင်းညိတ်ပြရှာ၏။ သူက လိုအပ်သည်ဟု ပြောမှတော့ သေချာပေါက် လိုအပ်၍သာ ဖြစ်ရပေမည်။ မည်သို့ဆိုစေ ၎င်းက ရန်သူ အလွန်အမင်း အစွမ်းထက်နေပါက သူ ထွက်ပြေးတိမ်းရှောင် ရနိုင်ခြေ ရှိသည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။ အကယ်၍ ထိုသို့သော အစီအစဉ်မျိုးသာ မရှိခဲ့လျှင် သူမကို သူမ ခမည်းတော်အနား၌ ဘေးကင်းစွာ ထားခဲ့မည့်အစား ကမ္ဘာတုထဲသို့ ပို့ဆောင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူ မည်သို့ လုပ်ဖို့ ကြိုးစားနေကြောင်းကို သူမ သဘောပေါက်လိုက်သည်။ အကယ်၍ သူ ဤနေရာမှ ထွက်ခွာလိုပါက သူမဘက်ကလည်း အသင့်ဖြစ်နေပြီဟု ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ စစ်ပွဲကလည်း ပြီးဆုံးသွားခဲ့ပြီ။ သူမ၏ မိဘများလည်း ဘေးကင်းသွားကြပြီ ဖြစ်ရာ သူတို့အတွက် ထပ်မံ၍ စိုးရိမ်ပူပန်နေရန် မလိုတော့ချေ။
"နေဦး... မင်း ဘာတွေ ပြောနေတာလဲ။ ငါ့သမီးကို ဘယ်နေရာကို ပို့လိုက်တာလဲ" လုံချန်း၏ စကားများကို ကြားလိုက်ရသောအခါ ဧကရာဇ်က အလန့်တကြား မေးမြန်းလိုက်သည်။ ယနေ့သည် လုံချန်း သေဆုံးရမည့် နေ့ ဖြစ်သည့်အတွက် သမီးဖြစ်သူကို လုံချန်းနှင့် အဝေးဆုံးတွင် ရှိနေစေချင်သည်က ဧကရာဇ်၏ ဆန္ဒ မဟုတ်လော။
လုံချန်းသည် ဧကရာဇ်အား အရေးတယူ အာရုံမစိုက်ဘဲ လက်ကို ဆန့်ထုတ်ကာ မင်ယု၏ ပါးပြင်လေးအား ဖွဖွလေး ထိတွေ့လိုက်သည်။ မည်သူမျှ ဖြစ်ပျက်သွားသည်ကို သေသေချာချာ သဘောမပေါက်လိုက်မီမှာပင် သူမသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေတော့၏။
ကိစ္စရပ်များ ပြီးဆုံးသွားသောအခါမှ လုံချန်းသည် ယောက္ခမတော်ကို ကြည့်ကာ ဆိုလိုက်သည်။ "သူ့ကို ဘေးကင်းတဲ့ နေရာတစ်နေရာဆီ ကျွန်တော် ပို့လိုက်ပြီ"
"ဘာ... မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ သူ့ကို ဘယ်ပို့လိုက်တာလဲ။ အခုချက်ချင်း သူ့ကို ပြန်ခေါ်ခဲ့စမ်း။ သူက ဒီနန်းတော်ထဲမှာနေတာက ပိုပြီး ဘေးကင်းတယ်" ဧကရာဇ်က စိတ်လှုပ်ရှား ဒေါသထွက်စွာဖြင့် ဆို၏။
"သူက ကျွန်တော့်အနားမှာ ရှိနေတာက ပိုပြီး ဘေးကင်းပါတယ်။ သူ့ကို ဘယ်နေရာကို ပို့လိုက်လဲဆိုတာကတော့ ကျွန်တော်တို့ကို ဘယ်သူမှ အန္တရာယ်မပြုနိုင်တဲ့ နေရာတစ်ခုပေါ့။ ကျွန်တော့်ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတဲ့ အပြင်က လူက ဘယ်သူလဲဆိုတာ သွားကြည့်ပြီးမှ ခင်ဗျားကို အကျိုးအကြောင်း ထပ်ပြောပြမယ်။ လောလောဆယ်တော့ နှုတ်ဆက်ခဲ့ပါတယ်" လုံချန်းက ပြောရင်း ပြုံးလိုက်၏။
သို့သော် သူ၏အပြုံးမှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်သော မျက်နှာအမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အကြောင်းမှာ တစ်စုံတစ်ခု လွဲချော်နေကြောင်း သူ သတိပြုမိသွားခြင်းကြောင့် ဖြစ်၏။ သူ... သူ နေရာရွှေ့ပြောင်းခြင်း လုပ်၍ မရတော့ချေ။
သူသည် စကားပြောပြီးသည်နှင့် မိမိအား အော်ဟစ်စိန်ခေါ်နေသူမှာ မည်သူနည်းဆိုသည်ကို ကြည့်ရှုရန်အတွက် နန်းတော်အပြင်ဘက်သို့ နေရာရွှေ့ပြောင်းရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ချေ။ ၎င်းက ဒြပ်မဲ့သော မမြင်နိုင်သည့် စွမ်းအားတစ်ခုခုက သူ၏ ဟင်းလင်းပြင် နိယာမ စွမ်းအားကို နှောင့်ယှက် ပိတ်ဆို့ထားသည့်အလား ဖြစ်နေခဲ့သည်။
"ခင်ဗျား ဟိုစာလိပ်ကို ထပ်ပြီး သုံးလိုက်ပြန်ပြီပေါ့ ဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ ဒီနေ့ အပြတ်ရှင်းဖို့ ကြံစည်ထားတာပေါ့" လုံချန်းက လက်သီးကို တင်းတင်းဆုပ်ရင်း ဧကရာဇ်ကို မေးလိုက်သည်။ သူ၏ နေရာရွှေ့ပြောင်းခြင်း အစွမ်းကို ယခုကဲ့သို့ ပိတ်ဆို့တားဆီးထားမှုမှာ တကယ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော်လည်း ၎င်းက ယခင်က ယောက္ခမတော်နှင့် ထိပ်တိုက်တွေ့စဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ထပ်တူထပ်မျှ တူညီနေခြင်း ဖြစ်၏။
ထိုစဉ်တုန်းကလည်း ဧကရာဇ်လုသည် မိမိ နေရာမရွှေ့ပြောင်းနိုင်စေရန်အတွက် ဆန်းကြယ်သော အစီအရင် ရေးဆွဲထားသည့် စာလိပ်တစ်လိပ်ကို အသုံးပြုခဲ့ဖူးသည်။
ထိုနေရာရွှေ့ပြောင်းခြင်း ပိတ်ဆို့သည့် အစီအရင်ကို ဖျက်ဆီးပစ်ပြီးသည့် အခါကျမှသာ သူ နေရာပြန်လည် ရွှေ့ပြောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင် ဖြစ်နေမည်ဆိုပါက ဧကရာဇ်၏ အမူအရာ ပျာပျာသလဲ ဖြစ်နေပုံအရ ယင်းက ယောက္ခမ၏ နောက်ကွယ်က လှည့်ကွက်တစ်ကွက် ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
"မိုက်မဲလိုက်တာ။ ငါက မင်းကို အခုလိုအချိန်မျိုးမှာ ဘာဖြစ်လို့ အဲဒီလိုအရာမျိုးနဲ့ တိုက်ခိုက်ရမှာလဲ။ ငါက မင်းကို ကူညီဖို့ ကြိုးစားနေတာ။ ငါ့သမီး အခု ဘယ်မှာလဲဆိုတာ ချက်ချင်းပြောစမ်း" ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် အပြင်က ရန်သူက မည်သူနည်းဆိုသည်ကို သိရှိထားပေသည်။ သို့သော် ယခုအခါ မိမိ၏ တစ်ဦးတည်းသော သမီးတော်ပါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ လုံချန်းကို ဤမေးခွန်း၏ အဖြေမရဘဲ အသေခံခွင့်ပြု၍ မဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
"စိတ်မကောင်းပါဘူး ယောက္ခမကြီး။ ဒါပေမဲ့ အဲဒီအချက်အလက်ကိုတော့ ကျွန်တော်ပဲ လျှို့ဝှက်ထားပါရစေ။ သူ ဘယ်နေရာမှာပဲရှိရှိ ဘေးကင်းနေမှာတော့ သေချာပါတယ်" လုံချန်းက ပြန်လည် ဖြေကြားလိုက်ပြီးနောက် နန်းတော်အပြင်ဘက်သို့ ကောင်းကင်ယံထက်မှ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
မိမိအနေဖြင့် ဟင်းလင်းပြင် နိယာမကို အသုံးပြုနိုင်သည်ဖြစ်စေ မအသုံးပြုနိုင်သည်ဖြစ်စေ... အဆောက်အအုံ တစ်ခုလုံးကို တစ်ချက်တည်းဖြင့် မှုတ်ထုတ်ပစ်နိုင်စွမ်းရှိသော ရန်သူမျိုးကို ရင်ဆိုင်ရာတွင် ပိတ်မိနေသော အခန်းတွင်း၌ ပုန်းအောင်းနေခြင်းက ပိုမို၍ အန္တရာယ်များပေသည်။
"နေဦး... ငါ့သမီးအကြောင်းကို ပြောပြခဲ့ဦး" ဧကရာဇ်ကလည်း အော်ဟစ်ရင်း လုံချန်း နောက်သို့ အပြေးအလွှား လိုက်ပါပျံသန်းခဲ့၏။
သူ မူလက လုံချန်းနှင့် ခေတ္တခွဲခွာရန် ကြံရွယ်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ လုံချန်း နေရာ မရွှေ့ပြောင်းနိုင်စေရန် အတွက် စာလိပ်ကို သွားရောက်ယူဆောင်ရန် ဖြစ်သည်။ သို့သော် ယခုအခါ လုံချန်းကိုယ်တိုင်က နေရာရွှေ့ပြောင်း၍ မရတော့ကြောင်း ဝန်ခံသွားခဲ့ပြီဖြစ်ရာ ထိုစာလိပ်မှာ မလိုအပ်တော့ချေ။
'ငါ ပေးပို့ခဲ့တဲ့ စာထဲမှာ လုံချန်းရဲ့ ဟင်းလင်းပြင်စွမ်းရည်အကြောင်း ထည့်သွင်းပြောပြခဲ့တာပဲ။ ဒါကြောင့် သူတို့က ဒါကို တားဆီးဖို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားခဲ့ကြတာ နေမှာ။ ငါ သူတို့ကို အထင်သေးမိသွားတာပဲ။ ဒါပေမဲ့ ငါ သူတို့ကို လုံချန်းကို ချက်ချင်း သတ်ခွင့်ပေးလို့ မဖြစ်ဘူး။ မင်ယု ဘယ်မှာလဲဆိုတာကို အရင်ဆုံး စုံစမ်းရမယ်'
လုံချန်းသည် ဧကရာဇ်လု အပြင်သို့မရောက်မီ စက္ကန့်အနည်းငယ် အလိုတွင် တော်ဝင်နန်းတော်အပြင်ဘက်သို့ လှမ်းထွက်လိုက်မိသည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် ကောင်းကင်ယံထက်က ရန်သူကို အချိန်ကိုက် တပြိုင်နက်တည်း မြင်တွေ့လိုက်ကြရ၏။
အဝေးတစ်နေရာ ကောင်းကင်ယံထက်တွင် ကောင်လေးတစ်ယောက် ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ မည်းမှောင်သော တိမ်တိုက်ကြီးများက ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ကောင်းကင်အနှံ့တွင် ဆန်းကြယ်သော စွမ်းအင်လိုင်းအစင်းကြောင်းများက ပင့်ကူအိမ်တစ်အိမ်ပမာ ယှက်နွယ်ဖြစ်ပေါ်နေခဲ့၏။
ထိုကောင်လေးကို မြင်လိုက်ရသောအခါ ဧကရာဇ်လုသည် သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။
'အတည်ပြုလို့ ရသွားပြီ။ သူက အင်မော်တယ်ကမ္ဘာက လာတဲ့ တမန်တော်ပဲ။ သူ့ရဲ့ စွမ်းအားက ငါ့ထက်တောင် ပိုပြီး အစွမ်းထက်နေတာကို ငါ ခံစားမိတယ်။ သူက အင်မော်တယ်ကမ္ဘာကလွဲလို့ တခြားနေရာက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မကောင်းဘူး... သူ့ရဲ့ မျက်ဝန်းတွေထဲမှာ အငြိုးအတေး လူသတ်ငွေ့တွေကို ငါ မြင်နေရတယ်။ သူက လုံချန်းကို ဖမ်းဆီးဖို့ လာတာ မဟုတ်ဘဲ တိုက်ရိုက် သတ်ပစ်ဖို့ လာခဲ့တာပဲ' ဧကရာဇ်သည် ထိုကောင်လေးကို ကြည့်ရင်း အပြင်းအထန် တွေးတောနေမိသည်။
'သူက အားကောင်းလွန်းတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ကလေးလေး တစ်ယောက်နဲ့ တူနေရတာလဲ။ ကျင့်စဉ် တစ်ခုခုက ထူးခြားတဲ့ အစွမ်းကြောင့်လား' သူက စိတ်ဝင်တစား တွေးတောနေမိ၏။
'နေဦး... ငါ ဒီအတိုင်း ဒီပြင်ကနေ ထိုင်ကြည့်နေလို့ မဖြစ်ဘူး။ သူက လုံချန်းကို သတ်ဖို့ လာတာဆိုတော့ တစ်ချက်တည်းနဲ့ အသက်ပျောက်အောင် တိုက်ခိုက်လိမ့်မယ်။ သူ့ကို ချက်ချင်း မသတ်ဖို့ ငါ လှမ်းပြီး တားမြစ်ရမယ်'
ဧကရာဇ်သည် ကြားဖြတ်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ မင်ယု ကိစ္စသာ မရှိခဲ့လျှင် သူသည် မည်သို့မျှ လုပ်ဆောင်မည် မဟုတ်ချေ။ နောက်ကွယ်မှ ဘေးထိုင်ကြည့်ရင်း ကောင်းကင်ဘုံမိစ္ဆာမျိုးနွယ်ဝင် လုံချန်း အသတ်ခံရသည်ကိုသာ ဤအတိုင်း ကြည့်နေမိမည် ဖြစ်၏။ သို့သော် ယခုအခါတွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ချေ။
ဧကရာဇ်တွင် သူ့အတွေးနှင့်သူ ရှိနေစဉ် လုံချန်းတွင်လည်း သူ၏ အတွေးအမြင်များ ရှိနေခဲ့သည်။
သူ ထိုကောင်လေးကို မှတ်မိပေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ရှုလျန်နှင့်အတူ မိမိ မြင်တွေ့ခဲ့ရဖူးသည့် ကောင်လေးပင် ဖြစ်တော့သည်။ ရှုလျန်ကို သူ့မိသားစု သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အမှန်တရားကို ပြောပြကာ သူ့အား ပြန်လည် ဆန့်ကျင်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့သည့် နောက်ကွယ်ကလူမှာ ဤကောင်လေးသာ ဖြစ်ရမည်ဟု သူ အပြည့်အဝ သေချာသွားခဲ့ပြီ ဖြစ်၏။
အရာရာက နောက်ဆုံးတော့ ကွင်းဆက်မိသွားခဲ့ပြီ ဖြစ်သည်။ သို့ဆိုလျှင် မိမိနောက်ကို ဤမျှအထိ အချိန်အကြာကြီး လိုက်လံနှောင့်ယှက်နေခဲ့သည့်သူမှာ ဤကောင်လေး ဖြစ်ပေလိမ့်မည်။ မိမိ ကြုံတွေ့ခဲ့ရသမျှ ဒုက္ခအားလုံးအတွက် ဤကောင်တွင် တာဝန်ရှိပေသည်။
"မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားနေရတာလဲ" လုံချန်းက တိုက်ရိုက်ပင် လှမ်း၍ မေးမြန်းလိုက်၏။
"စိတ်မပူပါနဲ့ ကောင်လေး။ ဒါက မင်း တစ်ခုခု မှားယွင်းအောင် လုပ်ခဲ့လို့ မဟုတ်ပါဘူး။ မင်း သေသွားတာကပဲ ငါတို့အတွက် လွတ်မြောက်ခြင်း ကယ်တင်ခြင်းကို ယူဆောင်လာပေးမှာမို့လို့ပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ငါတို့အတွက် သေပေးလိုက်စမ်းပါ။ ဒါမှ ငါတို့တွေ လွတ်လပ်ခွင့် ရမှာ" ဝူလျာက လုံချန်းကို ကြည့်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုဖြင့် ဆိုလိုက်လေသည်။
သူ့ကို မေးခွန်းဖြင့် အာရုံပြောင်း အချိန်ဆွဲထားစဉ် လုံချန်းသည် ဤအခြေအနေမှ မည်သို့ လွတ်မြောက်ရမည်နည်းဟု နည်းလမ်း ရှာဖွေနေခဲ့သည်။ ယခုနေရာတွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေ၏။ သူ နေရာရွှေ့ပြောင်း၍ မရချေ။ ကောင်းကင်ပြင်ထက်က စွမ်းအင်လိုင်းအစင်းကြောင်းများကို ကြည့်ခြင်းအားဖြင့် တော်ဝင်မြို့တော် တစ်ခုလုံးသည် နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့တားဆီးထားသည့် ထူးဆန်းသော အလွန်ကြီးမားသည့် အစီအရင်ကြီး တစ်ခု အောက်တွင် ရောက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သူ သေချာပေါက် သဘောပေါက်သွားသည်။