အခန်း ၁၀၇၇
Vol. 103 Ch. 1077
အခန်း ၁၀၇၇ ထူးခြားသော အဆင့်တက်လှမ်းခြင်း
"ရပ်လိုက်စမ်း..."
ဝူလျာ အော်ဟစ်လိုက်သည့် အချိန်၌ပင် အခြားကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လုံချန်းနှင့် ဝူလျာတို့ နှစ်ဦးစလုံး ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အအုံအတွင်းမှ ပြန်လည်ထွက်ခွာလာသော ဧကရာဇ်လုကို သတိပြုမိလိုက်ကြ၏။
သူသည် အပြင်သို့ လျှောက်လှမ်းလာရုံသာမက လုံချန်း အနားမှ ဝူလျာကို ဖယ်ခွာသွားစေရန်အတွက် သူ့စွမ်းအားများအား အသုံးပြု၍ ဝူလျာကို အရှိန်အဟုန်ဖြင့် လှမ်း၍ တိုက်ခိုက်လိုက်တော့သည်။
ထိုတိုက်ခိုက်မှုက လုံးဝ ထင်မှတ်မထားသည့်အချိန်တွင် ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ပြီး ဝူလျာကိုယ်တိုင်ကလည်း လုံချန်းကို တိုက်ခိုက်ရန် စိတ်အာရုံ စူးစိုက်နေခဲ့သဖြင့် မည်သို့မျှ ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် တိုက်ကွက်မှာ သူ့ရင်ဘတ်တည့်တည့်သို့ အားပြင်းစွာ ကျရောက်သွားခဲ့ပြီး သူ့ကို အဝေးသို့ လွင့်စင်သွားစေခဲ့တော့သည်။ သူ့ရင်ဘတ်ထက်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ချက် ဖြစ်ပေါ်သွားခဲ့ရပြီး သူသည် လုံချန်းနှင့် ဝေးကွာသော မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ရ၏။
ဝူလျာသည် တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသွားခဲ့သဖြင့် သူ့အာရုံမှာ လုံချန်းထံမှ လွဲဖယ်သွားခဲ့ရကာ လုံချန်းကို ချည်နှောင်ထားသည့် အချုပ်အနှောင်အတားအဆီးများလည်း ပြိုကွဲပျောက်ကွယ်သွားခဲ့ရတော့သည်။
ကောင်းကင်ယံထက်တွင် သူ့ကို ဆွဲထားမည့် အချုပ်အနှောင်များ မရှိတော့သဖြင့် လုံချန်းသည် မြေပြင်ပေါ်သို့ အဆင်ပြေချောမွေ့စွာ ဆင်းသက်နိုင်ခဲ့၏။
သူသည် ရရှိလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ မိမိ၏ ဘယ်ဘက်လက်ကို အသုံးပြုကာ အသက်ကယ် ဆေးလုံးအား အမြန်ဆုံး မျိုချလိုက်ပြီး ညာဘက်လက်ကို စတင်ကုသလိုက်သည်။ ထို့နောက် ဝူလျာ မြေပြင်မှ ပြန်လည်မတ်တပ်မရပ်နိုင်မီမှာပင် အချိန်ဓားကို ကောက်ယူကာ ထိုနေရာမှ အဝေးသို့ အမြန်ဆုံး ပျံသန်း တိမ်းရှောင်ခဲ့တော့သည်။
သူသည် အသက်ကယ်ဆေးလုံးကို စားသုံးခဲ့သော်လည်း သူ့လက် ပြန်လည်ကောင်းမွန်လာစေရန်အတွက် အချိန်အနည်းငယ် လိုအပ်သေးပေသည်။ သူသည် ဤအချိန်ကာလကို အသုံးချ၍ တစ်နေရာရာတွင် ပုန်းအောင်းကာ မုဆိုးကြယ် အစီအရင်ဗဟို ချက်အားလုံးကို ဖျက်ဆီးနိုင်မည့် အချိန်အား စောင့်ဆိုင်းလိုခြင်း ဖြစ်၏။
ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိပါက သူသည် ယခုနေရာတွင် အစွမ်းမဲ့နေမည်ဖြစ်ပြီး စဉ်းတီတုံးပေါ်က ငါးတစ်ကောင်ပမာ ရန်သူ့စိတ်ကြိုက် နှိပ်စက်ခြင်းကိုသာ ခံရပေလိမ့်မည်။
'ငါ နေရာရွှေ့ပြောင်းခြင်း အစွမ်းအပေါ်မှာပဲ အလွန် အားမကိုးခဲ့သင့်ဘူး။ ယခုလို အခြေအနေမျိုးတွေမှာ ငါ့ကို ကူညီပေးနိုင်မယ့် အခြားသော ကျွမ်းကျင်မှု အစွမ်းတွေကို ပိုပြီး လေ့လာသင်ယူထားခဲ့သင့်တာ' သူသည် ရှေ့သို့ ဆက်လက်ပျံသန်းရင်း စိတ်ထဲမှ တွေးတောနေမိသည်။
"ငါ့သမီး အခုဘယ်မှာလဲဆိုတာ ငါ့ကို ချက်ချင်းပြောစမ်း... သောက်ကောင်"
လုံချန်း ထွက်ပြေးနေသည်ကို မြင်လိုက်ရသောအခါ ဧကရာဇ်လုသည် သူ့ရှေ့တွင် ရုတ်တရက် ပိတ်ရပ်လိုက်ပြီး သမီးတော်အကြောင်းကို ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
သူ ဝူလျာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဝူလျာက လုံချန်းကို သတ်ပစ်တော့မည် ဖြစ်သောကြောင့် ဖြစ်၏။ သူသည် မိမိ၏ သမီးတော်ကို ထာဝရ လက်လွတ်ဆုံးရှုံးရမည်အား မလိုလားချေ။ လုံချန်းအနေဖြင့် သူမ မည်သည့်နေရာတွင် ရှိနေကြောင်း ပြောပြလိုက်သည်နှင့် သူသည် ဤနေရာမှ ထွက်ခွာသွားမည်ဖြစ်ပြီး လုံချန်းနှင့် ဝူလျာတို့အကြားက တိုက်ပွဲထဲတွင် ပါဝင်ပတ်သက်တော့မည် မဟုတ်ချေ။
"မင်းလို သောက်ကောင်... ငါ့လမ်းကနေ ဖယ်စမ်း" လုံချန်းက အော်ဟစ်လိုက်ရင်း သူ့လမ်းကို ပိတ်ဆို့ထားသော ယောက္ခမတော်အား ဖယ်ရှားပစ်ရန်အတွက် ဓားကို မြှောက်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။ သူ့တွင် ဤလူနှင့် အချိန်ဖြုန်းနေရန် အချိန်မရှိချေ။
ကံဆိုးစွာဖြင့် သူ့ဓားကိုပင် မလှုပ်ရှားရသေးမီမှာပင် ကောင်းကင်ယံထက်မှ ရွှေရောင်ဓား တစ်စင်း အရှိန်အဟုန်ဖြင့် ကျရောက်လာခဲ့ပြီး ဧကရာဇ်လု၏ ခန္ဓာကိုယ်ကို အလယ်တည့်တည့်မှနေ၍ နှစ်ပိုင်း ပြတ်တောက်သွားစေခဲ့သည်ကို မြင်တွေ့လိုက်ရတော့သည်။
လုံချန်းသည် ထိုဓားကြီးနှင့် အဝေးသို့ အလောတကြီး ရှောင်တိမ်းလိုက်ရင်း ရွှေရောင်ဓာကို သတိကြီးစွာ စောင့်ကြည့်နေခဲ့ပြီး ၎င်းနှင့် တတ်နိုင်သမျှ ဝေးကွာသော အကွာအဝေးသို့ ရောက်ရှိရန် ကြိုးပမ်းလိုက်၏။
"ဒီလောက်ဆို စိတ်အနှောင့်အယှက်ဖြစ်စရာ အတားအဆီးတွေ ပြီးဆုံးသွားပြီပေါ့။ အခုကတော့ မင်းလုပ်လက်စ ကိစ္စဆီကို ပြန်သွားရမယ့် အချိန်ပဲ။ ငါတို့ မင်းရဲ့ခန္ဓာကိုယ်ကို ဆက်ပြီး ဖြတ်တောက်ရဦးမယ်လေ။ မင်းကို အကြာကြီး စောင့်မခိုင်းတော့ဘူး... ဟုတ်ပြီလား"
ဝူလျာသည် နောက်ဘက်တွင် မတ်တပ်ရပ်နေခဲ့ပြီး ပြုတ်ကျမှုကြောင့် ပေရေသွားခဲ့သော သူ့အဝတ်အစားများကို ခပ်သုတ်သုတ် ဖုန်ခါနေခဲ့သည်။
သူသည် သူ့လက်ကို လုံချန်းရှိရာဘက်သို့ ထပ်မံ၍ မြှောက်လိုက်ပြန်ရာ ယခင်ကကဲ့သို့ ထူးဆန်းသော ချည်နှောင်မှု အတားအဆီးများ ထပ်မံရောက်ရှိလာခဲ့ပြီး လုံချန်းအား ရုန်းမထွက်နိုင်အောင် ထပ်မံ၍ ဖမ်းချုပ်လိုက်ပြန်တော့သည်။
သို့သော် ကံကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင်မူ တစ်စုံတစ်ခုက သိသိသာသာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်၏။ ယခင်က ဝူလျာ ထိတွေ့ရန် ကြိုးပမ်းစဉ်က ပေါ်ပေါက်လာခဲ့သော ဓားထက်က ထူးဆန်းသော သင်္ကေတပုံစံ အစိတ်အပိုင်းအချို့မှာ ယခုအခါ ထပ်မံ၍ တောက်ပစွာ လင်းလက်လာခဲ့ခြင်း ဖြစ်ပေသည်။
လုံချန်းသည် လက်ပြတ်သွားခဲ့ခြင်းကြောင့် သွေးအမြောက်အမြား ဆုံးရှုံးခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေခဲ့ပြီ ဖြစ်သော်လည်း ထိုသင်္ကေတပုံစံကြီး တောက်ပလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်အတွင်းသို့ အားအင်သစ်များ တရဟော စီးဝင်လာသည်ကို အထင်အရှား ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်ကို ချည်နှောင်ထားသော အချုပ်အနှောင်များမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရ၏။ ထို့အပြင် သူ့လက်ဒဏ်ရာ ကုသမှုအရှိန်မှာလည်း အဆမတန် မြန်ဆန်လာခဲ့သည်။ စက္ကန့်ပိုင်းအတွင်း ညာဘက်လက်မှာ ယခင်အတိုင်း မည်သည့် ဒဏ်ရာမှမရှိဘဲ လုံးဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
"ဟင်..."
လုံချန်းသည် ထိုအချုပ်အနှောင်များ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့ဩသွားခဲ့ရ၏။ သူသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော ဝူလျာ၏ မျက်နှာအမူအရာကိုလည်း လှမ်း၍ မြင်တွေ့လိုက်ရသည်။ ဤအရာကို ဝူလျာကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားပေသည်။
ဤအရာကို လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ယခုအခါ ဘယ်ဘက်လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားသော ထိုဓားအိုကြီးသာ ဖြစ်ပေလိမ့်မည်။
"ဟင်း... မင်းကို ငါ ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး။ သူငယ်ချင်းလေး... မင်းက ငါ့ကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့ပြန်ပြီပဲ။ စိတ်မပူပါနဲ့... အခု မင်းက ငါ့ကို ဒီအချုပ်အနှောင်တွေ ဒဏ်မခံရအောင် ကာကွယ်ပေးလိုက်ပြီဆိုတော့ ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး" လုံချန်းက သူ၏ ဓားကို စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။
"ကဲ... အခု အဲဒီကောင်ကို ပြန်ပြီး တုံ့ပြန်ကြတာပေါ့" သူက ဆိုလိုက်ရင်း မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။
သူသည် ညာဘက်လက်အား ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဝူလျာကို လှမ်း၍ လက်ဟန်ပြလိုက်ရင်း စိန်ခေါ်လိုက်တော့သည်။
"မင်းက ကိစ္စတွေကို ဒီလောက်အထိ အတည်ပေါက် လုပ်လာမှတော့ ငါကလည်း အတည်ပေါက် ပြန်ပြီး ဆော့ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူးမလား။ မင်းက ငါ့နောက်ကို တကောက်ကောက် လိုက်နေပြီး ငါ့ပတ်ပတ်လည်က လူတွေကိုပါ အန္တရာယ်ဖြစ်အောင် လုပ်နေခဲ့တာ။ ဒီနေ့တော့ အရာအားလုံး အဆုံးသတ်သွားရမယ်" လုံချန်းက ပြတ်ပြတ်သားသား ကြေညာလိုက်၏။
ကောင်းကင်ပြင်ကြီးမှာ ယခင်ကတည်းက မှောင်မိုက်နေခဲ့ပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ ကောင်းကင်ပြင်ထက်မှ မိုးခြိမ်းသံများ တဂျိန်းဂျိန်း မြည်ဟည်းလာခဲ့ပြီး ပိုမို၍ မှောင်မိုက် အုံ့မှိုင်းလာခဲ့ရသည်။ ကောင်းကင်ယံထက်တွင် အပြာရောင် လျှပ်စီးအလင်းတန်းများမှာလည်း ရံဖန်ရံခါ လင်းလက်နေခဲ့ပြီး ၎င်းက မိုးကြိုးမုန်တိုင်းကြီး တစ်စင်း ကျရောက်တော့မည့်အလား အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"မင်းက ပိုပြီးတော့တောင် မာန ထောင်လွှားလာတာပဲ ကောင်လေးရယ်။ ဒီအချုပ်အနှောင်တွေဆိုတာ ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး။ ဒါက ကိစ္စရပ်တွေကို ပိုပြီး သက်သောင့်သက်သာ ဖြစ်အောင် လုပ်တဲ့ နည်းလမ်းတစ်ခု သက်သက်ပဲ။ အဲဒါက ငါ့မှာရှိတဲ့ အစွမ်းအားလုံးလို့ မဆိုလိုဘူးလေ" ဝူလျာက ဆိုလိုက်ရင်း လုံချန်းရှိရာဆီသို့ လက်ဗလာဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
"နောက်ထပ် လှည့်ကွက်တွေ ကျန်သေးတာလား..." လုံချန်းက ပျင်းရိငြီးငွေ့ဖွယ် အမူအရာဖြင့် ဆိုလိုက်ရင်း သူ့ခန္ဓာကိုယ်ကို ဘေးဘက်သို့ အသာအယာ တိမ်းစောင်းလိုက်ရာ နောက်ကျောဘက်မှ နှလုံးသားတည့်တည့်ဆီသို့ ဦးတည်ကာ ပျံသန်းလာသော ရွှေရောင်ဓားကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။
၎င်းက လုံချန်းကို စကားဖြင့် အာရုံလွဲပြီး အနောက်ကနေ လစ်ရင်လစ်သလို သတ်ပစ်ရန် ကြံစည်ထားသော ဝူလျာ၏ လှည့်ကွက်အစစ်အမှန်ဖြစ်ပြီး ယခုအခါတွင်မူ ကျရှုံးသွားခဲ့ရပြီ ဖြစ်သည်။
"မင်းက ဒီလိုပုံစံမျိုးနဲ့ ဆော့ချင်တာလား။ ရတယ်လေ။ ငါ မင်းနဲ့အတူ ဆော့ပေးပါ့မယ်" လုံချန်းက ကြေညာလိုက်ရင်း ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို အားပြင်းစွာ တစ်ချက် နင်းလိုက်ပြီးနောက် အနောက်သို့ ပြန်လည်ကွေ့ဝိုက်၍ ပျံသန်းလာသော ရွှေရောင်ဓား ရှိရာဆီသို့ ဦးတည်ကာ ပျံတက်သွားခဲ့တော့သည်။ ထိုဓားသည် သူ့ထံသို့ နောက်တစ်ကြိမ် ဦးတည်ပျံသန်းလာခြင်း ဖြစ်သော်လည်း ယခင်ကနှင့်မတူဘဲ ယခုအခါ လုံချန်းကိုယ်တိုင်က ၎င်းဆီသို့ ထိပ်တိုက် တိုးဝင်သွားခြင်း ဖြစ်၏။
လုံချန်းသည် ရွှေရောင်ဓား မိမိထံသို့ ရောက်ရှိလာသည်ကို စိုက်ကြည့်နေခဲ့သည်။ ထိုဓား၏ တိုက်ကွက်ကို တုံ့ပြန်သည့်အနေဖြင့် သူသည်လည်း အချိန်ဓားကို အားကုန် ဝေ့ယမ်း၍ ခုတ်ချလိုက်တော့၏။ အချိန်ဓားသည် ကောင်းကင်ယံထက်တွင် မှောင်မိုက်သော စွမ်းအင်လှိုင်း အမြီးတန်းကြီးကို ချန်ရစ်ခဲ့ရင်း ရွှေရောင်ဓားရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားနှစ်စင်းစလုံး ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြပြီး ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ရတော့၏။ ရွှေရောင်ဓားသည် ချက်ချင်းပင် ပြိုကွဲပျက်စီးသွားခဲ့ပြီး ရွှေရောင် အလင်းစက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ သို့သော် ထိုရွှေရောင် အလင်းစက်များသည် ဝူလျာရှိရာဆီသို့ ပြန်လည်ပျံသန်းသွားခြင်း မရှိခဲ့ချေ။
၎င်းအစား... ထိုအလင်းစက်များမှာ လုံချန်း၏ အချိန်ဓား အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီး ထိုမှတစ်ဆင့် သန့်စင်သော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာ လုံချန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့တော့သည်။
ထူးဆန်းသည်မှာ ထိုစွမ်းအင်များမှာ အလွန်အမင်း သန့်စင်လွန်းသဖြင့် ထိုမျှလောက်သော ပမာဏကို စုပ်ယူလိုက်ရုံမျှဖြင့် သူ့ကို ကျင့်ကြံခြင်း အဆင့်ဆင့်အား ချက်ချင်း ကျော်ဖြတ်ကာ အဆင့်တက်လှမ်းသွားစေရန် လုံလောက်ခဲ့ပေသည်။ သူသည် ထိုတိုက်ကွက် တစ်ကွက်တည်းကို ခုခံစုပ်ယူလိုက်ရုံဖြင့် ကောင်းကင်ဘုံ အဆင့် ၅ သို့ ချက်ချင်းပင် အဆင့်တက်လှမ်း အောင်မြင်သွားခဲ့ရပြီ ဖြစ်၏။
လုံချန်းသည် ယခုလေးတင် မည်သို့ ဖြစ်သွားခဲ့သနည်းဆိုသည်ကို သဘောပေါက်သွားသောအခါ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတော့သည်။ အချိန်ဓား...။ ၎င်းက ရန်သူ့တိုက်ကွက်ကို အမှုန့်ခြေဖျက်ပစ်လိုက်ရုံသာမက ထိုတိုက်ကွက်၏ စွမ်းအားများအား မိမိအတွက် ကျင့်ကြံခြင်း စွမ်းအင်များအဖြစ် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်ပေသည်။
၎င်းက မည်သို့မည်ပုံ ဖြစ်ပျက်သွားခဲ့သည်ကို သူ သေသေချာချာ မသိသော်လည်း အလွန်အမင်း ဆန်းကြယ် ထူးဆန်းလွန်းပေသည်။ ၎င်းက တကယ့်ကို အံ့ဖွယ်စွမ်းအားတစ်ခု ဖြစ်၏။ သူသည် အခြားသော တိုက်ခိုက်မှုများကိုလည်း ယခုကဲ့သို့ ပြုလုပ်နိုင်မည်လောဟု တွေးတောမိသွားသည်။
အကယ်၍ သူသည် ရန်သူများ၏ တိုက်ကွက်တိုင်းကို အချိန်ဓားဖြင့် ယခုကဲ့သို့ ပြုလုပ်နိုင်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်း အဆင့်တက်လှမ်းမှုနှုန်းမှာ အဆမတန် လျင်မြန်လာတော့မည် ဖြစ်ပေလိမ့်မည်။