အခန်း ၁၀၇၉
Vol. 103 Ch. 1079
အခန်း ၁၀၇၉ အဆောင်
ဝူလျာနှင့် လုံချန်းတို့သည် အစပိုင်းတွင် အလွန်ကြီးမားသော ထိပ်တိုက်တွေ့ဆုံမှု တစ်ခုကို ပြုလုပ်ရန် ဦးတည်နေခဲ့ကြသော်လည်း ထွက်ပေါ်လာသည့် ရလဒ်မှာမူ လုံချန်း မျှော်လင့်ထားခဲ့သည်နှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့ရသည်။
ဝူလျာ၏ လှည့်ကွက် အစီအမံကြောင့် သူသည် လုံချန်း၏ တိုက်ရိုက်ရင်ဆိုင်မှုကို ရှောင်လွှဲကာ လုံချန်း၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
ထိုထိပ်တိုက်တွေ့ဆုံမှုနှင့် လှည့်ကွက်များ၏ ရလဒ်အဖြစ် လုံချန်း၏ နှလုံးသားမှာ နောက်ကျောဘက်မှ လှံဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသော်လည်း ဝူလျာ၏ မျက်နှာတွင်မူ ပျော်ရွှင်ရိပ် အနည်းငယ်မျှ ရှိမနေခဲ့ချေ။ ၎င်းအစား ဝူလျာသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ထိုနေရာမှ နောက်သို့ အလောတကြီး ရှောင်တိမ်းရန် ကြိုးပမ်းလိုက်တော့သည်။
အကြောင်းမှာ သူ လှံဖြင့် ထိုးစိုက်လိုက်သော ဖြစ်တည်မှုမှာ လုံချန်း မဟုတ်ခဲ့ကြောင်း ထင်ရှားသွားခဲ့ခြင်းကြောင့် ဖြစ်၏။ လှံရှည်သည် ထိုပုံရိပ်ကို ဖောက်ထွက် သွားပြီးနောက်တွင်မူ ထိုပုံရိပ်ယောင်ကြီးမှာ ချက်ချင်းပင် ပြိုကွဲပျက်စီးသွားခဲ့ရသည်။
ထိုနေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။ သူသည် ဟင်းလင်းပြင် အလွတ်ကြီးကိုသာ ထိုးစိုက်မိခဲ့ခြင်း ဖြစ်ပြီး ၎င်းက ယခုအချိန်တွင် လုံချန်းသည် သူ့နောက်ကျောဘက်၌ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားစွာ သက်သေပြနေခဲ့သည်။
သူ့ကျောဘက်မှ ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ကျရောက်လာသည်ကို ခံစားလိုက်ရသောအခါ ထိုတွေးတောချက်က ထပ်မံ၍ အတည်ဖြစ်သွားခဲ့ရပြန်၏။
မိမိအနေဖြင့် အမှားကြီးတစ်ခုကို လုပ်မိသွားခဲ့ပြီဖြစ်ကြောင်း ဝူလျာ သိလိုက်ရသည်။ လုံချန်းကို လှည့်စားရန် ကြိုးပမ်းသည့် အရှိန်အဟုန်တွင် သူသည် လုံချန်းဟူသော ကောင်က လှည့်ကွက်အစီအမံများနှင့် ပတ်သက်လာလျှင် မိမိထက်ပင် ပိုမို၍ ယုတ်မာကောက်ကျစ်သော ကောင်ဖြစ်ကြောင်းအား မေ့လျော့သွားခဲ့ခြင်း ဖြစ်၏။ ယခုကဲ့သို့ မိမိ၏ ခံစစ်အား လျှော့ချလိုက်ခြင်းက တကယ့်ကို မိုက်မဲလွန်းပေသည်။
သူ သဘောပေါက်လိုက်သည့် ထိုအခိုက်အတန့်၌ပင် သူ့နောက်ကျောဘက်မှ ဓားတစ်လက် ကပ်ပါလာခဲ့ပြီဖြစ်ရာ ၎င်းက ဝူလျာ၏ လည်ပင်းကို အပိုင်းပိုင်းပြတ်အောင် ဖြတ်တောက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံထက်က မီးလျှံနဂါးကြီးနှင့် မိုးကြိုးလှိုင်းတို့သည်လည်း ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြ၏။ ထိုမိုးကြိုးမှာ သဘာဝတရားကြီးက ဖန်တီးပေးထားသည့်အရာ ဖြစ်သော်လည်း မီးလျှံနဂါးကြီးကမူ ပိုမို၍ အစွမ်းထက်ပုံရပေသည်။ အကြောင်းမှာ ၎င်းက သူ၏ ပါးစပ်ကြီးအား ဟလိုက်ပြီးနောက် မိုးကြိုးလှိုင်း တစ်လှိုင်းလုံးကို တလစပ် ဝါးမြိုပစ်လိုက်သောကြောင့် ဖြစ်၏။
မိုးကြိုးစွမ်းအားများသည် မီးလျှံနဂါး၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့ပြီး သူ့အတွင်းပိုင်း၌ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့ရာ မီးလျှံများမှာ အနည်းငယ် အားနည်းသွားခဲ့သော်လည်း နဂါးကြီးကမူ ပျက်စီးသွားခြင်း မရှိချေ။ ထိုအစား သူက တဂျိန်းဂျိန်း မြည်ဟည်းနေဆဲဖြစ်သော မှောင်မိုက်သည့် ကောင်းကင်ပြင်ကြီးဆီသို့ ဆက်လက်၍ ပျံတက်သွားခဲ့သည်။
လုံချန်းနှင့် ဝူလျာတို့အကြား တိုက်ပွဲဖြစ်ပွားနေသော နေရာတစ်ခုလုံးမှာမူ ယခုအခါ လုံးဝ ဆိတ်ငြိမ်အလွတ်ကြီး ဖြစ်နေခဲ့ပြီ ဖြစ်၏။
အစပိုင်းတွင်မူ မည်သို့ ဖြစ်နေသနည်း ဆိုသည်ကို လာရောက်ကြည့်ရှုရန် လူအနည်းငယ် ထွက်ပေါ်လာခဲ့ကြသော်လည်း သူတို့၏ ဧကရာဇ်မင်းမြတ် အပိုင်းပိုင်းပြတ်၍ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် အဆောက်အအုံများအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်ပေသည်။
နေရာတစ်ခုလုံးတွင် လူသူတစ်ဦးမျှ ရှိမနေခဲ့ဘဲ လုံချန်းနှင့် ဝူလျာတို့ နှစ်ဦးတည်း စိတ်ကြိုက် တိုက်ခိုက်နိုင်ရန်အတွက် ကွင်းပြင်ကြီး တစ်ကွင်းပမာ ကျန်ရစ်ခဲ့တော့သည်။
ဤနေရာက ဆိတ်ငြိမ်နေခဲ့သော်လည်း တော်ဝင်မြို့တော်၏ ကျန်ရှိနေသော နေရာများမှ လူများမှာမူ လမ်းမများပေါ်တွင် သော်လည်းကောင်း မိမိတို့၏ အိမ်တွင်းမှနေ၍ အပြင်ဘက်သို့ သော်လည်းကောင်း စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြ၏။
သူတို့သည် မှောင်မိုက်နေသော ကောင်းကင်ပြင်ကြီးကို မြင်တွေ့နေရသဖြင့် ဤနေရာတွင် မည်သည်များ ဖြစ်ပျက်နေသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ မကြာမီမှာပင် သူတို့သည် ကောင်းကင်ယံထက်သို့ ပျံတက်သွားသော တောက်လောင်နေသည့် မီးလျှံနဂါးကြီးကိုလည်း လှမ်း၍ မြင်တွေ့လိုက်ရပြန်သည်။
"မေမေ... ဟိုမှာကြည့်ဦး၊ နဂါးကြီးတစ်ကောင်"
ကလေးငယ် တစ်ဦးပင် မကဘဲ ကောင်းကင်ဘုံက မိုးကြိုးလှိုင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး အောင်ပွဲခံကာ ပျံတက်သွားသော ထိုမီးလျှံနဂါးကြီးကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်းပင် အံ့ဩမှင်သက်နေမိကြ၏။
နဂါးကြီးသည် ရပ်တန့်သွားခြင်းမရှိဘဲ အပေါ်သို့ ဆက်လက်ပျံတက်နေခဲ့သည်။ သူသည် ကောင်းကင် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး မှောင်မိုက်သော မိုးတိမ်တိုက်ကြီးများကို အရှိန်ပြင်းစွာ တိုက်မိပြီးနောက် ထိုမိုးတိမ်များအကြားတွင် ဖျောက်ကွယ် ပုန်းအောင်းသွားခဲ့တော့သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ အရာအားလုံးက တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး မည်သို့မျှ ဖြစ်မလာခဲ့ချေ။ သို့သော် ထိုတိတ်ဆိတ်မှုက ကြာရှည်မခံခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ကောင်းကင်က မိုးတိမ်တိုက်ကြီးများမှာ ပိုမိုကြီးမားသော မီးလျှံ တိမ်တိုက်ကြီး တစ်စိုင်၏ ဝါးမြိုခြင်းအား ခံလိုက်ရပြီး ပြိုကွဲပျက်စီးသွားသည်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
ထိုထူးဆန်းသော သဘာဝဖြစ်စဉ်ကြီးက ကောင်းကင်ယံထက်တွင် တစ်မိနစ်ကျော်ခန့် တည်ရှိနေခဲ့ပြီးနောက် အရာအားလုံး ပျောက်ကွယ်သွားခဲ့ရကာ ကြည်လင်သော ကောင်းကင်ပြင်ကြီးသာ ပြန်လည်ကျန်ရစ်ခဲ့တော့သည်။
ယခုက ညနေစောင်း အချိန်ကာလ ဖြစ်သော်လည်း လူတိုင်းမှာမူ လမ်းမများပေါ်သို့ ထွက်ပေါ်လာခဲ့ကြပြီး တစ်စုံတစ်ရာသော ပွဲတော်တစ်ခုခု ကျင်းပနေသည့်အလား ကောင်းကင်ပြင်ကြီးကို စိုက်ကြည့်နေမိကြတော့သည်။
...
ကောင်းကင်ထက်က တိမ်တိုက်များ ပျက်စီးသွားခဲ့သည့် အချိန်၌ပင် လုံချန်း၏ ဓားသွားသည် ဝူလျာ၏ လည်ပင်းနှင့် လက်မအနည်းငယ်ခန့်သာ ကွာဝေးတော့သည့် အခိုက်အတန့်တွင် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းတစ်တန်း နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့ရသည်။
အချိန်ကာလကြီး တစ်ခုလုံးမှာ အလွန်အမင်း နှေးကွေးသွားခဲ့သည့်အလား ဖြစ်ပေါ်သွားခဲ့ပြီး အရာရာတိုင်းကို အသေးစိတ်ကျကျ မြင်တွေ့နေရသကဲ့သို့ ဖြစ်နေခဲ့၏။
ထိုအချိန်၌ပင် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းကြီး ပေါ်ပေါက်လာခဲ့သဖြင့် ဓားသွားက ရန်သူ့ခန္ဓာကိုယ်ကို ထိတွေ့ရတော့မည့် ထိုအခိုက်အတန့်တိုလေးအတွင်း လုံချန်းအနေဖြင့် အရာအားလုံးကို ခဏမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ပါချေ။
ဓားသွားကမူ မည်သည့် အတားအဆီးမျှမရှိဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားသွားခဲ့ရာ ယင်းက အလွန်အံ့ဩစရာကောင်းပေသည်။ အကယ်၍ ဓားသွားက ဝူလျာ၏ လည်ပင်းကို ဖြတ်တောက်လိုက်မည်ဆိုပါက အနည်းဆုံးတော့ အနည်းငယ်မျှသော ခုခံမှုလှိုင်း သို့မဟုတ် ဝူလျာ၏ နာကျင်စွာ ညည်းတွားသံတစ်ခုခု ထွက်ပေါ်လာရမည် ဖြစ်၏။ သို့သော် ယခုမူ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
ယင်းက ထင်ရှားပေသည်။ သူ၏ တိုက်ကွက်က လွဲချော်သွားခဲ့ပြီ ဖြစ်၏။ မိမိအနေဖြင့် မည်သည်ကိုမှ မြင်တွေ့နိုင်ခြင်းမရှိသည့် ထိုအခိုက်အတန့်တိုလေးအတွင်း တစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မမည်သို့ ဖြစ်သွားသည်အား သိရှိနိုင်ရန်အတွက် သူသည် ဝိညာဉ်အာရုံကို ဘေးပတ်ပတ်လည်သို့ ဖြန့်ကြက်လိုက်တော့သည်။
သူ ထင်မှတ်ထားခဲ့သည့် အတိုင်းပင် ဝူလျာသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူ ထိုနေရာ၌ ရှိမနေတော့ချေ။ လုံချန်းသည် ဤကဲ့သို့သောအခြေအနေကို ကြိုတင်တွက်ဆထားပြီး ဖြစ်သဖြင့် သူသည် ထိုနေရာ၌ပင် ရပ်တန့်မနေဘဲ ရန်သူ့ထံမှ ရောက်ရှိလာနိုင်မည့် မည်သည့်တိုက်ကွက်ကိုမဆို ရှောင်တိမ်းရန်အတွက် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
ကံကောင်းစွာဖြင့် သူ့ထံသို့ မည်သည့် တိုက်ကွက်မျှ ရောက်ရှိလာခြင်း မရှိခဲ့ချေ။ ထိုအစား သူသည် ဝူလျာကို ထိုနေရာနှင့် အတန်ငယ် ကွာဝေးသော နေရာတစ်နေရာတွင် မတ်တပ်ရပ်လျက် သူ့လည်ပင်းအား ပွတ်သပ်နေသည်ကို လှမ်းတွေ့လိုက်ရ၏။
"ဘုရားရေ... မင်းက ငါ့ကို သတ်ခါနီးအထိ ဒီလောက်တောင် နီးကပ်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါ တကယ် မယုံနိုင်ဘူး။ ငါ စောစောက တကယ့်ကို အမှားကြီး မှားသွားခဲ့တာပဲ" ဝူလျာက ဆိုလိုက်ရင်း အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ရမှုအတွက် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
သူသည် ခန္ဓာကိုယ်အတွင်း၌ ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော တုန်လှုပ်ခြောက်ခြားမှု တစ်ခုကို ခံစားနေရဆဲ ဖြစ်၏။ ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး သူသည် သေခြင်းတရားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ရသည့်အလား ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
လုံချန်းသည် ဝူလျာကို ထပ်မံ၍ စိုက်ကြည့်လိုက်ရင်း သူ၏ တုံ့ပြန်မှုအပေါ် အံ့ဩမှင်သက်နေမိသည်။ ဝူလျာ မည်သည်ကို အသုံးချသွားခဲ့သနည်း ဟူသည်အား သူ မတွေးတောဘဲ မနေနိုင်တော့ချေ။ သူ ယခုလို နေရာက မည်သို့ လွတ်မြောက်သွားရသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် သူ၏ ဓားသွားက ရောက်ရှိနေခဲ့ပြီး အခြားတစ်ဖက်တွင်လည်း သူ၏ ဝိညာဉ်ဓားက အဆင်သင့် စောင့်ကြိုနေခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ဝူလျာအနေဖြင့် မည်သည့်ဘက်သို့မျှ လှုပ်ရှားသွားခဲ့ခြင်း မဟုတ်သည်မှာ သေချာပေသည်။ အကယ်၍ လှုပ်ရှားခဲ့လျှင် သူ သေဆုံးသွားခဲ့ပြီ ဖြစ်ရမည်။ ထိုသို့ဆိုလျှင် သူ မည်သည်ကို အသုံးပြုခဲ့သနည်း။
သူ မည်သို့ ဖြစ်သွားခဲ့သနည်းဟု တွေးတောနေစဉ်မှာပင် ဝူလျာ၏ လက်ထဲတွင် လွင့်ပျံနေသော အဆောင် အပိုင်းအစ တစ်ရွက်ကို မြင်တွေ့လိုက်ရ၏။
ယင်းက အနီရောင် စက္ကူစတစ်ရွက်ဖြစ်ပြီး မျက်နှာပြင်ထက်တွင် ပြည့်စုံသော အစီအရင် တစ်ခုကို ရေးဆွဲထားဟန် တူပေသည်။
"အဆောင်လား..." လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်ရင်း တဖြည်းဖြည်းချင်း ပြိုကွဲပျက်စီးလာနေသော စာရွက်ကို စိုက်ကြည့်နေမိသည်။ မကြာမီအချိန်အတွင်းမှာပင် ထိုအဆောင် တစ်ရွက်လုံးမှာ မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး အဝေးသို့ လွင့်ပျံသွားခဲ့တော့သည်။
'အဲဒီတော့ သူက အဆောင် တစ်ရွက်ကို အသုံးပြုခဲ့တာပေါ့။ ဒါပေမဲ့ နေရာရွှေ့ပြောင်းခြင်း အစွမ်းကို လုံးဝ ပိတ်ဆို့ထားတဲ့ ယခုလိုနေရာမျိုးမှာ နေရာရွှေ့ပြောင်းခြင်းနဲ့ သက်ဆိုင်တဲ့ အဆောင်က ဘယ်လိုဖြစ်လို့ အလုပ်လုပ်နိုင်ရတာလဲ။ ထူးဆန်းတဲ့ အစီအရင်ကပဲ ဒီအရာရဲ့ သော့ချက် ဖြစ်ရမယ်'
'ဒီအကြီးစား အစီအရင်ကြီးရဲ့ ပိတ်ဆို့ခြင်း အာနိသင်ကို အဲဒီအဆောင်ပေါ်မှာ ခဏလောက် အကျိုးသက်ရောက်မှု မရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရာတစ်ခုခုပဲ ဖြစ်ရမယ်'
လုံချန်းသည် ရန်သူ လွတ်မြောက်သွားရသည့် နည်းလမ်းနှင့် ပတ်သတ်၍ ခန့်မှန်းချက် အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ လုံချန်းသည် ရန်သူ့အတွက် မည်သည့်ထွက်ပြေးပေါက်မျှ ချန်ထားခဲ့ခြင်း မရှိသဖြင့် ဤကောင်က တခြားနေရာသို့ လှုပ်ရှားသွားခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားပေသည်။ ဤကောင်သည် နောက်ဆုံးအခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းအစွမ်းဖြင့် သေချာပေါက် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်၏။
ယင်းက ထိုအဆောင်ပေါ်တွင် ရှိနေသော အစီအရင်၏ စွမ်းအားကြောင့် ဤအချုပ်အနှောင်အတားအဆီးများမှ လွတ်မြောက်သွားခြင်း ဖြစ်နိုင်သလို သို့မဟုတ် ထိုမီးလျှံနဂါးက ထိုအခိုက်အတန့်အတွင်း တစ်စုံတစ်ခုကို လုပ်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် မျက်စိကျိန်းမတတ် တောက်ပလာသော အလင်းတန်းကြီးကြောင့် ဤအကြီးစား အစီအရင်ကြီး၏ အာနိသင်မှာ ခဏမျှ ပျက်ပြယ်သွားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ရန်သူက ဤအချက်ကို ကြိုတင်သိရှိထားခဲ့သဖြင့် အဆောင်အား အသုံးပြုသွားခဲ့ခြင်း ဖြစ်၏။
"ငါ့ကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတာ ဘာဖြစ်သွားတာလဲ။ မင်းက တကယ်ကို သန်မာတဲ့ ကောင်ပဲလေ။ မင်းမှာ ငါ့ထက်မြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ရှိတယ်။ မင်းမှာ ကောင်းမွန်တဲ့ ကျွမ်းကျင်မှုအစွမ်းတွေ ရှိနေသလို မင်း ကြိုတင်ပြင်ဆင်ပြီး ချထားခဲ့တဲ့ ကောက်ကျစ်တဲ့ အစီအရင်ကြောင့် ငါက ဒဏ်ရာတွေနဲ့ အားနည်းနေခဲ့တာလေ"
"အဲဒီလို အခြေအနေတွေ အားလုံး ရှိနေတာတောင်မှ မင်းက ထွက်ပြေးဖို့ လိုအပ်နေသေးတယ်ပေါ့။ ဟုတ်လား" လုံချန်းက ဝူလျာကို စူးစိုက်ကြည့်ကာ လှောင်ပြောင်သရော်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။ "မင်း စောစောက စကားတွေကို အကြီးကြီး ပြောနေခဲ့တာက နောက်ဆုံးတော့ ဒီလိုဖြစ်ဖို့အတွက်ပဲကိုး"