အခန်း ၁၀၈၂
Vol. 103 Ch. 1082
အခန်း ၁၀၈၂ အဆိပ်
လုံချန်း တိုက်ခိုက်လိုက်သည့် အချိန်နှင့် တပြိုင်နက်တည်းမှာပင် ဝူလျာသည်လည်း သူ၏ အချိန်တွက်ချက်မှုကို အဆုံးသတ်လိုက်တော့သည်။
သူ၏ ရေတွက်မှု ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ထိုနေရာ တစ်ခုလုံးတွင် အလွန် ကျယ်လောင်သော အော်ဟစ် ညည်းတွားသံကြီး တစ်သံ ပြည့်နှက်သွားခဲ့ရ၏။ လူတိုင်းသည် တစ်စုံတစ်ဦး အလွန်အမင်း ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားနေရသည့်အလား နာကျင်စွာ အော်ဟစ်လိုက်သံကို ကြားသိလိုက်ရသည်။
ထိုအော်ဟစ်သံ၏ ပိုင်ရှင်မှာ အခြားသူမဟုတ်ဘဲ သေလုမတတ် ခံစားနေရသကဲ့သို့ အော်ဟစ်နေသော လုံချန်းပင် ဖြစ်ပေတော့သည်။
သူ၏ အာရုံကြောများ အားလုံးမှာ ကတ္တရာစေးကဲ့သို့ မည်းနက်သွားခဲ့ရပြီး ယင်းတို့က သူ၏ ခန္ဓာကိုယ်အနှံ့တွင် မျဉ်းကြောင်းများပမာ ဆက်သွယ်သွားခဲ့ကြ၏။ ထိုမည်းနက်နေသော အာရုံကြောကြီးများမှာလည်း အပြင်ဘက်သို့ ဖောင်းကြွထွက်လာခဲ့ကြသည်။
သူသည် အဆက်မပြတ် အော်ဟစ်နေရင်း မြေပြင်ပေါ်သို့ စတင်၍ လဲကျသွားခဲ့ရပြီး သူ့လက်ထဲမှ အချိန်ဓားမှာလည်း မြေပြင်ပေါ်သို့ လွတ်ကျသွားခဲ့တော့သည်။
ယင်းမှာ သူ့ခန္ဓာကိုယ် အတွင်း၌ မည်သည့် ခွန်အားမျှ ရှိမနေတော့ဘဲ ပြင်းထန်သော နာကျင်မှု ဝေဒနာတစ်ခုတည်းသာ ကျန်ရှိတော့သည့်အလား ဖြစ်နေခဲ့၏။ သူ ယခုလက်ရှိ ခံစားနေရသည့် တစ်ခုတည်းသော အရာမှာမူ သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်တော့သော အသိစိတ်များကို ထုံထိုင်းသွားစေသည့် ပြင်းထန်သော နာကျင်မှု ဝေဒနာကြီးသာ ဖြစ်ပေသည်။
သူ့တွင် နာကျင်မှု ဝေဒနာကို ခံနိုင်ရည်ရှိသော အစွမ်းအချို့ ရှိနေခဲ့သော်လည်း ယခုနာကျင်မှုကမူ အလွန်အမင်း ဆိုးရွားလွန်းပေသည်။ ဒဏ်ရာက ပေးသော နာကျင်မှုက ရပ်တန့်သွားခြင်းမရှိသဖြင့် မကြာမီမှာပင် သူ့အသံမှာ တိုးဝင်သွားခဲ့ရ၏။
သူသည် အောက်သို့ ဆက်လက်၍ လဲကျနေခဲ့သည်။ သူ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည့် အချိန်ကျမှသာ အော်ဟစ်သံများ ရပ်တန့်သွားခဲ့ရပြီး အသိစိတ်များ လွတ်ကင်းကာ သတိလစ်မေ့မြောသွားခဲ့တော့သည်။ ထိုမည်းနက်နေသော အာရုံကြောကြီးများမှာမူ သူ နာကျင်မှုကို ထုတ်ဖော်၍ မအော်ဟစ်နိုင်တော့သည့်တိုင်အောင် ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ တုန်ခါနေဆဲ ဖြစ်ပေသည်။
"နုနယ်တဲ့ ကောင်လေး... လက်နက်တိုင်းမှာ တူညီတဲ့ ထူးခြားချက်တွေ ရှိနေတာ မဟုတ်ဘူးကွ။ အချို့လက်နက်တွေက တကယ် အဆိပ်ပြင်းတယ်" ဝူလျာက သူ၏ လှံသွားကို စိုက်ကြည့်ရင်း ဖြဲစပ်စပ်ဖြင့် ပြောဆိုလိုက်သည်။
သူသည် အောက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး မကြာမီမှာပင် မြေပြင်ပေါ်သို့ ပြန်လည်ခြေချလိုက်၏။
"ဒီနာကျင်မှုက ဆယ်မိနစ်လောက် ကြာလိမ့်မယ်။ မင်းရဲ့ အော်ဟစ်သံတွေကို ထပ်ပြီး မကြားရတော့တာ တော်တော် နှမြောစရာပဲ။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ် လှုပ်ရှားလို့ မရတဲ့ အကြောသေသွားတဲ့ အာနိသင်ကတော့ နာရီဝက်လောက် ကြာလိမ့်မယ်။ အဲဒီအချိန်အထိတော့ မင်းက ငါ့ရဲ့ လက်ခုပ်ထဲက ရေပဲ" ဝူလျာက ဆိုလိုက်ရင်း လုံချန်းရှိရာဘက်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံချန်း အနားသို့ မကြာမီ ရောက်ရှိသွားခဲ့၏။ လုံချန်း၏ ဦးခေါင်းမှ သွေးများ စီးကျနေခဲ့ပြီး သူ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားခဲ့မှုကြောင့် သူ၏ လက်မောင်းအရိုးများမှာလည်း ကြေမွသွားခဲ့ရသည်။ သို့သော် သူ သတိလစ်မေ့မြောနေခဲ့သဖြင့် မည်သည့်နာကျင်မှုကိုမျှ ထုတ်ဖော်ပြသခြင်း မရှိတော့ပေ။
သူ့နှလုံးသားကမူ ချက်ချင်း ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်၍ ခုန်ခတ်နေဆဲ ဖြစ်သည်။
"မင်းက အသိစိတ် လွတ်သွားတာ မြန်လွန်းတာပဲ။ နှမြောစရာကောင်းလိုက်တာ။ မင်း ဘယ်လိုသေမလဲ ဆိုတာကို မင်းကိုယ်တိုင်တောင် ကြည့်ခွင့်မရတော့ဘူး" ဝူလျာက သူ၏ ခြေရင်းတွင် လဲလျောင်းနေသော လုံချန်းကို ငုံ့ကြည့်ရင်း ပြောဆိုလိုက်သည်။
လုံချန်း၏ ဝိညာဉ်ဓားမှာမူ ရွှေရောင်ဓား၏ ပိတ်ဆို့တားဆီးထားမှုကြောင့် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ဘဲ လေထဲတွင် တိုက်ခိုက်နေရဆဲ ဖြစ်၏။
ဝူလျာသည် ညာဘက်ခြေထောက်ကို မြှောက်လိုက်ပြီး လုံန်း၏ မျက်နှာပေါ်သို့ အားဖြင့် နင်းခြေလိုက်ပြီးနောက် လှံရှည်ကို လုံချန်း၏ လည်ပင်းနားသို့ ကပ်လိုက်ကာ အောက်သို့ အားကုန် ထိုးစိုက်ရန် ပြင်ဆင်လိုက်တော့သည်။
...
အခြားတစ်ဖက်တွင်မူ မုဆိုးကြယ်နှင့် ဧကရာဇ်လုတို့ အကြားက အကွာအဝေးမှာ ကုန်လွန်သွားသော စက္ကန့်တိုင်းနှင့်အမျှ ပိုမိုကျဉ်းမြောင်းလာခဲ့ပြီး မကြာမီမှာပင် သူတို့နှစ်ဦးအကြား အကွာအဝေး မီတာအနည်းငယ်မျှသာ ကျန်ရှိတော့သည်။
ထိုအချိန်၌ပင် မုဆိုးကြယ်သည် လုံချန်းထံမှ စိတ်ချင်းဆက်သွယ်မှု အာရုံများကို လုံးဝ မကြားရတော့ပေ။ ဤသည်မှာ လုံချန်းတစ်ယောက် အသိစိတ်လွတ်သွားခြင်းလော သို့မဟုတ် သေဆုံးသွားခဲ့ခြင်းလော။
မုဆိုးကြယ် မည်သို့ ဖြစ်ပျက်ကုန်သည်ကို မတွေးတောဘဲ မနေနိုင်လောက်အောင် စိုးရိမ်ပူပန်သွားခဲ့ရသည်။
သူသည် လုံချန်းကို ကူညီရန်အတွက် လုံချန်းရှိရာနေရာသို့ သွားရောက်ရန် လိုအပ်သော်လည်း ဤဧကရာဇ်လု ရှိနေသရွေ့ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ သူသည် မိမိတို့ထံသို့ တရွေ့ရွေ့ နီးကပ်လာနေသော ဧကရာဇ်လုကို ဦးဆုံး အပြတ်ရှင်းရန် လိုအပ်ပေသည်။
မုဆိုးကြယ်သည် နောက်ဆုံးတွင် လုံချန်း၏ အမိန့်ကို ဖီဆန်ရန် ဆုံးဖြတ်လိုက်တော့သည်။ လုံချန်းသည် သူ အသိစိတ်မလွတ်သွားမီက သူ့ကို ချက်ချင်း ထွက်ပြေးရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုအချိန်တွင်မူ မုဆိုးကြယ် အနေဖြင့် ထွက်ပြေးရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကောက်ကျစ်သော ကောင်သည် မိမိ မည်မျှပင် ပုန်းကွယ်နေပါစေ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် မိမိရှိရာနေရာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသောကြောင့် ဖြစ်၏။
အရှိန်အဟုန် ပိုင်းတွင်လည်း သူက အားနည်းနေခဲ့ရသည်။ ထွက်ပြေးနေရင်းနှင့် အသတ်ခံရမည့်အစား တိုက်ခိုက်ရင်းနှင့် သေဆုံးသွားရခြင်းက ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ပါက အနည်းဆုံးတော့ အနိုင်ရရှိနိုင်မည့် အခွင့်အရေး အနည်းငယ် ရှိနေနိုင်သေးသော်လည်း ထွက်ပြေးနေပါကမူ အနိုင်ရရန် မည်သည့်အခွင့်အရေးမျှ ရှိမနေသောကြောင့် ဖြစ်၏။
ဧကရာဇ်လု ပိုမိုနီးကပ်လာလေလေ မုဆိုးကြယ်အတွက် ပိုမို၍ အားနည်းချက် ရှိလာလေလေ ဖြစ်ပေလိမ့်မည်။
သူသည် နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး အနောက်သို့ ရုတ်တရက် ပြန်လည်လှည့်လိုက်ရာ သူက အရိပ်တစ်ရိပ် အတွင်းမှ ဝံပုလွေကဲ့သို့သော သားရဲကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ပါးစပ်ကြီးကို ဟလိုက်သည်ကိုသာ မြင်တွေ့လိုက်ရသော ဧကရာဇ်လုအား အံ့ဩမှင်သက်သွားစေခဲ့သည်။
မုဆိုးကြယ်၏ ပါးစပ်အတွင်းမှ မှောင်မိုက်သော စွမ်းအင်လုံးကြီး တစ်လုံး ထွက်ပေါ်လာခဲ့ပြီး ယင်းကို ကြိုတင်မျှော်လင့်မထားခဲ့သော ဧကရာဇ်လု ထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့တော့သည်။
သူတို့နှစ်ဦးအကြား မီတာအနည်းငယ်မျှသာ ကွာဝေးတော့သဖြင့် ထိုစွမ်းအင်လုံးကြီးမှာ ဧကရာဇ်လု၏ ရင်ဘတ်တည့်တည့်၊ သူ့နှလုံးသား ရှိရမည့်နေရာသို့ ပြင်းထန်စွာ ထိမှန်သွားခဲ့ရ၏။
ဧကရာဇ်လု၏ ရင်ဘတ်ထက်တွင် တစ်ဖက်သို့ ကွက်ကွင်းကွင်း မြင်တွေ့နိုင်သော လက်သီးဆုပ်ခန့် ကျယ်ဝန်းသည့် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားခဲ့ရသည်။
သို့သော် ထူးဆန်းသည်မှာ ထိုအပေါက်ကြီးအတွင်းမှ မည်သည့် သွေးတစ်စက်မျှ စီးကျလာခြင်း မရှိပေ။ ဧကရာဇ်လုသည် ထိုဒဏ်ရာကြောင့် လဲကျသွားခြင်းမရှိဘဲ သူ့မျက်နှာထက်တွင်လည်း မည်သည့် စိတ်ခံစားချက် အရိပ်အယောင်မျှ မရှိဘဲ ပုံမှန်အတိုင်း မတ်တပ်ရပ်နေဆဲ ဖြစ်သည်။
သူသည် ထိုတိုက်ကွက်ကြောင့် လဲကျသေဆုံးသွားမည့်အစား မုဆိုးကြယ် အနားသို့ ပိုမိုတိုးကပ်လာခဲ့ပြီး သူတို့နှစ်ဦးအကြားက အကွာအဝေးကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်တော့သည်။
...
မျက်နှာတစ်ဝက် ဖုံးအုပ်ထားသော ထိုလူသည် ယခင်က အခန်းဟောင်းကြီး အတွင်းသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ဝိုင်ခွက်အတွင်းသို့ ဝိုင်များကို ထပ်မံ၍ ဖြည့်တင်းနေခဲ့၏။
ဝိုင်ခွက် ပြည့်သွားခဲ့သောအခါ သူသည် ကုလားထိုင်ရှိရာသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်တော့သည်။
သူ ပထမဆုံး ဝိုင်တစ်ငုံကို သောက်လိုက်သည့် အချိန်တွင် မျက်နှာထက်၌ စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
"အရာအားလုံးက နေရာတကျ ဖြစ်သွားခဲ့ပြီပဲ။ နောက်ဆုံးတော့... ဒီအိပ်မက်ဆိုးကြီးက ပြီးဆုံးသွားတော့မယ်။ စက္ကန့်ပိုင်းအတွင်းမှာ ငါတို့တွေ သူ့ရဲ့ရန်ကနေ နောက်ဆုံးတော့ လွတ်မြောက်သွားတော့မယ်။ သူ မကြာခင် နိုးထလာပြီး ငါတို့ကို အနောက်ဘက်ဆီ ပြန်လည်ပို့ဆောင်ပေးလိမ့်မယ်။ ငါ ငါ့ရဲ့ မိသားစုကို ပြန်ပြီး မြင်တွေ့ရတော့မှာပဲ။ တကယ်ကို မစောင့်နိုင်တော့ဘူး" သူက လူကိုယ်တိုင် သွားရောက်ကြည့်ရှုခြင်း မပြုဘဲ မည်သို့ ဖြစ်ပျက်နေသည်ကို ကြိုတင်မြင်တွေ့နေရသည့်အလား နှုတ်ခမ်းထက်တွင် အပြုံးရိပ် အနည်းငယ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
...
လုံချန်းသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေခဲ့ရသည်။ ဝူလျာ၏ ခြေထောက်က သူ၏ ဖုန်မှုန့်များနှင့် သွေးများ ပေကျံနေသော မျက်နှာပေါ်တွင် နင်းခြေထားခဲ့သော်လည်း သူသည် လုံးဝ မလှုပ်ရှားနိုင်ခဲ့သဖြင့် မည်သည့်အရာမျှ မလုပ်နိုင်ပေ။
သူ့မျက်နှာ တစ်ခုလုံးမှာ ဖြူလျော်သွားခဲ့ရ၏။ သူ့ခန္ဓာကိုယ် ဖြူလျော်လာသည်နှင့် မည်းနက်နေသော အာရုံကြောကြီးများမှာလည်း တဖြည်းဖြည်းချင်း အနီရောင်သို့ ပြောင်းလဲလာခဲ့ကြသည်။
"နှုတ်ဆက်ပါတယ်... ငါ့ရဲ့ ရန်သူလေးရယ်။ ငရဲပြည်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ"
နောက်ဆုံးစကားကို ပြောဆိုပြီးနောက် ဝူလျာသည် လုံချန်း၏ လည်ပင်းအား ဖောက်ထွက်ကာ သတ်ဖြတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် လှံရှည်ကို အောက်သို့ အားကုန် ထိုးစိုက်ချလိုက်တော့သည်။
အချိန်ဓားမှာမူ လုံချန်းနှင့် ငါးမီတာခန့် အလှမ်းဝေးသော နေရာတွင် လဲလျောင်းနေခဲ့သဖြင့် အကယ်၍ လုံချန်း သတိရနေခဲ့သည့်တိုင်အောင် လှမ်း၍ ယူနိုင်မည့် အနေအထားတွင် ရှိမနေပေ။ ကံဆိုးစွာဖြင့် ယခုမူ သူသည် မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိနိုင်ရန်အတွက် သတိပင် ရှိမနေချေ။
လှံဖျားသည် လုံချန်း၏ လည်ပင်းဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
"ရပ်လိုက်စမ်း..."
လှံဖျားက လုံချန်း၏ လည်ပင်းကို ထိုးစိုက်တော့မည့် ထိုအခိုက်အတန့်တိုလေးအတွင်း ဝူလျာသည် နောက်ကျောဘက်မှ ထွက်ပေါ်လာသော အသံတစ်သံကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။ ယင်းက အမျိုးသမီး တစ်ဦး၏ အသံနှင့် ဆင်တူပေသည်။
ဝူလျာသည် မည်သူဖြစ်သနည်း ဆိုသည်ကို သိရှိနိုင်ရန်အတွက် အနောက်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ကျေးဇူးပြုပြီး... ကျွန်မရဲ့ သမက်ကို လွှတ်ပေးပါရှင်။ သူ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကျွန်မတို့တွေ စကားပြောလို့ ရတာပဲလေ။ ရှင် ဘာကို လိုချင်တာလဲ... ကျွန်မတို့ကို ပြောပါ" ထိုအမျိုးသမီးက ဝူလျာကို တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပြောဆိုလိုက်တော့သည်။
"ဟားဟားဟား... အစတုန်းကတော့ သူ့ယောက္ခမကြီးက ငါ့ကို တားဖို့ ကြိုးစားခဲ့တယ်။ အခုကျတော့ ယောက္ခမ မိန်းမက တားဖို့ လုပ်ပြန်ပြီပေါ့။ တကယ့်ကို ရယ်စရာကောင်းချေလား" ဝူလျာက ဆိုလိုက်ရင်း ကျယ်လောင်စွာ တဟားဟား ရယ်မောလိုက်တော့သည်။
သူ အနောက်ဘက်သို့ လှည့်ကြည့်ကာ ရယ်မောနေစဉ်အတွင်း လုံချန်း၏ မျက်တောင်များမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး သူ အသိစိတ် ပြန်လည် ရရှိလာတော့မည့်အလား ဖြစ်ပေါ်နေသည်ကိုမူ ဝူလျာတစ်ယောက် လုံးဝ သတိမပြုမိပေ။