အခန်း ၅၄၈
Vol. 40 Ch. 548
အခန်း ( ၅၄၈ ) - သတိရှိခြင်း၊ တုနှိုင်းမဲ့ တိုက်ခိုက်ရေးစွမ်းအားနှင့် အနိုင်မခံ အရှုံးမပေးခြင်း
ခန္ဓာကိုယ်သုံးခု ပေါင်းစည်းသွားသည်နှင့် ကုချန်သည် သူ၏စွမ်းအားနှင့် အဆင့်အတန်း အဆုံးအစမရှိ မြင့်တက်လာသည်ကို ခံစားလိုက်ရလေသည်။
အဆုံးမဲ့ တာအိုကောင်းကင်တိုင်ကြီးများကို မပီဝိုးဝါး မြင်တွေ့ရသည့် ခံစားချက်သည် သူ၏ စိတ်နှလုံးထဲတွင် နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာခဲ့လေသည်။
အင်မော်တယ်ဧကရာဇ်အဆင့်တွင် သူလေ့ကျင့်မည့် မဟာတာအိုကို မဆုံးဖြတ်ရသေးသရွေ့ ဤခံစားချက်သည် ပျောက်ကွယ်သွားမည် မဟုတ်လောက်ပေ။
သို့သော် မရေမတွက်နိုင်သော တာအိုအရှင်သခင်များ ချိတ်ဆွဲခံထားရသည့် နေရာ၏ ဆိုးရွားလှသော အခြေအနေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးနောက် ကုချန်သည် သတိထားရန် မတတ်နိုင်တော့ချေ။ တာအိုတစ်ခုကို ရွေးချယ်ခြင်းကိစ္စသည် တကယ်ပင် ပေါ့ပေါ့ဆဆ ဆုံးဖြတ်နိုင်လိမ့်မည်လော။
ရှေးဟောင်း ကောင်းကင်တိုင်ကြီးများပေါ်တွင် ချိတ်ဆွဲခံထားရသည့် တည်ရှိမှုများအားလုံးသည် တာအိုအရှင်သခင်အဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။ သူတို့တစ်ဦးစီသည် မဟာတာအိုတစ်ခု သို့မဟုတ် ထို့ထက်ပို၍ ထိန်းချုပ်ထားနိုင်ခဲ့လျှင်တောင်မှ သူတို့၏ ကြေကွဲဖွယ်ရာ နိဂုံးကို မပြောင်းလဲနိုင်ခဲ့ချေ။
တာအိုကို ရွေးချယ်မည့်ကိစ္စသည် အလွန်တရာ သတိထား၍ ချဉ်းကပ်ရမည် ဖြစ်သည်။
သို့သော် ယခုအချိန်သည် ထိုကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ကြောင်း ရှင်းလင်းနေလေသည်။
ခန္ဓာကိုယ်သုံးခု ပေါင်းစည်းပြီးနောက် ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ့အတွက်ပင် ခဏတာမျှ မှန်းဆရန် ခက်ခဲသော အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့လေသည်။
သူသည် သူ၏လက်ဖဝါးကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိ နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးအတွင်း ပျိုးထောင်ထားသော ဝက်ဝံသားရဲကြီးကို ကြည့်လိုက်၏။ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူသည် လက်ကို မြှောက်ကာ ဝက်ဝံသားရဲကြီးဆီသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။
လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်နှင့် နတ်ဘုရားအလင်းတန်းများ တဖျပ်ဖျပ် လက်သွားခဲ့၏။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် လှုပ်ရှားမှုမျိုး မရှိဘဲ ရိုးရှင်းလှသော လက်ဝါးရိုက်ချက်တစ်ခုမျှသာ ဖြစ်ပုံပင်။
သို့သော် ထိုလက်ဝါး ရှေ့သို့ တွန်းထွက်သွား၍ ဝက်ဝံသားရဲကြီးဆီသို့ မရောက်မီမှာပင် ၎င်း၏ ပြိုင်ဘက်မှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ဤသည်မှာ မည်သည့် နတ်ဘုရားစွမ်းရည်နှင့် အဖိုးတန် နည်းစနစ်မျှ မလိုအပ်သော အစစ်မှန်ဆုံးသော စွမ်းအားဖြင့် ဖိနှိပ်မှုပင် ဖြစ်သည်။ စွမ်းအားတစ်ခုတည်းကပင် အရာအားလုံးကို ဖိနှိပ်ရန် လုံလောက်နေပေသည်။
" ဝုန်း! "
ဝက်ဝံသားရဲကြီးမှာ ပေါက်ကွဲသွားခဲ့ရကာ ဟိန်းဟောက်သံကိုပင် ကောင်းကောင်း မထွက်နိုင်ခဲ့ချေ။
သို့သော် ချက်ချင်းဆိုသလိုပင် နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးက အသက်ဝင်လာလျက် နတ်ဆိုးအမှတ်အသားများ ရောယှက်ကာ မရေမတွက်နိုင်အောင် ရှုပ်ထွေးသည့် ဟွမ်သွမ့်အလင်းတန်းများ လေဟာနယ်ထဲတွင် တဖျပ်ဖျပ် လက်သွား၍ အခြား ဝက်ဝံခန္ဓာကိုယ်တစ်ခုကို တည်ဆောက်လိုက်လေသည်။
" ဂါး! "
ဝက်ဝံသားရဲကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်ကို ကြည့်ရသည်မှာ လက်ဝါးတစ်ချက်တည်းဖြင့် ချက်ချင်း အသတ်ခံရခြင်းအပေါ် ရှက်ရွံ့မှုနှင့် ဒေါသကို ခံစားနေရပုံပင်။
သို့သော် ဤတစ်ကြိမ်တွင် ဤဝက်ဝံသားရဲကြီး မလှုပ်ရှားနိုင်မီမှာပင် လောကသုံးပါးနှင့် တာအိုခြောက်ပါးကို ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို သယ်ဆောင်လာသော အခြားလက်သီးတစ်ချက်သည် ဖျက်ဆီးနိုင်စွမ်းဖြင့် လွှမ်းခြုံလာကာ ဤဝက်ဝံသားရဲကြီးကို ချက်ချင်း ထပ်မံရိုက်ချိုးလိုက်ပြန်၏။
ဝက်ဝံသားရဲကြီး နှစ်ကောင် ဆက်တိုက် ပေါက်ကွဲသွားခဲ့ကာ လည်ပတ်နေသော နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးပင်လျှင် ခေတ္တမျှ ရပ်တန့်သွားခဲ့လေသည်။
နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးသည် ဝက်ဝံသားရဲကြီးများကို အဆုံးအစမရှိ ပေါင်းစပ်ဖန်တီးနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် သတ်မှတ်ချက်တစ်ခု ရှိ၏။ နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးသည် အကန့်အသတ်မရှိသော စွမ်းအင်ထောက်ပံ့မှု လိုအပ်ပေသည်။
ကုချန်၏ ချက်ချင်းသတ်ဖြတ်သည့် ပုံစံဖြင့် ဝက်ဝံသားရဲကြီး မည်မျှကို ပေါင်းစပ်ဖန်တီးနိုင်မည်နည်း။
ယခင်က ရှာနာနတ်ဆိုးဧကရာဇ်သည် ဤဝက်ဝံသားရဲကြီးကို သတ်နိုင်ခဲ့သော်လည်း သတ်ဖြတ်မှုတစ်ခုစီတိုင်းသည် သူ၏ကိုယ်ပိုင်စွမ်းအား အတော်များများကို ကုန်ခမ်းစေခဲ့၏။
သို့သော် ယခုအခါ ကုချန်သည် လက်ကို မြှောက်လိုက်ရုံဖြင့် ချက်ချင်း သတ်ဖြတ်နိုင်ခဲ့၏။ အရေးအကြီးဆုံးမှာ တိုက်ခိုက်မှုတိုင်းတွင် ကုချန်သည် လုံးဝ စွမ်းအင်ကုန်ခမ်းမှု မရှိသကဲ့သို့ပင် အကြွင်းမဲ့စွမ်းအားကိုသာ ဖိနှိပ်ရန်အတွက် အသုံးပြုခဲ့လေသည်။
အကယ်၍ သူသာ ဤကဲ့သို့ ဆက်လက် အသုံးပြုနေမည်ဆိုပါက နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးက အရင်ဆုံး ပျက်ပြယ်သွားလိမ့်မည်ပင်။
" တစ်ခုခုတော့ မှားနေပြီ! "
မဟာအစီအရင်ကြီး၏ အပြင်ဘက်တွင် ဝက်ဝံသားရဲကြီးများ အဆက်မပြတ် ပေါက်ကွဲနေသည်ကို မြင်သောအခါ ချူးဧကရာဇ်၏ မျက်ခုံးများမှာ လှုပ်ရှားသွား၍ ချက်ချင်း ထိတ်လန့်သွားခဲ့လေသည်။
သူသည် သူချထားသော နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးအကြောင်းကို သိ၏။ ဝက်ဝံသားရဲကြီးသည် အားနည်းနေလျှင်တောင်မှ ဤမျှ အလွယ်တကူ အသတ်ခံရမည် မဟုတ်ချေ။
ဤမျှ ဆိုးရွားပြီး စွမ်းအားကြီးမားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် ဤသူသည် တကယ်ပင် မည်သူနည်း။
" မင်းက တကယ်ပဲ ဘယ်သူလဲ?! "
ချူးဧကရာဇ်သည် မဟာအစီအရင်ကြီးအတွင်းရှိ ကုချန်ကို ကြည့်ကာ အေးစက်စွာ မေးမြန်းလိုက်လေသည်။
ဖြစ်ရပ်များ၏ အစီအစဉ်သည် သူ၏ ထိန်းချုပ်မှုမှ လွတ်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။
" မင်းက ငါကိုယ်တော်ကို မဟာအစီအရင်ကြီးထဲကို ခေါ်လာပြီးမှ... ငါကိုယ်တော်က ဘယ်သူလဲလို့ မေးဖို့ လိုသေးလို့လား "
ချူးဧကရာဇ်၏ အမေးကို ကုချန်မှာ ပြန်လည်ဖြေကြားရန် ရည်ရွယ်ချက် မရှိချေ။
သူ ဤဧရိယာသို့ ချဉ်းကပ်လာချိန်က ချူးဧကရာဇ်သည် လုံးဝ ထွက်ပေါ်လာခြင်း မရှိဘဲ သူ့အား ဤနတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီးထဲသို့ ခေါ်ဆောင်လာခဲ့၏။ ကုချန်သည်လည်း ဤအရာအားလုံးကို သိထားပြီးသားဖြစ်ကာ အလိုက်သင့်သာ နေခဲ့ဆလသည်။
ထိုသို့ဖြစ်နေမှတော့ ချူးဧကရာဇ်ကို သူ ဘာရှင်းပြစရာ ရှိမည်နည်း။ သူတို့၏ လုပ်ရပ်များကသာ အရာအားလုံးကို ပြောပြပါစေ။
" ချွင်! "
ကုချန်တွင် ထပ်ပြောချင်စိတ် မရှိတော့ချေ။ သူသည် လက်ကို ဝှေ့ယမ်းကာ အဆုံးမဲ့ဓားကို ထုတ်ယူလိုက်၏။ ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်တစ်ခုအဖြစ်သို့ အဆင့်တက်ထားပြီးဖြစ်သော ဤနတ်ဘုရားလက်နက်၏ အလားအလာနှင့် စွမ်းအားအပြည့်ကို ကုချန် ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ ပိုင်ဆိုင်ပြီးနောက် နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။
" ဝီ...! "
အဆုံးမဲ့ဓားဆီမှ တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ အဆုံးအစမရှိ ကျယ်ပြောသော နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်ကြီး တစ်ခုလုံးနီးပါးကို ပြည့်နှက်သွားလေသည်။
ဓားအလင်းတန်း တစ်စွန်းတစ်စတိုင်းတွင် ပြိုင်ဘက်ကင်းသော ထက်မြမှုများ ပါဝင်နေပြီး ထက်မြမှု တစ်စွန်းတစ်စတိုင်းသည် ကောင်းကင်ကိုပင် ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိ၏။
ဓားအလင်းတန်းသည် ပြိုင်ဘက်ကင်းကာ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို ချက်ချင်း အလိုအလျောက် အသက်ဝင်လာစေခဲ့၏။ ၎င်းအပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်းအက္ခရာများ ရေးထွင်းထားပြီး အားလုံးသည် တောက်ပနေကာ အဆုံးမဲ့ဓားဆီမှ ခုတ်ပိုင်းလိုက်သော ဓားအလင်းတန်းကို ခုခံနေကြသည်။
သို့သော် ထိုဓားအလင်းတန်းသည် စိတ်ကူးမယဉ်နိုင်သော နတ်ဆိုးစွမ်းအားများ ပါဝင်နေပုံရ၏။ ဓားအလင်းတန်း တစ်စွန်းတစ်စတိုင်းသည် ပေါင်သောင်းနှင့်ချီ၍ လေးလံနေလျက် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးပေါ်ရှိ ရှေးဟောင်းအက္ခရာများကို အဆက်မပြတ် ဆုတ်ဖြဲနေကာ မဟာအစီအရင်ကြီး တစ်ခုလုံးကို စွမ်းအားအပြည့်ဖြင့် လည်ပတ်ရန် ဖိအားပေးနေလေသည်။
" ဟွန့်! "
ချူးဧကရာဇ်မှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ သူသည် ဤနတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ အရှင်သခင်ဖြစ်ပြီး ယခု မဟာအစီအရင်ကြီး တိုက်ခိုက်ခံနေရသဖြင့် အကျိုးသက်ရောက်မှုကို ခံစားနေရသည်။
ထို့အပြင် ကုချန်၏ လျစ်လျူရှုမှုကလည်း ချူးဧကရာဇ်ကို အရှက်ရစေခဲ့၏။
မည်သို့ပင်ဆိုစေ သူသည် ဂုဏ်သိက္ခာကြီးမားသော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်သလို ယခုအခါ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး တစ်ခုလုံးကိုလည်း သူ ထိန်းချုပ်ထား၏။ ဤလူမှ သူ့ကို ဤမျှလျစ်လျူရှုရဲသည်ဖြစ်ရာ တကယ်ကို မောက်မာလွန်းလှသည်။
" ဒါဆိုရင် မင်းမှာ တကယ် ဘယ်လို စွမ်းရည်တွေ ရှိလဲဆိုတာ ငါအရှင် ကြည့်ရသေးတာပေါ့! "
ချူးဧကရာဇ်သည် သရော်လိုက်ကာ သူ၏လက်ဝါးများကို အဆက်မပြတ် ဝှေ့ယမ်း၍ မရေမတွက်နိုင်သော တာအိုတံဆိပ်တုံးများကို ထုတ်လွှတ်ပြီး နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို ကြိုးကိုင်ခြယ်လှယ်လိုက်လေသည်။
" ဝီ...! "
မဟာအစီအရင်ကြီးအတွင်း မရေမတွက်နိုင်သော ရှေးဟောင်းအက္ခရာများ စုစည်းလာကာ စွမ်းအားတစ်ခုခု၏ ဆင့်ခေါ်ခြင်းကို ခံရသည့်အလား ဝက်ဝံသားရဲကြီး တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
နောက်ဆုံးတွင် ဝက်ဝံသားရဲကြီး ဒါဇင်နှင့်ချီ၍ မတ်တတ်ရပ်ကာ ကောင်းကင်ဆီသို့မော့၍ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ အေးစက်သော အကြည့်များမှာ ကုချန်အား စိုက်ကြည့်လာကြလေသည်။
" ဝက်ဝံသားရဲ ဆယ်ကောင်ကျော်..... "
ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာသည် ပျက်သွားခဲ့၏။ သူ၏စွမ်းအားဖြင့်ဆိုလျှင် အလွန်ဆုံး ဝက်ဝံသားရဲ သုံးကောင်ကိုသာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
သို့သော် ယခု ဝက်ဝံသားရဲကြီး ဆယ်ကောင်ကျော်ကို ပေါင်းစပ်ဖန်တီးထားပြီးလေပြီ။
ချူးဧကရာဇ်သည် တကယ်ကို အစွမ်းကုန် ကြိုးစားနေပြီဖြစ်ကြောင်း ရှင်းလင်းနေလေ၏။
" ဘာမှမဖြစ်ဘူး... ငါ့ကိုသာ လွှဲထားလိုက်ပါ "
သို့သော် ကုချန်သည်တော့ ဝက်ဝံသားရဲကြီး ဆယ်ကောင်ကျော်ကို ကြည့်လိုက်သော်ငြားလည်း သူ၏အမူအရာမှာ ပုံမှန်အတိုင်းသာ ရှိနေပြီး အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိချေ။
ဝက်ဝံသားရဲ တစ်ကောင်တည်းဆိုလျှင် သူ၏ ရှေ့၌ ချက်ချင်း အသတ်ခံရရန်သာ ထိုက်တန်သည်ဖြစ်ရာ ဝက်ဝံသားရဲ ဆယ်ကောင်ကရော ခြားနားမှု ရှိလာမည်လော။
ဘယ်လောက်တောင် ရိုးအလိုက်သလဲ!
ဟိန်းဟောက်သံများ ကောင်းကင်ကို တုန်လှုပ်စေသော ဝက်ဝံသားရဲ ဆယ်ကောင်ကျော်ကို ကြည့်ရင်း ကုချန်သည် ဤချူးဧကရာဇ်အား နားလည်စေရန် လက်တွေ့လုပ်ရပ်များကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။
ဧကရာဇ်အဆင့်များကြားတွင်ပင် ကွာခြားချက်များ ရှိ၏။
လက်ရှိ သူ၏ခန္ဓာကိုယ်သုံးခု ပေါင်းစည်းထားသော အခြေအနေတွင် သူသည် သာမန် ဧကရာဇ်အဆင့်များကို ကျော်လွန်နေပြီ ဖြစ်သည်။
" သွား! "
ကုချန်သည် သူ၏ဓားကို လွှဲယမ်းလိုက်ရာ အဆုံးမဲ့ဓားသည် အဆုံးအစမရှိသော ဓားအလင်းတန်းများကို ချက်ချင်း ထုတ်လွှတ်လိုက်လေသည်။ ကျယ်ပြန့်လှသော ဓားအလင်းတန်းသည် သူ၏အမြင်အာရုံအတွင်းရှိ အရာအားလုံးကို ချက်ချင်း ဝါးမြိုသွားခဲ့လေသည်။
ဓားအလင်းတန်းသည် ပြိုင်ဘက်ကင်းကာ နယ်မြေကိုးခုကို လွှမ်းခြုံသွားခဲ့၏။
ဓားအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဒြပ်ရှိ၊ ဒြပ်မဲ့ အရာအားလုံးသည် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရပြီး မည်သည့် ခြေရာလက်ရာမျှ မကျန်ရစ်ခဲ့ချေ။
ဓားအလင်းတန်းသည် ဝက်ဝံသားရဲကြီးများဆီသို့ ချဉ်းကပ်လာသောအခါ သူတို့အားလုံးသည် ကျယ်လောင်စွာ ဟိန်းဟောက်လျက် ခုခံရန် ကြိုးစားကြလေသည်။
သို့သော် ထိုဓားအလင်းတန်းတွင် ခုခံ၍မရနိုင်သော ပြိုင်ဘက်ကင်းသည့် စွမ်းအားတစ်ခု ပါဝင်နေပုံရ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ဤဝက်ဝံသားရဲကြီးများ၏ အရိုးများနှင့် အသားများကို ရိုက်ချိုးလိုက်ရာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။